← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

မှတ်ချက်။ အခန်း ၁၁ ကစပြီး တာအိုရသမှတ်ကို တာအိုအနှစ်သာရအမှတ်လို့ ပြောင်းပြီးရေးသွားမယ်နော်။ ကုယွမ်က ရှေးဟောင်းစာအုပ်တွေကိုထိမိရင် အမှတ်တွေရတာဆိုတော့။ တာအိုရသမှတ်ထက် တာအိုအနှစ်သာရကပိုပြီးဖတ်လို့ကောင်းမယ်ထင်လို့ပါရှင့်။

အခန်း။ ၁၁

"ဒီ သံသွားပါရမီရဲ့ ကောင်းချီးကြောင့် ငါက ပါရမီရှင်တစ်ယောက် ဖြစ်လာပြီလား။ နောင်တစ်ချိန် သိုင်းပညာကို လေ့ကျင့်တဲ့အခါ ငါတော့ သာမန်လူတွေထက် အဆပေါင်းများစွာ သာလွန်နေတော့မှာပဲ"

ကုယွမ်သည် သူဘာသာ တွေးတောနေစဉ်မှာပင် သူ၏နောက်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

သူ၏နှလုံးသားမှာ တစ်ချက်မျှ တုန်လှုပ်သွားရသည်။

"သူတို့ လိုက်လို့မီလာပြီလား"

စောစောက သူသည် တာအိုအနှစ်သာရအမှတ်များကို အသုံးပြု၍ အားဟွမ်ကို သံသွားကြွက်အဖြစ် ဆင့်ကဲပြောင်းလဲစေခဲ့ပြီး သူကိုယ်တိုင်လည်း အသွင်သစ်ဖြင့် ပြန်လည်မွေးဖွားခြင်းကို ခံယူခဲ့သော်လည်း အချိန်အားဖြင့်မူ လက်ဖက်ရည်တစ်ခွက် သောက်စာမျှပင် မကြာခဲ့ချေ။

သို့သော် တစ်ဖက်ရန်သူက လိုက်မီလာပြီဖြစ်ရာ သူတို့တွင် မကောင်းသော ရည်ရွယ်ချက်ရှိနေသည်မှာ သိသာလှသည်။ ထို့ကြောင့် ကုယွမ်အနေဖြင့်လည်း အလိုက်တသိ ယဉ်ကျေးနေရန် အကြောင်းမရှိတော့ပေ။

"အားဟွမ်... အရင် ပုန်းနေလိုက်ဦး"

ကုယွမ်သည် စိတ်အမိန့်ဖြင့် သံသွားကြွက် အားဟွမ်ကို ညွှန်ကြားလိုက်သည်။

ဆင့်ကဲပြောင်းလဲပြီးသော အားဟွမ်မှာ သိသိသာသာပင် ပိုမိုပါးနပ်လာပြီး မည်သည့်အသံမျှ မထွက်စေဘဲ လမ်းကြားထောင့်တစ်ခုသို့ ပြေးဝင်ကာ အချိန်ကောင်းကို စောင့်ဆိုင်းရင်း ပုန်းကွယ်နေလိုက်သည်။

ထို့နောက် ကုယွမ်သည် လှည့်ကြည့်လိုက်ကာ သူ၏ခါးနောက်မှ ပုဆိန်တိုကို ဆွဲထုတ်၍ တိုက်ပွဲအတွက် အသင့်ပြင်လိုက်တော့သည်။

မကြာမီမှာပင် နှာခေါင်းပွပွနှင့် ခက်ထန်သော မျက်နှာထားရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် လမ်းကြားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

သူသည် ထွားကျိုင်းသန်မာလှပြီး လှမ်းလာသော ခြေလှမ်းတိုင်းတွင် သာမန်လူများ မရင်ဆိုင်ရဲလောက်သော ကြမ်းတမ်းသည့် အရှိန်အဝါများ ဖုံးလွှမ်းနေသည်။

ကုယွမ်ကို မြင်လိုက်ရသည့်အခါ ထိုသူက အေးစက်စက် ပြုံးလိုက်ရင်း "ဒါဆို မင်းက ဒီမှာ ပုန်းနေတာကိုး။ ရှာရတာ တော်တော်ခက်တဲ့ကောင်ပဲ"

"ဘာလဲ... မင်းက ပြန်ခုခံချင်သေးတာလား"

ကုယွမ်က ပုဆိန်ကို ကိုင်ထားကာ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ ထိုလူက သူ၏လက်သီးများကို ဆုပ်နယ်ရင်း ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။

"ကလေး... ငါ့စကားနားထောင်ပြီး အသာတကြည်ပဲ အဖမ်းခံလိုက်စမ်းပါ။ မဟုတ်လို့ ငါကိုယ်တိုင် မင်းရဲ့အရိုးတွေကို ချိုးရတော့မယ်ဆိုရင်တော့ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့တော့"

"မင်းက ဘယ်သူလဲ"

ကုယွမ်သည် ထိုသူ၏ ခြိမ်းခြောက်စကားများကို အမှုမထားဘဲ စူးစိုက်ကြည့်ကာ မေးလိုက်သည်။

"ငါ မင်းကိုလည်း မသိဘူး မင်းနဲ့လည်း ဘာရန်ငြိုးမှ မရှိဘူး။ မင်း ဘာလို့ ငါ့ကို ဖမ်းချင်နေရတာလဲ"

"ရန်ငြိုးမရှိဘူး ဟုတ်လား"

