အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း။ ၅
ကုယွမ်သည် တုန်းကွေ့နှင့် ဆွန်အာတို့က သူ့အပေါ် ကြံစည်နေကြသည်ကို မသိရှိသေးဘဲ ယခုအချိန်တွင် တောင်နက်ပိုင်းသို့ ဦးတည်တက်လှမ်းနေသည်။
အမှန်စင်စစ်အားဖြင့် ယွင်မုန်တောင်ကို ယွင်မုန်တောင်တန်းကြီးဟု ခေါ်ဆိုရပေမည်။ ၎င်းမှာ မည်မျှမိုင်ပေါင်းများစွာ ရှည်လျားသည်ကို မည်သူမျှ မသိနိုင်ဘဲ အနက်ရှိုင်းဆုံးနေရာများမှာလည်း ခန့်မှန်းရခက်လှသည်။ ထိုတောင်တန်းကြီးသည် တောင်ပိုင်းနယ်စပ်ရှိ ဖုန်း၊ ချင်၊ လျို၊ ယွမ်၊ ကျယ်နှင့် ယန်ဟူသော ပြည်နယ်ခြောက်ခုအထိ သွယ်တန်းကာ ဖြန့်ကျက်ထား၏။
ယခု ကုယွမ် ဦးတည်သွားနေသော တောင်နက်ပိုင်းဆိုသည်မှာ တောင်တန်းကြီး၏ ဗဟိုချက်မ မဟုတ်သေးဘဲ အစွန်အဖျားဒေသမျှသာ ရှိသေးသည်။ ရွာမှ လူကြီးသူမများ၏ ပြောပြချက်အရ တောင်နက်များအတွင်း တိမ်မြူများကို စီးနင်းသွားလာတတ်သော နတ်ဘုရားများ ရံဖန်ရံခါ ပေါ်လာတတ်သည်ဟု ဆိုကြပြီး အချို့ကလည်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်ဟု ပြောကြသည်။
ထိုစကားများမှာ အမှန်လား၊ အမှားလားဆိုသည်ကိုမူ မည်သူမျှ အသေအချာ မသိနိုင်ကြချေ။ ကုယွမ်သည်လည်း ထိုဒဏ္ဍာရီပုံပြင်များ၏ အရင်းအမြစ်ကို မသိသလို နတ်ဘုရားများ ပေါ်ထွက်ခြင်းဆိုသည်မှာ ဟုတ်လား မဟုတ်လားဆိုသည်ကိုလည်း ဂရုမစိုက်အားပေ။ အကြောင်းမှာ ထိုအရာများက သူနှင့် အလွန်တရာ ဝေးကွာလွန်းနေသောကြောင့်ပင်။
"ရောက်တဲ့အရပ်မှာ သင့်တော်တာကိုပဲ လုပ်ရမယ်" ဆိုသည်မှာ မပျက်မကွက် လက်ကိုင်ထားရမည့် အမှန်တရားပင်။
သူသည် သာမန်ရွာသားတစ်ဦးမျှသာ ဖြစ်ရာ အားယားနေသောသူများသာလျှင် ထိုဒဏ္ဍာရီများ၏ အမှန်တရားကို လိုက်လံစုံစမ်းနေကြမည် ဖြစ်သည်။ လောလောဆယ်တွင် ကုယွမ် အလိုချင်ဆုံးအရာမှာ ငွေကြေးသာ။
ငွေရှိမှသာ သူ၏ လက်ရှိအခြေအနေကို တဖြည်းဖြည်း မြှင့်တင်နိုင်မည်ပင်။ ၎င်းမှာ သူရင်ဆိုင်နေရသော အခက်အခဲများကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။
မြို့ပေါ်ရှိ ချန်အိမ်တော်၏ ခြိမ်းခြောက်မှုကိုလည်း ကုယွမ် မေ့လျော့မထားပေ။ သူက အင်အားနည်းနေသော်လည်း တစ်ဖက်လူက ဆွန်အာနှင့် တုန်းကွေ့တို့ကို လွှတ်၍ စောင့်ကြည့်ခိုင်းနေခြင်းမှာ ဤကိစ္စက လုံးဝပြီးဆုံးသွားခြင်းမရှိသေးကြောင်း ထင်ရှားနေတော့သည်။
တစ်ဖက်လူ၏ သေးငယ်သော လုပ်ရပ်တစ်ခုကပင် ကုယွမ်တို့ မိသားစုသုံးယောက်အတွက်တော့ ကြောက်မက်ဖွယ်ရာ ဘေးဒုက္ခဆိုးကြီး ဖြစ်သွားနိုင်သည်။ ထို့ပြင် တစ်ဖက်လူက လက်လျှော့လိုက်သည်ဆိုဦးတော့ ကုယွမ်ကမူ လက်လျှော့ရန် အစီအစဉ်မရှိပေ။
တောင်နက်ပိုင်းသို့ ပိုမိုတိုးဝင်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများမှာလည်း ပိုမိုထူထပ်လာခဲ့သည်။ ဆောင်းဦးနှောင်းပိုင်း ရောက်နေပြီဖြစ်၍ လေထုထဲတွင် အအေးဓာတ်က စိမ့်ဝင်နေသော်လည်း တောအုပ်ကြီးမှာမူ ခြောက်သွေ့နေခြင်းမရှိဘဲ စိမ်းလန်းစိုပြည်သည့် သစ်ပင်တောအုပ်များက မျက်စိတစ်ဆုံး ဖြန့်ကျက်ထားသဖြင့် သက်ဝင်လှုပ်ရှားလျက် ရှိနေဆဲပင်။
