အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း။ ၁၃
သို့သော်လည်း ကုယွမ်မှာ အစိုးရိမ်လွန်ခြင်းမရှိဘဲ လှောင်ပြုံးတစ်ချက်ဖြင့် ပြန်လည်တုံ့ပြန်
လိုက်သည်။
"သခင်လေးချန်ကို လက်စားချေရမယ် ဟုတ်လား... ကျုပ်မှာ အဲဒီလို သတ္တိမျိုး မရှိပါဘူးဗျာ"
"လျှို့ဝှက်တဲ့ အလုပ်တွေ လုပ်နေတယ်ဆိုတာကလည်း... ကျုပ်က တောင်ပေါ်မှာ ထင်းခုတ်
လိုက်၊ အမဲလိုက်လိုက်နဲ့ပဲ အချိန်ကုန်နေတာပါ။ ဒါ့အပြင် တခြား ဘာများ လုပ်စရာ ရှိဦးမှာလဲ"
"တကယ်တော့ ခင်ဗျားတို့ ခွေးမသားနှစ်ကောင်ကသာ ချန်အိမ်တော်ရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး အပြင်မှာ မောက်မာရမ်းကားနေကြတာ။ ချန်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်နေတာလည်း ခင်ဗျားတို့ပဲ။ အခုတော့ ကျုပ်ကိုတောင် မဟုတ်မမှန် စွပ်စွဲနေကြသေးတယ်... ခင်ဗျားတို့ကတော့ တကယ့်ကို လူစွမ်းကောင်းတွေပဲ"
"ယုံချင်ယုံ မယုံချင်နေ... အကယ်လို့သာ ချန်အိမ်တော်က ဒီအကြောင်းကို သိသွားရင် အရင်ဆုံး အရေးယူခံရမှာက ကျုပ်မဟုတ်ဘဲ ခင်ဗျားတို့ ဖြစ်နေလိမ့်မယ်"
"ခွေးမသား" ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ထိုလူနှစ်ဦး၏ မျက်နှာများမှာ ဒေါသကြောင့် နီမြန်းသွားတော့သည်။ ဆုန့်အာမှာ ကုယွမ်ကို ပညာပေးရန်အတွက် ဝုန်းကနဲ ထရပ်လိုက်သော်လည်း
"မင်း... မင်း... ဘာတွေ လျှောက်ပြောနေတာလဲ"
ကုယွမ်၏ စကားများကို ကြားပြီးနောက် ဆုန့်အာမှာ ကြောက်စိတ်ကြောင့် တုန်ရီသွားကာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။ သူသည် အရက်ရှိန်ပင် ပြယ်သွားကာ နေရာမှာတင် ပြန်လည်ထိုင်ချလိုက်ရရှာသည်။
တုန်းကွေ့၏ မျက်နှာထားမှာလည်း ကောင်းမွန်မနေတော့ပေ။
မူလက ဤကောင်လေးကို ခြိမ်းခြောက်ရန် သူစီစဉ်ထားသော်လည်း ဤကောင်လေးမှာ ဤမျှအထိ စကားအရာတွင် ထက်မြက်ပြီး သူ့ကို ပြန်လည်ပိတ်ထည့်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အကယ်၍ အိမ်တော်ထိန်းဝူသာ အမှန်တကယ် သိသွားပါက သူ၏ အကြံအစည်များ ပျက်စီးရုံသာမက သူတို့နှစ်ဦးမှာလည်း ဒုက္ခရောက်သွားနိုင်သည်။ သူသည် ဤကဲ့သို့သော အထက်တန်းလွှာ မိသားစုကြီးများနှင့် ပတ်သက်ဖူးသဖြင့် သူတို့၏ သဘာဝကို ကောင်းကောင်းသိသည်။ အကယ်၍ သူတို့၏ နာမည်ကို အလွဲသုံးစားလုပ်၍ အပြင်တွင် ပြဿနာရှာနေသည်ကို သိသွားပါက ချန်အိမ်တော်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းသည်ဖြစ်စေ၊ မညှိုးနွမ်းသည်ဖြစ်စေ သူတို့ကို အလွတ်ပေးမည် မဟုတ်ချေ။
"တော်စမ်း"
တုန်းကွေ့က ကုယွမ်၏ စကားလမ်းကြောင်းအတိုင်း မလိုက်ဘဲ စားပွဲကို လက်ချောင်းများဖြင့် ခေါက်လိုက်ရင်း "ကောင်လေး... ပြောစမ်း မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ"
"ဘာကိစ္စနဲ့ လာတာလဲ ဟုတ်လား"
ကုယွမ်က သူ့ကို ငတုံးတစ်ယောက်အား ကြည့်သကဲ့သို့ ထူးဆန်းစွာ ကြည့်လိုက်ပြီး "ခင်ဗျားကိုယ်တိုင်လည်း သိရဲ့သားနဲ့ မေးနေသေးတယ်... သိသာနေတာပဲ မဟုတ်လား"
"ဒီနေ့ ခင်ဗျားတို့ ခွေးမသားနှစ်ကောင် ကျုပ်အိမ်ကိုလာပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ ခင်ဗျားတို့ အသိဆုံးပါ။ အဲဒီအတွက် ကျုပ်က လက်စားချေဖို့ လာတာ"
"အခု... မင်းတို့ရဲ့ လက်တစ်ဖက်စီကို ကိုယ့်ဘာသာကိုယ် ရိုက်ချိုးလိုက်ကြ ဒါဆိုရင်တော့ ငါ မင်းတို့ကို လွှတ်ပေးမယ်"
"တောက်... ခွေးမသားလေး"
