အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း။ ၇
"တကယ်တော့ ငါ နည်းနည်း လောကြီးသွားတာပဲ"
ကျီအန်းခန်းမမှ ထွက်ခွာလာပြီးနောက် ကုယွမ်သည် သက်ပြင်းချလိုက်မိသည်။
တကယ်တော့ ယနေ့တွင် အဝါရောင်နွယ်များကို ကျောပိုး၍ မြို့ပေါ်သို့ ငွေလဲရန် လာခဲ့ခြင်းမှာ အနည်းငယ် စိတ်စောသွားခဲ့ခြင်းပင်။ သူတူးလာသော အဝါရောင်နွယ်များသည် ဝိညာဉ်ဆေးပင်အဆင့် မဟုတ်သေးဟု ဆိုစေကာမူ ၎င်းတို့၏ သက်တမ်းမှာ မနည်းလှသလို တန်ဖိုးလည်း အတော်အတန် ရှိသည်။ အထူးသဖြင့် ကုယွမ်၏ ဝတ်စားဆင်ယင်မှုမှာ နောက်ခံအင်အား မရှိသူတစ်ဦးကဲ့သို့ ဖြစ်နေသည့်အခါတွင်မူ လောဘသားတို့၏ အကြည့်ကို ဆွဲဆောင်မိသည်မှာ သဘာဝပင်။
ခုနက ဆိုင်ရှင်ဝူမှာ မကောင်းသော ရည်ရွယ်ချက်များ ရှိနေခဲ့ခြင်းပင်။ ကုယွမ်၏ အခြေအနေကို အကဲခတ်မိသွားပြီး ကုယွမ်အနေဖြင့် အရှုံးခံလိုက်ရလျှင်ပင် ပြဿနာရှာရဲမည် မဟုတ်ဘူးဟု သူက တွက်ဆထားပုံပင်။ သူ့အတွက်မူ ကုယွမ်မှာ အလွယ်တကူ ဝါးစား၍ရသော သိုးငယ်လေးတစ်ကောင်ပင်။
“ကျီအန်းခန်းမကတော့ ယုံကြည်လို့ မရတော့ဘူး။ ဒါဆို အခု တခြားဆေးဆိုင်တစ်ဆိုင်ကို ပြောင်းကြည့်ရမလား။ တစ်မြို့လုံးက ဆေးဆိုင်တွေ အကုန်လုံးတော့ လူလိမ်တွေ မဖြစ်နိုင်ပါဘူး…”
လမ်းလျှောက်ရင်း ကုယွမ် စဉ်းစားနေစဉ်မှာပင် သူ၏နှာခေါင်းမှာ တစ်စုံတစ်ခုကို ရရှိလိုက်သကဲ့သို့ လှုပ်ခတ်သွားသည်။
“ဟင်... ဒီအနံ့က... ဒါဆိုရင်...”
“ညီလေး... မင်း ဆေးမြစ်တွေ ရောင်းမလို့လား”
ဘေးနားမှ ထွက်ပေါ်လာသော အသံကြောင့် ကုယွမ် လန့်ဖျန့်သွားရသည်။ လှည့်ကြည့်လိုက်သည့်အခါ ခုနက “ဆရာချန်” ဟု အခေါ်ခံရသည့် သန်မာထွားကျိုင်းသော လူလတ်ပိုင်း အမျိုးသားကြီး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
“ခုနက ကူညီပေးခဲ့တဲ့အတွက် အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ကုယွမ်က အရင်ဆုံး လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီးနောက် ခပ်နွမ်းနွမ်း အပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။
“ဟုတ်ပါတယ် ကျွန်တော်က တောင်ပေါ်က ဆင်းရဲသားတစ်ယောက်ပါ။ ဒီနေ့ ကံကောင်းလို့ ဒီအဝါရောင်နွယ်တွေကို တူးမိတာနဲ့ ဆောင်းတွင်းစာ ဆန်ဝယ်ဖို့ ရောင်းမလို့ ကြံတာပါ။ မန်နေဂျာဝူက ကျွန်တော့်ကို အနိုင်ကျင့်ရလွယ်မယ် ထင်ပြီး မကောင်းတဲ့ စိတ်ထားမျိုး ရှိလာလိမ့်မယ်လို့ မထင်ထားမိဘူး”
"ကျေးဇူးတင်ဖို့ မလိုပါဘူး ညီလေးရာ။ ငါ့နာမည်က ချန်ကန်းပါ။ သာမန်ဆေးမြစ်ရှာဖွေသူတစ်ဦးပါပဲ။ ဝူက လူတွေကို အနိုင်ကျင့်နေတာ မြင်လို့ မနေနိုင်လို့ပါ။ အဲဒီလူကြီးက ဆရာဝန်
တစ်ယောက် ဖြစ်နေပေမဲ့ အမြဲတမ်း မဟုတ်တာတွေပဲ လုပ်နေတာ တကယ့်ကို ရွံစရာကောင်းတဲ့လူပဲ"
