အခန်း (၅၀၇-၅၀၈)
Vol. 34 Ch. 507-508
အခန်း ၅၀၇ ထွက်ပြေးလို့ရမယ် ထင်နေတာလား?
ပိုင်ကျီဟန်က သူ၏ အားနည်းချက်ကို ဖွင့်ချလိုက်ပြီးနောက် ချုန်ရှန်း၏ မျက်ဝန်းတို့သည် မှောင်မှောင်မည်းမည်း ဖြစ်သွားသည်။
ထို့နောက် ချုန်ရှန်း လှုပ်ရှားလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာချီများ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး ရှေ့သို့ တိုးဝင်သွားတော့သည်။
ဝှူး
သူသည် ပိုင်ကျီဟန်ထံသို့ ပြေးဝင်သွားစဉ် သူ၏ ပုံရိပ်သည် ဝေဝါးသော အရိပ်ပုံရိပ်တုများအဖြစ် အသွယ်သွယ် ကွဲထွက်သွားသည်။
ပိုင်ကျီဟန်က သူ၏ ချီစွမ်းအင်များကို ကုန်ဆုံးအောင် လုပ်ရန် ရည်ရွယ်ထားမှတော့
၎င်းမဖြစ်လာမီ ပိုင်ကျီဟန်ကို အရင်အနိုင်ယူပစ်မည်သာ ဖြစ်သည်။
ချုန်ရှန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာ၏
"ငါ့ရဲ့ ချီစွမ်းအင်တွေ မကုန်ခင် မင်းကို အရင်သတ်ပစ်မယ်"
သူ တိုက်ခိုက်လိုက်သည်နှင့်အမျှ ဝန်းကျင်ရှိ အရိပ်များမှာ ပြင်းထန်စွာ လိမ်ယှက်သွားသည်။
ရှူး
သိပ်သည်းလှသော မိစ္ဆာချီများဖြင့် ဖွဲ့စည်းထားသည့် လက်သည်းတစ်ခုသည် ပိုင်ကျီဟန်၏ ရင်ဘတ်ဆီသို့ လေထုကို ပိုင်းဖြတ်ကာ ပြေးဝင်သွားသည်။
ဝုန်း
တိုက်ခိုက်မှု ထိမှန်သွားသည့် ခဏမှာပင် ပေါက်ကွဲမှု ဖြစ်ပွားသွား၏
ဖုန်မှုန့်များနှင့် အပျက်အစီးများ လွင့်စင်လာ၏။
သို့သော် မီးခိုးများ လွင့်စင်သွားသောအခါ
ပိုင်ကျီဟန်မှာ တုန်လှုပ်ခြင်းမရှိဘဲ ထိုနေရာ၌ပင် ရပ်မြဲရပ်နေဆဲ။
သူ၏ ထာဝရဝိညာဉ်ဓားကို အသာအယာ မြှင့်ကာ ရှေ့မှ တိုက်ကွက်ကို အေးအေးဆေးဆေးပင် ပိတ်ဆို့ထားသည်။
ခြေတစ်လှမ်းပင် နောက်မဆုတ်ခဲ့ချေ
ဒဏ်ရာတစ်စက်ပင် မရခဲ့ပေ။
ချုန်ရှန်း၏ မျက်ခုံးများ တွန့်သွားသည်။
သူ ထပ်မံ တိုက်ခိုက်ပြန်သည်။
ဝှူး
သူ၏ ခန္ဓာကိုယ်မှာ အရိပ်များအတွင်းသို့ ပျောက်ကွယ်သွားပြီး ပိုင်ကျီဟန်၏ နောက်ကျောဘက်တွင် ပေါ်လာသည်။
နောက်ထပ် တိုက်ကွက်တစ်ခုက နောက်ကျောဆီသို့ ကျရောက်လာပြန်သည်။
ဝုန်း
မြေပြင်မှာ အက်ကွဲသွား၏။
သို့သော် ပိုင်ကျီဟန်က လှည့်ပြီးသား ဖြစ်နေချေပြီ။
ထာဝရဝိညာဉ်ဓားကို အသာအယာ ဝေ့ယမ်းလိုက်ရာ
ချွမ်...ချွမ်
မိစ္ဆာချီများသည် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။
ချုန်ရှန်း၏ ပုံရိပ်မှာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
ထို့နောက် ထပ်ခါ
ထပ်ခါ
အရပ်မျက်နှာအနှံ့မှ တိုက်ကွက်များသည် မိုးသီးမိုးပေါက်များကဲ့သို့ ကျရောက်လာသည်။
ဘေးမှ ကြည့်နေသူများ—အထူးသဖြင့် ဗလာသန့်စင်ခြင်းအဆင့်နှင့် အောက်အဆင့်ရှိသူများအဖို့မူ ဤတိုက်ပွဲမှာ ဝေဝါးနေသော မြင်ကွင်းတစ်ခုသာ ဖြစ်နေသည်။
သူတို့အနေဖြင့် ချုန်ရှန်းနှင့် ပိုင်ကျီဟန်တို့၏ အရှိန်အဟုန်ကို မျက်စိဖြင့် လိုက်မကြည့်နိုင်ကြပေ။
"ဒါ ဘယ်လို မိစ္ဆာကောင်တွေလဲ?"
