အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း(35) လေလံပစ္စည်း
နောက်တစ်နေ့။
လေချွမ်စံအိမ်၏ တံခါးဝ။
ယောင်ပင်း ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အနောက်ဘက်မှ တစ်စုံတစ်ယောက်က သူ့ကို ဆွဲလိုက်လေ၏။
“သခင်လေးယောင်၊ မင်း အထဲကို ဝင်လို့မဖြစ်ဘူး”
ယောင်ပင်း လှည့်ကြည့်လိုက်သောအခါ သူ့ကို ဆွဲထားသူမှာ အခြားသူမဟုတ်ဘဲ ကျန်းထျန်းရှီးပင် ဖြစ်နေကြောင်းတွေ့လိုက်ရသည်။
“ငါက ဘာလို့ ဝင်လို့မရတာလဲ”
ယောင်ပင်းက ကျန်းထျန်းရှီးကို နားမလည်နိုင်စွာ မေးလိုက်သည်။
ကျန်းထျန်းရှီးက သူ့ကို အဘယ်ကြောင့် တားနေသည်ကို သူ နားမလည်နိုင်ချေ။
ကျန်းထျန်းရှီးသည် ဝင်ပေါက်ကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်ပြီး ယောင်ပင်းကို ဘေးသို့ဆွဲကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သခင်လေးယောင်၊ ဒီလေချွမ်စံအိမ်က ဘယ်လိုနေရာမျိုးလဲဆိုတာ မင်း သိလား”
“မသိဘူး”
“ဒါဆို ဒီနေ့ ဒီကို လာကြတဲ့သူတွေက ဘယ်သူတွေလဲဆိုတာရော မင်း သိလား”
“မသိဘူး”
“သခင်လေးယောင်၊ မင်း ဘာမှမသိဘဲနဲ့ ဒီထဲကို ဇွတ်ဝင်ဝံ့တယ်ပေါ့လေ”
ကျန်းထျန်းရှီး၏ အမူအရာမှာ တင်းမာနေပြီး တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သကဲ့သို့ အသံကို နှိမ့်ထားသည်။
“ဒီလေချွမ်စံအိမ်ဆိုတာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြေအောက်မှောင်ခိုဈေးကွက် တစ်ခုပဲ၊ မကောင်းတဲ့ အရာမှန်သမျှ ဒီမှာ အရောင်းအဝယ် လုပ်ကြတာ၊
နယ်ပယ်အသီးသီးက အကြီးအကဲတွေက ဒီနေရာမှာ နှစ်တိုင်း စုဝေးပြီး သူတို့ရဲ့ အာဏာကို လုယူဖို့နဲ့ သူတို့ရဲ့ စည်းကမ်းတွေကို သတ်မှတ်ဖို့ လာကြတာ၊
ဒါက နယ်ပယ်ကို သန့်စင်တဲ့ ပွဲမျိုးဖြစ်လို့ တိုက်ခိုက်တာတွေ သေဆုံးတာတွေက ခဏခဏဖြစ်တတ်တယ်၊
ဒီစံအိမ်ထဲကို ဝင်လိုက်တာက ငရဲတံခါးကို ဝင်လိုက်သလိုပဲ၊ မင်းရဲ့ အသက်က ဘယ်အချိန်မဆို သေဆုံးသွားနိုင်တယ်၊ သခင်လေးယောင်၊ မင်း အခု ဒဏ်ရာအပြင်းအထန် ရထားတာလေ၊ ဝင်သွားရင် မင်းပဲ ရှုံးမှာ၊ အသက်တောင် ပါသွားနိုင်တယ်၊
ဒီနေ့လျှို့ဝှက်တဲ့ စီစဉ်သူတစ်ယောက်က ပစ္စည်းတွေကို လေလံတင်မယ်လို့ ကြားတယ်၊ ကျန်းကျုံးက လူကြီးတွေရော ပင်းဟိုင်က အရေးပါတဲ့ သူတွေပါ အကုန်ရောက်နေကြတာ”
လျှို့ဝှက်စီစဉ်သူက ပစ္စည်းတွေကို လေလံတင်မည်လား။
ယောင်ပင်း မျက်မှောင်ကြုတ်လိုက်ပြီး အာရုံစိုက်ကာ မေးလိုက်၏။
“ဘာတွေကို လေလံတင်မှာလဲ”
“သေချာမသိဘူး”
ကျန်းထျန်းရှီးက ခေါင်းခါလိုက်သည်။
“လေလံပွဲတွေကို နံပါတ်သုံး လျှို့ဝှက်အခန်းထဲမှာ လုပ်မှာ.. အဲဒီအခန်းထဲကို ဝင်ချင်တဲ့သူတွေက အရည်အချင်း အရမ်းမြင့်မှ ရတာလေ၊ သာမန်လူတွေ ဝင်ဖို့ မလွယ်ဘူး
ကျွန်တော်ကိုယ်တိုင်တောင် တစ်ခါမှ မမြင်ဖူးဘူး”
နံပါတ်သုံး လျှို့ဝှက်အခန်း။
ယောင်ပင်းက အသံတိုးတိုးဖြင့် မေးလိုက်၏။