ထိုလူလတ်ပိုင်းအမျိုးသားသည် နှာခေါင်းတစ်ချက်ရှုံ့ကာ အေးစက်စွာ လှောင်ပြုံးပြုံးရင်း ရှေ့သို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။

"ကလေး... မင်းက တကယ်ကို နုနယ်သေးတာပဲ။ မင်းကိုဖမ်းဖို့ ငါ့မှာ ရန်ငြိုးရှိဖို့ လိုလို့လား။ မင်း အပြစ်တင်ချင်တယ်ဆိုရင်တော့ ဟိုအဘိုးကြီးဝူကိုပဲ အပြစ်တင်လိုက်တော့။ သူက မင်းကို မျက်စိကျနေတာ ငါကတော့ ပိုက်ဆံရလို့ အလုပ်လာလုပ်ပေးရုံပဲ"

စကားပြောနေရင်း သူက စိတ်မရှည်သလို လက်တစ်ချက်ဝှေ့ယမ်းပြလိုက်သည်။

"ဒီလောက် စကားများနေတာ တော်လောက်ပြီ။ ငါနဲ့ လိုက်ခဲ့စမ်းပါ။ ဒါဆိုရင်တော့ မင်းကို ဒုက္ခမပေးဘူးလို့ ငါကတိပေးတယ်"

"ဒါဆို အဲဒီခွေးမသားဝူကြောင့်ပေါ့"

ကုယွမ်၏ မျက်ဝန်းအစုံမှာ အေးစက်စပြုလာသည်။ သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း သူကိုယ်သူ အဓိပ္ပာယ်မရှိဘူးဟု ခံစားနေရသည်။

သူသည် မည်သူ့ကိုမျှ ရန်စလိုစိတ်မရှိခဲ့ပေ။ ဝဝလင်လင်စားပြီး နွေးနွေးထွေးထွေးဝတ်ကာအေးချမ်းစွာ နေထိုင်သွားရန်သာ မျှော်လင့်ခဲ့သည်။

ဒါပေမဲ့ ဘာဖြစ်လို့ လူတွေက ငါ့ကိုပဲ အမြဲတမ်း ဒုက္ခပေးနေကြတာလဲ။ အသက်ရှင်ဖို့တောင် မနည်းရုန်းကန်ရတဲ့အထိ ဘာလို့ တွန်းပို့နေကြတာလဲ။

အရင်တုန်းက ချန်ယွင်ကျဲနဲ့ ချန်အိမ်တော်က အိမ်တော်ထိန်းဝူတို့တုန်းကလည်း ဒီလိုပဲ။ အဲဒီနောက် တုန်းကွေ့နဲ့ ဆုန့်အာတို့လည်း အတူတူပဲ။ အခုကျတော့လည်း မန်နေဂျာဝူနဲ့ သူ့ရှေ့က ဒီလူလတ်ပိုင်းအမျိုးသားကလည်း အတူတူပဲ…..

သက်တမ်းရင့် ဝါဂွမ်းနွယ်အချို့အတွက်နှင့်ပင် သူ့ကို အန္တရာယ်ပြုရန် ကြံစည်နေကြသည့် ဤလောဘဇောတိုက်ပြီး ရက်စက်ကြမ်းကြုတ်လှသော အပြုအမူများက လူ့နှလုံးသားကို အေးစက်တုန်လှုပ်စေရုံသာ ရှိတော့သည်။

"ဒီလို အောက်တန်းကျတဲ့ လောကကြီး ပြီးတော့ ဒီလို အောက်တန်းကျတဲ့ လူယုတ်မာတွေ"

ကုယွမ်၏ ရင်ထဲတွင် ရန်လိုမုန်းတီးစိတ်များ တဖွားဖွား တိုးဝင်လာတော့သည်။

ယခုမှသာ ဤလောက၏ ရက်စက်မှုကို သူ အမှန်တကယ် ခံစားလိုက်ရတော့သည်။

ဖြစ်နိုင်သည်မှာ အားဟွမ်သည် သံသွားကြွက်အဖြစ် ပြောင်းလဲသွားပြီး သူကိုယ်တိုင်လည်း အသွင်သစ်ဖြင့် ပြန်လည်မွေးဖွားလာခဲ့သဖြင့် ကုယွမ်၏ ယုံကြည်ချက်များမှာ အမြင့်ဆုံးသို့ ရောက်ရှိနေခြင်းပင်။ တစ်စုံတစ်ယောက်တွင် သေစေနိုင်သော လက်နက်တစ်ခု ရှိလာပါက သတ်ဖြတ်လိုသော စိတ်ဆန္ဒမှာလည်း သဘာဝအတိုင်း ပေါ်ပေါက်လာတတ်သည်။

ဤအချက်ကပင် သူနိုးထလာကတည်းက စုဆောင်းထားခဲ့သော နာကျည်းမှု၊ စိတ်ပျက်မှုနှင့် မွန်းကြပ်မှုများကို အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်စေတော့သည်။

မြေရုပ်ကလေးတွေမှာတောင် ဒေါသရှိသေးတာပဲ။ ငါလို သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူတစ်ယောက်မှာ မရှိဘဲ နေပါ့မလား။

ယခုအချိန်တွင် ကုယွမ်သည် အမှန်တကယ်ပင် သတ်ဖြတ်လိုစိတ် ပြင်းထန်နေပြီ ဖြစ်သည်။

"မင်းတို့အားလုံးက ငါ့ကို အသက်ရှင်ခွင့် မပေးချင်ကြဘူးဆိုမှတော့..."

ကုယွမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် လက်ထဲမှ ပုဆိန်တိုကို ရှေ့တည့်တည့်ရှိ လူ၏လည်ပင်းဆီသို့ ရက်ရက်စက်စက် လွှဲယမ်းလိုက်တော့သည်။

"ဒါဆိုရင်လည်း မင်းတို့ကို သေမင်းဆီပဲ ငါအရင် ပို့ပေးလိုက်ရတော့မှာပေါ့"

မူလက ထိုလူလတ်ပိုင်းအမျိုးသားသည် ကုယွမ် ငြိမ်သက်စွာ ရပ်နေသည်ကို မြင်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားပြီဟု ထင်မှတ်ကာ လှောင်ရယ်လိုက်သည်။

"ဒါပေါ့ ကောင်လေးရာ... ငါ မင်းကို ပြောပြလိုက်မယ်။ ငါက စိမ်းလန်းသောဝါးဂိုဏ်းရဲ့ တတိယမြောက် ဂိုဏ်းချုပ်ပဲ ငါက..."

သူ့စကားမဆုံးမီမှာပင် ကုယွမ်က ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်သည်ကို မြင်လိုက်ရသည်။ ထိုပုဆိန်ချက်မှာ အရှိန်အဟုန်ပြင်းထန်လှသဖြင့် သူသည် လန့်ဖျန့်သွားကာ နောက်သို့ ဆုတ်၍ အသာအယာ ရှောင်တိမ်းလိုက်ရသည်။

သို့သော် ကုယွမ်သည် ပထမတစ်ချက် လွဲချော်သွားသည်နှင့် ဒုတိယတစ်ချက်ကို အပေါ်မှအောက်သို့ အားကုန်သုံးကာ ထပ်မံခုတ်ချလိုက်ပြန်သည်။

"ကောင်လေး... မင်း သေချင်နေတာပဲ"

နောက်တစ်ကြိမ် ရှောင်တိမ်းပြီးနောက် ထိုလူမှာ အမျက်ဒေါသ ချောင်းချောင်းထွက်သွားကာ ကျားသစ်တစ်ကောင်ကဲ့သို့ ကုယွမ်ထံသို့ အတင်းအဓမ္မ ခုန်ဝင်ပြီး လက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်သည်။

ထို့နောက် သူသည် ဖမ်းချုပ်ခြင်းအတတ်ကို အသုံးပြုကာ အရိုးများ ကြေမွသွားစေရန် အားကုန်သုံး၍ ညှစ်ချလိုက်တော့သည်။

အရိုးကျိုးသံ တဂျောက်ဂျောက်ကို ကြားရတော့မည်ဟု သူမျှော်လင့်ထားသော်လည်း အံ့သြစရာကောင်းသည်မှာ ကုယွမ်၏ အရိုးများမှာ သံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့ မာကျောလှသဖြင့် ကြေမွသွားခြင်း မရှိပေ။

ထိုမျှသာမက ကုယွမ်က ပြန်လည်ရုန်းကန်လိုက်သည့်အခါ သူ၏ အင်အားနှင့်ပင် ထိန်းချုပ်ရန် ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။

"ဒီကောင်လေးက ငယ်ငယ်လေးရှိသေးတာ။ သိုင်းပညာ လေ့ကျင့်ထားတဲ့ပုံလည်း မပေါက်ဘူး။ ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် ခွန်အားကြီးနေရတာလဲ"

ဤအတွေးက သူ၏ ဦးနှောက်ထဲတွင် ဖြတ်ပြေးသွားစဉ်မှာပင် သတ္တုကဲ့သို့ အေးစက်သော အရာတစ်ခု သူ၏ ပခုံးပေါ်သို့ ခုန်တက်လာသည်ကို သူခံစားလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူ၏ လည်ပင်းတစ်ဝိုက်တွင် အေးစိမ့်သော ခံစားချက်နှင့်အတူ စူးရှလှသော နာကျင်မှုကြီးက ကပ်ပါလာတော့သည်။

မကြာမီမှာပင် ပူနွေးသော သွေးနီရောင် အရည်များ ပန်းထွက်လာကာ သူ၏ အဝတ်အစားများမှာ ရွဲရွဲစိုသွားတော့သည်။

သွေးများနှင့်အတူ သူ၏ ခွန်အားများပါ လွင့်ပါးသွားသလို ခံစားလိုက်ရသည်။ ကုယွမ်၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်ထားသော သူ၏လက်မှာလည်း အားအင်ကုန်ခမ်းသွားသဖြင့် ကုယွမ်က အလွယ်တကူပင် ခါထုတ်လိုက်နိုင်သည်။

"ဘာလို့လဲ... ငါ ဘယ်လိုဖြစ်ပြီး..."

ထိုလူလတ်ပိုင်းအမျိုးသားသည် နောက်သို့ ယိုင်တိယိုင်ထိုး ဆုတ်ခွာသွားရင်း သူလည်ပင်းကို လက်ဖြင့် အလိုလို ဖိထားမိသည်။ သို့သော် သူ၏လည်ပင်းမှ အသားစိုင်ကြီးတစ်ခုလုံး အကိုက်ခံထားရပြီး သွေးများမှာ စမ်းရေတွင်းမှ ရေပွက်သကဲ့သို့ တစီစီ ပန်းထွက်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။

ထိုစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင်ကြွက်ကြီးတစ်ကောင်သည် သူ၏ပခုံးပေါ်မှ ခုန်ဆင်းသွားပြီး ၎င်း၏ပါးစပ်တွင်လည်း သွေးများဖြင့် နီရဲနေတော့သည်။

