← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း(37)သံလှောင်အိမ်ထဲမှ အမျိုးသမီးများ

ကျွီ.. ကျွီ..

ယောင်ပင်းကို မည်သို့သိမ်းသွင်းရမည်နည်းဟု လူတိုင်း စဉ်းစားနေစဉ်မှာပင် လျှို့ဝှက်အခန်းအတွင်း၌ ထူးဆန်း၍ စူးရှသော အသံတစ်ခု ရုတ်တရက် မြည်ဟီးလာချေ၏။

ထိုအသံမှာ အခန်း၏ အထက်ပိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

ထို့အပြင် အသံမှာ အခန်း၏ တစ်ဖက်ခြမ်းမှ စတင်ကာ တဖြည်းဖြည်း နီးကပ်လာပြီးနောက် စင်မြင့်ဝိုင်း၏ အပေါ်တည့်တည့်သို့ ရောက်သောအခါမှ ရုတ်ခြည်း ရပ်တန့်သွားပေတော့သည်။

လူတိုင်း အံ့ဩတကြီးဖြင့် အထက်သို့ မော့ကြည့်လိုက်ကြလျှင် သံမဏိကြိုးများဖြင့် လေထဲတွင် တွဲလောင်းဆွဲထားသော သံမဏိလှောင်အိမ်ကြီး နှစ်လုံးကို မြင်လိုက်ရ၏။

“လှောင်အိမ်ထဲမှာ လူတွေရှိတယ်၊ အမျိုးသမီး နှစ်ယောက်ပဲ”

တစ်စုံတစ်ယောက်က လှောင်အိမ်များကို ညွှန်ပြရင်း အော်ဟစ်လိုက်သည်။

လူတိုင်းက စင်မြင့်အထက်ရှိ လှောင်အိမ်များဆီသို့ အကြည့်လွှဲလိုက်ကြ၏။

သေချာသည်ပင်။ လှောင်အိမ်များအတွင်း၌ အဖြူရောင် ဂါဝန်များကို ဝတ်ဆင်ထားပြီး ဆံပင်များ ဖရိုဖရဲဖြစ်နေသော အမျိုးသမီးနှစ်ဦး ရပ်လျက်သား ရှိနေခဲ့သည်။

ထိုအမျိုးသမီးများ၏ လက်များကို လှောင်အိမ်တွင် သံခြေကျဉ်းဖြင့် ခတ်ထားပြီး ခေါင်းများကို ငိုက်စိုက်ချထားကြပေ၏။ သူတို့၏ မျက်နှာများကို ဆံပင်များက တစ်ဝက်ခန့် ဖုံးကွယ်ထားသဖြင့် အသက်ရှင်နေသေးသည်လား သို့မဟုတ် သေဆုံးသွားပြီလား ဆိုသည်ကို ခွဲခြားရန် မဖြစ်နိုင်ပေ။

“ဒီအမျိုးသမီး နှစ်ယောက်က ဘယ်သူတွေလဲ၊ ဘာလို့ ဒီလျှို့ဝှက်အခန်းထဲ ရောက်နေတာလဲ”

“သူတို့ သေနေပြီလား”

*

လှောင်အိမ်ထဲရှိ အမျိုးသမီးများ၏ အထောက်အထားနှင့် ပတ်သက်၍ လူတိုင်းက အမျိုးမျိုး ခန့်မှန်းနေကြသည်။

ယောင်ပင်း တစ်ယောက်သာလျှင် ကျောက်ရုပ်နှယ် မှင်သက်နေပြီး လှောင်အိမ်ထဲရှိ အမျိုးသမီး နှစ်ဦးကို စိုက်ကြည့်ကာ ဒေါသများထွက်မိပေ၏။

သေလုမျောပါး ဖြစ်နေသော ထိုအမျိုးသမီး နှစ်ဦးမှာ သူ၏ အသက်နှင့်ရင်း၍ ကာကွယ်ခဲ့သော သူ၏ အမေနှင့် ကျန်းရှောင်ပေတို့ ဖြစ်နေခဲ့သည်။

သူတို့ကို တောရိုင်းတိရစ္ဆာန်များကဲ့သို့ ချုပ်နှောင်ထားသည်ကို မြင်လိုက်ရသောအချိန်တွင် ယောင်ပင်းတစ်ယောက် လက်သီးကို တင်းတင်းဆုပ်လိုက်ကာ အရိုးချင်း တိုက်မိသံပင် ထွက်ပေါ်လာလေ၏။

သူ၏ နှလုံးသား နက်ရှိုင်းရာမှ ဒေါသများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာတော့သည်။

သူ အလေးအနက်ဆုံး ထားရသူများကို ဤကဲ့သို့ ဆက်ဆံရဲကြသည်လား။

သူတို့ကို အဆပေါင်းရာချီ ပြန်လည် ပေးဆပ်ခိုင်းစေရမည်။

တီ..တီ.. တီ..

ထိုအချိန်မှာပင် လှောင်အိမ်အတွင်းမှ အချက်ပေးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြန်သည်။

ထို့နောက်တွင် ယောင်ပင်း၏ အမေနှင့် ကျန်းရှောင်ပေတို့၏ ကိုယ်ပေါ်တွင် တစ်ချက်လင်း တစ်ချက်မှိန် ဖြစ်နေသော အနီရောင် ကိန်းဂဏန်းများကို တွေ့လိုက်ရပေ၏။

မတိုင်မီကအသံမှာ သူတို့ထံမှ ထွက်ပေါ်နေခြင်းပင် ဖြစ်ပေသည်။

သူတို့ကိုယ်ပေါ်ရှိ အရာကို မြင်လိုက်ရသောအခါ ယောင်ပင်း၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားတော့သည် ။ သူ၏ အမေနှင့် ကျန်းရှောင်ပေတို့တွင် ချိန်ကိုက်ဗုံးများတပ်ဆင်ထားခဲ့သည်။

