အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း(33)ဂိမ်းစပြီ
သူ၏ အမေ ပျောက်ဆုံးသွားမှုက ဆေးရုံဒါရိုက်တာအထိ သိရှိသွားခဲ့သည်။
ဒါရိုက်တာက ယောင်ပင်း၏ အမေရှိသော လူနာခန်းအထပ်ရှိ စောင့်ကြည့်ရေး ဗီဒီယိုများအားလုံးကို ထုတ်ယူရန် ချက်ချင်း အမိန့်ပေးခဲ့ပြီး တစ်ခုချင်းစီ စစ်ဆေးခဲ့ပေ၏။
မကြာမီတွင် ယောင်ပင်းသည် ဗီဒီယိုတစ်ခုထဲ၌ သူ၏ အမေကို မြင်လိုက်ရပေသည်။
ထိုအချိန်မှာ ညနေ ၃ နာရီ ၁၀ မိနစ် ဖြစ်ပြီး ယောင်ပင်း အစားအသောက် ဝယ်ရန် ထွက်သွားပြီး ၁၀ မိနစ်အကြာ ဖြစ်ပေသည်။
ယောင်ပင်း၏ အမော ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားပြီး လူနာခန်းထဲမှ ထွက်လာကာ ထိုအထပ်ရှိ အများသုံးသန့်စင်ခန်းထဲသို့ ဝင်သွားခဲ့၏။
သူမက ထိုနေရာမှ ပြန်ထွက်မလာခဲ့တော့ချေ။
“ထူးဆန်းလိုက်တာ၊ လူနာခန်းထဲမှာလည်း သီးသန့်ရေချိုးခန်း ရှိတာပဲကို၊ ပြီးတော့ အန်တီက ဒဏ်ရာရထားတာ ဘာလို့ အများသုံးသန့်စင်ခန်းကို သွားရတာလဲ”
သူနာပြုတစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“နောက်ပြီး အများသုံးသန့်စင်ခန်းမှာက ထွက်ပေါက် တစ်ခုပဲ ရှိတာလေ၊ အန်တီက ဘယ်ကနေ ထွက်သွားတာလဲ”
အခြားသူနာပြုတစ်ယောက်ကလည်း မေးလိုက်ပြန်၏။
အခြားသူများမှာလည်း လေးနက်သော အမူအရာဖြင့် သံသယဝင်နေကြသည်။
ယောင်ပင်းကတော့ စိတ်အခြေအနေအဆိုးရွားဆုံးလူ ဖြစ်ပေ၏။
ဗီဒီယိုထဲရှိ သူ၏ အမေ လမ်းလျှောက်ပုံကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အမေဖြစ်သူ၏လမ်းလျှောက်ပုံမှာ တစ်စုံတစ်ယောက်နှင့် တူနေခဲ့၏။
ဤသည်မှာ ကျန်းရှောင်ပေ၏သေဆုံးပြီးနောက်ပိုင်း လမ်းလျှောက်ပုံနှင့်တူနေခြင်းပင်။
ယောင်ပင်းက ကျန်းရှောင်ပေတစ်ယောက် လူနာခန်းထဲမှ အထူးတလည် ယူသွားခဲ့သော ကုတ်အင်္ကျီအကြောင်းကို ရုတ်တရက် သတိရသွားတော့သည်။
ထိုနှစ်ခုကြားတွင် ဆက်နွှယ်မှုတစ်ခုခု ရှိနေနိုင်သည်ဟုထင်ရသည်။
ထိုအချိန်မှာပင် ယောင်ပင်း၏ ဖုန်းထဲသို့ မက်ဆေ့ချ်တစ်ခု ရောက်လာပေသည်။
ထိုမက်ဆေ့ချ်မှာ ဓာတ်ပုံတစ်ပုံ ဖြစ်လေ၏။ ယောင်ပင်းနှင့် အနီးဆုံးရှိ သူနာပြုသည် ထိုဓာတ်ပုံကို သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်မိပြီး သူမ၏ မျက်နှာင ရုတ်တရက် သိသိသာသာ ပျက်ယွင်းသွားတော့သည်။
“ဒါ.. ဒါက မဟုတ်မှလွဲရော”
ဓာတ်ပုံထဲတွင် ယောင်ပင်း၏ အမေနှင့် အမျိုးသမီးတစ်ဦးကို တွေ့ရပေသည်။
ထိုအမျိုးသမီးက ယောင်ပင်း၏ အမေကို လက်တွဲထားပြီး ကင်မရာကိုတော့ နောက်ကျောပေးထားလေ၏။ ယောင်ပင်း၏ အမေမှာတော့ ကင်မရာကို ကြည့်ကာ ပြုံးနေခဲ့သည်။
သူမက ပြုံးနေသော်လည်း သူမ၏ မျက်လုံးများမှာ အေးစက်နေခဲ့ပြီး ထိုအပြုံးမှာလည်း ကျောချမ်းဖွယ်ရာ ကောင်းလှက် ကြည့်ရသူကို တုန်လှုပ်ခြောက်ခြားစေပေ၏။
ပို၍ သိသာထင်ရှားသည်မှာ ယောင်ပင်းအမေ၏ လက်ကောက်ဝတ်တွင် ပတ်ထားသော အပြာရောင် လက်ပတ်ပင်။
ယောင်ပင်းအနားရှိ သူနာပြုက ထိုဓာတ်ပုံကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
“အန်တီ့ရဲ့လက်ကောက်ဝတ်က လက်ပတ်က.. အဲဒါ ရင်ခွဲရုံသုံး လက်ပတ်ပဲ”
ယောင်ပင်း၏ စိတ်မှာ ဗလာကျင်းသွားရတော့သည်။
ရင်ခွဲရုံသုံး လက်ပတ်ဆိုသည်မှာ သေဆုံးသူများသာ ဝတ်ဆင်ရသောအရာဖြစ်လေ၏။
ဒါက သူ အမေရဲ့လက်ထဲကို ဘယ်လို ရောက်နေရတာလဲ။
ထိုထက် အရေးကြီးသည်မှာ ဓာတ်ပုံထဲတွင် သူ၏ အမေကို လက်တွဲထားသော အမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ကျန်းရှောင်ပေဖြစ်နေခဲ့သည်။
ကျန်းရှောင်ပေ နောက်တစ်ပြပြန် ပေါ်လာခဲ့ပြန်ပြီ။
ယခုတစ်ကြိမ်တွင် ကျန်းရှောင်ပေက သူ၏ အမေကို ခေါ်ဆောင်သွားခဲ့လေပြီ။
သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
မဟုတ်သေးဘူး။
ကျန်းရှောင်ပေရဲ့ နောက်ကွယ်မှ လူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲလို့ မေးရမှာပဲ။
တီ တီ...