“ဒီနေ့ရဲ့ အဓိကအကြောင်းအရာက ပစ္စည်းတွေ လေလံတင်ဖို့ပဲမလား”
ကျန်းထျန်းရှီးက အမြန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
ယောင်ပင်းက ကျန်းထျန်းရှီးကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေ၏။
“ငါ သွားရမယ်”
“ငါ သူတို့ကို အဆပေါင်းရာချီ ပြန်ပေးဆပ်ခိုင်းရမယ်”
ဤသို့ပြောပြီးနောက် ယောင်ပင်းသည် လှည့်ထွက်ကာ လေချွမ်စံအိမ်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။
သူ ထွက်သွားသည်ကို ကြည့်ရင်း ကျန်းထျန်းရှီး၏ မျက်နှာတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်ကိုတော့ သူ မမြင်လိုက်ချေ။
“ကောင်လေး ငါ့ကို အပြစ်မတင်နဲ့၊ လူမှားပြီး စော်ကားခဲ့တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်”
ကျန်းထျန်းရှီး၏ အသံမှာ မကျေနပ်မှုနှင့် မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နှက်နေပေသည်။
“ဒီနေ့က မင်းရဲ့ သေနေ့ပဲ”
လေချွမ်စံအိမ်ဝင်ပေါက်။
ညွှန်ကြားချက်အတိုင်း ယောင်ပင်းက မျက်လုံးကို အဝတ်စဖြင့် အစည်းခံလိုက်ရပြီး လက်နှစ်ဖက်ကိုလည်း နောက်ပြန် အချည်ခံလိုက်ရပေသည်။
မျက်လုံးစည်းပြီးနောက် တစ်စုံတစ်ယောက်က သူ၏ ကိုယ်ခန္ဓာကို စစ်ဆေးတော့သည်။
နူးညံ့သော လက်ငယ်တစ်စုံက သူ၏ ကိုယ်ပေါ်တွင် ရေစီးသကဲ့သို့ လှည့်လည်သွားလာနေပြီး အလုံခြုံဆုံးသော နေရာများကိုပင် ချန်လှစ်ထားခြင်း မရှိဘဲ စစ်ဆေးနေချေ၏။
လေချွမ်စံအိမ်သို့ ဝင်မည့်သူများသည် လက်ငင်းငွေသားမှလွဲ၍ မည်သည့်အရာကိုမျှ ယူဆောင်ခွင့် မရှိပေ။
ထို့နောက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
“မင်းနာမည် ဘယ်သူလဲ”
“ယောင်ပင်း”
“ဘာကိစ္စနဲ့ လာတာလဲ”
“နံပါတ်သုံး လျှို့ဝှက်အခန်း”
ထိုအေးစက်သော အသံမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောခဲ့သည်။
“နံပါတ်သုံး လျှို့ဝှက်အခန်းကို ဝင်မယ့်သူက အနည်းဆုံး ငွေသား တစ်သန်းပါရမယ်၊ ဒါမှမဟုတ် အဲဒါနဲ့ ညီမျှတဲ့ အပေါင်ပစ္စည်း ရှိရမယ်”
“ငါ့အသက်နဲ့ အပေါင်ထားမယ်”
*
“ဒါက ဒီနေ့ရဲ့ လေလံစာအုပ်ပဲ၊ ကျေးဇူးပြုပြီးယူထားလိုက်ပါ”
တစ်ဖက်လူက အေးစက်သော စာရွက်တစ်ရွက်ကို ယောင်ပင်း၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ပေသည်။
“တည့်တည့် လျှောက်သွားပါ”
ထိုအေးစက်သောအသံ ဆုံးသွားသည်နှင့် ယောင်ပင်း၏ ရှေ့တွင် ခြေသံများ ထွက်ပေါ်လာပြီး သူ့ကို ရှေ့ဆောင် ခေါ်သွားခဲ့သည်။
ယောင်ပင်းမှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်သွားလေ၏။
လေချွမ်စံအိမ်သည် ထူးဆန်းစွာ လျှို့ဝှက်လွန်းလှပြီး သူတို့၏ လုပ်ဆောင်ချက်များမှာလည်း အလွန်ပင် စေ့စပ်ပေသည်။
သူ့တွင်အမြင်အာရုံ မရှိသဖြင့် လမ်းကြောင်းကိုသာ စိတ်ထဲမှ မှတ်သားထားရပေသည်။
တည့်တည့် ခြေလှမ်း ၅၀၀။
ညာဘက်ကိုကွေ့ ခြေလှမ်း ၃၀၀။
ဘယ်ဘက်ကွေ့..