ရံဖန်ရံခါ ကြားရသော ကျေးငှက်သံလေးများနှင့် တောကောင်တို့၏ အော်မြည်သံများက နားထဲတွင် သာယာနေပြီး လူကို အမှန်တကယ်ပင် လန်းဆန်းတက်ကြွစေသည်။ အနည်းဆုံးတော့ ယခုအခါတွင် ကုယွမ်သည် မြေနံ့သင်းပျံ့နေသော လေအေးအေးကို ရှူရှိုက်ရင်း သဘာဝတရား၏ ငြိမ်းချမ်းမှုအောက်တွင် စိတ်လက်ပေါ့ပါးနေမိသည်။
အားဟွမ်ကမူ ရှေ့မှ ဦးဆောင်ကာ ကင်းထောက်ပေးနေ၏။ တစ်စုံတစ်ရာ ထူးခြားပါကလည်း သူက ချက်ချင်း သတိပေးပေလိမ့်မည်။
ဤတောင်တန်းကြီးများအတွင်း၌ တောသားရဲများစွာ နေထိုင်ကြသလို မကြာသေးမီနှစ်များအတွင်းက တောင်ပေါ်မှ မိစ္ဆာသားရဲများ ဆင်းလာပြီး လူများကို တိုက်ခိုက်သည်ဟူသော သတင်းများလည်း ကြားနေရသဖြင့် ကုယွမ်မှာ သတိဝီရိယကိုတော့ လက်ကိုင်ထားရဆဲပင်။
တောယုန်များနှင့် တောကြက်များ ကျက်စားလေ့ရှိသော နေရာများတွင် လျှော်ကြိုးများနှင့် အစာများကို အသုံးပြု၍ ထောင်ချောက်များ ဆင်ပြီးနောက် ကုယွမ်သည် တစ်နေရာရာတွင် ပုန်းအောင်းရင်း သားကောင်များ ထောင်ချောက်ထဲဝင်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရန် ပြင်ဆင်လိုက်သည်။
အနီးအနားတွင် သားကောင်ခြေရာခံနေသော အားဟွမ်ကို ပြန်ခေါ်ရန် ပြင်လိုက်စဉ်မှာပင် အားဟွမ်ထံမှ ထူးခြားသော စိတ်လှုပ်ရှားမှု လှိုင်းတစ်ခုကို ကုယွမ် ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ အားဟွမ် တစ်စုံတစ်ခုနှင့် ထိပ်တိုက်တွေ့နေပုံရ၏။
အားဟွမ်မှာ အသိဉာဏ် သိပ်မမြင့်မားလှသော်လည်း သူ၏ ကြောက်ရွံ့ခြင်း၊ ဝမ်းသာခြင်းနှင့် ဒေါသထွက်ခြင်း စသည့် စိတ်လှုပ်ရှားမှုများမှတစ်ဆင့် အခြေအနေကို ကုယွမ် ခန့်မှန်းနိုင်သည်။ ယခုအခါတွင်မူ အားဟွမ်သည် အလွန်အမင်း ဝမ်းသာပီတိဖြစ်နေသော လှိုင်းများကို ပေးပို့နေခြင်းပင်။
အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ကုယွမ်သည် တောင်စောင်းတစ်ခုဆီသို့ အပြေးအလွှား သွားလိုက်သည်။
ဤတောင်စောင်းမှာ အနည်းငယ် ဝေးလံသီခေါင်ပြီး သစ်ပင်ဝါးပင်များမှာလည်း ကျဲပါးလှသည်။ တောင်ကြွက်ကလေး အားဟွမ်မှာ တောင်စောင်းရှိ ပြူထွက်နေသော ကျောက်တုံးတစ်တုံးပေါ်တွင် ရပ်နေ၏။ ကုယွမ် ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူသည် တကျွီကျွီအော်ဟစ်လျက် အနည်းငယ် ညှိုးနွမ်းနေသော အပင်တစ်ပင်ဆီသို့ ပြေးသွားကာ ၎င်း၏ အမြစ်များကို ခြေသည်းများဖြင့် အားတက်သရော တူးဆွနေတော့သည်။
"ဟင်... ဒါက..."
ကုယွမ်သည် ထိုအပင်ကို အနီးကပ်စစ်ဆေးကြည့်လိုက်ရာ မျက်ဝန်းများ အရောင်တောက်သွားတော့သည်။
"ဒါ... အဝါရောင်နွယ်လား"
နတ်မင်းတို့၏ ပိုလျှံရိက္ခာဟု လူသိများသော အဝါရောင်နွယ်သည် ဆေးဖက်လည်းဝင်သလို စားသုံး၍လည်းရသည်။ ရောဂါဘယများကို ကုသနိုင်ရုံတင်မက ဆာလောင်မှုကိုလည်း အံတုနိုင်စွမ်းရှိသဖြင့် မြို့ပေါ်ရှိ ဆေးဆိုင်များက တစ်နှစ်ပတ်လုံး ဝယ်ယူလေ့ရှိကြသည်။
ယခင်ဘဝရော ယခုဘဝတွင်ပါ ကုယွမ်သည် ဤအပင်၏သတင်းကို ကြားဖူးနားဝရှိခဲ့သည်။
"ဒီမှာ အဝါရောင်နွယ်တွေ ဒီလောက်တောင် များနေတာလား..."
