← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း။ ၁၉

"ဟား... ဒါက မိစ္ဆာအတတ်ကိုတောင် နိုးကြားနေတာလား"

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ကုယွမ်မှာ မျက်ခုံးလှုပ်သွားရပြီး ရင်ထဲ၌ ထိတ်ကနဲ ဖြစ်သွားသည်။ သူသည် အမြန်ထရပ်ကာ လက်ထဲမှ ဓားမကို ဝှေ့ယမ်း၍ အားကုန်သုံးကာ ထပ်မံထုချလိုက်တော့သည်။

"ဒီအခြေအနေအထိ ရောက်နေတာတောင် မင်းက အခြေအနေမှန်ကို မသိသေးဘူးလား။ အသေခံပြီးတော့ကို အတင်းရုန်းကန်နေဦးမှာလား"

ဤတစ်ကြိမ် ဓားချက်မှာလည်း ကင်းခြေများမိစ္ဆာ၏ ဦးခေါင်းတည့်တည့်သို့ ပြင်းထန်စွာ ကျရောက်သွားပြန်သည်။

ခရက်…..

ကုယွမ်၏ အားပါလှသော ရိုက်ချက်ကြောင့် ကင်းခြေများ၏ ဦးခေါင်းခွံပေါ်တွင် ထင်ရှားသော အက်ကြောင်းကြီးတစ်ခု ပေါ်လာပြီး မီးခိုးစိမ်းရောင် အရည်အချို့ စိမ့်ထွက်လာတော့သည်။

ဦးခေါင်းကို အကြိမ်ကြိမ် အပြင်းအထန် အရိုက်ခံလိုက်ရသဖြင့် ကင်းခြေများမိစ္ဆာမှာ သိသိသာသာပင် အခြေအနေ မဟန်တော့ပေ။ ၎င်း၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး အသက်ရှူသံမှာလည်း အားနည်းလွန်းလှသည်။

သို့သော် ကုယွမ်ကမူ ရပ်တန့်ရန် အစီအစဉ်မရှိသေးပေ။ သူသည် လက်တွေ့ကျကျ အင်အားသုံး၍ ဆက်လက်ယဉ်ပါးအောင် ပြုလုပ်ရန် ပြင်လိုက်စဉ်မှာပင် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်

စနစ်၏ အသိပေးချက်မှာ သူ၏မျက်စိရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာသည်။

[သင်သည် သံကျောကုန်းကင်းခြေများ (အနီရောင်အဆင့်) ကို ဖမ်းဆီးရမိထားသည်။ ယဉ်ပါးအောင် မွေးမြူလိုပါသလား]

ကုယွမ်၏ လှုပ်ရှားမှုများမှာ တုံ့ကနဲ ဖြစ်သွားပြီးနောက် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိတော့သည်။

"နောက်ဆုံးတော့ အောင်အောင်မြင်မြင် ဖမ်းမိသွားပြီပေါ့။ သံကျောကုန်းကင်းခြေများတဲ့လား... တကယ့်ကို လိုက်ဖက်တဲ့ နာမည်ပဲ"

"သဘောတူတယ်"

သူ့နှုတ်မှ ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ကုယွမ်သည် သူ၏ ဝိညာဉ်စွမ်းအားများမှာ အဆက်မပြတ် စုပ်ယူခြင်းခံနေရသည်ကို ခံစားလိုက်ရသည်။ ခဏအကြာတွင် ထိုစွမ်းအားများမှာ ရုပ်ဒြပ်ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်သော ဆန်းကြယ်သည့် မှော်အဆောင်တစ်ခုအဖြစ် စုစည်းသွားပြီး ထူးခြားသော အလင်းတန်းများ တောက်ပလာတော့သည်။

ထို့နောက် အလင်းတစ်ချက် လက်သွားပြီးနောက် ထိုမှော်အဆောင်မှာ သံကျောကုန်းကင်းခြေများ၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားကာ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ကာ ပျောကကွယ်သွားတော့သည်။

အစောပိုင်းက အပြင်းအထန် ရုန်းကန်နေခဲ့သော သံကျောကုန်းကင်းခြေများမှာ မှော်အဆောင်မှာ ၎င်း၏ဦးခေါင်းအတွင်းသို့ စိမ့်ဝင်သွားသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ငြိမ်သက်သွားပြီး မလှုပ်မယှက် ဖြစ်သွားတော့သည်။

ခဏအကြာတွင် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်စနစ်၏ အသိပေးချက်မှာ ထပ်မံပေါ်ပေါက်လာသည်။

[ယဉ်ပါးအောင် မွေးမြူခြင်း အောင်မြင်ပါသည်။ သင်သည် သံကျောကုန်းကင်းခြေများကို အိမ်မွေးတိရစ္ဆာန်အဖြစ် ရရှိလိုက်ပါပြီ]

[သံကျောကုန်းကင်းခြေများ (အနီရောင်အဆင့်)]