ယောင်ပင်း၏ ဖုန်းထဲသို့ စာတစ်စောင် ရုတ်တရက် ရောက်လာခဲ့သည်။
သူ ထိုစာကို ကြည့်လိုက်ပြီးနောာရ မျက်လုံးများက ချက်ချင်းပင် အေးစက်သွားတော့သည်။
ထိုစာမှာ လျှို့ဝှက်နံပါတ်တစ်ခုမှ ပို့ထားခြင်းဖြစ်ပြီး စာတစ်ကြောင်းတည်းသာ ပါရှိပေသည်။
“ဂိမ်းစတင်ပြီ”
ချက်ချင်းဆိုသလိုပင် နောက်ထပ် စာတစ်စောင် ထပ်ရောက်လာ၏။
“မင်းအမေကို အသက်ရှင်စေချင်ရင် စည်းကမ်းတွေကို လိုက်နာရမယ်၊
ပထမစည်းကမ်း - မင်းအမေ ပျောက်ဆုံးနေတာကို ဘယ်သူ့ကိုမှ မပြောပါနဲ့၊ အထူးသဖြင့် မိုမိသားစုကို လုံးဝ မသိစေနဲ့”
ဤသည်မှာ လုံးဝ အမိန့်ပေးသည့် လေသံပင် ဖြစ်ပေသည်။
ညှိနှိုင်းရန် နေရာမရှိချေ။
ယောင်ပင်းသည် ချက်ချင်း ထိုနံပါတ်သို့ ပြန်ခေါ်လိုက်ပေသည်။
တီ.. တီ..
ဖုန်းခေါ်၍ မရခဲ့ချေ။
“သခင်လေးယောင်၊ ရဲတိုင်လိုက်ရမလား၊ သူမက ကျွန်တော်တို့ ဆေးရုံမှာ ပျောက်သွားတာဆိုတော့ ကျွန်တော်တို့ အပြည့်အဝ တာဝန်ယူမှာပါ”
ယောင်ပင်း ဖုန်းချလိုက်သောအခါ ဆေးရုံဒါရိုက်တာက စိုးရိမ်တကြီး ပြောလိုက်ပေသည်။
ယောင်ပင်း၏ အမေမှာ လေးယောက်မြောက်သခင်မလေး ကိုယ်တိုင် ဆေးရုံသို့ ပို့ဆောင်ထားသူဖြစ်ပြီး မာစတာခိုင်ကလည်း မကြာခဏ လာရောက်ကြည့်ရှုလေ့ရှိသည်။
ယောင်ပင်း၊ သူ၏ အမေနှင့် မိုမိသားစုတို့ကြားတွင် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း သိသာပေသည်။
ထို့ကြောင့် ဒါရိုက်တာအနေဖြင့် အနည်းငယ်မျှ ပေါ့ဆရန် မဝံ့ရဲချေ။
“မလိုဘူး”
ယောင်ပင်းသည် သူ၏ ဒေါသကို ထိန်းချုပ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်ပေသည်။
“ဓာတ်ပုံထဲက မိန်းကလေးက ကျွန်တော့်ညီမပါ သူမမှာ ကိစ္စတစ်ခုရှိလို့ အမေကို အရင်ခေါ်သွားတာဖြစ်မယ်၊
ကျွန်တော့်အမေရဲ့ ဒဏ်ရာတွေကလည်း သိပ်မပြင်းထန်တော့ဘူးဆိုတော့ ဆေးရုံက ဆင်းခွင့် ပေးလိုက်ပါတော့”
သူ့အမေ ဘေးကင်းရေးမှာ စိုးရိမ်စရာ ဖြစ်နေသဖြင့် သူ စွန့်စား၍ မရချေ။
ဆေးရုံအုပ်က သံသယဝင်နေခဲ့လေ၏။ သူနာပြုကလည်း မဝံ့မရဲ မေးလိုက်၏။
“ဒါပေမဲ့ အန်တီ့လက်ကောက်ဝတ်မှာ ရှိနေတာက..”