"မဖြစ်နိုင်ဘူး... ငါ အသေမခံနိုင်ဘူး"

သူ၏မျက်နှာတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ အထင်အရှား ပေါ်လွင်လာပြီး သွေးတိတ်စေရန် ဒဏ်ရာကို အသည်းအသန် ဖိထားရှာသည်။ သို့သော် ၎င်းမှာ အချည်းနှီးသာ။

သွေးများ အဆက်မပြတ် စီးကျလာသည်နှင့်အမျှ သူ၏ အသက်စွမ်းအားများမှာလည်း လျင်မြန်စွာ လွင့်ပါးသွားတော့သည်။ ခြေလှမ်းများ ယိုင်နဲ့လာကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားရှာသည်။

ဝေဝါးနေသော အမြင်အာရုံထဲတွင် ကုယွမ်သည် တည်ငြိမ်လွန်းလှသော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း ချဉ်းကပ်လာကာ ပုဆိန်ကို မြှောက်လိုက်သည်ကို မြင်လိုက်ရသဖြင့် အသက်ဘေးမှ ချမ်းသာခွင့်ပေးရန် အားယူ၍ တောင်းပန်တိုးလျှိုးလိုက်သည်။

"မလုပ်ပါနဲ့... ချမ်းသာပေးပါ... ကျွန်တော့်ကို... လွှတ်..."

"ဖတ်"

စကားပင် မဆုံးသေးမီမှာပင် ကုယွမ်၏ ပုဆိန်ချက်က ကျရောက်လာပြီး ထိုသူ၏ အသံမှာ ရုတ်တရက် ပြတ်တောက်သွားတော့သည်။ ကုယွမ်သည် ထိုမျှနှင့် မရပ်တန့်ဘဲ အားဟွမ် ကိုက်ခဲထားသော ဒဏ်ရာအစအနများ ပျောက်ကွယ်သွားသည်အထိ နောက်ထပ် အချက်ပေါင်းများစွာ ဆင့်၍ ခုတ်ပိုင်းလိုက်သည်။

"ဒါက သိုင်းပညာရှင်တစ်ယောက်လား"

ကုယွမ်သည် သူ၏ အကျီလက်စကို မတင်ကာ လက်ကောက်ဝတ်ပေါ်တွင် ကျန်ရစ်ခဲ့သော ညိုမဲနေသည့် လက်ဗွေရာကြီးကို ကြည့်လိုက်သည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် စူးရှသော နာကျင်မှုကို ခံစားရပြီး အရိုးများပင် အက်ကွဲတော့မတတ် ဖြစ်သွားခဲ့ရသည်။

"ဒီလူက သိုင်းပညာရှင်တစ်ယောက် ဆိုပေမဲ့ အစွမ်းကတော့ သိပ်မကြီးဘူးပဲ။ မဟုတ်ရင် ငါ သူ့ကို ဒီလောက်လွယ်လွယ်နဲ့ သတ်နိုင်မှာ မဟုတ်ဘူး"

သူ၏ မျက်နှာတွင် အံ့သြရိပ်အချို့ ဖြတ်ပြေးသွားသည်။

"ဒါတောင်မှ သူ့ရဲ့ သိုင်းကွက်တွေက ငါ့ကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့တာပဲ။ အားဟွမ်ရဲ့ အကူအညီသာ မပါဘူးဆိုရင် ငါ့မှာ သံအရိုးပါရမီ ရှိနေရင်တောင် သူ့ကို ရှုံးနိမ့်သွားမှာ သေချာတယ်"

ဤသို့ သုံးသပ်မိပြီးနောက် ကုယွမ်သည် သိုင်းပညာလေ့ကျင့်ရန် ပိုမိုပြင်းပြသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာတော့သည်။

ထို့နောက် သူသည် ခါးကိုကိုင်းကာ ထိုလူ၏ အလောင်းကို ရှာဖွေကြည့်လိုက်ရာ အနည်းငယ် ပွန်းပဲ့နေသော ငွေ ၃ ကျပ်ကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရသည်။ သို့သော် ကုယွမ်၏ မျက်နှာတွင် ဝမ်းသာရိပ် အနည်းငယ်မျှ မတွေ့ရပေ။

"နှမြောစရာကောင်းတာက... သိုင်းကျမ်း လျှို့ဝှက်ချက်တွေ တစ်ခုမှ ပါမလာတာပဲ"

သူက ထိုသို့ ပြောလိုက်သော်လည်း ဤလူမှာ သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း အဆင့်မြင့်ကျွမ်းကျင်သူ မဟုတ်သဖြင့် သိုင်းကျမ်းများ ပါမလာခြင်းမှာ သဘာဝကျကြောင်း နားလည်ထားသည်။ ၎င်းပြင် ယေဘုယျအားဖြင့် လူများသည် အဖိုးတန်သော သိုင်းကျမ်းများကို ကိုယ်နှင့်အတူ အမြဲဆောင်ထားလေ့ မရှိကြပေ။

အခန်း။ ၁၂

ရင်ထဲမှ နာကျည်းချက်များ ပေါက်ကွဲထွက်သွားပြီးနောက်တွင်မှ ကုယွမ်သည် ပြန်လည်တည်ငြိမ်လာတော့သည်။

မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ရင်း အထူးသဖြင့် သွေးအလိမ်းလိမ်းနှင့် စုတ်ပြတ်သတ်နေသော ဒဏ်ရာများကို မြင်လိုက်ရသည့်အခါ ပျို့အန်ချင်စိတ်က နောက်ကျမှ တိုးဝှေ့လာပြီး ဝမ်းဗိုက်တစ်ခုလုံး မွှေနှောက်နေသလို ခံစားလိုက်ရသည်။ သူသည် အကြိမ်အနည်းငယ်မျှ အော့အန်လိုက်ပြီးနောက်တွင်မှ အနည်းငယ် သက်သာရာရသွားတော့သည်။

သို့သော် တစ်ချိန်တည်းမှာပင် ကုယွမ်သည် ကြာမြင့်စွာကတည်းက ပျောက်ဆုံးနေခဲ့သော စိတ်သက်သာရာရမှုနှင့်အတူ အတွေးအမြင်များ ကြည်လင်ပြတ်သားလာသည်ကိုလည်း ခံစားလိုက်ရသည်။

ငါ့ကို အသက်ရှင်ခွင့်မပေးတဲ့သူမှန်သမျှကို ငါဘက်က သေခြင်းတရားနဲ့ပဲ ပြန်ပေးဆပ်ရမယ်။

...

နေဝန်းသည် အနောက်ဘက်သို့ တဖြည်းဖြည်း တိမ်းစောင်းလာပြီး နေ့တစ်နေ့မှာလည်း ကုန်ဆုံးလုနီးပြီ ဖြစ်သည်။

ကုယွမ်သည် တစ်စုံတစ်ရာ အစအနမကျန်စေရန် သေသေချာချာ သိမ်းဆည်းပြီးနောက် လမ်းကြားထဲမှ ထွက်ခွာကာ မြို့တံခါးဆီသို့ အလျင်အမြန် ဦးတည်လိုက်သည်။ မှောင်ရီပျိုးလာသည်နှင့်အမျှ မြို့တံခါးများ ပိတ်တော့မည်ဖြစ်ရာ အချိန်မီ မထွက်နိုင်ပါက နောက်ကျသွားပေလိမ့်မည်။

သံသွားပါရမီ၏ ကောင်းချီးကြောင့် ကုယွမ်သည် သန်မာပြီးကျန်းမာနေပြီဖြစ်ရာ အိမ်သို့ တစ်ချိုးတည်း အပြေးအလွှား ပြန်လာခဲ့သော်လည်း အနည်းငယ်မျှသာ မောပန်းနွမ်းနယ်မှုကို ခံစားရသည်။

သို့သော် အိမ်တံခါးကို တွန်းဖွင့်လိုက်သည့် ခဏ၌ပင် သူမြင်လိုက်ရသည်မှာ ကမောက်ကမ ဖြစ်နေသော အိမ်အတွင်းခန်း မြင်ကွင်းပင်။

ခုတင်ပေါ်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး စားပွဲနှင့် ကုလားထိုင်များမှာလည်း ဟိုတစ်စ ဒီတစ်စ လဲကျနေသည်။ မီးဖိုပေါ်ရှိ သံအိုးမှာလည်း မြေပြင်ပေါ်သို့ လွင့်စင်ကာ မှောက်လျက်သား ဖြစ်နေ၏။

ဆန်အိုးမှာပင် အစိတ်စိတ်အမွှာမွှာ အကွဲကွဲအပြားပြား ဖြစ်နေသည်မှာ ကြည့်မကောင်းလှပေ။ ကြမ်းပြင်တစ်လျှောက်တွင်လည်း ဆန်စေ့များမှာ ဖရိုဖရဲ ပြန့်ကျဲနေသည်။

ပိန်လှီအားနည်းလှသော ကုယွမ်၏မိခင်မှာ ခုတင်ဘေးတွင် ထိုင်ကာ နီရဲဖောင်းကြွနေသော မျက်ဝန်းများဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။

သူမ၏ဘေးတွင် နှစ်သိမ့်ပေးနေသော ကုယွမ်၏ဖခင်မှာမူ မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေပြီး ပါးရိုက်ခံထားရသည့် လက်ဗွေရာကြီးမှာ အထင်အရှား ရှိနေသည့်အပြင် ပါးစပ်ထောင့်တွင်လည်း သွေးစအချို့ စွန်းထင်နေသည်။

"အာယွမ်... မင်း ပြန်လာပြီလား"

ကုယွမ် ပြန်ရောက်လာသည်ကို မြင်သောအခါ ဖခင်ဖြစ်သူမှာ ဦးစွာ သက်ပြင်းချကာ စိတ်အေးသွားဟန်ရှိသော်လည်း သူ၏ အရှက်ရဖွယ် အခြေအနေကို သားဖြစ်သူအား မပြလိုသဖြင့် မျက်နှာကို တစ်ဖက်သို့ အသာလွှဲလိုက်သည်။ မိခင်ဖြစ်သူမှာမူ မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ကာ စိတ်ကို အတတ်နိုင်ဆုံး ထိန်းလိုက်ရှာသည်။

"အဖေ... အမေ... ဘာတွေဖြစ်ခဲ့တာလဲ"

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကုယွမ်၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မှောင်မည်းမည်း ဖြစ်သွားတော့သည်။

"အာယွမ်ရယ်... ဒီနေ့ နေ့လယ်ပိုင်းက တုန်းကွေ့နဲ့ ဆုန့်အာတို့ ရောက်လာကြတယ်လေ..."

