← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း။ ၁

ယွင်မုန်တောင်ခြေရှိ နွမ်းပါးစုတ်ပြတ်လှသော မြေအိမ်လေးတစ်လုံးအတွင်း...

"ဒါဆို... ငါ တခြားကမ္ဘာကို ကူးပြောင်းရောက်ရှိလာတာပေါ့လေ..."

ကုယွမ်သည် ခုတင်ထက်တွင် လဲလျောင်းနေရင်း တစ်ကိုယ်လုံး ခံစားနေရသော မချိမဆံ့ဝေဒနာကြောင့် ခေါင်းကိုသာ ခါရမ်းနေမိသည်။ နဖူးပြင်မှာ မီးပူတိုက်ထားသကဲ့သို့ ပူလောင်နေပြီး ခန္ဓာကိုယ်မှာလည်း အားအင်ချည့်နဲ့လျက် ရှိသည်။ ဦးခေါင်းမှာ မူးဝေနောက်ကျိနေသည့်အပြင် ဝမ်းဗိုက်ထဲမှလည်း ဆာလောင်မွတ်သိပ်မှုဒဏ်ကို အလူးအလဲ ခံစားနေရ၏။

သူ့ခါး၊ လက်မောင်းနှင့် ပုခုံးတစ်ဝိုက်တွင် ကြည့်မကောင်းလှသော ဒဏ်ရာအနာတရများစွာ ရှိနေသည်။ ထိုဒဏ်ရာများမှာ သားရဲတစ်ကောင်ကောင်၏ ကိုက်ခဲခြင်းကို ခံထားရသည့်အလား သွားရာများထင်ပြီး အသားများပင် စုတ်ပြတ်နေသည်။ ဒဏ်ရာများပေါ်တွင် ဆေးမှုန့်များ ဖြူးထားသော်လည်း အနာအနားသားများမှာ ညိုမည်းပုပ်သိုးနေကာ အချို့နေရာများမှ ပြည်နှင့် သွေးများပင် စိမ့်ထွက်နေသည်။

သူ၏ အားအင်ကုန်ခမ်းနေမှုနှင့် နာကျင်မှုဝေဒနာများမှာ ဒဏ်ရာများမှတစ်ဆင့် အဆိပ်အတောက်ဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်း ကုယွမ် ကောင်းကောင်းနားလည်သည်။ ဤဒဏ်ရာများသည် ရိုင်းစိုင်းလှသော ခွေးအုပ်၏ အကိုက်ခံရခြင်းကြောင့်ပင်။

လွန်ခဲ့သော ရက်အနည်းငယ်က ချန်အိမ်တော်မှ သခင်လေး ချန်ယွင်ကျဲ့သည် အပေါင်းအသင်းများကို စုရုံးကာ မြင်းစီး၍လည်းကောင်း၊ အမဲလိုက်ခွေးများနှင့် အစောင့်အရှောက်များကို ခေါ်ဆောင်၍လည်းကောင်း တောင်ပေါ်သို့ အမဲလိုက်ထွက်ခဲ့ကြသည်။ ထိုစဉ်က ကုယွမ်မှာ လယ်ကွင်းထဲတွင် အလုပ်လုပ်နေချိန်ဖြစ်ပြီး အမဲလိုက်ခွေးအုပ်၏ ဝိုင်းဝန်းကိုက်ခဲခြင်းကို ခံခဲ့ရကာ နာကျင်လွန်းသဖြင့် သတိလစ်မေ့မြောသွားခဲ့ရသည်။

ထိုလူအုပ်မှာမူ ကုယွမ်၏ အသက်ဘေးကို ဂရုမစိုက်ဘဲ တောင်ပေါ်သို့သာ မြင်းများကို အတင်းနှင်ပြီး ဝင်ရောက်သွားကြသည်။ ယခုဘဝမှ သူ၏ မိဘနှစ်ပါးက သတင်းကြားကြားချင်း ကုယွမ်ကို တစ်လှည့်စီ ပိုးချီ၍ အိမ်သို့ ပြန်ခေါ်လာခဲ့ရပြီး ဆရာဝန်ပင့်ကာ ကုသပေးခဲ့ခြင်းပင်။ ယခုမှသာ ကုယွမ်သည် သတိပြန်လည်လာကာ မွေးကင်းစကတည်းက ပျောက်ဆုံးနေသော အတိတ်မှတ်ဉာဏ်များပါ ပြန်လည်ပွင့်လင်းလာခြင်း ဖြစ်သည်။

"ငါ့ကို ခွေးတွေနဲ့ တိုက်ရုံတင်မကဘူး။ အဲဒီနောက်မှာလည်း ငါ့ကို ဝက်တစ်ကောင်၊ ခွေးတစ်ကောင်လို သဘောထားပြီး လျစ်လျူရှုသွားကြတာပဲ။

သောက်ခွေးမသား ချန်ယွင်ကျဲ့...

ဒီလို လူ့အဖွဲ့အစည်းမှာ အခြေခံလူတန်းစားတွေအတွက် လူ့အခွင့်အရေးဆိုတာ လုံးဝမရှိပါလား..."

လွန်ခဲ့သော သုံးရက်က ခွေးအုပ်ဝိုင်းကိုက်ခံရသည့် မြင်ကွင်းကို ပြန်လည်တွေးတောမိရင်း ကုယွမ်၏ ဒဏ်ရာများမှာ ပြန်လည်နာကျင်လာသယောင် ခံစားလိုက်ရသည်။ အထူးသဖြင့် မြင်းပေါ်တွင် မြင့်မြတ်စွာ ထိုင်နေရင်း လက်ထဲတွင် လေးရှည်ကို ကိုင်ဆောင်ကာ သူ့အား ရွံရှာစက်ဆုပ်ဖွယ် အကြည့်များဖြင့် ငုံ့ကြည့်ခဲ့သော အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်၏မျက်နှာကို မြင်ယောင်လာမိသည့်အခါ ကုယွမ်၏ ရင်ထဲတွင် ဒေါသအာဃာတများ တလိပ်လိပ် တက်လာတော့သည်။

သို့သော်လည်း ယခုအချိန်တွင် ကုယွမ်မှာ ထိုအကြောင်းများကို အကြာကြီး မတွေးနိုင်အားသေးပေ။ ဝမ်းဗိုက်က အလွန်ဆာလောင်နေသလို လည်ချောင်းမှာလည်း ခြောက်ကပ်နာကျင်နေသဖြင့် ရေတစ်ပေါက်လောက်ကိုသာ အလွန်အမင်း တောင့်တနေမိသည်။

သူသည် ခုတင်ပေါ်မှ ဆင်းရန် ကြိုးစားအားထုတ်လိုက်သော်လည်း နောက်ဆုံးတွင် ကြမ်းပြင်ပေါ်သို့သာ ခွေခေါက်လဲကျသွားပြီး နာကျင်လွန်းသဖြင့် အသံထွက်အောင်ပင် ညည်းညူလိုက်မိသည်။

"အို... ငါ့သားလေး... မင်း နောက်ဆုံးတော့ သတိရလာပြီပဲ"