ကုယွမ်က သူ့ကို ခွေးဟု တတွတ်တွတ် ဆဲဆိုနေသည်ကို တုန်းကွေ့မှာ သည်းမခံနိုင်တော့ဘဲ မျက်နှာတစ်ခုလုံး နီမြန်းလာတော့သည်။ သူသည် ဝုန်းကနဲ ထရပ်လိုက်ပြီး အနီးရှိ ထိုင်ခုံတစ်ခုကို ဆွဲကိုင်ကာ ကုယွမ်၏ ခေါင်းကို ရိုက်နှက်ရန် ပြင်လိုက်သည်။
သို့သော် သူ ထိုင်ခုံကို မြှောက်လိုက်ရုံရှိသေး ကုယွမ်၏ ခြေကန်ချက်က သူ၏ ရင်ဘတ်တည့်တည့်သို့ ရောက်ရှိလာတော့သည်။
ဘုန်း…
တုန်းကွေ့မှာ နောက်သို့ လွင့်စဉ်သွားပြီး သူ၏ ကျောပြင်နှင့် ဦးခေါင်းမှာ နံရံနှင့် အရှိန်ပြင်းစွာ ရိုက်မိသွားတော့သည်။ သူသည် ခေါင်းတရိပ်ရိပ် မူးဝေသွားပြီး ဦးခေါင်းထက်တွင် စိုစွတ်စွတ် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ လက်ဖြင့် စမ်းကြည့်လိုက်သည့်အခါ လက်ဖဝါးတစ်ခုလုံး သွေးများဖြင့် ရဲရဲနီနေ၏။
ကုယွမ်က သူ၏ခြေထောက်ကို အသာအယာ ပြန်ရုပ်လိုက်ပြီးနောက် သူ့ထံသို့ ပြေးဝင်လာသော ဆုန့်အာကို လက်သီးဖြင့် လှမ်းထိုးလိုက်ပြန်သည်။
ဆုန့်အာ၏ မျက်နှာမှာ ခဏချင်းပင် သွေးချင်းချင်းနီသွားပြီး သူ၏ နှာခေါင်းမှာလည်း ရိုက်ထားသည့် မုန့်ပြားကဲ့သို့ မျက်နှာထဲသို့ ကျွံဝင်သွားတော့သည်။ ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် သူသည် စူးရှစွာ အော်ဟစ်လိုက်ပြီး မျက်လုံးများ ပြူးထွက်ကာ သတိလစ်မေ့မြောသွားတော့သည်။
ကုယွမ်က ဆွတ်ဆွတ်ဖြူသော သွားများကို ပေါ်အောင် ပြုံးပြလိုက်ရင်း
"ခင်ဗျားတို့ သဘောတူမှာ မဟုတ်ဘူးဆိုတာ ကျုပ်သိသားပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး... ကျုပ် ကိုယ်တိုင်ပဲ ကူညီပေးပါ့မယ်"
"ကူညီပေးမယ် ဟုတ်လား..."
ခေါင်းမူးဝေနေသော တုန်းကွေ့သည် ရုတ်တရက် အတိတ်နိမိတ်မကောင်းသော ခံစားချက်
တစ်ခုကို ရရှိလိုက်သည်။
"နေပါဦး... မင်း ဘာလုပ်မလို့လဲ"
စကားပြောနေစဉ်မှာပင် သူ၏ ညာလက်က ခါးနောက်ဆီသို့ တဖြည်းဖြည်း ရောက်ရှိသွားပြီး ဓားမြှောင်တိုတစ်စင်းကို စမ်းမိသွားသည်။
သူက ထိုဓားမြှောင်ကို ဆွဲထုတ်ရန် ပြင်လိုက်စဉ်မှာပင် ကုယွမ်က ရိပ်မိသွားပုံရကာ ရှေ့သို့ ခပ်သွက်သွက် လှမ်းလာပြီးနောက် သူ၏ ပါးကို လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်တော့သည်။
ဖြောင်း…
ထိုလက်ဝါးရိုက်ချက်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် အသံကြီးမှာ ဟိန်းထွက်သွားတော့သည်။ ကုယွမ်က အရှိန်အနည်းငယ်မျှ လျှော့မထားသဖြင့် တုန်းကွေ့မှာ ဘေးသို့ လိမ့်ထွက်သွားပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ယိုစီးလာကာ ပါးတစ်ဖက်မှာလည်း သိသိသာသာကြီး ဖူးရောင်တက်လာတော့သည်။
သွေးစများနှင့်အတူ ကျွတ်ထွက်လာသော သွားအချို့မှာလည်း ပါးစပ်ထဲမှ အန်ထွက်လာတော့သည်။
"ဒီလက်ဝါးရိုက်ချက်က ကျုပ်အဖေကို ခင်ဗျားရိုက်ခဲ့တဲ့အတွက်ပဲ။ အခု ကျုပ် ခင်ဗျားကို အတိုးချပြီး ပြန်ပေးဆပ်လိုက်တာ"
ကုယွမ်၏ မျက်နှာမှာ တည်ငြိမ်လွန်းလှသည်။ ဆီမီးခွက်၏ အလင်းရောင်အောက်တွင် သူ၏မျက်ဝန်းများမှာ နက်မှောင်နေပြီး ထိုအေးစက်လှသော တည်ငြိမ်မှုက တုန်းကွေ့အား အစိုးရိမ်ကြီးစွာ ဖြစ်ပေါ်စေကာ အမည်မသိ ကြောက်ရွံ့စိတ်များပင် တဖွားဖွား တိုးဝင်လာစေသည်။
"ဟွတ်... ဟွတ်ဟွတ် နေပါဦး... ခဏစောင့်"
တုန်းကွေ့သည် အကြိမ်အနည်းငယ်မျှ ချောင်းဆိုးလိုက်ပြီးနောက် အလိုအလျောက်ပင် ဆင်ခြေပေးကာ ရှင်းပြတော့သည်။
"ငါလုပ်တာမဟုတ်ဘူး... ဆုန့်အာပါ... သူ... သူကပဲ အရင်လက်ပါခဲ့တာ..."
