ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ
Vol. 11 Ch. 150
အခန်း (၁၅၀) ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ
ဖန်းယွင်ရှန်းဘက်မှ ယေဘူယျအခြေအနေမျာလည်း အဆုံးသတ်သွားပြီဖြစ်ရာ သူမ၏သတင်းပေါက်ကြားသွားခြင်းက အရေးမကြီးတော့ပေ။
သူမအကြောင်းကို နေသူတော်စင်ဂိုဏ်း သိရှိသွားလျှင်တောင်မှ ပြဿနာမရှိနိုင်ပေ။ ထို့ပြင် နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်ဂိုဏ်း၏ ဆက်ဆံရေးကလည်း အဆုံးစွန်ထိ ဆိုးရွားနေဆဲဖြစ်သည်။
အခြားသော ထိပ်သီးသိုင်းဂိုဏ်းများက မည်သို့တုံ့ပြန်မည် မသိသော်လည်း အဆုံးမဲ့တောင်တန်းကတော့ ထိုသတင်းကြောင့် အနည်းငယ်တုန်လှုပ်သွားသည်မှလွဲပြီး ပြင်းပြင်းထန်ထန် မတုံ့ပြန်ခဲ့ပေ။
နောက်ဆုံးတော့ ထူးကဲယင်ပြိုင်ပွဲတွင် အမြဲတမ်းဘေးထွက်နေရသည့် ဝါဒတောင်က ကိုယ်ပိုင်ထူးကဲယင်မိန်းမပျိုတစ်ယောက် ရရှိခဲ့ပြီဖြစ်သဖြင့် ထူးကဲယင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီပြီဟု ဆိုနိုင်သည်။
ထူးကဲယင်သရဖူ မည်သူ့လက်ထဲ ကျရောက်မည်ဆိုသည်ကတော့ ထူးကဲယင်မိန်းမပျို တစ်ယောက်ချင်းစီ၏ ယှဉ်ပြိုင်မှုရလဒ်အပေါ်တွင် မူတည်သည်။
အခြားသောထိပ်သီးသိုင်းဂိုဏ်းများ အစိုးရိမ်ဆုံးသူမှာ နေသူတော်စင်ဂိုဏ်းမှ မန်ဝမ်သာ ဖြစ်သည်။
အခြားသူများထက် အချိန်များစွာ နောက်ကျကျန်ရစ်ခဲ့သည့် ဖန်းယွင်ရှန်းကတော့ ခြိမ်းခြောက်မှုများစွာ ပြုလုပ်နိုင်မည် မဟုတ်ပေ။
ခပ်ရိုင်းရိုင်းပြောရလျှင် လွန်ခဲ့သည့် နှစ်ဝက်ကကျင်းပသည့် တတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် သူမ ဝင်ပြိုင်မည်ဆိုပါက သေချာပေါက် ဘိတ်ချီးရမည်ပင်။
နောင်နှစ်ဝက်တွင်ကျင်းပမည့် စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင်ပင် သူမက ဖြည့်စွက်အဆင့်မျှသာ ရှိနိုင်သည်။
ဤသည်က ဖန်းယွင်ရှန်း၏ အရည်အချင်းနှင့်မဆိုင်ပေ။ သူမက နောက်ကျကျန်ခဲ့သည့်အတွက် မန်ဝမ်နှင့် အခြားပြိုင်ဘက်များကို လိုက်မီရန် အလှမ်းဝေးနေခြင်းသာ ဖြစ်သည်။ သို့သော် သာမန်အခြေအနေအောက်တွင်သာ ဖြစ်သည်။
ထို့ကြောင့် လင်ကျိုးက ဖန်းယွင်ရှန်း ထူးကဲယင်ခန္ဓာ ပြန်လည်ရရှိသည့်သတင်းကို အခြားသိုင်းဂိုဏ်းများ သိရှိအောင် သတင်းလွှင့်သည့်တိုင် ရန်ကျောက်ကဲက ထိုကိစ္စကို စိတ်မပူပေ။