ထိုအချိန်တွင် အဝတ်ထုပ်တစ်ခုကို ပိုက်ထားသော ပိန်လှီလှသည့် အဖွားအိုတစ်ဦး အခန်းထဲသို့ ဝင်လာသည်။ ကုယွမ် သတိရနေသည်ကို မြင်လိုက်ရသောအခါ သူမ၏မျက်နှာတွင် အံ့သြဝမ်းသာမှုများဖြင့် ပြည့်နှက်သွားပြီး ကုယွမ်ကို အလျင်အမြန်ပင် ပြေးထူသည်။

ထိုအမျိုးသမီးကြီးသည် ကြမ်းတမ်းသော အထည်စဖြင့် ချုပ်လုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များမှာ ဖြူဖွေးလျက် ရှိသည်။ ဖောင်းအစ်နေသော သူမ၏ မျက်ဝန်းများက ပင်ပန်းနွမ်းနယ်မှုကို ဖော်ပြနေ၏။ သူမကား ကုယွမ်၏ မိခင်ဖြစ်သူ ကုဝမ့်ရှီပင်။

ကုယွမ်သည် ခုတင်ဘေးတွင် ထိုင်လိုက်ရင်း အားယူကာ ပြုံးပြလိုက်ပြီး "အမေ... ကျွန်တော် နေကောင်းပါတယ်။ ရေနည်းနည်းလောက်ပဲ သောက်ချင်လို့ပါ" ဟု ခပ်တိုးတိုး ပြောလိုက်တော့သည်။

"ကောင်းပါပြီ... ငါ့သားလေး နေကောင်းသွားရင်ပဲ အမေ ကျေနပ်ပါပြီတော်"

ကုဝမ့်ရှီသည် ဝမ်းသာအားရဖြစ်လွန်းသဖြင့် မျက်ဝန်းအစုံမှာ ပိုမိုနီမြန်းလာကာ ရေလောင်းပေးပြီးနောက် အခန်းပြင်သို့ ခပ်သုတ်သုတ် ပြေးထွက်သွားရင်း "မင်း အစာမစားရတာ ရက်ပေါင်းမနည်းတော့ဘူး။ အရင်ဆုံး ရေသောက်ထားနှင့်ဦး... အမေ မင်းအတွက် စားစရာတစ်ခုခု သွားလုပ်ပေးမယ်" ဟု ပြောခဲ့သည်။

ကုယွမ်သည် အနားသားပဲ့နေသော ကြွေပန်းကန်လုံးကို မပြီး ရေတစ်ငုံ သောက်လိုက်သည်။ အေးမြသော ရေစက်တို့က ခြောက်ကပ်နေသော လည်ချောင်းတစ်လျှောက် စီးဆင်းသွားရာ ခံစားရသည်မှာ သိသိသာသာပင် သက်သာသွား၏။

မကြာမီပင် စားစရာများ ရောက်ရှိလာသည်။ ဆားရည်စိမ် မုန်လာဥခြောက် တစ်ပန်းကန်နှင့် ဆန်ပြုတ်ကျဲကျဲ နှစ်ပန်းကန်မျှသာ။

ဆားရည်ဖြင့် စိမ်ထားသော မုန်လာဥမှာ ဆီစိုးစဉ်းမျှ မပါသလို ဆန်ပြုတ်မှာလည်း အရည်အသွေးနိမ့်သော ဆန်ကြမ်းဖြင့် ချက်ထားသဖြင့် အရသာမှာ အလွန်ညံ့ဖျင်းလှပြီး ကြည့်ရသည်မှာလည်း ဆင်းရဲနွမ်းပါးလွန်းလှသည်။ သို့သော်လည်း ကုယွမ်၏ မျက်နှာတွင်မူ နှာခေါင်းရှုံ့သည့် အရိပ်အယောင်မျှပင် မရှိခဲ့ပေ။

ဤနေရာသည် အရာရာပေါများလှသော သူ၏ ယခင်ဘဝ မဟုတ်တော့ပေ။ ယခင်ဘဝတွင် လက်ခြေစုံလင်ပြီး အလုပ်ကြိုးစားလျှင် မည်သူမျှ ငတ်မသေနိုင်သော်လည်း ယခုဘဝတွင်မူ မြောက်မြားလှသော အခွန်အတုတ်များ၊ လုပ်အားပေးခိုင်းစေမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကုန်ထုတ်လုပ်မှု နိမ့်ကျခြင်းတို့ကြောင့် နှစ်စဉ် လူပေါင်းများစွာ ငတ်မွတ်ကာ သေဆုံးနေကြရသည်။ အသား၊ ဥ၊ နို့၊ သကြားနှင့် ဆန်ချောများမှာ မြေရှင်သခင်ကြီးများအတွက်သာ ဖြစ်သော ဇိမ်ခံပစ္စည်းများ ဖြစ်နေသည်။

သဘာဝတရားကိုသာ အားကိုးနေရသော တောင်ပေါ်သားများအဖို့ ငတ်မသေဘဲ ထမင်းတစ်နပ် စားရခြင်းကပင် ကြီးမားသော ကံကောင်းခြင်း ဖြစ်သဖြင့် အစားအသောက် ရွေးချယ်ရန် မဝံ့ရဲကြပေ။

ဆန်ပြုတ်နှစ်ပန်းကန်တွင် တစ်ခုက ပျစ်ပြီး တစ်ခုက ကျဲနေသည်။ ဆန်ပြုတ်ပျစ်ပျစ်မှာ ကုယွမ်အတွက်ဖြစ်ပြီး အရည်ကျဲမှာ ကုဝမ့်ရှီအတွက် ဖြစ်၏။ ကုယွမ် ငြင်းမနေတော့ပေ။ ဖခင်ဖြစ်သူမှာ အိုမင်းမစွမ်းဖြစ်နေပြီဖြစ်ရာ အိမ်ထောင်ဦးစီး ယောက်ျားတစ်ယောက်အနေဖြင့် မိသားစုကို တာဝန်ထမ်းဆောင်နိုင်ရန် သူအမြန်ဆုံး ကျန်းမာလာဖို့ လိုအပ်သည်။

"အမေ... အဖေရော အဖေ ဘယ်သွားလဲဟင်"

ကုယွမ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

ကျွီ…

ကုဝမ့်ရှီ ပြန်မဖြေရသေးမီမှာပင် တံခါးမှာ ပွင့်ဟလာပြီး အဖိုးအိုတစ်ဦး ဝင်လာသည်။ သူ၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး နွမ်းပါးလှသော အဝတ်အစားများပေါ်တွင် ရွှံ့နွံများနှင့် ရေကွက်များ ပေကျံနေကာ မျက်နှာမှာလည်း အနည်းငယ် ဖျော့တော့နေသည်။

"အားယွမ်... သတိရလာပြီလား"

ကုယွမ်ကို မြင်လိုက်ရသောအခါ ကုတန်ရှန်းသည် အလွန်ဝမ်းမြောက်သွားသည်။ ကုယွမ်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် အိတ်ကပ်ထဲမှ ဖာထေးထားသော အဝတ်အိတ်ကလေးကို ထုတ်ကာ ကုဝမ့်ရှီထံ ကမ်းပေးလိုက်ရင်း "အဖွားကြီး... ဒါကို သေချာသိမ်းထားလိုက်။ ဒီနေ့ ငါ သူများအတွက် မြောင်းတူးပေးခဲ့တာ။ အိမ်ရှင်က သဘောကောင်းလို့ ဆန်ကြမ်း နှစ်ပိဿာ ပေးလိုက်တယ်" ဟု ပြောလိုက်သည်။

