အခန်း (၄၉၉-၅၀၀)
Vol. 34 Ch. 499-500
အခန်း (၄၉၉) ချွမ်မျိုးနွယ်စု ပျက်သုဉ်းပြီ
နောက်တစ်နေ့ နံနက်ခင်း နေမင်းထွက်ပြူးလာချိန်တွင် ချွမ်မျိုးနွယ်စုမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်က အရှိန်အဝါကြီးမားလှသော မျိုးနွယ်စုဝင်းကြီး တည်ရှိခဲ့သည့် နေရာတွင် ယခုအခါ မီးလောင်ကျွမ်းထားသော မြေရိုင်းများနှင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးနေသော အပျက်အစီးများသာ ကျန်ရှိတော့သည်။
ပြိုကျနေသော အဆောက်အဦးများ။
မီးလောင်ထားသော ရင်ပြင်များ။
မည်းမှောင်သွားသော ကျောက်တိုင်များ။
ထိုပျက်စီးမှုများသည် မြေပြင်ပေါ်ရှိ အမာရွတ်တစ်ခုကဲ့သို့ ဝင်းတစ်ခုလုံးတွင် ပျံ့နှံ့နေသည်။
အကြောက်စရာအကောင်းဆုံးအချက်မှာ—
အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိခြင်းပင်။
တစ်ယောက်မှ မရှိပေ
ကြက်တစ်ကောင်တောင် မကျန်ခဲ့ပေ။
ဖြူဖျော့သော နံနက်ခင်း ကောင်းကင်ယံသို့ မှိန်ပျပျ မီးခိုးငွေ့များသာ ဆက်လက် လွင့်ပျံနေတော့သည်။
ညဘက်တွင် ပေါက်ကွဲသံများ ကြားရကြောင်း သတင်းပေးချက်အရ ကင်းစောင့်များ ရောက်ရှိလာသောအခါ သူတို့ လုံးဝ မှင်
သက်သွားကြသည်။
သူတို့ထဲမှ အချို့သည် ဤနယ်မြေကို နှစ်ပေါင်းများစွာ ကင်းလှည့်ခဲ့သူများ ဖြစ်သည်။
ချွမ်မျိုးနွယ်စုသည် မည်မျှအထိ အစွမ်းထက်သည်ကို သူတို့ ကောင်းစွာ သိကြသည်။
သို့သော် ယခုမူ...
တစ်ညတည်းနှင့် အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။
ကင်းစောင့်များသည် ဤကိစ္စကို နန်းတော်သို့ အမြန်ဆုံး သတင်းပို့လိုက်ကြသည်။
နန်းတော်အတွင်း၌လည်း ထိုသတင်းမှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။
နန်းတွင်းအရာရှိများနှင့် နန်းတွင်းကာကွယ်ရေး တပ်ဖွဲ့များကြားတွင် တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်ကုန်ကြသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?”
"ဒါက အတည်ပြုပြီးပြီလား?"
"ဘယ်သူလုပ်တာလဲ?"
အဖြေမရှိသော မေးခွန်းများစွာ ထွက်ပေါ်လာသည်။ အကြောင်းမှာ ချွမ်မျိုးနွယ်စုကဲ့သို့ အစွမ်းထက်သော အင်အားစုကို တစ်ညတည်းနှင့် ဖျက်ဆီးနိုင်ရန်မှာ ကျူးကျော်သူသည် အလွန်ပင် အစွမ်းထက်ရမည်ကို သူတို့ သိထားသောကြောင့် ဖြစ်သည်။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် သို့မဟုတ် ထိုမျှလောက် အင်အားရှိသူတစ်ဦး ဖြစ်ရပေမည်။
သို့သော်လည်း ဧကရီ စွန်းယောင်ချင်းမှာမူ အံ့သြခြင်း မရှိပေ။
သူမသည် ထိုသတင်းကို အစောကြီးကတည်းက ရရှိထားပြီးဖြစ်သည်။
ကျူးကျော်သူမှာ ချုန်ရှန်း ဖြစ်ကြောင်း သူမ သိရှိရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ချွမ်မျိုးနွယ်စုအတွင်း မြှုပ်နှံထားသော သူမ၏ သူလျှိုကြောင့် ဖြစ်သည်။
ပျက်သုဉ်းခြင်း မစတင်မီလေးတွင် ထိုသူလျှိုသည် နောက်ဆုံးသတင်းစကားတစ်ခုကို ပေးပို့နိုင်ခဲ့သည်။