ရန်ကျောက်ကဲ ပိုမိုစိတ်ဝင်စားသည်က ဖန်းယွင်ရှန်းသတင်ကို လင်ကျိုး မည်သို့ရရှိသည်လဲဆိုသည့်အချက်ပင်။ ထိုအချက်က စိုးရိမ်စရာလည်းကောင်းသည်။
နောက်တစ်ချက်မှာ ယန်စွမ်းအားသီးသန့်ပါဝင်သည့် ယင်စွမ်းအားသီးသန့်နေရာတစ်ခုကိုအသုံးပြုကာ ထူးကဲယင်မိန်းမပျိုများကို အားဖြည့်ပေးနိုင်သည့်နည်းလမ်းကို လင်ကျိုးကိုယ်တိုင် သိရှိနေနိုင်ခြင်းဖြစ်သည်။
သူသာ ထိုနည်းလမ်းကို အမှန်တကယ်သိရှိပါက မိုးကြိုးနယ်မြေမှ ထူးကဲယင်မိန်းမပျိုသည်လည်း လွှမ်းမိုးနိုင်စွမ်းမြင့်မားလာမည် ဖြစ်သည်။
ကောင်းကင်မိုးကြိုးခန်းမက နေသူတော်စင်ဂိုဏ်းနှင့် မဟာမိတ်များဖြစ်သည့်တိုင် ထူးကဲယင်သရဖူနှင့်ပတ်သက်သည့်ကိစ္စမျိုးတွင်တော့ ထိုသဘောကောင်းစွာဖြင့် အသိပေးမည် မဟုတ်ပေ။
လက်ရှိတွင် မန်ဝမ်က ထူးကဲယင်မိန်းမပျိုများထဲတွင် စွမ်းအားအမြင့်မားဆုံး ဖြစ်သည်။
လင်ကျိုးသာ ထိုနည်းလမ်းကို သိရှိမည်ဆိုလျှင် ကောင်းကင်မိုးကြိုးခန်းမမှ ထူးကဲယင်မိန်းမပျိုသည်လည်း မန်ဝမ်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလာပေလိမ့်မည်။
လင်ကျိုး ထိုနည်းလမ်းကို မည်သို့သိရှိပါသနည်း တွေးစရာရှိသည်။
မဟာကပ်ဘေးမတိုင်ခင်က ကြွင်းကျန်ခဲသည့်ကျမ်းစာများမှ သိရှိခြင်း ၊ သို့မဟုတ် ကိုယ်တိုင်လေ့လာသိရှိခြင်းဆိုလျှင် ပြဿနာ မရှိပေ။
သို့သော် ထိုနည်းလမ်းကို တခြားနေရာမှ ရယူခဲ့ခြင်းဖြစ်ပါက နေသူတော်စင်ဂိုဏ်းသည်လည်း ထိုနည်းလမ်းကို ရရှိနိုင်မည်ဟု အဓိပ္ပါယ်သက်ရောက်သည်။
အစကပင် အားလုံးရှေ့တွင်ဦးဆောင်နေသည့် မန်ဝမ်သည် နောက်တစ်ဆင့် ထပ်မံအင်အားကြီးလားမည်ဆိုပါက ရန်ကျောက်ကဲသည်ပင် ထိုပြဿနာကိုဖြေရှင်းရန် ခေါင်းကိုက်ရပေမည်။
ယခု ထူးကဲယင်သရဖူက မန်ဝမ်၏လက်ထဲတွင် ရှိနေပြီး သူမ၏ကျင့်ကြံခြင်းက များစွာ အားကောင်းနေပြီ ဖြစ်သည်။
ရန်ကျောက်ကဲက မေးစေ့ကို လက်ဖြင့်ပွတ်သပ်လိုက်ရင်း...
“အားဟူ... သတင်းအချက်အလက်စုဆောင်းတဲ့အခါ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက ထူးကဲယင်မိန်းမပျိုတွေအကြောင်းကို ပိုပြီးအာရုံစိုက်ပါ”
အားဟူက ရိုးရှင်းစွာပင် ရယ်မောလိုက်ရင်း...
