← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၅ ၊ အတွဲ ၁ ၊ အပိုင်း ၄၉ + ၅၀

ဘာသာပြန် - Author Ko Yoohto

Editor - Author Chang'e 🌕

True Immortal Team

လေချန်အပါအဝင် သေခြင်းရှင်ခြင်းစင်မြင့် ပတ်လည်ရှိ လူအားလုံးက တစ်ဟုန်ထိုးပင် တဟားဟား ရယ်မောလိုက်ကြပြန်၏။

လေချန် သူ၏ရှေ့ရှိ လင်းချန်အား လက်ညှိုးထိုးကာ မထီမဲ့မြင် လှောင်ပြောင်လိုက်တော့သည်။ "ဟားးးဟားးးဟားးး... ကိုယ်ပိုင်ဖန်တီးထားတဲ့ နိဗ္ဗာန်စွမ်းရည်ဆိုတာ ဘာလဲ မင်းသိရော သိရဲ့လား...ဘာကို လူငယ်ဧကရာဇ်လဲ...။ ဒီနေ့ မင်းရဲ့ အပြုအမူတွေက ဘာမှနားမလည်ဘဲ လေလုံးထွားနေတဲ့ ရယ်စရာအရူးတစ်ယောက်နဲ့ တူနေတယ်ဆိုတာ သိရဲ့လား."

ထိုသို့လှောင်ပြောင်ပြီးနောက် လေချန် မောက်မာစွာ ပြုံးလျက် လက်နှစ်ဖက်ကို ဆန့်တန်းဖြန့်ကားလိုက်ရင်း ပြောလိုက်သည်။ "ကဲ... မင်းရဲ့ အဓိပ္ပါယ်မရှိတာတွေ ပြီးပြီဆိုရင်... လာတော့...။ ငါ မင်းကို သုံးကွက် အကြောပေးမယ်လို့ ပြောပြီးသားပဲ..."

"ရွှမ်းးး"

လေချန်၏ စကားပင်မဆုံးလိုက်ခင်မှာပင် နားကွဲမတတ် စူးရှလှသော လေခွင်းသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး မူလက အဝေးတွင်ရှိနေခဲ့သော လင်းချန်က မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ရှေ့သို့ အရိပ်တစ်ခုနှယ် ရောက်ရှိလာတော့၏။

တစ်ချိန်တည်းမှာပင် လေချန်အနားသို့ လျှပ်တစ်ပြက် ရောက်ရှိလာသော လင်းချန်၏ ခန္ဓာကိုယ်ထံမှ ဧရာမ စိတ်ဝိညာဉ်စွမ်းအင်ကြီးများက အံ့မခန်း ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ တောင်တန်းများနှင့် မြစ်များကိုပင် အမိန့်ပေးစေခိုင်းနိုင်စွမ်းရှိသည့် ဧကရာဇ်တစ်ပါး၏ ပြိုင်ဘက်ကင်း အရှိန်အဝါမျိုးက လင်းချန်ထံမှ ဒလဟော ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အကြွင်းမဲ့ လွှမ်းမိုးချယ်လှယ်သွားတော့၏။

လေချန်၏ သူငယ်အိမ်များက ထိတ်လန့်တကြား ကျုံ့ဝင်သွားရပြီး သူနှင့် တစ်ပေအကွာသို့ ရောက်ရှိလာစသော လင်းချန်ကို လုံးဝ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။

လေချန် ရေရွတ်လိုက်သည်။ "မဖြစ်နိုင်တာ... သူ့ရဲ့အမြန်နှုန်းက..."