နောက်ဆုံးတွင် ငါးကြိမ်ခန့် ကွေ့ပြီးနောက် အေးစက်သောအသံက ပြောလိုက်သည်။
“ရောက်ပြီ”
ထို့နောက် လက်တစ်စုံက ယောင်ပင်း၏ လက်မှ ကြိုးများကို ဖြည်ပေးလိုက်လေသည်။
“ဝင်သွားပါ”
ယောင်ပင်းသည် မျက်လုံးစည်းကို ဖယ်လိုက်ပြီး မော့ကြည့်လိုက်သည်။
သူ၏ အရှေ့တွင် အခန်းတစ်ခု၏ တံခါး ရှိနေပြီး အနက်ရောင် တံခါးပေါ်တွင် “၃” ဟုသော နံပါတ်ကို အနီရောင် စာလုံးကြီးဖြင့် ရေးသားထားပေသည်။
ဤသည်မှာ တတိယမြောက် လျှို့ဝှက်အခန်းပင် ဖြစ်ပေ၏။
ယောင်ပင်း အနက်ရောင်တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။
မကြာမီ သူ လျှို့ဝှက်အခန်းထဲသို့ ရောက်သွား၏။
ထိုအခန်းမှာ ဘောလုံးကွင်းတစ်ခုခန့် ကျယ်ဝန်းပြီး အလယ်တွင် စက်ဝိုင်းပုံစံ စင်မြင့်တစ်ခု ရှိနေခဲ့သည်။
ပတ်လည်တွင်တော့ လူပေါင်း ရာနှင့်ချီ ဆံ့သောသံဘောင်များဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံများ ရှိနေချေ၏။
လျှို့ဝှက်အခန်း၏ အထက်ပိုင်းတွင် သီးသန့်အခန်း ရှစ်ခန်း ရှိပေသည်။
အခန်းတိုင်းကို အထူးမှန်များဖြင့် ကာရံထားရာ အတွင်းမှ လူများသည် အပြင်ဘက်ရှိ အနားတိုင်းကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း အပြင်မှ လူများမှာတော့ အတွင်းကို လုံးဝ မမြင်နိုင်ချေ။
ဤသီးသန့်အခန်းများသည် များသောအားဖြင့် အဆင့်မြင့် ပုဂ္ဂိုလ်များအတွက်သာ ဖြစ်ပေသည်။
မာစတာကျန်း၏ ပြောပြချက်အရ ထိုအခန်း ရှစ်ခန်းတွင် ထိုင်နေသူများသည် ယနေ့ လာရောက်ကြသော ကျန်းကျုံးမှ အကြီးအကဲများ ဖြစ်ရပေမည်။
သို့မဟုတ် နောက်ကွယ်မှ ကြိုးကိုင်သူမှာလည်း ထိုသီးသန့်အခန်းတစ်ခန်းတွင် ထိုင်ကာ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခြင်း ဖြစ်နိုင်ပေသည်။
ယောင်ပင်း စိတ်လိုက်မာန်ပါ မလုပ်ခဲ့ချေ။
သူသည် ပရိသတ်ထိုင်ခုံများတွင် တစ်နေရာ ရှာထိုင်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။
တစ်ဖက်လူက သူ့ကို လေချွမ်စံအိမ်သို့ ဆင့်ခေါ်ထားသဖြင့် သူတို့ သေချာပေါက် ပေါ်လာပြီး သူ့ကို စေ့စပ်ညှိနှိုင်းလိမ့်မည်။
ယခု သူလုပ်ရန်မှာ စောင့်ရန်သာ ရှိပေသည်။
သူ၏အမေကို ပြန်ပေးဆွဲသွားသော နောက်ကွယ်မှ လူ ပေါ်လာသည်အထိ စောင့်ဆိုင်းရမည်။
မကြာမီ လေလံပွဲ စတင်လာခဲ့သည်။
ယောင်ပင်း ခဏမျှ စောင့်ကြည့်နေသော်လည်း ဤလေလံပွဲမှာ အခြားသော လေလံပွဲများနှင့် မထူးခြားလှဟု ခံစားရပေသည်။
လုပ်ငန်းစဉ်များက တူနေခဲ့၏။ ပစ္စည်းကို ပြသည်။ ဈေးခေါ်သည်။ တူဖြင့် ထုသည်။ ထို့နောက် လေလံအောင်သည်။
သူ့ကို ဇဝေဇဝါ ဖြစ်စေသည်မှာ မည်သည့်ပစ္စည်းကို ပြသည်ဖြစ်စေ အထက်ရှိ သီးသန့်အခန်း ရှစ်ခန်းမှာ လုံးဝ တိတ်ဆိတ်နေခြင်းပင်။
အစပိုင်းတွင် ယောင်ပင်းက ထိုအခန်းများတွင် လူမရှိဟု ထင်ခဲ့ပေသည်။
သို့သော် မကြာမီတွင် စားပွဲထိုးများက ထိုသီးသန့်အခန်းများဆီသို့ အချိုရည်များ သွားပို့သည်ကို သူ မြင်လိုက်ရပေ၏။ ထိုအခန်း ရှစ်ခန်းထဲတွင် သေချာပေါက် လူရှိနေပေသည်။
လူရှိနေပါလျက် လှုပ်ရှားမှုမျှ မရှိခြင်းမှာ အကြောင်းရင်း တစ်ခုသာ ရှိသည်။ ထိုလူကြီးများသည်က အစပိုင်း ပစ္စည်းများကို စိတ်မဝင်စားဘဲ အထူးခြားဆုံး ပစ္စည်းကိုသာ စောင့်နေခြင်း ဖြစ်ရပေမည်။