ကိစ္စရပ်များကို ဖုံးကွယ်ထား၍ မရနိုင်တော့မှန်း သိသာလှသဖြင့် ကုယွမ်၏ဖခင်မှာ နေ့လယ်ပိုင်းက ဖြစ်ပျက်ခဲ့သမျှကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်ရတော့သည်။

ထိုနေ့မွန်းလွဲပိုင်းတွင် တုန်းကွေ့နှင့် ဆုန့်အာတို့ ရောက်ရှိလာပြီး အိမ်တော်ထိန်းဝူ၏ အမိန့်အရ လာရောက်ခြင်းဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ ကုယွမ်သည် ချန်အိမ်တော်၏ သခင်လေး ချန်ယွင်ကျဲအပေါ် လက်စားချေရန် ကြံစည်နေသည်ဟု သံသယရှိသဖြင့် သက်သေအထောက်အထား ရှာဖွေရန်ဟုပြောကာ အိမ်တွင်းနေရာအနှံ့ မွှေနှောက်ရှာဖွေခဲ့ကြခြင်းပင်။

သို့သော် ကုယွမ်၏ စိတ်ထဲတွင် လက်စားချေလိုစိတ် ရှိနေသည်ဆိုစေဦးတော့ ၎င်းမှာ စိတ်ကူးမျှသာဖြစ်ရာ ထိုလူယုတ်မာနှစ်ဦး မည်သည့်သက်သေကိုမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ မျှော်လင့်ထားသည့်အတိုင်းပင် ဘာမျှရှာမတွေ့ခဲ့ကြချေ။

ဒါကြောင့် တုန်းကွေ့နဲ့ ဆုန့်အာတို့က ကုယွမ် ဘယ်နေရာမှာ ရှိနေတာလဲ။ နောက်ပြီး မကြာသေးခင်က ဘာတွေ မသင်္ကာစရာ လုပ်ထားလဲဆိုတာကို ဇနီးမောင်နှံနှစ်ဦးအား အတင်းအဓမ္မ စစ်မေးတော့သည်။

မည်သည့်သတင်းအစအနမျှ မရရှိသည့်အပြင် ကုယွမ်မှာလည်း ပြန်မလာသေးသဖြင့် သူတို့နှစ်ဦးမှာ စိတ်မရှည်တော့ဘဲ ခြိမ်းခြောက်စကားများ ပြောဆိုကာ မောက်မောက်မာမာဖြင့် ပြန်လည်ထွက်ခွာသွားကြခြင်းပင်။

"တုန်းကွေ့... ဆုန့်အာ..."

ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ ကုယွမ်၏ မျက်နှာမှာ အေးစက်သွားပြီး မထိန်းချုပ်နိုင်လောက်အောင်ပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားတော့သည်။

ထိုလူနှစ်ဦးမှာ လူကောင်းများမဟုတ်မှန်း သူသိထားသော်လည်း ဤမျှအထိ ယုတ်မာပတ်

စက်ကြလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူများဆီမှာ လူယုံလုပ်ပြီး သူလျှိုလုပ်တာက ထားလိုက်ပါတော့။ အခုဟာက မိသားစုကိုပါ လာနှိပ်စက်ပြီး ဆန်အိုးခွဲ၊ လူရိုက်နဲ့... မဟုတ်တာတွေ အတင်းစွပ်စွဲပြီး ချောင်ပိတ်ရိုက်နေတာက မိသားစုတစ်စုလုံးကို ဘဝပျက်အောင် လုပ်နေတာပဲ မဟုတ်ဘူးလား။

သို့သော် ထိုသူနှစ်ဦးသည် ဤမျှအထိ ရဲရဲတင်းတင်း လာရောက်ဗိုလ်ကျဝံ့ခြင်းမှာ ကုယွမ်၏ အခြေအနေ တစ်စုံတစ်ရာကို ရိပ်မိထားသဖြင့် လာရောက်စမ်းသပ်ခြင်းဖြစ်ကြောင်း သိသာလှသည်။

"အဖေနဲ့ အမေ အိမ်မှာပဲ အေးအေးဆေးဆေး နားနေကြပါ။ စိတ်မပူပါနဲ့... ကျွန်တော် အခုပဲ ပြန်လာခဲ့ပါ့မယ်"

ရင်ထဲမှ ဒေါသကို အတတ်နိုင်ဆုံး ဖိသိပ်ထားရင်း ကုယွမ်သည် ထိုသို့ပြောကာ အိမ်ထဲမှ လှည့်ထွက်လာခဲ့တော့သည်။

ဟုတ်တယ်... ငါက ချန်အိမ်တော်ကို မတော်လှန်နိုင်သေးလို့ ခဏတဖြုတ် အောင့်အီးသည်းခံနေရတာ။ ဒါပေမဲ့ ချန်အိမ်တော်ကို မယှဉ်နိုင်တာနဲ့ မင်းတို့လို အောက်တန်းစား လူယုတ်မာနှစ်ယောက်ကို ငါက မကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား။

သူတစ်ပါးရဲ့ ခြေဖဝါးအောက်မှာ အမြီးနန့်နေရတဲ့ အကောင်တွေကများ... ကိုယ့်ကိုကိုယ် ဘာကောင်မှတ်နေကြတာလဲ။

...