သူ စကားပြောနေစဉ်မှာပင် အပြင်မှ ဆောင်းဦးလေအေးတစ်ချက် ဝေ့တိုက်လာရာ ကုတန်ရှန်းမှာ တုန်တုန်ရီရီ ဖြစ်သွားသည်။ ချမ်းအေးလွန်းသဖြင့် ခရမ်းရောင်သန်းနေသော ဖခင်၏ နှုတ်ခမ်းများ၊ ရှုပ်ပွဖြူဖွေးနေသော ဆံပင်များနှင့် ပင်ပန်းလွန်းသဖြင့် တုန်ယင်နေသော လက်အစုံတို့ကို ကြည့်ရင်း ကုယွမ်သည် ဘာစကားမျှ မပြောနိုင်ဘဲ ရင်ထဲတွင် ကြေကွဲဝမ်းနည်းမှုကိုသာ ခံစားလိုက်ရတော့သည်။

မိသားစုအခြေအနေက မူလကပင် နွမ်းပါးလှသည့်အကြား ယခုအခါ သူ့အတွက် ဆေးကုသစရိတ်ကြောင့် ရှိစုမဲ့စု စုဆောင်းထားသမျှ ကုန်စင်သွားခဲ့ပြီဖြစ်ရာ ဆောင်းတွင်းစာအတွက် သိုလှောင်ထားသော ရိက္ခာများပင် လျော့ပါးနေလောက်ပြီဖြစ်သည်။ ဤဆောင်းရာသီကို မည်သို့မည်ပုံ ကျော်ဖြတ်ရမည်ဆိုသည်မှာ ရင်လေးဖွယ်ရာပင်။

မိသားစုဝင်အားလုံး ဝိုင်းဖွဲ့၍ စားသောက်ကြကာ ကုယွမ်သည် အလွန်အမင်း ဆာလောင်နေသော်လည်း သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို ထိခိုက်မည်စိုးသဖြင့် ဆန်ပြုတ်ကို စိတ်ရှည်လက်ရှည်ပင် တမြုံ့မြုံ့ သောက်နေမိသည်။

စကားစပ်မိရာမှ ကုယွမ် ခွေးကိုက်ခံရသည့်ကိစ္စသို့ ရောက်ရှိသွားသည်။ ချန်အိမ်တော်မှ အိမ်တော်ထိန်းဝူ တစ်ခေါက်ရောက်လာပြီး နစ်နာကြေးအဖြစ် ငွေဒင်္ဂါးတစ်ပြားကို ဟန်ပြပေးအပ်သွားကြောင်း ထို့ပြင် ဤကိစ္စကို လူသိရှင်ကြား မဖြစ်စေရန် ကုယွမ်၏ဖခင်အား ခြိမ်းခြောက်သွားကြောင်း သိလိုက်ရသည့်အခါ ကုယွမ်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။

သူ့ကို အသက်သေလုနီးပါးဖြစ်အောင် လုပ်ခဲ့ပြီး တစ်မိသားစုလုံးကိုလည်း မျှော်လင့်ချက်မဲ့သည့် ချောက်ကမ်းပါးစွန်းအထိ တွန်းပို့ခဲ့ကြသည်။ သို့သော် ပေးအပ်သည့် လျော်ကြေးငွေမှာမူ ဆေးဖိုးဝါးခပင် မလောက်ငှသည့် ပမာဏမျှသာ။ ဤသည်မှာ သူတို့ကို သူတောင်းစားများကဲ့သို့ ဆက်ဆံလိုက်ခြင်းပင်။

ထိုမျှနှင့်တင် မပြီးသေးပေ။ ဤသတင်းကို အပြင်သို့မပေါက်ကြားစေရန် ပေါက်ကြားပါက အကျိုးဆက်ကို ခံစားစေရမည်ဟုပင် ဖခင်ဖြစ်သူအား ရာဇသံပေးခဲ့သေးသည်။

ဒါကို တရားမျှတမှုလို့ ခေါ်နေကြတာလား။ ဒီလောကကြီးမှာ ဥပဒေဆိုတာကလည်း နာမည်ပဲ ရှိတော့တာ ထင်တယ်။ ဖြောင့်မတ်မှန်ကန်မှုဆိုတဲ့ အရာကရော ဘယ်ရောက်သွားပြီလဲ။

"သားလေး..."

ဖခင်ဖြစ်သူက ကုယွမ်ကို စိုးရိမ်တကြီး ကြည့်ရင်း တိုးညှင်းစွာ ပြောလာသည်။

"မင်း ရင်ထဲမှာ မခံမရပ်နိုင်ဖြစ်နေမယ်ဆိုတာ အဖေ သိပါတယ်။ ဒါပေမဲ့ ငါတို့က မြေကြီးထဲ လက်သည်းစိုက်ပြီး လုပ်ကိုင်စားသောက်နေရတဲ့ လယ်သမားတွေပါ။ မြို့ပေါ်က ဒီလို အိမ်ကြီးတွေကို ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီကိစ္စကိုပဲ ဒီအတိုင်း လွှတ်ထားလိုက်ပါတော့လား..."

စကားပြောနေစဉ်တွင်လည်း ကုယွမ်၏ မျက်နှာရိပ်မျက်နှာကဲကို စိုးရိမ်တကြီး အကဲခတ်နေမိသည်။

သူတို့မိသားစုမှာ ကျပ်တည်းလှသော မြေကွက်ကလေး နှစ်ဧကမျှသာ ပိုင်ဆိုင်သည့် ရိုးအေးသော ကျေးလက်တောနေ လူတန်းစားများဖြစ်ပြီး ရာသီဥတုမကောင်းသည့် နှစ်များတွင် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုပင် ရင်ဆိုင်ရသူများ ဖြစ်ကြသည်။

အခြားတစ်ဖက်တွင်မူ ချန်အိမ်တော်ဆိုသည်မှာ မြို့နယ်အတွင်း သြဇာတိက္ကမကြီးမားသည့် အိမ်တော်ကြီးဖြစ်သည်။ မြေသြဇာကောင်းသော လယ်မြေ ဧကပေါင်း သုံးထောင်ကျော်ကို ပိုင်ဆိုင်ထားသည့်အပြင် ဆေးဝါးလုပ်ငန်းကိုလည်း လက်ဝါးကြီးအုပ်ထားသည်။ အစေအပါးများစွာ၊ ဆွေမျိုးအသိုင်းအဝိုင်း ရာနှင့်ချီရှိသည့်အပြင် အိမ်စောင့်အဖြစ် ခန့်အပ်ထားသော သိုင်းပညာရှင် ဆယ်ဂဏန်းကျော်နှင့် ထူးခြားသော စွမ်းရည်ရှိသည့် လက်ရုံးတော်များစွာကိုလည်း မွေးမြူထားသေးသည်။

ထိုသူများထဲမှ ထိပ်တန်းသိုင်းပညာရှင်များသည် အိမ်ခေါင်မိုးများကို ခုန်ပျံကျော်လွှားနိုင်ပြီး ကျားနှင့် သစ်ကုလားအုတ်တို့ကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်စွမ်းရှိသည်ဟု ပြောကြသည်။