“ဟုတ်ကဲ့ပါ သခင်လေး”
ထို့နောက် အရှေ့နှင်းတောင်တန်းများတွင် စောင့်ဆိုင်းနေကြသည့် သူတို့နောက်လိုက်များကိုခေါ်ကာ ရန်ကျောက်ကဲနှင့် အားဟူတို့ ချက်ချင်းထွက်ခွာသွားကြတော့၏။
***
ထူးကဲယင်ခန္ဓာပြန်လည်ရရှိရန်အတွက် ဝါဒတောင်မှ ဖန်းယွင်ရှန်း တိမ်လွှာတောင်ရှိ ယင်ယန်တိမ်တိုက်စမ်းချောင်းတွင် ကျင့်ကြံနေသည့်သတင်းက အလျှင်အမြန်ပင် ပျံ့နှံ့သွားသည်။
အဆုံးမဲ့တောင်တန်းသည်လည်း ထိုသတင်းကိုသိရှိသွားသည့်တိုင် ဝါဒတောင်နှင့် မဟာမိတ်များဖြစ်သည့်အတွက် ထူးကဲယင်မိန်းမပျိုကို သတ်ဖြတ်ပစ်သည်အထိတော့ မည်သည့်နည်းနှင့်မှ လုပ်ဆောင်မည် မဟုတ်ပေ။
သူတို့အနေဖြင့် ယင်ယန်တိမ်တိုက်စမ်းချောင်းတွင် ဖန်းယွင်ရှန်း ကျင့်ကြံနေသည်ကို ရပ်တန့်ပေးရန်သာ တောင်းဆိုနိုင်သည်။
သို့ပေသိ ဝါဒတောင်က မရပ်တန့်ဘဲ ယင်ယန်တိမ်တိုက်စမ်းချောင်းတွင် ဆက်လက်ကျင့်ကြံမည်ဆိုလျှင်လည်း အဆုံးမဲ့တောင်တန်းအနေဖြင့် အတင်းအကျပ် နှင်ထုတ်နိုင်မည် မဟုတ်ပေ။ ထိုအစား ရန်ကျောက်ကဲက တိမ်လွှာတောင်မှ ဘီလူးဝိညာဉ်သံလိုက်သွေးကြော ပြန်လည်ကောင်းမွန်အောင် ကူညီပေးခဲ့သည့်အတွက် ဝါဒတောင်ကို ကျေးဇူးဆပ်ရန်ပင် ဤအခွင့်အရေးကို အသုံးပြုနိုင်သေးသည်။ ဤသည်ကလည်း လက်ခံနိုင်သည့်အချက်ပင် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲထံမှ သတင်းရရှိသည်နှင့် ဖူအန်းစုက ဖန်းယွင်ရှန်းကို ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ခိုင်းထားသည်။
ထို့ကြောင့် သတင်းပေါက်ကြားသွားသည်နှင့် ဖူအန်းစုက ထိတ်လန့်ခြင်းလည်းမရှိသလို အလျင်လိုခြင်းလည်းမရှိဘဲ တည်ငြိမ်စွာဖြင့်ပင် ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းကိုခေါ်ဆောင်ကာ ဣန္ဒြေရရ ကောင်းကင်နယ်မြေသို့ ပြန်သွားခဲ့သည်။
အတော်လေးကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်သော်လည်း အဆုံးမဲ့တောင်တန်းကလူများကတော့ စိတ်ပျက်သွားကြသည်။ သူတို့က တစ်ဖက်သားကို ထိုးနှက်ရန် လက်သီးရွယ်ခဲ့သော်လည်း အဆုံးသတ်တွင် လေကိုသာ လက်သီးနှင့်ထိုးမိကြသည်။
ဖန်းယွင်ရှန်းသတင်း ပျံ့နှံ့သွားပြီးနောက် နေသူတော်စင်ဂိုဏ်းက တည်ငြိမ်နေပြီး မည်သည့်မူမမှန်မှုကိုမှ ထုတ်ဖော်ပြသခြင်းမရှိသလို မည်သည့်လှုပ်ရှားမှုကိုမှလည်း မပြုလုပ်ခဲ့ပေ။
သို့သော် အတွင်းပိုင်းတွင်တော့ သေချာပေါက် ငြိမ်းချမ်းခြင်း မရှိတော့ဘဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ဖန်းယွင်ရှန်းသတင်း ပေါက်ကြားသွားသည်နှင့် ရန်ကျောက်ကဲကလည်း လင်ကျိုးအကြောင်းကို ချက်ချင်း သတင်းဖြန့်လိုက်သည်။