[ဖော်ပြချက် - အတော်အတန် ရှားပါးလှသော မိစ္ဆာအင်းဆက်တစ်မျိုးဖြစ်သည်။ ၎င်း၏ ကျောကုန်းအခွံမှာ သံမဏိကဲ့သို့ မာကျောပြီး ထက်မြက်သော ခြေထောက်များမှာ ဓားသွားများနှင့် တူလှသည်။ ၎င်းသည် အဆိပ်ငွေ့များနှင့် အမျိုးမျိုးသော အဆိပ်ရှိပိုးမွှားများကို ဝါးမြိုခြင်းဖြင့် ၎င်း၏ကိုယ်ပိုင် မိစ္ဆာအဆိပ်မြူကို စုစည်းနိုင်သည်။ ထို့ပြင် ရွှေကိုပင် စားသုံးနိုင်ပြီး သံကို အရည်ပျော်စေနိုင်သည့် ပါရမီအစွမ်း အရိုးစားမြှားကိုလည်း ထုတ်ဖော်နိုင်သည်။ လက်ရှိတွင် ကြီးထွားမှုအဆင့်သို့ စတင်ဝင်ရောက်လာပြီဖြစ်ကာ အခြေခံအဆင့် အသိဉာဏ်အချို့ ရှိနေပြီဖြစ်သည်။ ငွေကျောကုန်းကင်းခြေများအဖြစ်သို့ အဆင့်တက်လှမ်းနိုင်ရန်အတွက် အရွယ်ရောက်ပြီးသော သံကျောကုန်းကင်းခြေများအဖြစ် ကြီးထွားလာရန် လိုအပ်ပြီး တာအိုအနှစ်သာရအမှတ် ၅,၆၀၀ ကုန်ကျမည် ဖြစ်သည်]

[အခြေအနေ - ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်]

[အဆင့် - ကြီးထွားမှုအဆင့် (၃၇%)]

[သင်သည် သံကျောကုန်းကင်းခြေများ၏ ပါရမီဖြစ်သော အဆိပ်တစ်ရာဒဏ်ခံနိုင်ရည်အဆင့်မြှင့်တင်မှုကို ရရှိလိုက်ပါပြီ]

ကုယွမ်သည် သူ၏နားထင်ကို လက်ဖြင့် ဖိထားလိုက်မိသည်။ ယခုအချိန်တွင် သူသည် အလွနပင် ပင်ပန်းနွမ်းနယ်နေပြီး ဦးခေါင်းမှာလည်း စူးစူးရှရှ နာကျင်နေ၏။ ဤနာကျင်မှုမှာ ရက်ပေါင်းများစွာ အိပ်ရေးပျက်ခံကာ အလုပ်လုပ်ပြီးနောက် ခံစားရတတ်သည့် ဝေဒနာမျိုးနှင့် တူလှပြီး ယခင်က အားဟွမ်ကို ယဉ်ပါးအောင်လုပ်စဉ်ကထက် ပိုမိုဆိုးရွားနေသည်။

ယခုအချိန်တွင် သူသည် ဘာမှမလုပ်ချင်တော့ဘဲ မြေပြင်ပေါ်တွင် ထိုင်ချကာ အနားယူချင်စိတ် သို့မဟုတ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချင်စိတ်သာ ရှိတော့သည်။

ဤအချက်မှာ သံကျောကုန်းကင်းခြေများကို ယဉ်ပါးအောင်ပြုလုပ်ရန် သူ၏စွမ်းအင် မည်မျှအထိ ကုန်ဆုံးသွားရသည်ကို သက်သေပြနေခြင်းပင်။

ကံကောင်းသည်မှာ သူ အောင်မြင်ခဲ့ခြင်းပင်။

"ဝိညာဉ်သားရဲတွေကို ယဉ်ပါးအောင်လုပ်ဖို့ ဘာလို့ ကန့်သတ်ချက်တွေ ရှိနေရလဲဆိုတာ အခုမှပဲ နားလည်တော့တယ်"

သံသွားပါရမီကို မရခင်တုန်းက ဒုတိယမြောက် ဝိညာဉ်သားရဲကို ဘာလို့ မွေးလို့မရခဲ့တာလဲဆိုတာကို နောက်ဆုံးတော့ ငါ နားလည်သွားပြီ။ တကယ်လို့ ငါသာ ဝိညာဉ်စွမ်းအား အကန့်အသတ်ကို သတိမထားမိဘဲ ဒုတိယသားရဲကို အတင်းအဓမ္မ ယဉ်ပါးအောင် လုပ်ခဲ့မယ်ဆိုရင် ဝိညာဉ်စွမ်းအားတွေ အကုန်ခမ်းခြောက်သွားပြီး မတွေးရဲစရာကောင်းတဲ့ ဒုက္ခတွေ ကြုံရနိုင်တယ်။

ခဏမျှ ငြိမ်သက်စွာ အနားယူပြီးနောက် ကုယွမ်သည် စိတ်ကြည်လင်လာကာ သံကျောကုန်းကင်းခြေများကို လှမ်းကြည့်လိုက်သည်။

သံသွားကြွက် အားဟွမ်နှင့် အလားတူပင် ကုယွမ်သည် ယခုအခါ သံကျောကုန်းကင်းခြေများနှင့် သူ့ကြားတွင် ဆန်းကြယ်သော ဆက်နွှယ်မှုတစ်ခု ရှိနေသည်ကို ခံစားရပြီး စိတ်ကူးလိုက်ရုံမျှဖြင့် ၎င်းကို စေခိုင်းနိုင်စွမ်း ရှိသွားခြင်းပင်။

သို့သော် ဤသံကျောကုန်းကင်းခြေများသည် အနီရောင်အဆင့်ဝိညာဉ်မျိုးစိတ် ဖြစ်သဖြင့် အဆင့်အတန်း ပိုမြင့်မားသော်လည်း အသိဉာဏ်ပိုင်းတွင်မူ အားဟွမ်ကို သိသိသာသာ လိုက်မမီသေးပေ။

ဤသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

ငှက်များနှင့် သားရဲတိရစ္ဆာန်များနှင့် နှိုင်းယှဉ်လျှင် အင်းဆက်ပိုးမွှားများမှာ သဘာဝအရပင် အသိဉာဏ် ပိုမိုနည်းပါးတတ်ကြသည်။

သို့သော်လည်း သံကျောကုန်းကင်းခြေများသည် အသိဉာဏ် နည်းပါးသည်ဆိုစေဦးတော့ ၎င်း၏ အင်အားမှာမူ ကြောက်ခမန်းလိလိပင်။ ၎င်း၏ သံမဏိသဖွယ် အခွံမှာ ဓား၊ လှံ၊ လက်နက်တို့ဖြင့် ထိုးခုတ်၍ မရနိုင်သလို ထက်မြက်လှသော ခြေထောက်နှစ်တန်းမှာလည်း ကြောက်စရာကောင်းသော လက်နက်များ ဖြစ်ကြသည်။ ၎င်းတွင်ရှိသော အရိုးစားမြှားအစွမ်းနှင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် သာမန်သိုင်းဆရာတစ်ဦးပင် ၎င်း၏ ရန်သူတော် မဖြစ်နိုင်ချေ။

ကုယွမ်သည်လည်း ဤအချက်ကို ကောင်းကောင်းသဘောပေါက်သည်။

သူသည် ဤသံကျောကုန်းကင်းခြေများကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့သည်ဆိုသော်ငြား အကယ်၍ ၎င်း၏ အားနည်းချက်ကို အသုံးချကာ ကြိုတင်ထောင်ချောက် မဆင်ခဲ့ဘူးဆိုလျှင် ထိပ်တိုက်ရင်ဆိုင်မှုတွင် ကုယွမ် ဆယ်ယောက်ရှိလျှင်ပင် ဤကင်းခြေများကို အနိုင်ရရန် အခွင့်အရေး လုံးဝရှိမည်မဟုတ်ပေ။

အကြောင်းမှာ ဤကင်းခြေများသည် တိုက်စစ်၊ ခံစစ်အပြင် မှော်အတတ်ပါ တတ်ကျွမ်းနေသောကြောင့်ပင်။

ဤသည်မှာ ကြီးထွားမှုအဆင့်တွင်သာ ရှိသေးခြင်းပင်။ အကယ်၍ အရွယ်ရောက်သွားမည်ဆိုလျှင် ဤသံကျောကုန်းကင်းခြေများမှာ ယခုထက် ပိုမို၍ပင် ကြောက်စရာကောင်းလာပေလိမ့်မည်။

သံကျောကုန်းကင်းခြေများ၏ အဆိပ်တစ်ရာဒဏ်ခံနိုင်ရည်ပါရမီကို ရရှိလိုက်ခြင်းနှင့် ပတ်သက်၍ ကုယွမ်မှာ အံ့အားသင့်သွားသော်လည်း လုံးဝကြီးတော့ မဟုတ်ချေ။

သံကျောကုန်းကင်းခြေများ၏ အချက်အလက်များတွင် ဖော်ပြထားသည်မှာ ၎င်းက အဆိပ်ငွေ့များနှင့် အဆိပ်ရှိပိုးမွှားများကို ဝါးမြိုခြင်းဖြင့် ၎င်းကိုယ်ပိုင် မိစ္ဆာအဆိပ်မြူကို စုစည်းနိုင်ပြီး ရွှေကိုပင် စားနိုင်ပြီး သံကို အရည်ပျော်စေနိုင်သည့် အရိုးစားမြှားအစွမ်းကို ထုတ်ဖော်နိုင်သည်ဟု ပြောထားသည်။

အဆိပ်အမျိုးမျိုးကို ဘေးအန္တရာယ်မရှိဘဲ ဝါးမြိုနိုင်စွမ်းမှာ ၎င်း၏ မွေးရာပါ စွမ်းရည်ပင်။

ထိုမျှသာမက အဆိပ်တစ်ရာဒဏ်ခံနိုင်ရည်ဆိုသည်မှာ လက်တွေ့ဘဝတွင် အလွန်ပင် အသုံးဝင်လှသော စွမ်းရည်တစ်ခုပင်။

သိုင်းလောက၏ လမ်းခရီးသည် အလွန်ပင် ဘေးအန္တရာယ်များလှပြီး လူတစ်ယောက်ကို သတ်ဖြတ်နိုင်သည့် နည်းလမ်းများစွာ ရှိသည်။ လက်သီးနှင့် လက်နက်များကို အသုံးပြုခြင်းက တိုက်ရိုက်အဖြစ်ဆုံးနည်းလမ်းဖြစ်ပြီး အဆိပ်ကို အသုံးပြုခြင်းမှာမူ အကောက်ကျစ်ဆုံး နည်းလမ်းပင်။

သူတို့၏ တစ်သက်တာလုံး ကျော်ကြားထင်ရှားခဲ့သော ဝါရင့်ပုဂ္ဂိုလ်ကြီးအများစုပင်လျှင် နောက်ဆုံးတွင် လှည့်ဖြားခြင်း ခံရကာ အဆိပ်ခတ်ခြင်းကြောင့် ဘဝနိဂုံးချုပ်သွားခဲ့ရသည်မှာ အဆိပ်၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို မီးမောင်းထိုးပြနေခြင်းပင်။

