← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း(39)

ဟောင်ထျန်းချိုင် မှာ ထိတ်လန့်တုန်လှုပ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိပေသည်။

ဤနေရာမှာ လေချွမ်စံအိမ် ဖြစ်ပေသည်။

လေချွမ်စံအိမ်သည် နေရာသာ ငှားရမ်းပေးခြင်းဖြစ်သော်လည်း ၎င်း၏ ပိုင်ရှင်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှပေသည်။

အကယ်၍ တစ်ဖက်လူက လေချွမ်စံအိမ််မှ လူများစွာကိုသတ်ခဲ့လျှင် လေချွမ်စံအိမ်က သူ့ကို သေချာပေါက် တာဝန်ယူခိုင်းပေလိမ့်မည်။

သူ ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူကို လှမ်းကြည့်လိုက်ပေသည်။

ထိုလူမှာ မျက်နှာပျက်ယွင်းနေပြီး စကားတစ်ခွန်းမျှ မပြောချေ။

ဟောင်ထျန်းချိုင်၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော့သွားတော့သည်။

သူ ယနေ့တွင် သေချာပေါက် အပြင်သို့ ထွက်ရတော့မည်ကို သိလိုက်ပေပြီ။

*

လေချွမ်စံအိမ် ခန်းမအတွင်း။

အနက်ရောင်ဝတ်စုံဝတ် လူ၏ ဦးဆောင်မှုဖြင့် ဟောင်ထျန်းချိုင် သည် ခန်းမသို့ အပြေးအလွှား ရောက်လာပေသည်။

သူ ရောက်လာသည်နှင့် ကျန်းကျုံးရှိ ဂိုဏ်းရှစ်ခုမှ အကြီးအကဲများက ကုလားထိုင်ပေါ်တွင် မျက်နှာပျက်ယွင်းစွာဖြင့် အေးစက်သော မျက်လုံးများဖြင့်ထိုင်နေကြသည်ကို သူ တွေ့လိုက်ရပေ၏။

သူတို့၏ ဘေးတွင်လည်း လက်အောက်ငယ်သားများက သူ့ကို အရှင်လတ်လတ် ဝါးစားတော့မည့်နှယ် စိုက်ကြည့်နေကြပေသည်။

သူ စေလွှတ်လိုက်သော အနက်ရောင်ဝတ် လူများမှာတော့ မြေပြင်ပေါ်တွင် ဝိုင်းလျက်သား ဒူးထောက်နေကြရရှာပေ၏။

လေထုမှာ အလွန်ပင် မှိုင်ညို့၍ လေးလံနေခဲ့သည်။

မီးစပွင့်သည်နှင့် ပေါက်ကွဲတော့မည့် အခြေအနေဖြစ်နေခဲ့သည်။

“လောင်လီ၊ ဘော့စ်ဟေး.. လူကြီးမင်းတို့ အားလုံးကို ကျွန်တော် တောင်းပန်ပါတယ်”

ဤမြင်ကွင်းကို မြင်သောအခါ ဟောင်ထျန်းချိုင်မှာ ချွေးအေးများ ထွက်လာပြီး အံကိုကြိတ်ကာ အတင်း တောင်းပန်လိုက်ပေသည်။

“ဒါကနားလည်မှု လွဲသွားတာပါ၊ ကျွန်တော်က ယောင်ပင်းရဲ့ အသက်ကိုပဲ လိုချင်တာ.. လူကြီးမင်းတို့ကို ထိခိုက်စေမယ်လို့ မရည်ရွယ်ပါဘူး”

ဘေးဒုက္ခ နှစ်ခုကြားတွင် သူသည်က သက်သာမည့်ဘေးဒုက္ခကို ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။

ဟောင်ထျန်းချိုင်မှာ သူ၏ အသက်ကို ကယ်တင်နိုင်မည့် အကြောင်းပြချက်ကို အမြန်ရှာဖွေလိုက်သည်။

ဤလူများထဲတွင် ယောင်ပင်းမှာ အဆက်အသွယ် အနည်းဆုံးနှင့် နောက်ခံအင်အားမရှိဆုံးသူ ဖြစ်ပေသည်။

သူသာ အပြစ်အားလုံးကို ယောင်ပင်း အပေါ်သို့ ပုံချနိုင်လျှင် သူ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိသေးပေသည်။

“မင်း ခုနက ပြောလိုက်တာ.. ဘယ်သူ့အသက်ကို လိုချင်တာလဲ”

သူ ပါးစပ်ဟလိုက်သည်နှင့် လောင်လီ၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားတော့သည်။

ဟောင်ထျန်းချိုင်က လောင်လီ ရှင်းရှင်းလင်းလင်း မကြားရဟု ထင်မှတ်ကာ မနီးမဝေးရှိ ယောင်ပင်းကို ညွှန်ပြလျက် ပြောလိုက်ပေ၏။

“လောင်လီ.. ကျွန်တော် ခုနက ပြောသလိုပါပဲ၊ ကျွန်တော်က ယောင်ပင်း ရဲ့ အသက်ကိုပဲ လိုချင်တာပါ အားလုံးကို ထိခိုက်စေမယ်လို့ မမျှော်လင့်ထားမိပါဘူး တကယ်ကို တောင်းပန်ပါတယ်”