လင်းချန်၏ ကြောက်မက်ဖွယ်ကောင်းလှသော အမြန်နှုန်းကြောင့် လေချန် ကြောင်အသွားချိန်မှာပင် သူ၏ ဝမ်းဗိုက်၌ ပြင်းထန်စူးရှလှသော နာကျင်မှုကြီးတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာ၏။

လင်းချန် လေချန်၏ ဝမ်းဗိုက်တည့်တည့်ဆီသို့ ညှာတာမှုကင်းမဲ့စွာဖြင့် လက်သီးဖြင့် အရှိန်ပြင်းပြင်း ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။

တောက်ပသော အဖြူရောင်စိတ်ဝိညာဉ်စွမ်းအင်များ ဖုံးအုပ်ထားသည့် လင်းချန်၏ ညာဘက်လက်သီးသည် လေချန်အား ကာကွယ်ထားသော လျှပ်စီးဝိညာဉ်စွမ်းအင်များကို ထောပတ်ခဲအား ဓားပူဖြင့်လှီးဖြတ်လိုက်သကဲ့သို့ လွယ်ကူစွာ ချေမှုန်းပစ်လိုက်ပြီး သူ၏ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိမှန်သွားတော့၏။

ပထမလက်သီး ထိမှန်သွားပြီးသည်နှင့် လင်းချန် ချက်ချင်းပင် ဘယ်ဘက်ဝိုက်လက်သီးဖြင့် လေချန်၏ မေးစေ့ကို ထပ်မံ၍ ပြင်းထန်စွာ ထိုးနှက်လိုက်ရာ မူလက နာကျင်မှုကြောင့် ကွေးညွတ်သွားသော လေချန်၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်မှ အထက်သို့ လွင့်စင်တက်သွားတော့သည်။

လေချန်၏ ခြေထောက်များ မြေကြီးနှင့် တစ်လက်မခန့် ကြွတက်သွားချိန်မှာပင် လင်းချန် လေထဲသို့ ခုန်တက်ကာ ပြင်းထန်လှသော ကန်ချက်ဖြင့် ထပ်မံတိုက်ခိုက်လိုက်ပြန်၏။

လင်းချန်၏ ကြောက်မက်ဖွယ်ကောင်းလှသော ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် စိတ်ဝိညာဉ်စွမ်းအင်တို့ ပေါင်းစပ်လိုက်သောအခါ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်စွက်ပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။

သူ၏ ညာဘက်ခြေထောက်သည် ရှည်လျားသော ကြာပွတ်တစ်ချောင်းကဲ့သို့ လေချန်၏ ခန္ဓာကိုယ်အား လေခွင်းသံတဝေါဝေါဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်သွားတော့၏။

"အ့..."

ထိုကြီးမားလှသော စွမ်းအားအရှိန်ကြောင့် လေချန်မှာ နာကျင်စွာဖြင့် သည်းခြေရည်များပင် အန်ထွက်လာရကာ အဝေးသို့ လွင့်ထွက်သွားပြီး အစီအရင်အတားအဆီးကြီးကို အရှိန်ပြင်းပြင်း ဝင်တိုက်မိလျက် ဖျော့တော့သော အဝါရောင်လှိုင်းဂယက်များ ဖြစ်ပေါ်လာစေတော့၏။

အတားအဆီးနှင့် ရိုက်မိပြီးနောက် လေချန်သည် တန်ပြန်ကန်ထွက်လာသောအားကြောင့် မြေကြီးပေါ်သို့ မျက်နှာမူကာ ဦးစိုက်လျက် အရှက်တကွဲ ပြုတ်ကျသွားရတော့သည်။

လင်းချန်၏ ကိုယ်ပိုင်ဖန်တီးထားသော နိဗ္ဗာန်စွမ်းရည်အပေါ် လှောင်ပြောင်ရယ်မောနေခဲ့ကြသော အသံများအားလုံး ရုတ်တရက် ရပ်တန့်သွားပြီး လူအုပ်ကြီးတစ်ခုလုံးသည် သင်္ချိုင်းကုန်းတစ်ခုအလား အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားကြတော့၏။

လင်းချန်၏ လျင်မြန်တိကျလှသော တိုက်ခိုက်မှု သုံးကြိမ်က လေချန်၏ ကာကွယ်ရေးစိတ်ဝိညာဉ်စွမ်းအင်ကို အလွယ်တကူ ချေမှုန်းပစ်လိုက်ပြီး သူ့အား လွင့်ထွက်သွားစေရာ ဤဖြစ်ရပ်အားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။