ယောင်ပင်းက သူမ၏ စကားကို ဖြတ်ပြောလိုက်ပေသည်။
“ဓာတ်ပုံက အရမ်း ဝါးနေတယ်၊ အဲဒါက အမြင်မှားတာဖြစ်မယ်၊ ကောင်းပြီ ကျွန်တော့်မှာ ကိစ္စရှိသေးလို့ အခု သွားတော့မယ်.. ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဒါရိုက်တာနှင့် သူနာပြုများ မတုံ့ပြန်နိုင်မီမှာပင် ယောင်ပင်းသည် စောင့်ကြည့်ရေးခန်းထဲမှ အမြန် ထွက်လာခဲ့တော့သည်။
သူ တခြား မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ချေ။
သူ စောင့်ကြည့်ရေးခန်းမှ ထွက်လာသည်နှင့် တတိယမြောက် စာရောက်လာပြန်သည်။
“ဒုတိယစည်းကမ်း - အခုချက်ချင်း ကျောင်းသွားပြီး တစ်လ ခွင့်တိုင်ပါ”
ကျောင်းကိုသွားပြီး တစ်လ ခွင့်တိုင်ရမယ်ဟုတ်လား။
ဒါက သူ့အမေရဲ့ပျောက်ဆုံးမှုနှင့် ဘာဆိုင်လို့လဲ။
ယောင်ပင်း ထိုနံပါတ်သို့ ထပ်ခေါ်လိုက်ပြန်သည်။
တီ..
ဖုန်းမကိုင်သေးချေ။
ယောင်ပင်း၏ လက်များမှာ တုန်ရီနေပြီး သူက ဒေါသတကြီးဖြင့် စာပြန်ပို့လိုက်ပေသည်။
“သေစမ်း.. မင်းတို့ ဘာလုပ်ချင်နေတာလဲ. ငါ့အမေကို တစ်ခုခုဖြစ်ရင် မင်းတို့ အသက်တွေနဲ့ ပြန်ပေးဆပ်ရမယ်လို့ မှတ်ထားလိုက်!”
သူ၏ အမေမှာ ဤလောကတွင် သူ၏ တစ်ဦးတည်းသော မိသားစု ဖြစ်ပေသည်။
သူမက သူ၏ နောက်ဆုံး ခံစစ်နှင့် သူ၏ တစ်ခုတည်းသော အားနည်းချက်လည်း ဖြစ်လေ၏။
တစ်ဖက်လူမှာ ထိုအားနည်းချက်ကို တိတိကျကျ ဆုပ်ကိုင်ထားသောကြေညင့် ယောင်ပင်းမှာ ချက်ချင်းပင် အသိစိတ်များ ပျောက်ဆုံးသွားရသည်။
မကြာမီ တစ်ဖက်လူက စာပြန်ပို့လာ၏။
နောက်ထပ် ဓာတ်ပုံတစ်ပုံ။
ဓာတ်ပုံထဲတွင် ယောင်ပင်းအမေ၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုနှင့် နာကျင်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူမ၏ လက်များမှာလည်း သွေးချင်းချင်းနီကာ ကြေမွနေချေ၏။
ဤသည်မှာ ယောင်ပင်း၏ စာအပေါ် တစ်ဖက်လူ၏ တုံ့ပြန်မှုပင်။
ဒေါသ.. ထိတ်လန့်မှု...အပြစ်ရှိစိတ်။
ရှုပ်ထွေးလှသော ခံစားချက်များမှာ ယောင်ပင်း၏ နှလုံးသားထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည်။
ယောင်ပင်းပ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ကို မြှောက်ကာ သူ၏မျက်နှာကို ပြင်းထန်စွာ ရိုက်လိုက်ပေသည်။
အကယ်၍ သူသာ ဒေါသတကြီး စာမပြန်ခဲ့လျှင် သူ၏ အမေမှာ ဤကဲ့သို့ နှိပ်စက်ခံရမည် မဟုတ်သလို ဒဏ်ရာလည်း ရမည်မဟုတ်ချေ။
ဤသည်မှာ သတိပေးချက်ပင် ဖြစ်ပေသည်။ သူတို့၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန် ပြင်းထန်သော သတိပေးချက် ဖြစ်ပေ၏။
ယောင်ပင်း ချက်ချင်း လှည့်ထွက်ကာ ကျောင်းသို့ အပြေးသွားတော့သည်။
သူတို့က သူ့ကို ခွင့်ရှည်ယူခိုင်းလျှင် သူ ယူကို ယူရမည်ဟု သူ နားလည်လိုက်ပေပြီ။
ကျောင်းသို့ ရောက်သောအခါ အတန်းပိုင်ဆရာ ကျိုးဟိုင်ပေါ်င မရှိချေ။ ခွင့်ရှည်ယူရန်အတွက် ကျောင်းသားရေးရာ ဒါရိုက်တာ ရန်ပိုင်ရှင်းထံသို့ သွားရပေမည်။
ရန်ပိုင်ရှင်းက ရုံးခန်းတံခါးကို ပိတ်လိုက်ပြီး ယောင်ပင်းကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်၏။
“ခွင့်ရှည်ယူမယ် ဟုတ်လား၊ ကောင်လေး မင်း ဘာတွေ လုပ်ထားလဲဆိုတာ မေ့သွားပြီလား၊ မင်းကြောင့်သာ မဟုတ်ရင် ရှောင်ရွှေက ပျောက်ဆုံးနေမှာ မဟုတ်ဘူး”
ယောင်ပင်း အနည်းငယ် မှင်သက်သွားပေသည်။
ကောရွှေ ပျောက်ဆုံးနေတာလား။
ကျန်းရှောင်ပေကြောင့် ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်သည်လား။
ဖြန်း!
