သနားစရာ
Vol. 2 Ch. 21
ဆေးသိုလှောင်ခန်းမှာ ကြီးမားလှသလို အထဲတွင် သပ်သပ်ရပ်ရပ် ရှိနေ၏။ သေသေသပ်သပ် ဖွဲ့စည်းထားသည့် စင်ကြီးစင်ငယ်များထဲတွင် ဆေးအမျိုးအစား အစုံအလင်အား အသေအချာ ခွဲခြားထည့်ထားလေ၏။
အတွင်းပိုင်း ခပ်လှမ်းလှမ်းတွင် အခန်းငယ်လေးတစ်ခု ရှိနေပြန်သည်။ အပြင်အခန်းနှင့် ထိုအခန်းတွင်းရှိ ဆေးအမျိုးအစားများက မတူကြပေ။ ထိုအခန်းတွင်းရှိ ဆေးများမှာ မာန်စွမ်းအားရှင်များ အထူးပြင်ဆင်ထားသည့် ဆေးများဖြစ်ပြီး သာမန် မျိုးနွယ်စုဝင် တစ်ယောက် ဝင်ခွင့်မရှိသည့် အခန်းလည်း ဖြစ်သည်။
မျိုးနွယ်စုသမားတော်ပင်လျှင် ထိုအခန်းထဲ ဝင်လိုပါက မျိုးနွယ်ခေါင်းဆောင် သို့မဟုတ် အကြီးအကဲ ခွင့်ပြုချက်ပါမှ ဝင်၍ရလေသည်။
ထိုအခန်းမှာ တောင်မျိုးနွယ်စု တစ်ခုလုံး၏ အရေးကြီးဆုံး အခန်လည်း ဖြစ်သည်။
သို့သော် ၎င်းစည်းမျဉ်းများကို စုမင်အနေဖြင့် လိုက်နာစရာ မလိုပေ။
ယခင်ကတည်းက အကြီးအကဲသည် စုမင်အား ဆေးပင်ဆေးမြစ်များ အမျိုးအစား ခွဲခြားတတ်ရန် စိတ်တိုင်းကျ ဝင်ထွက်ခွင့် ပေးထားပြီးသား ဖြစ်သည်။
အဆောက်အဦထဲ စုမင် ခြေချလိုက်သည်နှင့် ချန်းရှင်းလက်ကို တွဲထားသည့် ပေလင်းကို မြင်လိုက်ရ၏။ သူတို့နှစ်ဦးမှာ အဖိုးတန်ဆေးများထားရာ အခန်းငယ်ထဲ ဝင်သွားကြခြင်း ဖြစ်သည်။ အခန်းဝတွင် တင်ပျဉ်ချိတ် ထိုင်နေသည့် အဘိုးအိုတစ်ယောက် ရှိနေသည်။ အဘိုးအိုမှာ တိရစ္ဆာန်သားရေနှင့် ချုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီး ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့် အဘိုးအို၏ မျက်နှာမှာ အရေးကြောင်းတို့နှင့် ပြည့်နေလေသည်။ ပထမ သူ့မျက်လုံးများကို မှိတ်ထားသော်လည်း ချန်းရှင်းနှင့် ပေလင်းတို့နှစ်ဦးထံမှ ခွင့်ပြုစာရွက်ကို ကြည့်ရန် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ တစ်ချက် ကြည့်ပြီးသည်နှင့် ပြန်မှိတ်လိုက်လေသည်။