ဗုံးပေါ်ရှိ ကိန်းဂဏန်းမှာ ၆၀ မှ ၅၈ သို့ ပြောင်းလဲသွားချေပြီ။

ကိန်းဂဏန်းများမှာလည်း ဆက်တိုက် လျော့နည်းနေဆဲပင်။

ဗုံးပေါက်ကွဲမှုကို တားဆီးရန် တစ်ခုတည်းသော နည်းလမ်းမှာ ဗုံးကို ဖြုတ်ပစ်ရန်သာ ရှိပေသည်။

ယောင်ပင်းသည် ယခင်က ချိန်ကိုက်ဗုံးကို တစ်ခါမျှ မကိုင်တွယ်ဖူးသလို တစ်မိနစ်မပြည့်မီ အချိန်အတွင်း ဗုံးနှစ်လုံးကို ဖြုတ်ရန်မှာလည်း မဖြစ်နိုင်သော ကိစ္စပင် ဖြစ်ပေ၏။

သူ သူတို့ကို မည်သို့ ကယ်တင်နိုင်ပါမည်နည်း။

“ဒုက္ခပဲ၊ အချိန်ကိုက်ဗုံးကြီးလား”

“၅၅ စက္ကန့်ပဲ ကျန်တော့တယ်၊ ပြေးကြ”

*

ယောင်ပင်း ပျာယာခတ်နေစဉ်မှာပင် အခြားသူများကလည်း ဗုံးများကို မြင်သွားကြပေပြီ။

ခဏအတွင်းမှာပင် လျှို့ဝှက်အခန်းထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။

အသက်ဘေးမှ လွတ်မြောက်ရန် လူတိုင်းက တံခါးဆီသို့ အလုအယက် ပြေးကြလေသည်။

သီးသန့်အခန်းထဲတွင် ထိုင်နေသော လူကြီးမင်း အချို့မှာလည်း သူတို့၏ လူများနှင့်အတူ တံခါးဆီသို့ အပြေးအလွှား ဆင်းလာကြပေသည်။

ယခုအချိန်တွင် အသက်ရှင်ရေးမှာ အရေးကြီးဆုံး မဟုတ်ပါလား။

လျှို့ဝှက်အခန်း၏ တံခါးမှာ ထွက်ပေါက်တစ်ခုတည်းသာ ရှိပေသည်။

ထို့ကြောင့် သူတို့ တံခါးမှတစ်ဆင့် လွတ်အောင် ပြေးရပေမည်။

ဒိုင်း..

ကျယ်လောင်သော အသံကြီး တစ်ချက် ထွက်ပေါ်လာ၏။

လူတိုင်း တံခါးဆီသို့ ရောက်သွားသောအခိုက်တွင် ပွင့်နေသော တံခါးကြီးမှာ ခဏအတွင်း ဝုန်းခနဲ ပိတ်သွားတော့သည်။

ထွက်ပြေးရန် ပြင်နေသော လူအုပ်ကြီးမှာလည်း ရုတ်တရက် ရပ်တန့်သွားရတော့သည်။

ဤလျှို့ဝှက်အခန်း၏ တံခါးမှာ ဗုံးဒဏ်ခံနိုင်သော လေကြောင်းရန် ကာကွယ်ရေးတံခါး ဖြစ်ရာ လူအင်အားဖြင့် ဖွင့်ရန်မှာ မဖြစ်နိုင်သကဲ့သို့ ဗုံးဖြင့်ပင် ဖောက်ရန် ခဲယဉ်းလှပေသည်။

ဤသည်မှာ တစ်စုံတစ်ယောက်က သူတို့အားလုံးကို သေစေလိုခြင်းပင်။

“သေစမ်း ဘယ်သူက တံခါးပိတ်လိုက်တာလဲ.. ဒါ ငါတို့အားလုံးကို သတ်တာပဲ”

“ဒီကနေ လွတ်သွားရင်တော့ လေချွမ်စံအိမ်ကို အစအန မကျန်အောင် ဖျက်ဆီးပစ်မယ်”

*

တံခါးပိတ်သွားသည့် ခဏ၌ လူတိုင်း ထိတ်လန့်သွားကြပေပြီ။

ခဏအတွင်းမှာပင် လျှို့ဝှက်အခန်းမှာ ဆူပွက်နေသော အိုးတစ်လုံးနှယ် ဖြစ်သွားတော့၏။

ချိန်ကိုက်ဗုံး၏ အချက်ပေးသံမှာ သေမင်း၏ ခေါင်းလောင်းသံနှယ် လူတိုင်းကို ထိတ်လန့်စေပြီး ခြေထောက်များပင် တုန်ရီနေကြပေသည်။

အစိုးရိမ်ဆုံးသူမှာ ယောင်ပင်းပင်။

ဗုံးပေါ်ရှိ အချိန်မှာ ၅၀ စက္ကန့်သာ ကျန်တော့သည်။

စက္ကန့်ငါးဆယ်အတွင်း ဗုံးဖြုတ်ပြီး လူနှစ်ယောက်ကို ကယ်တင်ရန်မှာ လုံးဝ မလုံလောက်ချေ။

တစ်ယောက်တည်းကို ကယ်လျှင်ပင် မလုံလောက်နိုင်ပေ။

လျှို့ဝှက်အခန်းမှာ သိပ်မကျယ်လှသဖြင့် ဗုံးပေါက်ကွဲမှုအတွင်း လူတိုင်းပါဝင်သွားနိုင်သည်။