ဖြောင်း….
စကားပင် မဆုံးသေးမီမှာပင် ကုယွမ်က လက်ကိုမြှောက်၍ နောက်ထပ်တစ်ချက် ထပ်မံရိုက်လိုက်ပြန်ရာ သူ၏ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားတော့သည်။ ကုယွမ်က ဆက်ပြောလိုက်သည်။
"ဒီလက်ဝါးရိုက်ချက်ကတော့ အတိုးပဲ"
"ဘယ်သူလုပ်တယ်ဆိုတာ ကျုပ်အတွက် အရေးမကြီးဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကျုပ်အတွက်တော့ အတူတူပဲ"
ဤရိုက်ချက်အပြီးတွင် တုန်းကွေ့မှာ နောက်ထပ် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြန်သည်။ သူ၏ သွားဖုံးများမှာ လျော့ရဲသွားကာ သွားနှစ်ချောင်းမှာလည်း ကျွတ်ထွက်လာခဲ့ရာ ကုယွမ် မည်မျှအထိ ရက်စက်နေသည်မှာ ထင်ရှားလှသည်။
ဤသို့ပြောပြီးနောက် ကုယွမ်သည် ကြမ်းပြင်ပေါ်ရှိ စားပွဲခြေထောက်တစ်ချောင်းကို ကောက်ကိုင်လိုက်ကာ ရှေ့သို့ လှမ်းတက်လိုက်သည်။ တုန်းကွေ့၏ ဖူးရောင်နေကာ အဆိပ်ပြင်းလှသော မျက်လုံးများကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"ကဲ... အခု တခြားစာရင်းတွေကို ရှင်းဖို့ အချိန်တန်ပြီ"
"ကျုပ်က ခင်ဗျားတို့နဲ့ ဘာရန်ငြိုးမှ မရှိဘူး။ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်က ကျုပ်နောက်ကို တကောက်ကောက်လိုက်၊ စောင့်ကြည့်ရုံတင်မကဘဲ ကျုပ်အိမ်ကိုပါ လာဖျက်ဆီးတယ်။ ကျုပ်အပေါ်မှာ မဟုတ်မမှန် စွပ်စွဲချက်တွေ လုပ်ပြီး ကျုပ်မိသားစုတစ်စုလုံးကို လမ်းပိတ်
အောင် လုပ်ခဲ့တယ်။ ခင်ဗျားတို့က ရိုးသားတဲ့သူကို ဗိုလ်ကျနေတာပဲ"
ကုယွမ်၏ လေသံမှာ အေးစိမ့်လှသော အရှိန်အဝါများ ပါဝင်နေသည်။
"ဒါကြောင့်... ခင်ဗျားရဲ့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ကို ချိုးလိုက်တာက သိပ်ပြီးတော့ မများပါဘူး ဟုတ်တယ်မလား"
"မလုပ်ပါနဲ့... တော်ပါတော့ ချမ်းသာပေးပါ..."
တုန်းကွေ့၏ မျက်နှာမှာ တစ်မဟုတ်ချင်း ပျက်ယွင်းသွားတော့သည်။ ရှေ့တွင် ဖြစ်ပျက်လာတော့မည့် အခြေအနေကို ကြိုတင်သိမြင်သွားသဖြင့် ကြောက်လန့်တကြား ရှောင်တိမ်းရန် ကြိုးစားသော်လည်း ယခုအခါတွင်မူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မခံမရပ်နိုင်အောင် နာကျင်နေပြီး ခေါင်းမူးဝေနေသဖြင့် အင်အားသုံး၍ ပြန်လည်မခုခံနိုင်တော့ချေ။
ကုယွမ်သည် စားပွဲခြေထောက်ကို အားကုန်လွှဲယမ်းလိုက်ကာ တုန်းကွေ့၏ ခြေထောက်ကို မဆိုင်းမတွဘဲ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဂျောက်…
ဂြွတ်…
စူးရှခြောက်ခြားဖွယ်ကောင်းသော အရိုးကျိုးသံနှင့်အတူ တုန်းကွေ့၏ ညာဘက်ခြေထောက်မှာ ပုံပျက်ပန်းပျက်ဖြစ်ကာ လိမ်ကောက်သွားတော့သည်။
"အား"
တုန်းကွေ့၏ အော်ဟစ်သံမှာ နာကျင်မှုတို့ဖြင့် ပြည့်နှက်နေပြီး အလွန်ပင် ရင်နာစရာကောင်းလှသည်။
သို့သော် ကုယွမ်မှာမူ အနည်းငယ်မျှပင် ကရုဏာမသက်ဘဲ လက်ထဲမှ တုတ်ဖြင့် တုန်းကွေ့၏ လက်မောင်းကို ထပ်မံရိုက်ချလိုက်ပြန်သည်။
နောက်ထပ်တစ်ကြိမ် အရိုးကျိုးသံနှင့်အတူ ဖြူဖွေးသော အရိုးစတစ်ခုမှာ တုန်းကွေ့၏ အသားကို ဖောက်ထွက်ကာ အပြင်ဘက်သို့ ပြူးထွက်လာတော့သည်။ တုန်းကွေ့၏ အော်ဟစ်သံမှာ အဆပေါင်းများစွာ ပိုမိုကျယ်လောင်လာပြီး ကုမိသားစုကျေးရွာ၏ တစ်ဝက်ခန့်ကိုပင် လန့်နိုးသွားစေလောက်သည်။
ဤမျှနှင့် မပြီးသေးဘဲ ကုယွမ်သည် ထိုတုတ်ကို ကိုင်စွဲကာ ဆုန့်အာထံသို့ သွားပြန်သည်။