မည်သည့်စကားကိုမျှ မပြောဘဲ ရန်ပိုင်ရှင်းက ယောင်ပင်း၏ ပါးကို ပြင်းထန်စွာ ရိုက်လိုက်ပေသည်။
သူသည်က ယနေ့ ထိုကောင်လေးကို ဒူးထောက် တောင်းပန်ခိုင်းမည်ဟု ဆုံးဖြတ်ထားသည်။
“မင်းက ငါ့ကို ကစားချင်တာလား၊ ကျောင်းအုပ်ကြီးရှေ့မှာ ငါ့မျက်နှာ ပျက်အောင် လုပ်ခဲ့တယ်၊ ပြောစမ်း.. မင်း ဘာလုပ်ရမလဲ”
“ဒါရိုက်တာ.. ကျွန်တော် ခွင့်ယူဖို့ လိုအပ်ပါတယ်”
ဖြန်း!
“ထပ်ပြောစမ်း”
“ဒါရိုက်တာ ကျွန်တော် ခွင့်ယူဖို့ လိုအပ်ပါတယ်”
ဖြန်း! ဖြန်း!
“ပြန်သွားပြီး စာလုံးရေ ၅၀၀၀ ပါတဲ့ ကိုယ်တိုင် ဝေဖန်ရေးစာ ရေးခဲ့၊ ပြီးတော့ ငါနဲ့ ကောရွှေကို အစည်းအဝေးမှာ လူသိရှင်ကြား တောင်းပန်ရမယ်”
“ဒါရိုက်တာ! ကျွန်တော် ခွင့်ယူဖို့ လိုအပ်ပါတယ်”
*
ယောင်ပင်း ပါးစပ်ဖွင့်လိုက်တိုင်း ရန်ပိုင်ရှင်းက ရိုက်နှက်နေခဲ့သည်။
အကြိမ်တိုင်းမှာလည်း သူ၏ အင်အားအားလုံးကို သုံး၍ ရိုက်ခြင်း ဖြစ်၏။
ယောင်ပင်းက ရန်ပိုင်ရှင်းကို ဇွဲဖြင့် စိုက်ကြည့်နေပြီး စကားတစ်ခွန်းတည်းကိုသာ ပြောနေလေသည်။
သူ ခွင့်ယူရန် လိုအပ်သည်ဟူ၍ပင်။
ရိုက်နှက်မှု ပြင်းထန်လာသည်နှင့်အမျှ ရန်ပိုင်ရှင်းမှာ သွေးပျက်လာတော့သည်။ ယောင်ပင်းက အရိုက်ခံနေရသော်လည်း သူ၏ မျက်လုံးများမှာ သံမှိုနှစ်ချောင်းကဲ့သို့ သူ့ကို စူးစိုက်ကြည့်နေခဲ့ပြီး ကျောချမ်းဖွယ်ရာ ကောင်းလှပေ၏။
နောက်ဆုံးတွင် ရန်ပိုင်ရှင်းက ခွင့်ပြုချက်ကို လက်မှတ်ထိုးပေးလိုက်တော့သည်။
တစ်လတိတိ။
ယောင်ပင်းက တစ်ဖက်မှ ခွင့်ပြုချက်စာရွက်ကို ကိုင်ထားပြီး အခြားတစ်ဖက်မှ ဖုန်းကို ကိုင်ကာ နောက်ထပ် စာတစ်စောင်ကို စိုးရိမ်တကြီး စောင့်နေမိသည်။
သို့သော် ရုတ်တရက်ဆို တုံ့ပြန်မှု မရှိတော့ချေ။
သူ ညဦးပိုင်းအထိ စောင့်ခဲ့ရသည်။
ယောင်ပင်း စိုးရိမ်စိတ်ကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေစဉ်မှာပင် စတုတ္ထမြောက် စာရောက်လာ၏။
“တတိယစည်းကမ်း - မြို့အနောက်ဘက်ကို သွားပြီး တော်ဝင် နံပါတ်တစ်ကလပ်ကို ဖျက်ဆီးလိုက်”
ယောင်ပင်း အံ့သြသွားရသည်။
ယခုအချိန်အထိ တစ်ဖက်လူဘက်မှ စည်းကမ်း သုံးခု ပေးခဲ့သည်။
ထိုစည်းကမ်း သုံးခုလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိပုံမရချေ။
သူ၏ အမေနှင့်လည်း မသက်ဆိုင်ပုံရပေသည်။
သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပါချေ။
သူ တော်ဝင်နံပါတ်တစ်ကလပ်ကို သွား၍ ဖျက်ဆီးရပေမည်။
*
အခန်း(34) လေချွမ်စံအိမ်
မြို့အနောက်ဘက်ရှိ တော်ဝင်နံပါတတစ် အဆင့်မြင့်အပန်းဖြေကလပ်။
တော်ဝင်နံပါတ်တစ်ကလပာမှာ ပင်းဟိုင်မြို့၏ အကြီးဆုံးနှင့် အဆင့်အမြင့်ဆုံး အပန်းဖြေကလပ် ဖြစ်ပြီး ခမ်းနားထည်ဝါသော လက်ရာများဖြင့် ပြင်ဆင်ထားကာ အပန်းဖြေခြင်းနှင့် ဖျော်ဖြေရေးကို ပေါင်းစပ်ထားသည့် နေရာဖြစ်ပေသည်။
ထို့အပြင် ထိုကလပ်သည် VIP အဖွဲ့ဝင်စနစ်ကိုသာ အသုံးပြုပြီး မျက်နှာဖြင့် စစ်ဆေးပြီးမှသာ ဝင်ရောက်ခွင့် ရရှိပေသည်။
