အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း။ ၁၇
ဝိညာဉ်ဆေးပညာ အနှစ်ချုပ်ကျမ်းအတွင်း၌ အမျိုးမျိုးသော ဝိညာဉ်ဆေးပင်များ၏ အညွှန်းဇယားနှင့် မိတ်ဆက်ချက်များ ပြည့်နှက်နေသည်။
ဤအချက်က ကုယွမ်ကို အတော်ပင် အံ့အားသင့်သွားစေသည်။
"ဒီကျမ်းထဲမှာ ဝိညာဉ်ဆေးပင်တွေအကြောင်းတင်မကဘဲ ဆေးဖော်စပ်ခြင်းနဲ့ လက်နက်သွန်းလုပ်ခြင်းဆိုင်ရာ အခြေခံဗဟုသုတတွေပါ ပါဝင်နေတာပဲ။ ဒါဟာ သာမန်လူတွေတင်မကဘူး။ သိုင်းဆရာတွေအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ။ ကြည့်ရတာ ဒီပစ္စည်းက ဆိုင်ရှင်ရွှီရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေတော့ မဖြစ်နိုင်ဘူး။ သူ ဒါမှမဟုတ် သူ့ဘိုးဘွားတွေက တစ်နေရာရာကနေ မတော်တဆ ရလာခဲ့တာပဲ ဖြစ်ရမယ်"
"ဒါပေမဲ့ အခုတော့ ငါ့အတွက် အသုံးတည့်သွားတာပေါ့..."
သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာတော့သည်။
"ဒီကျမ်းစာသာရှိရင် ငါ ကျောက်စိမ်းအိုးအိမ်တော်ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်လာတဲ့အခါ အများကြီး အထောက်အကူပြုမှာပဲ။ ဆေးပင်ရှာဖွေတဲ့နေရာမှာလည်း တခြားသူတွေထက် အသာစီးရနိုင်တာပေါ့"
သူသည် စာအုပ်ကို အသာအယာ လှန်လှောကြည့်ရှုပြီးနောက် ပိတ်၍ ထွက်ခွာရန် ပြင်လိုက်စဉ် စာမျက်နှာတစ်ခုပေါ်ရှိ ရင်းနှီးနေသော ပုံစံတစ်ခုထံတွင် မျက်လုံးများ ရပ်တန့်သွားသည်။ ထိုပုံစံမှာ ယခင်က ယွမ်မုန့်တောင်တန်း၏ တောင်စောင်းတွင် သူတွေ့မြင်ခဲ့ရသော ထူးခြားသည့် အဝါရောင်နွယ်အပင်များနှင့် တစ်ထေရာတည်း တူညီနေခြင်းပင်။
[နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်အဝါရောင်နွယ်]
[အဆင့် - နဝမအဆင့် ဝိညာဉ်ဆေးပင်]
[သာမန် အဝါရောင်နွယ်ပင်များသည် သက်တမ်းတစ်ခုသို့ ရောက်ရှိသည့်အခါ အဝါရောင်နွယ်ပင်စိုက်ခင်းအဖြစ် ပျံ့နှံ့၍ ပေါက်ရောက်တတ်သည်။ သက်တမ်း နှစ်တစ်ရာကျော်သော အပင်များသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်နှင့် နေလတို့၏ အနှစ်သာရကို စုပ်ယူကာ ဝိညာဉ်ဆေးပင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ၎င်းသည် ယင်ဓာတ်ကို အားဖြည့်ပေးခြင်း၊ ယန်ဓာတ်ကို မျှတစေခြင်းနှင့် အသက်စွမ်းအင်ကို ပြည့်ဝစေခြင်းတို့တွင် အကျိုးကျေးဇူးရှိသည့်အပြင် အချို့သော ဝိညာဉ်ဆေးလုံးများ ဖော်စပ်ရာတွင်လည်း အရန်ဆေးအဖြစ် အသုံးပြုနိုင်သည်။ သက်တမ်း နှစ်ငါးရာကျော်ပါက ခရမ်းရောင်အစင်းကြောင်းများ ပေါ်လာကာ အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင် ဖြစ်လာပြီး ပိုမိုပြင်းထန်သော အာနိသင်များကို ပေးစွမ်းနိုင်သည်]
[သတိပြုရန် - နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်အဝါရောင်နွယ်ပင်သည် ထူးခြားသော ရနံ့တစ်မျိုးကို ထုတ်လွှတ်တတ်ရာ ထိုရနံ့က ကာကွယ်စောင့်ရှောက်သူအဖြစ် ကင်းခြေများအမျိုးအစား မိစ္ဆာအင်းဆက်များကို ဆွဲဆောင်တတ်သည်။ ၎င်းတို့ကို မောင်းထုတ်ရန်အတွက် ကြက်ဖသွေးကို အသုံးပြု၍ ဝေးရာသို့ မျှားခေါ်ရမည်]
"ကြက်ဖသွေးနဲ့ မျှားထုတ်ရမယ် ဟုတ်လား။ ကောင်းလိုက်တာ အခုတော့ အလိုက်သင့်လေး လက်ထဲရောက်လာပြီပဲ"
ကုယွမ်သည် အတိုင်းမသိ ဝမ်းသာသွားတော့သည်။