သို့သော် သူ၏ စကားများမှာ ရုတ်တရက် ရပ်တန့်သွားပေတော့သည်။

တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူ ခပ်ရေးရေး သိလိုက်ပေပြီ။

အထူးသဖြင့် ယောင်ပင်းဟု အမည်တပ်လိုက်သောအခါ ထိုအကြီးအကဲများ၏ မျက်နှာအမူအရာတို့ကပြောင်းလဲသွားခဲ့ကြသည်။

နဂါးနက်ဂိုဏ်း နှင့် အနီရောင်ဂိတ်ဂိုဏ်းမှ ခေါင်းဆောင်များက မတ်တပ်ပင် ထရပ်လိုက်ကြပေသည်။

အခြားတစ်ဖက်တွင်တော့ ခိုင်ယဲ့က သူ့ကို ပြုံးပြလျက် လက်လှမ်းပြလိုက်၏။

“ဘော့စ်ဟောင်၊ ဒီကို လာပါဦး ငါ မင်းကို ပြောစရာ တစ်ခုရှိတယ်”

ခိုင်ယဲ့က ဟောင်ထျန်းချိုင်အား လက်လှမ်းပြလိုက်ကာ ဖော်ရွေလှသော အပြုံးဖြင့် ကြိုဆိုနေခဲ့သည်။

သို့သော်လည်း ဟောင်ထျန်းချိုင်မှာတော့ ကျောပြင်တစ်လျှောက် စိမ့်ခနဲ အအေးဓာတ် စီးဆင်းသွားပြီး ခြေထောက်များမှာလည်း အထိန်းအကွပ်မဲ့စွာ တုန်ရီနေချေ၏။

လေချွမ်စံအိမ်သို့ မလာမီ ယောင်ပင်း ပြုလုပ်ခဲ့သမျှ အရာအားလုံးသည်က သူတို့၏ အစီအစဉ်များသာ ဖြစ်ပေသည်။

ထိုအစီအစဉ်အရ ခိုင်ယဲ့က ယနေ့ ဤနေရာတွင် လုံးဝ မရှိသင့်ဆုံးသော လူပင် ဖြစ်ပေ၏။

သို့သော်လည်း သူ ရောက်ရှိနေခဲ့ချေပြီ။

လေထုမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင် တင်းမာနေပေသည်။

ဟောင်ထျန်းချိုင်သည် တုန်ရီနေသော ခြေထောက်များကို အားတင်းကာ မာစတာခိုင်ထံသို့ တိုးသွားလိုက်ပေသည်။

သူ၏ မျက်နှာတွင် ဖားယားသော အပြုံးများ အပြည့်ဖြင့်မေးလိုက်၏။

“မာစတာခိုင်ဘာများ အမိန့်ရှိပါသလဲ”

မာစတာခိုင်က အသာအယာ ပြုံးလိုက်ပြီး သူ့ကို ထပ်မံ လက်လှမ်းပြပြန်သည်။

“နီးနီးလေး လာခဲ့စမ်းပါ”

ဟောင်ထျန်းချိုင်မှာ မာစတာခိုင် လုပ်မည့်အရာကို မသိသော်လည်း အမိန့်ကို မဖီဆန်ရဲသဖြင့် မာစတာခိုင်အနားသို့ တိုးသွားရပေသည်။

မာစတာခိုင်က သူ၏ အနားသို့တိုးလာရန် အချက်ပြလိုက်၏။

ဟောင်ထျန်းချိုင်မှာလည်း လိုက်နာရန်သာတတ်နိုင်ခဲ့၏။

“ငါ ပြောမယ် .. အဲဒီကောင်လေးက ငါ့လူပဲ မင်းရဲ့ မျက်လုံးတွေက ဘာဖြစ်နေတာလဲ”

ဟောင်ထျန်းချိုင် အနားသို့ ရောက်လာသည်နှင့် ခိုင်ယဲ့၏ မျက်နှာမှာ ရုတ်တရက် မှောင်ကျသွားတော့သည်။ သူက ရုတ်ခြည်း လက်လှမ်းလိုက်ပြီး ဟောင်ထျန်းချိုင်၏ ပါးကို ခပာဖွဖွ ရိုက်လျက် မေးလိုက်ပေသည်။

“ဘာလဲ၊ ငါ့ညီရဲ့ အသက်က သိပ်မတန်ဘူးလို့ မင်းထင်နေတာလား၊ မင်းက ဒီအတိုင်းပဲ ယူလို့ရမယ် ထင်နေတာလား”

“မင်းက ကလေးတစ်ယောက်ကို ဗုံးတွေ သေနတ်တွေနဲ့ လုပ်ရတာ မရှက်ဘူးလား”

ဖြန်း.. ဖြန်း.. ဖြန်း..