စုမင် ဖြည်းဖြည်းပဲ လျှောက်လာလိုက်သည်။ ပေလင်းက သူ့ကို မမြင်ချင်မှန်း သူ သိသည်။ ထို့ကြောင့် အခန်းငယ်ထဲ လိုက်မသွားသေးရန် ဆုံးဖြတ်လိုက်၏။ အခန်းကြီးထဲရှိ စင်များထံ လျှောက်သွားပြီး များပြားလှသည့် ဆေးများကို လှန်လှော ကြည့်နေလိုက်သည်။ ပြောရလျှင် အခန်းကြီးထဲရှိ ဆေးအတော်များများ ယခင်က သူသာ လက်တွေ့ ရှာဖွေစုဆောင်းပေးခဲ့ရသူ ဖြစ်သည်။
ဆေးအားလုံး လိုက်ကြည့်ပြီးသည့်အထိ ပေလင်းနှင့် ချန်းရှင်းတို့ ထွက်မလာ သေးပေ။ စုမင် အနည်းငယ် တွေဝေသွားပြီး အခန်းအပြင်ဘက်တွင်သာ ဟိုသည်လျှောက်ကြည့်နေ၏။
“လာ စုငယ်လေး မင်းဘာလို့ လျှောက်သွားနေတာလဲ”
စုမင် အတွေးထဲ နစ်မြုပ်နေတုန်း အိုမင်းပြီး အားနည်းသည့် အသံက စုမင် နားထဲ ဝင်လာသည်။ စုမင် ခေါင်းမော့ ကြည့်လိုက်သည့်အခါ အခန်းစောင့် အဘိုးအိုက စကားဆိုမှန်း တွေ့လိုက်ရသည်။
“အဘိုးနန်စုန့်... ကျွန်တော်က လာစုငယ်လေး မဟုတ်တော့ပါဘူးဗျာ”
စုမင်က ခေါင်းကိုကုတ်ရင်း ရယ်လိုက်သည်။
“သတိရပြီ။ လွန်ခဲ့တဲ့ရက်က မင်းတို့ခေတ်လူငယ်တွေ လာစု သက်ပြည့်ပွဲလုပ်ပြီးကြပြီ မဟုတ်လား။ ကြည့်ရတာ မင်းကို ငါ လာစုငယ်လေးလို့ ခေါ်လို့ မရတော့ဘူး ထင်ပါတယ်”
အဘိုးအိုက မျက်လုံးထဲတွင် ကြင်နာမှု အရိပ်များနှင့် ပြုံးပြီး ပြောလိုက်၏။
“ရောက်လာပြီးမှတော့ ဘာလို့မဝင်ဘဲ နေမှာလဲ။ မကြောက်နဲ့ ငါ မင်းနောက်မှာ ရှိတယ်… အရင်က မိန်းမတစ်ယောက်အတွက် အကြီးအကဲနဲ့တောင် ယှဉ်ပြိုင်ဝံ့တဲ့ ကောင်ပါ။ ငါဘာမှ မကြောက်ဘူး”
အဘိုးအိုက မျက်စိတစ်ဖက် မှိတ်ပြီး နောက်ပြောလိုက်၏။
စုမင် မျက်လုံးပြူးသွားသည်။ သူ ဒီအကြောင်းများကို ပထမဆုံး ကြားဖူးခြင်းပင်။ အချိန်အတော်ကြာ တွေဝေနေပြီးမှ နောက်ဆုံးတွင် စုမင်မှာ ခါးသီးစွာ ပြုံးရင် အခန်းငယ်လေးထဲ ဝင်သွားလေ၏။
အဘိုးအို ပြောသလို သူသည် ချန်းရှင်းကြောင့် တွန့်ဆုတ်နေခြင်း မဟုတ်ဘဲ ကျေးဇူးကြွေး တင်ထားသည့် ပေလင်းကြောင့် တွန့်ဆုတ်နေရခြင်း ဖြစ်သည်။ ထိုအကြောင်းများကို စုမင် ဘယ်လိုရှင်းပြရမှန်း မသိ။ နှစ်ကာလများသာ ကုန်လွန်သွားသည်။ ပေလင်းမှာ သူ့အပေါ် အေးတိအေးစက် ဖြစ်နေဆဲပင်။
“ကိစ္စမရှိပါဘူး ....”