ယခုမူ အဆိပ်တစ်ရာဒဏ်ခံနိုင်ရည်စွမ်းရည်ရှိလာပြီဖြစ်ရာ ကုယွမ်အနေဖြင့် နောင်တွင် အဆိပ်ခတ်ခံရမည်ကို စိုးရိမ်နေရန် မလိုတော့ပေ။

သံကျောကုန်းကင်းခြေများကဲ့သို့သော အဆိပ်ရှိပိုးမွှားများ သို့မဟုတ် ရန်သူများနှင့် ရင်ဆိုင်ရသည့်တိုင်အောင် သူသည် တွန့်ဆုတ်နေရန် သို့မဟုတ် သတိထားနေရန် မလိုတော့ဘဲ ပိုမိုယုံကြည်မှုရှိရှိ ရင်ဆိုင်နိုင်တော့မည်ဖြစ်သည်။

ကျောက်တုံးအောက်တွင် ဖိမိနေပြီး မရုန်းကန်တော့သော သံကျောကုန်းကင်းခြေများကို ကြည့်ရင်း ကုယွမ်က ပြောလိုက်သည်။

"မင်းက တာအိုကျင့်စဉ်အချို့ရှိတဲ့ မိစ္ဆာပိုးကောင်ဖြစ်ပေမဲ့ အဆုံးမှာတော့ ကင်းခြေများတစ်

ကောင်ပဲ မဟုတ်လား။ ဒါကြောင့် မင်းကို ဒီနေ့ကစပြီး အားဝူလို့ပဲ ခေါ်တော့မယ်"

သံကျောကုန်းကင်းခြေများ အားဝူသည် နားလည်သွားဟန်ဖြင့် ၎င်း၏ အာရုံခံဦးမှင်နှစ်ခုကို အသာအယာ လှုပ်ခါပြလိုက်သည်။

ထို့နောက် ကုယွမ်သည် အင်္ကျီလက်ကို မတင်ကာ အားစိုက်၍ အားဝူကို ဖိထားသော ကျောက်တုံးကြီးကို ဖယ်ရှားပေးလိုက်သည်။

အားဝူသည် ကျင်းထဲမှ တွားသွားကာ ထွက်လာပြီးနောက် မြေပြင်ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်နေတော့သည်။ ၎င်းသည် သိသိသာသာပင် နုံးချည့်နေပြီး အရှိန်အဝါမှာလည်း အတော်ပင် အားနည်းသွားသည်။

စောစောက ကုယွမ်၏ ထုနှက်ချက်များမှာ ပြင်းထန်လွန်းသဖြင့် ၎င်းတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့သည်မှာ ထင်ရှားလှသည်။

"စားလိုက်တော့"

ကုယွမ်သည် မည်သည့်အပြစ်ရှိစိတ်မျှ မရှိဘဲ နှစ်သိမ့်သည့်အနေဖြင့် ကျင်းထဲရှိ ကြက်ဖကြီးကို ပစ်ပေးလိုက်သည်။

၎င်းအကြိုက်ဆုံး ကြက်သားကို ရှေ့တွင် မြင်လိုက်ရသည့်အခါ အားဝူမှာ စိတ်အားတက်ကြွလာပြီး ၎င်း၏ ဦးမှင်များကို ဟိုဘက်ဒီဘက် ယမ်းခါကာ ကြက်ဖအလောင်းဆီသို့ အပြေးအလွှား သွားတော့သည်။ ထို့နောက် ၎င်း၏ အဆိပ်စွယ်များဖြင့် အားပါးတရ စတင်စားသောက်တော့သည်။

ထိုအချိန်တွင် အနီးအနား၌ ပုန်းအောင်းနေသော သံသွားကြွက် အားဟွမ်သည်လည်း ခုန်ထွက်လာသည်။ ၎င်း၏ တောက်ပသော မျက်လုံးလေးများမှာ ဟိုရွှေ့ဒီရွှေ့ဖြင့် အားဝူကို စူးစမ်းလိုစိတ် တစ်ဖက်တွင်လည်း ကြောက်ရွံ့စိတ်အချို့ဖြင့် အကဲခတ်နေတော့သည်။

အားဝူကမူ ၎င်းကို အရေးမစိုက်ဘဲ ကြက်သားကိုသာ အာရုံစိုက်၍ ဆက်လက်ဝါးမြိုနေခဲ့သည်။

ကုယွမ်သည် ထိုအကောင်ငယ်လေးနှစ်ကောင်ကို ၎င်းတို့ဘာသာ ထားရစ်ခဲ့ပြီး မနီးမဝေးရှိ ဝိညာဉ်အဝါရောင်နွယ်ဆေးပင်များဆီသို့ အကြည့်ကို လွှဲလိုက်သည်။

သူသည် ဤဝိညာဉ်ဆေးပင်များကို ရရှိရန် ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ စောင့်စားခဲ့ရခြင်းပင်။ ယခုမူ နောက်ဆုံးတွင်တော့ သူ ခူးဆည်းနိုင်ခွင့် ရရှိခဲ့ခြင်းပင်။

စောင့်ကြပ်နေသည့် အားဝူ၏ တားဆီးမှု မရှိတော့သဖြင့် ကုယွမ်သည် ဝိညာဉ်ဆေးပင်များ၏ ရှေ့သို့ အလွယ်တကူ ရောက်ရှိသွားကာ ဂရုတစိုက် လေ့လာကြည့်လိုက်သည်။