"ဟိုကင်းခြေများမိစ္ဆာကြီးကို ဘယ်လိုကိုင်တွယ်ရမလဲလို့ စဉ်းစားရခက်နေတာ။ ဒီမှာတင် အဖြေတွေ့တာပဲ"
သူသည် စာအုပ်ပါ မိတ်ဆက်ကို သေသေချာချာ ထပ်မံဖတ်ရှုရင်း နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒီအဘိုးကြီးရွှီက ဒီစာအုပ်ကို ဖတ်ဖူးထားလို့လည်း ငါ့မှာ အဝါရောင်နွယ်ပင်စိုက်ခင်းရှိနေမှန်း ရိပ်မိပြီး ငါ့ကို မျက်စိကျနေခဲ့တာကိုး။ ဟွန့်... ကောင်းကင်ကပေးတဲ့ ဘေးဒုက္ခကို ရှောင်လွှဲလို့ရနိုင်ပေမဲ့ ကိုယ်တိုင်ရှာတဲ့ ဘေးဒုက္ခကတော့ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ဒါမျိုးပဲ"
ကုယွမ် အိမ်ပြန်ရောက်သည့်အချိန်တွင် ကောင်းကင်ယံမှာ လုံးဝမှောင်မိုက်နေကာ အိမ်ရှေ့သို့ ရောက်သည်နှင့် သူ၏ထက်မြက်လှသော အနံ့ခံအာရုံက မရင်းနှီးသော အနံ့နှစ်ခုကို ရရှိလိုက်သည်။
"ငါ့အိမ်ကို တစ်ယောက်ယောက် လာနေတာလား"
ကုယွမ်သည် သတိဝီရိယကို မြှင့်တင်လိုက်သော်လည်း တံခါးကို တွန်းဖွင့်လိုက်သည့်အခါတွင်မူ သူ၏မိဘများအပြင် နောက်ထပ်လူနှစ်ဦးကိုပါ တွေ့လိုက်ရသည်။
တစ်ဦးမှာ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေပြီး မျက်လုံးများ နီမြန်းဖူးရောင်နေသော ပိန်ပိန်ပါးပါးနှင့် သတ်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့် ရှိမည့် ကလေးငယ်တစ်ဦးပင်။
သူတို့မှာ မိခင်နှင့် သားဖြစ်ကြောင်း သိသာလှပြီး သူတို့သည် ရွာထဲမှ မုဆိုးမဆုန့်နှင့် သူ၏သားလေး ဆုန့်ကျုံးတို့ ဖြစ်ကြောင်း ကုယွမ် မှတ်မိလိုက်သည်။
မနှစ်က မုဆိုးမဆုန့်၏ ခင်ပွန်းသည် တောင်ပေါ်သို့ အမဲလိုက်သွားစဉ် မည်သည့်သားရဲနှင့် တွေ့ဆုံခဲ့သည်မသိသော်လည်း ပြန်လည်တွေ့ရှိသည့်အခါ သူ၏ဦးခေါင်းတစ်ဝက်မှာ ပြတ်တောက်နေပြီး ဝမ်းဗိုက်တစ်ခုလုံးမှာလည်း ကလီစာများ မရှိတော့ပေ။
ကံကောင်းသည်မှာ မုဆိုးမဆုန့်တွင် သားတစ်ယောက် ကျန်ရစ်ခဲ့သဖြင့် မျိုးဆက်မပြတ်ခဲ့ခြင်းပင်။ ဘဝက ခက်ခဲလှသော်လည်း မျှော်လင့်ချက်ကလေးတော့ ရှိနေသေးသည်။ သို့သော်လည်း အမျိုးသမီးတစ်ဦးတည်း သားတစ်ယောက်ကို ကျွေးမွေးပြုစုရခြင်းမှာ မည်မျှအထိ ပင်ပန်းဆင်းရဲမည်ကို သူတို့၏ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ဖြူဖျော့ပိန်လှီနေသော မျက်နှာများကို ကြည့်ရုံဖြင့် သိနိုင်သည်။
ကုယွမ်ကို မြင်လိုက်ရသည့်အခါ မုဆိုးမဆုန့်မှာ တစ်ချက်တုံ့ကနဲ ဖြစ်သွားပြီး သိသိသာသာပင် ကြောက်ရွံ့နေပုံပင်။ သူမသည် လက်ထဲတွင် ကိုင်ထားသော အဝတ်အိတ်ကလေးကို ကျောနောက်သို့ အသာအယာ ဝှက်လိုက်ရင်း အားတင်းကာ ပြုံးပြလိုက်သည်။
"ဪ... အာယွမ် ပြန်လာပြီကိုး"
ကုယွမ်က သူမ၏ ထိုအမူအရာကို သတိမထားမိသကဲ့သို့ပင် တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
"နေကောင်းလား ဒေါ်လေး"
"အေး... အေး... ကောင်းပါတယ်"
မုဆိုးမဆုန့်မှာ ခဏမျှ ကြောင်အသွားရသည်။ တစ်ရွာလုံးက ကြောက်နေကြသော ကုယွမ်မှာ ဤမျှအထိ ယဉ်ကျေးပျူငှာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ သူမသည် ဘေးရှိ သားဖြစ်သူ၏ ခေါင်းကို အသာပုတ်လိုက်ရင်း "ဟဲ့... မင်းရဲ့ အစ်ကိုယွမ်ကို နှုတ်ဆက်လိုက်ဦးလေ"