ဗုံးပေါက်ကွဲသည်နှင့် အခန်းထဲရှိ လူအားလုံး သေဆုံးကြရပေမည်။

ဤသည်မှာ နောက်ကွယ်မှ ကြိုးကိုင်သူ၏ သေမိန့်ပင် ဖြစ်ချေသည်။

သူသည် ကျန်းကျုံးမှ လူကြီးများကို သုံး၍ ယောင်ပင်းကို ဖယ်ရှားရန် ရည်ရွယ်ခဲ့သော်လည်း ယောင်ပင်းက ထိုနည်းလမ်းကိုပင် ပြန်သုံးကာ လူတိုင်းကို သိမ်းသွင်းပြီး သူ၏ အချက်အလက်ကို နှိုက်ယူခဲ့သည်။

တစ်စုံတစ်ယောက်က သူ့ကို ဖော်ထုတ်မည် စိုးသဖြင့် နောက်ကွယ်မှလူက လျှို့ဝှက်အခန်းထဲရှိ လူအားလုံးကို သတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေ၏။

သူ၏ ရည်ရွယ်ချက်မှာ အလွန်ပင် ယုတ်မာလွန်းသည်။

“လူငယ်လေး မင်းမှာ ကံကြမ္မာကို အန်တုနိုင်တဲ့ စွမ်းအားရှိတယ်လို့ လေလံတင်သူက ပြောခဲ့တယ်နော်၊ ငါတို့ကို ဒီဘေးဒုက္ခကနေ ကယ်တင်ပြီး ငါတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မလား”

ကျန်းကျုံး လူကြီးများထဲမှ အသက်အကြီးဆုံးဖြစ်သူ အကြီးအကဲ လီချန်ဖုန်းသည် တုန်တုန်ရီရီဖြင့် ယောင်ပင်းအနားသို့ တိုးလာကာ အလေးအနက် တောင်းဆိုလိုက်ပေသည်။

“ငါကတော့ အိုပါပြီ၊ သေရမှာကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ငါ့လူတွေက အပြစ်မရှိကြဘူး၊ သူတို့ သေသွားမှာကို ငါ မကြည့်ရက်ဘူး

တကယ်လို့ မင်းသာ ငါတို့ ချန်ဖုန်းဂိုဏ်းကို ကယ်နိုင်ရင် ငါတို့ ကျန်းကျုံး ချန်ဖုန်းဂိုဏ်းက ဒီနေ့ကစပြီး မင်းရဲ့ အမိန့်ကိုပဲ နာခံပါတော့မယ်”

နဂါးနက်ဘော့စ်ဟု သိကြသော ကျန်းကျုံးလူကြီးကလည်း ဝင်ပြောပေသည်။

“လူငယ်လေး ငါက အကြီးအကဲလီနဲ့ သိပ်မတည့်ပေမဲ့ ဒီကိစ္စမှာတော့ ငါတို့ သဘောထားချင်း တူပါတယ်၊ မင်းသာ ငါတို့ကို ကယ်နိုင်ရင် ငါတို့ ကျန်းကျုံး နဂါးနက်ဂိုဏ်းက မင်း ခိုင်းသမျှ လုပ်ပါ့မယ်”

“ငါလည်း အတူတူပါပဲ”

“ငါလည်း အတူတူပါပဲ”

*

စက္ကန့်အနည်းငယ်အတွင်းမှာပင် ကျန်းကျုံး ရှစ်ဂိုဏ်းထဲမှ လေးဂိုဏ်းမှာ ယောင်ပင်းအား ကယ်တင်နိုင်ပါက ခေါင်းဆောင်အဖြစ် တင်မြှောက်မည်ဟု ကြေညာလိုက်ကြပေ၏။

ကျန်ရှိသော လေးဂိုဏ်းမှာတော့ တိတ်တဆိတ်ဖြင့် အခြေအနေကို စောင့်ကြည့်နေကြသည်။

သူတို့အားလုံးသည် ကျန်းကျုံး၌ အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ယခုအခါတွင်တော့ လျှို့ဝှက်အခန်းထဲ၌ ပိတ်မိကာ သေမင်းကို စောင့်နေရသူများ ဖြစ်နေကြရပေပြီ။

အသက်ရှင်ပြီး လွတ်မြောက်မှသာ နောက်ကွယ်မှလူကို ရှာဖွေပြီး ကလဲ့စားချေနိုင်မည် မဟုတ်ပါလား။

ထို့ကြောင့် သူတို့၏ မျှော်လင့်ချက် အားလုံးကို ယောင်ပင်းအပေါ်တွင် ပုံအပ်ထားလိုက်ကြပေတော့သည်။

ထိုအချိန်တွင် အချိန်မှာ ၄၀ စက္ကန့်သာ ကျန်တော့ပေသည်။

ယောင်ပင်းာ ထိုလူကြီးများ၏ စကားကို ဂရုမစိုက်နိုင်အားပေ။

သူက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားရင်း ဖြစ်လာနိုင်သမျှ အကျိုးဆက်များကို စဉ်းစားလိုက်ပေသည်။

နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည် ။ ဗုံးကို သူ၏ အမေနှင့် ကျန်းရှောင်ပေတို့ထံမှ အမြန်ဆုံး ခွဲထုတ်ရန်၊ ထို့နောက် လျှို့ဝှက်အခန်းတံခါးကို ဖွင့်ကာ လူတိုင်းကို ခေါ်ထုတ်သွားရန်ပင် ဖြစ်၏။

လီချန်ဖုန်း၏ ကြောက်ရွံ့ခြင်းတန်ဖိုး - ၁၀၀၀။

ဂိုဏ်းခေါင်းဆောင်၏ ကြောက်ရွံ့ခြင်းတန်ဖိုး - ၂၀၀၀။

*

ကြောက်ရွံ့မှုများကြောင့် စတိုးဆိုင်၏ အောက်ဘက်ရှိ ကြောက်ရွံ့ခြင်းတန်ဖိုးများမှာ အရှိန်အဟုန်ဖြင့် ထိုးတက်လာပေတော့သည်။

ယောင်ပင်းလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ဆိုင်ကို အမြန်ဖွင့်ကာ “ပထမငရဲဘုံမှ ချင်ကွမ်းဘုရင်၏ စွမ်းအား” ကို ရှာဖွေပြီး ဝယ်ယူလိုက်သည်။

ချက်ချင်းပင် အစွမ်းထက်လွန်းသော ခွန်အားတစ်ခုမှာ ယောင်ပင်း၏ ကိုယ်ထဲသို့ စီးဝင်သွားတော့၏။

ထို့နောက် ယောင်ပင်းက အထက်သို့ ခုန်တက်ကာ လှောင်အိမ်ကြီး၏ သံတိုင်နှစ်တိုင်ကို ဆုပ်ကိုင်ပြီး အားဖြင့် ဖြဲပစ်လိုက်ပေတော့သည်။

ဂျွတ်..