စုစုပေါင်း ဝိညာဉ်အဝါရောင်နွယ် အပင်လေးပင် ရှိနေပြီး တစ်ပင်ချင်းစီမှာ စိမ်းလန်းစိုပြည်ကာ အသက်စွမ်းအားများ ပြည့်ဝနေကြသည်။

၎င်းတို့အထဲတွင် အလယ်ဗဟို၌ရှိသော အပင်မှာ အထူးခြားဆုံးပင်။

ကျန်ရှိသော သုံးပင်၏ ပင်စည်နှင့် အရွက်များမှာ စိမ်းဖန့်ဖန့် အရောင်ရှိသော်လည်း ဤအပင်၏ ပင်စည်နှင့် အရွက်များမှာမူ မှိန်ဖျဖျ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး မျက်နှာပြင်ပေါ်တွင်လည်း ဖြူလွလွ မြူခိုးစအချို့မှာ ဝေ့ဝဲကာ ယှက်နွယ်နေကြသည်။

အခန်း။ ၂၀

ကုယွမ်သည် မနေ့က ဝိညာဉ်ဆေးပညာ အနှစ်ချုပ်ကျမ်းထဲတွင် ဖတ်ခဲ့ရသည့် ဝိညာဉ်အဝါရောင်နွယ်ဆေးပင်၏ ဖော်ပြချက်ကို ချက်ချင်းပင် ပြန်အမှတ်ရသွားသည်။

နှစ်တစ်ရာ သက်တမ်းကျော်လွန်ပြီးနောက် အဝါရောင်နွယ်ပင်သည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များနှင့် နေလတို့၏ အနှစ်သာရကို စုပ်ယူကာ ဝိညာဉ်ဆေးပင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ယင်ဓာတ်ကို အားဖြည့်ပေးခြင်း၊ ယန်ဓာတ်ကို မျှတစေခြင်းနှင့် အနှစ်သာရစွမ်းအင်တို့ကို ပြည့်ဝစေခြင်းတို့တွင် အသုံးဝင်ပြီး အချို့သော ဝိညာဉ်ဆေးလုံးများအတွက် အရန်ဆေးအဖြစ် အသုံးပြုနိုင်သည်။ သက်တမ်း နှစ်ငါးရာ ပြည့်သောအခါတွင်မူ အဝါရောင်နွယ်ပင်၌ ခရမ်းရောင်အစင်းကြောင်းများ ပေါ်လာပြီး အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင် ဖြစ်လာကာ ပိုမိုပြင်းထန်သော အာနိသင်များကို ပေးစွမ်းနိုင်သည်။

"ဒါဆိုရင် ဒီအဝါရောင်နွယ်ပင်က သက်တမ်း နှစ်ငါးရာ ရှိနေပြီဖြစ်တဲ့ အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင် ဖြစ်နေပြီပေါ့"

ကုယွမ်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး စိတ်ထဲမှ ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာသည်။

အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်၏ တန်ဖိုးကို သူ အတိအကျ မသိသေးသော်လည်း နဝမအဆင့် ဝိညာဉ်ဆေးပင် တစ်ပင်တည်းနှင့်ပင် ကျောက်စိမ်းအိုးအိမ်တော်တွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုခံရနိုင်ပြီး သိုင်းပညာကျမ်းတစ်စောင်ကို အခမဲ့ ရရှိနိုင်သည်။

သို့ဆိုလျှင် အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်၏ တန်ဖိုးမှာ ပြောနေရန်ပင် မလိုတော့ဘဲ ပိုမိုမြင့်မားမည်မှာ အသေအချာပင်။ သူ၏ရှေ့မှ ဝိညာဉ်အဝါရောင်နွယ် ဆေးပင်များမှာ မည်သူမဆို မနာလိုဖြစ်စေလောက်သည့် ရတနာပုံကြီးပင်။

"ကျောက်စိမ်းအိုးအိမ်တော်မှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်လာဖို့ဆိုရင် နဝမအဆင့် အဝါရောင်နွယ်ပင် တစ်ပင်တည်းနဲ့တင် လုံလောက်ပြီ။ ကျန်တဲ့ နဝမအဆင့် နှစ်ပင်နဲ့ အဋ္ဌမအဆင့် တစ်ပင်အကြောင်းကိုတော့ လုံးဝ အသိမပေးလို့ မဖြစ်ဘူး မဟုတ်ရင်တော့ ငါ့အတွက် ဘေးဒုက္ခ အကြီးအကျယ် ကျရောက်လာလိမ့်မယ်"

ကုယွမ်သည် စိတ်ထဲမှ အစီအစဉ်တစ်ခု ဆွဲလိုက်သည်။

"ဒါ့အပြင် ကျန်တဲ့ ဝိညာဉ်ဆေးပင် သုံးပင်က ငါ သိုင်းပညာ စတင်လေ့ကျင့်တဲ့အခါမှာလည်း အသုံးတည့်ဦးမှာပဲ"

ထိုအချိန်တွင် ကြက်သားကို အားပါးတရ စားသောက်ပြီးသွားသော အားဝူသည် ဖြည်းညှင်းစွာ တွားသွားကာ ရောက်ရှိလာသည်။ ၎င်းသည် ဝိညာဉ်ဆေးပင်များ၏ အမြစ်များရှိရာသို့ တွားဝင်သွားပြီး ခန္ဓာကိုယ်ကို အဝိုင်းလိုက် ခွေထားကာ မလှုပ်မယှက် အနားယူနေတော့သည်။