ကောင်းကင်မိုးကြိုးခန်းမမှ တိုက်ရိုက်ပင်မတပည့် လင်ကျိုးသည် ကျောက်စိမ်းပင်လယ်မြို့တော်၏ ထိပ်တန်းသိုင်းပညာ ယဉ်စွန်းတန်းဓားသိုင်းကို ကျွမ်းကျင်တတ်မြောက်နေသည်ဆိုသော သတင်းသည်လည်း မိုးအောက်မြေပြင်တစ်ခွင် ပျံ့နှံ့သွား၏။
ထိုသတင်းကြောင့် ကျောက်စိမ်းပင်လယ်မြို့တော် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ကောင်းကင်မိုးကြိုးခန်းမသည်လည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
မိုးကြိုးနယ်မြေနှင့် ရေနယ်မြေက အစကတည်းက ရန်ဘက်များဖြစ်ကြပြီး ယခုတော့ ရန်ပွဲကို ပိုမိုနှိုးဆွလိုက်သလို ဖြစ်သွားသည်။
တိမ်လွှာတောင်တွင် ဖူအန်းစုတို့လည်း မရှိတော့လေရာ ရန်ကျောက်ကဲက ထိုနေရာသို့ ပြန်မသွားတော့ဘဲ ခရီးစဉ်ကို တောင်ဘက်သို့ဦးတည်လိုက်သည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်ရာ ရန်ကျောက်ကဲက ပါဝင်ဆင်နွှဲရန် ပြင်ဆင်ထားသည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲဆိုသည်က သူရဲကောင်းများတွေ့ဆုံပွဲ ၊ ကောင်းကင်ဘုံမှ မျက်နှာသာပေးသည့် သားတော်သမီးတော်များ တွေ့ဆုံပွဲဖြစ်သည်။ ထို့ကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ထိပ်သီးသိုင်းဂိုဏ်းများအားလုံးမှ လူငယ်မျိုးဆက်သိုင်းသမားများ လာရောက်ကြမည် ဖြစ်သည်။ ထိုပွဲက သူတို့အားလုံးအတွက် အလွန်အရေးပါသည်။
ပုံမှန်ဆိုလျှင် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကို ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းက အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပလေ့ ရှိသည်။
ယခုတစ်ကြိမ် အလှည့်ကျသည်က ကောင်းကင်မိုးကြိုးခန်းမဖြစ်၏။
သို့သော် တိုက်ပွဲအခြေအနေများက တင်းမာနေလေရာ ဝါဒတောင် ၊ အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့က သူတို့၏ မျိုးဆက်သစ်လူငယ်များကို မိုကြိုးနယ်မြေသို့ မစေလွှတ်ဝံ့ကြပေ။ မဟုတ်ပါက သိုးများကို ကျားတစ်ကောင်ပါးစပ်ထဲ တွန်းပို့လိုက်သလို ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ တည်နေရာကို ရေကန်နယ်မြေတွင် သတ်မှတ်လိုက်ကြသည်။
လှိုင်းနက်ဂေဟာသည် မည်သည့်ဘက်မှမယိမ်းဘဲ အမြဲတမ်း ကြားနေဝါဒကို လက်ကိုင်ထားခဲ့သည်။ ထို့ကြောင့် ကောင်းကင်မိုးကြိုးခန်းမှနှင့် နေသူတော်စင်ဂိုဏ်း မဟာမိတ်အဖွဲ့ဖြစ်စေ ၊ ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော် ၊ အဆုံးမဲ့တောင်တန်း မဟာမိတ် (၃)ဖွဲ့ဖြစ်စေ စိတ်အေးလက်အေး နေနိုင်မည် ဖြစ်သည်။