သို့သော် ကလေးငယ်မှာမူ မိခင်ဖြစ်သူ၏ လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏နောက်ကွယ်တွင် ပုန်းအောင်းနေတော့သည်။ သူသည် စကားတစ်ခွန်းမျှ မပြောဝံ့ဘဲ တောက်ပလှသော မျက်လုံးဝိုင်းကြီးများဖြင့်သာ ကုယွမ်ကို အဝတ်စကြားမှ ခိုးကြည့်နေရှာသည်။
"ဒီကလေးကတော့လေ"
မုဆိုးမဆုန့်သည် သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သော်လည်း ဘာမှထပ်မပြောတော့ပေ။ သူမသည် ကုယွမ်၏မိခင်ကို ခေါင်းငုံ့ကာ အကြိမ်ကြိမ် ကျေးဇူးတင်စကားဆိုပြီးနောက် အိမ်ပြင်သို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ထိုသားအမိနှစ်ဦး မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခါမှ ကုယွမ်က သူ၏မိခင်ကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
"အမေ... သူတို့နှစ်ယောက်က ဘာကိစ္စရှိလို့လဲ"
"ဪ... ဆန်လာချေးတာပါအေ"
ကုယွမ်၏မိခင်က သက်ပြင်းတစ်ချက်ချကာ ခေါင်းခါလိုက်သည်။
"ဒီနှစ်က ကောက်ပဲသီးနှံ ထွက်နှုန်းကလည်း မကောင်းဘူးလေ။ မြေငှားခတွေ ပေးပြီးသွားတော့ သူတို့သားအမိအတွက် စားဖို့ သိပ်မကျန်တော့ဘူး။ မနေ့ကဆိုရင် သူတို့အိမ်က ဆန်အိုးထဲမှာ ဆန်က ကုန်သလောက် ဖြစ်နေပြီတဲ့။ ခုနကတော့ ငါတို့အိမ်ရှေ့မှာ ဒူးထောက်ပြီး ဆန်လေး နည်းနည်းပါးပါး ချေးနိုင်မလားလို့ လာတောင်းပန်နေကြတာ။ သူတို့ တစ်ရွာလုံးကို ပတ်ပြီး အကူအညီတောင်းခဲ့ပုံပဲ ငါတို့ဆီကို နောက်ဆုံးမှ ရောက်လာတာ။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်သူ့မှာကော ပိုလျှံနေတဲ့ ဆန်ရှိမှာလဲအေ"
ကုယွမ်က အကျိုးအကြောင်းကို ရိပ်မိသွားသဖြင့် ပြုံးလိုက်ရင်း "ဒါဆို အမေက သူတို့ကို ချေးပေးလိုက်တာပေါ့"
မိခင်ဖြစ်သူ စကားမပြောရသေးမီမှာပင် ဖခင်ဖြစ်သူ ကုတန်ရှန်းက ရယ်မောကာ ဝင်၍ နောက်ပြောင်လိုက်သည်။
"မင်း အမေအကြောင်း မင်း သိသားပဲ။ ပါးစပ်ကသာ စူးစူးဝါးဝါး ပြောတတ်တာ စိတ်ထားကတော့ နုပါတယ်။ သူကတော့ ဒီလို မြင်ကွင်းမျိုးကို ကြည့်မနေနိုင်ဘူးလေ"
ကုယွမ်၏မိခင်က ကုတန်ရှန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ဘာမှပြန်မပြောတော့ဘဲ သက်ပြင်းသာ ရှိုက်မိတော့သည်။
"ငါလည်း ဘာတတ်နိုင်မှာလဲအေ။ အခုလို အေးစိမ့်နေတဲ့ ရာသီမှာ ငါကသာ သူတို့ကို ရက်ရက်စက်စက် လွှတ်လိုက်ရင် အဲဒီသားအမိတွေ ငတ်သေမှာကို ထိုင်ကြည့်နေရတော့မှာလား။ ဒါ့အပြင် ငါ့စိတ်က နုတယ်ဆိုပေမဲ့ လူတော့ ရွေးပါသေးတယ်။ တကယ်လို့သာ ကျေးဇူးကန်းမယ့်သူတွေဆိုရင် ငါ့ဆဲသံနဲ့တင် လွင့်ထွက်သွားကြတာ ကြာလှပြီ။ မုဆိုးမဆုန့်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ သူ့ကို ကူညီပေးလိုက်တာက ကုသိုလ်ရပါတယ်"
လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ခန့်က ကုယွမ်သည် တုန်းကွေ့နှင့် ဆုန့်အာတို့၏ ခြေလက်များကို ရိုက်ချိုးခဲ့ပြီးနောက်ပိုင်းတွင် သူသည် ရွာထဲ၌ အစွန်းအထင်းမခံသောသူအဖြစ် နာမည်ကျော်သွားခဲ့သည်။ ကုယွမ်သည် တောင်ပေါ်တက်ကာ ထင်းခုတ်ပြီး မြို့ထဲသို့သွား၍ ငွေရှာနေသည်ဟူသော ကောလာဟလများကြောင့်လည်း ကုယွမ်၏အိမ်တွင် စားနပ်ရိက္ခာရှိနေခြင်းမှာ ထူးထူးခြားခြား အာရုံစိုက်ခြင်း မခံရတော့ပေ။
မိဘနှစ်ပါးက ကုယွမ်ကို ထမင်းဝိုင်းသို့ ခေါ်ယူကာ နေ့စဉ်လူမှုရေးကိစ္စများကို ပေါ့ပေါ့ပါးပါးပင် ပြောဆိုနေကြသည်။
"ဟင်..."