မင်ကျူက တိုးတိုးလေး ရေရွတ်မိသည်။
သူမကိုယ်တိုင် ဗလာသန့်စင်ခြင်းအဆင့်တွင် ရှိနေသော်လည်း သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ယောက်နှင့် ရင်ဆိုင်ရလျှင် တစ်မိနစ်ပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ဟု ခံစားနေရသည်။
သူတို့၏ အရှိန်အဟုန်တစ်ခုတည်းနှင့်ပင် သူမကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ပေလိမ့်မည်။
ချွမ်.. ချွမ်
ချုန်ရှန်းသည် ပိုင်ကျီဟန်ကို ဒဏ်ရာရစေရန် အစွမ်းကုန် ကြိုးစားရင်း အလွန်ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။
သို့သော် တိုက်ကွက်တိုင်းသည် ရလဒ်တစ်ခုတည်းကိုသာ ရရှိနေ၏။
ပိတ်ဆို့ခြင်း သို့မဟုတ် လမ်းကြောင်းလွှဲခြင်းကိုသာ ခံနေရသည်။
ခဲခဲယဉ်းယဉ်းနှင့် သူ၏ တိုက်ကွက်မှာ ပိုင်ကျီဟန်ကို ထိမှန်သွားသည့်တိုင် ပိုင်ကျီဟန်၏ ခန္ဓာကိုယ်သည် အလွန်တရာ သန်မာလွန်းသဖြင့် တိုက်ကွက်ထိသည်ဖြစ်စေ၊ မထိသည်ဖြစ်စေ ဘာမှ ထူးခြားမသွားသလို ခံစားရသည်။
ပိုင်ကျီဟန်မှာ သူရပ်နေသည့် နေရာမှပင် မရွေ့ပေ။
ချုန်ရှန်း မည်သို့ပင် တိုက်ခိုက်စေကာမူ ထိရောက်သော ပျက်စီးမှုကို မပေးနိုင်ခဲ့ပေ။
"ဒါက ဘယ်လို ခန္ဓာကိုယ်မျိုးလဲ?"
ကိုယ့်ခန္ဓာကိုယ်ကို အလွန်ဂုဏ်ယူတတ်သော ချုန်ရှန်းပင်လျှင် မနာလိုဖြစ်လာမိသည်။
ပြိုင်ဘက်ကင်း အခြေအနေသို့ ရောက်ရန် ချီစွမ်းအင်ကို အသုံးပြုရသည့် သူ၏ ခန္ဓာကိုယ်နှင့် ယှဉ်လျှင် ပိုင်ကျီဟန်မှာ ချီစွမ်းအင်ကိုပင် အားကိုးရန် မလိုပေ။
သူ၏ ခန္ဓာကိုယ်ကပင် အလွန်အမင်း စွမ်းအားကြီးမားလှပြီး ပြိုင်ဘက်ကင်းသလောက် ဖြစ်နေသည်။
သူ၏ တိုက်ကွက်တိုင်းသည် မဟာကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်နှင့် အလားတူသော စွမ်းအားမျိုး ရှိနေသော်လည်း ပိုင်ကျီဟန်ကို မည်သို့မျှ မလုပ်နိုင်သည်ကို ကြည့်ခြင်းဖြင့် မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ပိုင်ကျီဟန်ကို ဒုက္ခပေးနိုင်ပါ့မလားဟု ချုန်ရှန်း သံသယဝင်လာသည်။
သို့သော် ပိုင်ကျီဟန်မှာမူ သူ၏ တိုက်ကွက်များကို လုံးဝ အရေးမစိုက်သည့်ဟန်ပင်။
မှန်ပါသည်
တစ်ဖက်တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။
ပိုင်ကျီဟန်သည်လည်း ချုန်ရှန်းကို ဒဏ်ရာရအောင် မလုပ်နိုင်သေးပေ။
ချုန်ရှန်း၏ တုံ့ပြန်မှု အရှိန်သည် အလွန်ပင် အထင်ကြီးစရာကောင်းလှပြီး ပိုင်ကျီဟန် တိုက်ခိုက်သည့် ခဏတိုင်းတွင် သူသည် ချက်ချင်းပင် အရိပ်အဖြစ် ပြောင်းလဲသွားနိုင်သည်။
နှစ်ပေါင်းထောင်ချီသော အတွေ့အကြုံနှင့် အရှိန်အဟုန်တို့ကြောင့် မခန့်မှန်းနိုင်သော အရာဟူ၍ မရှိပေ။
ထို့ကြောင့် သူ့ကို အလစ်အငိုက် ဖမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
အကယ်၍ အလစ်အငိုက် မိသွားလျှင်ပင် သူ၏ ခန္ဓာကိုယ်ကို အားကိုးကာ မည်သည့် အခြေအနေမှမဆို လွတ်မြောက်နိုင်သည်။
တစ်ဖက်လူ မည်သည့် နည်းစနစ်ကို သုံးပါစေ၊ သူက အလွယ်တကူပင် ခုခံနိုင်သည်။
အပေါ်ယံကြည့်လျှင်မူ
၎င်းမှာ အကြိတ်အနယ် ရှိလှသော သရေပွဲ တစ်ပွဲကဲ့သို့ပင်။
သို့သော် ပိုင်ကျီဟန် ဖွင့်ချလိုက်ပြီးနောက်တွင်မူ အစစ်အမှန် ခြားနားချက်ကို လူတိုင်း သိသွားကြပြီ ဖြစ်သည်။
ချုန်ရှန်း သူ၏ အရိပ်အခြေအနေ ထဲတွင် ရှိနေသည့် စက္ကန့်တိုင်း
သူ၏ ချီစွမ်းအင်များသည် လျင်မြန်စွာ ယိုစီးနေသည်။
တစ်ဖက်တွင်မူ ပိုင်ကျီဟန်မှာ တည်ငြိမ်စွာ ရပ်နေပြီး ချီစွမ်းအင်ကို လုံးဝနီးပါး မကုန်ဆုံးပေ။
သူသည် သူ၏ ခန္ဓာကိုယ်ကို အကာအကွယ်ပေးရန်ပင် ချီကို မသုံးပေ။
ချီစွမ်းအင် အထောက်အပံ့မပါသော သူ၏ ခန္ဓာကိုယ်သက်သက်ကပင် မည်သည့် တိုက်ခိုက်မှုကိုမဆို ပိတ်ဆို့ရန် လုံလောက်နေသည်။
ချုန်ရှန်း၏ နှလုံးသားမှာ တဖြည်းဖြည်း နစ်မြုပ်လာသည်။
(တောက်...)