သူ့ရှေ့ရှိ အပင်ကိုကြည့်ပြီးနောက် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ အခြားသော အဝါရောင်နွယ်ပင်များကိုပါ ဝေ့ဝဲကြည့်လိုက်ရာ ကုယွမ်မှာ အံ့သြဝမ်းသာဖြစ်သွားရသည်။
"ကောင်းပြီ... ဒီအဝါရောင်နွယ်တွေသာရှိရင် ငါအမဲမလိုက်နိုင်ရင်တောင် ဒါတွေကို တူးပြီး မြို့ထဲမှာ ငွေနဲ့သွားလဲလို့ရပြီ"
သူ့ရှေ့တွင် အစီအရီရှိနေသော အဝါရောင်နွယ်များမှာ အမှန်တကယ်ပင် မမျှော်လင့်ထားသော လာဘ်လာဘကြီးပင်။ ကုယွမ်သည် တုံ့ဆိုင်းမနေဘဲ ၎င်းတို့ကို စတင်တူးဆွတော့သည်။
သူသည် အမြစ်အတော်များများကို တစ်ခုပြီးတစ်ခု တူးထုတ်လိုက်ရာ တစ်ခုချင်းစီမှာ တော်တော်လေးကြီးမားပြီး သက်တမ်းရင့်နေပြီဖြစ်ကြောင်း သိသာလှသည်။ ကုယွမ်သည် တစ်ခုကို သန့်စင်လိုက်ပြီး အနည်းငယ်ကိုက်စားကြည့်ရာ အရသာမှာ နူးညံ့ပြီး ခါးသက်သက်နိုင်သော်လည်း ချိုမြိန်သောအရသာ အနည်းငယ်စွက်နေသဖြင့် စားရသည်မှာ မဆိုးလှပေ။ သို့သော် အစိမ်းစားရန်မှာတော့ သိပ်မလွယ်ကူလှချေ။
ထူးခြားသည်မှာ ထိုအမြစ်အနည်းငယ်ကို စားသုံးပြီးနောက် ခဏအကြာတွင် ပင်ပန်းနွမ်းနယ်နေသော သူ၏ခန္ဓာကိုယ်မှာ ပြန်လည်လန်းဆန်းလာသည်ကို သိသိသာသာ ခံစားလိုက်ရခြင်းပင်။
"တကယ့် ပစ္စည်းကောင်းပဲ"
ကုယွမ်၏ မျက်ဝန်းများမှာ အရောင်တောက်လာပြီး အဝါရောင်နွယ်၏ အာနိသင်ကို အတည်ပြုနိုင်ခဲ့သလို ဤနေရာတွင် ၎င်းတို့ မည်မျှအထိ ရှိနေဦးမလဲဆိုသည်ကိုလည်း သိချင်စိတ်ပြင်းပြလာခဲ့သည်။
သူသည် မတ်တပ်ရပ်၍ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ ဤနေရာသည် တောရိုင်းအဝါရောင်နွယ်များ ပေါက်ရောက်ရာ နယ်မြေတစ်ခုသဖွယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အပင်ကြီး အပင်ငယ်များမှာ နေရာအနှံ့ ရှိနေကြ၏။ တောင်စောင်းအတိုင်း ဆက်လက်တက်လှမ်းကြည့်ရာ မြေပြန့်ကွက်လပ်တစ်ခုကိုပင် တွေ့ရှိခဲ့သည်။
ထိုနေရာတွင်မူ အခြားအပင်များထက် ထူးခြားထင်ရှားနေသော အဝါရောင်နွယ်ပင်အချို့ ရှိနေသည်။ ၎င်းတို့၏ အရွက်များမှာ ပိုမိုကြီးမားကာ အပင်မှာလည်း ပို၍တောင့်တင်းခိုင်မာပြီး ပင်စည်နှင့် အရွက်များမှာလည်း စိမ်းမြသော အရောင်အဝါများ တောက်ပနေကြသဖြင့် အလွန်ပင် ထူးခြားဆန်းကြယ်လှပေတော့သည်။
ဒီနေရာလေးက ငါ့အတွက်တော့ ရတနာသိုက်ကြီးတစ်ခုပဲ။
ထိုအဝါရောင်နွယ်ပင်များမှာ အခြားအပင်များကြားတွင် ကြက်အုပ်ထဲက ဟင်္သာကဲ့သို့ ထူးခြားကာ တင့်တယ်နေကြသည်။ ၎င်းတို့သည် နှစ်ပေါင်းမည်မျှတိုင်အောင် ကြီးထွားရှင်သန်ခဲ့သည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
"ဒီအပင်တွေက ဒဏ္ဍာရီထဲက ဝိညာဉ်ဆေးဖက်ဝင်အပင်တွေများလား..."