ချန်ကန်းက အားရပါးရ ရယ်မောလိုက်ပြီး ရှေ့က လမ်းမကြီးကို လက်ညှိုးညွှန်ပြကာ "မင်း ဆေးမြစ်တွေ ရောင်းချင်တယ်ဆိုရင်တော့ ကျောက်စိမ်းအိုးကြီး မျှော်စင်ကို သွားကြည့်ဖို့ အကြံပေးချင်တယ်။ သူတို့က စံနှုန်းနည်းနည်း မြင့်သလို များသောအားဖြင့် ဆေးမြစ်ရှာဖွေသူတွေဆီကပဲ တိုက်ရိုက်ဝယ်လေ့ရှိပေမဲ့ ဈေးနှုန်းကတော့ မျှတပြီး ရိုးသားမှုရှိတယ်"
"အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီးချန်"
ကုယွမ်က ရိုးရိုးသားသားပင် ကျေးဇူးတင်စကား ပြောလိုက်သည်။ ချန်ကန်း၏ ပွင့်လင်းရိုးသားသော သဘာဝကို မြင်ရသဖြင့် သူက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"အစ်ကိုကြီးကို ကြည့်ရတာ သာမန်လူတစ်ယောက် မဟုတ်ဘဲ သိုင်းပညာရှင်တစ်ယောက်နဲ့ ပိုတူနေသလိုပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဆေးမြစ်ရှာဖွေသူလို့ပဲ ပြောရတာလဲခင်ဗျာ"
ဆေးမြစ်ရှာဖွေသူဆိုသည့် စကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ်ကို သူနားလည်သော်လည်း လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသော ဆေးမြစ်ရှာဖွေသူ အများစုမှာ သိုင်းပညာ တတ်မြောက်ထားကြသူများ ဖြစ်နေသဖြင့် သူ ဇဝေဇဝါ ဖြစ်နေခြင်းပင်။
"ဆေးမြစ်ရှာတာက ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ပဲ။ သိုင်းပညာကတော့ ကျန်းမာအောင်နဲ့ ကိုယ့်အသက်ကို ကာကွယ်ဖို့အတွက် ကျင့်ကြံတာလေ။ ဒီနှစ်ခုကြားမှာ ဘာပဋိပက္ခမှ မရှိပါဘူး"
ချန်ကန်းကလည်း ကုယွမ်၏ အပြောအဆိုနှင့် အပြုအမူမှာ သာမန်တောင်ပေါ်ရွာသားတစ်ဦးနှင့် အနည်းငယ် ကွဲပြားနေသည်ဟု ခံစားရသော်လည်း သူ၏ ပွင့်လင်းသော စိတ်ထားကြောင့်ပင် မကွယ်မဝှက်ဘဲ ဆက်ပြောပြသည်။
"မင်း မသိသေးလို့ပါ ညီလေးရာ... တောင်ပေါ်မှာက တောသားရဲတွေတင်မကဘူး။ မိစ္ဆာသတ္တဝါတွေပါ အပြည့်ပဲ။ သိုင်းပညာမတတ်တဲ့ ဆေးမြစ်ရှာဖွေသူတစ်ယောက်က တောင်ပေါ်ကို မဆင်မခြင် တက်သွားမယ်ဆိုရင် ဒါက သေတွင်းထဲကို ကိုယ့်ဖာသာ ခုန်ဆင်းတာနဲ့ ဘာမှမထူးဘူး"
"ဪ... နားလည်ပါပြီ..."
ကုယွမ်က ထိုထက်ပို၍ နက်နက်ရှိုင်းရှိုင်း တွေးတောမိသွားသည်။
"ဒါတင်မကသေးဘူး... ယွင်မုန်တောင်တန်းကြီးက သယံဇာတတွေ ကြွယ်ဝသလို ဝိညာဉ်ဆေးပင်တွေနဲ့ ရတနာတွေလည်း အများကြီး ထွက်တာကိုး။ အဲဒီရတနာတွေကို စောင့်ကြပ်နေတဲ့ မိစ္ဆာသားရဲတွေကို ရင်ဆိုင်နိုင်တဲ့ အရည်အချင်းနဲ့ အင်အားမရှိရင်တော့ ဘယ်လိုမှ အခွင့်အရေးရမှာ မဟုတ်ဘူး"
ဥပမာအားဖြင့် ယနေ့နံနက်က ကုယွမ်တွေ့ခဲ့ရသော သံပြာရောင် ကင်းခြေများမိစ္ဆာကြီးကဲ့သို့ပင်။ သာမန်လူတစ်ယောက်အနေဖြင့် ထိုအကောင်ကို မည်သို့မျှ အနိုင်ရနိုင်မည် မဟုတ်ပေ။
"ဒါကြောင့် ဆေးမြစ်ရှာဖွေသူ အများစုက သိုင်းပညာရှင်တွေ ဖြစ်နေကြတာက ကျိုးကြောင်းဆီလျော်တာပဲ"
ထို့နောက် ကုယွမ်သည် ချန်ကန်းကို နှုတ်ဆက်ကာ သူညွှန်ပြသည့် ကျောက်စိမ်းအိုးကြီး မျှော်စင်ဆီသို့ ဦးတည်၍ ထွက်ခွာလာခဲ့သည်။
