အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၅ ၊ အတွဲ ၁ ၊ အပိုင်း ၄၇ + ၄၈
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team
ကြီးမြတ်ခမ်းနားလှသော နတ်ဓားဂိုဏ်းကြီး၏ စည်းကမ်းထိန်းသိမ်းရေးခန်းမရှေ့၌ကား ဧရာမ သေခြင်းရှင်ခြင်းစင်မြင့်ကြီးက ထည်ဝါစွာ တည်ရှိနေ၏။ ထိုစင်မြင့်ထက်၌ လေချန် မောက်မာစွာ ရပ်နေလျက် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲကို လှမ်း၍ မေးလိုက်သည်။
“လင်းချန်… ကြောက်ပြီးတော့ ထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်…။ ဂိုဏ်းစည်းကမ်းအရ သေခြင်းရှင်ခြင်းတိုက်ပွဲကနေ ထွက်ပြေးတဲ့သူတွေကို ရှုံးနိမ့်သူအဖြစ် သတ်မှတ်ရမာလေ…”
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ပြောလိုက်သည်။
“စည်းမျဥ်းကို… မင်း သတိပေးစရာ မလိုပါဘူး… အချိန်စောပါသေးတယ်…။ သဘောတူထားတဲ့ နေ့လယ်ချိန်ရောက်ဖို့ တစ်နာရီတောင် လိုသေးတာပဲ… ဘာတွေ လောနေတာလဲ…”
ထိုအေးစက်လှသော တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ လေချန် ပခုံးတစ်ချက်သာ တွန့်လိုက်နိုင်တော့၏။ “ဒါဆိုလည်း… ပြီးတာပါပဲ…။ ဂုဏ်သရေရှိလှတဲ့ လူငယ်ဧကရာဇ် ကိုယ့်ကိုယ်ကိုယ် သူရဲဘောကြောင်ပြီး မလာရဲတာမျိုး မဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်…”
ဧရာမ ခုံသမာဓိစင်မြင့်ကြီးပေါ်၌မူ ချင်ဝူရွှမ်သည်လည်း မော်ချင်းတောင်ရှိရာဘက်သို့ အဝေးမှ လှမ်း၍ ကြည့်ရှုနေလျက်ရှိ၏။ လင်းချန် ဤရက်ပိုင်းအတွင်း တံခါးပိတ်ကျင့်ကြံနေကြောင်းကိုသာ သူ သိထားပြီး ၊ စီနီယာအစ်ကိုကြီးပင်လျှင် လင်းချန် မည်သည်တို့ကို လုပ်နေမှန်းကို သိရှိမနေခဲ့ချေ။
သူသိထားသည့် တစ်ခုတည်းသောအရာကား လင်းချန် စာကြည့်တိုက်မှ မှတ်တမ်းစာအုပ်အားလုံးကို တောင်းခံခဲ့ခြင်းပင် ဖြစ်သည်။
အကယ်၍ လင်းချန်သာ ဤမှတ်တမ်းစာအုပ်များသည် သူ့အတွက် အမှန်တကယ် အထောက်အကူပြုကြောင်း လေးနက်စွာ ပြောဆိုမထားခဲ့ပါက ၊ ချင်ဝူရွှမ် သူ၏တူလေးက သူ့အား နောက်ပြောင်နေသည်ဟုသာ ထင်မှတ်မိပေလိမ့်မည်။
သို့သော်ငြားလည်း လင်းချန် စာကြည့်တိုက်မှ မှတ်တမ်းများကို ရရှိပြီးနောက် ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနသို့ တိုက်ရိုက် ပေးပို့လိုက်ကြောင်းကိုကား ချင်ဝူရွှမ် လုံးဝ မသိရှိခဲ့ချေ။
ကျူးကော့မင်သည် ခေတ်မီလှသော နည်းဗျူဟာမှန်ပြင်ကြီးကို အသုံးပြု၍ မှတ်တမ်းများ၏ အကြောင်းအရာများကို အသေးစိတ် ဖတ်ရှုစစ်ဆေးနေပြီး ၊ အချက်အလက်များကို သေသပ်စွာ သိမ်းဆည်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဟွာရှာအင်ပါယာ၏ ပုံစံသည် ရှေးခေတ်အသွင်အပြင်နှင့် များစွာ တူညီနေသော်ငြား ထိုအရာ၏ အနှစ်သာရမှာမူ အလွန်ခေတ်မီလှသော နည်းပညာများသာ ဖြစ်တော့သည်။