ကုယွမ်သည် သံသယစိတ်ဖြင့် ရေရွတ်မိသည်။ ရွာမှ လူကြီးသူမများ ပြောလေ့ရှိသည်မှာ ဆေးဖက်ဝင်အပင်များသည် နှစ်ပေါင်းများစွာကြာအောင် နေမင်း၊ လမင်းတို့၏ အနှစ်သာရနှင့် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်တို့ကို စုပ်ယူပြီးနောက် အံ့ဖွယ်အာနိသင်ရှိသော ဝိညာဉ်ဆေးပင်များအဖြစ် ပြောင်းလဲသွားတတ်သည်ဟူ၍ပင်။
သို့သော် ဤဝိညာဉ်ဆေးပင်ဟု သံသယရှိဖွယ် အပင်များထက် ကုယွမ်ကို ပိုမိုတုန်လှုပ်သွားစေသည်မှာ ၎င်းတို့အနီးတွင် လဲလျောင်းနေသော အလောင်းအချို့ပင်။ လူနှင့် တိရစ္ဆာန်တို့၏ အရိုးစုများမှာ ဆွေးမြည့်ပျက်စီးနေပြီး အရိုးများမှာပင် မည်းနက်သော အရောင်များ စွန်းထင်နေကြသည်။
ထူးဆန်းသည်မှာ ဤနေရာတစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်လွန်းနေပြီး ကျေးငှက်သာရကာတို့၏ အော်မြည်သံမျှပင် မကြားရတော့ချေ။
"နေဦး... တစ်ခုခုတော့ မှားနေပြီ..."
ဘေးအန္တရာယ်ကို အာရုံခံမိသော ကုယွမ်သည် ချက်ချင်းပင် သတိဝီရိယ အပြည့်ထားလိုက်သည်။ အထူးသဖြင့် အရိုးစုတစ်ခု၏ ဘေးတွင် သံချေးတက်နေသော ဓားရှည်တစ်စင်း၊ လေထဲမှ ခပ်သဲ့သဲ့ရနေသော သွေးညှီနံ့နှင့် မည်းနက်နေသော အရိုးများကို မြင်လိုက်ရသည့်အခါ သူ၏ သံသယမှာ ပိုမိုခိုင်မာလာပြီး စိုးရိမ်စိတ်က အထွတ်အထိတ်သို့ ရောက်ရှိသွားတော့သည်။
"အားဟွမ်... သွားစို့"
ကျောထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသဖြင့် ကုယွမ်သည် နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထူးဆန်းသည်မှာ အားဟွမ်မှာ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ မြေပြင်ပေါ်တွင် ဝပ်စင်းကာ တစ်ဆက်ဆက် တုန်ရင်နေခြင်းပင်။ တစ်စုံတစ်ခုကို အလွန်အမင်း ကြောက်လန့်နေသည့်အလား သူ မည်သို့ပင် ခေါ်သော်လည်း အားဟွမ်မှာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေရှာသည်။
"မင်း….သတ္တိကြောင်တဲ့ကောင်။ ကြွက်လောက်မှ သတ္တိမရှိဘူးဆိုတဲ့စကားက မင်းတို့အတွက် ပြောထားတာကို ငါ အခုမှ ကောင်းကောင်း နားလည်တော့တယ်"
အားဟွမ်ကို စိတ်ထဲမှ ကျိန်ဆဲရင်း ကုယွမ်သည် ၎င်းကို ကောက်မကာ နောက်ဆုတ်ရန် ပြင်လိုက်သည်။
ရှူး... ရှူး...
ကုယွမ် နောက်ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်တွင် တစ်စုံတစ်ခု တိုက်စားသွားသကဲ့သို့ ခပ်သဲ့သဲ့အသံတစ်ခုကို ကြားလိုက်ရသည်။ သူ အာရုံစိုက်ကြည့်လိုက်သည့်အခါ အလောင်းတစ်ခု၏ အောက်မှ တစ်မီတာခန့် ရှည်လျားသော သံပြာရောင် ကင်းခြေများကောင်ကြီးတစ်ကောင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရတော့သည်။
ဤကင်းခြေများကြီးမှာ သတ္တုရောင် တဖိတ်ဖိတ်တောက်နေသော မာကျောသည့် အခွံရှိပြီး သူ၏ အစွယ်များမှာ ဓားကဲ့သို့ ထက်မြက်ကာ အပြာရောင် ဝိညာဉ်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ ဘေးတစ်ဖက်တစ်ချက်စီရှိ ချွန်ထက်သော သံချိတ်များသဖွယ် ခြေလက်များမှာ ကျောက်သားမြေပြင်ပေါ်တွင်ပင် အစင်းကြောင်းများ ထင်ကျန်ရစ်စေသည်အထိ မာကျောလှ၏။
