အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း။ ၃
လယ်ကွင်းပြင်၏ အစွန်အဖျားသို့ ရောက်ရှိလာသော်လည်း ကုယွမ်သည် ရပ်တန့်မသွားဘဲ ရှေ့သို့သာ ဆက်လက် လှမ်းတက်ခဲ့သည်။
လယ်ကွင်းဘေးရှိ ကြွက်တွင်းအများစုမှာ တူးဆွပြီးသား ဖြစ်နေပြီဖြစ်ရာ ဤနေရာတွင် အစားအစာ ရှာဖွေနေခြင်းမှာ အဓိပ္ပာယ်မရှိသည့်အပြင် အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဝေးလံသီခေါင်သော နေရာများ၊ တောင်ကုန်းနိမ့်နိမ့်လေးများ၏ ခြေရင်းရှိ ကြွက်တွင်းများ သို့မဟုတ် တောင်ကြွက်တွင်းများထဲတွင်မူ တစ်စုံတစ်ရာ ရိတ်သိမ်းရရှိနိုင်၏။
သူ လမ်းလျှောက်နေစဉ်အတွင်း ရင်ခွင်ထဲရှိ အားဟွမ်လေးမှာ သူ့အား သတိပေးသည့်အလား နှစ်ချက်မျှ တစာစာ အော်လိုက်သည်။ ကုယွမ် ခဏမျှ တုံ့ခနဲ ရပ်သွား၏။
သူသည် မသင်္ကာဖွယ်ရာ အရိပ်အယောင်မျှပင် မပြဘဲ နောက်သို့ ခိုးကြည့်လိုက်ရာ မီတာတစ်ရာခန့်အကွာရှိ ချုံပုတ်များနောက်ကွယ်တွင် လူရိပ်နှစ်ခု လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။
"တစ်ယောက်ယောက် ငါ့နောက်ကို လိုက်နေတာလား..."
ကုယွမ်၏ ရင်ထဲတွင် လေးလံသွားသော်လည်း အပြင်ပန်းတွင်မူ ဘာမှမဖြစ်သကဲ့သို့ ရှေ့သို့သာ ဆက်လျှောက်နေရင်း စိတ်ထဲမှ အပြင်းအထန် စဉ်းစားနေမိသည်။
"ဒီလူနှစ်ယောက်က တစ်ယောက်က အရပ်ရှည်ပြီး တစ်ယောက်က ပုတယ်။ ကြည့်ရတာ ရင်းနှီးနေသလိုပဲ။ ဆွန်အာနဲ့ တုန်းကွေ့တို့များလား..."
ကုရွာဟု အမည်တွင်သော်လည်း ရွာသားအားလုံးမှာ ကုမျိုးရိုးများ မဟုတ်ကြပေ။ ဆွန်မျိုးရိုးနှင့် တုန်းမျိုးရိုးများစွာလည်း ရှိကြသည်။ ဆွန်အာနှင့် တုန်းကွေ့တို့သည်လည်း ကုရွာသားများပင် ဖြစ်ကြသော်လည်း မြို့ပေါ်ရှိ လူမိုက်များနှင့် ပေါင်းသင်းကာ လိမ်လည်လှည့်ဖြားခြင်း၊ သူတစ်ပါးကို နှိပ်စက်ခြင်းတို့ဖြင့် နာမည်ပျက်ဖြင့်ကျော်ကြားသူများ ဖြစ်ကြသည်။
ယခင်က အတိတ်မှတ်ဉာဏ်များ မပွင့်လင်းမီအချိန်အထိ ကုယွမ်သည် ထိုကဲ့သို့သော လူမျိုးများကို အဝေးမှ ရှောင်ရှားလေ့ရှိပြီး ပတ်သက်ခြင်းလည်း မရှိသလို ရန်ငြိုးရန်စလည်း မရှိခဲ့ဖူးပေ။ သူ၏ မိသားစုမှာလည်း ကြွက်ပင် မွေးမထားနိုင်လောက်အောင် ဆင်းရဲလွန်းလှသဖြင့် သူတို့ လိုချင်တပ်မက်စရာ တန်ဖိုးရှိသည့်အရာလည်း ဘာမျှမရှိပေ။
ဒါဆိုရင်လည်း ဒီလူနှစ်ယောက်က ငါ့နောက်ကို ဘာဖြစ်လို့ လိုက်နေကြတာလဲ။
"ဒါ... ချန်ယွင်ကျဲ့နဲ့များ ပတ်သက်နေမလား"
ကုယွမ်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ဝင်လာသည်။ ချန်ယွင်ကျဲ့နှင့် ပတ်သက်သည်ဖြစ်စေ မပတ်သက်သည်ဖြစ်စေ တစ်ခုတော့ သေချာသည်။ ဤလူနှစ်ယောက်မှာ ကောင်းသော ရည်ရွယ်ချက်ဖြင့် လိုက်လာခြင်းတော့ လုံးဝမဟုတ်ချေ။