ကျောက်စိမ်းအိုးကြီး မျှော်စင်မှာ ငါးထပ်ရှိသော သစ်သားအဆောက်အအုံကြီးဖြစ်ပြီး ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေသည်။ ရွှေနွယ်သစ်သားတိုင်ကြီးများက ထောက်ကန်ထားကာ တိုင်များပေါ်တွင် ထွင်းထုထားသော တိမ်တိုက်ပုံစံများနှင့် သားရဲရုပ်တုများမှာ အသက်ဝင်လွန်းလှသဖြင့် ခန့်ညားထည်ဝါမှုကို ဖော်ဆောင်နေသည်။
အထူးသဖြင့် အဝင်ဝရှိ ဆိုင်းဘုတ်ပေါ်မှ ကျောက်စိမ်းအိုးကြီး မျှော်စင်ဟူသော စာလုံးများမှာ အားမာန်ပါပြီး ထက်မြက်လှသည်။ ကုယွမ်က စူးစိုက်ကြည့်လိုက်သည့်အခါ မျက်လုံးများပင် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရတော့သည်။
သာမန်အသိဉာဏ်ရှိသူ မည်သူမဆို ကျောက်စိမ်းအိုးကြီး မျှော်စင်သည် အလွယ်တကူ ကစား၍ရသော နေရာမျိုး မဟုတ်မှန်း နားလည်ကြမည်သာ ဖြစ်သည်။
ကုယွမ်သည် သူ၏အိတ်ကို ပိုးကာ ခံ့ညားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်းသို့ အဟန့်အတားမရှိ ဝင်လာခဲ့ရာ ဆိုင်အကူ လူငယ်လေးတစ်ဦးက ပြုံးရွှင်စွာ ကြိုဆိုနှုတ်ဆက်သည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်... ဘာများ အလိုရှိပါသလဲခင်ဗျာ"
ကုယွမ်က အိတ်ကို ချလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ကျွန်တော့်ဆီမှာ အခုလေးတင် တူးလာတဲ့ အဝါရောင်နွယ်တွေ ပါလာလို့ ခင်ဗျားတို့ဆိုင်ကို ရောင်းချင်လို့ပါ"
ထိုလူငယ်မှာ အံ့သြခြင်းမရှိဘဲ အိတ်ကိုယူ၍ အကဲခတ်ကြည့်လိုက်သည်။ အဝါရောင်နွယ်များ၏ တန်ဖိုးကို ရိပ်မိသွားပုံရသဖြင့် သူက ခေါင်းညိတ်ပြကာ "ခဏလောက် စောင့်ပေးပါ ဧည့်သည်တော်။ ကျွန်တော်တို့ရဲ့ ပစ္စည်းကျွမ်းကျင်သူကို ခေါ်ပြီး တန်ဖိုးဖြတ်ခိုင်းလိုက်ပါ့မယ်"
"ကျေးဇူးတင်ပါတယ် ညီလေး"
ကုယွမ်က ပြန်လည်ဖြေကြားရင်း စိတ်ထဲမှလည်း ကျေနပ်မိသွားသည်။
"ကျောက်စိမ်းအိုးကြီး မျှော်စင်က တကယ်ကို စနစ်ကျတာပဲ"
ချန်ကန်း ပြောပြချက်အရ ဤမျှော်စင်သည် နောက်ခံအင်အား အလွန်တောင့်တင်းပြီး တောင်
ပိုင်းနယ်စပ် ပြည်နယ်ခြောက်ခုလုံးရှိ ခရိုင်မြို့ကြီးများတွင် ဆိုင်ခွဲများ ရှိသည်ဟု ပြောကြသည်။ ဆေးဖက်ဝင်အပင်များနှင့် တောင်ပေါ်ထွက် ရတနာများကို ဈေးကောင်းပေး၍ အဓိက အရောင်းအဝယ် ပြုလုပ်ကြခြင်းပင်။
ပြည်နယ်ခြောက်ခုလုံးတွင် စီးပွားရေးလုပ်နိုင်ရန်မှာ ၎င်းတို့၏ နောက်ခံမှာ သာမန်ထက် ထူးကဲနေပေလိမ့်မည်။
ဧည့်ကြိုဝန်ထမ်းလေးပင်လျှင် ဆေးမြစ်များကို ကျွမ်းကျင်စွာ ခွဲခြားနိုင်ပြီး ယဉ်ကျေးပျူငှာစွာ ဆက်ဆံနိုင်ခြင်းမှာ ဤနေရာ၏ နက်ရှိုင်းသော အစဉ်အလာနှင့် ခန့်ညားမှုကို ဖော်ပြနေခြင်းပင်။
မကြာမီမှာပင် ဆံပင်နှင့် မုတ်ဆိတ်ဖြူများဖြင့် အဘိုးအိုတစ်ဦး ရောက်ရှိလာသည်။ သူသည် ကုယွမ် ယူဆောင်လာသော အဝါရောင်နွယ် အားလုံးကို အသေးစိတ် စစ်ဆေးပြီးနောက် ငွေစင် ၃ ကျပ်နှင့် ၆ ပြား ဟူသော မြင့်မားသည့် ဈေးနှုန်းကို ပေးခဲ့သည်။