လေချန်အား ထောက်ခံအားပေးနေကြသော တပည့်များသည် တစ်စတစ်စ စိတ်မရှည်ဖြစ်လာကြပြီး ၊ လင်းချန် ကြောက်လန့်ကာ ထွက်ပြေးသွားလောက်ပြီဟု အချင်းချင်း တီးတိုးပြောဆိုနေကြတော့၏။ အခြားသော အတွင်းစည်းတပည့်များက စေလွှတ်လိုက်သည့် ကိုယ်စားလှယ်များသည်လည်း မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်နေလျက်ရှိကြသည်။
သူတို့စီနီယာအစ်ကိုများ၏ ညွှန်ကြားချက်အရ လေချန်၏ စွမ်းအားသည် ကောလာဟလများထွက်ပေါ်နေသည့်အတိုင်း နိဗ္ဗာန်စက်ဝန်းကိုးသွယ် ပြည့်စုံခြင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိနေခြင်း ရှိမရှိကို လာရောက်လေ့လာကြခြင်းပင် ဖြစ်၏။
လေချန် စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ပြင်းထန်သော အရှိန်အဝါမှတစ်ဆင့် သူတို့ သိရှိနိုင်ကြမည် ဖြစ်သည်။ အကယ်၍ လင်းချန်သာ ကြောက်လန့်ပြီး မလာခဲ့ပါက ဤသေခြင်းရှင်ခြင်းတိုက်ပွဲကို အခွင့်ကောင်းယူကာ လေချန်၏ စွမ်းအားကို လေ့လာစောင့်ကြည့်ခွင့် ရတော့မည် မဟုတ်ချေ။
ထိုအခိုက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ “လင်းချန်… လူငယ်ဧကရာဇ်လင်းချန် ရောက်လာပြီ…”
ချက်ချင်းဆိုသလိုပင် စုဝေးနေကြသော အပြင်စည်းတပည့်များကြားမှ လမ်းကြောင်းတစ်ခုက ဖြည်းညှင်းစွာ ပွင့်လာပြီး ၊ အဖြူရောင်ဝတ်ရုံအား ခန့်ညားစွာ ခြုံရုံထားသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက ထွက်ပေါ်လာတော့၏။ ထိုသူကား အခြားသူမဟုတ် ၊ လင်းချန်ပင် ဖြစ်သည်။
လင်းချန် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် လေချန်၏ နောက်လိုက်တပည့်များက အထင်အသေးဖြင့် မထီမဲ့မြင် ရယ်မောလိုက်ကြသည်။
“ဟားဟားဟား… သူက တကယ်ကြီး လာအသေခံတာပဲ… ငါလောင်းရဲတယ်… အစ်ကိုလေချန်က အဲကောင်ကို ခွေးသေတစ်ကောင်ဖြစ်အောင် ရိုက်နှက်ဖို့ သူ့ရဲ့ စိတ်ဝိညာဉ်လက်နက်ကိုတောင် ထုတ်သုံးစရာ လိုမာ မဟုတ်ဘူး…”
တစ်ဖက်မှ အတွင်းစည်းတပည့်များ၏ လင်းချန်အား အထင်အမြင်သေးလှောင်ပြောင်နေသော စကားများကို ကြားလိုက်ရသောအခါ အပြင်စည်းတပည့်အားလုံး ဒေါသထွက်သွားကြသော်ငြား သူတို့ မည်သည်ကို တတ်နိုင်ကြမည်နည်း။
ပိုင်ရန်သည် ယခုအချိန်၌ လင်းချန် အနိုင်ရရန်မှာ မဖြစ်နိုင်လောက်သော မျှော်လင့်ချက်တစ်ခုဖြစ်သည်ဟု ခံစားနေရသော်လည်း အံ့ဖွယ်အမှုတစ်ခု ထပ်ဖြစ်လာရန် မျှော်လင့်နေဆဲပင် ဖြစ်၏။ သူ တီးတိုးရေရွတ်လိုက်မိသည်။ “အစ်ကိုလင်း… အစ်ကို နိုင်ကို နိုင်ရမယ်…”
ရုတ်တရက်ဆိုသလိုပင် ဆူညံသံများ ထပ်မံမြင့်တက်လာပြီး ဆံပင်ဖြူများဖြင့် အမျိုးသားတစ်ဦးက ခုံသမာဓိစင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာကာ ချင်ဝူရွှမ်၏ ဘေး၌ ဝင်ထိုင်လိုက်၏။