ဟောင်ထျန်းချိုင်၏ မျက်နှာမှာ ခိုင်ယဲ့၏ ရိုက်နှက်မှုကို အဆက်မပြတ်ခံလိုက်ရသည်။ဟောင်ထျန်းချိုင်မှာ နောက်သို့ပင် မဆုတ်ရဲဘဲ အံကြိတ်ကာ ခံနေရုံသာ တတ်နိုင်ပေတော့သည်။

သူသည် မြေကွက်အချို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ထိုမြေမှာ အလွန်တန်ဖိုးရှိလှပေသည်။ မကြာသေးမီ နှစ်များအတွင်း သူက စီးပွားရေးအချို့ လုပ်ကိုင်ခဲ့သဖြင့် ပင်းဟိုင်တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပင်။

သို့သော်လည်း ခိုင်ယဲ့၏ ရှေ့တွင်တော့ သူ၏ မာန်မာနများကို မျိုချကာ မြေးတစ်ယောက်နှယ် ငြိမ်ကုပ်နေရပြီး ခိုင်ယဲ့၏ ပါးရိုက်ခြင်းကို ငြိမ်ခံနေရပေတော့သည်။

ခိုင်ယဲ့၏ နောက်ခံမှာ မိုမိသားစု ဖြစ်သည်ကို မဆိုထားနှင့်။

ဟောင်ထျန်းချိုင်သည် ခိုင်ယဲ့ ကိုယ်တိုင်ကိုပင် စော်ကားရန် မဝံ့ရဲချေ။

ဟောင်ထျန်းချိုင်ကို ပို၍ ထိတ်လန့်သွားစေသည်မှာ ခိုင်ယဲ့၏ စကားတိုင်းကထိုကောင်လေး ယောင်ပင်းကို ကာကွယ်နေခြင်းပင် ဖြစ်ပေ၏။

သို့သော်လည်း သူတို့ ခိုင်းသည့်အတိုင်း ယောင်ပင်းက ခိုင်ယဲ့၏ နေရာကို ဖျက်ဆီးခဲ့ပြီး ခိုင်ယဲ့နှင့် ရန်သူများ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။

သူ၏ လူများက ထိုအရာကို ရှင်းလင်းစွာ မြင်ခဲ့ကြခြင်းပင်။

ကြားထဲတွင် မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သနည်း။

“ဒီကို လာဦး၊ ဒီကို လာဦး”

ဟောင်ထျန်းချိုင် တွေးတောနေစဉ်မှာပင် ဘော့စ်ဟေးက သူ့ကို ထပ်မံ လက်လှမ်းပြပြန်သည်။

“ငါလည်း မင်းကို ပြောစရာ ရှိသေးတယ်”

ဘော့စ်ဟေးမှာ ကျန်းကျုံးရှိ လူကြီးများထဲတွင် ဒေါသအကြီးဆုံးနှင့် အစွန်းအရောက်ဆုံး လူတစ်ယောက် ဖြစ်ပေသည်။

ဟောင်ထျန်းချိုင် မပေါ့ဆရဲဘဲ ဘော့စ်ဟေးထံသို့ အမြန် ပြေးသွားလိုက်ပေသည်။

သူက ရိုသေစွာ ပြုံးလျက်မေးလိုက်၏။

“ဘာများ အမိန့်ရှိပါသလဲ”

သူ စကားမဆုံးသေးမီမှာပင် ဘော့စ်ဟေးက ဟောင်ထျန်းချိုင်၏ ရင်ဘတ်တည့်တည့်ကို ကန်ထည့်လိုက်လေ၏။ သူသည် မြေပြင်ပေါ်သို့ လွင့်ကျသွားတော့သည်။

“သေစမ်း မင်းက ရှောင်ယောင်ရဲ့ အသက်ကို ယူဝံ့တယ်ပေါ့လေ၊ ဘယ်သူက မင်းကို ဒီလောက် သတ္တိတွေ ပေးလိုက်တာလဲ”

*

ဘော့စ်ဟေးမှာ သူ၏ အမည်နှင့် လိုက်ဖက်စွာ အသားမည်းမည်းဖြင့် ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း ရှိလှပြီး သူ၏ သိုင်းပညာမှာ စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပေသည်။

ဘော့စ်ဟေး၏ ကန်ချက်ကြောင့် ဟောင်ထျန်းချိုင်တစ်ယောက် သူ၏ ရင်ဘတ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သွေးများ ဆူပွက်လာကာ အောင့်မထားနိုင်တော့ဘဲ သွေးတစ်လုတ် အန်လိုက်ရတော့၏။

ထိုဂိုဏ်းခေါင်းဆောင်ကြီးက ယောင်ပင်းကို “ရှောင်ယောင်” ဟု ခေါ်ဝေါ်လိုက်ခြင်းက ဟောင်ထျန်းချိုင်ကို ပို၍ ထိတ်လန့်စေသည်။

ထိုဂိုဏ်းခေါင်းဆောင်ကြီးမှာ ဒေါသကြီးသူ၊ အစွန်းရောက်သူ ဖြစ်ပြီး များသောအားဖြင့် မောက်မာကာ မည်သူ့ကိုမျှ အရေးမလုပ်သူ ဖြစ်ကြောင်း ပင်းဟိုင်ရှိ လူတိုင်း သိကြပေသည်။ သူ့ကို ခေါင်းငုံ့လာအောင် လုပ်ခြင်းမှာ သူ၏ ခေါင်းကို ဖြတ်ပစ်ခြင်းနှင့်ပင် တူပေလိမ့်မည်။