အကြီးဆုံး အဝါရောင်နွယ် တစ်ခုတည်းကိုပင် သက်တမ်း ၃၀ ဟု သတ်မှတ်ကာ ငွေစင် ၂ ကျပ် တန်ဖိုးဖြတ်ခဲ့ခြင်းပင်။ ခြုံငုံကြည့်လျှင် ကျောက်စိမ်းအိုးကြီး မျှော်စင်မှ ပေးသောဈေးမှာ စောစောက ကျီအန်းခန်းမမှ မန်နေဂျာဝူ ပေးသောဈေးထက် ဆယ်ဆကျော် ပိုများနေ၏။
၎င်းက မန်နေဂျာဝူသည် မည်မျှအထိ ကောက်ကျစ်စဉ်းလဲပြီး လူပါးဝခဲ့သည်ကို အထင်အရှား သက်သေပြနေတော့သည်။
တန်ဖိုးဖြတ်ပညာရှင်ပေးသော ဈေးနှုန်းကို ကုယွမ်က ဝမ်းမြောက်ဝမ်းသာပင် သဘောတူလိုက်သည်။
"ဒီအဝါရောင်နွယ်တွေကို ကျွန်တော် ရောင်းပါမယ်"
"ကောင်းပါပြီ... ဧည့်သည်တော် စိတ်တိုင်းကျပါပဲ။ ကျွန်တော် နောက်ထပ် အနှောင့်အယှက် မပေးတော့ပါဘူး"
အဘိုးအိုက ပြောဆိုကာ လောကဝတ်ပြု၍ ထွက်ခွာသွားသည်။
မကြာမီမှာပင် ဆိုင်အကူလူငယ်လေးမှာ ငွေစင်များကို ယူဆောင်လာပြီး ကုယွမ်ထံ အပ်နှံသည်။ ကုယွမ်သည် ငွေများကို သေချာစွာ စစ်ဆေးပြီးနောက် ထွက်ခွာရန် ပြင်ဆင်စဉ် တစ်စုံတစ်ခုကို သတိရသွားကာ လှမ်းခေါ်လိုက်သည်။
"ခဏလောက် နေပါဦး ညီလေး"
ထိုလူငယ်မှာ သာမန်ပုံစံရှိသော်လည်း သူ၏မျက်ဝန်းများမှာ ဖျတ်လတ်မှုရှိလှသည်။ သူက ကုယွမ်ကို ကြည့်ကာ "ဧည့်သည်တော် ဘာများ အကူအညီ လိုအပ်ပါသလဲခင်ဗျာ" ဟု မေးမြန်းသည်။
"အထွေအထူးတော့ မဟုတ်ပါဘူး။ တစ်ခုလောက် စုံစမ်းချင်လို့ပါ"
ကုယွမ်သည် ငွေစင်တစ်ပြားကို ထုတ်ယူကာ လူငယ်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ လူငယ်၏ မျက်နှာတွင် သံသယအရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားသည်ကို မြင်
သောအခါ ကုယွမ်က "စိတ်ချပါ... ခင်ဗျားတို့ဆိုင်နဲ့ ပတ်သက်တဲ့ ကိစ္စမဟုတ်ပါဘူး။ အပြင်က သာမန်ကိစ္စလေးတွေပါပဲ" ဟု အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
လက်ထဲသို့ ရောက်လာသော ငွေစင်၏ အထိအတွေ့ကြောင့် လူငယ်၏မျက်နှာတွင် အပြုံးရိပ်များ ယှက်သန်းသွားပြီး ခေါင်းညိတ်ပြကာ "မေးမြန်းနိုင်ပါတယ် ဧည့်သည်တော်"
ကုယွမ်သည် လိုရင်းကိုသာ တိုက်ရိုက်မေးမြန်းလိုက်သည်။
"ကျွန်တော်က သိုင်းပညာကို အရမ်းဝါသနာပါလို့ပါ။ ဒီပိုင်လျန်ခရိုင်ထဲမှာ သိုင်းပညာသင်ယူနိုင်မယ့် နည်းလမ်းမျိုး ရှိမရှိ သိချင်လို့ပါ"
ကျောက်စိမ်းအိုးကြီး မျှော်စင်၏ နောက်ခံမှာ မသေးလှသဖြင့် ဤကဲ့သို့သော ဝန်ထမ်းများမှာ သတင်းအချက်အလက်ပေါင်းစုံကို နေ့စဉ်နှင့်အမျှ ရရှိနေကြသူများ ဖြစ်သည်။ ထို့ကြောင့် ငွေအနည်းငယ် အကုန်အကျခံ၍ စုံစမ်းခြင်းမှာ အထိရောက်ဆုံး နည်းလမ်းပင်။
"ဪ... ဧည့်သည်တော်က သိုင်းပညာ သင်ယူချင်တာကိုး။ ကျွန်တော့်အနေနဲ့တော့ သိထားတာလေးအချို့ ရှိပါတယ်"
ထိုလူငယ်သည် သူသိထားသမျှကို စတင်ရှင်းပြတော့သည်။
"ဘာ... အဲဒီကောင်က ခုနက ကျောက်စိမ်းအိုးကြီး မျှော်စင်ထဲကို ဝင်သွားတယ် ဟုတ်လား"
ကျီအန်းခန်းမအတွင်း၌ မန်နေဂျာဝူသည် ဆိုင်အကူကို ဒေါသတကြီး စိုက်ကြည့်ကာ မေးလိုက်သည်။ ဆိုင်အကူမှာ မန်နေဂျာ၏ အကြည့်အောက်တွင် တုန်တုန်ရင်ရင်ဖြင့် ရိုသေစွာ ပြန်ဖြေရှာသည်။