ဤအချက်ကို ရင်ထဲဝယ် တေးမှတ်ထားရင်း ကုယွမ်သည် တောအုပ်အတွင်းသို့ ပြတ်ပြတ်သားသားပင် လှမ်းဝင်ခဲ့သည်။
ထူထပ်လှသော ချုံနွယ်ပိတ်ပေါင်းများ ရှိသည့် ဤတောအုပ်သည် ပုန်းကွယ်ရန် အလွန်ကောင်းမွန်သော နေရာတစ်ခုပင်။ တောနက်ထဲသို့ အတန်ကြာ လျှောက်လှမ်းပြီးနောက် သူသည် ချုံပုတ်များကြားတွင် ဝပ်စင်းကာ ဘေးဘက်သို့ တိတ်တဆိတ် ရွှေ့ပြောင်းကာ နေရာယူလိုက်သည်။
မကြာမီမှာပင် နောက်ယောင်ခံလိုက်လာသူ နှစ်ဦးမှာ အနီးအနားသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ "ဘယ်ရောက်သွားတာလဲ... ဒီကောင်လေး ဘယ်လိုဖြစ်ပြီး မျက်စိရှေ့တင် ပျောက်သွားရတာလဲ"
"ငါတို့နောက်က လိုက်နေတာကို သူရိပ်မိသွားလို့ ပုန်းနေတာများလား"
"မဖြစ်နိုင်တာ ငါတို့က အဝေးကြီးကနေ လိုက်လာတာလေ။ ဒီကောင်က ခွေးလည်းမဟုတ်ဘဲနဲ့ ငါတို့ကို ဘယ်လိုလုပ် သတိထားမိမှာလဲ"
"ဒါဆို အစ်ကိုကြီးကွေ့... ငါတို့ အခု ဘာဆက်လုပ်ကြမလဲ။ ဒီမှာပဲ စောင့်နေကြမလား"
"စောင့်ရမယ် ဟုတ်လား... ဒီလောက်အေးနေတဲ့ ရာသီဥတုမှာ ဒီမှာထိုင်ပြီး ဒုက္ခခံနေရအောင် ငါက အရူးလား မင်းကရော အရူးလား"
တုန်းကွေ့သည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း "ဒီကောင်က ဓားမတစ်စင်း ပါလာတယ်ဆိုတော့ ထင်းခုတ်ဖို့ ထွက်လာတာပဲ ဖြစ်ရမယ်။ အဆိုးဆုံးကတော့ သူ ထင်းတွေနဲ့ ပြန်လာမလာ စောင့်ကြည့်ရမှာပဲ။ အဲဒါမှ အိမ်တော်ထိန်းဝူ မေးလာရင် ငါတို့ သတင်းပို့စရာ တစ်ခုခု ရှိမှာပေါ့"
"ကဲ... ပြန်ကြစို့"
ထိုလူနှစ်ဦး ထွက်ခွာသွားပြီးနောက် ကုယွမ်သည် တည်ငြိမ်အေးဆေးသော မျက်နှာပေးဖြင့် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
"အိမ်တော်ထိန်းဝူ... ဒါဆို ဒါက ချန်ယွင်ကျဲ့နဲ့ တကယ် ပတ်သက်နေတာပဲ။ အဲဒီ မြေခွေးအိုကြီးက ငါ့ကို လူလွှတ်ပြီး မျက်ခြေမပြတ် စောင့်ကြည့်ခိုင်းနေတာပဲ။ ငါက ကလဲ့စားချေပြီး ပြဿနာကို ပိုကြီးထွားအောင် လုပ်မှာကို သူ တကယ် ကြောက်နေတာပဲ"
တုန်းကွေ့နှင့် ဆွန်အာတို့က စောင့်ကြည့်နေသရွေ့ သူ တစ်ခုခု လှုပ်ရှားလိုက်သည်နှင့် အိမ်တော်ထိန်းဝူက ချက်ချင်း သိရှိပြီး တုံ့ပြန်ပေလိမ့်မည်။ သာမန်အခြေအနေအရဆိုလျှင် ကုယွမ်အနေဖြင့် မည်သည့် ပြဿနာကိုမျှ ဖန်တီးနိုင်မည် မဟုတ်ပေ။
ကုယွမ်သည် ခဏမျှ မှင်တက်သွားပြီးနောက် ရုတ်တရက် ပြုံးလိုက်မိသည်။
"ငါက မြစ်တစ်ဖက်မှာ အနှစ်သုံးဆယ်၊ တစ်ဖက်မှာ အနှစ်သုံးဆယ်... ဆင်းရဲတဲ့ လူငယ်ကို အထင်မသေးနဲ့လို့တောင် ပြောရတော့မလိုပဲ"
မည်သို့ပင်ဖြစ်စေ ချန်ယွင်ကျဲ့သည် သူ့ကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့သည့်အပြင် သူ၏ မိသားစုကိုလည်း စုဆောင်းထားသမျှ ကုန်စင်အောင် စားစရာ ရိက္ခာမဲ့အောင်အထိ ဒုက္ခပေးခဲ့သည်။ အနည်းငယ်သော အမှားအယွင်းတစ်ခုကပင် သူတို့ကို ဤဆောင်းရာသီတွင် အသက်မရှင်နိုင်အောင် လုပ်ဆောင်နိုင်သည်။