သူ၏ အသက်ရှူသံမှာ ပို၍ ပြင်းထန်လာသည်။
ချီစွမ်းအင် လက်ကျန်မှာလည်း တဖြည်းဖြည်း ကျဆင်းလာနေ၏။
ခြောက်ဆယ် ရာခိုင်နှုန်း
ငါးဆယ့်ငါး
ငါးဆယ်...
သူ၏ ချီစွမ်းအင်သည် ထက်ဝက်ခန့်သို့ ရောက်ရှိသွားသောအခါ
ချုန်ရှန်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ဤအတိုင်း ဆက်သွား၍ မဖြစ်တော့ပေ။
တိုက်ပွဲက ပို၍ ကြာလာလျှင် သူ၏ ချီစွမ်းအင်များ အကုန်ခမ်းသွားလိမ့်မည်။
ထိုသို့ဖြစ်သွားပါက လွတ်မြောက်ရန် စွမ်းအားပင် ကျန်တော့မည် မဟုတ်ပေ။
၎င်းမှာ သူ လုံးဝ အဖြစ်မခံနိုင်သော အရာဖြစ်သည်။
ချုန်ရှန်းသည် တိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်လိုက်သည်။
သူ၏ ပုံရိပ်သည် ပိုင်ကျီဟန်နှင့် မီတာအနည်းငယ် အကွာတွင် ပေါ်လာသည်။
သူသည် ရပ်နေသော ပုံစံကို ဖြည်းဖြည်းချင်း ပြန်လည် တည့်မတ်လိုက်၏
"ဟား”
သူ၏ လေသံမှာ ပုံမှန်အတိုင်းပင် မောက်မာမှုများ ပြန်လည် ကိန်းအောင်းလာသည်။
"ဒီတိုက်ပွဲက အဓိပ္ပာယ် မရှိတော့ဘူး ထင်တယ်"
သူက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး- "ငါတို့ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင် မလုပ်နိုင်ကြဘူး"
သူသည် ပိုင်ကျီဟန်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး "ဒါဆို ဘာလို့ အချိန်တွေ ထပ်ဖြုန်းနေဦးမှာလဲ?"
သူ၏ မျက်နှာပေါ်တွင် ဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။
"ဒီတစ်ခါတော့ သရေပဲလို့ သတ်မှတ်လိုက်ကြရအောင်”
ချုန်ရှန်းသည် ထွက်ခွာရန် ပြင်ဆင်သည့်ဟန်ဖြင့် ကိုယ်ကို အနည်းငယ် လှည့်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင်
ပိုင်ကျီဟန်က စကားပြောလာသည်။
"အို..."
သူ၏ အသံတွင် သဘောကျနေသည့်ဟန်မှာ အထင်အရှားပင်။
ချုန်ရှန်း လှုပ်ရှားမှု ရပ်တန့်သွားသည်။
ပိုင်ကျီဟန်က သူ့ကို ခပ်ဖျော့ဖျော့ အပြုံးဖြင့် ဖြည်းည်းချင်း ကြည့်လိုက်၏
"သရေ... ဟုတ်လား?"
သူသည် ထာဝရဝိညာဉ်ဓားဖြင့် သူ၏ပခုံးကို အသာအယာ ပုတ်လိုက်၏
မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ကျယ်ပြန့်လာသည်။
"မင်း တော်တော် အရှက်မရှိတာပဲ"
သူ၏ အကြည့်တို့က စူးရှသွားချေသည်
"ဒါက သရေပွဲလို့ ပြောလို့မရသေးဘူး"
ချုန်ရှန်း၏ မျက်ခုံးများ တွန့်သွားသည်။ ပိုင်ကျီဟန်ကမူ သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေဆဲပင်။
"မင်း နောက်ထပ် ခဏလောက်သာ ဒီမှာ ဆက်နေမယ်ဆိုရင်..."
သူ၏ လေသံတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။
"ဘာကြောင့်လဲဆိုတာ မင်း မကြာခင် သိလာရလိမ့်မယ်"
အမှန်စင်စစ် ချုန်ရှန်းသည် အခြေအနေအမှန်ကို သိသော်လည်း သူ၏မျက်နှာပန်း လှစေရန်အတွက်သာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
ပိုင်ကျီဟန် မည်သို့ပင်ပြောစေ ချုန်ရှန်းကမူ သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်သည်။
"ဟွန့် ဒါဆိုရင် မင်း ငါ့ကို အရင်ဆုံး ဖမ်းမိနိုင်တဲ့ စွမ်းအားရှိမရှိ ကြည့်ကြသေးတာပေါ့"
စကားဆုံးသည်နှင့်တစ်ပြိုင်နက်
ချုန်ရှန်း ပျောက်ကွယ်သွားတော့သည်။
ဝှူး
သူ၏ ခန္ဓာကိုယ်သည် အနက်ရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့ အရှိန်အဟုန်အပြည့်ဖြင့် ဝေးရာသို့ ပြေးထွက်သွားသည်။
ဤတိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် သူ စိတ်မကူးတော့ပေ။
ယခုအချိန်တွင် ထွက်ပြေးခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
သို့သော် သူ လှုပ်ရှားလိုက်သည့် ခဏမှာပင်