ကုယွမ်သည် မုဆိုးမဆုန့်သားအမိ ထွက်ခွာသွားရာ လမ်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်
မိသည်။ အပြင်ဘက်တွင် မိုးချုပ်စပြုနေပြီဖြစ်၍ သူတို့၏ အရိပ်အယောင်များမှာ ပျောက်ကွယ်နေပြီဖြစ်သော်လည်း ကုယွမ်၏စိတ်ထဲတွင်မူ တစ်စုံတစ်ရာကို မတင်မကျ ခံစားနေရဆဲပင်။
ခုနက မုဆိုးမဆုန့်နှင့် သားဖြစ်သူတို့သည် ပုန်းအောင်းနေသော သံသွားကြွက် အားဟွမ်၏ ဘေးမှ ဖြတ်သန်းသွားစဉ် အားဟွမ်ထံမှ ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့သည်။ ၎င်းက မိခင်ဖြစ်သူကို ကြောက်နေတာလား သို့မဟုတ် သားဖြစ်သူ ဆုန့်ကျုံးကို ကြောက်နေခြင်းလားဟူသည်မှာမူ သဲသဲကွဲကွဲ မရှိပေ။
တိရစ္ဆာန်များသည် လူသားများထက် အာရုံခံစားမှု ပိုမိုထက်မြက်လေ့ရှိကြသည်။
ကုယွမ်၏ ယခင်ဘဝကပင် အချို့သောနေရာများတွင် ငလျင်မလှုပ်မီ ကြွက်များ၊ ကြောင်များ၊ ခွေးများနှင့် မြွေများသည် ပုံမှန်မဟုတ်သော အခြေအနေကို ကြိုတင်အာရုံခံမိကြပြီး ထူးခြားသော တုံ့ပြန်မှုများ ပြုလုပ်လေ့ရှိကြသည်။
သာမန်ကြွက်များထက် ထူးကဲသော သံသွားကြွက်အဖို့မူ ပြောနေရန်ပင် မလိုတော့ပေ။
တစ်စုံတစ်ရာသော ထူးခြားမှုကို အားဟွမ် အာရုံခံမိသည်ဆိုခြင်းမှာ စိတ်ကူးယဉ်မှုသက်သက် မဖြစ်နိုင်ချေ။
ဤသားအမိနှစ်ဦးတွင် အမှန်တကယ်ပင် တစ်စုံတစ်ရာ ထူးဆန်းမှု ရှိနေသည်မှာ အသေအချာပင်။
...
မုဆိုးမဆုန့် ဆန်လာချေးသည့်ကိစ္စမှာ နောက်ဆုံးတွင်တော့ အသေးအဖွဲ ကိစ္စတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကုယွမ်သည် ဝါးခြင်းတောင်းကို လွယ်ကာ ယွမ်မုန့်တောင်တန်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ဤတစ်ခေါက်တွင်မူ သူသည် ထိုကင်းခြေများမိစ္ဆာကြီးကို အပြတ်ရှင်းရန် ရည်ရွယ်ထားကာ
နာရီဝက်ခန့် ခရီးနှင်ပြီးနောက် ယခင်က ဝိညာဉ်အဝါရောင်နွယ်ဆေးပင်များကို တွေ့ရှိခဲ့သည့် တောင်စောင်းသို့ ကုယွမ် ရောက်ရှိလာခဲ့သည်။
ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်ရင်း မနီးမဝေးရှိ ဝိညာဉ်ဆေးပင်များကို ကုယွမ် လှမ်းကြည့်လိုက်သည်။
ရာသီဥတုမှာ အလွန်အေးမြလှသဖြင့် ဆယ်စုနှစ်ချီ သက်တမ်းရှိသော သာမန်အဝါရောင်နွယ်ပင်များပင် အရွက်များ ဝါဖျော့ကာ ညှိုးနွမ်းနေကြပြီ ဖြစ်သည်။ သို့သော်လည်း ဤဝိညာဉ်ဆေးပင်များမှာမူ မည်သို့မျှ ထိခိုက်ခြင်းမရှိဘဲ စိမ်းလန်းစိုပြည်စွာဖြင့် အားမာန်အပြည့် ရှိနေဆဲပင်
အခန်း။ ၁၈
ဤဝိညာဉ်အဝါရောင်နွယ်ဆေးပင်အနည်းငယ်ကို ကြည့်ရင်း ကုယွမ်၏မျက်ဝန်းများမှာ ရမ္မက်ဇောဖြင့် တောက်ပနေတော့သည်။
မကြာမီမှာပင် သူသည် ကျောက်တုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး အနီးနားတွင် ဓားမကို တူးရွင်းသဖွယ် အသုံးပြုကာ ကျင်းတစ်ကျင်း စတင်တူးတော့သည်။