ယောင်ပင်းက အမှိုက်ကား၏နောက်မှ လိုက်ပြီးမှ ကလပ်အတွင်းသို့ ခိုးဝင်နိုင်ခဲ့သည်။
အတွင်းပိုင်း၌ ကလပ်မှာ အလွန်တောက်ပခမ်းနားလှပြီး အပြင်လောကနှင့် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခုကဲ့သို့ ရှိနေပေသည်။
ယောင်ပင်းကို မည်သူမျှ သတိမထားမိကြချေ။
ယောင်ပင်းသည် စင်္ကြံလမ်းအတိုင်း တည့်တည့်လျှောက်သွားပြီး သူ့ထက် မြင့်သော ရွှေချထားသည့် ပန်းအိုးကြီးတစ်လုံးကို မကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပစ်ချလိုက်တော့သည်။
ထို့နောက် နောက်ထပ် တစ်လုံး..
ခွမ်း.. ခွမ်း.. ခွမ်း..
စင်္ကြံလမ်းရှိ ပန်းအိုးများမှာ ခဏအတွင်းမှာပင် အပိုင်းပိုင်း ကြေမွသွားတော့သည်။
ယောင်ပင်းသည် ကလပ်အတွင်းသို့ ပြေးဝင်သွားပြီး ရှာတွေ့သမျှအရာအားလုံးကို ရိုက်ခွဲဖျက်ဆီးခဲ့လေတော့သည်။
ခန်းမတစ်ခုလုံးမှာ ချက်ချင်းပင် ရှုပ်ထွေးသွားတော့၏။
ပထမထပ်ရှိ ဧည့်သည်များမှာလည်း ထိတ်လန့်တကြား ဖြစ်နေခဲ့ကြသည်။
တတိယထပ်ရှိ သီးသန့်ခန်းအတွင်း၌..
ကိုယ်ရံတော်တစ်ယောက်က ခိုင်ယဲ့၏အနားသို့ အမြန်တိုးသွားကာ စကားအနည်းငယ်လောက်ကို လေသံတိုးတိုးနှင့် ပြောလိုက်ပေသည်။
ခိုင်ယဲ့က ချက်ချင်း ထရပ်လိုက်၏။
“မင်း သေချာလား.. တကယ် သူပဲလား”
သူသည်က ယနေ့ နေ့လယ်ကတင် ယောင်ပင်းနှင့် ဖုန်းပြောခဲ့သေးသည်။ ယောင်ပင်းက အဘယ်ကြောင့် သူ၏နေရာသို့ လာရောက် ပြဿနာရှာရသနည်း။
တော်ဝင်နံပါတ်တစ်ကလပ်က သူ၏ ပိုင်နက်ဖြစ်ကြောင်း ယောင်ပင်း မသိခြင်းလား။
ခိုင်ယဲ့ တုံ့ဆိုင်းခြင်းမရှိဘဲ အောက်ထပ်သို့ ချက်ချင်း ပြေးဆင်းသွားတော့သည်။
ဧည့်ခန်းမအတွင်း၌။
အခြေအနေမှာ အလွန်ပင် ဆိုးရွားနေချေပြီ။
ကိုယ်ရံတော် ဒါဇင်ဝက်ကျော်မှာ ကြမ်းပြင်ပေါ်တွင် လဲကျနေကြပေ၏။
ခိုင်ယဲ့ အမြန်ပြေးဝင်သွားလိုက်သည်။
“သခင်လေးယောင်၊ ဘာဖြစ်တာလဲ.. တော်ဝင် နံပါတ်တစ် က ငါ့ပိုင်နက်လေ၊ တစ်ခုခု နားလည်မှုလွဲနေတာလား”
သူ ပေါ်လာသည်နှင့် အရာအားလုံး ပြေလည်သွားမည်ဟု သူ ယူဆထားခဲ့သည်။
ယောင်ပင်းကတော့ ခိုင်ယဲ့ ပြေးလာသည်ကို မြင်လိုက်ရသည့် ခဏ၌ အရာအားလုံးကို ရှင်းလင်းစွာ နားလည်လိုက်ပေပြီ။
တစ်ဖက်လူက တမင်တကာ လုပ်ခြင်းပင်။
သူ၏ အမေ ပျောက်ဆုံးနေသည်ကို ဖုံးကွယ်ခိုင်းသည်။ ခွင့်ရှည်ယူခိုင်းသည်။ ယခုတွင်တော့ ခိုင်ယဲ့နှင့်ပဲ ရန်တိုက်ပေးနေချေပြီ။
ဤသည်မှာ သူ၏ ထွက်ပေါက်အားလုံးကို ပိတ်ပစ်လိုက်ခြင်းပင် ဖြစ်ပေသည်။
သူတို့က သူ၏ အသက်ကိုလိုချင်နေကြခြင်းသာဖြစ်ချေ၏။
မိုမိသားစုကလည်း အကြောင်းပြချက်ကို မသိသကဲ့သို့ ကျောင်းကလည်း သူ ခွင့်ယူထားသည်ဟု ထင်နေကြမည်။
ယခု ခိုင်ယဲ့နှင့်ပါ ရန်ဖြစ်လိုက်လျှင် သူ ဤလောကမှ ခြေရာလက်ရာမပျက် ပျောက်ကွယ်သွားသည့်တိုင် မည်သူမျှ သိနိုင်ကြတော့မည် မဟုတ်ချေ။
သို့သော် ဤအရာကို သိနေသော်လည်း ယောင်ပင်းတွင် ရွေးချယ်စရာ မရှိပေ။