သို့သော်လည်း ယခုအခါ အထက်တန်းကျောင်းသားလေး ယောင်ပင်း၏ ရှေ့တွင်ဆော့ ခေါင်းငုံ့ထားခဲ့သည်။

ထို့အပြင် သူ၏ အမူအရာမှာလည်း အလွန်ပင် ရိုသေလေးစားနေချေ၏။

“ဘော့စ်.. ဒါ.. ဒါက နားလည်မှု လွဲတာပါ”

ဟောင်ထျန်းချိုင်မှာ နောင်တများဖြင့် ပြည့်နှက်နေပေသည်။

သူသည် ထိုလူ၏ မျက်နှာသာ ရရှိရန်အတွက် ဤကိစ္စတွင် ပါဝင်ပတ်သက်ခဲ့မိခြင်းကို အလွန်နောင်တရနေမိတော့သည်။

ဤနေရာတွင် ရှိနေသူတိုင်းက ခြေတစ်ချက် ဆောင့်လိုက်ရုံဖြင့် ကျန်းကျုံး တစ်ခုလုံးကို တုန်လှုပ်စေနိုင်သူများ ဖြစ်ကြပြီး သူ၏ အသက်ကို ယူရန်မှာ လက်ဖဝါးကိုစောင်းလိုက်ရုံမျှကဲ့သို့ လွယ်ကူလှပေသည်။

ထို့အပြင် ဤလူကြီးများသည် မတိုင်ခင်က လျှို့ဝှက်ခန်းထဲတွင် အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။

သူ၏ ရှင်းပြချက်မှာ ဂိုဏ်းခေါင်းဆောင်ကြီးကို ပို၍သာ ဒေါသထွက်စေခဲ့သည်။

ဂိုဏ်းခေါင်းဆောင်ကြီးက ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်ပြီး ဟောင်ထျန်းချိုင်အနားသို့ တိုးသွားကာ ထပ်မံ ကန်လိုက်ပြန်၏။

“နားလည်မှု လွဲတာ ဟုတ်လား၊ လျှို့ဝှက်ခန်းကို ဗုံးနဲ့ ခွဲဖို့ ကြိုးစားတာက နားလည်မှု လွဲတာလား၊ မင်းရဲ့ လူတွေအများကြီးကို လွှတ်ပြီး ဘော့စ်ဟေးရဲ့ ခေါင်းကို သေနတ်နဲ့ ချိန်ခိုင်းတာကရော...”

“ရှောင်ယောင်ကို သတ်ဖို့ ကြိုးစားတာကရော နားလည်မှု လွဲတာလား”

*

ဘော့စ်ဟေးသည် ဆဲဆိုရင်း ကန်ကျောက်နေတော့သည်။

ကန်ချက် အနည်းငယ် အပြီးတွင် ဟောင်ထျန်းချိုင်မှာ သွေးများ အန်နေရပြီး ပိုးဟပ်တစ်ကောင်နှယ် မြေပြင်ပေါ်တွင် ဝပ်နေရကာ တွားပင် မတွားနိုင်တော့ချေ။

ထိုအချိန်တွင် သူသည် သေလိုစိတ်ပင် ပေါက်နေပေပြီ။

သူ သေသွားမှသာ ဤဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်မည် ဖြစ်ပေ၏။

သို့သော် ထူးဆန်းသည်မှာ မျက်တောင်မခတ်တမ်း လူသတ်တတ်သော ဤကျန်းကျုံး အကြီးအကဲများသည် သူ့ကို ဝိုင်း၍ ရိုက်နှက်ကန်ကျောက်နေကြသော်လည်း သတ်ပစ်ရန် ရည်ရွယ်ချက် မရှိပုံရသည်။

မျှော်လင့်ချက် အလင်းတန်းလေးတစ်ခုမှာ ဟောင်ထျန်းချိုင်၏ စိတ်ပျက်အားငယ်နေသော နှလုံးသားထဲတွင် ပေါ်ပေါက်လာတော့သည်။

“ဘော့စ်ဟေး တော်လိုက်တော့”

ဟောင်ထျန်းချိုင်မှာ အရိုက်ခံရလွန်းသဖြင့် ဝေဝေဝါးဝါး ဖြစ်နေစဉ်မှာပင် လောင်လီက ရုတ်တရက် တားလိုက်ပသည်။

“မင်းကတော့ ဒေါသကြီးလွန်းတာပဲ၊ လုပ်လိုက်ရင်လည်း စိတ်လိုက်မာန်ပါ ရှိလွနားတယ်”

ဟောင်ထျန်းချိုင်တစ်ယောက် အသက်ဆက်ခွင့် ရလိုက်သကဲ့သို့ ဝမ်းသာသွားပြီး အော်ဟစ်လိုက်သည်။

“လောင်လီ.. ကျွန်တော့်ကို ကယ်ပါဦး”

*

အခန်း(40)