နာရီဝက်နီးပါးခန့် အားသွန်ခွန်စိုက် တူးလိုက်ရပြီးနောက် လူတစ်ကိုယ်စာ တစ်ဝက်ခန့်နက်သော ကျင်းတစ်ခု ဖြစ်လာသည်။ ကုယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ကောင်းမွန်လှသည်ဆိုစေဦးတော့ ပြင်းထန်သော အားစိုက်မှုကြောင့် သူ၏လက်မောင်းများမှာ ညောင်းညာကိုက်ခဲလာရသည်။
ဤတောင်ပေါ်ရှိ မြေသားမှာ ကျောက်ခဲများနှင့် သစ်မြစ်များ ရောနှောနေသည့်အပြင် အေးခဲနေသဖြင့် သံမဏိကဲ့သို့ မာကျောလှရာ တူးရသည်မှာ အလွန်ပင် ခက်ခဲသည်။
ခဏမျှ အနားယူပြီးနောက် ကုယွမ်သည် ထောင်ချောက်တစ်ခု စတင်ဆင်တော့သည်။
ပထမဦးစွာ ကျောက်တုံးကြီးတစ်တုံးကို ရွှေ့ကာ ကျင်းဝတွင် သစ်ကိုင်းတစ်ကိုင်းဖြင့် ထောက်ထားလိုက်သည်။ ထို့နောက် ထိုသစ်ကိုင်းတွင် ကြိုးအသေးတစ်ချောင်းကို ချည်နှောင်ကာ ဆယ်မီတာကျော်ခန့်ဝေးသော သစ်ပင်တစ်ပင်ဆီသို့ သွယ်တန်းလိုက်သည်။
ကုယွမ်သည် ကြိုးကိုဆွဲလိုက်ပါက ကျောက်တုံးမှာ ကျင်းထဲသို့ ကျသွားမည်ကို သေချာစေရန် စမ်းသပ်ကြည့်လိုက်သည်။ စိတ်တိုင်းကျသွားသည့်အခါမှ စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်တော့သည်။
ထို့နောက် ကုယွမ်သည် သူ၏ဝါးခြင်းတောင်းကို ဖွင့်ကာ တောက်ပသော အမွေးအတောင်များနှင့် နီရဲသော အမောက်ပါရှိသည့် ကြက်ဖကြီးတစ်ကောင်ကို ထုတ်ယူလိုက်သည်။
ကုယွမ်၏ မျက်စိရှေ့တွင် ခရမ်းရောင် စာသားအချို့ ပေါ်လာသည်။
[သင်သည် ကြက်ဖ (အဖြူရောင်အဆင့်) တစ်ကောင်ကို ဖမ်းဆီးရမိထားသည်။ ယဉ်ပါးအောင် မွေးမြူလိုပါသလား]
"မမွေးဘူး"
ကုယွမ်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
သူ့တွင် နောက်ထပ် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို မွေးမြူရန် အစီအစဉ်ရှိသော်လည်း ဤကြက်ဖကြီးကို သူ၏ ဒုတိယမြောက် ဝိညာဉ်သားရဲအဖြစ် အသုံးပြုရန် ရည်ရွယ်ချက်မရှိပေ။
ဒါတင်မကသေးဘူး အခုအချိန်မှာ ငါက ဒီကြက်ဖကို အသုံးချဖို့ လိုနေတာ မဟုတ်လား"
သံသွားကြွက်ထံမှ သံသွားပါရမီကို ရရှိပြီးနောက်ပိုင်း သူ၏ခန္ဓာကိုယ်မှာ အသွင်ပြောင်းလဲလာခဲ့သည်။ ကုယွမ်သည် သူ၏ ဝိညာဉ်သားရဲများကို ထပ်မံမွေးမြူနိုင်စွမ်းရှိလာပြီဖြစ်ကြောင်း သဘောပေါက်ထားခဲ့သည်။
ဤအချက်က ကုယွမ်အား သူယဉ်ပါးအောင် မွေးမြူနိုင်သည့် ဝိညာဉ်သားရဲ အရေအတွက်သည် သူ၏ ခန္ဓာကိုယ် အခြေအနေနှင့် တိုက်ရိုက် ဆက်စပ်နေနိုင်သည်ဟု သံသယဝင်စေသည်။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု ပိုမိုအားကောင်းလာပြီး အနှစ်သာရ၊ ချီစွမ်းအင်နှင့် ဝိညာဉ်ဓာတ်တို့ မြင့်မားလာလေလေ ဝိညာဉ်သားရဲများကို ပိုမိုမွေးမြူနိုင်လေလေပင်။