"ဟုတ်ပါတယ် အရှင်... ကျွန်တော် ကိုယ်တိုင် မျက်မြင်ပါပဲ။ သူ အိတ်ကြီးပိုးပြီး ကျောက်စိမ်းအိုးကြီး မျှော်စင်ထဲကို ဝင်သွားတာပါ"
အခန်း။ ၈
"ဟူး... ဒီကောင်တူးလာတဲ့ အဝါရောင်နွယ်တွေက သက်တမ်းရင့်ပြီး အရည်အသွေး တကယ်ကောင်းတာ။ ငါသိသလောက်တော့ ဒီလိုသက်တမ်းရင့် အဝါရောင်နွယ်တွေဆိုတာ အစုအဝေးလိုက် ပေါက်တတ်တာမျိုး အနည်းဆုံး ဆယ်ဂဏန်းကနေ အများဆုံးဆို ရာဂဏန်းအထိတောင် ရှိနိုင်တယ်။ တကယ်လို့ ကံကောင်းထောက်မစွာနဲ့ နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ အဝါရောင်နွယ် ဝိညာဉ်ဆေးပင်သာ ပါလာခဲ့ရင်တော့ မတွေးရဲစရာပဲ။ အဲဒါမျိုး မပါရင်တောင်မှ ဒီအတိုင်းတင် အမြတ်က တော်တော်လေး ထွက်မှာ"
မန်နေဂျာဝူသည် သူ့ဘာသာ ခပ်တိုးတိုး ရေရွတ်နေမိသည်။ သူ၏ မျက်လုံးများထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားပြီးနောက် မျက်နှာပျက်သွားကာ "နှမြောစရာကောင်းတာက ဒီကောင်က အခြေအနေမသိဘဲ ငါ့ကို ငြင်းပယ်ရဲတာပဲ။ ကျောက်စိမ်းအိုးကြီး မျှော်စင်ကိုပဲ အကျိုးအမြတ် ပေးလိုက်သလို ဖြစ်သွားပြီ... ထားလိုက်ပါတော့"
သူသည် ခဏမျှ စဉ်းစားပြီးနောက် ဆိုင်အကူကို လှမ်း၍ အမိန့်ပေးလိုက်သည်။
"မင်း အခုချက်ချင်း စိမ်းလန်းသော ဝါးဂိုဏ်းကို သွားလိုက်။ ငွေအနည်းငယ် အကုန်အကျခံပြီး ဒီကောင်နောက်ကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားလိုက်ဦး။ လိုအပ်ရင် သူ့ကို ငါ့ဆီ ခေါ်လာခဲ့ရမယ် မှတ်ထားနော်... ဒါကို ဘယ်သူမှ မသိအောင် တိတ်တဆိတ် လုပ်ခိုင်းလိုက်"
"ဟုတ်ကဲ့ပါ ဆရာ"
ဆိုင်အကူက ကပျာကယာပင် ပြန်ဖြေသည်။
...
ကျောက်စိမ်းအိုးကြီး မျှော်စင်မှ ထွက်လာသောအခါ ကုယွမ်သည် ဝမ်းဗိုက်အတွင်းမှ ဆာလောင်မှုကို ခံစားလိုက်ရသဖြင့် တည်းခိုခန်းတစ်ခုသို့ ဝင်လိုက်သည်။ ယခုအခါ လက်ထဲတွင် ငွေစင်များ ရှိနေပြီဖြစ်ရာ သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်နေရန် မလိုအပ်တော့ပေ။
သူသည် အသားဟင်းတစ်ပွဲ၊ အသီးအရွက်ဟင်းတစ်ပွဲ၊ မန်ထိုပေါင်းတစ်ပွဲနှင့် ရေနွေးတစ်အိုးကို မှာယူကာ စားသောက်တော့သည်။ ကုယွမ်၏ ခန္ဓာကိုယ်မှာ အာဟာရ ပြည့်ဝလာသည်နှင့်အမျှ လူငယ်ဘာသာ လူငယ်အလျောက် အစားအသောက် အတော်လေး ကောင်းလာခဲ့သည်။ ထို့ကြောင့် ဟင်းပွဲများ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ မန်ထိုပေါင်းနှင့် အသားဟင်းကို အငမ်းမရ စားသောက်တော့သည်။
မန်ထိုပေါင်း နှစ်လုံးနှင့် ဟင်းအတော်များများ ကုန်သွားသောအခါမှ သူသည် ရေနွေးတစ်ခွက်ကို ငှဲ့ယူကာ ခပ်မှန်မှန် သောက်ရင်း စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် စဉ်းစားနေမိသည်။
"ခုနက ဆိုင်အကူလေး ပြောတာအရဆိုရင်တော့ ပိုင်လျန်ခရိုင်ထဲမှာ သိုင်းပညာသင်ယူနိုင်မယ့် နည်းလမ်း သုံးသွယ်ရှိတယ်ပေါ့..."