ကုမိသားစုကျေးရွာ၏ အနောက်ဘက် ရွာအဝင်ရှိ ပျက်စီးယိုယွင်းနေသော ဝန်းတစ်ခုအတွင်းမှ အရက်သောက်ရင်း စကားပြောဆိုနေသံ ခပ်သဲ့သဲ့ ထွက်ပေါ်နေသည်။ တုန်းကွေ့နှင့် ဆုန့်အာတို့သည် တစ်ဦးကိုတစ်ဦး ခွက်ချင်းရိုက်ကာ ရယ်မောပျော်ပါးနေကြသဖြင့် အခြေအနေမှာ အတော်ပင် စည်ကားနေ၏။

ရုတ်တရက် ဆုန့်အာက စကားစလိုက်သည်။

"ကွေ့ကြီး... ငါတို့ ဒီနေ့လုပ်ခဲ့တာတွေကို အိမ်တော်ထိန်းဝူ သိသွားရင် ကိုယ့်အလုပ်မဟုတ်တာတွေ လျှောက်လုပ်တယ်ဆိုပြီး အပြစ်တင်မခံရဘူးလား။ တကယ်လို့ ကုယွမ်ဆိုတဲ့ ကောင်လေးက ငါတို့ကို လာပြီး ဒုက္ခပေးရင်ရော..."

"ဟားဟား... အဲဒီကောင် လာပြီး ဒုက္ခပေးတာကိုပဲ ငါက လိုချင်နေတာကွ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေ့ငါလုပ်ခဲ့တာတွေက တမင်တကာ လုပ်ခဲ့တာ။ အဲဒီကောင်မှာ အပြစ်မရှိရင်တောင်မှ ငါက သူ့အပေါ် ပုပ်ခတ်ပြီး ဖရိုဖရဲဖြစ်အောင် လုပ်ရမှာပဲ။ စဉ်းစားကြည့်စမ်း... သူက ဘာမှမလှုပ်ရှားဘူးဆိုရင် ငါတို့ရဲ့ အသုံးဝင်မှုကို ဘယ်လိုလုပ် သက်သေပြလို့ ရတော့မှာလဲ"

တုန်းကွေ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း ဆုန့်အာ၏ ဝေခွဲမရဖြစ်နေသော မျက်နှာထားကိုကြည့်ကာ ဆက်လက်ရှင်းပြသည်။

"ဆုန့်အာ... မင်းသိထားရမှာက ငါတို့လိုလူမျိုးတွေက အပြင်ပန်းမှာ ဟန်ကိုယ်ဖို့နဲ့ ကြောက်စရာကောင်းသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေက ခွေးရူးတွေလို အနှိမ်ခံနေရတဲ့ ကောင်တွေကွ။ ဟိုမြေရှင်တွေ၊ သူဌေးတွေက ငါတို့ကို လူရာသွင်းကြလို့လား။ ဒီအတိုင်းသာ ဆက်သွားရင် ငါတို့တစ်နေ့ လမ်းဘေးမှာတင် ခွေးသေဝက်သေ သေကြရမှာ"

"ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းသွားပြီ။ ဒီကုယွမ်ရဲ့ ကိစ္စကြောင့် ငါတို့က မြို့ပေါ်က ချန်အိမ်တော်နဲ့ အဆက်အသွယ်ရနေပြီလေ။ ငါတို့အလုပ်ကို ငါတို့ ပိုင်ပိုင်နိုင်နိုင် လုပ်ပြနိုင်ရင် ချန်အိမ်တော်က လူတွေရဲ့ မျက်စိထဲ ရောက်သွားလိမ့်မယ်။ အဲဒီအခါကျရင် ငါတို့ အဆင့်အတန်း မြင့်လာမှာကွ။ အဲဒီအိမ်တော်မှာ အစေခံအဆင့်လောက် ဖြစ်ရရင်တောင် လမ်းဘေးက လူမိုက်ဘဝထက် အများကြီး သာသေးတယ်"

ဆုန့်အာမှာ ယခုမှပင် အမြင်ပွင့်သွားပုံရကာ အားကျလေးစားသော မျက်နှာထားဖြင့် လက်မထောင်ပြလိုက်ရင်း "ပြောင်မြောက်တယ် တကယ့်ကို ပြောင်မြောက်လွန်းတယ် ကွေ့ကြီး ဒီလောက်အထိ အမြော်အမြင်ရှိရှိနဲ့ စဉ်းစားထားမယ်လို့ ငါမထင်ခဲ့ဘူး။ တကယ်ကို အထင်ကြီးမိသွားပြီဗျာ"

သူ့ရှေ့တွင် ထိုင်နေသော တုန်းကွေ့ကို ကြည့်ရင်း အရက်ရှိန်ကြောင့် တက်ကြွနေသော ဆုန့်အာသည် သူတို့နှစ်ဦး ချန်အိမ်တော်၏ အသိအမှတ်ပြုမှုကို ရရှိကာ ပေလျန်မြို့နယ်တစ်ခွင် မောက်မောက်မာမာ လျှောက်လှမ်းနေကြသည်ကို မြင်ယောင်ရင်း ဂုဏ်ယူစိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။

"လာ... အစ်ကိုကြီးကို တစ်ခွက်လောက် တိုက်ပါရစေဦး"

"အေး... သောက်စမ်း..."

သူတို့နှစ်ဦး အရက်ရှိန်ဖြင့် ဆူညံကာ အော်ဟစ်နေကြစဉ်မှာပင်...