အလွန်ပင် မြန်လွန်းလှ၏။ အပြင်စည်းတပည့် အများစုမှာ မည်သည့်အရာ ဖြစ်ပျက်သွားမှန်းကိုပင် သေချာမမြင်လိုက်ရချေ။ အပြင်စည်းတပည့်များအကြား အထက်မြက်ဆုံးဖြစ်သော ပိုင်ရန်ကမူ အရိပ်တစ်ခုက ရှေ့သို့ ပြေးထွက်သွားသည်ကို ဝေဝါးစွာ မြင်လိုက်ရပြီးနောက် လေချန် လွင့်ထွက်သွားသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။

အခြားသော စီနီယာအတွင်းစည်းတပည့်များက စေလွှတ်လိုက်သည့် ကိုယ်စားလှယ်များသည်လည်း မျက်လုံးများ ပြူးကျယ်သွားရလျက် လင်းချန်အား ထိတ်လန့်တကြားဖြင့် စိုက်ကြည့်နေမိကြတော့သည်။

အထူးသဖြင့် လေချန်အား အားပေးပြီး လင်းချန်ကို လှောင်ပြောင်နေခဲ့ကြသော အတွင်းစည်းတပည့်များ၏ မျက်နှာများသည် ပါးရိုက်ခံလိုက်ရသကဲ့သို့ ရှက်ရွံ့မှုကြောင့် စပ်ဖျင်းဖျင်းဖြစ်နေကြောင်းကို ခံစားနေကြရ၏။

အစောပိုင်းကပင် သူတို့သည် လင်းချန်အနေဖြင့် လေချန်၏ ကာကွယ်ရေးစိတ်ဝိညာဉ်စွမ်းအင်ကို ထိုးဖောက်နိုင်မည့် အခွင့်အရေး လုံးဝမရှိကြောင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုခဲ့ကြသည်။ သို့သော် လင်းချန် လက်သီးတစ်ချက်တည်းဖြင့်ပင် လေချန်၏ ကာကွယ်ရေးစိတ်ဝိညာဉ်စွမ်းအင်ကို ဖောက်ထွင်းပစ်လိုက်ပြီး သူ့အား မြေကြီးပေါ်သို့ ခွေးသေတစ်ကောင်အလား အရှက်တကွဲ ပြုတ်ကျသွားအောင် ပြုလုပ်လိုက်ပြီဖြစ်သည်။

လေဟန် မျက်မှောင်ကြုတ်သွားကာ ရေရွတ်လိုက်သည်။ "ချန်လေး..."

မူလက အေးဆေးသက်သာဖြစ်နေခဲ့သော လေဟန်၏ မျက်နှာထားက ရုတ်တရက် တင်းမာသွားပြီး သေခြင်းရှင်ခြင်းစင်မြင့်ကို လုံးဝ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိတော့၏။

ဖြစ်ပျက်သွားသော မြင်ကွင်းကြောင့် သူ အလွန်တရာ အံ့အားသင့်မှင်သက်သွားရသည်။

တစ်ချိန်တည်းမှာပင် ခုံသမာဓိစင်မြင့်ပေါ်ရှိ ချင်ဝူရွှမ်သည် ဂိုဏ်းချုပ်တစ်ယောက်၏ သိက္ခာကိုပင် မေ့လျော့သွားပြီး အလွန်အမင်း အံ့သြစွာဖြင့် အာမေဋိတ်သံ ပြုလိုက်မိတော့သည်။ ချင်ဝူရွှမ်၏ အာမေဋိတ်သံက သေခြင်းရှင်ခြင်းစင်မြင့် ပတ်လည်ရှိ တပည့်များကို ပိုမို၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့၏။

လင်းချန် နိဗ္ဗာန်စက်ဝန်းကိုးသွယ်ကို အမှန်တကယ် ပြီးမြောက်သွားခြင်းက သူတို့ လုံးဝ ထင်မှတ်မထားခဲ့သော ကိစ္စတစ်ခုဖြစ်နေတော့၏။