ဤမြို့နယ်အတွင်းတွင်မူ ချန်အိမ်တော်သည် ထိုနယ်မြေတွင် မင်းမူနေသော ကျားတစ်ကောင်ကဲ့သို့ အပိုင်စားကြီးစိုးထားသည့် ဒေသခံအာဏာရှင်ပင်။

သူတို့နှင့် ချန်အိမ်တော်ကြားရှိ ကွာခြားချက်မှာ သာမန်မျှသာ မဟုတ်ပေ။

သူ့သားမှာ စိတ်ထားဖြောင့်မတ်ပြီး မဟုတ်မခံတတ်သည့် အရွယ်လည်း ဖြစ်သည်။ နောက်ဆက်တွဲ အကျိုးဆက်ကို မစဉ်းစားဘဲ စိတ်လိုက်မာန်ပါ လုပ်မိမည့်အရွယ်ပင်။

အကယ်၍သာ ဤနာကျည်းချက်ကို မမျိုသိပ်နိုင်ဘဲ ကလဲ့စားချေရန် ကြိုးစားခဲ့ပါက သို့မဟုတ် ထိုသို့သော အရိပ်အယောင်မျှ ပြမိပါက တစ်မိသားစုလုံးအတွက် ကြောက်မက်ဖွယ်ရာ ဘေးဒုက္ခကြီး ဆိုက်ရောက်လာနိုင်သည်။

ကုယွမ် ဒေါသတကြီး ငြင်းခုံလိမ့်မည်ဟု ဖခင်ဖြစ်သူက ထင်မှတ်ထားသော်လည်း ထူးဆန်းစွာပင် ကုယွမ်က အေးဆေးတည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"အဖေ... အဖေပြောတာကို ကျွန်တော် နားလည်ပါတယ်။ စိတ်မပူပါနဲ့ ကျွန်တော် ဘာပြဿနာမှ မရှာပါဘူး"

လင်မယားနှစ်ယောက်စလုံး မှင်တက်သွားပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့သြသွားကြသည်။

သူတို့ရှေ့မှ ကုယွမ်သည် မူလကုယွမ် မဟုတ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာ ပိုမိုရင့်ကျက်နေသူဖြစ်သောကြောင့် စိတ်လိုက်မာန်ပါ မလုပ်တတ်တော့သည်ကို သူတို့ မသိကြပေ။

လက်ရှိအခြေအနေမှာ လူ့စွမ်းအားထက် ပိုမိုသာလွန်နေသည်ကို ကုယွမ် ကောင်းစွာ နားလည်သည်။ ချန်အိမ်တော်ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းကို တော်လှန်ရန် လုံလောက်သော အင်အားမရှိသေးမီ အချိန်အထိ မာန်မာနကို မျိုသိပ်ပြီး အလျှော့ပေးလိုက်ခြင်းကသာ အမှန်ကန်ဆုံး နည်းလမ်းပင်။

လက်စားချေလိုစိတ် တစ်ခုတည်းဖြင့် ဇွတ်တိုးခြင်းက ကိုယ့်အသက်ကို ဘေးတွေ့စေရုံသာမက မိဘနှစ်ပါးကိုပါ ဒုက္ခတွင်းထဲ ဆွဲနှစ်ရာ ရောက်ပေလိမ့်မည်။ ထိုအပြုအမူမျိုးမှာ သတ္တိရှိခြင်းမဟုတ်ဘဲ မိုက်မဲခြင်းသာ ဖြစ်၏။

လောလောဆယ်တွင် ဦးညွှတ် အရှုံးပေးထားရသော်လည်း ဤအကြွေးကိုမူ မှတ်တမ်းတင်ထားရမည်သာ။

"သောက်ကျိုးနည်း ကမ္ဘာကြီးပါလား..."

ကုယွမ်သည် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ ဤသည်မှာ အခြေခံလူတန်းစားတို့၏ ဝမ်းနည်းဖွယ်ရာ နိဂုံးပင်။

ပြစ်မှုကျူးလွန်သူက လွတ်မြောက်သွားပြီး ဒုက္ခရောက်ရသူတွေကပဲ မာန်မာနကို မျိုသိပ်ရင်း ကလဲ့စားချေခံရမှာကိုတောင် ထိတ်လန့်တကြား စိုးရိမ်နေကြရတာက တကယ်ကို ရယ်စရာကောင်းလွန်းတာပဲ။

...

အစာစားပြီးနောက် ကုယွမ်သည် ခုတင်ထက်သို့ ပြန်လည်လဲလျောင်းလိုက်သည်။ လှုပ်ရှားလိုက်တိုင်း ဒဏ်ရာများက ဆွဲဆန့်သကဲ့သို့ ဖြစ်နေသဖြင့် သူ၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေရ၏။

ခဏအကြာတွင် ဘေးခန်းမှ မိဘနှစ်ပါး တိုးတိုးတိတ်တိတ် စကားပြောနေသံကို သူ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ လာမည့်ရက်များတွင် အစားအစာ ရရှိရန်အတွက် မည်သည့်နေရာ၌ အလုပ်သွားလုပ်ရမည်၊ မည်သည့်နေရာတွင် အဝတ်လျှော်ပေးရမည် စသည်ဖြင့် တိုင်ပင်နေကြခြင်းပင်။

ကုယွမ်သည် တိတ်ဆိတ်စွာပင် ရှိနေသော်လည်း နောက်ထပ် ဘာဆက်လုပ်ရမည်ကို စတင် စဉ်းစားနေမိသည်။ ဤကဲ့သို့သော ပဒေသရာဇ် လူ့အဖွဲ့အစည်းတွင် ဆောင်းရာသီဆိုသည်မှာ ဆင်းရဲသားများအတွက် သေမင်းရာသီပင်။ ဆောင်းဝင်လာတိုင်း လူပေါင်းများစွာမှာ သူတို့အိမ်အတွင်း၌ပင် အအေးမိ၍သော်လည်းကောင်း ငတ်မွတ်၍သော်လည်းကောင်း သေဆုံးကြရစမြဲပင်။

"အခုက ဆောင်းဦးနှောင်းပိုင်း ရောက်နေပြီ။ ဆောင်းတွင်းကလည်း လာတော့မယ်။ အိမ်မှာကလည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီ။ ဒါကြောင့် ငါ့ရှေ့မှာ အဓိကဖြေရှင်းရမယ့် ပြဿနာက အစားအစာပဲ။ ဒုတိယကတော့ အအေးဒဏ်ကို ခံနိုင်ဖို့ ထင်းမီးပဲ"

ကုယွမ်၏ မျက်ဝန်းများမှာ အတွေးနက်နေဟန်ဖြင့် "ရွာသားတစ်ယောက်အနေနဲ့ ငွေရှာနိုင်တဲ့ နည်းလမ်းက အမဲလိုက်တာ ဒါမှမဟုတ် ထင်းခုတ်တာပဲ ရှိတယ်။ ဒါပေမဲ့ အမဲလိုက်ဖို့ဆိုတာကလည်း လက်နက်ကိရိယာတွေ လိုဦးမယ်။ ထင်းခုတ်ဖို့ကျတော့လည်း..."