ပိုင်ကျီဟန်လည်း လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
ဝုန်း
ခြေဖဝါးအောက်ရှိ မြေပြင်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး သူသည် ရှေ့သို့ ဒုံးကျည်ကဲ့သို့ ပြေးဝင်သွားသည်။
သူ၏ အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
အသက်ရှူသံ အနည်းငယ်အတွင်းမှာပင်
သူသည် အကွာအဝေးကို ချုံ့ပစ်လိုက်နိုင်ပြီ ဖြစ်သည်။
ချုန်ရှန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။
(သူက ဒီလောက်တောင် မြန်တာလား)
အစောပိုင်းက ပိုင်ကျီဟန်သည် သူ၏အစွမ်းကို ထိန်းထားခဲ့ပုံရသည်။
သူသည် အခြားနည်းလမ်းမရှိတော့သဖြင့် ပြန်လှည့်ကာ တိုက်ခိုက်ရပြန်သည်။
အရိပ်ဓားသွားများသည် ပိုင်ကျီဟန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ဝုန်း
ဝုန်း
ဝုန်း
ပိုင်ကျီဟန်က ထိုတိုက်ကွက်များကို သူ၏ဓားဖြင့် တစ်ခုပြီးတစ်ခု ပိုင်းဖြတ်လိုက်ရာ လေထုထဲတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
"ထွက်ပြေးချင်တာလား? မင်းက တကယ်ပဲ လူကြောက်တစ်ယောက်ပဲနော်"
ပိုင်ကျီဟန်က နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
ချုန်ရှန်းသည် ပိုင်ကျီဟန်၏ လေသံနှင့် သူ့အပေါ် အထင်သေးစွာ ကြည့်သော အကြည့်များကို အလွန်ပင် ရွံရှာမိသည်။
အကယ်၍ သူ၏ ယခင်ဘဝက စွမ်းအားများသာ ရှိနေမည်ဆိုလျှင် ပိုင်ကျီဟန်ကို တစ်သက်လုံး နောင်တရသွားစေမည့် သင်ခန်းစာမျိုး ပေးခဲ့ပြီးသား ဖြစ်လိမ့်မည်။
ကံဆိုးစွာပင် ယခုအချိန်တွင် သူသည် အားနည်းနေသေးသဖြင့် ပိုင်ကျီဟန်ကို မယှဉ်နိုင်သေးပေ။
"တောက်”
ချုန်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက် ရုတ်တရက်
ချုန်ရှန်းက သူ၏လက်ကို မြှောက်ကာ ဟင်းလင်းပြင် ကို ဆွဲဖြဲလိုက်သည်။
လေထုထဲတွင် မှောင်မည်းသော အက်ကြောင်းတစ်ခု ပေါ်လာ၏ မဆိုင်းမတွပင်
ချုန်ရှန်းက ၎င်းအတွင်းသို့ လှမ်းဝင်လိုက်သည်။
သူ၏ ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သို့သော် ပိုင်ကျီဟန်၏ တုံ့ပြန်မှုသည်လည်း တူညီစွာ လျင်မြန်လှသည်။
ချုန်ရှန်း ပျောက်ကွယ်သွားသည့် ခဏမှာပင်
ပိုင်ကျီဟန်က ရှေ့သို့ လှမ်းတက်လိုက်သည်။
သူသည်လည်း ဟင်းလင်းပြင်ကို ဆွဲဖြဲသွားပေသည်။
သူက နောက်ကနေ လိုက်ပါသွားတော့သည်။
ကမ္ဘာကြီးမှာ ဝေဝါးသွား၏။
နောက်တစ်ခဏ၌
ချုန်ရှန်းသည် မိုင်ပေါင်းများစွာ အကွာတွင် ပေါ်လာသည်။
သို့သော် သူ ပေါ်လာသည့် ခဏချင်းမှာပင်
နောက်ထပ် ဟင်းလင်းပြင် အက်ကြောင်းတစ်ခုကို ထပ်မံ ဖွင့်လှစ်လိုက်ပြန်သည်။
ဝုန်း
သူ၏ ပုံရိပ်မှာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
ပိုင်ကျီဟန်မှာမူ ခဏအကြာတွင် သူ၏နောက်မှ ပေါ်လာသည်။
ထို့နောက် ဟင်းလင်းပြင်ကို ထပ်ခါတလဲလဲ ဖွင့်လှစ်ရင်း...
လူသားပုံရိပ်နှစ်ခုသည် ကောင်းကင်ယံထက်တွင် လျှပ်ခနဲ လျှပ်ခနဲဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်နေကြသည်။
သို့သော် ချုန်ရှန်းမှာ အလွန်အမင်း စိုးရိမ်နေသည့်ဟန် မရှိပေ
ထိုအစား
သူ၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။
နောက်ဆုံးတွင်
ဟင်းလင်းပြင်ကို နောက်တစ်ကြိမ် ဖြတ်ကျော်ပြီးနောက်
ချုန်ရှန်းသည် မိုင်ပေါင်းထောင်ချီ အကွာအဝေးရှိ ခြောက်သွေ့သော တောင်တန်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
သူ၏နောက်တွင် ပိုင်ကျီဟန်သည်လည်း ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။
"လက်လျှော့လိုက်ပြီလား?"