လင်းချန် ဂိုဏ်းထဲသို့ စတင်ဝင်ရောက်ပြီးနောက် လယွမ်နယ်ပယ် တတိယအဆင့်မှ နေယွမ်နယ်ပယ်သို့ ရောက်ရှိရန် တစ်နှစ်သာ အချိန်ယူခဲ့ရသည်။ ထိုကဲ့သို့သော အံ့မခန်း ကျင့်ကြံမှုနှုန်းနှင့် ကြံ့ခိုင်သော ရုပ်ခန္ဓာက နတ်ဓားဂိုဏ်းမှ တပည့်များစွာကို မနာလိုဝန်တိုမှုဖြင့် ရူးသွပ်သွားစေခဲ့၏။ အထူးသဖြင့် အတွင်းစည်းတပည့်များကို ဖြစ်သည်။

နောက်ပိုင်း၌ လင်းချန် စိတ်ဝိညာဉ်လက်နက်ကို အသုံးမပြုနိုင်ကြောင်းနှင့် နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ရန် မျှော်လင့်ချက်မရှိတော့ကြောင်း သိလိုက်ရသောအခါ ၊ သူတို့၏ ပြင်းထန်သော မနာလိုမှုများသည် တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာသောစိတ်အဖြစ် ပြောင်းလဲသွားပြီး ရက်ရက်စက်စက် လှောင်ပြောင်မှုများ ဖြစ်ပေါ်လာစေခဲ့တော့သည်။

စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲသည် အပြင်ပန်း၌ တည်ငြိမ်နေပုံရသော်ငြား စိတ်ထဲတွင်တော့ အံ့အားသင့်စွာဖြင့် ရေရွတ်နေမိတော့၏။ "သူ နိဗ္ဗာန်နယ်ပယ်ကို မချိုးဖောက်နိုင်ရင်တောင်... လင်းချန်ရဲ့ ကျင့်ကြံမှုနှုန်းက တကယ့်ကို သောက်ရမ်းကြောက်စရာ ကောင်းနေတုန်းပဲ..."

ထိုအချိန်၌ လင်းချန် မြေကြီးပေါ်မှ ယိမ်းယိုင်လျက် ပြန်ထလာသော လေချန်အား မထီမဲ့မြင်ကြည့်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။ "ငါ့အကြောင်းပြောကြရင်... ငါ လင်းချန်က ရုပ်ပိုင်းဆိုင်ရာသန်မာတယ် ၊ စိတ်ဝိညာဉ်စွမ်းအင်ကြွယ်ဝတယ် ၊ မူလလက်နက် ကိုင်ဆောင်ထားတဲ့ နိဗ္ဗာန်နယ်ပယ်ပညာရှင်တွေကို လက်ဗလာသက်သက်နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တယ်လို့ ပြောကြတယ်...။ ဒါတောင်မှ မင်းက ငါ့ကို သုံးကွက်အကြောပေးတယ်ဆိုတော့... ဒီနေ့ အိမ်ကထွက်လာတုန်းက မင်းခေါင်းကို တံခါးနဲ့ တိုက်မိလာတာလား..."

လေချန်ကမူ မြေပြင်မှ ကုန်းထလာပြီး မျက်လုံးများပြူးကျယ်လျက် လင်းချန်ကို စိုက်ကြည့်နေရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဒေါသကြောင့် ပြင်းထန်စွာ တုန်ယင်နေ၏။

သူ၏ ဝမ်းဗိုက်၌ အထိုးခံထားရသော ဒဏ်ရာကို စိတ်ဝိညာဉ်စွမ်းအင်က ချက်ချင်းပင် ပြန်လည်ကုစားပေးလိုက်သည်။ လေချန်၏ စိတ်ဝိညာဉ်စွမ်းအင်သည် ယခင်ကထက် ပိုမိုအားကောင်းလာပြီး နက်မှောင်သော ခရမ်းရောင်လျှပ်စီးများသည်လည်း မူလထက် များစွာ ပိုမိုပြင်းထန်လာတော့၏။

လေချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း မျက်နှာတစ်ခုလုံး နီရဲလာကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ "အရှက်ခွဲတာပဲ... ဒါက သက်သက်မဲ့ အရှက်ခွဲတာပဲ... လင်းချန်... မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီ...။ မင်းကို ငါ့လက်နဲ့ တစ်စစီ ဆွဲဖြဲပစ်မယ်..."