ဖြောက်..

ကလေးတစ်ယောက်၏ လက်မောင်းခန့် တုတ်ခိုင်သော သံမဏိတိုင်များမှာ ယောင်ပင်း၏ လက်အောက်တွင် ခဏချင်းအတွင်း ကွေးညွတ်ပြီး ကျိုးပျက်သွားတော့၏။

တိတ်ဆိတ်သွားပြန်ချေပြီ။

သေမင်းတမျှ တိတ်ဆိတ်ခြင်းပင်။

ရောက်ရှိနေသူများမှာ မှင်သက်သွားကြသည်။

သူတို့၏ မျက်လုံးများကိုပင် သူတို့ ပြန်၍ သံသယဝင်လာကြပေ၏။

ဤလောကတွင် ကလေးလက်မောင်းခန့်ရှိသော သံမဏိတိုင်များကို လက်ဗလာဖြင့် ချိုးနိုင်သောသူ ရှိသည်ဟုလား။

လူတိုင်း ထိတ်လန့်နေစဉ်မှာပင် ယောင်ပင်းက ဗုံးကို ချည်နှောင်ထားသော ဝိုင်ယာကြိုးကို ဖြတ်တောက်ပြီး သူ၏ အမေကို လှောင်အိမ်ထဲမှ မထုတ်လိုက်ပေပြီ။

ကျန်းရှောင်ပေကိုလည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်လိုက်ပေသည်။

တီ.. တီ.. တီ..

သူတို့နှစ်ဦးကို လှောင်အိမ်ထဲမှ ထုတ်လိုက်သည့် ခဏ၌ ဗုံးပေါ်ရှိ အချိန်မှာ စက္ကန့် ၃၀ သာ ကျန်တော့ပေသည်။

ယောင်ပင်းက သူ၏ အမေနှင့် ကျန်းရှောင်ပေကို တစ်ဖက်စီတွင် မ၍ လျှို့ဝှက်အခန်းတံခါးဆီသို့ အစွမ်းကုန် ပြေးသွားတော့သည်။

“သူ ဘာလုပ်မလို့လဲ”

“သူ တံခါးကို ဖွင့်တော့မလို့လား”

“ဒီတံခါးက လေကြောင်းရန် ကာကွယ်ရေးတံခါးလေ၊ သူ ဘယ်လိုလုပ်ပြီး ဖွင့်မှာလဲ”

*

လူအုပ်ကြီးမှာ တီးတိုး ဝေဖန်နေကြပြီး ယောင်ပင်းထံမှ မျက်တောင်မခတ်တမ်း ကြည့်နေကြပေသည်။

အချို့သော သွက်လက်သူများမှာတော့ ယောင်ပင်းနောက်သို့ လိုက်လာကြပြီး တံခါးဖွင့်ရန် ကူညီပေးရန် ပြင်ဆင်နေကြပေပြီ။

ယောင်ပင်း၏ လှုပ်ရှားမှုတိုင်းသည်က သူတို့၏ အသက်ရှင်ရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသည် မဟုတ်ပါလား။

သူတို့ ပေါ့ဆ၍ မရချေ။

ယောင်ပင်းသည် သူ၏ အမေနှင့် ကျန်းရှောင်ပေကို မ၍ တံခါးဆီသို့ ရောက်သွားသောအခါ သူ၏ စိတ်ကူးကို ရုတ်တရက် ပြောင်းလဲလိုက်ပေသည်။

သူသည် သူ၏ အမေနှင့် ကျန်းရှောင်ပေကို ဘေးရှိလူများထံသို့ အပ်နှံလိုက်ပြီးနောက် လှည့်ထွက်ကာ ပရိသတ်ထိုင်ခုံမှ သံဘောင်တစ်ခုကို ဆွဲထုတ်လိုက်ပြီး လျှို့ဝှက်အခန်း၏ နံရံတစ်ခုဆီသို့ အရှိန်ပြင်းပြင်းဖြင့် လွှတ်ထုလိုက်ပေတော့သည်။

ဘုန်း..

နားကွဲမတတ် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။

ခိုင်ခံ့လှသော သံဘောင်မှာ မိုးကြိုးပစ်လိုက်သကဲ့သို့ နံရံကို အရှိန်အဟုန်ဖြင့် ဖောက်ထွက်သွားတော့သည်။

ဘုန်း...

နောက်ထပ် ကျယ်လောင်သောအသံကြီး တစ်ချက်။

ခိုင်ခံ့လှသည်ဆိုသော နံရံကြီးမှာ ဝုန်းခနဲ ပြိုကျသွားပြီး အပေါက်ကြီးတစ်ခု ဖြစ်သွားတော့ပေသည်။

ယောင်ပင်းက နံရံကို ခြေတစ်ချက်ဖြင့် ထပ်မံ ကန်လိုက်ပြန်၏။

ဘုန်း..