"ပထမနည်းလမ်းကတော့ အရှင်းဆုံးပဲ။ ငွေစင်တွေယူပြီး မြို့ထဲက သိုင်းသင်တန်းကျောင်းအချို့မှာ သွားသင်ရုံပဲ။ ဒါပေမဲ့ အနည်းဆုံး ငွေစင် ၁၅ ကျပ်လောက် အိတ်စိုက်ထားရမယ့်အပြင် သူတို့သင်ပေးတာတွေကလည်း အခြေခံအဆင့်တွေလောက်ပဲ ရှိတာ။ တကယ်လို့ အဆင့်မြင့်သိုင်းပညာတွေကို သင်ချင်တယ်ဆိုရင်တော့ ငွေထပ်စိုက်ရဦးမယ့်အပြင် ကိုယ့်ရဲ့ ပါရမီနဲ့ ထိုးထွင်းသိမြင်မှုအပေါ်မှာလည်း အများကြီး မူတည်နေသေးတယ်"
"ဒုတိယနည်းလမ်းကတော့ ခရိုင်ထဲမှာ တပည့်လက်ခံမယ့် သိုင်းဆရာတွေကို လိုက်စုံစမ်းရမှာပဲ။ ဒါပေမဲ့ ဒါက ကံတရားပေါ်မှာ အများကြီး မူတည်နေသလို ကိုယ့်ရဲ့ နောက်ခံရာဇဝင်ကလည်း သန့်ရှင်းနေဖို့ လိုတယ် ပါရမီလည်း ရှိရမယ်"
ကုယွမ်၏ မျက်ဝန်းများ အရောင်တောက်သွားသည်။
"ပထမနည်းလမ်းက အရမ်းနှေးပြီး အချိန်ကုန်လွန်းတယ်။ ပြီးတော့ ငါ့မှာလည်း အဲဒီလောက် ငွေအများကြီး မရှိသေးဘူး။ ဒုတိယနည်းလမ်းကတော့ ပြောနေစရာတောင် မလိုဘူး။ ကံတရားပေါ် မူတည်နေတဲ့အပြင် ငါ့မှာက ဖုံးကွယ်ထားရမယ့် လျှို့ဝှက်ချက်တွေ ရှိနေတော့ သိပ်ပြီး အဆင်မပြေဘူး"
"ကြည့်ရတာ တတိယနည်းလမ်းပဲ ရှိတော့တယ်ထင်တယ်"
တတိယနည်းလမ်းမှာ ကျောက်စိမ်းအိုးကြီး မျှော်စင်ထံမှ သိုင်းပညာ သင်ယူခြင်းပင်။
ကျောက်စိမ်းအိုးကြီး မျှော်စင်တွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိ၏။ ဝိညာဉ်ဆေးပင်တစ်ခုခုကို ရှာဖွေတွေ့ရှိပြီး သူတို့ထံ ရောင်းချသူတိုင်းသည် ကျောက်စိမ်းအိုးကြီး မျှော်စင်၏ အလွတ်တန်း ဆေးမြစ်ရှာဖွေသူအဖြစ် ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး သိုင်းပညာကျမ်းတစ်စောင်ကို အခမဲ့ ရရှိနိုင်မည် ဖြစ်သည်။
ထို့ပြင် ဆေးမြစ်ရှာဖွေသူအဖြစ် အမှုထမ်းနေစဉ်အတွင်း အကျိုးပြုမှုများ ပိုမိုပြုလုပ်နိုင်ပါက ထိုအမှတ်များဖြင့် အဆင့်မြင့်သိုင်းကျမ်းများ၊ ရွှေငွေရတနာများ၊ ဝိညာဉ်ဆေးလုံးများနှင့် မျှော်စင်အတွင်းရှိ သိုင်းဆရာကြီးများ၏ လမ်းညွှန်မှုကိုပင် လဲလှယ်ရယူနိုင်သည်။
၎င်းပြင် အလွတ်တန်းအဆင့်မှသည် အမြဲတမ်းဝန်ထမ်းအဖြစ် ပြောင်းလဲနိုင်ပြီး လစဉ်လစာ ခိုင်ခိုင်မာမာ ရရှိမည့်အပြင် အိမ်တော်ထိန်း၊ ပစ္စည်းကျွမ်းကျင်သူ၊ ဆိုင်ရှင် စသည်ဖြင့် ရာထူးအဆင့်ဆင့် တက်လှမ်းကာ အဆင့်အတန်း မြင့်မားလာနိုင်သည့် အခွင့်အရေးလည်း ရှိသည်။
ဤအခြေအနေက ကုယွမ်အား တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရစေကာ ထူးဆန်းသော မျက်နှာပေးမျိုး ဖြစ်သွားစေသည်။
"ဒါက စနစ်တစ်ခုထဲကို ဝင်လိုက်သလိုမျိုးပဲ မဟုတ်ဘူးလား။ တစ်ခါဝင်လိုက်ပြီဆိုရင် သူတို့အတွက် အလုပ်လုပ်ပေးရမယ်။ သူတို့ရဲ့ လက်အောက်မှာ ရှိနေရမယ် ဒါပေမဲ့ တစ်ဖက်မှာလည်း အကာအကွယ်နဲ့ အကျိုးကျေးဇူးတွေကို ပြန်ရမယ်ပေါ့"
ကုယွမ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
"ရည်မှန်းချက်ရှိပြီး အရည်အချင်းရှိတဲ့သူဆိုရင် အလုပ်အကျွေးပြုနိုင်သမျှ ရာထူးတက်မယ်အကျိုးခံစားခွင့်တွေ ရမယ်။ ရေရှည်မှာတော့ ဒါဟာ ကျောက်စိမ်းအိုးကြီး မျှော်စင်အတွက် မတွေးဝံ့စရာ အကျိုးအမြတ်တွေ ဖြစ်လာမှာပဲ။ သူတို့ဘက်က ပေးရမှာက အရင်းအမြစ်အချို့နဲ့ သိုင်းကျမ်းအချို့ပဲလေ"