ဒိုင်း

တံခါးချပ်ကြီးမှာ နံရံကို ရိုက်မိသွားသည်အထိ ပြင်းထန်လှသော ကန်ချက်တစ်ခုကြောင့် ပွင့်ထွက်သွားတော့သည်။ အသံကြီးက အတော်ပင် ကျယ်လောင်လှပြီး ခိုင်ခံ့မှုမရှိလှသော သစ်သားတံခါးချပ်မှာ ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ လဲကျကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

"ဘယ်သူလဲကွ"

ထိုလူနှစ်ဦးမှာ လန့်ဖျန့်သွားကြပြီး လှည့်ကြည့်လိုက်သည့်အခါ အရပ်အမောင်းကောင်းကာ ထွားကျိုင်းသန်မာပြီး ချောမောတည်ကြည်သော လူငယ်တစ်ဦး တံခါးဝတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ကုယွမ်... မင်းကိုး"

တုန်းကွေ့၏ မျက်မှောင်များ ကြုံ့သွားတော့သည်။

"ဪ... မင်းတို့နှစ်ယောက်က အရက်သောက်နေကြတာကိုး"

ကုယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း အေးစက်စက် ပြုံးလိုက်သည်။

စားပွဲပေါ်ရှိ ကျန်ကြွင်းနေသော တောယုန်သားဟင်းပန်းကန်ကို မြင်လိုက်ရသည့်အခါ ကုယွမ်၏ ရင်ထဲမှ ဒေါသတရားမှာ ပိုမိုပြင်းထန်လာတော့သည်။ ထိုယုန်မှာ လွန်ခဲ့သော နှစ်ရက်က သူကိုယ်တိုင် ဖမ်းမိထားခြင်းဖြစ်ပြီး နောင်မှ အေးအေးဆေးဆေး စားရန်အတွက် အခြောက်လှန်းဖို့ ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း ယခုမူ ထိုခွေးမသားနှစ်ကောင်၏ ခိုးယူစားသောက်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

သူက နှာခေါင်းရှုံ့လိုက်ရင်း "သူများဆီက ခိုးလာတဲ့ ယုန်သားက တော်တော်လေးအရသာ ရှိပုံပဲ ဟုတ်တယ်မလား"

ဒုန်း….

"မင်းလို ကောင်စုတ်က ဘာတွေ လာပြောနေတာလဲ"

အရက်မူးနေသော ဆုန့်အာက မျက်လုံးပြူးကာ စားပွဲကို လက်သီးဖြင့် ထုလိုက်ရင်း "ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်လို့ ငါတို့ဆီ လာပြီး ပြဿနာရှာနေရတာလဲ"

ကုယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ဤအရက်မူးနေသော လူမိုက်ကို လေလှိုင်းတစ်ခုသဖွယ်သာ သဘောထားလိုက်သည်။

"ကုယွမ်... မင်းလာတာ အချိန်ကိုက်ပဲ။ ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်။ ငါတို့နှစ်ယောက်က ချန်အိမ်တော်က အိမ်တော်ထိန်းဝူရဲ့ အမိန့်အရ မင်းကို စောင့်ကြည့်နေတာ။ မင်း စိတ်ဓာတ်တွေကျပြီး သခင်လေးချန်ကို ဒုက္ခပေးမယ့် ကိစ္စမျိုးတွေ ထပ်မလုပ်နိုင်အောင်လို့ပေါ့"

တုန်းကွေ့က ကုယွမ်၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာပင် ပြောလိုက်ရင်း ကုယွမ်ကို စူးစိုက်ကြည့်နေသည်။

"တကယ်လို့ မင်းသာ အေးအေးဆေးဆေး နေမယ်ဆိုရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ မင်းလည်း အေးဆေး ငါတို့လည်း အေးဆေးပဲပေါ့"

တုန်းကွေ့က အေးစက်စက် ပြုံးလိုက်ပြန်သည်။

"ဒါပေမဲ့ ဒီရက်ပိုင်း မင်းက သိပ်ပြီး ငြိမ်တာ မဟုတ်ဘူး။ မျက်နှာကလည်း ဝင်းပနေပြီး ဟိုဟိုဒီဒီနဲ့ လျှို့ဝှက်ချက်တွေ များနေသလိုပဲ။ ငါ့အထင်တော့ မင်း တစ်ခုခု ကြံစည်နေပြီး သခင်လေးချန်ကို လက်စားချေဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ ငါ ပြောပြလိုက်မယ်... မင်း အသက်ရှင်ချင်သေးရင် အရာအားလုံးကို အမှန်အတိုင်း ဝန်ခံလိုက်တာ အကောင်းဆုံးပဲ။ မဟုတ်လို့ကတော့ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့တော့"

"ငါက ခြိမ်းခြောက်နေတာလို့ မထင်နဲ့ဦး။ တကယ်လို့ ငါကသာ အိမ်တော်ထိန်းဝူကို အစီရင်ခံလိုက်ရင် မနက်ဖြန် မနက်အစောကြီးမှာတင် မြို့ပေါ်ကလူတွေ လာပြီး မင်းကို ဖမ်းသွားလိမ့်မယ်။ အဲဒါကို ယုံလား"

သူသည် ခက်ထန်သော အသံနေအသံထား၊ ကြမ်းတမ်းသော ဟန်ပန်တို့ဖြင့် ခြိမ်းခြောက်စကား ပြောလိုက်တော့သည်။

သူ၏ အမြင်တွင် ကျေးလက်တောရွာမှ လူများမှာ ရိုးအသူများသာ ဖြစ်ကြပြီး ကုယွမ်ဆိုသည်မှာလည်း လောကကြီးကို ဘာမှနားမလည်သေးသည့် နုနယ်သော လူငယ်လေးတစ်ဦးမျှသာ ဖြစ်သဖြင့် ဤကဲ့သို့ ခြိမ်းခြောက်လိုက်ပါက ကြောက်လန့်တုန်လှုပ်ကာ အသိဉာဏ်ကင်းမဲ့သွားလိမ့်မည်ဟု တွေးထင်နေတော့သည်။

All Chapters