ထို့ပြင် အိမ်တော်ထိန်းဝူကလည်း သူ၏ မိဘများကို အိမ်တိုင်ရာရောက် ခြိမ်းခြောက်ခဲ့သလို ယခုအခါတွင်လည်း လူလွှတ်၍ စောင့်ကြည့်ခိုင်းနေပြန်သည်။ ဤအာဃာတများနှင့် စော်ကားမှုအားလုံးကို ကုယွမ် တစ်ခုမကျန် ရင်ထဲတွင် တေးမှတ်ထားလိုက်တော့သည်။
ဘေးပတ်ဝန်းကျင်တွင် မည်သူမျှမရှိတော့ကြောင်း သေချာသွားသည့်အခါ ကုယွမ်သည် အားဟွမ်လေးအား ကြွက်တွင်းများနှင့် တောင်ကြွက်အသိုက်များကို ရှာဖွေခိုင်းတော့သည်။
ကြွက်တွင်းတစ်ခုကို တွေ့သည့်အခါတိုင်း အစားအစာ ရှိမရှိ အရင်ဆုံးဝင်ရောက်စစ်ဆေးရန် အားဟွမ်ကို လွှတ်လိုက်သည်။ အကယ်၍ ဘာမှမရှိပါက နောက်ထပ်တွင်းတစ်ခုကို ထပ်မံရှာဖွေသည်။
တွင်းသုံးတွင်းခန့်ကို စစ်ဆေးပြီးနောက် စတုတ္ထမြောက်တွင်းသို့ ရောက်သောအခါ အားဟွမ်ထံမှ ဆန်းကြယ်သော စိတ်ချင်းဆက်နွှယ်မှုမှတစ်ဆင့် တုံ့ပြန်မှုတစ်ခု ရရှိခဲ့သည်။
"တကယ်ပဲ တစ်ခုခု ရှိနေတာပဲ"
ကုယွမ်သည် စိတ်လှုပ်ရှားကာ တက်ကြွသွား၏။ အားဟွမ်က တည်နေရာကို အတည်ပြုပြီး အပြင်သို့ ပြန်ထွက်လာသည်နှင့် ကုယွမ်သည် သူ၏ဓားမကို ဂေါ်ပြားသဖွယ်အသုံးပြုကာ စတင်တူးဆွတော့သည်။
အတန်ကြာ တူးပြီးနောက်တွင်မူ အားနည်းနေသေးသော ခန္ဓာကိုယ်ကြောင့် ကုယွမ်မှာ ချွေးတလုံးလုံးဖြင့် ပင်ပန်းနွမ်းနယ်လာကာ အသက်ကို ပြင်းပြင်းရှူနေရသည်။ မနက်က သောက်ခဲ့သော ဆန်ပြုတ်တစ်လုံးမှာလည်း အစာကြေညက်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။
သို့သော်လည်း ရလဒ်ကတော့ ကျေနပ်စရာပင်။ သူသည် မီတာဝက်ခန့် နက်သော ကျင်းတစ်ခုကို တူးနိုင်ခဲ့သည်။ ထိုကျင်း၏ အောက်ခြေတွင် ဆန်စပါးများ၊ ပဲစင်းငုံများနှင့် မြေပဲများကဲ့သို့သော ကောက်ပဲသီးနှံများ စုပုံလျက်ရှိနေသည်။
ကုယွမ်သည် ရင်ဘတ်ထဲမှ အဝတ်အိတ်ကို အမြန်ထုတ်ကာ ထိုသီးနှံများကို အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ စပါးတစ်စေ့မျှပင် မကျန်အောင် သိမ်းဆည်းလိုက်၏။ အားလုံးကို သိမ်းဆည်းပြီးနောက် အလေးချိန်ကို ခန့်မှန်းကြည့်ရာ ဆယ်ပိဿာကျော်မျှ ရှိနေသည်ကို တွေ့လိုက်ရသည်။
"သဘာဝတရားကြီးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"
ကုယွမ်၏ မျက်နှာမှာ ဝမ်းသာပီတိများဖြင့် လင်းလက်သွားသည်။ ယခုရရှိလိုက်သော ရိတ်သိမ်းမှုက သူ၏ နည်းဗျူဟာမှာ အမှန်တကယ်ပင် အလုပ်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။ ဤကဲ့သို့သော ကြွက်တွင်းအချို့ကိုသာ ထပ်မံတူးနိုင်မည်ဆိုလျှင် ဆောင်းရာသီကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ပေလိမ့်မည်။
"ကျွီ….ကျွီ..."