လျှို့ဝှက်အခန်း၏ နံရံတစ်ခုလုံး ပြိုကျသွားပြီး ဖုန်မှုန့်များမှာလည်း လေထဲတွင် ဝဲပျံသွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

ဤသည်မှာ ငရဲဘုရင်၏ စွမ်းအားပင် ဖြစ်ပေ၏။

“မြန်မြန်.. အပြင်ကို ပြေးကြ.. အချိန်မရှိတော့ဘူး”

ယောင်ပင်း အော်ဟစ်လိုက်ပြီး သူ၏ အမေကို ဆွဲကာ အပြင်သို့ ပြေးထွက်သွားတော့သည်။

အခြားသူများမှာလည်း ဒီရေနှယ် တစ်ပြိုင်နက်တည်း အပြင်သို့ ပြေးထွက်ကြပေတော့သည်။

ဘုန်း.. ဘုန်း..

လူတိုင်း လျှို့ဝှက်အခန်းထဲမှ လွတ်မြောက်သွားသည့် ခဏမှာပင် ကျယ်လောင်လှသော ပေါက်ကွဲမှုကြီး နှစ်ချက် ထွက်ပေါ်လာခဲ့သည်။

ပြင်းထန်သော လေလှိုင်းများကြောင့် နောက်ကျနေသူများမှာ လွင့်ထွက်သွားကြပေသည်။

အားလုံးနီးပါးမှာ မြေပြင်ပေါ်သို့ လွင့်ကျသွားကြလေ၏။

ချောက်.. ချောက်..

လူတိုင်း မြေပြင်ပေါ်တွင် ရှိနေစဉ်မှာပင် သူတို့၏ ပတ်ဝန်းကျင်မှ သေနတ်မောင်းတင်သံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် အေးစက်သောအသံတစ်ခုက ဟိန်းထွက်လာ၏။

“ဒီနေ့ ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လျက် ထွက်မသွားစေရဘူး”

“ပစ်ကြစမ်း”

*

အခန်း(38)

ဤကြောက်တတ်သော လူများမှာ

အပိတ်ခံထားရသော အခန်းထဲမှ သေဘေးကို အနိုင်နိုင် ကျော်ဖြတ်လာပြီး အချိန်ခဏလေးသာ ရှိသေးသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့၏ အသက်မှာ တစ်ပါးသူ၏ လက်ထဲသို့ တစ်ဖက်ပြန် ရောက်ရှိသွားရပြန်ချေပြီ။

ပတ်ဝန်းကျင် အခြေအနေအရ သူတို့သည်က လူအများအပြား၏ ဝိုင်းရံမှုကို ခံထားရပြီး လူတိုင်းမှာလည်း လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြသည်။

အကယ်၍ တစ်စုံတစ်ရာ လှုပ်ရှားလိုက်သည်နှင့် ထိုသူတို့၏ လက်နက်များက သူတို့၏ ခေါင်းကို ပွင့်ထွက်သွားစေနိုင်ပေ၏။

ခဏမျှ မည်သူမျှ မလှုပ်ရဲဘဲ ရှိနေကြသည်။

“ဘယ်သူက ယောင်ပင်းလဲ”

သေနတ်မပစ်မီ ဗလုံးဗထွေးစကားသံတစ်ခုက ဟိန်းထွက်လာခဲ့သည်။

ယောင်ပင်းက ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်ကာပြန်ပြောလိုက်၏။

“ကျွန်တော်ပဲ”

ထိုအချိန်မှသာ သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။

သူတို့ကို ဝိုင်းထားသူများမှာ လူပေါင်း သုံးဆယ်၊ လေးဆယ်ခန့် ရှိနေပြီး အားလုံးမှာလည်း အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ကာ အနက်ရောင် လက်နက်ကိုယ်စီဖြင့် သူတို့၏ ခေါင်းကို ချိန်ရွယ်ထားကြသည်။

ဤလူများသည်က သေချာပေါက် ကြိုတင်ပြင်ဆင်ထားကြခြင်းပင်။

ထိုဗလုံးဗထွေး အသံပိုင်ရှင်မှာ အသက် ၃၀ ခန့်ရှိပြီး ပိန်ပါးသော မျက်နှာနှင့် မျက်လုံးအိမ်ကျဉ်းကျဉ်းရှိကာ မောက်မာစွာ စကားပြောနေခဲ့သည့်အတွက ဤအုပ်စု၏ ခေါင်းဆောင် ဖြစ်ပုံရသည်။

ထိုဗလုံးဗထွေး အသံနှင့်လူမှာ ယောင်ပင်းကို အပေါ်အောက် အကဲခတ်လိုက်ပြီးနောက် အထင်သေးစွာပြောလိုက်ပေ၏။

“မင်းက ယောင်ပင်းလား၊ အပြင်ကို ထွက်ခဲ့စမ်း”

“မြန်မြန်လုပ်.. မဟုတ်ရင် သေနတ်နဲ့ ပစ်သတ်လိုက်မယ်”

ထိုသူ ပြောလိုက်သည်နှင့် အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က ရှေ့တိုးလာပြီး ယောင်ပင်းကို မြေပြင်မှ ဆွဲထူကာ ထိုဗလုံးဗထွေး အသံရှင်ထံသို့ ဒရွတ်တိုက် ဆွဲခေါ်သွားကြတော့သည်။

ယောင်ပင်း လှောင်ပြုံး ပြုံးလိုက်မိပေ၏။

တစ်ဖက်လူ၏ သူ့ကို ဖယ်ရှားရန် အစီအစဉ်မှာ အလွန်ပင် စေ့စပ်လှပေသည်။

ယနေ့တွင်တော့ သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးရတော့မည်ပင်။

သူက မခုခံခဲ့ဘဲ ထိုလူနှစ်ယောက် ဆွဲခေါ်ရာသို့ ဖြည်းဖြည်းချင်း လိုက်ပါသွားခဲ့သည်။

သူက တိုက်ခိုက်ရန်အတွက် အချက်ကောင်းကိုသာ စောင့်နေခြင်း ဖြစ်လေ၏။

ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ် လူအုပ်၏ နောက်ကွယ်မှ ပျင်းရိပျင်းတွဲ အသံတစ်ခု ထွက်ပေါ်လာပေသည်။