ဤသို့တွေးလိုက်သောအခါ ယောင်ပင်း၏ နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားတော့သည်။
ယနေ့၏ အထူးခြားဆုံး လေလံပစ္စည်းမှာ သူ၏ အမေ သို့မဟုတ် ကျန်းရှောင်ပေနှင့် ပတ်သက်နေမည်လား။
သို့မဟုတ် ကျန်းရှောင်ပေ၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နေသည်လား။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် ဤအရာအားလုံးကို ထိန်းချုပ်နေသူမှာ အလွန်ပင် ယုတ်မာကောက်ကျစ်သူ ဖြစ်ပေလိမ့်မည်။
ယောင်ပင်း အမျိုးမျိုး ခန့်မှန်းနေစဉ်မှာပင် နံပါတ်(3) သီးသန့်အခန်း၏ အထက်မှ အေးစက်စက်နိုင်သော စက်ရုပ်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပေသည်။
“ဒီနေ့ရဲ့ နောက်ဆုံးနဲ့ အဖိုးတန်ဆုံး ပစ္စည်းက သေတ္တာထဲမှာလည်း မရှိဘူး၊ စင်ပေါ်မှာလည်း မရှိဘူး၊ အဲဒါက.. ကျွန်တော်တို့ရဲ့ ပရိသတ်ထိုင်ခုံတွေထဲမှာ ရှိနေတာပါ”
ထိုစက်ရုပ်အသံ ထွက်ပေါ်လာသည်နှင့် နံပါတ်သုံး အခန်းအတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
“လေလံပစ္စည်းက ပရိသတ်ကြားထဲမှာ ဟုတ်လား၊ အဲဒါ ဘာအဓိပ္ပာယ်လဲ”
“စီစဉ်သူက ပစ္စည်းကို ငါတို့ထိုင်ခုံအောက်မှာ ဝှက်ထားတာများလား၊ ရှာတွေ့တဲ့သူက ယူရမှာလား”
*
လူအများမှာ တီးတိုး ဝေဖန်နေကြပြီး အချို့မှာ သူတို့၏ ထိုင်ခုံအောက်များကိုပင် ရှာဖွေနေကြပေသည်။
လေချွမ်စံအိမ်တွင် ပေါ်လာသော ပစ္စည်းတိုင်းမှာ ရှားပါးရတနာများ ဖြစ်သဖြင့် တစ်ခုရလျှင်ပင် သူဌေးဖြစ်နိုင်သည်။
“အားလုံးပဲ လိုက်မရှာကြပါနဲ့တော့၊ အဲဒီပစ္စည်းက ဒီမှာ ရှိပါတယ်”
ထိုစက်ရုပ်အသံက စိတ်ဝင်စားမှုကို မြှင့်တင်ရန်အတွက် စကားကို ဆွဲပြောလိုက်ပေသည်။
လူအများမှာ စိတ်မရှည်တော့ဘဲ မေးကြ၏။
“ဘယ်မှာလဲ”
“အဲဒါ ဘာလဲဆိုတာ ပြောလိုက်စမ်းပါ၊ စိတ်မရှည်တော့ဘူး”
“သေစမ်း.. မင်းက ဒီလိုပဲ ဆက်လုပ်နေဦးမယ်ဆိုရင် ဒီအခန်းကို ငါ ဖျက်ဆီးပစ်မယ်”
*
ရောက်ရှိနေသူများမှာ နယ်ပယ်အသီးသီးမှ ထိပ်တန်းများဖြစ်ရာ ထိုအေးစက်စက် အသံကြောင့် သူတို့က ဒေါသထွက်နေကြပေပြီ။
ထိုအချိန်တွင် အလင်းတန်းတစ်ခုမှာ ဖြည်းဖြည်းချင်း ရွေ့လျားလာပြီးနောက် လူတစ်ယောက်ပေါ်သို့ ရုတ်တရက် ကျရောက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် စက်ရုပ်အသံက ကြေညာလိုက်၏။
“ဒီနေ့ရဲ့ လေလံပစ္စည်းကတော့..
နာမည် - ယောင်ပင်း၊
ကျား/မ - ကျား၊
အသက် ၁၈ နှစ်၊
ပင်းဟိုင် နံပါတ်တစ် အထက်တန်းကျောင်းမှ ကျောင်းသား၊
ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း ရှိသူ၊
သိုင်းပညာအဆင့် - မသိရသေး”
“ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိတယ် ဟုတ်လား”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သာမန်လူသား တစ်ယောက်က ကံကြမ္မာကို ဘယ်လို ပြောင်းလဲမှာလဲ”
“ဒါပေမဲ့ လေချွမ်စံအိမ်မှာ လေလံတင်တဲ့ ပစ္စည်းတွေဟာ ဈေးအရမ်းကြီးပေမဲ့ ဘယ်တုန်းမှ အတု မဖြစ်ဖူးဘူး”
*
အခန်း(36)ကိုယ့်ကိုယ်တိုင် လေလံတင်ခြင်း