သူက စားပွဲတစ်လုံးကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားအောင် အရှိန်ပြင်းပြင်းဖြင့် ကန်လိုက်ပေသည်။
“ယောင်ပင်း”
ခိုင်ယဲ့က အခေါ်အဝေါ်ကို ပြောင်းလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“ငါက အဘိုးကြီးကို လေးစားလို့ မင်းကို သူငယ်ချင်းကောင်းတစ်ယောက်လို အမြဲသဘောထားခဲ့တာ၊ ဒါပေမဲ့ ငါ မင်းကို ကြောက်နေတာတော့မဟုတ်ဘူးနော်”
သူက သူ၏ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ယောင်ပင်း၏အနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပေသည်။
သူ ကိုယ်တိုင် ယောင်ပင်းကို သင်ခန်းစာ ပေးတော့မည်ပင်။
ကလပ်မှ ကိုယ်ရံတော်များမှာလည်း ထလာကြပြီး ယောင်ပင်းကို ဝိုင်းထားလိုက်ကြသည်။
ခိုင်ယဲ့၏ အမိန့်ရသည်နှင့် သူတို့ ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။
ယောင်ပင်းမှာ စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း အထင်သေးသကဲ့သို့ ဟန်ဆောင်ကာ ရန်စလိုက်ပေသည်။
“ဘာမှ မဖြစ်ပါဘူး.. ပြဿနာ လာရှာချင်ရုံသက်သက်ပဲ”
သူ၏ အမေ အဖမ်းခံထားရသည်ကို ခိုင်ယဲ့အား သိခွင့်မပေးနိုင်ချေ။
သူသည်က တမင်တကာ ပြဿနာရှာနေခြင်းဖြစ်ကြောင်း ခိုင်ယဲ့ကို ပြောရန်သာ တတ်နိုင်ပေသည်။
“ယောင်ပင်း.. မင်း တရားလွန်လာပြီ”
ခိုင်ယဲ့မှာ ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ယောင်ပင်းထံသို့ အလျှင်အမြန် ပြေးဝင်သွားတော့သည်။
သူက ယောင်ပင်းအပေါ် အမြဲတမ်း သစ္စာရှိခဲ့ပြီး တတ်နိုင်သမျှ ကူညီခဲ့သည်ဟု ယူဆထားသော်လည်း ယောင်ပင်းက သူ့ကို လာရောက် စော်ကားဝံ့ခဲ့သည်။
ယောင်ပင်းအပေါ် ယခင်က ရှိခဲ့သော ခင်မင်မှုများမှာ ယခုအချိန်တွင် ပို၍ ကြီးမားသော ဒေါသများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ယောင်ပင်း၏ စွမ်းရည်ကို သိထားသဖြင့် ခိုင်ယဲ့ ရှေ့သို့ တိုးလာသည်နှင့် သူ၏ လူများမှာလည်း တစ်ဦးကိုတစ်ဦး အချက်ပြကာ ကိုယ်ရံတော်များအားလုံးဖြင့် ဝိုင်းအုပ်လိုက်ကြလေသည်။
ချက်ချင်းပင် လူပေါင်း ဒါဇင်များစွာမှာ ယောင်ပင်းကို ဝိုင်းထားလိုက်ကြ၏။
“ဖယ်ကြစမ်း”
“ဒီကောင်လေးကို ငါကိုယ်တိုင် သင်ခန်းစာ ပေးမယ်”
ခိုင်ယဲ့ အော်ဟစ်ကာ နောက်ဆုတ်ခိုင်းလိုက်ပြီးနောက် သူ့ဘက်မှ သတင်တိုက်ခိုက်လေတော့သည်။
သူသည်က အတိုက်အခိုက်ချန်ပီယံ တစ်ဦးဖြစ်ရုံသာမက သူ၏ သိုင်းပညာမှာလည်း အဆင့်မြင့်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
သူ၏ လက်သီးချက်များမှာ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်နေခဲ့၏။ လက်သီးတစ်ချက်၊ လှုပ်ရှားမှုတစ်ခုတိုင်းတွင် ပင်လယ်ကို ခမ်းခြောက်စေပြီး တောင်တန်းများကို ဖြိုခွဲနိုင်သော အစွမ်းရှိနေသည်။
ယောင်ပင်းကတော့ ရှောင်တိမ်းခြင်း သို့မဟုတ် ခုခံခြင်း မပြုခဲ့ချေ။
ခိုင်ယဲ့၏ လက်သီးမှာ ယောင်ပင်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။
အု..