ချုန်ရှန်းက ဟင်းလင်းပြင်ကို ထပ်မံ မဖွင့်တော့သည်ကို တွေ့ရသဖြင့် ပိုင်ကျီဟန်က မေးလိုက်သည်။
ချုန်ရှန်းက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား ပိုင်ကျီဟန်”
"မင်းက တကယ့်ကို ဇွဲကောင်းတာပဲ”
သူပြောနေစဉ်မှာပင်
သူ၏ခြေဖဝါးအောက်ရှိ ကြီးမားလှသော စက်ဝိုင်းအစီအမံကြီးမှာ ရုတ်တရက် လင်းထိန်လာသည်။
မြေပြင်တစ်လျှောက်ရှိ ရှေးဟောင်းအင်းကွက်များမှာ တောက်ပလာ၏။
၎င်းမှာ တယ်လီပို့ စက်ဝိုင်းအစီအမံပင် ဖြစ်သည်။
ချုန်ရှန်း၏ အပြုံးသည် အောင်နိုင်သူတစ်ဦး၏အပြုံးအဖြစ် ပြောင်းလဲသွားသည်။
"ဒါကို ငါက ကြိုတင်ပြင်ဆင်ထားတာကွ”
အစီအမံ၏ အလင်းရောင်သည် ပို၍ တောက်ပလာပြီး ဟင်းလင်းပြင်မှာ လိမ်ယှက်လာသည်။
ချုန်ရှန်းက ပိုင်ကျီဟန်ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် နာကျည်းမှုများ တောက်လောင်နေ၏။
"နောက်တစ်ခါ ငါတို့ ပြန်ဆုံတဲ့အခါ—"
"မင်းကို ငါ ဧကန်မုချ သတ်ပစ်မယ် ဒါကို မှတ်ထားပါ ပိုင်ကျီဟန်။ ငါ ဒီရန်ငြိုးကို ဘယ်တော့မှ မမေ့ဘူး။ ချွမ်မျိုးနွယ်စုလိုပဲ မင်းနဲ့ မင်းရဲ့ ပိုင်မျိုးနွယ်စုတွေကလည်း အဲဒီအတိုင်း ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်!"
အစီအမံ၏ အလင်းရောင်သည် ပေါက်ကွဲထွက်သွားသည်။
ဟင်းလင်းပြင်မှာ ပြင်းထန်စွာ လိမ်ယှက်သွား၏
နောက်တစ်ခဏ၌
ချုန်ရှန်း ပျောက်ကွယ်သွားတော့သည်။
တောင်တန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းသို့ ပြန်လည် ရောက်ရှိသွားသည်။
ပိုင်ကျီဟန်မှာမူ တည်ငြိမ်စွာ ရပ်နေဆဲပင်။
သူသည် အလွန်အမင်း စိုးရိမ်နေသည့်ဟန် မရှိပေ။
ထိုအစား
သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။
သူသည် စနစ်မျက်နှာပြင်ကို ကြည့်ကာ
ချုန်ရှန်း အနီးအနားတွင် ရှိနေသေးသလားဆိုသည်ကို စစ်ဆေးလိုက်သည်။
တောက်ပနေသော အမှတ်လေးတစ်ခုမှာ မြေပုံပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေ၏။
ပိုင်ကျီဟန်က ၎င်းကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏
"မိပြီ”
တစ်ဖက်တွင်မူ
မိုင်ပေါင်းထောင်ချီ အကွာအဝေးရှိ ဝေးလံခေါင်သီသော တောရိုင်းတစ်ခုတွင် ချုန်ရှန်း၏ ပုံရိပ် ပြန်လည် ပေါ်ထွက်လာသည်။
သူ၏ အမူအရာမှာ အလွန်ပင် ရုပ်ဆိုးနေ၏။
"တောက်... အဲဒီ ပိုင်ကျီဟန်..."
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများသည် မြင့်တက်လာသည်။
"နောက်တစ်ခါကျရင် သူ့ကို ငါ အသေသတ်
မယ်” အရာအားလုံး ပြီးဆုံးသွားပြီဟု သူ ထင်မှတ်လိုက်သည့် ခဏမှာပင်
သူ၏ နောက်ကျောဘက်မှ တည်ငြိမ်သော အသံတစ်ခု ရုတ်တရက် ဟိန်းထွက်လာသည်။
"ဒါဆို မင်း ထွက်ပြေးလာတဲ့ နေရာက ဒီမှာပေါ့"
ချုန်ရှန်း၏ တစ်ကိုယ်လုံး အေးခဲသွားသည်။
သူသည် မျက်နှာကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ
ပိုင်ကျီဟန်ပါ ရောက်ရှိနေသည်ကို တွေ့လိုက်ရလေတော့သည်။
အခန်း ၅၀၈ ထပ်ပြီး ထွက်ပြေးဦးမလို့လား?
ပိုင်ကျီဟန် ထိုနေရာတွင် ရပ်နေသည်ကို မြင်လိုက်ရသည့် ခဏ၌ ချုန်ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဘယ်လိုလုပ်ပြီး...?"
သူ၏ သူငယ်အိမ်များသည် အနည်းငယ် ကျုံ့သွား၏-
"မင်း ငါ့ကို ဘယ်လို ရှာတွေ့တာလဲ”
ဤတစ်ကြိမ်တွင်မူ သူ၏အသံထဲမှ တုန်လှုပ်မှုကို ဖုံးကွယ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ဖြတ်သန်းသွားလာခြင်းသည် ကျွမ်းကျင်သော ပညာရှင်များ ခြေရာခံနိုင်သည့် ဝိညာဉ်ရေးရာ အမှတ်အသား အခပ်ဖျော့ဖျော့ ကျန်ရစ်တတ်သော်လည်း