"ဟင်... သူက ဒီဝိညာဉ်ဆေးပင်တွေက ထွက်လာတဲ့ ဝိညာဉ်စွမ်းအင်ကို သုံးပြီး သူ့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ ကြံနေတာလား"

၎င်းကို မြင်လိုက်ရသည့်အခါ ကုယွမ်က ချက်ချင်းပင် ရိပ်မိသွားသည်။

"ဒီကောင် အားဝူက တော်တော်လေး ဉာဏ်ကောင်းတာပဲ။ မဟုတ်ဘူး... ဉာဏ်ကောင်းတာထက် ဒီလိုလုပ်တာက သူ့အတွက် အကျိုးရှိတယ်ဆိုတာကို သူ့ရဲ့ ဗီဇအသိစိတ်အရ ခံစားမိနေတာ ဖြစ်ရမယ်"

ကုယွမ်သည် ၎င်းကို တားဆီးခြင်း မပြုခဲ့ပေ။ အဆုံးတွင်တော့ ဤနေရာသည် မူလကတည်းက အားဝူ၏ အသိုက်အမြုံဖြစ်ပြီး သူကသာ ပြင်ပလူဖြစ်နေခြင်းပင်။ ၎င်းအပြင် အားဝူ ဒဏ်ရာရနေချိန်တွင် ၎င်းအမြန်ဆုံး ပြန်လည်ကျန်းမာလာလေလေ ကုယွမ်အတွက် အကျိုးရှိလေလေ ဖြစ်သည်။

"အားဝူသာ ဒဏ်ရာပျောက်သွားရင် အားဟွမ်ရော အားဝူပါ ငါ့ရဲ့လက်ရုံးတွေ ဖြစ်လာမှာပဲ။ အဲဒီအခါကျရင် သာမန်သိုင်းဆရာတစ်ယောက်က ငါ့ကို အန္တရာယ်ပေးနိုင်ဖို့ ခက်သွားပြီ"

ကုယွမ်သည် ခေါင်းမော့ကာ ဝိညာဉ်အဝါရောင်နွယ်ဆေးပင်များကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်ရင်း

"ဒါပေမဲ့ အားဟွမ်နဲ့ အားဝူက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ။ ဒါတွေက ပြင်ပအားအင်တွေပဲ။ ငါ့ရဲ့ ကိုယ်ပိုင်အစွမ်း မဟုတ်ဘူး။ အရေးကြီးတဲ့ အချိန်မျိုးမှာ သူတို့ကိုပဲ အားကိုးနေလို့ မရဘူး။ ကိုယ်တိုင် သိုင်းပညာကို တတ်မြောက်ထားမှသာ အစိတ်ချရဆုံးဖြစ်ပြီး ဘယ်သူမှ လုယူလို့မရမှာ"

ချက်ချင်းပင် ကုယွမ်သည် ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များကို စတင်ရှင်းလင်းတော့သည်။

သူသည် ကျောက်စိမ်းအိုးအိမ်တော်တွင် သိုင်းပညာကျမ်းနှင့် လဲလှယ်ရန် ဝိညာဉ်အဝါရောင်နွယ် ဆေးပင်တစ်ပင်ကို တူးထုတ်ရန် ပြင်ဆင်လိုက်သည်။ အထူးသဖြင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော လူနှင့် တိရစ္ဆာန် အရိုးစုများမှာ ကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်စရာ ကောင်းလှသဖြင့် ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သို့သော် ကုယွမ်သည် လူအရိုးစုကို ဖယ်ရှားနေစဉ် ထူးခြားသောအချက်တစ်ခုကို သတိပြုမိလိုက်သည်။

ဤအရိုးစု၏ အဆစ်အမြစ်များမှာ တုတ်ခိုင်လှရာ ၎င်းသည် အသက်ရှင်စဉ်က သန်မာထွားကြိုင်းသူတစ်ဦး ဖြစ်ခဲ့ပုံပင်။ အဓိကအချက်မှာ အရိုးစု၏ဘေးတွင် သံချေးတက်နေသော ဓားရှည်တစ်လက်နှင့် ဆေးတူးရွင်းတစ်ချောင်း ရှိနေပြီး မနီးမဝေးတွင်လည်း ဆွေးမြည့်နေသော ဆေးခြင်းတောင်းတစ်ခု ရှိနေခြင်းပင်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤအရိုးစုမှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်

နိုင်ပြီး အသက်ရှင်စဉ်က သာမန်လူတစ်ယောက်တော့ မဖြစ်နိုင်ချေ။

ကုယွမ်က အကဲခတ်ကြည့်ရင်း တွေးတောမိသည်။

"ဒီလူက ဒီဝိညာဉ်ဆေးပင်တွေကို ရှာတွေ့လို့ တူးဖို့ကြိုးစားရင်း အားဝူရဲ့ တိုက်ခိုက်မှုကို ခံရပြီး ဒီတောထဲမှာတင် အသက်ပျောက်သွားခဲ့တာ ထင်တယ်"

သူသည် ထိုဓားရှည်ကို ကောက်ယူကာ အသာအယာ ဝှေ့ယမ်းကြည့်လိုက်ရာ နှစ်ပေါင်းများစွာ နေဒဏ်၊ လေဒဏ်၊ မိုးဒဏ် ခံထားရသဖြင့် သံချေးများ အထပ်ထပ် တက်နေသော်လည်း ဓားသွားပေါ်တွင် မြင်နေရသော အစင်းကြောင်းများကို တွေ့လိုက်ရသည်။ သံချေးမတက်ဘဲ ကျန်ရှိနေသော ဓားသွားအပိုင်းအစအချို့မှာမူ ယခုတိုင် အေးစက်စက် အလင်းတန်းများ လက်နေဆဲပင်။