လောင်လီသည် ကျန်းကျုံးရှိ ဂိုဏ်းရှစ်ခုထဲတွင် အသက်အကြီးဆုံးနှင့် သိက္ခာအရှိဆုံးသူ ဖြစ်ပေသည်။

အကယ်၍ လောင်လီသာ သူ့အတွက် စကားပြောပေးလျှင် သူ အသက်ရှင်နိုင်ပေလိမ့်မည်။

ဂိုဏ်းခေါင်းဆောင်ကြီးသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ ထိုင်ခုံသို့ ပြန်သွားကာ အေးစက်သော မျက်နှာဖြင့် တိတ်ဆိတ်နေတော့၏။

အဘိုးကြီးလီက ထရပ်လိုက်ပြီး ဟောင်ထျန်းချိုင်အား မြေပြင်မှ ကိုယ်တိုင် ထူပေးလိုက်ပေသည်။

သူ၏ အပြုံးမှာ အလွန်ပင် ကြင်နာတတ်ပုံရပေ၏။

“မှားတတ်တာကတော့ ကိစ္စမရှိပါဘူး။၊ အရေးကြီးဆုံးက အမှားကို ဝန်ခံပြီး ပြင်ဆင်ဖို့ပဲမလား”

“ဟုတ်တယ်.. ဟုတ်တယ်.. လောင်လီ ပြောတာ မှန်ပါတယ်”

“ဒါဆို မင်းက ရှောင်ယောင်ရဲ့ အမေကို ပြန်ပေးဆွဲခဲ့တယ်၊ ရှောင်ယောင်နဲ့ ငါတို့ကိုပါ သတ်ဖို့ ကြိုးစားခဲ့တယ်၊ မင်း မှားလား”

“ဟုတ်ကဲ့..ကျွန်တော် မှားပါတယ်”

“ဒါဆို မင်း တောင်းပန်သင့်တယ် မဟုတ်ဘူးလား”

“ဟုတ်ကဲ့.. ဟုတ်ကဲ့”

“တောင်းပန်မယ်ဆိုရင်တော့ စိတ်ရင်းမှန်ဖို့ လိုတာပေါ့၊ ငါ့အမြင်အရတော့ မင်းပိုင်တဲ့ အဲဒီ မြေကွက်ကို ရှောင်ယောင်ကို ပေးလိုက်တာ အကောင်းဆုံးပဲ၊ ဈေးနှုန်းကိုတော့ သန်း ၅၀၀ လို့ပဲ သတ်မှတ်ရအောင်”

လောင်လီ၏ အပြုံးမှာ ကြင်နာမြဲ ကြင်နာနေဆဲပင်။

ဟောင်ထျန်းချိုင်၏ ကိုယ်ခန္ဓာမှာ ရုတ်တရက် တောင့်တင်းသွားတော့သည်။

ရက်စက်လွန်းသော ဤလူကြီးများက သူ့ကို အဘယ်ကြောင့် ချက်ချင်း မသတ်ခဲ့သနည်းဆိုသည်ကို သူ ယခု နားလည်လိုက်ပေပြီ။

သူတို့က ဤအရာကို စောင့်နေကြခြင်းပင်။

သူ ပိုင်ဆိုင်သော ထိုမြေမှာ စတုရန်းမီတာ တစ်သန်းခန့် ကျယ်ဝန်းပြီး ယခုအခါ ဘီလီယံ (၃၀၀၀)ခန့် တန်ဖိုးရှိနေချေပြီ။ သို့သော် အဘိုးကြီးလီက ယောင်ပင်းအား သန်း (၅၀၀)ဖြင့် ရောင်းခိုင်းနေသည်။

ဤသည်မှာ ဝယ်ယူခြင်း မဟုတ်ဘဲ အတင်းအဓမ္မ လုယူခြင်းပင် ဖြစ်ပေသည်။

“လောင်လီ၊ အဲဒီမြေက ကျွန်တော့်ရဲ့ အသက်သွေးကြောပါ”

ဟောင်ထျန်းချိုင်သည် အဘိုးကြီးလီနှင့် ဈေးဆစ်ရန် ကြိုးစားလိုက်သည်။

“ဒါနဲ့ သခင်လေးယောင်မှာ အခုလောလောဆယ် ငွေအများကြီး မရှိသေးဘူးလေ၊ ဒါကြောင့် သူက အကြွေးအနေနဲ့ပဲ ယူထားလိမ့်မယ်.. သူ ပိုက်ဆံရှိတဲ့အခါကျမှ ပြန်ပေးလိမ့်မယ်”

လောင်လီက ဟောင်ထျန်းချိုင်၏ စကားကို ဖြတ်ပြောလိုက်သည်။

“မင်းသာ ငါ့ကို လေးစားမယ်ဆိုရင် ငါကိုယ်တိုင် သခင်လေးယောင်အတွက် အာမခံပေးမယ်၊ မင်း ဘယ်လိုသဘောရလဲ”

ဟောင်ထျန်းချိုင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးပင် ပြန်အန်ချင်လာတော့သည်။