တယ်လီပို့ စက်ဝိုင်းအစီအမံမှာမူ လုံးဝ ကွဲပြားခြားနားသည်။
၎င်းသည် မည်သည့် ဝိညာဉ်ရေးရာ ခြေရာကိုမျှ ချန်ထားရစ်ခြင်း မရှိပေ။
တယ်လီပို့ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့် သွားမည့်နေရာကို ခြေရာခံနိုင်မည့် နည်းလမ်းမှာ ပုံမှန်အားဖြင့် မရှိနိုင်တော့ပေ။
ထို့အပြင်
ယခုအကြိမ် ခရီးသည် မိုင်ပေါင်း ရှစ်ဆယ်ကျော် ဝေးကွာလှသည်။
ပိုင်ကျီဟန်အနေဖြင့် ဦးတည်ချက်ကို ခန့်မှန်းနိုင်လျှင်ပင် သူ၏ တည်နေရာ အတိအကျကို ရှာဖွေပြီး တစ်ချိန်တည်းမှာပင် ရောက်ရှိလာရန်မှာ မဖြစ်နိုင်သောအရာ ဖြစ်သည်။
သို့သော် ပိုင်ကျီဟန်က ဤနေရာသို့ ရောက်နှင့်နေပြီ။
သူ၏ နောက်ကျောဘက်တွင် မတ်တပ်ရပ်နေ၏။
ချုန်ရှန်း၏ ဦးနှောက်က အပြင်းအထန် အလုပ်လုပ်နေသည်။
သို့သော် ပိုင်ကျီဟန်ကမူ ခပ်အေးအေးပင် ပြုံးပြလိုက်၏
"ငါ မင်းကို ပြောပြီးသားပဲ"
သူသည် သူ၏ အင်္ကျီလက်ပေါ်မှ ဖုန်မှုန့်အချို့ကို အသာအယာ ခါထုတ်လိုက်၏
"မင်းဆီက ထွက်နေတဲ့ အနံ့အသက်က အရမ်း ရွံစရာကောင်းလွန်းတယ်”
ထို့နောက် သူက ချုန်ရှန်းဘက်သို့ လက်ညှိုး အသာညွှန်လိုက်ကာ
"အဲဒီအနံ့က မိုင်ပေါင်းရာချီ ဝေးနေရင်တောင် မရရအောင် ရှာလို့ရနေတာကွ"
သူ၏ လေသံသည် အလွန်ပင် တည်ကြည်နေသည်။
ခဏတာမျှ
ချုန်ရှန်း ဆွံ့အသွား၏။
ယခင်က ပိုင်ကျီဟန် ဤသို့ပြောစဉ်က သူသည် လှောင်ပြောင်ခြင်းသက်သက်ဟုသာ ထင်မှတ်ခဲ့သည်။
သို့သော် ယခုမူ
ချုန်ရှန်းသည် အလေးအနက် စတင်စဉ်းစားမိလာသည်။
(တကယ်ပဲ အနံ့ကြောင့်လား...)
သူ၏ မျက်ခုံးများ တွန့်သွားသည်။
သူ၏ မိစ္ဆာကျင့်စဉ်သည် တကယ်ပင် ထူးခြားသော အရှိန်အဝါတစ်ခုကို ထုတ်
လွှတ်သည်။
ပျက်စီးသွားသော ချွမ်မျိုးနွယ်စု၏ အပျက်အစီးများကြားတွင် နေထိုင်ခဲ့ရသဖြင့် သူ၏ ကိုယ်နံ့မှာ ဆိုးရွားနေမည်မှာ အမှန်ပင်။
သို့သော် မိုင်ပေါင်းရာချီ အကွာအဝေးမှနေ၍ အာရုံခံနိုင်သည် ဟူသောအချက်မှာ လုံးဝ ယုတ္တိမရှိပေ။
မည်သည့် ကျင့်ကြံသူမျှ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော အာရုံခံစားမှုမျိုး မရှိနိုင်ေပ
ခဏအကြာတွင် ချုန်ရှန်းက ခေါင်းယမ်းလိုက်သည်။
မဖြစ်နိုင်ဘူး
ဒါက လုံးဝ ယုတ္တိမရှိဘူး။
ပိုင်ကျီဟန်သည် သူ့ကို နောက်တစ်ကြိမ် လှောင်ပြောင်နေခြင်းသာ ဖြစ်ရမည်။
ချုန်ရှန်း၏ မျက်နှာသည် မည်းမှောင်သွား၏
"မင်း ငါ့ကို ဘယ်လိုရှာတွေ့သလဲဆိုတာ ငါ ဂရုမစိုက်ဘူး"
သူ၏ မျက်လုံးများ အေးစက်သွားသည်။
"ဒါပေမဲ့ ငါ့ကို ဒီအတိုင်း လွှတ်ထားဖို့ မင်းကို ငါ သတိပေးမယ်၊ မဟုတ်ရင်တော့”
သူ စကားမဆုံးသေးမီမှာပင် ပိုင်ကျီဟန်က ကြားဖြတ် ပြောလိုက်သည်။
"မဟုတ်ရင် ဘာဖြစ်မှာလဲ?"
ပိုင်ကျီဟန်၏ မျက်နှာပေါ်တွင် နောက်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
"ထပ်ပြီး ထွက်ပြေးဦးမလို့လား?"
သူ၏လေသံထဲမှ လှောင်ပြောင်မှုကို ဖုံးကွယ်
ရန် လုံးဝ မဖြစ်နိုင်ပေ။
ချုန်ရှန်း၏ မျက်နှာသည် အနည်းငယ် တွန့်ကွဲသွား၏။
သူ ပြန်လည် တုံ့ပြန်ချင်သော်လည်း
စကားလုံးများမှာ ထွက်မလာခဲ့ပေ။
အကြောင်းမှာ အမှန်တရားက
လက်ရှိတွင် ပိုင်ကျီဟန်ကို ကိုင်တွယ်ရန် သူ့တွင် မည်သည့် နည်းလမ်းမျှ မရှိသောကြောင့် ဖြစ်သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ် စွမ်းအားမျိုးကို သူ တစ်ခါမျှ မကြုံတွေ့ဖူးပေ။
သူ၏ တိုက်ကွက်များသည် မည်မျှပင် ပြင်းထန်ပါစေ ပိုင်ကျီဟန်၏ ခန္ဓာကိုယ်ကို မဖောက်ထွင်းနိုင်သည်မှာ လုံးဝ ယုတ္တိမရှိပေ။
(ငါ့မှာသာ အရင်က ကျင့်ကြံမှုအဆင့် ရှိနေဦးမယ်ဆိုရင်...)