စုမင် သက်ပြင်းချလိုက်၏။ သူ တံခါးဖွင့်လိုက်ချင်း အရှိန်အဝါကြီးသည့် ပေလင်းကို တွေ့လိုက်ရသည်။ သူက ဆေးရွေးနေသည့် ချန်းရှင်းဘေးတွင် ရပ်နေသည်။ စုမင် ဝင်လာသည်နှင့် လှည့်ပြီး စူးရှသော မျက်လုံးများနှင့် ကြည့်လိုက်လေသည်။
စုမင်နှင့် မျက်လုံးချင်း ဆုံသွားသော်လည်း သူကတော့ တခြားတဖက်ရှိ စင်များဆီသို့သာ သွားလိုက်လေသည်။ ထိုနှစ်ယောက်အား လျစ်လျူရှုပြီး “တောင်အရပ်ခွဲခွာ” ဖော်စပ်ရန် လိုအပ်သည့် ဆေးများကို ရှာဖွေလိုက်လေ၏။
ချန်းရှင်းမှာ စုမင်ကိုမြင်၍ တစ်ခုခုပြောချင်တော့မလို ပြုသည်။ သို့သော် အတန်ကြာ တွေဝေနေပြီး အဆုံးသတ်၌ ဘာမှမပြောရန် ရွေးချယ်လိုက်၏။ သူမ အရွယ်ရောက်လာသည်နှင့် ပေလင်းနှင့် ပတ်သက်မှု အပါအဝင် အတော်များများ နားလည်ရတာတွေ ရှိလာသည်။ စုမင်အပေါ်ထားသည့် သူမအချစ်သည်လည်း အချိန်ကြာလာသည်နှင့် အမျှ လွင့်ပါး ပျောက်ကွယ်ရတော့မည်။
“ညခင်း အနှစ်သာရမြက်ပင်”
“ရွက်တစ်ထောင်ပန်းပွင့်”
စုမင် အခန်းထဲတွင် ဖြည်းဖြည်းချင်းသာ လျှောက်နေ၏။ အဖိုးတန် ဆေးပင်များကို ကြည့်ရှုရင်း နောက်ဆုံး သူလိုအပ်နေသည့် ဆေးနှစ်မျိုးကို တွေ့သွားလေသည်။
“နောက်ဆုံးတစ်ခု ရှာမတွေ့တာတော့ နှမြောစရာပဲ”
စုမင်က အခန်းထဲရှိ ဆေးများကို ဝေ့ဝဲကြည့်ရင်း အတွေးကမ္ဘာထဲ နစ်ဝင်နေပြန်သည်။
ပေလင်းနှင့် ချန်းရှင်းလည်း ဆေးပင်ရွေး၍ ပြီးသွားချေပြီ။ ချန်းရှင်းက စုမင်အား နှုတ်ဆက်စကား ပြောပြီးသည်နှင့် ပေလင်းက သူမအား ဆွဲခေါ်သွားတော့သည်။ ပေလင်းက ထွက်မသွားခင် ခဏ ရပ်လိုက်၏။ သူက လှည့်မကြည့်ဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်။
“မင်းမှာ မာန်ခန္ဓာကိုယ် မရှိမှတော့ အဲဒီဆေးပင်တွေက မင်းအတွက် အသုံးမဝင်ဘူး။ ဖြုန်းတီးပစ်မယ့်အစား တခြားမျိုးနွယ်ဝင်တွေ သုံးဖို့ ထားစမ်းပါ။ ကိုယ့်အဆင့် ကိုယ်သိ”
ထိုအတိုင်း ပြောပြီးသည်နှင့် ချန်းရှင်းအား ခေါ်ပြီး ထွက်သွားလေတော့သည်။
စုမင်မှာ ငြိမ်သက်နေဆဲ။ ခေါင်းမော့ပြီး ထွက်သွားသည့် နှစ်ယောက်ကို မြင်နေရသော်လည်း ဘာမှ ပြန်မပြောချေ။ ထိုအစား အခန်းထဲရှိ ဆေးများကို နောက်တကြိမ် ဝေ့ဝဲကြည့်လိုက်ပြန်သည်။ ထို့နောက် လိုအပ်တဲ့ ဆေးများကို ယူဆောင်ပြီး ထွက်လာတော့၏။