တပည့်များ အချင်းချင်း ပြောဆိုလိုက်ကြသည်။ “စစ်ဧကရာဇ်… အဲဒါ စစ်ဧကရာဇ် ဝေဝူရွှမ်ပဲ… စစ်ဧကရာဇ်က ပြင်းထန်စွာ ဖျားနာနေပြီး သေခါနီးဖြစ်နေပြီဆိုတဲ့ ကောလာဟလက တကယ်ပဲ မှန်နေတာပဲ…”
ထိုအချိန်၌ ဆံပင်များဖြူဖွေးကာ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော ဝေဝူရွှမ်က ခုံသမာဓိစင်မြင့်ပေါ်တွင် ထိုင်ရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေလျက်ရှိ၏။
ကမ်းရိုးတန်းပြည်နယ်၏ ပြိုင်ဘက်ကင်း စစ်ဧကရာဇ်အဖြစ် ခမ်းနားစွာ ပြန်လာခဲ့သော်ငြား သူသည် လေဟုန်စီးပျံသန်းခြင်းကိုပင် မပြုနိုင်တော့ဘဲ စင်မြင့်ပေါ်သို့ လမ်းလျှောက်တက်ရရှာသည်။ ထိုအချက်က ဝေဝူရွှမ်၏ ကျန်းမာရေးအခြေအနေ မည်မျှဆိုးရွားနေကြောင်းကို အထင်းသား ပြသနေလျက်ရှိ၏။
စိုးရိမ်ပူပန်သည့်ပုံမျိုး ဟန်ဆောင်နေသော လေဟန်က ထိုင်နေသည့် ဝေဝူရွှမ်အား ခနဲ့တဲ့တဲ့ လှောင်ပြောင်လျက် ပြောလိုက်သည်။ “တူလေး… မင်း နေမကောင်းရင် မလာသင့်ဘူး…။ မင်းတပည့်ကို ငါ့မြေးလေချန်က မီးသွေးတုံးဖြစ်အောင် ရိုက်နှက်တာကို မြင်ပြီး စိတ်ထိခိုက်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…”
ချင်ဝူရွှမ်ကမူ ထိုစကားကို ကြားလိုက်ရသောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ လေဟန်၏ စကားများသည် ဂရုစိုက်ဟန်ပေါက်နေသော်ငြား အမှန်တကယ်တွင်မူ သူ၏ စီနီယာအစ်ကိုကြီးအား အမြန်သေဆုံးစေလိုသော သွေးအေးရက်စက်သည့် သရော်စကားများဖြင့် ထိုးနှက်နေခြင်းဖြစ်ရာ သူ့အား အလွန်အမင်း ဒေါသထွက်သွားစေတော့၏။
သူ၏ စီနီယာအစ်ကိုကြီး၏ အဆိပ်ဒဏ်ကို သူ၏တူလေးက ထူးဆန်းစွာ ကုသပေးလိုက်ပြီးပြီ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်းကို ကြိုတင်မသိထားခဲ့ပါက ၊ ချင်ဝူရွှမ်အနေဖြင့် ဒေါသအလျောက် လေဟန်အား အသေအလဲ တိုက်ခိုက်မိတော့မည်မှာ ကျိန်းသေလှ၏။
ဝေဝူရွှမ်ကမူ ဖြည်းညှင်းစွာ ချောင်းဆိုးကာ ခေါင်းခါပြရင်း ပြောလိုက်သည်။ “အဟွတ်… အဟွတ်… ဘယ်သူနိုင်မလဲ ၊ ရှုံးမလဲဆိုတာ မသေချာသေးပါဘူး…။ အခု ဦးလေး ပြောတာတွေက စောလွန်းနေပါသေးတယ်…”
လေဟန်က လုံးဝဂရုမစိုက်သည့်ဟန်ဖြင့် သေခြင်းရှင်ခြင်းစင်မြင့်ဘက်သို့ လှည့်ကြည့်ကာ လှောင်ရယ် ရယ်လိုက်ရင်း ပြောလိုက်သည်။ “ဟုတ်လား… ဒါပေမဲ့ ငါ့အတွက်တော့ ရလဒ်က ရှင်းနေပါပြီ…။ ငါ့မြေးကို ဒုက္ခိတဖြစ်အောင် လုပ်တဲ့ကောင် သေချာပေါက် သေရမယ်…”
ဝေဝူရွှမ်က မည်သည်ကိုမှ ပြန်မပြောတော့ဘဲ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ရှိ လင်းချန်ကိုသာ အပြည့်အဝ အာရုံစိုက်ထားလိုက်တော့သည်။ “ငါ့တပည့်ကောင်းလေး… မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာလဲဆိုတာ ငါ့ကို ပြစမ်းပါဦး…”