ထိုစဉ်မှာပင် နားအနီးရှိ တွင်းတစ်ခုထဲမှ ဝတုတ်နေသော လယ်ကြွက်တစ်ကောင်မှာ ပြေးထွက်လာပြီး မြေပုံပေါ်တွင် ရပ်ကာ ကုယွမ်ကို ဒေါသတကြီး အော်ဟစ်နေတော့သည်။ ကြည့်ရသည်မှာ သူ၏ အိမ်ကို ဖျက်ဆီးပြီး ရိက္ခာများကို ခိုးယူသွားခြင်းအတွက် ကုယွမ်ကို တရားစွဲဆိုနေသည့်အလားပင်။
"သဘာဝတရားကြီးကို ထပ်ပြီး ကျေးဇူးတင်ရဦးမှာပဲ... ဒီနေ့တော့ ငါ အသားဟင်းပါ စားရတော့မယ်"
ကုယွမ်၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး ဓားနှောင့်ဖြင့် တစ်ချက်တည်း ရိုက်ချလိုက်ရာ ထိုလယ်ကြွက်မှာ ယမမင်းထံသို့ ခရီးဆက်သွားရရှာတော့သည်။
နောက်တစ်နာရီခန့်အတွင်း ကုယွမ်သည် ရိက္ခာများသိုလှောင်ထားသည့် နောက်ထပ်ကြွက်တွင်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့ပြီး ဆယ်ပိဿာကျော်မျှရှိသော ကောက်ပဲသီးနှံများကို တူးဖော်ရရှိခဲ့သည်။ ယခုဆိုလျှင် စုစုပေါင်း ရိက္ခာအလေးချိန်မှာ ပိဿာနှစ်ဆယ်ကျော်သွားပြီဖြစ်ရာ ဤမျှဆိုလျှင် လုံလောက်ပြီပင်။ ထို့ထက်ပို၍ သယ်ဆောင်သွားပါကလည်း လေးလံလှသဖြင့် အိမ်အပြန်လမ်းတွင် သူတစ်ပါး၏ မသင်္ကာမှုကို ခံရနိုင်သည်။
ထို့နောက်တွင် ကုယွမ်သည် အနားမနေဘဲ အားဟွမ်ကို လယ်ကြွက်နှင့် တောင်ကြွက်များ၏ ခြေရာများကို ရှာဖွေခိုင်းလေတော့သည်။ သူသည်လည်း အားဟွမ်ကို ကြွက်အနွယ်တူများအား ပြန်လည်သစ္စာဖောက်ခိုင်းနေသည်ကို သိသော်လည်း မြေပဲအချို့ကို ရံဖန်ရံခါ ကျွေးမွေး၍ မြှူဆွယ်ထား၏။ အားဟွမ်မှာမူ သူကိုယ်တိုင် ကြွက်သစ္စာဖောက်ဖြစ်နေသည်ကို သတိမထားမိဘဲ ကုယွမ်အတွက် အခြားကြွက်များကို လိုက်လံရှာဖွေပေးနေရှာသည်။
နေမွန်းတည့်ချိန်သို့ ရောက်သောအခါ ကုယွမ်သည် တောင်ကြွက်နှစ်ကောင်နှင့် လယ်ကြွက်သုံးကောင်ကို ဖမ်းမိထားပြီဖြစ်ရာ အစောပိုင်းက တစ်ကောင်နှင့်ပေါင်းလျှင် စုစုပေါင်း ခြောက်ကောင်တိတိ ရရှိထားသည်။
သူသည် လူသူမနီးသော မြေပြန့်လွတ်လပ်သည့် နေရာတစ်ခုကို ရှာဖွေပြီး မီးစတင်မွှေတော့သည်။
ဖမ်းမိထားသော ကြွက်များကို သစ်ရွက်အကြီးစားများဖြင့် သေချာစွာ ထုပ်ပိုးလိုက်သည်။ မီးတောက်များ ငြိမ်သက်သွားပြီးနောက် ထိုအထုပ်များကို မီးခဲပူများအောက်တွင် မြှုပ်နှံကာ အပူရှိန်ဖြင့် အကျက်နှေးနှေး ကင်လိုက်၏။
မကြာမီမှာပင် သူသည် ပြာများကို ဖယ်ရှားကာ သစ်ရွက်ထုပ်ကို ဖွင့်လိုက်သည့်အခါ အလွနမွှေးကြိုင်လှသော အနံ့တစ်ခုက လွင့်ပျံ့လာတော့သည်။ ထိုအနံ့က အသားနံ့ပင်။
ဂွတ်... ဂွတ်...
ဆာလောင်နေသော ဗိုက်ထဲမှ အသံများ မြည်လာရုံမျှမက ကုယွမ်သည် ကင်ထားသော တောင်ကြွက်တစ်ကောင်ကို ယူကာ အားပါးတရ ကိုက်ချလိုက်သည်။ အသားမှာ နူးညံ့ပြီး ကျစ်လျစ်သည့်အပြင် ပါးစပ်ထဲတွင် မွှေးရနံ့များဖြင့် ပြည့်နှက်သွားစေသည်။
အရမ်း အရသာရှိတာပဲ။
မည်သည့် ဟင်းခတ်အမွှေးအကြိုင်မျှ မပါဝင်သော်လည်း ဤအသားနံ့က ကုယွမ်ကို မျက်ရည်ကျလုနီးပါးအထိ ခံစားရစေကာ ဘုရားသခင်ကို ကျေးဇူးတင်ရမည်ပင်။
ကုယွမ်မှာ အသားအရသာကိုပင် မေ့လျော့နေခြင်းပင်။