"ချုန်ရှန်း ပေါ်လာပြီ။"
၎င်းမှာ နောက်ဆုံး သတင်းစကားပင်။
ထို့နောက်တွင်မူ
မည်သည့် သတင်းမျှ ထပ်မံ ရောက်ရှိမလာတော့ပေ။
ထိုသူလျှိုမှာလည်း ပျက်စီးမှုအတွင်း သေဆုံးသွားခဲ့ပြီ ဖြစ်နိုင်သည်။
သို့သော် ထိုအချက်အလက်မှာ သူမအတွက် လုံလောက်သွားခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ စွန်းယောင်ချင်းအနေဖြင့် တရားခံမှာ မည်သူဖြစ်ကြောင်း သိသွားခဲ့သည်။
သူမသည် ချွမ်မျိုးနွယ်စု၏ အခြေအနေကို စစ်ဆေးရန် အစောင့်အရှောက်များကို စေလွှတ်ခဲ့သော်လည်း ထိုအချိန်တွင် အရာအားလုံးမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
အချိန်ဆွဲမနေတော့ဘဲ ဧကရီ စွန်းယောင်ချင်းသည် ပိုင်ကျီဟန် ဆီသို့ ချက်ချင်း သတင်းစကား ပေးပို့လိုက်သည်။ ချုန်ရှန်းသာ ထပ်မံပေါ်လာပါက သူမကို အကြောင်းကြားရန် ပိုင်ကျီဟန် မှာကြားထားသည့်အတိုင်းပင် ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် သူမ ယခင်က တစ်ခုကို နားမလည်ခဲ့ပေ။
ပိုင်ကျီဟန် ကဲ့သို့သော ပုဂ္ဂိုလ်က ဘာကြောင့် ချုန်ရှန်း ကဲ့သို့သော လူမျိုးကို စိတ်ဝင်စားနေရသနည်း?
သူ့ကဲ့သို့ အဆင့်အတန်းမျိုးရှိသူမှာ သာမန် မိစ္ဆာကျင့်ကြံသူတစ်ဦးကို အာရုံစိုက်လေ့ မရှိပေ။
သို့သော်လည်း ချုန်ရှန်း ပြန်လည် ပေါ်ထွက်လာသည်နှင့် သူမကို အကြောင်းကြားရန် သူက အထူးတလည် မှာကြားခဲ့သည်။
ယခုမူ သူမ နားလည်သွားခဲ့ပြီဖြစ်သည်။ ချုန်ရှန်း၏ ပါရမီမှာ ပြိုင်ဘက်ကင်းလှသည်။
စဉ်းစားကြည့်ရုံနှင့်ပင် မယုံနိုင်စရာ ကောင်းလှသည်။
လွန်ခဲ့သော လအနည်းငယ်က ချုန်ရှန်းသည် အသက်ရှင်ဖို့အတွက် ထွက်ပြေးနေရသော အားနည်းသည့် မိစ္ဆာကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်။
သို့သော် ယခုမူ
လအနည်းငယ်အတွင်းမှာပင်
တစ်မျိုးနွယ်စုလုံးကို တစ်ညတည်းနှင့် ဖျက်ဆီးနိုင်လောက်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
၎င်းမှာ သာမန်မျိုးနွယ်စုလည်း မဟုတ်ပေ။
ဤဒေသတွင် အစွမ်းအထက်ဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်သော ချွမ်မျိုးနွယ်စုပင် ဖြစ်သည်။
ယခုအချိန်အထိပင် သူမ ဤအရာကို ယုံကြည်ရန် ခက်ခဲနေဆဲပင် ဖြစ်
တော့သည်။
သူမအနေဖြင့် ပိုင်ကျီဟန်သည် အဘယ်ကြောင့် ချုန်ရှန်းကဲ့သို့သော လူမျိုးကို စိတ်ဝင်စားရသနည်းဆိုသည်ကို နားလည်နိုင်သော်လည်း ချုန်ရှန်းတွင် ဤမျှထူးခြားသော ပါရမီရှိလိမ့်မည်ကို ပိုင်ကျီဟန်မှ မည်သို့ကြိုတင် သိမြင်နေသနည်းဆိုသည်ကိုမူ သူမ မသိနိုင်ပေ။
(ပါရမီရှင်အချင်းချင်း သိမြင်နိုင်တဲ့ အလိုလိုသိစိတ်မျိုးလား?)
သူမ တွေးတောမိသည်။
သို့သော်လည်း
ဧကရီ စွန်းယောင်ချင်းအတွက်မူ ဤအရာသည် မကောင်းသောအချက်တော့ မဟုတ်ပေ။
အကယ်၍ ပိုင်ကျီဟန်ကိုယ်တိုင် ချုန်ရှန်းကို ကိုင်တွယ်ဖြေရှင်းပေးမည်ဆိုပါက သူမအတွက် များစွာသော ဒုက္ခများမှ သက်သာရာရစေမည်ဖြစ်သည်။
အကြောင်းမှာ...