လူတိုင်း၏ အကြည့်လားရာမှာ အလင်းတန်းနောက်သို့ လိုက်ပါသွားပြီး ပရိသတ်ကြားထဲရှိ ယောင်ပင်းထံသို့ ရောက်သွားကြသည်။
သူတို့၏ မျက်နှာတိုင်းတွင် အံ့သြမှုနှင့် သိချင်စိတ်များ ပြည့်နှက်နေချေ၏။
ရုတ်တရက် တိတ်ဆိတ်နေသော သီးသန့်အခန်း ရှစ်ခန်းထဲမှ အသံအိုကြီးတစ်ခု ထွက်ပေါ်လာပခဲ့သည်။
“ငါ သန်းသုံးရာ ပေးတယ်”
“သန်းငါးရာ”
“သန်းခုနစ်ရာ”
ဤသည်မှာ စီစဉ်သူက ဈေးမဖွင့်ရသေးမီကတည်းက အကြီးအကဲ ရှစ်ယောက်စလုံးမှ အပြိုင်အဆိုင် ဈေးခေါ်သည့် ပထမဆုံးအကြိမ်ပင်။
ပရိသတ်များမှာလည်း ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့၏။
မိနစ်အနည်းငယ်အတွင်းမှာပင် ယောင်ပင်းဆိုသော ထိုကျောင်းသားလေး၏ တန်ဖိုးမှာ သန်းသုံးရာမှ သန်းခုနစ်ရာအထိ ထိုးတက်သွားခဲ့ချေပြီ။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
ပတ်ဝန်းကျင်ရှိ ရုတ်ရုတ်သဲသဲ အခြေအနေများကြားတွင် ယောင်ပင်း တစ်ယောက်သာ ကျောက်ရုပ်တစ်ခုကဲ့သို့ ကြောင်အနေမိသည်။
သူ အထဲဝင်လာချိန်က တစ်စုံတစ်ယောက်မှ သူ၏ လက်ထဲသို့ လေလံစာအုပ်လေး ထိုးထည့်ပေးလိုက်သည်ကို သူ ရုတ်တရက် သတိရသွားပေ၏။
သူ သူ၏ လက်ထဲရှိ စာရွက်ကို စိုးရိမ်တကြီး ကြည့်လိုက်ပေသည်။
ဤသည်ကို စာအုပ်ငယ်ဟု ခေါ်သော်လည်း တကယ်တမ်းတွင် စာရွက်တစ်ရွက်သာ ဖြစ်ပေ၏။
ထိုစာရွက်၏ အောက်ဆုံးတွင် ရှင်းလင်းစွာ ရေးသားထားသည်။
“နောက်ဆုံး လေလံပစ္စည်း - ယောင်ပင်း”
ယနေ့ လေလံပွဲ၏ နောက်ဆုံးပစ္စည်းမှာ သူကိုယ်တိုင်ပင် ဖြစ်နေခဲ့သည်။
သို့သော် ဤသည်မှာ အခြေအနေကို ပြောင်းလဲရန် ယောင်ပင်းအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာခဲ့၏။
နောက်ကွယ်မှ ကြိုးကိုင်သူာ မည်သူဖြစ်ကြောင်းကို သူ သေချာပေါက် သိအောင်လုပ်ရပေမည်။
ထို့အပြင် ဤလူကြီးမင်းများထံမှ နောက်ကွယ်မှလူ၏ သတင်းအချက်အလက်ကို နှိုက်ထုတ်ရန်မှာလည်း သူ၏ အရည်အချင်းအပေါ်၌သာ လုံးဝ မူတည်ပေသည်။
ယောင်ပင်း ယခုလုပ်ရမည့်အရာမှာ ဤလူကြီးမင်းများအညး သူ၏ လက်အောက်သို့ ဒူးထောက်လာအောင် သိမ်းသွင်းရန်သာဖြစ်လေ၏။
“ကျွန်တော့်မှာ ပြောစရာတစ်ခုရှိတယ်”
ယောင်ပင်း အသက်ကို ပြင်းပြင်းရှူကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပေသည်။
ဆူညံနေသော လျှို့ဝှက်အခန်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။
ရောက်ရှိနေသူအားလုံးကလည်း ယောင်ပင်းထံသို့ အကြည့်များ ပို့လိုက်ကြလေသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီးနောက် ယောင်ပင်းက ဆက်ပြောလာသည်။
“ခင်ဗျားတို့ ကျွန်တော့်ကို လိုချင်တယ်ဆိုရင် စည်းကမ်းချက် တစ်ခုပဲ ရှိတယ်၊ ဒီလေလံပွဲကို ဘယ်သူက စီစဉ်တာလဲဆိုတာ ကျွန်တော့်ကို ပြောပြရင်ရပြီ”
တိတ်ဆိတ်သွားချေပြီ။
သေမင်းတမျှ တိတ်ဆိတ်ခြင်းပင်။
လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သီးသန့်အခန်းထဲမှ လူကြီးမင်းများမှာလည်း ချက်ချင်း နှုတ်ဆိတ်သွားကြသည်။
လေချွမ်စံအိမ်တွင် ရေးမထားသော စည်းကမ်းတစ်ခုရှိသည်။ လေလံပစ္စည်းအများစုမှာ မှောင်ခိုပစ္စည်းများ ဖြစ်သဖြင့် လေလံတင်သူများသည်လည်း အမည်မဖော်လိုသူများ ဖြစ်ကြလေ၏။