ထိုလက်သီးတစ်ချက်ဖြင့်ပင် ယောင်ပင်း၏ ရင်ဘတ်မှာ နိမ့်ဝင်သွားပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
ထိုမြင်ကွင်းကို ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလွန်းပေသည်။
“မင်း ဘာလို့ ပြန်မတိုက်တာလဲ”
ခိုင်ယဲ့က ဒေါသတကြီး မေးလိုက်ပေသည်။
ပြန်မတိုက်ခိုက်ခြင်းမှာ တစ်ဖက်လူအတွက် အကြီးမားဆုံးသော စော်ကားမှုသာ ဖြစ်သည်။
ယောင်ပင်းက လှောင်ပြုံး ပြုံးလိုက်ပြီး သူ၏ မျက်လုံးများမှာလည်း သွေးချင်းချင်း နီနေခဲ့၏။
“ဘာလို့လဲဆိုတော့ မင်းက ငါ့ရဲ့ အာရုံစိုက်မှုကို ခံရဖို့ မတန်လို့ပဲ”
တစ်ဖက်လူက သူ့ကို ခိုင်ယဲ့၏ နေရာတွင် ပြဿနာရှာရန် ပို့လိုက်ခြင်း ဖြစ်သည်။ ခိုင်ယဲ့နှင့် တိုက်ခိုက်ရန် စေလွှတ်ခြင်း မဟုတ်ချေ။
ဤလက်သီးချက်မှာ အစ်ကိုခိုင် အား တောင်းပန်ခြင်းဟုသာ မှတ်ယူရပေမည်။
ယောင်ပင်း စကားပြောလိုက်သည်နှင့် ခိုင်ယဲ့မှာ ချက်ချင်းပင် ဒေါသအထွတ်အထိပ်သို့ ရောက်သွားပြီး နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။
“ကောင်းပြီလေ၊ ဒါဆို ငါ ကျောက်ခိုင်က တန်လား၊ မတန်ဘူးလားဆိုတာ မင်းကို ပြပေးမယ်”
ယောင်ပင်းက အရှုံးမပေးသေးချေ။
ဒုတိယမြောက် လက်သီးမှာ သူ၏ မျက်နှာကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။
ယောင်ပင်းတစ်ယောက် သူ၏ ပါးရိုးများ ကျိုးသွားသည့် အသံကိုပင် ကြားလိုက်ရသကဲ့သို့ ရှိနေခဲ့၏။
ပါးစပ်အတွင်းရှိ သွားများ၏ တစ်ဝက်ခန့်မှာ ခဏအတွင်း ကြေမွသွားပြီး လွင့်ထွက်သွားတော့သည်။
ယောင်ပင်းမှာလည်း ယိုင်နဲ့သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့လေ၏။
“မင်း ဘာလို့ ပြန်မချတာလဲ”
ခိုင်ယဲ့သည်ကား ထိတ်လန့်မှုနှင့် ဒေါသထွက်ခြင်းတို့ကို ရောယှက်စွာခံစားနေရသည်။
ပတ်ဝန်းကျင်ရှိ ကိုယ်ရံတော်များကလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက့ကြလေ၏။
ယောင်ပင်းက မတည်မငြိမ်ဖြင့် ပြန်ထရပ်လိုက်ပြီး ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။
“မာစတာခိုင်.. နောက်တစ်ခါ ထပ်လုပ်စမ်းပါဦး”
တစ်ဖက်မှ တုံ့ပြန်မှုမရှိသေးသဖြင့် သူ ဆက်လက် လုပ်ဆောင်ရပေဦးမည်။
ခိုင်ယဲ့၏ မျက်လုံးထဲတွင် သံသယများ ရိပ်ပြေးသွားသော်လည်း သူ၏ လက်အောက်ငယ်သားများမှာတော့ တွန့်ဆုတ်မနေကြချေ။
နောက်ထပ် လက်သီးတစ်ချက်ာ ယောင်ပင်း၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိမှန်သွားပြန်သည်။
ဘုန်း..