**--**--**--**--**--**--**--**
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်၌မူ လေချန် သူ၏ ရှေ့မှ လူငယ်ကို ကြည့်ကာ မောက်မာစွာ မရယ်မောဘဲ မနေနိုင်တော့ချေ။ “သတ္တိရှိသားပဲ… ငါ မင်းကို လေးစားပါတယ်…”
လင်းချန်သည်လည်း သူ၏ အင်္ကျီလက်များကို ပင့်တင်ရင်း ပြောလိုက်သည်။ “အော်… မင်း ငါ့ကို လေးစားတော့ရော ဘာဖြစ်မာမို့လို့လဲ…”
လေချန်ကမူ အေးစက်သည့်အကြည့်တို့ဖြင့် ပြောလိုက်၏။ “အခု မင်းရဲ့ ဒန်တျန်ကို ကိုယ်တိုင်ဖျက်ဆီး ၊ ဒူးထောက်ပြီး အသနားခံ ၊ လေးလေးစားစား သုံးကြိမ် ဦးချပြီး ငါ့ညီလေး လေကွန်ဆီမာ တစ်သက်လုံး ကျွန်အဖြစ် အမှုထမ်းမယ်ဆိုရင် မင်းအသက်ကို ငါချမ်းသာပေးနိုင်တယ်… မဟုတ်ရင်… မင်း ငါ့ညီလေးအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ဒီနေ့ သေရမယ်…”
လေချန်၏ စကားဆုံးသွားသည်နှင့် သူ၏ အနောက်မှ လိုက်ပါလာကြသော အတွင်းစည်းတပည့်များသည် ဆူညံစွာ ဝိုင်းဝန်းလှောင်ပြောင်ပြောဆိုကြတော့၏။ “အစ်ကိုလေချန်က သဘောထားကြီးလိုက်တာ… လင်းချန်… မင်း ဘာလို့ မြန်မြန် ဒူးမထောက်သေးတာလဲ… ဟုတ်တယ်… ဒါ မင်းအသက်ရှင်ဖို့ နောက်ဆုံးအခွင့်အရေးပဲ… နောက်မှ နောင်တမရစေနဲ့…”
ခဏအကြာ၌ လေချန် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ရုတ်တရက် လက်သီးဆုပ်လိုက်သည်။ သူ လက်သီးဆုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆူညံသံများအားလုံး ချက်ချင်း ရပ်တန့်သွားကြတော့၏။ လေချန် မေးလိုက်သည်။ “ကဲ… မင်း ဘယ်လို ဆုံးဖြတ်မလဲ…”
လင်းချန် အသာအယာပြုံးလိုက်ရင်း ခေါင်းခါလိုက်၏။ ထို့နောက် အင်္ကျီလက်နှစ်ဖက်စလုံးကို ပင့်တင်လိုက်ပြီး ခြေလက်များကို ဆန့်တန်းကာ ခန္ဓာကိုယ်အား လွတ်လပ်စွာ အကြောလျှော့လိုက်သည်။ “ငါ ဒီနေ့ လာခဲ့တာက… လူတွေ လူငယ်ဧကရာဇ် လင်းချန်ရဲ့ တိုက်ပွဲမှတ်တမ်းအကြောင်း ပြောကြတဲ့အခါ ၊ နေယွမ်နယ်ပယ်ပဲ ရှိသေးတဲ့ လင်းချန်က နိဗ္ဗာန်စက်ဝန်းဟကိုးသွယ် ပြည့်စုံခြင်းအဆင့်ရှိတဲ့ လေချန်ကို သတ်ခဲ့တယ်လို့ ပြောစမှတ်ပြုစေဖို့ပဲ…”
လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ လေချန် ကမ္ဘာပေါ်၌ အရယ်ရဆုံးသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်တော့၏။
သူသည်သာမက သူ၏ အနောက်ရှိ အတွင်းစည်းတပည့်အားလုံးသည်လည်း အားရပါးရ ရယ်မောလိုက်ကြသည်။ အထွတ်အထိပ်အတွင်းစည်းတပည့် စေလွှတ်လိုက်သောသူများပင် လင်းချန်၏ ရူးမိုက်မှုအတွက် ခေါင်းခါလိုက်မိကြတော့၏။