စဉ်းစားနေစဉ်မှာပင် ကုယွမ်သည် တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် တံခါးဘက်သို့ ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ဟောင်းနွမ်းနေသော သစ်သားတံခါး၏ အောက်ခြေအဟပ်ကြားမှ ဝါညိုရောင် ကြွက်တစ်ကောင်မှာ ကိုယ်တစ်ပိုင်း ပြူထွက်လာသည်။ မကြာမီမှာပင် ထိုကြွက်သည် အခန်းထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်လာပြီး အနံ့ခံရန် ခေါင်းကို ဟိုဟိုဒီဒီ မော့ကြည့်နေသည်။ အစားအစာအနံ့ ရသွားသည့်အလား ထိုကြွက်သည် ထောင့်ရှိ ဆန်အိုးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ဤကြွက်မှာ သာမန် အိမ်ကြွက်များနှင့် မတူဘဲ ကိုယ်လုံးကိုယ်ပေါက် ပိုမိုကြီးမားကာ သွယ်လျလျ ရှိသည်။ အမွေးရောင်မှာ ဝါဖျော့ဖျော့ရှိပြီး မျက်လုံးများမှာလည်း အလွန်ပါးနပ်သည့် အရိပ်အယောင်များ ရှိနေ၏။

ယွင်မုန်တောင်ခြေတွင် နေထိုင်လေ့ရှိသည့် တောင်ကြွက်တစ်မျိုးဖြစ်ကြောင်း ကုယွမ် မှတ်မိလိုက်သည်။ သူတို့သည် သစ်မြစ်များ၊ တောသီးနှံများ၊ ကောက်ပဲသီးနှံများကို စားသလို တစ်ခါတစ်ရံတွင် ပိုးမွှားများ၊ မြွေငယ်များနှင့် ဖားများကိုပါ ဖမ်းယူစားသောက်တတ်သော သတ္တဝါများ ဖြစ်သည်။

လက်ရှိရာသီမှာ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစ အချိန်ဖြစ်သည့်အပြင် ပိုးမွှားများလည်း ရှားပါးနေပြီဖြစ်ရာ ဤတောင်ကြွက်သည် အစာရှာဖွေရန် ထွက်လာခြင်း ဖြစ်မည်မှာ အသေအချာပင်။

"ငါမှတ်မိသလောက်ဆိုရင် ဒီလိုတောင်ကြွက်တွေက အိမ်ကြွက်တွေထက် အများကြီး ပိုသန့်ရှင်းတယ်။ အရသာလည်း တော်တော်ရှိတယ်လို့ သိရတယ်။ အားတောင် ဖြစ်စေသေးတယ်"

တောင်ကြွက်သား၏ အရသာကို ပြန်လည်အမှတ်ရမိသောအခါ ကုယွမ်သည် အလိုအလျောက် သွားရည်ကျလာပြီး မျှော်လင့်တကြီးဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ဤခန္ဓာကိုယ်မှာ အသားမစားရသည်မှာ အတော်ပင် ကြာမြင့်နေပြီဖြစ်သည်။

တောင်ကြွက်သည် ဆန်အိုးအတွင်းသို့ ခိုးဝင်သွားသည်နှင့် သူသည် အလျင်အမြန်ပင် ထကာ အဝတ်အချို့ကို ဆွဲယူ၍ ခြေဗလာဖြင့် အသာအယာ ချဉ်းကပ်သွားသည်။

အိုးထဲရှိ တောင်ကြွက်မှာ အသံကြားသွားသဖြင့် အပြင်သို့ ဝုန်းခနဲ ပြေးထွက်လာသော်လည်း ကြိုတင်ပြင်ဆင်ထားသော ကုယွမ်က အဝတ်ဖြင့် အုပ်၍ ဖမ်းဆီးလိုက်ရာ ကြွက်ကလေးမှာ တစာစာ အော်ဟစ်လျက် ရုန်းကန်နေတော့သည်။

ကုယွမ်သည် အနီးရှိ ဖိနပ်တစ်ဖက်ကို ကောက်ကိုင်ကာ ထိုကြွက်အား အဆုံးစီရင်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်စိရှေ့၌ စာတန်းလေးတစ်ခု ပေါ်လာသည်။

[သင်သည် တောင်ကြွက် အဖြူရောင်အဆင့်တစ်ကောင်ကို ဖမ်းမိထားသည်။ ၎င်းကို ယဉ်ပါးအောင် လေ့ကျင့်ပေးလိုပါသလား]

အခန်း။ ၂

"ဒါက... ဒါက ဘာလဲ..."

ကုယွမ် တစ်ယောက် ကြောင်အသွားပြီးနောက် ထူးဆန်းသော ရင်းနှီးမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ အတန်ကြာ စဉ်းစားကြည့်ပြီးမှ သူ၏ယခင်ဘဝက ဆော့ကစားခဲ့သော တောင်ပင်လယ် နတ်သားရဲများအမည်ရှိ သတ္တဝါမွေးမြူရေး ဂိမ်းတစ်ခုကို သတိရသွားတော့သည်။

ယခင်ဘဝက ကုယွမ်သည် သာမန်ရုံးဝန်ထမ်းတစ်ဦးမျှသာ ဖြစ်၏။ နေ့ဘက်တွင် အလုပ်များလွန်းလှသဖြင့် ကုမ္ပဏီအကြီးအကဲများ၏ ဖိအားပေးမှုကို ခံရကာ စိတ်ပင်ပန်းနွမ်းနယ်ခဲ့ရသော်လည်း ညဘက် အိမ်ပြန်ရောက်၍ ဇနီးသည်ခိုင်းသမျှ ဝေယျာဝစ္စများ ပြီးစီးသွားချိန်တွင်မူ သူ့ကိုယ်ပိုင် အနားယူချိန်အဖြစ် ထိုဂိမ်းကို ဆော့ကစားလေ့ရှိသည်။

ထိုစဉ်က ဂိမ်းအတွင်းရှိ သူ၏ နတ်မင်းနယ်မြေထဲတွင် မွေးမြူထားသော ဝိညာဉ်သားရဲများ၊ ရှေးဟောင်း သားရဲရိုင်းများနှင့် နတ်သားရဲ အနွယ်အဆက်များသည် အလွန်ပင် ထွားကျိုင်းကာ သန်စွမ်းနေခဲ့ကြသည်။ အထူးသဖြင့် အသက်တစ်သောင်းကျော်ပြီဖြစ်သော အဆိပ်သင့် နဂါးပျံကို မင်ကျောက် နဂါးစစ်အဖြစ် အဆင့်မြှင့်တင်ရာတွင် အောင်မြင်ခဲ့သူ ဖြစ်သည်။

ထိုအောင်မြင်မှုကြောင့်ပင် ကုယွမ်သည် ထိုဂိမ်းတွင် နတ်သားရဲကို ပထမဦးဆုံး မွေးမြူနိုင်သည့် ကစားသမားအဖြစ် သတ်မှတ်ခံရကာ ဆုကြေးငွေ ငါးသိန်းပင် ရရှိခဲ့သေးသည်။ ထိုသို့ အလွန်အမင်း ဝမ်းသာပီတိဖြစ်နေစဉ်မှာပင် နှလုံးခုန်ရပ်တန့်ကာ ရုတ်တရက် သေဆုံးသွားခဲ့ရပြီး ယခုဘဝသို့ ကူးပြောင်းရောက်ရှိလာခြင်းပင်။

"ဒီသားရဲမွေးမြူရေးဂိမ်းက ငါနဲ့အတူ ပါလာတာများလား..."