“မင်း တော်တော်လေ့သတ္တိကောင်းနေတာပဲ၊ ငါမရှိတဲ့အချိန်မှာ ငါ့ညီတွေကိုတောင် လာစော်ကားဝံ့တယ်ပေါ့လေ”

ဤအသံကို ကြားလိုက်ရသောအခါ ယောင်ပင်း စိတ်ထဲ နွေးထွေးသွားရပေသည် ။

အစ်ကိုခိုင် ရောက်လာချေပြီ။

သူက အချိန်ကိုက်ပင် ရောက်ရှိလာခဲ့၏။

ယောင်ပင်းနှင့် တခြားလူများ၏ ခေါင်းကို သေနတ်ဖြင့် ချိန်ထားသော အနက်ရောင်ဝတ် လူများမှာ သူတို့၏ နောက်ကွယ်မှ ထွက်ပေါ်လာသော အသံကြောင့် ရုတ်တရက် ထိတ်လန့်သွားကြပေသည်။

ဗလုံးဗထွေး အသံရှင်၏ မျက်နှာတွင် ပျာယာခတ်သည့် အရိပ်အယောင်များပြေးသွားခဲ့၏။

သူက အခြားလူများကို အချက်ပြလိုက်ရာ အနက်ရောင်ဝတ် လူအုပ်မှာ ချက်ချင်း နှစ်စုကွဲသွားပေသည် ။

တစ်စုက ယောင်ပင်းတို့ကို ဆက်ချိန်ထားပြီး ကျန်တစ်စုမှာ နောက်သို့ လှည့်ကြည့်လိုက်ကြပေ၏။

အချို့လူများ လှည့်ကြည့်လိုက်သည်နှင့် အနက်ရောင် ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည် လူတစ်ယောက်က အနက်ရောင် ဂျာကင်ဝတ် လူတစ်စုကို ဦးဆောင်၍ အခန်းထဲသို့ ဝင်လာသည်ကိုတွေ့လိုက်ရသည်။

ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ ခိုင်ယဲ့ပင် ဖြစ်ပေ၏။

အခန်းထဲ ဝင်လာပြီးနောက် ခိုင်ယဲ့သည် ဦးစွာ ယောင်ပင်းကို အကဲခတ်လိုက်ပြီး ယောင်ပင်း မည်သည့်အရာမှမဖြစ်ကြောင်း သေချာသွားသောအခါမှသာ ဟိန်းဟောက်လိုက်ပေသည်။

“ကလေးတွေကို အနိုင်ကျင့်တာက ဘယ်လို ပညာမျိုးလဲ”

“လာကြစမ်း ညီအစ်ကိုတို့.. ငါတို့ရဲ့ လက်နက်တွေကို သူတို့ကို ပြလိုက်ကြစမ်း”

ခိုင်ယဲ့က အမိန့်ပေးလိုက်ပေ၏။

ချောက်.. ချောက်..

နောက်ထပ် သေနတ်မောင်းတင်သံများထွက်လာခဲ့သည်။

အနက်ရောင်ဝတ် လူများမှာ ချက်ချင်း မှင်သက်သွားကြပေသည် ။

သူတို့က စတားရိုင်ဖယ်ကြီးများကိုသာ ကိုင်ထားသော်လည်း ခိုင်ယဲ့၏ လူများမှာတော့ Coltသေနတ်များကို ကိုယ်စီ ကိုင်ဆောင်ထားကြသည်။

လက်နက် အင်အားချင်း ယှဉ်လျှင် သူတို့မှာ ခိုင်ယဲ့၏ လူများကိုမှီရန် အဝေးကြီး လိုနေပေသေးသည်။

ထို့အပြင် ပင်းဟိုင်နယ်ပယ်တွင် မာစတာခိုင်သည်က ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူ၏ လူများမှာလည်း ဝံပုလွေနှင့် ကျားသစ်များကဲ့သို့ တစ်ယောက်ချင်းစီက လူဆယ်ယောက်ကို ယှဉ်နိုင်သူများ ဖြစ်ကြပေ၏။

မာစတာခိုင်၏ အမည်ကို ကြားရုံနှင့်ပင် သူတို့ကတုန်လှုပ်နေကြရပြီဖြစ်ရာ သူ၏လူများကို တိုက်ခိုက်ရန်မှာတော့ မတွေးဝံ့စရာပင်။

ဗလုံးဗထွေး အသံရှင်မှာ မျက်နှာပျက်သွားပြီး ချက်ချင်းပင် ဖားယားသော အပြုံးဖြင့် ပြောလိုက်ပေသည်။

“မာစတာခိုင်၊ ဘာကိစ္စများ ရှိလို့ ဒီကို ကြွလာတာလဲ ဒါက နားလည်မှုလွဲတာလေးပါ.. ခဏလေး စောင့်ပေးပါဦး၊ ဒါလေးကို ရှင်းပြီးရင် ကျွန်တော် အရက်တိုက်ပါ့မယ်”

ဤသို့ပြောပြီးနောက် သူက သူ၏လူများကို မျက်စိမှိတ်ပြကာ ယောင်ပင်းကို ချက်ချင်း ပစ်သတ်ရန် အချက်ပြလိုက်ပေသည်။

မာစတာခိုင်၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားပေတော့သည်။ သူသည် ဗလုံးဗထွေး အသံရှင်ထံသို့ အနည်းငယ် တိုးသွားပြီး ထိုအနက်ရောင်ဝတ်စုံဝတ် လူ၏ ပါးကို ရိုက်လျက် မေးလိုက်သည်။

“ငါ ဘာလို့ လာရတာလဲ ဟုတ်လား”

“နားလည်မှု လွဲတာလေး တစ်ခု..?”