လေချန်ကမူ ရယ်မောရလွန်းသဖြင့် ထွက်ကျလာသော မျက်ရည်များကို သုတ်လိုက်ပြီး လင်းချန်ကို လက်ညှိုးထိုးကာ မောက်မာစွာ ကြွားလုံးထုတ်ပြောဆိုလိုက်သည်။ “ကောင်းပြီ… မင်း ဒီလောက် ယုံကြည်မှုရှိနေမှတော့ ငါ ပူးပေါင်းပေးရတာပေါ့… မင်းကို သုံးကွက် အရင်တိုက်ခိုက်ခွင့် ပေးမယ်… အဲဒီအချိန်မတိုင်ခင် ငါ လုံးဝ ပြန်မတိုက်ဘူး…”
လင်းချန် အနည်းငယ် အံ့အားသင့်သွားရပြီး လေချန်ကို ကြည့်ကာ သံသယဖြင့် လှမ်းမေးလိုက်သည်။ “မင်း အတည်ပြောနေတာလား…”
လေချန် ပြန်ပြောလိုက်သည်။ “ငါ လေချန် ပြောစကားတည်တယ်… ဒါပေမဲ့ မင်းက ငါ့ရဲ့ ကာကွယ်ရေးစိတ်ဝိညာဉ်စွမ်းအင်ကိုတောင် ဖောက်ထွက်နိုင်မာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ် လင်းချန်…”
“ဂျိန်းးး ဂျိန်းးး”
ပြင်းထန်လှသော ခရမ်းရောင် လျှပ်စီးများနှင့် ရောနှောနေသည့် ခရမ်းရောင် စိတ်ဝိညာဉ်စွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး လေချန်၏ တစ်ကိုယ်လုံးကို အရှိန်အဟုန်ပြင်းစွာ လွှမ်းခြုံသွားတော့၏။
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲကမူ ထိုမြင်ကွင်းကို ကြည့်ကာ ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။ “လင်းချန်နဲ့ လေချန်တို့ရဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ… စတင်ပြီ…”
သေခြင်းရှင်ခြင်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာပြီးသည်နှင့် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှ ချက်ချင်း ထွက်ခွာသွားလိုက်တော့၏။
ထိုအခါ စင်မြင့်ပတ်လည်၌ ဧရာမ အစီအရင်လှိုင်းဂယက်ကြီးများက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ဝါညစ်ညစ် အတားအဆီးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ စင်မြင့်တစ်ခုလုံးကို လုံခြုံစွာ လွှမ်းခြုံသွားတော့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဝါရောင်အလင်းတန်းများက ဖြည်းညှင်းစွာ မှေးမှိန်သွားပြီး နောက်ဆုံး၌ လုံးဝ အရောင်မဲ့ကာ ကြည်လင်ပြတ်သားသွားတော့၏။
သေခြင်းရှင်ခြင်းစင်မြင့် ပတ်လည်ရှိ တပည့်များသည် အတားအဆီးကို မျက်စိဖြင့် မမြင်နိုင်ကြတော့သော်ငြား စင်မြင့်တစ်ခုလုံးကို ကြီးမားလှသော အစီအရင်ကြီးဖြင့် လွှမ်းခြုံထားပြီးဖြစ်ကြောင်းကိုမူ ကောင်းစွာ သိရှိနေကြသည်။
ဤနည်းအားဖြင့် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှ တိုက်ပွဲ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်နေပါစေ ၊ စိတ်ဝိညာဉ်စွမ်းအင်များသည် ဘေးပတ်လည်ရှိ ကြည့်ရှုသူများကို လုံးဝ ထိခိုက်စေနိုင်မည် မဟုတ်တော့ချေ။