ကုယွမ်သည် အံ့သြဝမ်းသာ ဖြစ်သွားရသလို ရင်ထဲတွင် သံသယများလည်း ရှိနေဆဲပင်။ သို့သော်လည်း သူသည် ချက်ချင်းပင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။

"ယဉ်ပါးအောင် လုပ်မယ်"

သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကုယွမ်သည် သူ၏ ဝိညာဉ်တစ်ခုလုံး တစ်စုံတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရပြီး ဆန်းကြယ်သော ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခုအသွင် ပြောင်းလဲသွားကာ တောင်ကြွက်၏ နဖူးပေါ်သို့ ကျရောက်သွားသည်။ ထိုအဆောင်မှာ ခဏမျှ လင်းလက်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။

မကြာမီမှာပင်...

[ယဉ်ပါးအောင် လေ့ကျင့်ခြင်း အောင်မြင်သည်။ သင်သည် တောင်ကြွက်အိမ်မွေးသတ္တဝါတစ်ကောင်ကို ပိုင်ဆိုင်သွားပါပြီ]

[တောင်ကြွက် (အဖြူရောင်အဆင့်)]

[ဖော်ပြချက် - သာမန်ကြွက်များထက် ပိုမိုကြီးမားကာ ပါးနပ်သော ကြွက်အမျိုးအစားဖြစ်သည်။ လှုပ်ရှားမှု သွက်လက်ပြီး အနံ့ခံအာရုံ ထက်မြက်ကာ အပြည့်အဝ ကြီးထွားပြီးသား ဖြစ်သည်။ သံသွားကြွက်အဖြစ် ဆင့်ကဲပြောင်းလဲရန် တာအိုအမှတ်၃၀ အသုံးပြုရန် လိုအပ်သည်]

[အခြေအနေ - ဆာလောင်နေသည်]

[ကြီးထွားမှုအဆင့် - အရွယ်ရောက်ပြီး (၁၀၀ ရာခိုင်နှုန်း)]

[သင်သည် တောင်ကြွက်၏ ပါရမီထူးဖြစ်သော "ကြွက်အနံ့ခံအာရုံ" ဆုလာဘ်ကို ရရှိလိုက်ပါပြီ]

ကုယွမ်သည် တစ်ကိုယ်လုံး ယိမ်းထိုးသွားပြီး အားအင်များ ပိုမိုချည့်နဲ့သွားသလို ခံစားလိုက်ရသည်။ ဤခံစားချက်မှာ တစ်ညလုံး အိပ်ရေးပျက်ခံကာ အလုပ်လုပ်ပြီးနောက် ဖြစ်ပေါ်လာသော နုန်းချိမှုမျိုးနှင့် ဆင်တူပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာပါ လေးလံထိုင်းမှိုင်းသွားစေသည်။

သို့သော်လည်း ထိုကြွက်ကလေးနှင့် သူ့ကြားတွင် ထူးဆန်းသော ဆက်နွှယ်မှုတစ်ခု ရှိနေသည်ကို သူ ခံစားသိရှိနေရသည်။ စိတ်ကူးတစ်ခုတည်းဖြင့်ပင် ထိုသတ္တဝါကို အမိန့်ပေးခိုင်းစေနိုင်စွမ်း ရှိနေပြီဖြစ်ကာ ကုယွမ်သည် တောင်ကြွက်လေး၏ ဝေခွဲမရဖြစ်နေသော စိတ်လှုပ်ရှားမှုကိုပင် လှမ်း၍ အာရုံရနေမိသည်။

သူသည် အုပ်ထားသော အဝတ်ကို ဖယ်ရှားလိုက်သည့်အခါ တောင်ကြွက်မှာ ထွက်မပြေးတော့ဘဲ တစာစာအော်ကာ ကုယွမ်၏ ဘောင်းဘီခြေထောက်မှတစ်ဆင့် ပုခုံးပေါ်သို့ တွားတက်လာပြီး ပါးပြင်ကို ချစ်ခင်မြတ်နိုးစွာဖြင့် ပွတ်သီးပွတ်သပ် လုပ်နေတော့သည်။

"ကဲ... တော်တော့ မပွတ်နဲ့တော့"

ကုယွမ်မှာ အနည်းငယ် အနေရခက်သွားသဖြင့် ၎င်းကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ သို့သော် ပြောင်လက်နေသော အမွေးအမှင်များ၊ ဝတုတ်ပြီး ချစ်စဖွယ်ကောင်းသော ပုံပန်းသဏ္ဌာန်နှင့် ထိုသတ္တဝါငယ်လေးထံမှ စီးဆင်းလာသော ချစ်ခြင်းမေတ္တာတို့ကို ခံစားလိုက်ရသည့်အခါ အစောပိုင်းက ရှိခဲ့သော ရွံရှာစိတ်များမှာ အလိုအလျောက် ပျောက်ကွယ်သွားရသည်။

သူသည် ယိုင်တိယိုင်တိုင်ဖြင့် ခုတင်ပေါ်သို့ ပြန်လည်လဲလျောင်းလိုက်စဉ် သူ့ကိုယ်ထဲရှိ အခြားသော ပြောင်းလဲမှုများကို သတိပြုမိလာသည်။

သူ၏ အနံ့ခံအာရုံမှာ သိသိသာသာ ထက်မြက်လာခြင်းပင်။

အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ရုံဖြင့် အခန်းတွင်းရှိ စိုထိုင်းနေသောအနံ့၊ ကျန်ရှိနေသေးသော ဆန်ပြုတ်နံ့နှင့် အဖေဖြစ်သူ မြောင်းတူးရာမှ ပါလာသော ရွှံ့နွံနံ့တို့ကိုပါ အတိုင်းသား ရရှိနေတော့သည်။ ဤအနံ့များမှာ အလွန်ပင် မှေးမှိန်သော်လည်း သူကမူ အနုစိတ် ခွဲခြားနိုင်စွမ်း ရှိနေ၏။

ကြွက်တို့၏ အနံ့ခံအာရုံမှာ ခွေးများထက်ပင် သာလွန်ထက်မြက်သည်ဟု လူသိများကြသည်။ ယခုအခါ တောင်ကြွက်၏ ပါရမီ ကြွက်အနံ့ခံအာရုံကို ရရှိထားသည့် ကုယွမ်အတွက်မူ သာမန်လူတို့ထက် အဆပေါင်းများစွာ သာလွန်သော အာရုံခံစားမှုကို ပိုင်ဆိုင်သွားခြင်း ဖြစ်သည်။ လေထဲတွင် လွင့်ပါးနေသော အနုစိတ်ဆုံး အနံ့အသက်များကိုပင် ခွဲခြားသိမြင်နိုင်စွမ်း ရှိသွား၏။

"မင်းရဲ့ အမွေးတွေက ဝါဖျော့ဖျော့ဆိုတော့... နောက်ဆို မင်းကို အားဟွမ်လို့ပဲ ခေါ်တော့မယ်"