ချုန်ရှန်းသည် အလွန်ပင် အန္တရာယ်များသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
သူသည် ချွမ်မျိုးနွယ်စုအပေါ်တွင်သာ ရန်ငြိုးထားပြီး အခြားသူများကို ပြဿနာမရှာခဲ့သော်လည်း မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ တစ်ချိန်မဟုတ် တစ်ချိန်တွင် သူမ၏ ပြည်သူများကို စတင်ခြိမ်းခြောက်လာမည်မှာ သေချာသလောက်ပင်။
ထိုသို့မဖြစ်လာမီ သူ့ကို ရှင်းထုတ်ပစ်ရန် သူမ လိုအပ်သည်။
သူမသည် လက်ဖက်ရည်ခွက်ကို အသာအယာ ပြန်ချလိုက်သည်။
သူမ၏ မျက်ဝန်းများမှာ အနည်းငယ် မှေးစက်သွား၏
ချုန်ရှန်းသည် မည်သည့် ကျင့်စဉ်အဆင့်သို့ ရောက်ရှိနေပြီသည်ကို မသိရသော်လည်း ချွမ်မျိုးနွယ်စုဝင်များမှ သူ့အား မသတ်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အဆင့်မြင့်မားမည်မှာ အမှန်ပင်။ သို့သော် သူမကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ သူ၏ အစီအရင်ပညာရပ်ဆိုင်ရာ ဗဟုသုတပင် ဖြစ်သည်။ အဆင့် (၆) အစီအရင်များမှာ သာမန်ကျင့်ကြံသူများ ဖန်တီးနိုင်သည့်အရာ မဟုတ်ပေ။
ကြယ်ကြွေအင်ပါယာအတွင်း မည်သူမျှ ထိုသို့ မစွမ်းဆောင်နိုင်သော်လည်း ချုန်ရှန်းကမူ လုပ်ဆောင်နိုင်ခဲ့သည်။
သူသည် ယခင်ကလည်း နယ်မြေကျော်ဖြတ်ခြင်း အစီအရင်ကို ပြင်ဆင်ကာ လွတ်မြောက်သွားခဲ့ဖူးသည်။
ထို့အပြင် သတင်းပို့ချက်များအရ ချုန်ရှန်းသည် အစွမ်းထက်သော အစီအရင်တစ်ခုကို အသုံးပြု၍ ချွမ်မျိုးနွယ်စုကို သုတ်သင်ခဲ့ခြင်း ဖြစ်ပုံရသည်။
မဟုတ်ပါက လက်နက် သို့မဟုတ် ကိုယ်တိုင်တိုက်ခိုက်ရုံမျှဖြင့် ဤမျှမြန်ဆန်စွာ ပြီးဆုံးမည်မဟုတ်ပေ။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ရောက်နေသူပင်လျှင် အလွန်ထူးခြားသော နည်းစနစ်များ မရှိဘဲ ဤမျှမြန်မြန် လုပ်ဆောင်နိုင်မည်မဟုတ်ပေ
ထို့ကြောင့် ပို၍ ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်မှာ သူသည် အစီအရင်ကို အသုံးပြုသွားခြင်းပင် ဖြစ်သည်။
သူသည် ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြသခဲ့ပြီးဖြစ်ရာ သူမအနေဖြင့်လည်း ထိုအချက်ကိုပင် ပို၍ ယုံကြည်မိသည်။
မင်းသမီး စွန်းယောင်ချင်းသည် လေကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။
ချုန်ရှန်းသည် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေသည်မှာ ဝမ်းနည်းစရာပင်။ မဟုတ်ပါက သူမအနေဖြင့် ထိုကဲ့သို့သော ပါရမီရှင်ကို သူမ၏ လူယုံတော်ဖြစ်လာစေရန် နည်းလမ်းပေါင်းစုံဖြင့် စည်းရုံးမိမည်မှာ အမှန်ပင်။
နှစ်အနည်းငယ်အတွင်းမှာပင် သူသည် ကြယ်ကြွေအင်ပါယာ၌သာမက ကောင်းကင်အင်ပါယာရှိ သူများကိုပင် ကျော်လွန်ကာ အစွမ်းအထက်ဆုံးသူ ဖြစ်လာနိုင်ကြောင်း သေချာသလောက်ပင် ရှိသည်။