ဤအခိုက်အတန့်တွင် အသားစားရခြင်း၏ ပျော်ရွှင်မှုကို ဘေးလူများ မည်သို့မျှ နားလည်နိုင်မည် မဟုတ်ပေ။ ကြွက်သားမှာ အလွန်ပင် အရသာရှိလှသည်ဟုသာ ဆိုရပေလိမ့်မည်။
နှစ်ကောင်ကို အားရပါးရ စားသောက်ပြီးနောက် ကျန်ရှိသော လေးကောင်ကိုမူ သူ၏ မိဘနှစ်ပါးအတွက် အိမ်သို့ ယူဆောင်ရန် ပြန်လည်ထုပ်ပိုးလိုက်သည်။ ထို့နောက်တွင်မူ ထင်းအချို့ကို ခုတ်ထွင်ကာ ကောက်ပဲသီးနှံများကို ထင်းပုံကြားတွင် သေချာစွာ ဝှက်၍ အိမ်သို့ ပိုးချီကာ ပြန်လာခဲ့တော့သည်။
အခန်း။ ၄
"ဟေ့... ကုယွမ် မင်း ထင်းခုတ်သွားပြန်ပြီလား"
"မင်း ဒဏ်ရာအပြင်းအထန် ရထားတယ်လို့ ကြားတယ် ဂရုစိုက်ဦးမှပေါ့ကွ"
ကုယွမ်သည် ထင်းစည်းကြီးကို ပိုး၍ ကုရွာအတွင်းသို့ ပြန်လည်ဝင်ရောက်လာသောအခါ အိမ်နီးနားချင်းအချို့က လှမ်း၍ နှုတ်ဆက်ကြသည်။ ကုယွမ်ကမူ ပြုံးပြုံးရွှင်ရွှင်ပင် ပြန်လည်တုံ့ပြန်ရင်း အိမ်သို့ ခပ်သုတ်သုတ် ပြန်လာခဲ့သည်။
ကုယွမ်၏ ကျောပြင်ကို ကြည့်ရှုရင်း ရွာသားအတော်များများက သူ၏ သန်စွမ်းကြံ့ခိုင်မှုကို တအံ့တသြ ငေးမောနေကြသကဲ့သို့ အချို့ကလည်း သက်ပြင်းချနေကြရှာသည်။
"ကြားတာတော့ အဖိုးကြီးကုက ကုယွမ်ရဲ့ ဒဏ်ရာကို ကုဖို့အတွက် အိမ်က ဆောင်းတွင်းစာရိက္ခာတွေအကုန် ရောင်းချလိုက်ရတယ်ဆို"
"အေးလေ... ဟုတ်တယ်"
"ကြည့်ရတာ ဒီနှစ်ဆောင်းတွင်းတော့ ဒီမိသားစု သုံးယောက်အတွက် တော်တော်လေး ခက်ခဲမယ့်ပုံပဲ"
"ခေတ်ပျက်ကြီးထဲမှာ အားလုံးက ကျပ်တည်းနေကြတာပါပဲကွာ။ မြေရှင်တွေဆီမှာတောင် ပိုလျှံတဲ့ ဆန်စပါး မရှိသလောက်ပဲကိုး..."
မလှမ်းမကမ်းတွင်မူ တုန်းကွေ့နှင့် ဆွန်အာတို့သည်လည်း ကုယွမ်ကို အကဲခတ်နေရင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
"ဒီကောင် တကယ်ပဲ ထင်းခုတ်သွားတာပဲဟ"
"အတော်ကို အူကြောင်ကြောင်နိုင်တဲ့ ကောင်ပဲ။ ဝမ်းတောင် မဖြည့်နိုင်ဘဲနဲ့ အလုပ်ရှာရမယ့်အစား ထင်းသွားခုတ်နေသေးတယ်... ဒီပုံစံအတိုင်းဆိုရင်တော့ အနှေးနဲ့အမြန် ငတ်သေတော့မှာပဲ"
"ကဲ... သူ့အကြောင်း ထားလိုက်ပါတော့။ ငါတို့လည်း ခဏနေရင် မြို့ထဲသွားပြီး ဒီညသောက်ဖို့အတွက် အသားပြုတ်လေးဘာလေး သွားဝယ်ရအောင်"
"သောက်ကြမယ် ဟုတ်လား... ကောင်းတာပေါ့ ကောင်းတာပေါ့။ အစ်ကိုကြီးကွေ့ကတော့ တကယ့်ကို သဘောကောင်းတာပဲဗျာ"
သို့သော် တုန်းကွေ့နှင့် ဆွန်အာတို့ သတိမထားမိလိုက်သည်မှာ ကုယွမ်သည် သူတို့နှစ်ဦးကို လှည့်ကြည့်ရင်း နှုတ်ခမ်းဖျား၌ အေးစက်သော အပြုံးတစ်ခုကို ဆင်မြန်းသွားခဲ့ခြင်းပင်။
အိမ်သို့ရောက်သောအခါ အဖေနှင့်အမေမှာ ပြန်ရောက်နှင့်နေပြီ ဖြစ်သည်။ ထင်းစည်းကြီးကို ပိုး၍ ပြန်လာသော ကုယွမ်ကို မြင်လိုက်ရသည့်အခါ လူကြီးနှစ်ယောက်စလုံးမှာ အံ့အားသင့်သွားကြ၏။
"သားရယ်... ဒဏ်ရာတွေကလည်း မပျောက်သေးဘဲနဲ့ ဘာလို့ ထင်းသွားခုတ်ရတာလဲ"
မိခင်ဖြစ်သူက ဆူပူကြိမ်းမောင်းလိုက်ရင်း "အဖိုးကြီး... မြန်မြန်လာဦး သားဆီက ထင်းစည်းကို ကူယူလိုက်ပါဦး" ဟု လှမ်းပြောလိုက်သည်။
"နေဦး... အဖေ"