ပြင်းထန်လှသော ရိုက်ချက်နှစ်ချက်အပြီးတွင် ဆုန့်အာမှာလည်း တုန်းကွေ့ကဲ့သို့ပင် အဖြစ်ဆိုးနှင့် ရင်ဆိုင်လိုက်ရတော့သည်။ သူသည် နာကျင်လွန်းသဖြင့် သတိပြန်လည်လာကာ မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေရရှာသည်။
"ခင်ဗျားတို့နှစ်ယောက် အခု ကျုပ်ကို သေလောက်အောင် မုန်းနေကြမယ်ဆိုတာ ကျုပ်သိပါတယ်။ ကျုပ်ကို အရှင်လတ်လတ် အရေခွံခွာပြီး မီးရှို့သတ်ချင်နေကြမှာပဲ"
ကုယွမ်သည် သွေးစများ ပေကျံနေသော တုတ်ကို ဘေးသို့ အသာအယာ ပစ်ချလိုက်သည်။ သူ၏ လေသံမှာ ရေခဲတမျှ အေးစက်လှသည်။
"ဒါပေမဲ့ ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျားတို့ကသာ လက်စားချေဖို့ ကြိုးစားမယ်... ဒါမှမဟုတ် လက်စားချေချင်တဲ့ အရိပ်အယောင်လေး ပြရုံနဲ့တင် နောက်တစ်ကြိမ်ကျရင် ခင်ဗျားတို့ကို ကျုပ် သတ်ပစ်မယ်။ မယုံရင် စမ်းကြည့်လို့ ရတယ်"
သူ၏ စကားလုံးများမှာ ပေါ့ပါးလှသော်လည်း ထိုစကားထဲတွင် ပါဝင်နေသော အေးစက်လှသည့် သတ်ဖြတ်လိုစိတ်ကြောင့် ထိုလူနှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားကာ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အတိုင်းအဆမရှိ တိုးဝင်လာတော့သည်။
ယခင်ကဆိုလျှင် သူတို့နှစ်ဦးစလုံးသည် ကုယွမ်ကို အမှုထားကြမည်မဟုတ်သလို လူငယ်လေးတစ်ဦးက လူသတ်ဝံ့လိမ့်မည်ဟုလည်း ယုံကြည်ကြမည်မဟုတ်ပေ။ သို့သော် ယခုလေးတင် ကြုံတွေ့လိုက်ရသော နာကျင်ဖွယ် သင်ခန်းစာအပြီးတွင်မူ ကုယွမ်၏ စကားများကို သူတို့ အကြွင်းမဲ့ ယုံကြည်သွားကြပြီ ဖြစ်သည်။
ဒီကောင်က တကယ့်လက်ရဲဇက်ရဲသမား။
အထူးသဖြင့် ကုယွမ်သည် သူတို့၏ ခြေလက်များကို အေးအေးဆေးဆေး ချိုးနေစဉ်အတွင်း မည်သည့် စိတ်မသက်မသာဖြစ်မှုမျှ ပြသခြင်းမရှိသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ ရင်ထဲတွင် အေးစိမ့်သော ခံစားချက်ကြီးတစ်ခုမှာ ဟိန်းထွက်လာတော့သည်။
နာကျည်းချက်များဖြင့် ပြည့်နှက်နေသော တုန်းကွေ့မှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်လောက်အောင် ဖြစ်နေရပြီး နောင်တပင် ရမိနေတော့သည်။
သူ တကယ်ကို ကြောက်သွားပြီ ဖြစ်သည်။
ဒီကောင်လေးက ဤမျှအထိ ရက်စက်ပြီး ကိုင်တွယ်ရခက်မှန်းသာ သိခဲ့လျှင် သူ ပြဿနာသွားရှာရဲမည် မဟုတ်ပေ။
အခုတော့ ဘာမှလည်း အဖတ်မတင်ဘဲ ကုယွမ်လက်ထဲမှာ ခြေပျက်လက်ပျက် ဖြစ်သွားတာပဲ အဖတ်တင်တယ်။ လနဲ့ချီပြီး ဒုက္ခရောက်တော့မှာ အသေအချာပဲ။
အခန်း။ ၁၄
ဆုန့်အာကတော့ ကုယွမ်ကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေရင်းမှ တစ်ချက်လှည့်၍ တုန်းကွေ့ကို ကြည့်လိုက်ရာ သူ၏ ရင်ထဲတွင် နာကျည်းမုန်းတီးစိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
သူသည် ကုယွမ်ကို နာကျည်းသလို မုန်းလည်းမုန်းသည်။ အဆုံးတွင်တော့ ကုယွမ်က သူ၏ လက်တစ်ဖက်နှင့် ခြေတစ်ဖက်ကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့ခြင်းပင်။ သို့သော် တုန်းကွေ့အပေါ် ထားရှိသော သူ၏ နာကျည်းချက်က ပို၍ပင် ကြီးမားနေသည်။
ဆုန့်အာ၏ အမြင်တွင် ယနေ့ တုန်းကွေ့သာ သူ့ကို အတင်းအဓမ္မ ခေါ်ဆောင်မသွားခဲ့လျှင် ကုယွမ်၏ဖခင် အဘိုးအိုကုကို မရိုက်နှက်ခဲ့လျှင် ကုယွမ်သည် ဤကဲ့သို့ တံခါးလာခေါက်ပြီး သူ၏ ခြေလက်များ ကျိုးပဲ့သည်အထိ ရိုက်နှက်လိမ့်မည် မဟုတ်ပေ။