သို့သော် ၎င်းမှာ နှမြောတသဖြစ်ရုံသာ ရှိပြီး လက်တွေ့တွင်မူ မဖြစ်နိုင်ပေ။
၎င်းပြင် ပိုင်ကျီဟန်ကိုယ်တိုင်ကလည်း သူ့ကို မျက်စိကျနေပြီးသား မဟုတ်ပါလော
ချုန်ရှန်း၏ အစွမ်းမှာ မည်သူမျှ မလုပ်ဆောင်နိုင်သော ဒဏ္ဍာရီဆန်သည့် စွမ်းဆောင်ချက်ဟု ထင်ရသော်လည်း ထိုစွမ်းဆောင်ချက်များကိုပင် အသေးအဖွဲဟု ထင်မှတ်သွားစေလောက်သည့် နောက်ထပ် မိစ္ဆာဆန်သော ပုဂ္ဂိုလ်တစ်ဦး ရှိနေသေးသည်။
ပိုင်ကျီဟန်သည် မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် မိစ္ဆာကျင့်ကြံသူများနှင့် အဆင့် (၁၀) မိစ္ဆာသားရဲများကို သတ်ဖြတ်ခဲ့သည့် သတင်းမှာ ကောင်းကင်အင်ပါယာတွင်သာမက ကြယ်ကြွေအင်ပါယာ၌ပင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီ ဖြစ်သည်။
ဧကရီတစ်ဦးအနေဖြင့် သူမသည် ထိုသတင်းများ၏ မှန်ကန်မှုကို အလွယ်တကူ အတည်ပြုနိုင်ခဲ့ပြီး သူမကို အံ့အားသင့်စေသည်မှာ ထိုသတင်းများအားလုံးသည် အမှန်တကယ်ပင် ဖြစ်နေခြင်းပင်။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်နိုင်ရန် ပိုင်ကျီဟန်သည် မည်မျှအထိ အစွမ်းထက်နေသည်ကို သူမ စိတ်ပင်မကူးနိုင်တော့ပေ။ သူသည် ကိုယ်လက်အင်္ဂါ မသန်မစွမ်း ဖြစ်သွားသည်ဟု သတင်းများ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ကျန်းမာလာပြီဖြစ်ကြောင်း သတင်းများ ထပ်မံရရှိခဲ့သည်။
ထိုကဲ့သို့သော မိစ္ဆာဆန်သည့် ကျွမ်းကျင်သူနှင့် ယှဉ်လျှင် ချုန်ရှန်းသည် မည်မျှပင် ကြိုးစားပါစေ အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု သူမ တွေးတောမိသည်။
ဤစွမ်းအားကြောင့်ပင် သူမသည် ပိုင်ကျီဟန်၏ စကားကို မလွန်ဆန်ရဲဘဲ ချုန်ရှန်းပေါ်လာသည်နှင့် ချက်ချင်း သတင်းပို့ခဲ့ခြင်း ဖြစ်သည်။ သူမသည် ပိုင်ကျီဟန်အပေါ် အတတ်နိုင်ဆုံး ကောင်းမွန်သော အထင်အမြင်မျိုး ရှိစေချင်ပြီး လိုအပ်လာပါက သူ၏ အကူအညီကို ရရှိနိုင်ရန် မျှော်လင့်
ထားသည်။
ပိုင်ကျီဟန်နှင့် ရန်သူမဖြစ်လိုဘဲ သူနှင့် ရင်းနှီးစွာ နေထိုင်ခြင်းမှာ သူမအတွက်သာမက တစ်အင်ပါယာလုံးအတွက်ပါ အကျိုးရှိမည်ကို သူမ သိသည်။
ထိုစဉ်မှာပင်
အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားသည်။
"မင်ကျူ” ဧကရီ စွန်းယောင်ချင်းက အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သည်။
သူမ၏ ကိုယ်ရံတော် မင်ကျူသည် အပြင်းအထန် ပြေးဝင်လာပြီး သူမ၏ အမြဲတမ်း တည်ငြိမ်နေသော မျက်နှာတွင် အသည်းအသန် ဖြစ်နေသည့် အမူအရာများဖြင့် အစားထိုးဝင်ရောက်နေသည်။
သူမ၏ အသက်ရှူသံများမှာလည်း မမှန်တော့ဘဲ လမ်းတစ်လျှောက်လုံး မနားတမ်း ပြေးလာခဲ့ပုံရသည်။
"ဘာဖြစ်လို့လဲ မင်ကျူ”