သူ ပိုင်ဆိုင်သော မြေမှာ ယခုအခါ သုံးဘီလီယံ တန်ဖိုးရှိနေပြီး မြေကို ရောင်းပြီး သန်း(၅၀၀)ရမည် ဆိုလျှင်ပင် ယောင်ပင်းမှာ ၂.၅ ဘီလီယံကို အလကား ရရှိသွားခြင်းပင် ဖြစ်ပေသည်။

ဤသို့ဆိုလျှင် ထိုအာမခံချက်မှာအကျိုး ရှိဦးမည်လား။

“ဘာလဲ. မစ္စတာဟောင် မင်းက မပျော်ဘူးလား”

ဟောင်ထျန်းချိုင်၏ မှိုင်းညို့နေသော မျက်နှာနှင့် ကြာမြင့်စွာ တိတ်ဆိတ်နေမှုကို မြင်သောအခါ လောင်လီ၏ မျက်နှာမှာ ရုတ်တရက် မှောင်ကျသွားတော့သည်။

“ဒါမှမဟုတ် မင်းက ငါ့ကို မယုံဘူးလား”

အကြီးအကဲလီ စကားဆုံးသည်နှင့် သူ၏ လူများသည်က တစ်ပြိုင်နက် ထရပ်လိုက်ကြပြီး ဟောင်ထျန်းချိုင်ထံသို့ ဖြည်းဖြည်းချင်း တိုးလာကြတော့သည်။

ကျန်ရှိသော ခုနစ်ဂိုဏ်းမှ လူများသည်လည်း ဟောင်ထျန်းချိုင်အား တင်းမာသော အမူအရာများဖြင့် စိုက်ကြည့်နေကြပေ၏။

ခိုင်ယဲ့၏ လူများမှာတော့ သေနတ်များကို “ဖြောက်” ခနဲ မောင်းတင်လိုက်ကြပေပြီ။

လေထုမှာ ရုတ်တရက် တင်းမာသွားတော့သည်။

“ဘော့စ်ဟောင်က မလုပ်ချင်ဘူးဆိုတော့လည်း ဒီနေ့ ငါတို့ရဲ့ အကြွေးတွေကို အပြတ်ရှင်းရတော့မှာပေါ့”

“စကားတွေ အများကြီး ပြောမနေနဲ့တော့၊ လုပ်ကြစမ်း”

*

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူများက ဟောင်ထျန်းချိုင်ထံသို့ ဖြည်းဖြည်းချင်း တိုးဝင်လာကြပေတော့သည်။

ဟောင်ထျန်းချိုင် ဘေးဘက်ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် လူပေါင်း နှစ်ရာခန့် ရှိနေသည်ကိုတွေ့လိုက်ရလေ၏။

မှောင်မည်းနေသော လူအုပ်ကြီး။

ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါ..

ဟောင်ထျန်းချိုင်၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ပြာနှမ်းသွားပြီး အမြန်ပင် သဘောတူလိုက်ရတော့သည်

“ကောင်းပါပြီ.. ကောင်းပါပြီ.. ကျွန်တော် ရောင်းပါ့မယ်၊ ရောင်းပါ့မယ်”

“ရောင်းပါ့မယ်” ဟု ပြောလိုက်ရသော်လည်း ဟောင်ထျန်းချိုင်၏ နှလုံးသားမှာ သွေးထွက်မတတ် ခံစားလိုက်ရသည်။

အကြီးအကဲလီသည်က သုံးဘီလီယံ တန်ဖိုးရှိသော မြေကွက်ကို မျက်တောင်မခတ်တမ်း လုယူသွားခြင်း ဖြစ်၍ ဤသည်မှာ သေရသည်ထက် အဆပေါင်းရာချီ နာကျင်လှပေ၏။

ဤလူကြီးများ သူ့ကို နှိပ်စက်နေရခြင်း၏ အစစ်အမှန် အကြောင်းရင်းကို သူ ရုတ်တရက် နားလည်လိုက်ပေပြီ ။

သူ၏ အသက်မှာ တန်ဖိုးမရှိပါချေ။ သူတို့သည်က သူ့ထံမှ စည်းစိမ်ဥစ္စာများကိုသာ လုယူလိုကြခြင်း ဖြစ်ပေသည်။

လောင်လီက ကျေနပ်စွာ ပြုံးလိုက်ပေသည်။

“ဘော့စ်ဟောင်က စီးပွားရေးသမားစစ်စစ်ပဲ၊ ဒီအရောင်းအဝယ်ကနေ မင်း ရှုံးမှာ မဟုတ်ဘူးဆိုတာ မင်း နားလည်မှာပါ”

ဟောင်ထျန်းချိုင်မှာ အမြန်ပင် ခေါင်းညိတ် ထောက်ခံလိုက်ရ၏။

“ကောင်းပါပြီ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်ပေးပါ့မယ်”

လောင်လီက ကျေနပ်ပုံရပေသည်။

“သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ စာရွက်စာတမ်းတွေကိုတော့ ဘော့စ်ဟောင်ပဲ တာဝန်ယူပေးပါဦး၊ သခင်လေးယောင်က ငယ်သေးတော့ ကျောင်းတက်ရဦးမယ်လေ၊ သူ ဒါတွေကို မလုပ်နိုင်ဘူး”