တုန်းကွေ့သာ မရှိခဲ့လျှင် ဤကဲ့သို့သော အဖြစ်ဆိုးမျိုးနှင့် သူ ရင်ဆိုင်ရမည် မဟုတ်ပေ။
အခုတော့ တုန်းကွေ့ကြောင့်… ကုယွမ်လို လူမျိုးကိုသွားပြီး ရန်စမိလို့ ဒီလို အကျိုးဆက်ဆိုးကြီးကို ခံစားလိုက်ရတာပဲ။ ဒါတွေအားလုံး တုန်းကွေ့ရဲ့ အပြစ်တွေချည်းပဲ။
ဆုန့်အာ၏ နာကျည်းနေသော မျက်လုံးများမှာ သူထံသို့ ဦးတည်မနေဘဲ တုန်းကွေ့ထံသို့သာ ရောက်ရှိနေသည်ကို သတိပြုမိလိုက်သည့်အခါ ကုယွမ်မှာ အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး ဆုန့်အာကို ကြည့်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေတော့သည်။
"ဒါက ဘယ်လိုဖြစ်တာလဲ။ ရန်သူဖြစ်တဲ့ ငါ့ကို မမုန်းဘဲ သူ့ရဲ့ အစ်ကိုကြီးကို ပြန်ပြီး နာကျည်းနေရတာလား။ ဒါ ဘယ်လို စိတ်ဓာတ်မျိုးပါလိမ့်"
ခဏမျှ စဉ်းစားကြည့်ပြီးနောက် ကုယွမ်၏ နှုတ်ခမ်းထောင့်တွင် အတွေးတစ်ခု ပေါ်လာကာ အခြေအနေကို တဖြည်းဖြည်း နားလည်သဘောပေါက်သွားတော့သည်။
ဆုန့်အာက ငါ့ကို အသာမရနိုင်တဲ့သူလို့ ထင်သွားပြီး အပြစ်အကုန်လုံးကို တုန်းကွေ့ခေါင်းပေါ် ပုံချလိုက်တာပေါ့။ ဟင်း... ဒါကတော့ တကယ့်ကို အဆင့်မြင့်တဲ့ အကွက်ပဲ။
...
ကုယွမ်သည် တုန်းကွေ့၏ ပျက်စီးယိုယွင်းနေသော ဝင်းထဲမှ ထွက်လာသည့်အခါ သူ့အပေါ်သို့ စိုက်ကြည့်နေသော မျက်လုံးပေါင်းများစွာကို ခံစားလိုက်ရသည်။
ကုယွမ် မော့ကြည့်လိုက်သည့်အခါ ထိုသူအများစုမှာ အနီးအနားတွင် နေထိုင်ကြသော ရွာသားများဖြစ်ကြပြီး စောစောက သူဖြစ်ပွားခဲ့သော ဆူညံသံများကြောင့် ရောက်ရှိလာကြခြင်းပင်။
သို့သော် ယခုအချိန်တွင် ထိုလူများ ကုယွမ်ကို ကြည့်နေကြသော ပုံစံမှာ အလွန်ပင် ရှုပ်ထွေးလှသည်။ ထိုမျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု၊ တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ ရောပြွမ်းနေကြသည်။
ကြောက်မက်ဖွယ်ကောင်းလှသော သားရဲကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
ရွာသားများမှာ ရွာထဲတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသော လူမိုက်နှစ်ဦးဖြစ်သည့် တုန်းကွေ့နှင့် ဆုန့်အာတို့အား ကုယွမ်က အလဲအလှဲနှိမ်နင်းနိုင်ရုံမျှမက အော်ဟစ်ငိုယိုရသည်အထိ ပညာပေးနိုင်ခဲ့ခြင်းကို အံ့အားသင့်နေကြပုံပင်။
ကုယွမ်သည် ထိုလူများကို ဂရုမစိုက်ဘဲ အိမ်သို့သာ တည့်တည့်မတ်မတ် လျှောက်လှမ်းလာခဲ့သည်။
အမှန်စင်စစ် သူသည် စောစောက ထိုလူနှစ်ဦးကို အသက်အန္တရာယ်ဖြစ်စေမည့် အဆုံးစီရင်
ချက်မျိုး မလုပ်ခဲ့ခြင်းမှာ မသတ်ရဲ၍ မဟုတ်ဘဲ မဆင်မခြင် မလုပ်လို၍သာ။
လူသတ်မှုဆိုသည်မှာ ယခင်ဘဝမှာဖြစ်စေ ယခုဘဝမှာဖြစ်စေ ကြီးမားသော ကိစ္စရပ်တစ်ခုပင်။
အထူးသဖြင့် လူ့အဖွဲ့အစည်း၏ အောက်ခြေအလွှာမှ လာသူတစ်ဦးအဖို့ ပို၍ပင် သတိထားရပေမည်။
ယခုအခါ သူ့တွင် မိဘများ၊ အိုးအိမ်နှင့် လယ်ယာမြေများအပြင် အိမ်မွေးသားရဲ ပြုစုပျိုးထောင်ရေး စနစ်တစ်ခုလည်း ရှိနေပြီဖြစ်သည်။ သူသာ တစ်လှမ်းချင်း စနစ်တကျ ရှေ့ဆက်သွားမည်ဆိုပါက သူ၏ အနာဂတ်မှာ တောက်ပလင်းလက်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
အကယ်၍ သူသာ လူသတ်မှုကျူးလွန်ခဲ့ပါက အစိုးရက ချက်ချင်းလိုက်လံဖမ်းဆီးပေလိမ့်မည်။ ထိုသို့ဖြစ်ပါက သူကိုယ်သူ ပိုးအိမ်ထဲတွင် ပိတ်လှောင်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။