စွန်းယောင်ချင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ချုန်ရှန်းသည် နောက်ထပ် မျိုးနွယ်စုတစ်ခုကို တိုက်ခိုက်လိုက်ပြန်ပြီလားဟုပင် သူမ စဉ်းစားမိသွားသည်။ မင်ကျူကဲ့သို့ ကောင်းစွာ လေ့ကျင့်ထားသောသူတစ်ယောက် ဤမျှအထိ တည်ငြိမ်မှု ပျက်ပြားသွားသည်ဆိုလျှင် ကြီးမားသော အဖြစ်အပျက်တစ်ခုခု ဖြစ်ပျက်ခဲ့ခြင်းပင် ဖြစ်ရမည်။
မင်ကျူက အမြန်ဆုံး ဦးညွှတ်လိုက်၏
"အရှင်မ”
"သခင်လေး ပိုင်ကျီဟန် ရောက်ရှိလာပါပြီ”
အခန်း (၅၀၀) ကြယ်ကြွေအင်ပါယာသို့ တစ်ကျော့ပြန်ရောက်ရှိခြင်း
ပိုင်ကျီဟန်သည် သတင်းစကားကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ကြယ်ကြွေအင်ပါယာသို့ ချက်ချင်းပင် လာရောက်ခဲ့သည်။
အမှန်အတိုင်းပြောရလျှင် မကြာသေးမီက သူ၏ မျိုးနွယ်စုခေါင်းဆောင်ရာထူးအတွက် လေ့ကျင့်ပြင်ဆင်နေခြင်း မှလွဲ၍ အခြားထူးထူးခြားခြား လုပ်ဆောင်စရာ မရှိပေ။
သူ၏ဖခင်ဖြစ်သူက မျိုးနွယ်စုရေးရာများတွင် စတင်ပါဝင်ခိုင်းနေသော်လည်း ပိုင်ကျီဟန်အတွက်မူ ထိုတာဝန်ဝတ္တရားများမှာ အတော်လေး ပျင်းစရာကောင်းနေဆဲဖြစ်သည်။
ထိုအရာများနှင့် ယှဉ်လိုက်လျှင်
ကံကြမ္မာ၏ ရွေးချယ်ခံရသူတစ်ယောက်ကို လိုက်လံရှာဖွေ အမဲလိုက်ခြင်းက ပို၍ စိတ်ဝင်စားစရာ ကောင်းလှသည်။
ထို့အပြင် ပို၍လည်း လိုအပ်ပေသည်။
စွန်းယောင်ချင်း ပေးပို့သော အစီရင်ခံစာကို ဖတ်ပြီးနောက် ပိုင်ကျီဟန် တစ်ခုကို သဘောပေါက်သွားသည်။
ချုန်ရှန်းသည် အတော်လေး အစွမ်းထက်လာခဲ့ပြီဖြစ်သည်။
သူ အတိုင်းအတာတစ်ခုအထိ ခန့်မှန်းထားခဲ့သော်လည်း ဤတိုးတက်မှုအရှိန်မှာ မြန်လွန်းလှသည်။
ပိုင်ကျီဟန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွား၏
(ယခင်ဘဝက အထူးကဲဆုံး အင်မော်တယ်တစ်ယောက်ပဲ...)
သူ တိတ်ဆိတ်စွာ တွေးတောမိသည်။
မှန်ပေသည်
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မည်သည့်အခါမျှ လျှော့တွက်၍ မရနိုင်ပေ။
သူ၏ ခန္ဓာကိုယ်အသစ်နှင့် ကျင့်စဉ်အဆင့်မှာ အားနည်းနေဦးမည် ဖြစ်သော်လည်း သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များနှင့် ဗဟုသုတများရှိနေသရွေ့ ကျင့်စဉ်အဆင့်များကို ကျော်ဖြတ်တက်လှမ်းရန်မှာ သူ့အတွက် အမှန်တကယ် မခက်ခဲလှပေ။
ချုန်ရှန်းသည် လအနည်းငယ်အတွင်းမှာပင် ဤမျှအထိ တိုးတက်လာနိုင်လျှင် နောက်ထပ် နှစ်အနည်းငယ်အတွင်း မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလာမည်ကို ပိုင်ကျီဟန် စိတ်ပင်မကူးနိုင်တော့ပေ။
ကံကောင်းထောက်မစွာဖြင့်
သူသည် ချုန်ရှန်း အားနည်းနေစဉ်မှာပင် တွေ့ဆုံခဲ့ရသည်။
ထိုတွေ့ဆုံမှုကြောင့်လည်း ချုန်ရှန်း၏ သဲလွန်စမှန်သမျှကို စောင့်ကြည့်ရန် လူများကို သူ အမိန့်ပေးထားနိုင်ခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက...