ထိုသို့ ကြုံးဝါးအော်ဟစ်ပြီးနောက် လေချန် ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မိုးကြိုးစွမ်းရည် ဝိညာဉ်စွမ်းအင်များ အကြွင်းမဲ့ နိုးထလာကာ တဖျစ်ဖျစ် အဆက်မပြတ် မြည်ဟည်းနေတော့၏။

မျက်စိတစ်မှိတ်အတွင်း၌ပင် ခါးကို အနည်းငယ်ကိုင်းလိုက်ရာ လေချန်သည် လျှပ်စီးတစ်စင်းအသွင် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားပြီး လုံးဝ ယုံကြည်နိုင်စရာမရှိသော အမြန်နှုန်းဖြင့် လင်းချန်ထံသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားတော့၏။ လျှပ်စီးများ တဖျစ်ဖျစ်မြည်နေပြီး လေချန် ပြင်းထန်လှသော လက်သီးချက်ဖြင့် ပြုံးစစလုပ်နေသော လင်းချန်၏ မျက်နှာဆီသို့ ချိန်ရွယ်ထိုးလိုက်သည်။

ခရမ်းရောင် မိုးကြိုးဝိညာဉ်စွမ်းအင်သည် လင်းချန်၏ ခန္ဓာကိုယ်ပတ်လည်ရှိ အဖြူရောင် ဝိညာဉ်စွမ်းအင်အကာအကွယ်ဆီသို့ အကြမ်းပတမ်း ထိုးဖောက်ဝင်ရောက်လာပြီး လက်သီးချက်သည် ပစ်မှတ်နှင့် တစ်လက်မအလိုသို့ ရောက်ရှိလာသည်။

သို့သော် ထိုတစ်လက်မမျှသော အကွာအဝေးလေးသည် မည်သို့မျှ ဖြတ်ကျော်၍မရနိုင်တော့သော ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ဖြစ်နေရ၏။ အဘယ်ကြောင့်ဆိုသော် လင်းချန် သူ၏ ခြေထောက်ကို အမြန်မြှောက်ကာ လေချန်၏ ရင်ဘတ်တည့်တည့်ဆီသို့ ပြင်းထန်စွာ ကန်သွင်းလိုက်ပြီး ဖြစ်သောကြောင့်ပင်။

"ဘန်းးးးး"

နားကွဲမတတ် ထွက်ပေါ်လာသော အသံကြီးက လင်းချန်၏ ကန်ချက်သည် မည်မျှလောက်အထိ ပြင်းထန်ကြောင်းကို အထင်းသား သက်သေပြနေသည်။ လေချန်သည် တည့်တည့်မတ်မတ် အကန်ခံလိုက်ရသဖြင့် အသက်ရှူရခက်ခဲသွားရကာ လည်ပင်းညှစ်ခံထားရသလို မွန်းကျပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

လင်းချန်၏.မျက်ဝန်းထဲ၌ စူးရှသော ဝိညာဉ်အလင်းတန်းများ လက်သွားပြီး သွေးအေးစွာ ပြုံးလျက် ပြောလိုက်သည်။ "မင်းရဲ့ လှုပ်ရှားမှုတွေက... သိပ်မမြန်ပါလား..."