"ခြုံပြောရရင်တော့ ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ သဘောတူညီချက်ပဲ"
"ဒီကျောက်စိမ်းအိုးကြီး မျှော်စင်ရဲ့ နောက်ကွယ်ကလူတွေက တကယ်ကို ရည်မှန်းချက် ကြီးမားကြတာပဲ"
"ဒါပေမဲ့ ဒါက ငါ့အတွက်တော့ အများကြီး အကျိုးရှိစေမှာပဲ"
ကုယွမ်၏ မျက်ဝန်းများက အရောင်တောက်သွားသည်။
"ကံကောင်းချင်တော့ အဲဒီ ကင်းခြေများမိစ္ဆာကြီး ဘယ်မှာရှိတယ်ဆိုတာ ငါသိနေတယ်။ အဲဒီနေရာမှာ ဝိညာဉ်ဆေးပင် ဖြစ်နိုင်ခြေရှိတဲ့ အဝါရောင်နွယ်တွေလည်း ရှိနေတာပဲ။ ငါသာ တစ်ပင်လောက် ရအောင်ယူနိုင်ရင် သိုင်းကျမ်းတစ်စောင် ရမှာဖြစ်သလို ကျောက်စိမ်းအိုးကြီး မျှော်စင်ရဲ့ ဆေးမြစ်ရှာဖွေသူ တစ်ယောက်လည်း ဖြစ်လာမယ်။ အကာအကွယ်လည်း ရသွားမယ်"
"ပြီးတော့ ကျောက်စိမ်းအိုးကြီး မျှော်စင်ကိုယ်တိုင်ကလည်း ရှားပါးအရင်းအမြစ်တွေ ရနိုင်တဲ့ လမ်းကြောင်းတစ်ခုပဲလေ။ ငါက သတ်မှတ်ထားတဲ့ အဖိုးအခ ပေးရုံနဲ့ သိုင်းကျမ်းတွေတင်မကဘဲ တခြားအရင်းအမြစ်တွေ၊ သတင်းအချက်အလက်တွေကိုပါ ရရှိနိုင်မှာ"
"သိုင်းသင်တန်းကျောင်းတွေမှာ သွားသင်တာ ဒါမှမဟုတ် သိုင်းဆရာတစ်ယောက်ဆီမှာ တပည့်ခံတာထက်စာရင် ကျောက်စိမ်းအိုးကြီး မျှော်စင်ရဲ့ ဆေးမြစ်ရှာဖွေသူ ဖြစ်ရတာက ပိုပြီး လွတ်လပ်မှုရှိတယ်။ တစ်ပါးသူရဲ့ မျက်စိအောက်မှာ အမြဲနေစရာမလိုသလို ဘယ်သူ့ကိုမှလည်း ဒူးထောက်စရာ မလိုဘူး"
ဤသို့တွေးတောပြီးနောက် ကုယွမ်သည် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
"ဒီလိုဆိုရင်တော့ ဆုံးဖြတ်လိုက်ပြီ... ကျောက်စိမ်းအိုးကြီး မျှော်စင်ပဲ"
ကျောက်စိမ်းအိုးကြီး မျှော်စင်ထဲကို ဝင်ဖို့ဆိုရင် ငါ့အတွက် အကြီးမားဆုံး ပြဿနာကတော့... ဟိုကင်းခြေများကြီးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်ပဲ။
ထိုကင်းခြေများမှာ သာမန်မဟုတ်ဘဲ မိစ္ဆာပိုးကောင်တစ်ကောင် ဖြစ်နေပြီဖြစ်ရာ ကိုင်တွယ်ရန် မလွယ်ကူပေ။
သို့သော် လူသားဆိုသည်မှာ အသိဉာဏ်နှင့် ဆင်ခြင်တုံတရားရှိသော သတ္တဝါပင်။
အသိဉာဏ်နိမ့်ပါးသော သတ္တဝါများ သို့မဟုတ် မိစ္ဆာများနှင့်မတူဘဲ လူသားများသည် အစီအစဉ်များကို ချမှတ်နိုင်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ပြီး ရည်မှန်းချက်အောင်မြင်ရန် ကိရိယာတန်ဆာပလာများကို အသုံးပြုနိုင်ကြသည်။
"ရှေးလူကြီးတွေ ပြောသလိုပေါ့... ရန်သူ့အကြောင်းနဲ့ ကိုယ့်အကြောင်းကို သိရင် တိုက်ပွဲပေါင်း ရာချီနွှဲလည်း အောင်မြင်မှာပဲ။ အဲဒီကင်းခြေများမိစ္ဆာကို နှိမ်နင်းဖို့က တစ်ရက်တည်းနဲ့ မပြီးနိုင်ဘူး။ ဒါကြောင့် အရင်ဆုံး အဲဒီကင်းခြေများရဲ့ အသေးစိတ်အချက်အလက်တွေကို ငါ သိအောင်လုပ်ရမယ်။ အလောတကြီး လုပ်လို့မဖြစ်ဘူး"
ကုယွမ်သည် မတ်တပ်ရပ်၍ ကျသင့်ငွေကို ပေးချေကာ ဆိုင်ပြင်သို့ ထွက်လာခဲ့ပြီး လမ်းမအတိုင်း လျှောက်လှမ်းလာခဲ့သည်။
ဤအချိန်တွင် ညနေစောင်းနေပြီ ဖြစ်ကာ လမ်းမပေါ်တွင် ဈေးသည်အချို့မှာ သူတို့၏ အလုပ်များဖြင့် အလုပ်ရှုပ်နေကြဆဲပင်။
ဆီရောင်းသူတစ်ဦးက ထမ်းပိုးကိုထမ်းကာ လမ်းတစ်လျှောက် အော်ဟစ်ရောင်းချနေသလို...