ထို့အပြင် အစီအရင်အတားအဆီးကြီး ပေါ်ပေါက်လာခြင်းသည် စင်မြင့်ပေါ်တွင် အသက်လုတိုက်ပွဲ ဆင်နွှဲနေသူနှစ်ဦးစလုံး မည်သည့်နည်းနှင့်မျှ ထွက်ပြေး၍ မရနိုင်တော့ကြောင်းနှင့် တစ်ဦးဦး သေဆုံးခြင်းဖြင့်သာ ဤငရဲခန်းတိုက်ပွဲကို အဆုံးသတ်နိုင်တော့မည်ဖြစ်ကြောင်း အထင်းသား ဆိုလိုနေလျက်ရှိ၏။
အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ထားပြီး မတုန်မလှုပ် ရပ်နေသော လေချန်အား စိုက်ကြည့်ရင်း လင်းချန် အလွန်ပင် ရယ်စရာကောင်းနေသည်ဟုသာ ခံစားလိုက်ရ၏။ ထိုစဉ် ဖျော့တော့သော အဖြူရောင် စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း လင်းချန်၏ ခန္ဓာကိုယ်မှလည်း တရိပ်ရိပ် ထွက်ပေါ်လာတော့သည်။
လူတိုင်း၏ အံ့သြမှင်သက်နေကြသော အကြည့်များအောက်တွင်ပင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ရှည်လျားထွက်လာပြီး သူတို့ လုံးဝနားမလည်နိုင်သော သေးငယ်သည့် လေးထောင့်ပုံစံ အက္ခရာများအဖြစ်သို့ အသွင်ပြောင်းသွားကာ ၊ အရွယ်အစားအမျိုးမျိုးရှိသော အကွင်းများအဖြစ် ချိတ်ဆက်ပြီး လင်းချန်၏ ခြေထောက်များကို တင်းကျပ်စွာ ရစ်ပတ်လိုက်တော့၏။
လင်းချန် ရုတ်တရက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အမြန်နှုန်း…”
ထိုအကွင်းပုံစံ ထူးဆန်းလှသော အက္ခရာများသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး သူ၏ခြေထောက်များထဲသို့ အံ့မခန်း တိုးဝင်ပေါင်းစပ်သွားတော့၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် လင်းချန် လက်များကို အပေါ်သို့ မြှောက်လိုက်ရာ ယခင်နှင့် လုံးဝမတူညီသော စိတ်ဝိညာဉ်စွမ်းအင်အကွင်းများက သူ၏ လက်မောင်းများကို ထပ်မံ ရစ်ပတ်လာပြန်သည်။
လင်းချန် ပြောလိုက်သည်။ “ခွန်အား…”
ယခင်ကကဲ့သို့ပင် အကွင်းပုံစံ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ လက်မောင်းများထဲသို့ ရုတ်တရက် ပေါင်းစပ်ဝင်ရောက်သွားပြန်၏။ သူ၏ အာရုံခံနိုင်စွမ်းအားများ တစ်ဟုန်ထိုး မြင့်မားလာပြီး လင်းချန်၏ မျက်လုံးအစုံထဲမှ စူးရှလှသော စိတ်ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထို့နောက် လင်းချန် စကားလုံးများကို တစ်လုံးပြီးတစ်လုံး ဆက်တိုက်ရေရွတ်လိုက်သည်။ “ထိုးဖောက်မရသော တံတိုင်း… ဆူပွက်နေသော သွေး… လေအဟုန်… လျှပ်ကာဒိုင်း… တွန်းကန်အား… တိုက်ပွဲဆန္ဒ…”
စိတ်ဝိညာဉ်စွမ်းအင် တုံ့ပြန်မှုများသည် သူ၏ ခန္ဓာကိုယ်အနှံ့တွင် တစ်ခုပြီးတစ်ခု အံ့မခန်း ပေါ်လာတော့၏။
နောက်ဆုံးတွင် အစောပိုင်းက ပေါ်ထွက်လာခဲ့သော စိတ်ဝိညာဉ်စွမ်းအင် တုံ့ပြန်မှုများသည် သူ၏ ခန္ဓာကိုယ်ပေါ်၌ တစ်ဖန် ပြန်လည်ပေါ်ထွက်လာပြီး လင်းချန် ရုတ်တရက် အော်ဟစ်လိုက်သည်။ “ဆပွားကောင်းချီး…”