ကျူးကော့မင်သည် ကောင်းကင်လက်မှုပညာဌာနကို ဦးဆောင်၍ ဂိမ်းတွင်း အထောက်အကူပြုစွမ်းရည်များနှင့် ဝိညာဉ်စွမ်းအင်တို့ကို အချိုးကျ ပေါင်းစပ်ကာ အားဖြည့်ဝိညာဉ်စွမ်းရည်များကို တီထွင်ခဲ့သည်။ ထိုအထဲ၌ ထိုးထွင်းသိမြင်နိုင်စွမ်း ၊ အမြင်အာရုံ စွမ်းအားမြှင့်တင်ခြင်း ၊ စောင့်ကြည့်လေ့လာနိုင်စွမ်းနှင့် ခွဲခြားသိမြင်နိုင်စွမ်းတို့ ပါဝင်၏။

လင်းချန် လေချန်အား ကန်ထုတ်လိုက်ပြီးနောက် မြေကြီးကို အားကုန်ဆောင့်နင်းကာ လေဟုန်စီး၍ ခုန်လိုက်ရာ လွင့်ထွက်သွားသော ပြိုင်ဘက်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် အမီလိုက်နိုင်သွားတော့၏။

လျင်မြန်လှသော အလျင်ဖြင့် ခုန်ထွက်လိုက်သည့်အချိန်၌ အမြန်နှုန်းကို အမြင့်ဆုံးအထိ တိုးမြှင့်ပေးနိုင်စွမ်းရှိသည်။ လင်းချန်သည် သဘာဝအတိုင်း သန်မာပြီး ဝိညာဉ်စွမ်းအင် ပြည့်ဝသူဖြစ်ရာ ဤအားဖြည့်ဝိညာဉ်စွမ်းရည် နှစ်ခု၏ အကူအညီဖြင့် လေချန်ထက် များစွာ ပိုမိုမြန်ဆန်နေကာ အမြဲတမ်း ခြေတစ်လှမ်း သာနေတော့သည်။

"တောက်..."

လေထုထဲသို့ လွင့်စင်သွားရသော လေချန်သည် အရှက်ရမှုကြောင့် အလွန်အမင်း ဒေါသထွက်လာပြီး ခရမ်းရောင် မိုးကြိုးဝိညာဉ်စွမ်းအင်ကို ဧရာမ လှံတစ်ချောင်းအသွင်သို့ ပြောင်းလဲကာ သူ၏နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာသော လင်းချန်ထံသို့ အရှိန်ပြင်းပြင်း ပစ်လွှတ်လိုက်၏။

သူ့ဆီသို့ တိုးဝင်လာသော မိုးကြိုးလှံတံကြီးကို ရင်ဆိုင်ရသော်ငြား လင်းချန် ကြောက်ရွံ့သည့် အရိပ်အယောင်ကို လုံးဝမပြဘဲ မိုးကြိုးဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ထိုလှံသွားကို လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်သည်။

ခရမ်းရောင် မိုးကြိုးဝိညာဉ်စွမ်းအင်များသည် လင်းချန်၏ ခန္ဓာကိုယ်ပေါ်မှ လျှပ်စစ်မြွေများကဲ့သို့ လျှောကျသွားပြီး သူ၏ နောက်ဘက်၌ ပျောက်ကွယ်သွားတော့သည်။ ကျန်ရှိနေသော ဝိညာဉ်စွမ်းအင်များသည် လင်းချန်၏ လက်သီးပေါ်ရှိ ပါးလွှာသော အဖြူရောင် ဝိညာဉ်စွမ်းအင်ကိုပင် မဖောက်ထွင်းနိုင်ချေ။

နောက်ဆုံး၌ ကြီးမားလှသော အင်အားတစ်ခုကြောင့် ခရမ်းရောင်မိုးကြိုးသည် တစ်စစီ ကွဲကြေသွားရတော့၏။ ထို့အပြင် ကွဲကြေသွားသော ခရမ်းရောင် မိုးကြိုးဝိညာဉ်စွမ်းအင် အစိတ်အပိုင်းအချို့သည် လေချန်ထံသို့ပင် ပြန်လည်စင်ထွက်သွားသေးသည်။

လျှပ်ကာဒိုင်းသည် မိုးကြိုးစွမ်းအင်ဝိညာဉ်စွမ်းအင်ကို ကာကွယ်ရန် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

သံမဏိတံတိုင်းသည် လင်းချန်၏ ဝိညာဉ်စွမ်းအင်ခံစစ်ကို တိုးမြှင့်ပေးပြီး တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းကို ပြန်လည်ကန်ထွက်စေကာ တန်ပြန်သက်ရောက်စေ၏။

လေချန် သူ့ထံသို့ ပြန်လွင့်စင်ထွက်လာသော ဝိညာဉ်စွမ်းအင်များကို ကာကွယ်ရင်း မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်မိသည်။ "ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မာလဲကွ..."