ယောင်ပင်းမှာ မြေပြင်ပေါ်သို့ ထပ်မံ လဲကျသွားပြန်လေ၏။
“ကောင်လေး ထပ်စမ်းဦးမလား”
ခိုင်ယဲ့က ဒေါသထွက်လျက် ရယ်မောလိုက်သည်။
“မင်း သေချင်နေတာလား၊ ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ယောင်ပင်းက ယိုင်တိုင်တိုင်ဖြင့် ပြန်ထရပ်လိုက်ပြီး ခိုင်ယဲ့ထံသို့ လျှောက်သွားလိုက်ပြန်၏။
“မာစတာခိုင်.. နောက်တစ်ခါ.. နောက်တစ်ခါ ထပ်လုပ်ပါဦး”
သူ့ သွားများ၏တစ်ဝက်ခန့်က ကျိုးသွားသည့်အတွက် သူ၏ အသံက ဗလုံးဗထွေး ဖြစ်နေခဲ့သည်။
ခိုင်ယဲ့မှာ ဒေါသအလွန်အမင်း ထွက်နေချေပြီ။
နောက်ထပ် လက်သီးတစ်ချက်။
နောက်ထပ် လက်သီးတစ်ချက်။
နောက်ထပ် လက်သီးတစ်ချက်။
*
ယောင်ပင်းသည် လက်သီးချက် မည်မျှ ခံလိုက်ရသည်၊ အကြိမ်ပေါင်း မည်မျှ လဲကျသွားသည်ကိုပင် မသိတော့ချေ။
သူ တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ ထမလာနိုင်တော့သည့် အချိန်အထိပင်။
ထိုအချိန်တွင် သူ၏ ဖုန်းက ရုတ်တရက် မြည်လာတော့သည်။
ယောင်ပင်း ပဉ္စမမြောက် စာတိုကို လက်ခံရရှိလိုက်သည်။
ထိုစာမှာ ရိုးရှင်းလွန်းလေ၏။
“မနက်ဖြန်ည ၈ နာရီ၊ လေချွမ်စံအိမ်”
ယောင်ပင်း သူ၏မျက်နှာမှ သွေးစများကို သုတ်လိုက်သည်။ သွေးချင်းချင်းနီနေသော သူ၏မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခုက ဖြည်းဖြည်းချင်း ပေါ်ပေါက်လာ၏။
သူ အသက်နှင့်ရင်းပြီး စောင့်ဆိုင်းနေသောအရာမှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ချေပြီ။
သူသည် အံကိုကြိတ်ကာ မြေပြင်မှ ထရပ်လိုက်ပြီး မာစတာခိုင်အား လက်နှစ်ဖက်ဖြင့် အရိုအသေပြု၍ နှုတ်ဆက်လိုက်သည်။
ထို့နောက် ခြေတစ်ဖက်ကို မနည်းဆွဲကာ တော်ဝင်နံပါတ်တစ်ကလပ်၏ အပြင်ဘက်သို့ ယိုင်တိယိုင်တိုင် ထွက်လာခဲ့၏။
ယနေ့ မာစတာခိုင်အပေါ် တင်ရှိသွားသော အကြွေးကို နောက်တစ်နေ့တွင် သူ မပျက်မကွက် ပြန်ဆပ်ရပေမည်။
ယခုအချိန်တွင်တော့ အရေးအကြီးဆုံးအရာမှာ သူ၏အမေကို ကယ်ထုတ်ရန်ပင် ဖြစ်ပေ၏။
သို့သော် သူ၏ ဘေးပတ်ပတ်လည်တွင် ကိုယ်ရံတော်များ ဝိုင်းနေကြသည်။
ယောင်ပင်း ထွက်ခွာရန် ပြင်လာသည်ကို မြင်သောအခါ ကိုယ်ရံတော်များ၏ မျက်နှာများမှာ ရုတ်တရက် အေးစက်သွားကြပြီး ယောင်ပင်း၏ လမ်းကို ပိတ်ဆို့ရန် ဝိုင်းထားလိုက်ကြလေသည်။
တော်ဝင် နံပါတ်တစ်ကလပ်တွင် ပြဿနာရှာပြီးနောက် ဤမျှလွယ်လွယ်နှင့် ထွက်သွားနိုင်မည်ဟု သူ ထင်နေသည်လား။
“သူ့ကို လွှတ်ပေးလိုက်”
ထိုအခိုက်တွင် မာစတာခိုင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မာစတာခိုင်”
ပြောင်ဇီ အံ့ဩသွားပြီး သူ၏မျက်နှာမှာလည်း ဒေါသကြောင့် မည်းမှောင်သွားတော့သည်။
“ဒီကောင်က ကျေးဇူးကို ရန်နှင့် တုံ့ပြန်ပြီး ကျွန်တော်တို့နေရာကိုတောင် ဖျက်ဆီးသွားတာလေ၊ သူ့ကို ဒီအတိုင်း လွှတ်ပေးတော့မလို့လား”
မာစတာခိုင်၏ မျက်လုံးများမှာ ရုတ်တရက် အေးစက်သွားခဲ့၏။
“ငါ့စကားကို ထပ်ပြောဖို့ လိုသေးလား”
ပြောင်ဇီ တုန်လှုပ်သွားပြီး မကျေမနပ်ဖြင့် လမ်းဖယ်ပေးလိုက်ရတော့သည်။
တခြားကိုယ်ရံတော်များမှာလည်း သူ့ကို မတားဆီးရဲကြတော့ဘဲ ယောင်ပင်း ဖြည်းဖြည်းချင်း လျှောက်ထွက်သွားသည်ကို ကြည့်နေကြပေသည်။
မာစတာခိုင်က ပျောက်ကွယ်သွားသော ယောင်ပင်း၏ ကျောပြင်ကို ကြည့်ရင်း သူ၏အကြည့်များမှာလည်း အဓိပ္ပာယ်တစ်ခုခု ပါဝင်နေသကဲ့သို့ ရှိနေခဲ့လေ၏။