သို့ပေသိ လှိုင်းနက်ဂေဟာက ပြင်ပပတ်ဝန်းကျင် ဘေးကင်းမှုကိုသာ အာမခံနိုင်သည်။
လက်ရှိ တင်းမာနေသည့်အခြေအနေများအရ လေထဲတွင် ဖုံးလွှမ်းနေမည့် သွေးရနံ့များကိုတော့ မည်သူမှ အာမခံနိုင်မည် မဟုတ်ပေ။ အရာအားလုံးက ပုံမှန်ထက်တော့ကျော်လွန်နေမည်ပင်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် များစွာသော ယှဉ်ပြိုင်တိုက်ခိုက်မှုများနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ ထိပ်သီးသိုင်းဂိုဏ်းများအနေဖြင့် မိမိတို့၏တပည့်များ ရန်ဘက်ဂိုဏ်းသားများနှင့် ထိပ်တိုက်ရင်ဆိုင်မိပြီး သတ်ဖြတ်ခံရခြင်းနှင့် ဒဏ်ရာအပြင်းအထန်ရခြင်းများ ဖြစ်ပေါ်မည်ကို စိုးရိမ်ပူပန်ကြသည်။
ထို့ပြင် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကို ရေကန်နယ်မြေတွင်ကျင်းပမည်ဖြစ်ရာ ခရီးက အလွန်ရှည်လျားသည်။
ထို့ကြောင့် ဝါဒတောင်အပါအဝင် အခြားသောထိပ်သီးသိုင်းဂိုဏ်းများက တွေ့ဆုံပွဲတွင်ပါဝင်ကြမည့် တပည့်ငယ်များကို ဒီအတိုင်းစေလွှတ်လိုက်ခြင်းမရှိပေ။ တပည့်ငယ်များကိုဦးဆောင်ရန် အဆင့်မြင့်အကြီးအကဲတစ်ယောက် ထည့်ပေးလိုက်ကြသည်။
ဝါဒတောင်ကတော့ ဖူအန်းစုထက် အရေးပါသူတစ်ယောက်ကို စေလွှတ်လိုက်သည်။
ဝါဒတောင်၏ သူရဲကောင်း (၃)ယောက်တွင် တစ်ယောက်အပါအဝင်လည်းဖြစ် ၊ တာဝန်ခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲလည်းဖြစ်သည့် ပုန်းေနသောနဂါးဟု ကျော်ကြားသူ ‘ဖန်ကျွင်း’ကိုယ်တိုင် တပည့်ငယ်များကို ရေကန်နယ်မြေသို့ လိုက်ပါပို့ဆောင်သည်။
ဖန်ကျွင်းကိုယ်တိုင်လိုက်ပါလာသည်ကို ကြည့်ခြင်းအားဖြင့် ဝါဒတောင်က လှိုင်းနက်ဂေဟာနှင့်ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ဆန္ဒရှိကြောင်း ရန်ကျောက်ကဲ ရိပ်မိသည်။
လှိုင်းနက်ဂေဟာက အမြဲတမ်း ကြားနေဝါဒဆွဲကိုင်သူ ဖြစ်ပြီး ရေကန်နယ်မြေ၏ကိစ္စများမှအပ ပြင်ပလောကကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ သို့သော် လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်ဂိုဏ်းတို့ ပိုမိုသဘောထားတင်းမာလာကြသည်ကိုတော့ လျစ်လျူမရှုခဲ့ပေ။
ပထဝီဝင်အနေအထားအရ ရေကန်နယ်မြေသည် မီးနယ်မြေရော ရေနယ်မြေနှင့်ပါ ထိစပ်နေသည်။
သိမ်မွေ့ပြီးသပ်သပ်ရပ်ရပ်ရှိနေသည့် ရန်ကျောက်ကဲ၏ဟန်ပန်ကိုကြည့်ရင်း ဖန်ကျွင်းက ပြုံးလိုက်သည်။
“မင်းရဲ့သတင်းကြားသဟေ့ ၊ ကောင်းကင်မိုးကြိုးခန်းမက လျှပ်စီးမိုးကြိုး (၂)ယောက်လုံး မင်းလက်မှာ ရှုံးနိမ့်သွားတယ်ဆို”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...