အကယ်၍ ချုန်ရှန်းကို သူ သတိမထားမိဘဲ လွတ်လပ်စွာ ကြီးထွားခွင့် ပေးခဲ့မိပါက
မည်သို့သော မိစ္ဆာကောင်ကြီး ဖြစ်လာမည်ကို မည်သူ သိနိုင်ပါ့မနည်း။
ပိုင်ကျီဟန်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခု ဖျတ်ခနဲ ပေါ်လာပြီးမှ ပြန်လည် ပျောက်ကွယ်သွားသည်။
သူနှင့် ချုန်ရှန်းကြားတွင် ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးမရှိသော်လည်း ချုန်ရှန်းကို ရှင်းထုတ်ပစ်ရန် လိုအပ်ကြောင်း သူ သိသည်။
ဤအခြေအနေမှာ လင်းရွှမ်သို့မဟုတ် ပိုင်ရွှယ်ချင်းတို့နှင့် မတူပေ။
မည်သို့ပင်ဆိုစေ သူသည် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။
သူတို့၏ နည်းလမ်းများမှာ ရက်စက်လှသည်။
သူတို့၏ လမ်းစဉ်များသည် သွေးစွန်းနေသည်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ
ချုန်ရှန်းသည် ကံကြမ္မာ၏ ရွေးချယ်ခံရသူတစ်ဦး ဖြစ်နေခြင်းပင်။
အကယ်၍ ကံကြမ္မာသာ ပုံမှန်အတိုင်း ဆက်လက် စီးဆင်းနေမည်ဆိုပါက သူတို့နှစ်ဦးကြားတွင် ပဋိပက္ခဖြစ်ရန်မှာ မလွဲဧကန်ပင် ဖြစ်သည်။
အကယ်၍ ထိုသို့ မဖြစ်ခဲ့လျှင်ပင် သူ အစွမ်းထက်လာသောအခါ
ကောင်းကင်အင်ပါယာကို မျက်စိကျလာနိုင်သည်ဟု မည်သူ ပြောနိုင်သနည်း။
တိုက်ပွဲဖြစ်ရန်မှာ ရှောင်လွှဲ၍ မရနိုင်သလို၊ ပိုင်ကျီဟန်ကိုယ်တိုင်ကလည်း ထိုမိစ္ဆာကျင့်ကြံသူများကို စတင် မုန်းတီးလာခဲ့ပြီ ဖြစ်သည်။
တိုက်ရိုက် ဆက်နွယ်မှု မရှိကြောင်း သူ သိသော်လည်း လောင်ချင်းကို ပြန်ပေးဆွဲသွားသူများမှာလည်း ဤကဲ့သို့သော လူစားမျိုးများပင် ဖြစ်သည်။
ထို့အပြင် သူသာ အရာအားလုံးကို ကံကြမ္မာအတိုင်း လွှတ်ထားမည်ဆိုပါက...
တစ်နေ့တွင် သူသည် ဇာတ်လိုက်၏ အင်အားကို ဖြည့်ဆည်းပေးရမည့် တတိယတန်းစား လူကြမ်းတစ်ယောက်ကဲ့သို့ သေဆုံးသွားရပေလိမ့်မည်။
ထိုအဖြစ်မျိုးကိုမူ ပိုင်ကျီဟန် အဖြစ်ခံမည် မဟုတ်ပေ။
ထို့ကြောင့် သူ့တွင် အခွင့်အရေးရှိနေစဉ်
အန္တရာယ်ကို အမြစ်မတွယ်မီ အပြီးတိုင် ဖယ်ရှားပစ်ရမည်ဖြစ်သည်။
သူ၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏
"ဒါဟာ အကောင်းဆုံး အခွင့်အရေးပဲ ဖြစ်လိမ့်မယ်"
အကယ်၍ သူသာ ဤအခွင့်အရေးကို လွဲချော်ပြီး ချုန်ရှန်းကို နှစ်အနည်းငယ် အချိန်ပေးလိုက်မည်ဆိုပါက ချုန်ရှန်းသည် အင်မော်တယ်နယ်ပယ်သို့ အလွယ်တကူ တက်လှမ်းသွားနိုင်သည်။
နှစ်နှင့်ချီ၍ပင် ကြာမည်မဟုတ်ပေ။
သို့သော် သူ သိထားသည်မှာ တစ်ခါ တိုက်ခိုက်မည်ဆိုပါက အလုပ်ကို အပြတ်အသတ် ပြီးမြောက်စေရမည် ဖြစ်သည်။
မဟုတ်ပါက သူ လုပ်ဆောင်သမျှမှာ ရန်ငြိုးဖွဲ့ရုံသာ ရှိပြီး ချုန်ရှန်းကို ပို၍ ပြင်းပြင်းထန်ထန် ကျင့်ကြံကာ လက်စားချေရန် အကြောင်းပြချက် ပေးလိုက်သလို ဖြစ်နေလိမ့်မည်။
သူ၏ ခရီးစဉ်မှာ အလွန်ပင် ရိုးရှင်းလှသည်။
သူ တစ်ယောက်တည်း လာခဲ့ခြင်း ဖြစ်သည်။
သူသည် ဗလာသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဟင်းလင်းပြင်ကို ဖြိုခွဲကာ သွားလာခြင်းမှာ ပို၍ မြန်ဆန်လှသည်။