ဖခင်ဖြစ်သူက ထင်းစည်းကို လှမ်းအယူတွင် ကုယွမ်က တားလိုက်ပြီး "အဖေနဲ့ အမေ... ဒါကို အရင်ဆုံး အထဲကို သယ်သွားရအောင် အသံတိတ်တိတ်နေကြပါဦး။ ဘယ်သူ့ကိုမှ မသိစေနဲ့နော်" ဟု ပြောကာ ထင်းစည်းကြားထဲမှ ဖောင်းကားနေသော အဝတ်အိတ်ကို ဆွဲထုတ်၍ ဖခင်ဖြစ်သူထံ ကမ်းပေးလိုက်သည်။
မိသားစု သုံးယောက်သား အိမ်ထဲသို့ ရောက်ရှိသွားကြသည်။
ဖခင်ဖြစ်သူက အိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး ကုယွမ်ကို အလန့်တကြား ကြည့်ကာ အလိုအလျောက်ပင် အသံကို နှိမ့်၍ မေးလိုက်တော့သည်။
"ဒီလောက်များတဲ့ ရိက္ခာတွေ သား... ဒါတွေ ဘယ်ကရလာတာလဲ"
"သားရယ်... အန္တရာယ်ရှိတာတွေတော့ မလုပ်နဲ့နော်"
မိခင်ဖြစ်သူကလည်း ဝမ်းသာသော်လည်း စိုးရိမ်တကြီး ပြောရှာသည်။
"အဖေနဲ့ အမေ စိတ်မပူပါနဲ့။ ဒီရိက္ခာတွေကို လယ်ကြွက်တွင်းတွေထဲကနေ တူးယူလာတာပါ"
ကုယွမ်က သူတို့ကို စိတ်အေးစေရန် ပြောလိုက်ရင်း အိတ်ကပ်ထဲမှ ကင်ထားသော ကြွက်သားများကို ထုတ်ယူလိုက်ကာ ရှင်းပြလိုက်သည်။
"ဒီနေ့ ထင်းခုတ်နေတုန်းက မုဆိုးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက ကျွန်တော့်ကို သနားလို့ဆိုပြီး အမဲလိုက်တာနဲ့ ခြေရာခံတဲ့ ပညာအချို့ သင်ပေးခဲ့တယ်လေ... ကျွန်တော် စမ်းကြည့်တာ တကယ်ပဲ အလုပ်ဖြစ်တယ်ဗျ"
ကုယွမ်အနေဖြင့် သူ၏ သားရဲယဉ်ပါးစေနိုင်သော စွမ်းရည်အကြောင်းကို မိဘများကို ပြောပြရန် အစီအစဉ်မရှိပေ။ ၎င်းမှာ မိဘများကို မယုံကြည်၍ မဟုတ်ဘဲ လျှို့ဝှက်ချက်ဆိုသည်မှာ တစ်ဦးတည်း သိမှသာ လျှို့ဝှက်ချက်အစစ်အမှန် ဖြစ်သောကြောင့်ပင်။ လူသိများလေလေ ပေါက်ကြားနိုင်ခြေ ပိုများလေလေ ဖြစ်သလို ရိုးသားလွန်းသော လူကြီးနှစ်ဦးအတွက်လည်း ဤအရာကို သိထားခြင်းက ကောင်းကျိုးထက် ဘေးဒုက္ခကို ပို၍ ဖိတ်ခေါ်ရာ ရောက်နိုင်သောကြောင့်ပင်။
ထိုသို့ဖြင့် ကုယွမ်သည် ဇာတ်လမ်းတစ်ပုဒ်ကို အပိုင်ဖန်တီးကာ အခြေအနေကို ဖုံးဖိကျော်ဖြတ်လိုက်သည်။
ကြွက်သားကင်ကို မြင်လိုက်ရရုံမျှမက အနံ့ကိုပါ ရရှိလိုက်သောအခါ လူကြီးနှစ်ဦးမှာ အလွန်ပင် စိတ်လှုပ်ရှားဝမ်းသာသွားကြသည်။ ဖခင်ဖြစ်သူ ကုတန်ရှန်းမှာ တံတွေးတစ်ချက် မျိုချလိုက်မိရင်း "ရှေးလူကြီးတွေ ပြောသလိုပဲ... ဘေးဆိုးကြီး ကျရောက်ပြီးရင် ကံကောင်းခြင်းတွေ လိုက်လာတတ်တယ်ဆိုတာ တကယ်ပဲ။ ငါ့သားက ကံထူးတဲ့သူပဲဟေ့"
"ဒါပေမဲ့ ဒီသတင်းကိုတော့ အပြင်ကို မပေါက်ကြားစေနဲ့ဦး။ သူများတွေ သိသွားရင် မနာလိုဖြစ်ပြီး ပြဿနာရှာကြလိမ့်မယ်။ စိတ်ချရအောင် ဒီရိက္ခာတွေကိုလည်း ဆန်အိုးထဲမှာပဲ အကုန်ပုံမထားနဲ့ ခွဲပြီး ဝှက်ထားရမယ်"
သူသည် ခဏမျှ စဉ်းစားပြီးနောက် ဆက်ပြောသည်။
"ဒါမှမဟုတ်ရင် ငါတို့အိမ်မှာ ရိက္ခာပြတ်နေတာ လူတိုင်းသိနေတာဆိုတော့ တစ်ယောက်ယောက်က ဒါတွေကို တွေ့သွားရင် ရှင်းပြဖို့ ခက်လိမ့်မယ်"
"အဖွားကြီး... မင်းလည်း မသင်္ကာစရာ မဖြစ်အောင် သူများအိမ်မှာ အဝတ်လျှော်ပေးတဲ့အလုပ်ကို ဆက်လုပ်နေဦး"