အဆုံးတွင်တော့ ယခင်က တောင်ကြွက်ကို ယဉ်ပါးအောင် လုပ်စဉ်က သူ၏ ဝိညာဉ်စွမ်းအားသည် ဆန်းကြယ်သော မှော်အဆောင်တစ်ခုအဖြစ် စုစည်းသွားပြီး ကြွက်၏ နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်ကာ အောင်မြင်စွာ မွေးမြူနိုင်ခဲ့ခြင်းပင်။
သို့ဖြစ်၍ ဝိညာဉ်သားရဲများကို ယဉ်ပါးစေခြင်း၏ သော့ချက်မှာ သူ၏ ဝိညာဉ်စွမ်းအား အဆင့်အတန်းပေါ်တွင်သာ မူတည်နေပေလိမ့်မည်။
ယခုအချိန်တွင် ကြက်ဖကြီးမှာ ကုယွမ်၏ ချည်နှောင်ခြင်းကို ခံထားရပြီး ကင်းခြေများမိစ္ဆာကို အချက်ပေးသကဲ့သို့ မဖြစ်စေရန် ၎င်း၏ နှုတ်သီးကိုပါ အဝတ်ဖြင့် တင်းကျပ်စွာ စည်းထားခြင်း ခံထားရသည်။
ထို့နောက် ကုယွမ်သည် ဓားမကို အသုံးပြု၍ ကြက်ဖ၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။
သွေးများ စီးကျလာသည်နှင့်အမျှ ကြက်ဖကြီးမှာ သေမင်းအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိသွားဟန်ဖြင့် အပြင်းအထန် ရုန်းကန်တော့သည်။
ကုယွမ်သည် ၎င်းကို ကျင်းထဲသို့ အမြန်ပစ်ထည့်လိုက်ပြီးနောက် ချုံပုတ်တစ်ခု၏ နောက်တွင် ပုန်းအောင်းကာ ကြိုးအစကို ကိုင်လျက် ငါးစာဟပ်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။
သံသွားကြွက် အားဟွမ်ကိုမူ မတော်တဆမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ပုန်းအောင်းနေဖို့ ကုယွမ်က အမိန့်ပေးထားပြီးသား ဖြစ်သည်။ အကယ်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အားဟွမ်က ချက်ချင်း ကူညီပေးပေလိမ့်မည်။
ကြက်ဖကြီး၏ ပြင်းထန်သော ရုန်းကန်မှုနှင့် ပျံ့နှံ့လာသော သွေးနံ့များကြောင့် ဝိညာဉ်အဝါရောင်နွယ်ဆေးပင်များ၏ အမြစ်များကြားတွင် လှုပ်ရှားမှုအချို့ ရှိလာသည်ကို ကုယွမ် မကြာမီ သတိပြုမိလိုက်သည်။
ကင်းခြေများမိစ္ဆာကြီး နိုးလာပြီ။
၎င်းကို မြင်လိုက်ရသည့်အခါ ကုယွမ်သည် သူ၏ တည်ရှိမှုနှင့် အသံကို လျှော့ချရန် အသက်ကို အောင့်ထားလိုက်သည်။
မကြာမီမှာပင် အရိုးစုတစ်ခု၏ အောက်မှ နှစ်ပေကျော်ခန့် ရှည်လျားပြီး အပြာရောင်တောက်နေသော ကင်းခြေများကြီးတစ်ကောင် ထွက်ပေါ်လာတော့သည်။
၎င်း၏ အစွယ်များမှာ ဓားကဲ့သို့ ထက်မြက်နေပြီး စိမ်းဖန့်ဖန့် အလင်းတန်းများ ထွက်ပေါ်နေကာ ၎င်း၏ အခွံမှာလည်း သတ္တုကဲ့သို့ ပြောင်လက်ကာ မာကျောသည်။ ၎င်း၏အောက်ရှိ ချွန်ထက်သော ခြေထောက်နှစ်တန်းမှာ ချိတ်များအလား မာကျောလှသော ကျောက်မြေပြင်ပေါ်တွင် ခြစ်ရာထင်စေသည်အထိ အေးစက်စက် အလင်းများ လက်နေတော့သည်။
ကင်းခြေများမိစ္ဆာကြီးထံမှ မီးခိုးရောင် မြူခိုးများ ထွက်ပေါ်နေပြီး ၎င်းမှာ အလွန်ပင် အဆိပ်ပြင်းပုံရကာ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းရှိ မြက်ပင်များမှာ ညှိုးနွမ်းမည်းမှောင်သွားပြီး လောင်ကျွမ်းခံရသကဲ့သို့ တရှဲရှဲ အသံများပင် ထွက်ပေါ်နေတော့သည်။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ အဆိပ်ပဲ"