ကုယွမ်သည် တောင်ကြွက်လေးကို ဘေးတွင် အသာအယာ ချထားလိုက်သည်။

ဤတောင်ကြွက်မှာ သာမန်အဖြူရောင်အဆင့် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်မျှသာ ဖြစ်သော်လည်း ကုယွမ်အတွက်မူ အလွန်ပင် ကျေနပ်အားရစရာ ကောင်းလှပေတော့သည်။

အနည်းဆုံးတော့ ဤသည်မှာ ကောင်းမွန်သော အစပျိုးခြင်းပင်။ တောင်ကြွက်၏ အဆင့်အတန်းမှာလည်း အသေမှတ်ထားခြင်းမျိုး မဟုတ်ဘဲ နောင်တွင် အဆင့်ထပ်မံမြှင့်တင်နိုင်သေးသည်။

ဝိညာဉ်အိမ်မွေးသားရဲများ၏ အဆင့်သတ်မှတ်ချက်မှာ သူ၏ယခင်ဘဝက ဂိမ်းများထဲမှ သတ်မှတ်ချက်များနှင့် များစွာကွာခြားမည်မဟုတ်ကြောင်း ကုယွမ် တွေးဆမိသည်။

ယေဘုယျအားဖြင့် အဆင့် ၇ ဆင့် ရှိကာ သာမန် (အဖြူရောင်)၊ ထူးချွန် (အစိမ်းရောင်)၊ ကောင်းမွန် (အနီရောင်)၊ ရှားပါး (ရွှေရောင်)၊ အဖိုးတန် (ရွှေအိုရောင်)၊ ဒဏ္ဍာရီလာ (ခရမ်းရောင်) နှင့် နတ်ဘုရားအဆင့် (ခရမ်းရွှေရောင်) တို့ ဖြစ်ကြသည်။

ထိုအဆင့်များထဲတွင် သာမန်နှင့် ထူးချွန်အဆင့်တို့မှာ သာမန်အိမ်မွေးသားရဲများသာ ဖြစ်ကြပြီး ကောင်းမွန်နှင့် ရှားပါးအဆင့်တို့မှာမူ ဝိညာဉ်မျိုးနွယ်ဝင် သားရဲများ ဖြစ်လာကြသည်။

အဖိုးတန်နှင့် ဒဏ္ဍာရီလာအဆင့်တို့မှာ နတ်သားရဲသွေးပါသော သားရဲများဖြစ်ကြပြီး နတ်ဘုရားအဆင့်မှာမူ မသေနိုင်သော အဆင့်အတန်းရှိသည့် နတ်သားရဲများ ဖြစ်ကြသည်။ ဥပမာအားဖြင့် နဂါးစစ်၊ ဖီးနစ်၊ ကိန္နရာ၊ လက်တံရှည်နတ်မျောက်ဝံ၊ ရွှေတောင်ပံရော့ငှက်၊ ကွန်ဖန်၊ ရွှေကျီးကန်းနှင့် ရွှေစားနတ်ပုရွက်ဆိတ် စသည့် အစွမ်းထက်လှသော သတ္တဝါကြီးများ ဖြစ်ကြ၏။

ထိုစဉ်မှာပင် ကုယွမ်သည် စိတ်အာရုံကို တစ်ချက်လှုပ်ရှားလိုက်ရာ အခြေအနေပြ မှတ်တမ်းလွှာတစ်ခု ပေါ်ထွက်လာတော့သည်။

[သားရဲအရှင်: ကုယွမ်]

[အခြေအနေ: အားနည်းနေကာ ဒဏ်ရာရရှိထားသည်]

[အိမ်မွေးသားရဲ: တောင်ကြွက် (သံသွားကြွက်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်သည်၊ တာအိုအမှတ် ၃၀ လိုအပ်သည်)]

[ကျင့်စဉ်: မရှိသေးပါ]

[တာအိုအမှတ်: မရှိသေးပါ]

...

ဤမှတ်တမ်းလွှာမှာ သူ၏ယခင်ဘဝက ဂိမ်းများကဲ့သို့ ရှုပ်ထွေးပွေလီခြင်းမရှိဘဲ ရိုးရှင်းလှသည်။

တာအိုအမှတ်ဆိုသည်မှာ ယခင်ဘဝက ဂိမ်းများတွင် ပါဝင်လေ့ရှိသည့် အရာတစ်ခုပင် ဖြစ်၏။ လောကရှိ အရာခပ်သိမ်းတွင် တာအိုအမှတ်များ ကိန်းအောင်းလျက်ရှိပြီး ၎င်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ဆန်းကြယ်လှသော စွမ်းအားတစ်မျိုး ဖြစ်သည်။ ထိုစွမ်းအားမှာ သဘာဝတရားမှ ဖန်တီးထားသော အရာများတွင် ပိုမိုသိပ်သည်းစွာ တည်ရှိသကဲ့သို့ လူသားတို့၏ စိတ်ဝိညာဉ်ကို ထည့်သွင်းထုဆစ်ထားသော လက်ရာများနှင့် ဝိညာဉ်ကိန်းအောင်းနေသော ပစ္စည်းများတွင်လည်း တည်ရှိနေတတ်သည်။

ဥပမာအားဖြင့် ရှားပါးကျောက်မျက်များ၊ လှပဆန်းကြယ်သော ရှုခင်းများ၊ ကျောက်စာထွင်းထုချက်များ၊ နတ်ရုပ်များ၊ ရှေးဟောင်းပစ္စည်းများ၊ ပန်းချီကားများ၊ နာမည်ကျော် ဓားလက်နက်များနှင့် လက်ဝတ်ရတနာများ စသည်တို့ဖြစ်ကြပြီး ၎င်းတို့အားလုံးမှာ သဘာဝတရားနှင့် အရာခပ်သိမ်းအပေါ် လူသားတို့၏ ထိုးထွင်းသိမြင်မှုများကို ကိုယ်စားပြုနေကြသည်။

...

ညဉ့်နက်သန်းခေါင်ယံအချိန်တွင် အပြင်ဘက်၌ ချမ်းစိမ့်လှသော လေပြင်းတစ်ချက်က "ဝူးဝူး" ဟူသော မြည်ဟီးသံနှင့်အတူ တိုက်ခတ်လာတော့သည်။

အခန်းတွင်း၌ ကုယွမ်သည် အိပ်စက်ရန် ပြင်ဆင်နေကာ "ကောက်ပဲသီးနှံ ရိတ်သိမ်းပြီးစအချိန်ဆိုတော့ လယ်ကြွက်တွင်းတွေနဲ့ တောင်ကြွက်တွင်းတွေထဲမှာ စုဆောင်းထားတဲ့ ရိက္ခာတွေ အတော်အတန် ရှိနေလောက်ပြီ။ လူတွေက တွင်းအတော်များများကို တူးဆွပြီးသား ဖြစ်နေမှာဆိုပေမဲ့ ကျန်နေတာတွေလည်း ရှိဦးမှာပဲ"

သူသည် လက်နှစ်ဖက်ကို ခေါင်းခုရင်း ဘေးနားတွင် ခွေယောင်နေသော တောင်ကြွက်ကလေး အားဟွမ်ကို ကြည့်လိုက်ရာ စိတ်ကူးတစ်ခု ရုတ်တရက် ပေါ်လာသည်။

"ငါ့မှာ အားဟွမ်ရှိနေမှတော့ သူက ကြွက်တွင်းတွေကို လိုက်ရှာပေးနိုင်ရုံတင်မကဘူး။ ငါ့အတွက် ကင်းထောက်ပေးပြီး အန္တရာယ်ကိုလည်း သတိပေးနိုင်တာပဲ။ သူနဲ့အတူ ရိက္ခာအချို့ ရနိုင်မလားဆိုတာ သွားတူးကြည့်ရင် ကောင်းမယ်..."