ဟောင်ထျန်းချိုင် မျက်နှာပျက်ပျက်ဖြင့် သဘောတူလိုက်ရပြန်သည်။

“ကောင်းပါပြီ၊ လောင်လီ ပြောတဲ့အတိုင်း ကျွန်တော် လုပ်ပါ့မယ်”

သူ စိတ်ထဲမှ အော်ဟစ်နေမိပေသည် ။ သူ၏ တန်ဖိုးကြီးမြေကို ယောင်ပင်းအား ပေးလိုက်ရသည်။ ယောင်ပင်းမှာ မျက်တောင်တစ်ခတ်အတွင်း ၂.၅ ဘီလီယံကို အလကား ရသွားသည်။ ထိုမျှမက သူကိုယ်တိုင်ကပါ ထိုကိစ္စများကို လုပ်ဆောင်ပေးရဦးမည်လား။

ဒီလောကမှာ တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား။

“မင်းကတော့ မင်းရဲ့ နေရာကို မင်း သိတတ်သားပဲ”

ဂိုဏ်းခေါင်းဆောင်ကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တင်းမာသော မျက်နှာဖြင့် ပြန်ထိုင်လိုက်သည်။

“မင်းက သခင်လေးယောင်ကို စော်ကားခဲ့တာဆိုတော့ သူ့ကိုလည်း တောင်းပန်ရမယ်”

ဤလူကြီးများမှာ များသောအားဖြင့် မတည့်ကြသော်လည်း သူတို့က အလွန်ပင် ပါးနပ်ကြပြီး ဟန်ချက်ညီညီ လုပ်ဆောင်တတ်ကြသည်။

သူတို့၏ အစီအစဉ်တကျ တိုက်ခိုက်မှုများအတွင်း ဟောင်ထျန်းချိုင်မှာ ထိတ်လန့်သွားပြီး ဝိညာဉ်ပင် လွင့်လုနီးပါး ဖြစ်သွားရကာ သူ၏ မြေကွက်ကို ယောင်ပင်းအား ဈေးပေါပေါဖြင့် “ရောင်းချ” ရန် အမိန့်ကို နာခံလိုက်ရပေတော့သည်။

ယောင်ပင်းသည် လျှို့ဝှက်ခန်းထဲတွင် သူတို့၏ အသက်ကို ကယ်တင်ခဲ့သူဖြစ်သဖြင့် ဤမြေကွက်မှာ သူတို့ပေးသော လက်ဆောင်လေးတစ်ခုပင် ဖြစ်ပေ၏။

ဂိုဏ်းခေါင်းဆောင်ကြီးက တောင်းပန်ရန် ခိုင်းစေသောအခါတွင်လည်း ဟောင်ထျန်းချိုင် မတုံ့ဆိုင်းရဲပါချေ။

သူသည် ယောင်ပင်းထံသို့ အမြန်သွားကာ ဒူးထောက်ချလိုက်ပြီး အကြိမ်ကြိမ် ဦးညွှတ်လျက် စိတ်ရင်းမှန်ဖြင့် ပြောလိုက်ပေသည်။

“သခင်လေးယောင်၊ ကျွန်တော် မျက်စိမရှိလို့ သခင်လေးကို စော်ကားမိတာပါ ကျေးဇူးပြုပြီး.. သခင်လေးယောင်၊ ကျွန်တော့်ကို သနားညှာတာပေးပါဦး”

ယောင်ပင်းက ဟောင်ထျန်းချိုင်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်ပေသည်။

“ခင်ဗျားက ဟောင်ကောရဲ့ အဖေလား”

ဤစကားကို ကြားသောအခါ ဟောင်ထျန်းချိုင်တစ်ယောက် ယောင်ပင်းနှင့် ဟောင်ကောတို့မှာ ပတ်သက်မှု ရှိသည်ဟု ထင်မှတ်ကာ ဝမ်းသာသွားပေသည်။

“သခင်လေးယောင်၊ ကျွန်တော့်သားကို သိတာလား၊ ဟုတ်တယ်..ဟုတ်တယ်.. ကျွန်တော်က ဟောင်ကောရဲ့ အဖေပါ”

“မကြာသေးခင်ကပဲ ဟောင်ကောက အမေနဲ့ သားတစ္ဆေတွေကို သုံးပြီး ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တယ်”

ယောင်ပင်းက အေးစက်စွာ ပြောလိုက်၏။

ဟောင်ထျန်းချိုင်၏ အပြုံးမှာ တောင့်တင်းသွားတော့သည်။

သူ၏ သားသည်က ယောင်ပင်းနှင့် ဤမျှအထိ ရန်ငြိုးရှိသည်ကို သူ မသိခဲ့ချေ။

ယခုတော့ သူ ဒုက္ခတွေ့ချေပြီ။

“ခင်ဗျားကတော့ ကျွန်တော့်အမေကို ပြန်ပေးဆွဲခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တယ်”