လေချန် အော်ဟစ်နေစဉ်မှာပင် လင်းချန်ကမူ သူ့ရှေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး မျက်နှာအား လက်သီးဖြင့် အရှိန်ပြင်းပြင်း ထိုးနှက်လိုက်၏။ အကာအကွယ် ဝိညာဉ်စွမ်းအင်က လင်းချန်၏ လက်သီးချက်ကို လုံးဝ မကာကွယ်နိုင်တော့ချေ။

စွမ်းအားကြီးမားလှသော အားဖြည့်ဝိညာဉ်စွမ်းရည်သည် လင်းချန်၏ ခွန်အားကို တိုးမြှင့်ပေးရုံသာမက ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေ၏။ ထိုကောင်းချီးများအောက်၌စ တိုးတက်လာသော အာနိသင်စွမ်းအားသည် နှစ်ဆပင် ဖြစ်သွားတော့၏။

လင်းချန်၏ နိဗ္ဗာန်စက်ဝန်းကိုးသွယ်သည် နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်း၏ အကူအညီဖြင့် အခြားသော ကျင့်ကြံသူများနှင့် လုံးဝမတူဘဲ ကွဲပြားနေသည်။ ထို့အပြင် ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ စုစည်းနိုင်ခဲ့၏။ ယခုအခါ လင်းချန်၏ ဝိညာဉ်စွမ်းအင်ပမာဏနှင့် အရည်အသွေး နှစ်ခုစလုံးသည် တူညီသောနယ်ပယ်ရှိ အခြားသူများထက် များစွာသာလွန်နေပြီဖြစ်သည်။

ထို့အပြင် လင်းချန်၏ ခန္ဓာကိုယ်သည် သူ၏ကိုယ်ပိုင် ဝိညာဉ်စွမ်းအင် ၊ ကောင်းကင်လမ်းကြောင်းမှ ဝိညာဉ်စွမ်းအင်နှင့် နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်းဖြင့် သန့်စင်ထားသော နိဗ္ဗာန်စက်ဝန်းကိုးသွယ်၏ ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအင်များဖြင့် သုံးကြိမ်တိုင်တိုင် စေ့စပ်သေချာစွာ သန့်စင်ထားပြီးဖြစ်၏။

ပြောရမည်ဆိုလျှင် အားဖြည့်ဝိညာဉ်စွမ်းရည်များနှင့် ပေါင်းစပ်လိုက်သောအခါ လင်းချန်သည် လူသားအသွင်ဆောင်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေတော့၏။ ဝိညာဉ်လက်နက်ကို အသုံးမပြုဘဲ လင်းချန်နှင့် လက်ဗလာယှဉ်ပြိုင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည့် လေချန်၏ ဦးနှောက်သည် တံခါးနှင့် နှစ်ခါလောက် တိုက်မိခဲ့ ပုံရသည်။

"ဘုန်းးး... ဘုန်းးး... ဘုန်းးး..."

နားကွဲမတတ် ပြင်းထန်လှသော တိုက်ခိုက်သံကြီးများသည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်၌ ဆက်တိုက်ဆိုသလို ပဲ့တင်သံထပ်နေပြီး ၊ လေချန်မှာ လင်းချန်၏ ရက်စက်ပြင်းထန်လှသော တိုက်စစ်ဆင်မှုအောက်တွင် ဖရိုဖရဲဖြင့် အသည်းအသန် ခုခံနေရတော့သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၅ ၊ အတွဲ ၁ ၊ အပိုင်း ၄၉ + ၅၀ ပြီး။

ဘာသာပြန် - Author Ko Yoohto

Editor - Author Chang'e 🌕

True Immortal Team

All Chapters