"ဒါ့အပြင် ဒီကမ္ဘာမှာ သိုင်းပညာကျင့်စဉ်တွေလည်း ရှိနေတာပဲ။ ကြားဖူးတာတော့ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေဆိုရင် ကောင်းကင်မှာ ပျံသန်းနိုင်ပြီး မသေနိုင်တဲ့ အဆင့်ကိုတောင် ရောက်နိုင်တယ်ဆိုလား။ အခွင့်အရေးရရင် အဲဒါကိုလည်း စူးစမ်းကြည့်ရမယ်"

ကုယွမ်၏ စိတ်ကူးထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေတော့သည်။

"တောင်ကြွက်တစ်ကောင်ကို ယဉ်ပါးအောင် လုပ်လိုက်ရုံနဲ့ ငါ့ရဲ့ အနံ့ခံအာရုံက ဒီလောက်အထိ ထက်မြက်လာတာ။ တကယ်လို့ ငါက ကျားတစ်ကောင် ဒါမှမဟုတ် ရွှေလင်းတတစ်ကောင်ကိုသာ ယဉ်ပါးအောင် လုပ်နိုင်မယ်ဆိုရင် ရလာမယ့် အကျိုးကျေးဇူးတွေက ပြောမပြနိုင်လောက်အောင်ပဲ။ မိစ္ဆာတွေ ဒါမှမဟုတ် နတ်သားရဲတွေကိုသာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်တော့ ငါ့ရဲ့ အစွမ်းက ကန့်သတ်ချက် ရှိတော့မှာ မဟုတ်ဘူး..."

လက်ရှိ အခြေအနေက ခက်ခဲနေသေးသော်လည်း တောင်ကြွက်အားဟွမ်နှင့် သားရဲမွေးမြူရေး စနစ်ကို အားကိုးပြီး သူ၏ အနာဂတ်မှာ ရောင်နီသန်းနေပြီဟု ယုံကြည်လိုက်မိသည်။

အတွေးကမ္ဘာထဲတွင် ခဏမျှ နစ်မျောနေပြီးနောက် ကုယွမ်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကုယွမ်၏ မိဘနှစ်ပါးမှာ အလုပ်ထွက်သွားကြပြီ ဖြစ်သည်။ မနက်စာ စားပြီးနောက် ကုယွမ်သည် ခန္ဓာကိုယ်ကို နွေးထွေးအောင် ဝတ်ဆင်ကာ သံချေးတက်နေသော ဓားမတစ်စင်းကို ဆွဲ၍ အပြင်သို့ ထွက်လာခဲ့သည်။ တောင်ကြွက်အားဟွမ်ကမူ သူ၏ အဝတ်ကြားထဲတွင် ပုန်းလျှိုးနေပြီး တစ်ခါတစ်ရံမှသာ ခေါင်းလေးပြူကာ သူ၏ မျက်လုံးလေးများဖြင့် ဝေ့ဝဲကြည့်နေတတ်၏။

တစ်ညတာ အနားယူလိုက်ရသဖြင့် ကုယွမ်၏ ဒဏ်ရာများမှာ မနေ့ကလောက် မနာကျင်တော့ပေ။ ပြင်းပြင်းထန်ထန် မလှုပ်ရှားသရွေ့ အောင့်အီးကာ ခံနိုင်ရည် ရှိနေပြီဖြစ်သည်။

ကုယွမ်တို့ ကျေးရွာမှာ လူဦးရေ သိပ်မများလှဘဲ အိမ်ခြေ ခုနစ်ဆယ်ကျော်နှင့် လူဦးရေ နှစ်ရာခန့်သာ ရှိသည်။ တောင်ပေါ်သားများမှာ နေ့ဘက်တွင် အလုပ်လုပ်ကာ ညဘက်တွင် အနားယူကြသူများ ဖြစ်၏။ ယခုကဲ့သို့ လယ်ယာအလုပ် နားချိန်တွင်မူ အချို့က အမဲလိုက်ခြင်း သို့မဟုတ် အလုပ်ကြမ်းလုပ်ခြင်းဖြင့် အပိုဝင်ငွေရှာကြသော်လည်း လူအများစုမှာမူ အားအင်နှင့် ရိက္ခာကို ချွေတာရန်အတွက် အိမ်ထဲမှာပင် အောင်းနေတတ်ကြပြီး ထမင်းကို တစ်နေ့ နှစ်နပ်သာ စားကြသည်။

ကုယွမ် ရွာပြင်သို့ ထွက်လာသည့်အခါ ရွာအဝင်ဝတွင် လူရိပ်နှစ်ခု ပေါ်လာပြီး သူ၏ ကျောပြင်ကို ကြည့်ကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

"ဒီကောင် ကုယွမ်က ခွေးကိုက်ခံရတုန်းက သေတော့မလို ဖြစ်နေတာ။ အခုတော့ လမ်းတောင် လျှောက်နေနိုင်ပြီပဲ။ အသက်ပြင်းတဲ့ ကောင်ပဲဟေ့"

"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ"

"အိမ်တော်ထိန်းဝူက သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ခိုင်းထားတယ်။ သူကသာ မဟုတ်ကဟုတ်ကတွေ ကြံစည်နေရင် ချက်ချင်း သတင်းပို့ရမယ်။ အဲဒီကျရင် တစ်ယောက်ယောက်က သူ့ကို ရှင်းပစ်လိမ့်မယ်"

"ငါ့အမြင်တော့ အိမ်တော်ထိန်းဝူက သိပ်စိုးရိမ်လွန်နေတာပဲ။ တကယ်လို့ သူက အန္တရာယ်ရှိတယ်ဆိုရင်လည်း တန်းရှင်းပစ်လိုက်ရုံပဲကို ဘာလို့ ဒီလောက် ဒုက္ခခံနေလဲ မသိဘူး..."

"မင်းက ဘာမှ နားမလည်ဘဲနဲ့ ဒါက လူသတ်ရလောက်တဲ့အထိ ကိစ္စကြီးမှ မဟုတ်တာ။ ပြီးတော့ အဲဒီလို သူဌေးအသိုင်းအဝိုင်းတွေက ရက်စက်တယ်ဆိုပေမဲ့ အပြင်ပန်း အမြင်ကိုတော့ ဂရုစိုက်ကြသေးတယ်။ တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်တာက ဘာမှမဟုတ်ပေမဲ့ တကယ်လို့ လူသေသွားလို့ သခင်လေးချန်ရဲ့ နာမည်ကို ထိခိုက်မယ်ဆိုရင် အားလုံး ပြဿနာတက်ကုန်မှာပေါ့"

"အော်... ဟုတ်သားပဲ အစ်ကိုကြီးကွေ့က အမြော်အမြင် ရှိတာပဲ"

"စကားများမနေနဲ့တော့ သူ့နောက်ကို မြန်မြန် လိုက်ကြရအောင်"

All Chapters