မည်သူကမျှ လေလံတင်သူ၏ အချက်အလက်ကို ထုတ်မပြောနိုင်ကြချေ။
မဟုတ်ပါက စည်းကမ်းဖောက်ဖျက်ရာ ရောက်ပေမည်။
ယောင်ပင်းက မလောသေးဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။
တစ်စုံတစ်ယောက်က သူ့အတွက် သန်း (၁၀၀၀)အထိ ပေးဝံ့သည်ဖြစ်၍ ဤလူအများစုက သူ၏ ကံကြမ္မာပြောင်းလဲနိုင်သော စွမ်းရည်ကို လိုချင်တပ်မက်နေကြပြီဖြစ်ကြောင်း ထင်ရှားပေသည်။
လောဘရှိသည့်နေရာတွင် စည်းကမ်းကို ဖောက်ဖျက်လိုစိတ်မှာလည်း အမြဲ ရှိနေတတ်သည်။
ယခုအချိန်တွင် လူတိုင်းက အခြေအနေကို စောင့်ကြည့်နေကြခြင်းသာ ဖြစ်ပေသည်။
ခဏအကြာတွင် ကြမ်းတမ်းသောအသံတစ်ခုက အေးစက်စွာဖြင့် မေးခွန်းထုတ်လာ၏။
“ကောင်လေး မင်းက လေချွမ်စံအိမ်မှာ လာပြီး ပြဿနာရှာနေတာလား၊ လေချွမ်စံအိမ်ရဲ့ စည်းကမ်းကို သွားမေးကြည့်လိုက်စမ်းပါဦး၊
ဘယ်သူကများ လေလံတင်သူက ဘယ်သူလဲဆိုတာ မင်းကို ပြောပြမှာလဲ၊ နောက်ပြီး မင်းက အပြောသက်သက်ပဲရှိလေ၊ တကယ်ကြီး သန်းတစ်ထောင်တန်တာရောဟုတ်ရဲ့လားဆိုတာ ငါသံသယရှိတယ်”
“ဟုတ်တယ်၊ ဟုတ်တယ်.. ငါလည်း သံသယရှိတယ်၊ လူတစ်ယောက်က ကံကြမ္မာကို ဘယ်လိုလုပ်ပြီး အန်တုနိုင်မှာလဲ”
“ကြည့်စမ်းပါဦး၊ ဒီကောင်လေးက တစ်ကိုယ်လုံး ဒဏ်ရာတွေပြည့်နေတာ၊ အရိုက်ခံထားရတာလည်း စုတ်ပြတ်သတ်နေတာပဲ၊ သူသာ တကယ်ကြီးကံကြမ္မာကို ပြောင်းနိုင်ရင် အခုလို အရိုက်ခံနေရမှာလား”
*
ထိုကြမ်းတမ်းသောအသံာ လူတိုင်းအား ယောင်ပင်းအပေါ် သံသယဝင်လာအောင် အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။
ထိုအသံမှာ နောက်ကွယ်မှ ကြိုးကိုင်သူက ယောင်ပင်း၏ အစီအစဉ်ကို ပျက်ပြားစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ယောင်ပင်း သေချာပေါက် သိနေခဲ့သည်။
ယောင်ပင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“မကျေနပ်တဲ့သူ ရှိရင် လာစမ်းကြည့်လို့ ရတယ်”
ဤလူကြီးမင်းများအား လေချွမ်စံအိမ်၏ စည်းကမ်းကို ဖောက်ဖျက်ပြီး လေလံတင်သူကို ပြောပြလာအောင် လုပ်ရန်အတွက် သူ၏ အရည်အချင်းကို အရင်ပြရပေမည်။
“ငါ တစ်ချက် စမ်းကြည့်မယ်”
“ဒီကောင်လေးကတော့ ထပ်ပြီး အရိုက်ခံရတော့မှာပဲ.. သူသာ တကယ်တော်ရင် အရိုက်ခံရမယ့် ကံကြမ္မာကိုပါ ပြောင်းပြရလိမ့်မယ်”
“ဟားဟားဟား...”
လူတိုင်းက ဝိုင်း၍ လှောင်ပြောင်လာကြသည်။
ထိုအချိန်၌ မောက်မာသောအသံတစ်ခု ထွက်ပေါ်လာ၏။
“ဒါဆိုရင် ငါကပဲ ဒီညီလေးရဲ့ ပညာကို စမ်းကြည့်ပါရစေ”
ထို့နောက် အနက်ရောင်လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားပြီး တောင့်တင်းသော လက်မောင်းများနှင့် ရင်အုပ်ကို ဖော်ပြထားသည့်၊ တစ်ကိုယ်လုံး အကြောများ ပြိုင်းပြိုင်းထနေသော လူသန်ကြီးတစ်ယောက်က ထရပ်လိုက်ကာ အလယ်ရှိ စင်မြင့်ဝိုင်းဆီသို့ လျှောက်လာတော့သည်။
ထိုလူသန်ကြီးကို မြင်လိုက်ရသည့် ခဏ၌ ပတ်ဝန်းကျင်မှ အော်ဟစ်အားပေးသံများ ချက်ချင်း ထွက်ပေါ်လာချေ၏။
“ဒါကရှေးဟောင်းသိုင်းပညာ လျှို့ဝှက်နည်းစနစ်တွေရဲ့ မာစတာ ကျူးလုံပဲ”