ကုယွမ်သည် မျက်မှောင်ကြုတ်ကာ စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။
"သိုင်းဆရာတစ်ယောက်တောင်မှ ဒီအဆိပ်ရဲ့ အရိပ်အယောင်နဲ့ ထိတွေ့မိရင် အသက်ပျောက်သွားနိုင်လောက်တယ် မဟုတ်လား"
ထို့နောက် ကုယွမ်၏ စောင့်ကြည့်မှုအောက်တွင်ပင် ကင်းခြေများမိစ္ဆာကြီးသည် ရှေ့ပိုင်းခန္ဓာကိုယ်တစ်ဝက်ကို ကြွလိုက်ပြီး အာရုံခံဦးမှင်နှစ်ခုကို လှုပ်ခါယမ်းကာ အနံ့အာရုံဖြင့် အခြေအနေကို ခွဲခြားစူးစမ်းနေပုံပင်။
မကြာမီမှာပင် ၎င်းသည် ကုယွမ် ဆင်ထားသော ထောင်ချောက်ရှိရာသို့ အေးအေးလူလူပင် တွားသွားတော့သည်။
ကျင်းဝသို့ ရောက်ရှိသွားသည့်အခါ အောက်သို့တစ်ချက်ငုံ့ကြည့်ပြီး မည်သို့မျှ တွန့်ဆုတ်မနေဘဲ ကျင်းထဲသို့ ငုပ်လျှိုးကာ ဝင်ရောက်သွားသည်။
"အခုပဲ"
ထိုခဏတွင် ကုယွမ်သည် တုံ့ပြန်ဆောင်ရွက်လိုက်ပြီး ကြိုးကို အရှိန်အဟုန်ဖြင့် ဆွဲလိုက်တော့သည်။
ဘုန်း
ထောက်ကန်ထားသော သစ်ကိုင်းမှာ ပြုတ်ထွက်သွားသည်နှင့်အမျှ ကျောက်တုံးကြီးမှာ ကျင်းထဲသို့ အရှိန်ဖြင့် ကျဆင်းသွားပြီး ဖုန်မှုန့်များ တထောင်းထောင်း ထသွားတော့သည်။
ကုယွမ်သည် စိုစွတ်သောအဝတ်တစ်စကို ထုတ်ယူကာ နှာခေါင်းနှင့်ပါးစပ်ကို စည်းနှောင်လိုက်ပြီး ကျင်းရှိရာသို့ အပြေးအလွှား သွားလိုက်သည်။
သူရှာဖွေထားသော ကျောက်တုံးမှာ ပေါင်တစ်ရာကျော် လေးလံလှသည်။ ဤကင်းခြေများမိစ္ဆာမှာ သာမန်မဟုတ်ဘူးဟု ဆိုသော်ငြား အရှည်နှစ်ပေခန့်နှင့် ကလေးလက်မောင်းခန့်သာ တုတ်ခိုင်သဖြင့် ကျောက်တုံးဖြင့် အဖိခံလိုက်ရပြီးနောက် ချက်ချင်းရုန်းထွက်နိုင်ခြင်း မရှိသေးပေ။
ကျောက်တုံးမှာ ကျင်းဝနှင့် အတော်အတန် အံဝင်ခွင်ကျဖြစ်နေသဖြင့် ၎င်းအဖို့ လွတ်မြောက်ရန် ပိုမိုခက်ခဲသွားစေသည်။
သို့သော်လည်း ထက်မြက်လှသော ခြေထောက်နှစ်တန်းဖြင့် အပြင်းအထန် ရုန်းကန်နေသဖြင့် မြေကြီးများ လွင့်စင်လာပြီး ကျောက်တုံးကြီးမှာလည်း သိသိသာသာ တုန်ခါလာတော့သည်။ ၎င်း၏ ရုန်းကန်နိုင်စွမ်းမှာ အံ့မခန်းပင်။
ကင်းခြေများမိစ္ဆာထံမှ ထွက်ပေါ်လာသော မီးခိုးရောင် မြူခိုးများမှာလည်း ပိုမိုသိပ်သည်းလာပြီး ၎င်းကို ဖိထားသော ကျောက်တုံးပေါ်တွင် တရှဲရှဲ အသံများနှင့်အတူ အစင်းရာများ ထင်ကျန်ရစ်စေတော့သည်။
ကုယွမ်သည် ရှေ့ဆက်လုပ်ဆောင်ရန် အလောတကြီး မလုပ်သေးဘဲ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံပင်။
ခဏမျှ ကြာပြီးနောက် ဝိညာဉ်သားရဲစနစ်ထံမှ ကင်းခြေများမိစ္ဆာကို ဖမ်းဆီးရမိကြောင်း အသိပေးချက် ပေါ်မလာသေးသဖြင့် ကုယွမ်မှာ အနည်းငယ် စိတ်ပျက်သွားရသည်။
"ဒီကင်းခြေများက အချိန်မရွေး ထောင်ချောက်ထဲကနေ ရုန်းထွက်နိုင်နေသေးလို့ ဖမ်းမိတယ်လို့ မသတ်မှတ်တာလား"
"ဒါဆိုရင်တော့..."