သူ၏ လက်ရှိ စွမ်းအားဖြင့် အင်ပါယာများကို ဖြတ်ကျော် သွားလာရခြင်းမှာ မခက်ခဲတော့ပေ။
မဟာအကြီးအကဲကို ခေါ်လာခြင်းက တာဝန်ကို ပို၍ သေချာစေမည် ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် သူ မည်သူ့ကိုမျှ ခေါ်မလာခဲ့သည့် အကြောင်းရင်းတစ်ခု ရှိသည်။ ပထမဆုံး အချက်မှာ မဟာအကြီးအကဲကို ဤကဲ့သို့ အန္တရာယ်ရှိသော အချိန်တွင် ပိုင်မျိုးနွယ်စု နယ်မြေမှ ထွက်ခွာခွင့် မပေးနိုင်သောကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် ကောင်းကင်အင်ပါယာအတွင်း၌ ကျင့်စဉ်အဆင့် အလွန်မြင့်မားသော တိုင်းတပါးသား ကျွမ်းကျင်သူ အများအပြား ရှိနေသောကြောင့်ပင် ဖြစ်တော့သည်။
ရှီယုက တစ်ယောက်ဖြစ်သော်လည်း သူမသည် အင်ပါယာမှ ထွက်ခွာသွားလောက်ပြီ ဖြစ်သည်။
နောက်ထပ် တစ်ယောက်မှာ ပိုင်မျိုးနွယ်စုကို မျက်စိကျနေသော ချင်လင်းရှောင်ပင် ဖြစ်သည်။
၎င်းတို့အပြင် အခြားသူများလည်း ရှိနေနိုင်သေး၏
ထို့အတွက် သူတို့၏ အင်အားကို လျှော့ချ၍ မဖြစ်နိုင်ပေ။
ဒုတိယအချက်မှာ ပို၍ပင် ရိုးရှင်းလှသည်။
ကြယ်ကြွေအင်ပါယာအတွင်း မည်သူမျှ သူ့ကို ခြိမ်းခြောက်နိုင်မည်ဟု သူ မယုံကြည်ပေ။
သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် အမှန်ပင် ဖြစ်သည်။
မကြာမီမှာပင်
နန်းတော်အထက် လေထုအတွင်း၌ စွမ်းအင်လှိုင်း အနည်းငယ် ပျံ့လွင့်သွားသည်။
ဟင်းလင်းပြင်သည် အနည်းငယ် ပုံပျက်သွားပြီးနောက် ထိုဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းမှ လူရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
သူကား ပိုင်ကျီဟန် ပင် ဖြစ်သည်။
အင်ပါယာများကို ဖြတ်ကျော်ကာ ဟင်းလင်းပြင်ကို ဖြိုခွဲလာခဲ့ခြင်းမှာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သကဲ့သို့ပင် သူ၏ အမူအရာမှာ တည်ငြိမ်လွန်းလှသည်။
သူ၏အောက်တွင်မူ ကြယ်ကြွေအင်ပါယာ၏ ခန့်ညားထည်ဝါလှသော နန်းတော်ကြီး တည်ရှိနေသည်။ ရွှေရောင်အမိုးအဆင့်ဆင့်သည် နန်းတော်ဝင်းအတွင်း သွယ်တန်းနေပြီး နံရံများပေါ်တွင် အစောင့်များ ကင်းလှည့်နေကြသည်။
ပိုင်ကျီဟန် နန်းတော်တံခါးဝသို့ ဆင်းသက်လိုက်သည်နှင့် အစောင့်များမှာ သူ၏ တည်ရှိမှုကို ချက်ချင်း အာရုံခံမိသွားကြသည်။
သို့သော်လည်း
သူတို့ တုံ့ပြန်ချိန်ပင် မရလိုက်ခင်မှာပင် တစ်စုံတစ်ယောက်က ရှေ့သို့ လှမ်းထွက်လာခဲ့သည်။
မင်ကျူပင် ဖြစ်သည်။
သူမသည် အမိန့်တစ်ခု ပေးပို့ပြီး ပြန်လာစဉ်မှာပင် ပိုင်ကျီဟန်၏ တည်ရှိမှုကို သတိထားမိသဖြင့် ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည်။
ခဏတာမျှ သူမ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
သူမ သူ့ကို ချက်ချင်း မှတ်မိသွားသည်။
မင်ကျူသည် စိတ်ကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်ကာ ရိုသေစွာဖြင့် ရှေ့သို့ တိုးလာခဲ့သည်။
"သခင်လေး ပိုင်”
သူမ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