“ နားလည်မှု လွဲတာက ငါ့ညီကို သေနတ်နဲ့ ချိန်ထားတာလား”

“မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတယ်၊ မင်းကတော့ သတ္တိတွေ ပိုကောင်းလာတာပဲ”

“သတ္တိကောင်းလာတယ်” ဆိုသော စကားမှာ သူ၏ နှုတ်ခမ်းမှ မထွက်သေးမီမှာပင် မာစတာခိုင်၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားပြီး ဗလုံးဗထွေး အသံရှင်၏ ဝမ်းဗိုက်ကို တည့်တည့် ကန်ထည့်လိုက်ပေပြီ။

သတိမထားမိဘဲ အရိုက်ခံလိုက်ရသောကြောင့် ဗလုံးဗထွေး အသံရှင်မှာ မာစတာခိုင်၏ ကန်ချက်ကြောင့် မြေပြင်ပေါ်သို့ လွင့်ကျသွားပြီး အချိန်အတော်ကြာသည်အထိ ပြန်မထနိုင် ဖြစ်နေခဲ့၏။

အနက်ရောင်ဝတ် လူများမှာ ချက်ချင်း ဆူပွက်သွားတော့သည်။

ထိုအချိန်မှာပင် မြေပြင်ပေါ်တွင် ဝပ်နေခဲ့သော ကျန်းကျုံးမှ လူများမှာလည်း အခွင့်ကောင်းယူ၍ ထရပ်ကာ တိုက်ခိုက်ကြလေတော့သည်။

“တောက်.. မင်းတို့က ငါ့ခေါင်းပေါ် လာပြီးချေးတက်ပါဝံ့တယ်ပေါ့လေ၊ ငါ မင်းတို့ကို ပြလိုက်မယ်”

“ ငါ့ခေါင်းကို သေနတ်နဲ့ ချိန်တာကို ငါ အမုန်းဆုံးပဲ”

*

လျှို့ဝှက်ခန်းထဲမှ လွတ်မြောက်လာသူများမှာ ကျန်းကျုံးမှ အကြီးအကဲ ရှစ်ဦး၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။

သူတို့မှာ အများအားဖြင့် လူမိုက်များ ဖြစ်ကြပြီး အကြီးအကဲ ရှစ်ဦးနှင့်အတူ လောကဓံ အမျိုးမျိုးကို ဖြတ်သန်းလာခဲ့ကြသူများ ဖြစ်ပေသည်။

သူတို့အားလုံးင ဓားသွားပေါ်တွင် လမ်းလျှောက်လာခဲ့ကြသော လူကြမ်းများ ဖြစ်ကြပြီး ဥပဒေတွင်း၊ ဥပဒေပြင်ပ နှစ်လောကလုံးတွင် ရင်ဆိုင်ရ ခက်ခဲသောသူများ ဖြစ်ကြပေ၏။

လျှို့ဝှက်ခန်းထဲတွင် ပိတ်မိနေစဉ်ကသာ သူတို့ မည်သည့်အရာကိုမှမတတ်နိုင်ခဲ့ကြခြင်းသာ ဖြစ်ပေသည်။

ယခုအခါ မာစတာခိုင်ရောက်လာသဖြင့် အခြေအနေမှာ အနည်းငယ် ပြောင်းလဲသွားချေပြီ။

သူတို့သည် ချက်ချင်း တုံ့ပြန်ပြီး ပြန်လည် တိုက်ခိုက်ကြလေတော့သည်။

တုံ့ပြန်မှုမှာ လျင်မြန်လှပေ၏။

အနက်ရောင်ဝတ် လူများထိန်းချုပ်ထားခဲ့သော အခြေအနေမှာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းပြန် ဖြစ်သွားတော့သည်။

“လာကြစမ်း.. ဒီနေရာတစ်ခုလုံးကို ထိန်းချုပ်လိုက်ကြ၊ တစ်ယောက်မှ လွတ်မသွားစေနဲ့”

မြေအောက်လောက ဘော့စ်ကြီးမှာ ခုနကတင် လက်အောက်ငယ်သား အချို့၏ သေနတ်ချိန်ခြင်းကို ခံခဲ့ရသဖြင့် သူ၏ မျက်နှာမှာ မုန်တိုင်းမလာမီ တိတ်ဆိတ်နေသော ပင်လယ်နှယ် တည်ငြိမ်အေးစက်နေသည်။

သူက အေးစက်စွာ အမိန့်ပေးလိုက်၏။

“သူတို့ထဲက တစ်ယောက်ယောက်သာ လွတ်သွားခဲ့ရင် ငါ မင်းတို့ ခေါင်းတွေကို ဖြတ်ပစ်မယ်”

*

ယောင်ပင်းမှာတော့ ဝင်ရောက် တိုက်ခိုက်ခြင်း မပြုချေ။

သူသည် သူ၏ အမေကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားပြီး ကျန်းရှောင်ပေ ကို လိုက်ရှာနေခဲ့သည်။

သူမ၏ လျှို့ဝှက်ချက်ကို သူ သေချာပေါက် ဖော်ထုတ်ရပေမည်။

သို့သော် လူအုပ်ကြီး တစ်ခုလုံးကို ရှာဖွေပြီးနောက်တွင် ကျန်းရှောင်ပေ ကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ချေ။

ထူးဆန်းလှပေသည်။ ကျန်းရှောင်ပေ နှင့် သူ၏ အမေမှာ လှောင်အိမ်ကြီးထဲတွင် အတူပိတ်မိနေခဲ့ခြင်း ဖြစ်ပြီး သူ၏ အမေမှာ ယခုတိုင် သတိမေ့နေဆဲ ဖြစ်သည်။