သို့သော် ဒဏ်ရာရရုံမျှ ပြုလုပ်ခြင်းကမူ ပြစ်မှုအတိုင်းအဆကို အဆပေါင်းများစွာ လျော့ပါးသွားစေသည်။
ထိုမျှသာမက ကုယွမ်သည် လမ်းဘေးလူမိုက်နှစ်ဦးကိုသာ ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ထိုသူတို့ကလည်း သူ၏အိမ်တွင် အရင်လာရောက် ပြဿနာရှာခဲ့ကြသဖြင့် ၎င်းမှာ လက်စားချေမှု သဘောသာ သက်ရောက်သည်။ ကျေးလက်တောရွာသားတို့၏ ရိုးရှင်းသော ကျင့်ဝတ်စံနှုန်းများအရ အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် တုံ့ပြန်ခြင်းနှင့် ပုဂ္ဂိုလ်ရေး ရန်ငြိုးကို ကိုယ်တိုင်ဖြေရှင်းခြင်းမှာ အလွန်ပင် ယုတ္တိတန်လှသည်။
ထို့ကြောင့် ကုယွမ်၏ လုပ်ရပ်မှာ မှားယွင်းသည်ဟု မည်သူမျှ ထင်မြင်ကြမည်မဟုတ်ပေ။
စိမ်းလန်းသောဝါးဂိုဏ်း၏ တတိယမြောက် ဂိုဏ်းချုပ်ကို သတ်ခဲ့ခြင်းမှာ ထိုအချိန်က ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသဖြင့် ပြဿနာများကို ရှောင်လွှဲနိုင်ခဲ့သောကြောင့်ပင်။
ထို့အပြင် ထိုဂိုဏ်းချုပ် သေဆုံးသွားခြင်းက ကုယွမ်အတွက် ပြဿနာအချို့ သယ်ဆောင်လာနိုင်သော်လည်း အနည်းဆုံးတော့ ထိုပြဿနာမှာ သူဖြေရှင်းနိုင်စွမ်းရှိသည့် အတိုင်းအဆအတွင်း၌သာ ရှိနေသေးသည်။
"တုန်းကွေ့နဲ့ ဆုန့်အာကို သတ်ပစ်ဖို့က လွယ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် ပြဿနာမပတ်သက်အောင် လုပ်ဖို့က ခက်တယ်"
အိမ်အပြန်လမ်းတွင် ကုယွမ်သည် တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။
"သူတို့ကို သတ်လိုက်ရင် ငါနဲ့ တိုက်ရိုက်ပတ်သက်နေတာ သိသာရုံတင်မကဘူး။ သူတို့သေသွားတာနဲ့ ငါ့ကို အရင်ဆုံး လာပြီး ဒုက္ခပေးမှာက ချန်အိမ်တော်ပဲ ဖြစ်လိမ့်မယ်"
ဒဏ်ရာရစေခြင်းနှင့် သတ်ဖြတ်ခြင်းကြားတွင် ကြီးမားသော ခြားနားချက်ရှိသည်။
မသတ်ဘဲ ဒဏ်ရာရရုံသာ လုပ်ခြင်းမှာ သူကိုယ်သူ ထိန်းချုပ်နိုင်စွမ်းရှိခြင်းကို ပြသရာရောက်ပြီး ထိန်းချုပ်မှုရှိသည့်နေရာတွင် အားနည်းချက်များလည်း ရှိနေတတ်သည်။
သတ်ဖြတ်ရဲသည်ဆိုပါက အကြောက်တရားကင်းမဲ့မှုကို ပြသခြင်းပင်။ ၎င်းက ပို၍ပင် ခြိမ်းခြောက်မှုဖြစ်စေသည်။
တကယ်လို့ ကုယွမ်က လူသတ်ရဲတယ်ဆိုရင် ချန်ယွင်ကျဲကိုလည်း လက်စားချေရဲမှာပဲ မဟုတ်ဘူးလား။
"ဒီနေ့ခေတ် ဆေးကုသမှု အခြေအနေနဲ့ဆိုရင်တော့ အဲဒီကောင်နှစ်ကောင်က ငါ့လက်ချက်နဲ့ ခြေပျက်လက်ပျက် ဖြစ်သွားပြီးနောက်ပိုင်း ပြန်ကောင်းလာရင်တောင် ဒုက္ခိတတွေ ဖြစ်သွားကြမှာပဲ။ ဒါပေမဲ့ ဝန်ခံရမှာက... အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ ပြန်တုံ့ပြန်လိုက်ရတာ တကယ်ကို ကျေနပ်စရာကောင်းတယ်"
ထိုအချိန်တွင် ကုယွမ်သည် သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်ရာ စိတ်ထဲတွင် များစွာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
"အရိုးနဲ့ ကြွက်သားတွေ ပြန်ကောင်းဖို့ဆိုတာ ရက်ပေါင်းတစ်ရာလောက် ကြာတတ်တာပဲ။ အဲဒီကောင်နှစ်ကောင်ကတော့ အနည်းဆုံး တစ်လ၊ နှစ်လလောက် ငြိမ်ငြိမ်လေး နားနေရတော့မှာပါ။ ပြီးတော့ အားဟွမ်ကလည်း တိတ်တဆိတ် စောင့်ကြည့်နေဦးမှာဆိုတော့ သူတို့ ပြဿနာထပ်ရှာနိုင်မှာ မဟုတ်တော့ဘူး"
"နောင်ရေးအတွက်ကတော့ အခွင့်အရေးရတဲ့အခါကျမှပဲ သူတို့ကို အပြတ်ရှင်းရတော့မယ်..."