ယောင်ပင်း၏ မျက်လုံးများမှာ အေးစက်နေခဲ့သည်။

“ ကျွန်တော် ခင်ဗျားကို သတ်သင့်တယာ၊ ဒါပေမဲ့ ခင်ဗျားက မေးခွန်းတစ်ခုတည်းကို ဖြေနိုင်မယ်ဆိုရင်တော့ ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးနိုင်ပါတယ်”

သူ အသိချင်ဆုံးသော မေးခွန်းမှာ အဖြေ မရရှိသေးချေ။

ဟောင်ထျန်းချိုင်ထံမှ ထိုအဖြေကို သူ ရယူရပေမည်။

ဟောင်ထျန်းချိုင်သည်လည်း အစွမ်းကုန် ဦးညွှတ်လျက် ပြောလိုက်ပေသည်။

“မေးခွန်းတစ်ခုတင်မကပါဘူး၊ ဆယ်ခု၊ တစ်ရာ.. သခင်လေးယောင် မေးသမျှကို ကျွန်တော် သိတာမှန်သမျှ အကုန်ဖြေပါ့မယ်လို့ ကတိပေးပါတယ်”

ယောင်ပင်းက လက်ဝှေ့ယမ်းကာ ဟောင်ထျန်းချိုင်၏ စကားကို ဖြတ်လိုက်ပေသည်။

“ခင်ဗျားကို မေးချင်တာ တစ်ခုပဲရှိတယ်၊ ခင်ဗျား ကျန်းရှောင်ပေကို ဘာလုပ်ခဲ့တာလဲ”

ဟောင်ထျန်းချိုင်၏ ဦးညွှတ်နေမှုမှာ ရုတ်တရက် တောင့်တင်းသွားတော့သည်။

သူ၏ နဖူးမှ ချွေးစက်များမှာ တတောက်တောက် စီးကျလာပေသည်။

“ကျွန်တော်တို့.. ကျွန်တော်တို့...”

ဟောင်ထျန်းချိုင် သူ၏ ချွေးအေးများကို သုတ်ကာ တောင်းပန်လိုက်ပေသည်။

“တကယ်လို့ ကျွန်တော် ပြောပြရင်.. သခင်လေးယောင်၊ ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးမှာလား”

ဟောင်ထျန်းချိုင်က အလွန်အမင်း ထိတ်လန့်နေသည်မှာ ထင်ရှားပေသည်။

သူ၏ နဖူးမှ ချွေးစက်များမှာ သိသိသာသာ စီးကျလာချေ၏။

ဘေးပတ်ဝန်းကျင်ရှိ လူများသည် တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။

အသိချင်ဆုံးသူမှာတော့ ယောင်ပင်းသာ ဖြစ်ပေ၏။

ကျန်းရှောင်ပေတွင် မည်သို့သော လျှို့ဝှက်ချက်ရှိနေသဖြင့် ဟောင်ထျန်းချိုင်က သူမ၏ အမည်ကြားရုံနှင့်ပင် ဤမျှတင်းမာကာ ကြောက်ရွံ့နေရသနည်း။

ယောင်ပင်း ခဏမျှ စဉ်းစားပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပေသည်။

“ကောင်းပြီ၊ ကျန်းရှောင်ပေမှာ ဘယ်လို လျှို့ဝှက်ချက် ရှိနေလဲဆိုတာ ပြောပြရင် ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးမယ်”

“ကျေးဇူးတင်ပါတယ် သခင်လေးယောင် ... ကျေးဇူးတင်ပါတယ် “

ယောင်ပင်းက အသက်ချမ်းသာပေးမည်ဟု သဘောတူလိုက်သော်လည်း ဟောင်ထျန်းချိုင်၏ နဖူးမှ ချွေးများမှာ စီးကျနေဆဲဖြစ်လေ၏။

သူသည် သွားတိုက်ဆေးဗူးကို ညှစ်ထုတ်နေရသကဲ့သို့ ဗလုံးဗထွေးဖြင့် ပြောလိုက်ပေသည်။

“ကျွန်တော်တို့.. ကျွန်တော်တို့.. ကျန်းရှောင်ပေကို သုံးပြီး ဇွန်ဘီမှုန့်ထုတ်လုပာဖို့ စမ်းသပ်နေခဲ့တာပါ .. အဲဒါကို အပြင်လောကက သိသွားမှာကို ကြောက်... ကြောက်လို့ ..”

ရောက်ရှိနေသူများ၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

ဇွန်ဘီမှုန့် ဆိုသည်မှာ စိတ်ကြွဆေး အမျိုးအစားသစ် တစ်မျိုးဖြစ်ပြီး အချိန်ကြာမြင့်စွာ သုံးစွဲပါက အလင်းကြောက်ခြင်း၊ လူကို ကိုက်ခြင်းနှင့် သွေးဆာခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်ကာ လူတစ်ယောက်ကို ဇွန်ဘီကဲ့သို့ ပြုမူစေသဖြင့် “ဇွန်ဘီမှုန့်” ဟု ခေါ်ခြင်း ဖြစ်ပေသည်။

ဟောင်ထျန်းချိုင်သည် လူအရှင်များကို စမ်းသပ်ခံအဖြစ် အသုံးပြုကာ ဤကဲ့သို့အရာမျိုး ထုတ်လုပ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။

All Chapters