“ကျူးလုံဆိုတာ အရှေ့တောင်အာရှ တစ်ခွင်မှာ နာမည်ကြီးခဲ့တဲ့သူလေ၊ သူ့ရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်တဲ့သူတောင် ရှားတယ်၊ အခုတော့ ဒီကောင်လေး ဒုက္ခတွေ့ပြီပဲ”
“ကောင်စုတ်လေး မင်းပြောခဲ့တဲ့ စကားကို အမြန်ပြန်ရုပ်သိမ်းလိုက်တာ ကောင်းမယ်၊ မဟုတ်ရင် မင်းအဖေနဲ့ အမေတောင် မှတ်မိမှာ မဟုတ်တဲ့အထိ အရိုက်ခံရလိမ့်မယ်နော်”
*
သီးသန့်အခန်း ရှစ်ခန်းထဲမှ လူကြီးမင်းများမှာတော့ တိတ်ဆိတ်နေဆဲပင်။
သူတို့သည်လည်း ယောင်ပင်းက သူ၏အရည်အချင်းကို သက်သေပြနိုင်မည့်အချိန်ကို စောင့်နေကြခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။
ဆူညံသံများကြားမှာပင် ယောင်ပင်းက ပရိသတ်ကြားမှ ထွက်လာပြီး စင်မြင့်ဝိုင်းပေါ်သို့ ခြေထောက်ထော့ကျိုးဖြင့် တက်လာခဲ့၏။
သူ စင်ပေါ်သို့ တက်လိုက်သည်နှင့် လျှို့ဝှက်အခန်းမှာ ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
“မဖြစ်နိုင်တာ၊ ခုနက စကားတွေ အကြီးအကျယ် ပြောနေတဲ့ ကောင်လေးက ဒါလား”
“လေချွမ်စံအိမ်မှာ အသက်ဆုံးရှုံးသွားရင် ဘယ်သူမှ တာဝန်ယူမှာ မဟုတ်ဘူးဆိုတာ သူ မသိဘူး ထင်တယ်၊ ဒီဘက်ခေတ် လူငယ်တွေကတော့ သတ္တိတွေ အရမ်းကောင်းနေကြတာပဲ
စီစဉ်သူတွေကများ မှားယွင်းပြီး ရွေးလိုက်တာလား၊ ဒီကောင်လေးမှာ တကယ်ပဲ ကံကြမ္မာကို ပြောင်းနိုင်တဲ့ စွမ်းအား ရှိလို့လား”
*
သံသယနှင့် လှောင်ပြောင်သံများမှာ ယောင်ပင်းထံသို့ ဒီရေလှိုင်းကဲ့သို့ တိုးဝင်လာခဲ့သည်။
ယောင်ပင်းမှာတော့ ထိုစကားများကို မကြားချင်ယောင်ဆောင်ကာ လူသန်ကြီး၏ ရှေ့တွင် ရပ်လိုက်သည်။
သူ ယခုလိုအပ်နေသည်မှာ ရှင်းပြချက် မဟုတ်ဘဲ သူ၏ အစွမ်းကို သက်သေပြရန်သာ ဖြစ်ပေ၏။
ယောင်ပင်း ရပ်လိုက်ပြီးနောက် လူသန်ကြီးက ဟိန်းဟောက်လိုက်ရာ သူ၏ ကိုယ်ခန္ဓာမှာ ချက်ချင်းပင် ကြီးထွားလာပြီး အဖြူရောင် မြူခိုးမှိန်မှိန်လေးများ သူ၏ကိုယ်မှ ထွက်ပေါ်လာပေသည်။
ထိုမြူခိုးများသည်က လေထဲတွင် လိမ်ယှက်ကာ နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားပြီး ယောင်ပင်း၏ ရင်ဘတ်ဆီသို့ ရုတ်တရက် တိုက်ခိုက်လေတော့သည်။
“ပင်လယ်မှ ထွက်ပေါ်လာသော နဂါးဖြူ..”
“ဘုရားရေ..အဲဒါ ပင်လယ်က ထွက်လာတဲ့ နဂါးဖြူပဲ.. အဲဒီကောင်လေးတော့ သေပြီ”
လူသန်ကြီး လှုပ်ရှားလိုက်သည်နှင့် လျှို့ဝှက်အခန်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
ဤနည်းစနစ်မှာ လျှို့ဝှက်နည်းစနစ်များထဲတွင် အမြင့်ဆုံးအဆင့်ဖြစ်ရာ အချို့လူများမှာ တစ်သက်လုံး တစ်ခါမျှပင် မမြင်ဖူးကြချေ။
ယနေ့တွင်တော့ သူတို့က ထိုအရာကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရလိုက်ကြပေပြီ။
ထိုသို့ မြင်တွေ့ရခြင်းအတွက် ဝမ်းသာမိသော်လည်း ယောင်ပင်းအတွက်မှာတော့ နိမိတ်မကောင်းလှပေ။
ချက်ချင်းဆိုသလိုပင် နဂါးဖြူကြီးမှာ ယောင်ပင်းထံသို့ ဟိန်းဟောက်ကာ တိုးဝင်လာတော့သည်။
ယောင်ပင်းက ရှောင်တိမ်းခြင်း မပြုဘဲ နဂါးဖြူကြီး သူ၏ရှေ့သို့ ရောက်လာသည်အထိ စောင့်ကာ လက်ဝါးတစ်ချက်ကို အသာအယာပင် ပစ်ထုတ်လိုက်၏။
သူ၏ လက်ဝါးမှာ နဂါး၏ ဦးခေါင်းကို တည့်တည့် ထိမှန်သွားသည်။
ဘုန်း...