တုန်းကွေ့နှင့် ဆုန့်အာတို့သည် ယနေ့ သူ၏အိမ်သို့လာကာ ပြဿနာရှာရုံတင်မကဘဲ ကုယွမ်ကို အပြစ်ဖို့ကာ ချန်အိမ်တော်၏ မျက်နှာသာပေးမှုကို ရယူရန် ခြေလှမ်းသစ်တစ်ခုအဖြစ် အသုံးချဖို့ ကြံစည်ခဲ့ကြခြင်းဖြစ်သည်။ အကယ်၍ ကုယွမ်သာ ယခင်က ကုယွမ်အတိုင်း ဖြစ်နေဦးမည်ဆိုပါက သူ၏မိသားစုမှာ ကြောက်မက်ဖွယ်ကောင်းသော ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရမည်မှာ အမှန်ပင်။
သို့သော်လည်း ကုယွမ်သည် စောစောက သူလုပ်ဆောင်ခဲ့သည်များမှာ စိတ်ကျေနပ်စရာ ကောင်းသော်လည်း တစ်ဖက်တွင်လည်း သူကိုယ်တိုင်အတွက် လျှို့ဝှက်သော ခြိမ်းခြောက်မှုအချို့ ကျန်ရစ်ခဲ့သည်ကို သတိပြုမိသည်။
အနည်းဆုံးတော့ ဤဖြစ်ရပ်ကို အိမ်တော်ထိန်းဝူ သိသွားပါက သံသယတချို့ ဝင်လာနိုင်သည်။
ဒီလို တောင်ပေါ်သား သာမန်အရပ်သားက ဘယ်လိုဖြစ်လို့ ဒီလောက်အထိ သတ္တိကောင်းနေရတာလဲ။ လက်ဆကလည်း ဘာလို့ ဒီလောက်တောင် ပြင်းနေရတာလဲ။
ထိုအကြောင်းအရာတို့မှာ ကုယွမ်၏ မူလအခြေအနေနှင့် အနည်းငယ်မျှပင် အံဝင်ခွင်ကျ မရှိပေ။
"ဒါကြောင့် သိုင်းပညာလေ့ကျင့်ဖို့က တကယ်ကို အရေးတကြီး လိုအပ်နေပြီ။ ငါသာ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ရင် ပြဿနာတွေ တကယ်တက်လာခဲ့ရင်တောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိလာမှာပဲ"
ဤသို့ တွေးတောရင်း ကုယွမ်သည် တုန်းကွေ့ထံမှ သိမ်းဆည်းလာသော ဓားမြှောင်တိုတစ်စင်းကို ထုတ်ယူလိုက်သည်။
ဓားမြှောင်ကို ဓားအိမ်မှဆွဲထုတ်ကာ ပခုံးအမြင့်အထိ မြှောက်လိုက်ရင်း
"ဒီနေ့တော့ မင်းက ငါ့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကို ဖော်ဆောင်ပေးခဲ့တာပဲ။ ဒါကို မင်းအတွက် ဆုလာဘ်အဖြစ် မှတ်ယူလိုက်တော့"
"ကျိ... ကျိ... ကျိ"
သံသွားကြွက် အားဟွမ်သည် ကုယွမ်၏ ပခုံးပေါ်တွင် ခြေနှစ်ဖက်ဖြင့် ဆောင့်ကြောင့်ထိုင်လျက် ဓားမြှောင်ကို စိတ်လှုပ်ရှားစွာ လှမ်းယူလိုက်သည်။ ထို့နောက် ရှေ့ခြေနှစ်ဖက်ဖြင့် ပိုက်ထွေးကာ ပါးစပ်ကို ဟ၍ စတင်ကိုက်ခဲတော့သည်။
ဂြွတ်... ဂြွတ်... ဂြွတ်...