ထင်းခုတ်သမားတစ်ဦးကလည်း ဝယ်သူနှင့် ဈေးဆစ်ရန် စောင့်ဆိုင်းရင်း ထင်းစည်းများကို ချထားသည်။
သကြားသီးရောင်းသူ နောက်တွင်မူ လက်ညှိုးလေးများစုပ်ကာ သွားရည်တမြားမြားဖြင့် လိုက်ပါလာကြသော ကလေးငယ်အချို့ကိုလည်း တွေ့ရ၏။
ထို့ပြင် ဝါးလက်ခုပ်ကို တီးခတ်ကာ သူ၏ဆေးလုံးများကို ကြော်ငြာနေသော လိုင်စင်မဲ့ ဆရာဝန်တစ်ဦးလည်း ရှိနေသေးသည်။
ဤမြင်ကွင်းများမှာ ဒေသန္တရအငွေ့အသက်များဖြင့် ပြည့်နှက်နေသော်လည်း ကုယွမ်မှာမူ ယင်းတို့ကို ခံစားကြည့်ရှုနေရန် အချိန်မရှိပေ။ သူသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ လမ်းတစ်လျှောက် အကဲခတ်ရင်း လျှောက်လှမ်းလာခဲ့သည်။
မကြာမီမှာပင် လမ်းဘေးရှိ ဆိုင်ခန်းလေးတစ်ခုကို ကုယွမ် သတိပြုမိသွားသည်။ ဆိုင်ရှင်မှာ ပညာရှိစာဆိုတစ်ဦး ဖြစ်နိုက်၏။
ထိုစာဆို၏ ရုပ်ရည်မှာ အတော်အတန် ချောမောသော်လည်း သူဝတ်ဆင်ထားသော ဝတ်ရုံရှည်မှာ လျှော်ဖွတ်လွန်းသဖြင့် အရောင်လွင့်ကာ ဖြူဖျော့နေပြီး နေရာအချို့တွင်လည်း စုတ်ပြဲနေသည်။ သူ၏ ပိန်လှီသော ခန္ဓာကိုယ်မှာ ချမ်းအေးလှသော လေပြည်အောက်တွင် တုန်ရီနေရှာ၏။
သူ့ရှေ့တွင် ခင်းထားသော အဝတ်ဟောင်းပေါ်၌ ရှေးဟောင်းစာအုပ်များနှင့် ကြေးမီးအိမ်၊ စုတ်တံ၊ မှင်ကျောက်တုံး စသည့် နေ့စဉ်သုံး ပစ္စည်းအချို့ကို သပ်ရပ်စွာ တင်ထားသည်။
သူ့ဘေးတွင်မူ စားဝတ်နေရေးအတွက် ပစ္စည်းများကို ရိက္ခာနှင့် လဲလှယ်ပါသည်ဟူသော စာတန်းပါသည့် သစ်သားဆိုင်းဘုတ်လေးတစ်ခုကို စိုက်ထူထားသည်။
ထိုစာဆိုမှာ ဈေးရောင်းခြင်း အတတ်ပညာနှင့် စိမ်းနေပုံရပြီး ရောင်းရန်လည်း အော်ဟစ်ခြင်းမပြုဘဲ ကံတရားအတိုင်းသာ ပစ်ထားဟန်ရှိသည်။ ကုယွမ် သူ့ဆိုင်ရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ သူက အနည်းငယ် တွန့်ဆုတ်စွာဖြင့် "စာအုပ်ဝယ်မလို့လားခင်ဗျာ" ဟု မေးလိုက်သည်။
ကုယွမ်က ရှေ့ရှိ စာအုပ်အချို့ကို ညွှန်ပြကာ "ကျွန်တော် ကြည့်လို့ရမလား" ဟု ပြောရာ
စာဆိုသည် ဝမ်းသာအားရဖြင့် "ရပါတယ်... စိတ်ကြိုက်ကြည့်ပါဗျာ" ဟု ကပျာကယာပင် ပြန်ဖြေသည်။
ကုယွမ်က စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကြည့်လိုက်သည့်အခါ ဤစာဆိုမှာ စာအုပ်ကို အမှန်တကယ် မြတ်နိုးသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဤစာအုပ်မှာ အလွန်ဟောင်းနွမ်းနေပြီး အဖုံးမှာလည်း ပွန်းပဲ့နေသော်လည်း အတွင်းစာမျက်နှာများမှာမူ ခေါက်ရာ သို့မဟုတ် ပြဲရာများ လုံးဝမရှိပေ။ ၎င်းက ပိုင်ရှင်ဖြစ်သူသည် စာအုပ်ကို အမြဲတမ်း ဂရုတစိုက် ကိုင်တွယ်ခဲ့ကြောင်း သက်သေပြနေသည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ ထိုစာအုပ်ကို ထိတွေ့လိုက်သည့် ခဏ၌ပင် ကုယွမ်၏ မျက်စိရှေ့မှောက်တွင် စာတန်းလေးတစ်ခု ပေါ်ထွက်လာခြင်းပင်။
[တာအိုအမှတ် ၂ မှတ် ရရှိသည်]
ဒါက ငါရှာနေတဲ့ အရာပဲ မဟုတ်ဘူးလား။ ဒီစာအုပ်တွေကနေ အားဟွမ်ကို အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ အမှတ်တွေကို ငါရနိုင်တော့မှာပေါ့။