နဂါးခေါင်းက ကြေမွသွားပြီး အဖြူရောင် မြူခိုးများမှာလည်း ပျောက်ကွယ်သွားတော့၏။
ကျူးလုံမှာ အလွန်အစွမ်းထက်လှသော အတွင်းအားတစ်ခုက သူ့ထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
သူ ထိတ်လန့်သွားကာ နောက်သို့ အလန့်တကြား ဆုတ်လိုက်ပေ၏။
သို့သော် နောက်ကျသွားခဲ့ချေပြီ။
ထိုအတွင်းအားမှာ ထိုက်ရှန်းတောင်ကြီးကဲ့သို့ သူ့ကို ဖိနှိပ်လာသဖြင့် သူ၏ ကိုယ်ခန္ဓာမှာ ပြင်းထန်စွာ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျကာ သွေးတစ်လုတ် အန်လိုက်ရတော့သည်။
တစ်ကွက်တည်းနှင့် အလဲထိုးခြင်းပင်။
ရှင်းလင်းပြတ်သားလွန်းသည်။
ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
လူတိုင်းက တုန်လှုပ်ချောက်ခြားမှုများပြည့်နှက်သွားကြရပြီ။
လျှို့ဝှက်အခန်းထဲရှိ မည်သူကမျှ အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ကြချေ။ မတိုင်ခင်က သူတို့ လှောင်ပြောင်ခဲ့သော ပိန်ပိန်ပါးပါး ကောင်လေးက နာမည်ကျော် ရှေးဟောင်းသိုင်းပညာ မာစတာ ကျူးလုံကို တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်သည်လား။
ဤကောင်လေးမှာ မည်မျှ ကြောက်စရာကောင်းသော အစွမ်းများ ရှိနေသနည်း။
“ခင်ဗျားက ကျုပ်ကို သတ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဒီနေ့တော့ ခင်ဗျားကို အပြစ်မယူတော့ဘူး၊ ခင်ဗျား သွားနိုင်ပြီ”
ယောင်ပင်းက မြေပြင်ပေါ်တွင် သွေးအန်လျက် လဲနေသော ဇူလုံကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်ပေသည်။
ကျူးလုံသည်က အစကတည်းက အသေတိုက်ကွက်ကို သုံးခဲ့သဖြင့် ကျူးလုံကို နောက်ကွယ်မှလူက စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း ယောင်ပင်း ချက်ချင်း နားလည်လိုက်သည်။
ယောင်ပင်းက နောက်ကွယ်မှလူကို ပေါ်လာအောင် အတင်းအကျပ် လုပ်နေသဖြင့် နောက်ကွယ်မှလူကလည်း ငြိမ်ခံနေမည် မဟုတ်ချေ။ ဤကျူးလုံမှာ ယောင်ပင်းကို သတ်ရန် စေလွှတ်ခံရသူပင် ဖြစ်ပေသည်။
ကျူးလုံမှာ ထိတ်လန့်သွားခဲ့သည် ။
ဤကောင်လေးကသူ၏ ရည်ရွယ်ချက်ကို သိနေသည်လား။
ထိုသွု့သိနေလျက်နှင့် သူ့ကို လွှတ်ပေးရဲနေသေးသည်။
“ငါ့အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီလေး..နောက်ပိုင်းမှာ ကျူးလုံကို လိုအပ်တာ ရှိရင် မီးထဲပဲဖြစ်ဖြစ်၊ ရေထဲပဲဖြစ်ဖြစ် မဆိုင်းမတွ ကူညီပေးပါ့မယ်”
ကျူးလုံမှာ အနိုင်နိုင် ထရပ်ကာ ယောင်ပင်းကို ရိုသေစွာ ဦးညွှတ် နှုတ်ဆက်လိုက်ပေသည်။ ထို့နောက် စင်ပေါ်မှ ခုန်ဆင်းကာ လျှို့ဝှက်အခန်းထဲမှ အမြန် ထွက်ခွာသွားတော့သည်။
ကျူးလုံသည်က ငွေမက်သူ ဖြစ်သော်လည်း ကျေးဇူးနှင့် ရန်ငြိုးကိုတေား ရှင်းလင်းစွာ ခွဲခြားသိသူ ဖြစ်ပေသည်။ ယောင်ပင်းက သူ့ကို လွှတ်ပေးခဲ့သဖြင့် သူ သေချာပေါက် ကျေးဇူးတင်မိသည်။
ရောက်ရှိနေသူ အားလုံးမှာတော့ အလွန်ပင် ထိတ်လန့်သွားကြပေပြီ။
ဒီယောင်ပင်းက ဘယ်သူလဲ။
ကံကြမ္မာ ပြောင်းလဲနိုင်ခြင်းကိုထားဦး။ သူ၏ ပညာနှင့် အစွမ်းကပင် ရောက်ရှိနေသူ အားလုံးကို တုန်လှုပ်သွားစေရန် လုံလောက်နေပေပြီ။
“ကျွန်တော် ထပ်ပြောမယ်”
ယောင်ပင်းက လျှို့ဝှက်အခန်းကို လှည့်ပတ်ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ကျွန်တော့်ကို ရဖို့ တစ်ခုတည်းသော စည်းကမ်းချက်ကတော့ ဒီလေလံပွဲကို ဘယ်သူက စီစဉ်တာလဲဆိုတာ ကျွန်တော့်ကို ပြောပြဖို့ပဲ”
သူ၏ အသံမှာ မကျယ်သော်လည်း အလေးအနက် ရှိလွန်းပေ၏။
လျှို့ဝှက်အခန်းအတွင်း၌ တင်းမာသော လေထုတစ်ခု ပေါ်ပေါက်လာတော့သည်။
လူတိုင်း အချက်တစ်ခုကို သိလိုက်ကြပေပြီ:
အကယ်၍ သူတို့သာ ယောင်ပင်းကို ရရှိခဲ့လျှင် သူတို့သည်က ရှုံးနိမ့်ခြင်းမရှိနိုင်ပေ။
ကျွီ.. ကျွီ.. ကျွီ..
ထိုအချိန်တွင် လျှို့ဝှက်အခန်းအတွင်း၌ ထူးဆန်းသော အသံတစ်ခုက ရုတ်တရက် မြည်ဟီးလာတော့သည်။