ကင်းခြေများကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မီးခိုးရောင် မြူခိုးများကြောင့် မြက်ပင်များမှာ မည်းနက်ကာ လောင်ကျွမ်းသွားပြီး တရှဲရှဲ အသံများပင် ထွက်ပေါ်နေတော့သည်။
အခန်း။ ၆
"တကယ့်ကို ကြီးမားတဲ့ ကင်းခြေများကောင်ကြီးပဲ။ ဒီလောက် အဆိပ်ပြင်းတဲ့ အကောင်မျိုးဆိုရင် ကျိန်းသေပေါက် ကျင့်ကြံမှုအဆင့်တစ်ခုကို ရောက်နေတဲ့ မိစ္ဆာပိုးကောင်ပဲ ဖြစ်ရမယ်"
ကုယွမ်၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်သွားပြီး ထိတ်လန့်တကြား ဖြစ်သွားရသည်။ ရတနာကို မြင်ပြီး မျက်စိမှောက်မသွားခဲ့သည်မှာ ကံကောင်းသည်ဟုပင် ဆိုရမည်။ မဟုတ်လျှင် ထိုအကောင် ကိုက်ခြင်းကို ခံရပါက သူသည်လည်း ဟိုအရိုးစုများကဲ့သို့ပင် အဆုံးသတ်သွားပေလိမ့်မည်။
"ကောင်းကင်နှင့် မြေကြီး၏ ရတနာများ ရှိသည့်နေရာတိုင်းတွင် ဆန်းကြယ်သော သားရဲများ စောင့်ကြပ်နေတတ်သည်" ဆိုသော စကားမှာ အမှန်ပင်။
ဤဧရာမ ကင်းခြေများကြီးသည် ဤဝိညာဉ်ဆေးပင်များကို စောင့်ကြပ်နေသည့် အစောင့်အရှောက် ဖြစ်ပေလိမ့်မည်။
ကင်းခြေများကြီးသည် ကုယွမ်ကို သတိပြုမိသည်မှာ ထင်ရှားသော်လည်း ကုယွမ်က ပညာရှိစွာ နောက်ဆုတ်သွားသည်ကို မြင်သောအခါ လိုက်လံတိုက်ခိုက်ခြင်း မပြုတော့ချေ။ ကုယွမ်သည်လည်း အချိန်ဆွဲမနေဘဲ လှည့်၍ ခပ်သွက်သွက်ပင် ထွက်ခွာလာခဲ့တော့သည်။
"ဒီနေ့တော့ ဝိညာဉ်ဆေးပင်တွေရဲ့ ခြေရာလက်ရာကို တွေ့ခဲ့ရပြီ။ ငါ့ရဲ့ ကံတရားကလည်း မဆိုးဘူးလို့ ပြောရမှာပဲ"
အပြန်လမ်းတွင် သူ၏မျက်နှာ၌ နှမြောတသမှုနှင့် မတတ်သာသည့် အရိပ်အယောင်များ ယှက်သန်းနေ၏။
"နှမြောစရာကောင်းတာက အဲဒီမိစ္ဆာပိုးကောင်ကြီး စောင့်နေတာပဲ။ အခုလောလောဆယ်တော့ ဘာမှလုပ်လို့မရသေးဘူး။ ဖြည်းဖြည်းချင်းပဲ နည်းလမ်းရှာရတော့မယ်"
ဤသို့တွေးရင်း ကုယွမ်သည် စိတ်ပျက်မနေတော့ပေ။ မည်သို့ပင်ဆိုစေ ထိုဝိညာဉ်ဆေးပင်များမှာ ထွက်ပြေးသွားမည်မဟုတ်ပေ။ ထိုကင်းခြေများကြီးကို ဖြေရှင်းနိုင်မည့် နည်းလမ်းကိုသာ ရှာတွေ့ခဲ့လျှင် အဝါရောင်နွယ် ဝိညာဉ်ဆေးပင်များမှာ သူ၏လက်ဝယ်သို့ သဘာဝအလျောက် ရောက်ရှိလာမည်သာ။
အမှန်တကယ်တွင် ကုယွမ်သည် ဝိညာဉ်ဆေးပင်များကိုသာမက ထိုကင်းခြေများကြီးကိုပါ လောဘတက်မိနေခြင်းပင်။ ဤမျှကြီးမားပြီး အစွမ်းထက်သော ကင်းခြေများမျိုးကိုသာ ယဉ်ပါးအောင် လုပ်နိုင်မည်ဆိုပါက သူ၏အတွက် အလွန်ကြီးမားသော အင်အားတစ်ခု ဖြစ်လာပေလိမ့်မည်။ ၎င်း၏တန်ဖိုးမှာ အဝါရောင်နွယ် ဝိညာဉ်ဆေးပင်များထက်ပင် မနိမ့်ကျနိုင်ပေ။
ပြဿနာက အဲဒီ ကင်းခြေများကြီးကို ဘယ်လိုမျိုး ဖမ်းရမလဲဆိုတာပဲ။
တောင်ပေါ်လမ်းအတိုင်း လျှောက်လှမ်းလာခဲ့ရာ နေမွန်းတည့်ခါနီးအချိန်တွင် ကုယွမ်သည် မြို့ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ပိုင်လျန်ခရိုင်ဆိုသည်မှာ ယွင်မုန်တောင်ခြေရှိ သာမန်ခရိုင်မြို့လေး တစ်မြို့မျှသာ ဖြစ်