သွားချင်းကြိတ်သံကဲ့သို့ နားမခံသာသော အသံဆန်းကြီးနှင့်အတူ သံမဏိဖြင့် သွန်းလုပ်ထားသော ဓားမြှောင်တိုမှာ သံသွားကြွက်၏ မာကျောလှသော သွားများအောက်တွင် ကြံချောင်းကို ဝါးစားနေသကဲ့သို့ တစ်စစီ ဖြစ်သွားတော့သည်။
ဝါးစားပြီးနောက်တွင်တော့ ၎င်းက ဗိုက်ထဲသို့ အကုန်မြိုချလိုက်တော့သည်။
"ရွှေနဲ့သံကို မုန့်စားသလိုစားတဲ့ မင်းကတော့ တကယ့်ကို ကိုင်တွယ်ရခက်တဲ့ ကောင်လေးပဲ"
ကုယွမ်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။
သံသွားကြွက်က သူ့အတွက် အကျိုးကျေးဇူးများစွာ သယ်ဆောင်လာပေးသော်လည်း တစ်ဖက်တွင်လည်း စိန်ခေါ်မှုအသစ်များက ကပ်ပါလာခဲ့သည်။
ဤထူးဆန်းသော ကြွက်မျိုးစိတ်သည် ကောက်ပဲသီးနှံနှင့် အသားငါးများကို စားသုံးနိုင်သော်လည်း သတ္တုဓာတ်များကိုလည်း မဖြစ်မနေ ကိုက်ခဲစားသောက်ရန် လိုအပ်သည်။ ၎င်းမှာ သံကိုဝါးစားတတ်သည့် မျိုးရိုးဗီဇဗီဇကြောင့်သာမက ယခုအခါ ကြီးထွားမှုအဆင့်တွင် ရောက်ရှိနေသဖြင့် အဆင့်ပြည့်မီရန်အတွက် သံထည်ပစ္စည်းများကို လုံလောက်စွာ စားသုံးပေးရန် လိုအပ်သောကြောင့်ပင်။
ထို့ကြောင့် ကုယွမ်၏ ပခုံးပေါ်တွင် အပိုအသုံးစရိတ်တစ်ခု ထပ်မံတိုးလာခဲ့သည်။
သာမန်သံနှင့် ကြေးနီကဲ့သို့သော ပစ္စည်းများမှာပင် ဈေးနှုန်းမချိုလှသဖြင့် ကုယွမ်အနေဖြင့် ငွေရှာရန်အတွက် ပိုမိုကြိုးစားအားထုတ်ရပေလိမ့်မည်။
...
"အာယွမ်... မင်း ထင်းခုတ်သွားမလို့လား"
"အစ်ကိုယွမ်... ကျွန်တော့်အဖေ မနေ့က တောယုန်တစ်ကောင် ဖမ်းမိတယ်ဗျ။ တော်တော်လေး ဆူဖြိုးတာပဲ။ ဒီည အိမ်မှာ ချက်စားကြမလို့... အစ်ကို့ကိုပါ လာခဲ့ဖို့ ဖိတ်ခိုင်းလိုက်တယ်"
"ရှောင်ယွမ်... မင်း ဒီနှစ်ဆိုရင် ၁၇ နှစ်ရှိပြီ မဟုတ်လား။ ငါ့မှာ အမျိုးထဲက တူမလေးတစ်
ယောက်ရှိတယ်။ ရုပ်ရည်လည်းချော၊ အလုပ်လည်းကြိုးစား၊ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်မှာပါ။ မင်း စိတ်ဝင်စားတယ်ဆိုရင်တော့..."
နောက်တစ်နေ့ နံနက်တွင် ကုယွမ် အပြင်ထွက်လာသည့်အခါ အိမ်နီးချင်းများမှာ သိသိသာသာကြီး ပိုမိုပျူငှါနေကြသည်ကို သူ သတိပြုမိလိုက်သည်။
အချို့က သူ့ကို နှုတ်ဆက်ကြကာ အချို့ကလည်း ရင်းနှီးအောင် ကြိုးစားကြသည်။
အချို့ဆိုလျှင် ပြောင်ပြောင်တင်းတင်းပင် အောင်သွယ်တော်လုပ်ကာ အိမ်ထောင်ရက်သား ချပေးရန်အထိ ကြံစည်နေကြတော့သည်။
အချို့သူများ၏ အကြည့်မှာမူ ယခင်ကထက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထိုအကြည့်များထဲတွင် အံ့သြမှု၊ ရိုသေခန့်ညားမှုနှင့် စူးစမ်းလိုစိတ်တို့ ရောယှက်နေသည်။
ကုယွမ်သည် လူတိုင်းကို ပြုံးပြုံးရွှင်ရွှင်ပင် ပြန်လည်တုံ့ပြန်ခဲ့သော်လည်း မနေ့ညက သူ၏လုပ်ရပ်များမှာ တစ်ရွာလုံးသို့ ပျံ့နှံ့သွားပြီဖြစ်ကြောင်း ရင်ထဲမှ သိနေခဲ့သည်။
ကျေးလက်တောရွာများတွင် ပြင်ပသတင်းများမှာ ရောက်ရှိရန် ခဲယဉ်းသော်လည်း ရွာတွင်း၌ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက တောမီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားတတ်သည်။
တုန်းကွေ့နှင့် ဆုန့်အာကဲ့သို့ လူမျိုးကို ဒုက္ခိတဖြစ်အောင် လုပ်နိုင်ခြင်းက ကုယွမ်တွင် ထူးကဲသော သိုင်းပညာအစွမ်းရှိကြောင်းနှင့် သူ့ကို အလွယ်တကူ ရန်စ၍မရကြောင်း သတိပေးချက်တစ်ခု ဖြစ်သွားခဲ့သည်။
မည်သူမျှ ဤကဲ့သို့သော အိမ်နီးချင်းမျိုးကို ရန်မစလိုကြပေ။ ထို့ပြင် တစ်ချိန်ချိန်တွင် ကုယွမ်၏ အကူအညီ လိုအပ်လာနိုင်သည်ဟု တွေးကာ မျက်နှာသာပေးလိုသူများလည်း ဒုနဲ့ဒေးပင်။
နိမ့်ကျသူကို နင်း၍ မြင့်သူကို ပင့်မတတ်ခြင်းမှာ လူ့သဘာဝပင်။