ချုန်ရှန်း၏ မျက်လုံးများ မှောင်မည်းသွားသည်။
သူ ယခင်က ပိုင်ဆိုင်ခဲ့သော စွမ်းအားမျိုးဖြင့်ဆိုလျှင် ပိုင်ကျီဟန်ကဲ့သို့ လူမျိုးမှာ သူ၏ ရှေ့တွင် ရပ်တည်ရန်ပင် အရည်အချင်းမရှိပေ။
လက်ဖျစ်တစ်ချက်တီးရုံဖြင့် သူ့ကို အစအနမကျန် ဖျက်ဆီးပစ်နိုင်လိမ့်မည်။
ကံဆိုးစွာပင်
၎င်းမှာ အတိတ်သာ ဖြစ်သည်။
လက်ရှိတွင် သူသည် အလွန်ပင် အားနည်းလွန်းနေသေးသည်။
ချုန်ရှန်းသည် သွားကို တင်းတင်းကြိတ်ကာ သူ၏လက်ကို ထပ်မံ မြှောက်လိုက်ပြန်သည်။
ရှူး
ဟင်းလင်းပြင်မှာ ကွဲအက်သွားသည်။
မဆိုင်းမတွပင် သူသည် ဟင်းလင်းပြင်အတွင်းသို့ လှမ်းဝင်လိုက်သည်။
နောက်တစ်ကြိမ် ထပ်မံ ထွက်ပြေးခြင်းပင်။
သို့သော် အစောပိုင်းက သူ မလွတ်မြောက်နိုင်ခဲ့လျှင်
ယခုလည်း လွတ်မြောက်နိုင်မည် မဟုတ်သည်မှာ သေချာလှသည်။
ချုန်ရှန်း ပျောက်ကွယ်သွားသည့် ခဏမှာပင်
ပိုင်ကျီဟန်က ဟင်းလင်းပြင်ကို ဆွဲဖြဲကာ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။
ဝုန်း
ပုံရိပ်နှစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ တစ်နေရာမှ တစ်နေရာသို့ လျှပ်ခနဲ လျှပ်ခနဲဖြင့် ပြောင်းလဲနေကြသည်။
ထပ်မံ၍
ထပ်မံ၍
ထပ်မံ၍
ချုန်ရှန်းသည် ဟင်းလင်းပြင်အက်ကြောင်းများကို အဆက်မပြတ်ဖွင့်လှစ်ကာ အရှိန်အဟုန်အပြည့်ဖြင့် ထွက်ပြေးနေ၏
သို့သော်လည်း ပိုင်ကျီဟန်ကမူ အကြိမ်တိုင်းတွင် သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေမြဲဖြစ်သည်။
သို့သော်လည်း
လိုက်လံဖမ်းဆီးမှု ကြာလာသည်နှင့်အမျှ ပိုင်ကျီဟန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
အဘယ်ကြောင့်ဆိုသော် ချုန်ရှန်းသည် အစောပိုင်းကကဲ့သို့ ဦးတည်ချက်မရှိ ထွက်ပြေးနေခြင်းမဟုတ်ပေ
တစ်စုံတစ်ရာသော နေရာတစ်ခုဆီသို့ ဦးတည်သွားနေသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။
(သူ ငါ့ကို တစ်နေရာရာဆီ ခေါ်သွားနေတာပဲ...)
ပိုင်ကျီဟန်သည် ထိုဖြစ်နိုင်ခြေကို ချက်ချင်း သဘောပေါက်လိုက်သည်။
ချုန်ရှန်း၏ အမူအရာကို ကြည့်ရသည်မှာ တစ်ခုခုဆီသို့ ဆွဲခေါ်နေခြင်းမှာ သေချာသလောက်ရှိသည်။
ထောင်ချောက်ဆီပင်ဖြစ်နိုင်၏
ချုန်ရှန်းကဲ့သို့သော လူမျိုးသည် အရန်အစီအစဉ် တစ်ခု သို့မဟုတ် နှစ်ခု ပြင်ဆင်မထားပါက ထူးဆန်းနေပေလိမ့်မည်။
အစောပိုင်းက တယ်လီပို့ စက်ဝိုင်းအစီအမံဖြင့် ထွက်ပြေးခဲ့သလိုမျိုးပင်။
၎င်းမှာ ပိုင်ကျီဟန်အတွက် သီးသန့်ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ချွမ်မျိုးနွယ်စုကို အကြောင်းအမျိုးမျိုးကြောင့် မဖျက်ဆီးနိုင်ခဲ့ပါက
ထွက်ပြေးပုန်းအောင်းရန် ပြင်ဆင်ထားခြင်း ဖြစ်နိုင်သည်။
(ဒီမိစ္ဆာအိုကြီးကတကယ်ကို ဂရုစိုက်တတ်တာပဲ...)