သော်လည်း ယွင်မုန်တောင်တန်းကြီးမှ ထွက်ရှိသော ကြွယ်ဝလှသည့် သယံဇာတများကြောင့် ကုန်သွယ်မှု ထွန်းကားပြီး စီးပွားရေး အတော်အတန် ဖွံ့ဖြိုးသော မြို့လေးတစ်မြို့ ဖြစ်၏။
လမ်းမများမှာ ကျယ်ဝန်းလှပြီး လမ်းဘေးတစ်ဖက်တစ်ချက်တွင် ဆိုင်ခန်းများ စီတန်းကာ ဖွင့်လှစ်ထားသည်။ ရံဖန်ရံခါတွင် တွေ့ရတတ်သော အရက်ဆိုင်များ၊ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များထံမှ မွှေးကြိုင်လှသော အနံ့အသက်များက လူကို သွားရည်ကျစေသည်။ လမ်းမပေါ်တွင် လူအများအပြား သွားလာနေကြပြီး ထိုအထဲတွင် ဓားကိုယ်စီကိုင်ဆောင်ကာ ခက်ထန်ကြမ်းတမ်းသော ပုံစံရှိသည့် ထူးခြားသော ပုဂ္ဂိုလ်များစွာလည်း ပါဝင်သည်။
သူတို့၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံဖြင့် အချို့မှာ အင်အားကို အသုံးပြု၍ အသက်မွေးနေကြသော သိုင်းဆရာများဖြစ်ကြပြီး အချို့မှာမူ ဆေးတောင်းကိုယ်စီဖြင့် ဆေးမြစ်ရှာဖွေသူများ ဖြစ်ကြကြောင်း သိသာလှသည်။
ဤသည်မှာ ကုယွမ်အတွက် မြို့ပေါ်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခြင်းပင်။ ရှေးဟောင်းဓလေ့ထုံးတမ်းနှင့် ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ပြီးနောက် သူသည် အလုပ်ကိစ္စများကို စတင်ရန် ပြင်ဆင်လိုက်သည်။
မြို့ထဲတွင် သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိသော်လည်း အဝါရောင်နွယ်ကဲ့သို့သော အရာမျိုးကို ဆေးခန်းများနှင့် ဆေးဆိုင်များကသာ ဝယ်ယူလေ့ရှိကြောင်း ကုယွမ် သိထားသည်။
ကျီအန်းခန်းမဟု အမည်ရသော ဆေးဆိုင်တစ်ဆိုင်သို့ ရောက်သောအခါ ကုယွမ်သည် အဝါရောင်နွယ်များ ထည့်ထားသော အိတ်ကို ပိုး၍ ဆိုင်ထဲသို့ ဝင်လိုက်သည်။
ကောင်တာတွင် ဝတုတ်တုတ်နှင့် ချမ်းသာကြွယ်ဝမည့်ပုံ ပေါက်နေသော အဘိုးအိုတစ်ဦးက ပေသီးရိုက်ကာ စာရင်းတွက်ချက်နေသည်ကို မြင်လိုက်ရ၏။ ကုယွမ် ရောက်လာသည်ကို မြင်သောအခါ ထိုအဘိုးအိုက အပေါ်အောက် အကဲခတ်လိုက်ပြီး ကုယွမ်၏ ဟောင်းနွမ်းနေသော အဝတ်အစားနှင့် ကျောပေါ်မှ အိတ်ကို ကြည့်ကာ ကုယွမ်၏ အဆင့်အတန်းကို စိတ်ထဲမှ ခန့်မှန်းလိုက်ပုံပင်။
သူသည် အနည်းငယ် ပြုံးပြလျက် "ငါ့နာမည်က ဝူပါ။ ညီလေး... ဘာကိစ္စရှိလို့လဲ" ဟု နှုတ်ဆက်လိုက်သည်။
ကုယွမ်က အိတ်ကို ကောင်တာပေါ်သို့ တင်လိုက်ပြီး "မန်နေဂျာဝူ... ကျွန်တော် အခုလေးတင် တူးလာတဲ့ အဝါရောင်နွယ် အချို့ရှိလို့ပါ။ ခင်ဗျားတို့ဆိုင်က ဒါတွေကို ဝယ်ပါသလား"
"အင်း... ကျီအန်းခန်းမဆိုတာ ဆယ်စုနှစ်ပေါင်းများစွာ နာမည်ဂုဏ်သတင်း ရှိခဲ့တဲ့ ဆေးဆိုင်ကြီးပါ။ ငါတို့က ဆေးဖက်ဝင်ပစ္စည်းတွေအပေါ်မှာ စံနှုန်းတွေ အလွန်မြင့်တယ်။ တကယ်လို့ ဒီအဝါရောင်နွယ်တွေက သက်တမ်းမရင့်သေးတာ ဒါမှမဟုတ် အနည်းငယ် ပျက်စီးနေတာမျိုးဆိုရင်တော့ ငါတို့ လုံးဝဝယ်မှာ မဟုတ်ဘူး"
သူက စကားပြောရင်း အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ကြီးမားသည့် အဝါရောင်နွယ် ၅ တုံး၊ ၆ တုံးခန့်ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်ဝန်းထဲတွင် အံ့သြရိပ် အနည်းငယ် ဖြတ်ပြေးသွားသည်။