နောက်ဆုံးစကားလုံး သူ၏ ပါးစပ်မှ ဟိန်းထွက်လာသည်နှင့် တစ်ပြိုင်နက် အစောပိုင်းက စိတ်ဝိညာဉ်အလင်းတန်း တုံ့ပြန်မှုများအားလုံးသည် သူ၏ ခန္ဓာကိုယ်ထဲသို့ လုံးဝ ပြန်လည်ဝင်ရောက်သွားကြတော့၏။
သေခြင်းရှင်ခြင်းစင်မြင့်ကြီးကို ကြည့်ရှုနေကြသော ဘေးပတ်လည်ရှိ တပည့်များသည် လင်းချန်အား ကြောင်အစွာ စိုက်ကြည့်နေကြပြီး လုံးဝ နားမလည်နိုင်ဖြစ်နေကြရသည်။
တပည့်များ အချင်းချင်း ပြောဆိုလိုက်ကြသည်။ “ဒီအရူးက… ဘာတွေ တစ်ယောက်တည်း ပြောနေတာလဲ… ဘယ်သူ သိမာလဲ… သူ သေတော့မယ်ဆိုတာသိလို့ လျှောက်ပြောနေတာ ဖြစ်မာပေါ့…”
‘လျှောက်ပြောနေတာလား… မဖြစ်နိုင်ဘူး…’
တပည့်များ၏ ပြောဆိုသံများကို ကြားလိုက်ရသောအခါ ဝေဝူရွှမ် ဖြည်းညှင်းစွာ ခေါင်းခါလိုက်၏။ သူ၏ တပည့်ဖြစ်သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် မယုံကြည်နိုင်လောက်အောင် သန်မာကြောင်းကို သူ ကောင်းစွာ သိထားရာ မည်သို့လုပ်၍ ရူးသွပ်သွားမည်နည်း။
ထို့အပြင် လင်းချန် ပြောဆိုလိုက်သော စကားလုံးများနှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ စိတ်ဝိညာဉ်စွမ်းအင် တုံ့ပြန်မှုများသည် အလွန်နက်ရှိုင်းသော အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိနေရမည်ကို သူ အလိုလို ခံစားသိရှိနေ၏။
အလားတူပင် စင်မြင့်ပေါ်၌ လေချန် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်ကာ လင်းချန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ “မင်း ဘာတွေလုပ်နေတာလဲ…။ အချိန်ဆွဲဖို့ ကြိုးစားနေတာလား သူရဲဘောကြောင်တဲ့ကောင်…”
လေချန်၏ အမြင်၌မူ လင်းချန်သည် အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ရန်အတွက် အသုံးမကျသော လှည့်ကွက်များကို သုံးနေသည်ဟု ထင်မှတ်လိုက်မိ၏။ သူ၏ အဘိုး ခန့်မှန်းထားခဲ့သကဲ့သို့ပင် စိတ်ဝိညာဉ်ပစ္စည်းတစ်ခုခုကို အားကိုးပြီး နောက်ထပ် နှစ်နာရီကြာအောင် အချိန်ဆွဲကာ အနိုင်အရှုံးမပေါ်ဘဲ အဆုံးသတ်သွားစေရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ပေမည်။
လင်းချန် သူ၏ ခန္ဓာကိုယ်ကို မတ်မတ်ဆန့်ထုတ်လိုက်ပြီး အေးဆေးတည်ငြိမ်သော အပြုံးဖြင့် ရှင်းပြလိုက်သည်။ “မင်းက ဂိမ်းတစ်ခါမှ မကစားဖူးတော့… အားဖြည့်စွမ်းရည်ဆိုတာ ဘာလဲ မသိတာ မဆန်းပါဘူး…။ တိုက်ပွဲမစခင်မာ ရနိုင်သမျှ အားဖြည့်စွမ်းရည်တွေ အပြည့်ယူထားတာက အကောင်းဆုံးပဲလေ… ဒါက ငါ့ကိုယ်ပိုင်ဖန်တီးထားတဲ့ နိဗ္ဗာန်စွမ်းရည်လို့ ပြောလို့ရတယ်…”
လေချန် ရေရွတ်လိုက်သည်။ “ကိုယ်ပိုင်ဖန်တီးထားတဲ့… နိဗ္ဗာန်စွမ်းရည် ဟုတ်လား…”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၅ ၊ အတွဲ ၁ ၊ အပိုင်း ၄၇ + ၄၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team