ကုယွမ်သည် သူ၏ကျောနောက်မှ ဓားမကို ဆွဲထုတ်လိုက်ပြီး မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။
"ငါသာ သူ့ကို သေလုမျောပါးဖြစ်အောင် ရိုက်နှက်လိုက်ရင်ကော ဘယ်လိုနေမလဲ"
အမှန်စင်စစ် ကုယွမ်သည် ဤကင်းခြေများမိစ္ဆာကြီးကို ယဉ်ပါးအောင် မွေးမြူရန်သာ ရည်ရွယ်ထားခြင်းပင်။
ဤကင်းခြေများမိစ္ဆာမှာ သာမန်မဟုတ်သည်မှာ ထင်ရှားလှပြီး ၎င်းသည် အပြာရောင်အဆင့်သို့မဟုတ် အနီရောင်အဆင့်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်နိုင်သည်ဟု ကုယွမ် ခန့်မှန်းထားသည်။ သာမက ၎င်းသည် အဆင့်မြင့် အနီရောင်အဆင့်ဖြစ်နိုင်ခြေ ပိုများကြောင်း သူ ယူဆထား၏။ အကယ်၍ သူသာ ဤသတ္တဝါကို အမှန်တကယ် ယဉ်ပါးအောင် လုပ်နိုင်ခဲ့ပါက အလွန်အားကိုးရသော လက်ရုံးတစ်ဆူ ဖြစ်လာပေလိမ့်မည်။
ကုယွမ်သည် ဓားမကို မြှောက်ကာ အခွင့်အရေးကို အရယူ၍ အားသွန်ခွန်စိုက် ထုရိုက်ချလိုက်တော့သည်။
ဘုန်း
လေးလံသော အသံကြီးနှင့်အတူ ကုယွမ်၏ ဓားချက်မှာ ကင်းခြေများမိစ္ဆာ၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်သွားသည်။ သံမဏိဖြင့် သွန်းလုပ်ထားသော ဓားမနှင့် ၎င်း၏ အခွံမာတို့ ထိတွေ့မိသည့်အခါ သတ္တုချင်း ထိခိုက်သံ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။ တုံ့ပြန်လာသော အရှိန်ကြောင့် ဓားကို ကိုင်ထားသော ကုယွမ်၏ လက်ပင် ထုံကျဉ်သွားရရာ ဤကင်းခြေများမိစ္ဆာ၏ အခွံက ဘယ်လောက်အထိ မာကျောနေတာလဲဆိုသည်ကို သက်သေပြနေတော့သည်။
ကင်းခြေများမိစ္ဆာ၏ ခန္ဓာကိုယ်မှာ ခဏမျှ တုံ့ကနဲ ဖြစ်သွားပြီး ဦးခေါင်းခွံပေါ်တွင် အက်ကြောင်းအချို့ ထင်ကျန်ရစ်ခဲ့သည်။ ၎င်း၏ ရုန်းကန်မှုမှာ သိသိသာသာ ပိုမိုပြင်းထန်လာပြီး အမြီးကိုလည်း ဘယ်ညာ ယမ်းခါနေတော့သည်။
သို့သော် ၎င်းကို မြင်လိုက်ရသည့်အခါ ကုယွမ်မှာ စိတ်လှုပ်ရှားသွားရသည်။
"တကယ်ပဲ အလုပ်ဖြစ်တာပဲ ကောင်းပြီလေ... ဒီနေ့တော့ မင်းကို အင်အားသုံးပြီး ယဉ်ပါးအောင် လုပ်ရတော့မှာပဲ"
ဤသို့ပြောရင်း သူသည် နောက်ထပ် ဓားတစ်ချက်ကို ထပ်မံ ထုချလိုက်ပြန်သည်။
ဘုန်း…
ကင်းခြေများမိစ္ဆာ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး ၎င်း၏ အင်အားမှာ သိသိသာသာ လျော့ပါးသွားကာ ရုတ်တရက်ဆိုသလို ၎င်း၏ ခန္ဓာကိုယ်ထံမှ ထူထပ်သော မီးခိုးရောင် မြူခိုးများ ထွက်ပေါ်လာပြီး မြှားတစ်စင်းအဖြစ် စုစည်းကာ ကုယွမ်ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာတော့သည်။
"မိစ္ဆာအတတ်"
ကုယွမ်၏ ဦးရေပြားများပင် စိမ့်တက်သွားရပြီး ထိုမြှားကို ရှောင်တိမ်းရန် မြေပြင်ပေါ်တွင် အလျင်အမြန် လှိမ့်ချလိုက်ရသည်။ သို့သော် သူ၏လက်ထဲရှိ ဓားမမှာ ထိုမီးခိုးရောင်မြှားနှင့် အနည်းငယ် ပွတ်တိုက်မိသွားရာ ဓားဦးဖျားပိုင်းမှာ တရှဲရှဲ အသံများနှင့်အတူ အရည်ပျော်ကာ မီးခိုးရောင် သတ္တုရည်များအဖြစ် မြေပြင်ပေါ်သို့ တတောက်တောက်ကျလာတော့သည်။ မြေပြင်မှာလည်း ထိုအရည်များကြောင့် ကျင်းငယ်လေးများအဖြစ် လှိုက်စားခြင်း ခံလိုက်ရ၏။
ထိုမြှားမှာ သူ၏အနောက်ရှိ သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွားရာ ပန်းကန်လုံးခန့် အရွယ်အစားရှိသော အပေါက်ကြီးတစ်ခု ဖြစ်သွားတော့သည်။
ရှဲ... ရှဲ...
မီးခိုးရောင် မြူခိုးများ ပျံ့နှံ့စားပွဲသွားသည်နှင့်အမျှ လူတစ်ကိုယ်စာ တုတ်ခိုင်သော ထိုသစ်ပင်ကြီးမှာ အလယ်မှ ကျိုးပြတ်ကာ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။