သို့သော် အပြင်ပန်းတွင်မူ ထိုအမြစ်များကို ဟိုလှန်ဒီလှန် လုပ်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ ခေါင်းခါပြလိုက်ရင်း "ညီလေး... မင်း ဒီအဝါရောင်နွယ်တွေကို တူးတုန်းက တော်တော်လေး ဂရုစိုက်ခဲ့တာပဲ။ အရည်အသွေးကတော့ ကောင်းပြီး မပျက်မစီး ရှိနေတာ ငါတွေ့ပါတယ်"
"ဒါပေမဲ့ ဒီအဝါရောင်နွယ်တွေက သက်တမ်း သိပ်မရင့်သေးဘူးကွ။ ဥပမာ ဒီတစ်ခုဆိုရင် ခြောက်နှစ်၊ ခုနစ်နှစ်လောက်ပဲ ရှိဦးမယ်"
သူက အကြီးဆုံးတစ်ခုကို ကောက်ကိုင်လိုက်သည်။ ၎င်းမှာ တစ်ပေခန့်ရှည်ပြီး လေးပိဿာကျော် အလေးချိန်ရှိ၏။
လက်ထဲတွင် အလေးချိန်ကို ခန့်မှန်းကြည့်ပြီးနောက် ကုယွမ်ကို ကြည့်ကာ "ဒါပေမဲ့ ဒီအဝါရောင်နွယ်တွေက အရည်အသွေး အသင့်အတင့်ရှိတာမို့... ဒီအကြီးဆုံးတစ်ခုကို ပြား ၈၀ ပေးမယ်။ ကျန်တာတွေအားလုံးပေါင်းကိုတော့ ၂၃၀ ပေးမယ်။ ဘယ်လိုလဲ"
"ခြောက်နှစ်၊ ခုနစ်နှစ်ဟုတ်လား ပြား ၂၃၀ ပဲလား"
ကုယွမ်မှာ ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်ချင်သွားတော့သည်။ သာမန်တောင်ပေါ်သားတစ်ဦးအတွက်မူ ဤပမာဏမှာ မနည်းလှသည်မှာ အမှန်ပင်။
သို့သော် ကုယွမ်သည် ဆေးဖက်ဝင်အပင်များအကြောင်း အသေးစိတ်မသိသော်လည်း သူတူးလာသော အဝါရောင်နွယ်များထဲတွင် သက်တမ်းအငယ်ဆုံးပင် အနည်းဆုံး ဆယ်နှစ်ကျော်ရှိမှန်း သူသိသည်။ အထူးသဖြင့် အကြီးဆုံးတစ်ခုမှာ နှစ်ပေါင်း ၂၀ သို့မဟုတ် ၃၀ ခန့် သက်တမ်းရှိနိုင်ကြောင်း သူ ခန့်မှန်းထား၏။
ဤကဲ့သို့ ပစ္စည်းကောင်းမျိုးကို ယခုပေးသည့်ဈေးထက် ဆယ်ဆပိုပေးလျှင်ပင် ဝယ်မည့်သူ ရှိနိုင်ပါလျက်နှင့် ဤမန်နေဂျာဝူက တန်ဖိုးချကာ ဈေးကောင်းပေးသည်ဟု ဟန်ဆောင်နေခြင်းပင်။ သိသာလှသည်မှာ သူ့ကို ဘာမှမသိသော ငတုံးတစ်ယောက်လို သဘောထားပြီး လိမ်ညာနေခြင်းပင်။
"ဟုတ်တယ် ညီလေး... ငါပေးတဲ့ဈေးက နည်းတယ်လို့ မထင်ပါနဲ့။ တကယ်တော့ မြို့ထဲက တခြားဆေးဆိုင်တွေမှာလည်း မင်းကိုယ်တိုင် သွားကြည့်လို့ရပါတယ်။ ငါပေးတဲ့ဈေးက အမြင့်ဆုံး ဖြစ်မှာပါ"
မန်နေဂျာဝူက စေတနာရှိဟန်ဖြင့် ပြောဆိုနေရင်းမှ စကားစပ်ကာ "ဒါပေမဲ့ မင်းဆီမှာ ဒီထက်ပိုပြီး အဝါရောင်နွယ်တွေ ရှိသေးတယ်ဆိုရင်တော့ ဈေးနှုန်းကို ထပ်ညှိနှိုင်းလို့ရပါတယ်"
"စိတ်မရှိပါနဲ့... ကျွန်တော် မရောင်းတော့ဘူး"
ကုယွမ်က အေးစက်စက် ပြုံးလိုက်ရင်း ခပ်တိုတိုပင် ပြောကာ သူ၏ကုန်အိတ်ကို ဆွဲယူလိုက်သည်။ တစ်ဖက်လူမှာ ဆိုင်ကြီးကနားဖြစ်သည်ကို အခွင့်ကောင်းယူကာ နှိပ်ကွပ်နေခြင်းဖြစ်ရာ ဤမျှ အရှုံးခံရလောက်အောင် သူ မမိုက်မဲပေ။
အရောင်းအဝယ်ဆိုသည်မှာ အရှုံးအမြတ်ရှိစမြဲဖြစ်သဖြင့် ဆေးဆိုင်တစ်ဆိုင်အနေဖြင့် ဆေးမြစ်ဈေးကို နှိမ်ဝယ်ခြင်းကို ကုယွမ် နားလည်ပေးနိုင်သော်လည်း ပြဿနာမှာ ငွေဒင်္ဂါးပြားအနည်းငယ်သာ တန်ကြေးရှိသည်ဟု ပြောကာ ငွေစင်အချို့အထိ တန်ဖိုးရှိနိုင်သော ပစ္စည်းကို အဆမတန် နှိမ်ခြင်းမှာ လောဘကြီးလွန်းရာ ရောက်နေသည်။