“ရန်ရှန်းထက် လင်ကျိုးက အများကြီးသာတယ် ၊ အရင်ကနဲ့ မတူတော့ဘူး”
“သူက ဓားသိုင်း (၂)မျိုးလုံးကို ကျွမ်းကျင်တဲ့အပြင် သိုင်းပညာရှင်အဆင့်နဲ့ မိုကြိုးလျှပ်စီးယှက်နွယ်ကို ကျင့်ကြံအောင်မြင်နေပြီ ၊ ကောင်ကင်မိုးကြိုးခန်းမက တခြားသိုင်းသမားတွေထက် အများကြီးသန်မာတယ် ၊ ပြီးတော့ သူ့ရဲ့ ကြယ်တာရာချီစွမ်းအားကလည်း အရမ်းပြင်းထန်ပြီး သိပ်သည်းဆများလွန်းတယ် ၊ သက်တူရွယ်တူတွေထက် အဆပေါင်းများစွာ သာလွန်တာကိုတွေ့ရတယ်”
ရန်ကျာက်ကဲက ဆက်ပြောသည်။
“ပြီးတော့... ဟုတ်တယ် ၊ သူက ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ ယဉ်စွန်းတန်းဓားသိုင်းကိုလည်း တတ်ကျွမ်းနေတယ်”
ဖန်ကျွင်းက...
“မင်း သေချာလို့လား ၊ သူက ယဉ်စွန်းတန်းဓားသိုင်းကို ဘယ်လိုတတ်မြောက်လာသလဲဆိုတာက ငါတို့သိနိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ”
ရန်ကျောက်ကဲ အနည်းငယ်ပြုံးလိုက်သည်။ ဤပြဿနာက တပည့်ငယ် (၂)ယောက် တိုက်ခိုက်သည့် ပြဿနာမဟုတ်ပေ။ ထိပ်သီးသိုင်းဂိုဏ်း (၂)ခု၏ ပဋိပက္ခများနှင့် သက်ဆိုင်နေသည့် စိုးရိမ်စရာကိစ္စဖြစ်သည်။ ထို့ကြောင့် ဖန်ကျွင်းက အကြီးအကဲတစ်ယောက်အနေဖြင့် သတိထားသည်မှာ မဆန်းပေ။
လင်ကျိုးက မိုးကြိုးလျှပ်စီးယှက်နွယ်ကို ကျင့်ကြံအောင်မြင်နေပြီဆိုသည့်သတင်းက ကြားရသူတိုင်းကို ထိတ်လန့်တုန်လှုပ်စေသည်။ သို့သော် ယဉ်စွန်းတန်းဓားသိုင်းကို တတ်ကျွမ်းနေသည်ဆိုခြင်းကတော့ အလွန်အရေးကြီးသည့် သတင်းတစ်ခု ဖြစ်သည်။
ဖန်ကျွင်းက ရန်ကျောက်ကဲကိုကြည့်လိုက်ရင်း...
“ဒါနဲ့... မင်း တောင်ပေါ်မပြန်ဖြစ်သေးဘူး မဟုတ်လား ၊ ဒါကြောင့် တိမ်လွှာတောင်ခရီးစဉ်မှာ စွမ်းဆောင်ခဲ့တာတွေအတွက် ရရှိတဲ့ဆုလာဘ်တွေကို ငါပဲ ယူလာခဲ့တယ်”