ကုဝမ့်ရှီက သူ့ကို တစ်ချက်စောင်းကြည့်လိုက်ပြီး "ဒါတွေကတော့ ရှင်ပြောစရာ မလိုပါဘူးတော်" ဟု ပြန်ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ကုယွမ်၏ ကြိုးစားအားထုတ်မှုကြောင့် မိသားစုအတွင်း ယခင်ကလွှမ်းမိုးနေသော သောကရိပ်များ ပျောက်ကွယ်သွားပြီး အားလုံးမှာ ပျော်ရွှင်ကြည်နူးနေကြတော့သည်။ ညစာမှာလည်း ထုံးစံထက် ပိုမိုခမ်းနားလှသည်။ ဆားရည်စိမ် မုန်လာဥခြောက်၊ ကြွက်သားကင်နှင့် ဆန်ပြုတ်ပျစ်ပျစ်တို့ဖြင့် မြိန်ယှက်စွာ စားသောက်ကြ၏။
ကုယွမ်က အတင်းအကျပ် တိုက်တွန်းသောကြောင့် လူကြီးနှစ်ယောက်မှာ ကြွက်သားတစ်ကောင်စီကို စားသုံးကြသော်လည်း ထပ်မံကျွေးသည်ကိုမူ ဇွတ်ငြင်းဆန်ကြကာ နောက်ဆုံးနှစ်ကောင်ကို ကုယွမ်အတွက်သာ ချန်ထားပေးကြသည်။
သူတို့က "ငါတို့လို လူအိုကြီးတွေက ဒီလောက်အကောင်းစားတွေ စားဖို့ မလိုပါဘူး။ ကုယွမ်... မင်းက ကြီးထွားဆဲအရွယ် ဖြစ်တဲ့အပြင် ဒဏ်ရာတွေကလည်း မကျက်သေးဘူး။ အားရှိအောင် မင်းပဲ အကုန်စားလိုက်ပါ" ဟု ပြောရှာသည်။
...
နောက်ရက်များတွင် ကုယွမ်သည် ထင်းခုတ်ရန်ဟု အကြောင်းပြကာ မကြာခဏ အပြင်သို့ ထွက်လေ့ရှိသည်။ သို့သော် လက်တွေ့တွင်မူ အားဟွမ်ကို အသုံးပြု၍ လယ်ကြွက်တွင်းများနှင့် တောင်ကြွက်အသိုက်များကို တိတ်တဆိတ် တူးဆွနေခြင်းဖြစ်ပြီး နေ့စဉ်နှင့်အမျှ ရိတ်သိမ်းမှုများ ရရှိနေခဲ့သည်။
လူသားများနှင့် ယှဉ်လျှင် သေးငယ်သော ခန္ဓာကိုယ်ရှိသည့် အားဟွမ်မှာ တောကောင်ရိုင်းများကို သတိမမူမိစေဘဲ လှုပ်ရှားနိုင်စွမ်း ရှိသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ကုယွမ်သည် အားဟွမ်ကို ကင်းထောက်အဖြစ် အသုံးပြုကာ လျှော်ကြိုးအနုစားများဖြင့် ရိုးရှင်းသော ထောင်ချောက်များကို ဆင်ပြီး တောကြက်၊ တောယုန်နှင့် မြွေများကိုပင် ဖမ်းဆီးနိုင်ခဲ့သည်။ ယခုဆိုလျှင် သူတို့မိသားစု၏ ထမင်းဝိုင်းမှာ အသားဟင်းများဖြင့် ပိုမိုစိုပြေလာခဲ့သည်။
ထူးခြားချက်မှာ ကုယွမ်သည် အဆိပ်ပြင်းမြွေတစ်ကောင်ကို ဖမ်းမိစဉ်က ဒုတိယမြောက် အိမ်မွေးသားရဲအဖြစ် ယဉ်ပါးအောင်လုပ်ရန် ကြိုးစားခဲ့သော်လည်း အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ဒုတိယမြောက်သားရဲကို လက်ခံရန် အရည်အချင်းမပြည့်မီသေးကြောင်း အခြေအနေပြမှတ်တမ်းက အသိပေးခဲ့ခြင်းပင်။
ဆယ်ရက်ကျော် ကြာမြင့်ပြီးနောက် ကုယွမ်၏ ဒဏ်ရာများမှာ ကြောက်မက်ဖွယ်ရာ အမာရွတ်အချို့ ကျန်ရစ်သည်မှလွဲ၍ လုံးဝနီးပါး ပြန်လည်ကျန်းမာလာခဲ့ပြီ ဖြစ်သည်။ အသက် ၁၇ နှစ်အရွယ်ဆိုသည်မှာ ကြီးထွားနှုန်း အကောင်းဆုံးအရွယ်ပင်။
ပုံမှန်ထက် ပိုမိုဝလင်စွာ စားသောက်ရသည့်အပြင် အသားဟင်းကိုလည်း ပုံမှန်စားသုံးနေရသဖြင့် ကုယွမ်၏ ပိန်လှီလှသော ခန္ဓာကိုယ်မှာ သိသိသာသာပင် ထွားကျိုင်းသန်စွမ်းလာကာ ညိုမည်းကာ ဖျော့တော့နေသော မျက်နှာပြင်မှာလည်း သွေးရောင်လွှမ်းကာ စိုပြည်လာခဲ့သည်။
ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ကုယွမ်သည် တောင်ပေါ်သို့ တက်ကာ တောကောင်အချို့ကို ဖမ်းဆီးပြီး မြို့ပေါ်၌ သွားရောက်ရောင်းချရန် စီစဉ်တော့သည်။ ငွေရှာရန်မှာ ဒုတိယအချက်သာဖြစ်ပြီး အဓိကမှာမူ မြို့ပေါ်ရှိ သိုင်းပညာသင်ကြားမှုများနှင့် ပတ်သက်၍ စုံစမ်းရန် ဖြစ်သည်။
အမှန်စင်စစ် ကုယွမ်သည် ဤကမ္ဘာ၏ သိုင်းပညာရပ်များအပေါ် များစွာစိတ်ဝင်စားမိသည်။ သိုင်းပညာကျင့်ကြံခြင်းဖြင့် ကျားနှင့် သစ်ကုလားအုတ်တို့ကို ဆွဲဖြဲနိုင်သည့်အစွမ်းကို ရရှိနိုင်ရုံမျှမက ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲစေကာ သာမန်လူသားအဆင့်မှ သူတော်စင်အဆင့်အထိ တက်လှမ်းနိုင်သည်ဟု သိရသောကြောင့်ပင်။
ကုယွမ် တွေးမိသည်မှာ သိုင်းပညာကို ကျင့်ကြံနိုင်မှသာ ဒုတိယမြောက် သို့မဟုတ် ထိုထက်ပိုသော သားရဲများကို ယဉ်ပါးအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သံသယရှိနေခြင်းပင်။
ထို့ပြင် ကုယွမ်သည် အားဟွမ်ကို ဆင့်ကဲပြောင်းလဲရန်နှင့် အဆင့်မြှင့်တင်ရန်အတွက် တာအိုအမှတ်ရရှိနိုင်မည့် ရှေးဟောင်းပစ္စည်းများနှင့် ထိတွေ့နိုင်မည့် အခွင့်အရေးကိုလည်း ရှာဖွေလိုသေးသည်။ လောလောဆယ်တွင် ဒုတိယသားရဲကို မွေးမြူ၍မရသေးသဖြင့် အားဟွမ်ကိုသာ အဆင့်မြှင့်တင်ရန် သူ ဆုံးဖြတ်ထားခြင်းပင်။
တကယ်လို့ အားဟွမ်သာ သံသွားကြွက်အဖြစ် ပြောင်းလဲသွားမယ်ဆိုရင် ဘယ်လိုထူးခြားတဲ့ ပါရမီမျိုးတွေ ရလာမလဲဆိုတာကိုလည်း ငါ အရမ်းသိချင်နေပြီ။
...
ဆောင်းရာသီ ဝင်လာသည်နှင့်အမျှ ရာသီဥတုမှာလည်း ပိုမိုချမ်းအေးလာခဲ့သည်။ ချမ်းစိမ့်လှသော နံနက်ခင်းတစ်ခုတွင် ကုယွမ်သည် နွေးထွေးသောအဝတ်အစားများကို ဝတ်ဆင်ကာ ရိက္ခာခြောက်အချို့နှင့် ဓားမကိုယူ၍ အားဟွမ်ကို အင်္ကျီကြားထဲသို့ ထည့်ကာ အိမ်မှ ထွက်လာခဲ့သည်။
ရွာအဝင်ဝတွင် ကုယွမ် ထွက်ခွာသွားသည်ကို ကြည့်ရင်း တုန်းကွေ့က မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီကောင် ကုယွမ်က ရူးသွားပြီလားမသိဘူး နေ့တိုင်း ထင်းခုတ်ဖို့ပဲ သွားနေတယ်"
"ဟုတ်ပါ့ အစ်ကိုကြီးကွေ့ရာ... ဒါက တကယ် ထူးဆန်းတယ်။ ရွာထဲက အဖိုးကြီးဝူဆိုရင် ဗိုက်တောင်မဝလို့ ဆန်ပြုတ်တစ်လုံးနဲ့ တောင့်ခံနေရတာ။ ဆာလောင်လွန်းလို့ လမ်းတောင် မလျှောက်နိုင်ရှာဘူး"
ဆွန်အာကလည်း နားမလည်နိုင်သဖြင့် ခေါင်းကို ကုတ်ရင်း "ဒါပေမဲ့ ဒီကောင်ရဲ့ မျက်နှာက ပိုပြီး စိုပြည်လာသလိုပဲ။ ပြီးတော့ နေ့တိုင်း ထင်းခုတ်ဖို့ အားအင်တွေ ရှိနေသေးတယ်။ ငတ်ပြတ်နေတဲ့ ပုံစံလည်း မပေါက်ဘူး။ သူ တစ်ခုခု မဟုတ်တာတွေ လုပ်နေတာလား မသိဘူးနော်"
"မင်းပြောတာ ဟုတ်နိုင်တယ်။ ဒီကောင် လုပ်နေတာတွေက သိပ်ပြီး လျှို့ဝှက်လွန်းတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ"
တုန်းကွေ့သည် ပိုမိုစဉ်းစားလေ ပို၍ သံသယဝင်လေပင်။
သူ၏ မျက်လုံးများက အရောင်တောက်သွားပြီး "ငါတို့ ဒါကို စုံစမ်းရမယ်။ အကယ်၍ အိမ်တော်ထိန်းဝူက ငါတို့ အလုပ်လစ်ဟင်းတာကို သိသွားလို့ အပြစ်တင်ရင် ငါတို့နှစ်ယောက်စလုံး ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး" ဟု ရေရွတ်လိုက်သည်။