ထို့ပြင် ဤလူသည် သူ့ထံတွင် အခြားအဝါရောင်နွယ်များ ရှိမရှိကိုပါ စပ်စုနေခြင်းက တစ်စုံတစ်ရာကို မသင်္ကာဖြစ်နေခြင်းပင်။ ၎င်းက ကုယွမ်ကို သတိဝီရိယ ပိုရှိလာစေပြီး ဤပြဿနာဇုန်မှ ချက်ချင်းထွက်ခွာရန် ဆုံးဖြတ်လိုက်စေသည်။
မန်နေဂျာဝူ၏ ယခင်က ပြုံးရွှင်နေသော မျက်နှာမှာ မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားပြီး "သေချာ စဉ်းစားဦးနော် ညီလေး"
သူသည် ဝတုတ်သော လက်ချောင်းများဖြင့် သစ်သားကောင်တာကို တတောက်တောက် ခေါက်ရင်း အေးစက်စက် ပြောလိုက်သည်။
"ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်တစ်ခါ ဒီလိုဈေးကောင်းမျိုး ရမှာမဟုတ်ဘူးနော်..."
ထိုလူမှာ ဒေါသထွက်သွားသဖြင့် ဗြောင်ကျကျ ခြိမ်းခြောက်လိုက်ခြင်းပင်။ ကုယွမ်၏ မျက်ခုံးများ လှုပ်ခတ်သွားပြီး သွားများပင် ယားကျိကျိ ဖြစ်လာတော့သည်။
"တောက်... လူလိမ်ဆိုင်ပဲ တကယ့်ကို လူလိမ်ဆိုင်ပဲ"
"ဝူ... မင်းကို ငါမှတ်ထားလိုက်ပြီ"
ကုယွမ်သည် စိတ်ထဲမှ ကျိန်ဆဲရင်း လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ သြဇာညောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မန်နေဂျာဝူ... ပြီးခဲ့တဲ့တစ်ခါက ဒဏ်ရာဆေးရှိသေးလား။ ငါ့ကို နောက်ထပ် နှစ်ပုလင်းလောက် ထုတ်ပေးစမ်းပါဦး"
ကုယွမ် လှည့်ကြည့်လိုက်ရာ သန်မာထွားကျိုင်းပြီး အရပ်ရှည်သော လူလတ်ပိုင်း အမျိုးသားတစ်ဦး စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူသည် ဆေးတောင်းတစ်လုံးကို လွယ်ထားပြီး ခါးတွင် ထူထဲသော ဓားမတစ်စင်းကို ချိတ်ဆွဲထားသည်။ ဆောင်းဦးနှောင်းပိုင်း၏ အအေးဓာတ်က လေထဲတွင် စိမ့်နေသော်လည်း ဤလူမှာမူ အင်္ကျီတစ်ထည်တည်းသာ ဝတ်ဆင်ထားပြီး အအေးဒဏ်ကို အမှုမထားပုံရပေ။
ထိုသူထံမှ သာမန်လူများနှင့်မတူဘဲ ဖိအားပေးနိုင်သော အရှိန်အဝါနှင့် ကြမ်းတမ်းသော စွမ်းအင်တစ်ခု ထွက်ပေါ်နေသည်ကို ကုယွမ် ခပ်သဲ့သဲ့ ခံစားလိုက်ရသည်။
"ဪ... ဆရာချန်ပါလား"
ထိုလူကို မြင်လိုက်ရသည်နှင့် မန်နေဂျာဝူ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ထိတ်လန့်ရိပ် အနည်းငယ် ဖြတ်ပြေးသွားကာ အတင်းပင် ပြုံးလိုက်ရတော့သည်။
"ခဏလောက် စောင့်ပါဦး ဆရာ။ ဆရာလိုချင်တာတွေ အများကြီး ရှိပါတယ်။ အခုပဲ သွားထုတ်ပေးပါ့မယ်"
ထို့နောက် သူသည် ကုယွမ်ကို ဂရုမစိုက်နိုင်တော့ဘဲ နောက်ဘက်ရှိ ဆေးဗီဒိုများဆီသို့ အပြေးအလွှား သွားတော့သည်။
"ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ကုယွမ်သည် "ဆရာချန်" ဟု ခေါ်ဆိုခြင်းခံရသော ထိုလူအား ရိုးရိုးသားသားပင် လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ဆိုင်ထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။ သူသည် တမင်တကာ ကူညီခြင်း ဟုတ်မဟုတ် မသေချာသော်လည်း လက်တွေ့တွင်မူ ကုယွမ်ကို အကျပ်အတည်းမှ ကယ်တင်ပေးလိုက်ခြင်း ဖြစ်သဖြင့် ကျေးဇူးတင်ထိုက်သည်။