သူမ၏ လေသံမှာ အလွန်ပင် ဂရုတစိုက် ရှိလှသည်။
ဧကရီ၏ ကိုယ်ရံတော်ဖြစ်ပြီး အစွမ်းထက်သူများစွာကို တွေ့မြင်ဖူးသော်လည်း ပိုင်ကျီဟန်၏ ရှေ့တွင် ရပ်နေရခြင်းမှာ သူမအတွက် ကြီးမားသော ဖိအားကို ခံစားရစေသည်။
သူသည် ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ပြီး မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်သူ မဟုတ်ပါလော
၎င်းပြင် သူ၏နောက်ကွယ်ရှိ မျိုးနွယ်စုသည်လည်း ကောင်းကင်အင်ပါယာတွင် အင်ပါယာ မင်းမျိုးမင်းနွယ် ယုမိသားစုပင် ထိန်းချုပ်မရနိုင်လောက်အောင် အစွမ်းအထက်ဆုံးဟု ယူဆခြင်း ခံထားရသည်။
စကားတစ်လုံး မှားလိုက်ရုံနှင့် အင်ပါယာတစ်ခုလုံးကို ဘေးဒုက္ခ ကျရောက်စေနိုင်သည်။
"ကျွန်မနောက်ကို လိုက်ခဲ့ပါရှင်”
သူမက ရိုသေစွာ လမ်းညွှန်ရင်း သူ့ကို နန်းတော်အတွင်းသို့ ခေါ်ဆောင်သွားသည်။
ပိုင်ကျီဟန်က ဘာမှမပြောဘဲ သူမနောက်မှ လိုက်ပါလာခဲ့သည်။ နန်းတော်အစောင့်များမှာ လူရိပ်နှစ်ခု အတွင်းသို့ ဝင်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ မကြာမီတွင် ပိုင်ကျီဟန်အား နန်းတော်အတွင်းရှိ တိတ်ဆိတ်သော ဧည့်ခန်းမတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။
မင်ကျူက နေရာတစ်ခုကို ညွှန်ပြကာ
"သခင်လေး ပိုင်၊ ကျေးဇူးပြုပြီး ထိုင်ပါဦးရှင်"
ပိုင်ကျီဟန်က တည်ငြိမ်စွာ ထိုင်ချလိုက်သည်။
အစေခံတစ်ဦးက လက်ဖက်ရည်ကို အမြန်ဆုံး ယူဆောင်လာပြီး သူ့ရှေ့ရှိ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။
မင်ကျူမှာမူ ဘေးနားတွင် ရိုသေစွာ မတ်တပ်ရပ်နေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက စတင် ပြောဆိုလိုက်သည်။
"သခင်လေး ပိုင်... နန်းတော်ကို ဘာကိစ္စနဲ့ ကြွလာသလဲဆိုတာ သိပါရစေရှင်"
သူမ၏ လေသံသည် ယဉ်ကျေးသော်လည်း အလွန်ပင် သတိထားနေရသည်။
၎င်းမှာ စစ်ဆေးမေးမြန်းခြင်း မဟုတ်ဘဲ သူလာသည့် ကိစ္စမှန်သမျှကို သူမက ကူညီပေးမည်ဟူသော အဓိပ္ပာယ်မျိုးပင် ဖြစ်သည်။
ပိုင်ကျီဟန်က လက်ဖက်ရည်ခွက်ကို အနည်းငယ် မြှောက်လိုက်သော်လည်း မသောက်သေးပေ။
သူ၏ အကြည့်မှာ တည်ငြိမ်နေဆဲ ဖြစ်၏
"မင်းသမီး စွန်းယောင်ချင်းနဲ့ ဆွေးနွေးစရာ ရှိလို့ပါ"
သူ၏ အသံမှာ ရိုးရှင်းပြီး တိုက်ရိုက်ကျလှသည်။
စွန်းယောင်ချင်းကို ဧကရီဟု ခေါ်ဝေါ်ရမည့်အစား မင်းသမီးဟု ခေါ်ဝေါ်ခြင်းအပေါ် မင်ကျူက ဝင်ရောက်ပြင်ဆင်ပေးခြင်း မပြုခဲ့ပေ။
အကယ်၍ အခြားသူသာ ဖြစ်ပါက သူမအနေဖြင့် မရိုမသေ ပြုမူမှုအတွက် သေချာပေါက် ပြဿနာရှာမိပေလိမ့်မည်။
မင်ကျူက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏
"ခဏလောက် စောင့်ပေးပါ သခင်လေး ပိုင်၊ ကျွန်မ အရှင်မကို အခုချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်"
ထို့နောက် သူမသည် ခန်းမအတွင်းမှ အမြန်ဆုံး ထွက်ခွာသွားတော့သည်။
သူမ၏ ခြေလှမ်းများသည် ပုံမှန်ထက် ပိုမိုမြန်ဆန်နေပြီး ဧကရီ၏ အဆောင်တော်ဆီသို့ ဦးတည်သွားတော့သည်။