ဒီလောက်အထိ ခံနိုင်ရည်ရှိနေပုံထောက်ရင် ဒါဟာ သာမန်သန့်စင်ထားတဲ့ သံမဏိတော့ မဟုတ်ဘူး။

"ဒါဟာ အဆင့်မြင့် သံမဏိနဲ့ သွန်းလုပ်ထားတာလား။ ဒီလိုလက်နက်မျိုး ကိုင်ဆောင်နိုင်

တယ်ဆိုရင် ဒီလူက အသက်ရှိစဉ်က အဆင့်မြင့်သိုင်းဆရာတစ်ယောက် ဖြစ်ခဲ့မှာပဲ..."

ကုယွမ်သည် စိတ်ဝင်တစား ဖြစ်သွားမိသည်။ ဘေးနားမှာ အရသာခံကြည့်ချင်နေသည့် အားဟွမ်ဆီသို့ ထိုဓားရှည်ကို ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်ပြီးနောက် သူသည် ခါးကုန်းကာ ဆက်လက်ရှာဖွေတော့သည်။

အတော်ကြာ ရှာဖွေပြီးနောက်တွင်မူ ဆွေးမြည့်နေသော အဝတ်အစားစုတ်များကြားမှ ထူးဆန်းသော အဝါဖျော့ရောင် အဝတ်စတစ်ခုကို မထင်မှတ်ဘဲ တွေ့ရှိလိုက်ရသည်။

၎င်းမှာ တစ်ပေပတ်လည်ခန့် ရှိသော်လည်း ပေါ့ပါးကာ နူးညံ့၏။ ဤအရာကို အဝတ်အစား၏ ထောင့်တစ်နေရာတွင် လုံခြုံစွာ ချုပ်လုပ်၍ ထည့်သွင်းထားခဲ့ပုံပင်။

[တာအိုအနှစ်သာရအမှတ် +၅၆]

ဤအရာကို ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်စနစ်ထံမှ အသိပေးချက်တစ်ခု ရရှိလိုက်ပြီး တာအိုအနှစ်သာရအမှတ် ၅၆ မှတ် တိုးလာသဖြင့် ဤပစ္စည်းမှာ သာမန်မဟုတ်ကြောင်း ကုယွမ် ချက်ချင်းရိပ်မိသွားသည်။

ဤအဝတ်စကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို အသေအချာမသိရသော်လည်း နှစ်ပေါင်းများစွာ နေဒဏ်လေဒဏ်ကြားတွင်ပင် ဆွေးမြည့်ခြင်း လုံးဝမရှိပေ။ ကုယွမ်က အသာအယာ ခါယမ်းလိုက်ရုံဖြင့် ကပ်ငြိနေသော ဖုန်မှုန့်နှင့် အညစ်အကြေးများမှာ အကုန်အစင် ကွာကျသွားပြီး အဝတ်စပေါ်တွင် မှတ်တမ်းတင်ထားသည်များကို တွေ့လိုက်ရသည်။

"ဟင်... ဒါက..."

ပထမဆုံး တစ်ချက်ကြည့်လိုက်ရုံဖြင့် အပေါ်ဆုံးတွင် ရေးထွင်းထားသော စာလုံးအသေးလေးများကို ကုယွမ် မြင်လိုက်ရသည်။

"ရွှေမြွေ ဝိညာဉ်စွမ်းအင်ဝါးမြိုခြင်းကျင့်စဉ်"

"သိုင်းပညာကျမ်းတစ်စောင်လား"

သူသည် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

တကယ့်ကို တိုက်ဆိုင်လွန်းလှသည်။ သူအသည်းအသန် လိုချင်တောင့်တနေပြီး နည်းမျိုးစုံဖြင့် ရှာဖွေနေခဲ့သော အရာမှာ ကျောက်စိမ်းအိုးအိမ်တော်တွင် မဟုတ်ဘဲ ဤတောင်တန်းကြီးထဲ၌ အလွယ်တကူပင် ရရှိသွားခဲ့သည်။

ကုယွမ်သည် ဤကဲ့သို့ ကံကြမ္မာ၏ အလှည့်အပြောင်းကို တွေးတောမိရင်း ရယ်ချင်မိသွားသည်။

သူသည် ထိုအဝတ်စကို အနီးကပ် သေချာစွာ စစ်ဆေးကြည့်လိုက်သည့်အခါ ကျင့်စဉ်နှင့် နည်းစနစ်များသာမက စိတ်ကူးပုံဖော်ခြင်းဆိုင်ရာ သရုပ်ဖော်ပုံများပါ ပါဝင်နေသည်ကို တွေ့ရသည်။

လက်ရေးလက်သားမှာ ကျော့ရှင်းပြီး သက်ဝင်လှုပ်ရှားနေကာ ပျံသန်းနေသော ငှက်တစ်

ကောင်ကဲ့သို့ အရှိန်အဟုန်ပြင်းလှသည်။ ဖော်ပြ၍မရနိုင်သော အရှိန်အဝါတစ်ခု ကိန်းအောင်းနေသဖြင့် တစ်ချက်ကြည့်ရုံမျှဖြင့် စွဲထင်သွားစေသည်။ ဤကျမ်းကို ရေးသားသူသည် ထူးကဲသော ခွန်အားရှိရုံသာမက လက်ရေးအလှပညာရှင်တစ်ဦးလည်း ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ရသည်။