သူ့အမေတောင် သတိလစ်နေချိန်မှာ ကျန်းရှောင်ပေက ဘယ်ကို ရောက်သွားတာလဲ။

ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် ခိုးထွက်သွားခဲ့ခြင်းလား။

လေချွမ်စံအိမ်၏ လျှို့ဝှက်အခန်း တစ်ခုအတွင်း။

လူတစ်ယောက်က ခိုင်ခံ့သော အမှုဆောင် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ မျက်နှာမှာ အမှောင်ရိပ်ထဲတွင် ဖုံးကွယ်နေပေသည်။

သူက မေးလိုက်၏။

“အခြေအနေတွေ ဘယ်လိုရှိလဲ”

အခြားလူတစ်ယောက်မှာ ကုလားထိုင်၏ နောက်ဘက်တွင် ရိုသေစွာ ရပ်နေပေသည်။

“စိတ်မပူပါနဲ့၊ အရာအားလုံးကို အပြည့်အစုံ စီစဉ်ထားပါတယ်၊ ယောင်ပင်းက မျောက်ဘုရင်ဝူခုန်း ဖြစ်နေရင်တောင် ကျွန်တော်တို့ လက်ထဲက လွတ်မှာ မဟုတ်ပါဘူး”

သူသည် ဘေးကင်းစေရန် နှစ်ထပ်ကွမ်း အစီအမံများ ပြုလုပ်ထားသဖြင့် လွဲချော်စရာ အကြောင်း မရှိပေ။

“ကျန်းရှောင်ပေ ကရော”

“သူမအတွက်လည်း စိတ်မပူပါနဲ့၊ သေခြင်းတရားမှော်ဆရာရှိနေတာပဲ၊ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”

“ကောင်းပြီ.. ဟောင်ထျန်းချိုင်၊ မင်းကို ငါ ယုံကြည်ပါတယ်၊ ဒါပေမဲ့ အဲဒီကောင်လေးက လျှော့တွက်လို့ရတဲ့သူ မဟုတ်ဘူး၊ မပေါ့ဆနဲ့ဦး”

*

ဟောင်ထျန်းချိုင် ပြန်မဖြေမီမှာပင် အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်မှာ အသက်ရှူမနည်း အခန်းထဲသို့ ပြေးဝင်လာပေသည်။

“ပြသနာတွေ တက်ကုန်ပြီ”

“ဘာဖြစ်လို့လဲ”

ဟောင်ထျန်းချိုင်က စိုးရိမ်တကြီး မေးလိုက်ပေသည်။

“သူတို့.. သူတို့”

အနက်ရောင်ဝတ် လူမှာ စကားများ ထစ်နေပြီး ခဏအကြာမှ အနိုင်နိုင် ပြောလိုက်ပေသည်။

“ဘော့စ်.. အပြင်ကို ထွက်ကြည့်တာ ကောင်းမယ် ထင်တယ် သူတို့တွေ လေချွမ်စံအိမ်ကြီးကို ဖျက်ဆီးပစ်တော့မယ်”

ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူမှာ ရုတ်တရက် လှုပ်ရှားသွားတော့သည်။

ဟောင်ထျန်းချိုင် ထိတ်လန့်သွား၏။

“အစီအစဉ် ပျက်သွားပြီလား”

အနက်ရောင်ဝတ် လူက ပျာယာခတ်လျက် ခေါင်းညိတ်ပြပေသည်။

“ဟုတ်ကဲ့”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟောင်ထျန်းချိုင်က ထိတ်လန့်တကြားဖြစ်မှုနှင့် ဒေါသတို့ကို ခံစားသွားရသည်။ သူက လျှို့ဝှက်ခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် အကြိမ်အတော်ကြာ လမ်းလျှောက်လိုက်ပြီး ထိုလူကို မေးလိုက်၏။

“ငါက အဲဒီ လှောင်အိမ်ထဲမှာ အချိန်ကိုက်ဗုံး နှစ်လုံးတောင် ထောင်ထားခဲ့တာ၊ နံပါတ် ၃ လျှို့ဝှက်ခန်းတစ်ခုလုံး ပျောက်သွားအောင် လုံလောက်တာကို.. သူတို့ ဘယ်လို လွတ်လာတာလဲ”

အနက်ရောင်ဝတ် လူ : “...”

ဟောင်ထျန်းချိုင် က ဒေါသအရှိန်ဖြင့် ထပ်မေးပြန်၏။

“ဒါဆို လျှို့ဝှက်ခန်း အပြင်ဘက်မှာ စောင့်နေတဲ့သူတွေကရော၊ သူတို့ အခု ဘယ်လိုရှိလဲ”

မမျှော်လင့်ထားသော ကိစ္စများ မဖြစ်စေရန် သူသည် အပြင်ဘက်တွင် လက်နက်ကိုင်ဆောင်ထားသော လူလေးဆယ်ကို စောင့်ခိုင်းထားခြင်း ဖြစ်ပေသည်။

လျှို့ဝှက်ခန်းထဲမှ ထွက်လာသည့်မည်သူမဆိုကို ပစ်သတ်ရန်၊ မျက်နှာပြခွင့်ပင် မပေးရန် သူ အမိန့်ပေးထားခဲ့ခြင်း ဖြစ်ပေ၏။

အနက်ရောင်ဝတ် လူက ထိတ်လန့်စွာ ဖြေလိုက်သည်။

“သူတို့အားလုံး.. အားလုံးက အဖမ်းခံထားရပါပြီ.. ခိုင်ယဲ့က ပြောလိုက်တယ်၊ ခင်ဗျားသာ တစ်မိနစ်အတွင်း ထွက်မလာရင် လူတစ်ယောက်ကို သတ်မယ်၊ နှစ်မိနစ်အတွင်း ထွက်မလာရင် နှစ်ယောက်ကို သတ်မယ်.. ခင်ဗျား ပေါ်လာတဲ့အထိပဲတဲ့”

All Chapters