ပိုင်ကျီဟန်သည် အနည်းငယ်ပင် အထင်ကြီးသွားမိသည်။
တစ်ချိန်က အမြင့်မြတ်ဆုံးသော စွမ်းအားကို ပိုင်ဆိုင်ခဲ့ဖူးသူတိုင်းသည် သူတို့ဝန်းကျင်ရှိ လူအားလုံးကို အထင်သေးတတ်ကြ၏
ဤကဲ့သို့သော ဝေးလံခေါင်သီသည့် နေရာမျိုးတွင် သူတို့ကို မည်သူမျှ ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု ယုံကြည်နေတတ်ကြသည်။
သို့သော် ချုန်ရှန်းမှာမူ လုံးဝကွဲပြားသည်။
သူသည် အရန်အစီအစဉ်များစွာ ပြင်ဆင်ထားရုံသာမက
မိမိ၏မာန်မာနကိုပင် မငဲ့ဘဲ ချက်ချင်းထွက်ပြေးဝံ့သည်။
ထိုကဲ့သို့သော သတိကြီးမှုမျိုးမှာ သာမန်ကျင့်ကြံသူများတွင် ရှိခဲလှသည်။
၎င်းကပင် သူ့ကို ပို၍ အန္တရာယ်ရှိစေခြင်းဖြစ်သည်။
ယခုအခါ ချုန်ရှန်းနှင့် ရန်ငြိုးရှိသွားပြီဖြစ်ရာ ပိုင်ကျီဟန်အနေဖြင့် သူ့ကို အလွတ်ပေး၍ မဖြစ်တော့ပေ။
ချုန်ရှန်းက ရုတ်တရက် ရပ်တန့်လိုက်သည်။
သူ၏ပုံရိပ်သည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်၏။
ခဏအကြာတွင်
သူ၏နောက်ဘက်ရှိ ဟင်းလင်းပြင်သည် လိမ်ယှက်သွား၏
ပိုင်ကျီဟန် ထွက်ပေါ်လာသည်။
ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ပိုင်ကျီဟန်၏ အကြည့်တို့သည် ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
ချုန်ရှန်း၏ ရှေ့တွင်မူ
ဧရာမ စက်ဝိုင်းအစီအမံကြီးတစ်ခုကို မြေပြင်တွင် ထွင်းထုထားသည်။
ရှေးဟောင်းအင်းကွက်များသည် မိုင်ပေါင်းများစွာအထိ ဖြန့်ကျက်နေ၏
ဝိညာဉ်စွမ်းအင်များသည် မြစ်ရေကဲ့သို့ စီးဆင်းနေကြသဖြင့် အစီအမံမှာ မှိန်ဖျော့စွာ လင်းလက်နေသည်။
ပိုင်ကျီဟန်က မျက်ခုံးတစ်ဖက်ကို မြှင့်လိုက်၏
သို့သော်လည်း အလွန်အမင်း အံ့သြသွားသည့်ဟန် မပြပေ။
(ထင်ထားတဲ့အတိုင်းပဲ... ဒီမိစ္ဆာအိုကြီး တစ်ခုခု ပြင်ဆင်ထားတာပဲ...)
ချုန်ရှန်းက ဖြည်းည်းချင်း လှည့်ကြည့်လာသည်။
ထို့နောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ဟားဟားဟား”
သူ၏ အစောပိုင်းက စိတ်ပျက်အားငယ်မှုများမှာ လုံးဝကွယ်ပျောက်သွားပုံရ၏
မျက်နှာပေါ်တွင် မောက်မာမှုများ ပြန်လည်စိုးမိုးလာသည်။
"ငါ့နောက်ကို မလိုက်ပါနဲ့လို့ ငါပြောခဲ့သားပဲ”
သူသည် ပိုင်ကျီဟန်ကို စိုက်ကြည့်နေ၏
"မင်းက စကားနားမထောင်မှတော့..."
သူ၏ အပြုံးမှာ ပို၍ အေးစက်သွား၏
"ဒါရဲ့ အကျိုးဆက်ကို မင်း သိစေရမယ်"
စကားဆုံးသည်နှင့်တစ်ပြိုင်နက်
ချုန်ရှန်းက သူ၏လက်ကိုမြှောက်ကာ အစီအမံကို အသက်သွင်းလိုက်သည်။
ဝုန်း
မြေပြင်သည် အနည်းငယ် တုန်ခါသွား၏
အစီအမံ၏ ပထမအလွှာမှာ ချက်ချင်းပင် လင်းထိန်လာသည်။
ရေတွက်၍မရသော အင်းကွက်များမှ အလင်းတန်းများ ပေါက်ကွဲထွက်လာ၏
အားကောင်းသော ဟင်းလင်းပြင်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့သွားသည်။
ဘုန်း
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ချက်ချင်းပင် ခိုင်မာသွား၏
တစ်ဧရိယာလုံးကို ပိတ်ဆို့လိုက်တော့သည်။
ဟင်းလင်းပြင်သည် အလွန်တည်ငြိမ်ပြီး တောင့်တင်းသွားသဖြင့် ၎င်းကို ဆွဲဖြဲရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
ပိုင်ကျီဟန် ချက်ချင်း သဘောပေါက်လိုက်သည်
၎င်းမှာ ဟင်းလင်းပြင် ပိတ်ဆို့ခြင်း အစီအမံပင်။
ချုန်ရှန်းမှာ အလွန်ပင် ကျေနပ်အားရနေသည့်ဟန်ဖြင့်
"မင်း ထွက်ပြေးလို့ မရတော့ဘူး”
သူက ကျယ်လောင်စွာ ကြေညာလိုက်သည်။
သို့သော် ပိုင်ကျီဟန်ကမူ ခေါင်းကို အနည်းငယ် စောင်းလိုက်၏
ထို့နောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ထွက်ပြေးမယ်?"
သူ၏လေသံမှာ ရယ်ချင်နေသည့်ဟန် ပေါ်လွင်နေသည်။
"ငါက ထွက်ပြေးဖို့ စိတ်တောင်မကူးဖူးဘူး"
သူသည် ဝန်းကျင်ရှိ ပိတ်ဆို့ထားသော ဟင်းလင်းပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ချုန်ရှန်းကို ပြန်ကြည့်၏
"လူကြောက်တစ်ယောက်နဲ့တော့ မတူဘူးပေါ့လေ"
ပိုင်ကျီဟန်၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏
“မင်းလိုမျိုး ရှုံးတော့မယ်ဆိုရင် ချက်ချင်း ထွက်ပြေးမယ့်သူလို့ ငါ့ကို ထင်နေတာလား?"
သူ၏ လှောင်ပြောင်သော လေသံမှာ အထင်အရှားပင်။
ပိုင်ကျီဟန်က သူ့ကို တည်ငြိမ်စွာ ကြည့်လေ၏
"ငါက မင်းနဲ့ မတူဘူး"
သူ့စကားများက စော်ကားနေတာ အသိအသာပင်
ချုန်ရှန်း၏ မျက်နှာမှာ မည်းမှောင်သွား၏
မျက်ခုံးများ တွန့်သွားသည်။ "မင်း ဒီစကားတွေအတွက် မကြာခင် နောင်တရစေရမယ်"