သို့သော် ကျင့်စဉ်၏ ပါဝင်သောအကြောင်းအရာများမှာ အတော်ပင် နက်နဲခက်ခဲပြီး ကျင့်ကြံခြင်းဆိုင်ရာ ဝေါဟာရများစွာ ပါဝင်နေသဖြင့် နားလည်ရန် ခဲယဉ်းလှသည်။ သာမက စိတ်ကူးပုံဖော်ခြင်းပုံရိပ်တွင် လူပုံမဟုတ်ဘဲ မြွေတစ်ကောင်၏ ပုံကို သရုပ်ဖော်ထားသည်။ ၎င်းမှာ ရွှေရောင်အကြေးခွံများဖြင့် တောက်ပနေပြီး သက်ဝင်လှုပ်ရှားနေသော မြွေကြီးတစ်ကောင်ပင်။

ကုယွမ်သည် ထိုပုံကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရွှေရောင်မြွေကြီးမှာ အသက်ဝင်လာပြီး ပါးစပ်ကို ဟကာ ဝါးမြိုတော့မည့်အလား ခက်ထန်သော အရှိန်အဝါများက သူ၏ရှေ့သို့ တိုးဝင်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားရသည်။

သို့သော် တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ၌ ပုံရိပ်အချို့ ရုတ်တရက် ပေါ်ပေါက်လာပြီး လူတစ်ယောက်က လက်သီးကျင့်စဉ် လှုပ်ရှားမှုအချို့ကို ကပြနေသည်ကို မြင်ယောင်လာသည်။

အောက်ခြေတွင်လည်း မိတ်ဆက်စာသားအချို့ ပါရှိရာ ဤသိုင်းပညာသည် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးက တောင်တန်းများကြားတွင် လမင်းအောက်၌ အသက်ရှူသွင်း၊ ရှူထုတ်လုပ်နေသော ရွှေရောင်မြွေကြီးတစ်ကောင်ကို လေ့လာကြည့်ရှုရာမှ စိတ်ကူးရကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ပြောထားသည်။

ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်သားရဲများတွင် ၎င်းတို့၏ ကိုယ်ပိုင်ထူးခြားချက်များ ရှိကြပြီး၊ ဤရွှေရောင်မြွေကြီးမှာမူ အလွန်သန်မာသော ခန္ဓာကိုယ်ရှိသည့်အပြင် မွေးရာပါ နတ်

ဘုရားအတတ်များ ရှိသည့် ရှားပါးမျိုးစိတ်တစ်ခု ဖြစ်သည်။

ဤသိုင်းပညာသည် ရွှေမြွေ၏ ဝိညာဉ်ဓာတ်နှင့် အနှစ်သာရကို အတုယူထားခြင်းဖြစ်ပြီး အရေပြားနှင့် ကြွက်သား၊ အရိုးတို့ကို ပွတ်တိုက်သန့်စင်ခြင်းမှသည် အတွင်းအင်္ဂါများကို သန့်စင်ခြင်း၊ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနှင့် သွေးလဲလှယ်ခြင်းအထိ ပါဝင်သည်။ ၎င်းသည် မွေးရာပါ သိုင်းပရာဇာအဆင့်၏ ပြီးပြည့်စုံခြင်းအထိ တိုက်ရိုက်ဦးတည်နိုင်သော အဆင့်

မြင့်သိုင်းပညာတစ်ခုပင်။

"အဆင့်မြင့်သိုင်းပညာ ဟုတ်လား"

ကုယွမ်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်မိသည်။ အဆင့်မြင့်သိုင်းပညာ ရှိသည်ဆိုလျှင် အောက်တန်းစား သိုင်းပညာနှင့် ထိပ်တန်းသိုင်းပညာများလည်း ရှိဦးမည်ပင်။ သူသည် သိုင်းပညာကျင့်ကြံခြင်းနှင့် ပတ်သက်၍ များများစားစား မသိသော်လည်း သူယခုရရှိထားသည်မှာ ထူးကဲလှသော သိုင်းကျမ်းတစ်စောင်ဖြစ်ကြောင်း ခံစားနေရသည်။

ထိုမျှသာမက အရေပြား၊ ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါသန့်စင်ခြင်း၊ ရိုးတွင်းခြင်ဆီဆေးကြောခြင်း၊ သွေးလဲလှယ်ခြင်း စသည့် အဆင့်ဆင့်သော သိုင်းပညာဗဟုသုတများက ကုယွမ်ကို လေးလေးနက်နက် တွေးတောမိစေသည်။

ရွှေမြွေ ဝိညာဉ်စွမ်းအင်ဝါးမြိုခြင်းကျင့်စဉ်ကို သူ၏ရင်ဘတ်အတွင်း၌ ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် ကုယွမ်သည် ဝိညာဉ်အဝါရောင်နွယ်ဆေးပင်ကို အမြစ်မပြတ်စေရန် သေချာစွာ တူးထုတ်လိုက်တော့သည်။

အဆင့်မြင့်သိုင်းကျမ်းကို ရရှိထားပြီဖြစ်သော်လည်း ကျောက်စိမ်းအိုးအိမ်တော်၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်လာမည့် အခွင့်အရေးကိုမူ ကုယွမ် လုံးဝလက်လွှတ်ရန် အစီအစဉ်မရှိပေ။

All Chapters