အခန်းရှေ့တွင် ထိုင်နေသည့်အဘိုးအိုမှ စုမင်ဆေးများ ယူလာသည်ကို ဘာမှ မကန့်ကွက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရွှင်မြူးရိပ်များနှင့် ကြည့်နေ၏။
“အဘိုးနန်စုန့် .... အဘိုးထင်သလို မဟုတ်ပါဘူးဗျာ”
စုမင် နှာခေါင်းကို ပွတ်လိုက်သည်။
“ငါဘာတွေ ထင်နေလို့လဲ။ မင်းနဲ့ အဲဒီလာစုငယ်လေး နှစ်ယောက်ကြားက ရှုပ်ရှုပ်ယှက်ယှက် ပတ်သက်မှုအကြောင်း ပြောနေတာ မဟုတ်ဘူး။ ငါလုံးဝ မပြောဘူး”
အဘိုးအိုက ရယ်လိုက်သည်။
စုမင် နည်းနည်းရှက်ပြီး နေရထိုင်ရ ခက်နေသည်။ ရုတ်တရက် အကြံတစ်ခု ရသွားပြီး အဘိုးအို ကြည့်နိုင်ရန် သူ ဆောင့်ကြောင့် ထိုင်လိုက်၏။
“အဘိုးနန်စုန့် ဒီဆေးကို မြင်ဖူးလားဟင်”
စုမင်က မေးလည်းမေး၊ ဆေးရဲ့ပုံကိုလည်း မြေပေါ်မှာ ဆွဲပြလိုက်သည်။
အဘိုးအိုက ပြုံးပြီး ပုံကိုကြည့်သည်။ တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားနေသလို နဖူးပြင်ကို ခပ်ကြာကြာ ဖွဖွလေး ကိုင်ထားလေသည်။
“ဒါက တိမ်လွှာမြက်ပင် မဟုတ်ဘူးလား၊ ဒီအပင်က ငါတို့ နက်မှောင်တောင်မှာ မရှိဘူး။ သူက ရေခံမြေခံတစ်မျိုးမှာပဲ ပေါက်ရောက်တယ်။ လေပြေစီးကြောင်း မျိုးနွယ်စု ကတော့ ဒီတစ်ဝိုက်မှာ အဲဒီဆေးပင် ရောင်းတယ်။ မင်းက ဒါကို ဘာလို့လိုတာလဲ”
“အကြီးအကဲရဲ့ စာလိပ်တစ်ခုမှာ ဖတ်ဖူးလို့ မဟူရာတောင်မှာ ရှာကြည့်ပေမဲ့ မတွေ့ဘူး။ လက်စသတ်တော့ ဒီလိုကိုး”
စုမင် နားလည်သွားသည်။
“ဘယ်တွေ့ပါ့မလဲ။ ဒါက သွေးကြောကျောက်သား ကျင့်စဉ်ရဲ့ အဆင့်နိမ့်သမားတွေ အတွက် သင့်တော်တဲ့ဆေးပင်ပဲ။ လေပြေစီးကြောင်းကတော့ ဈေးကြီးကြီးနဲ့ ရောင်းတယ်။ လိုချင်တယ်ဆိုရင် လေပြေစီးကြောင်း မျိုးနွယ်စုအပြင်က ကုန်သွယ်ရေး ရင်ပြင်ကို ခေါ်သွားဖို့ အကြီးအကဲကို တောင်းဆိုလိုက်။ အဲဒီမှာ ဆေးအမျိုးအစား အစုံရောင်းတယ်” အဘိုးအိုက ခေါင်းကို ခါယမ်းပြီး ပြုံလိုက်သည်။
စုမင် စိတ်ဝင်စားမှုများ ဦးချိုးခံလိုက်ရသလို အောင့်သက်သက်နှင့် ဖြစ်သွားသည်။၊ မေးခွန်း အနည်းငယ် ထပ်မေးပြီးနောက် အဘိုးအိုအား နှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်သည်။ ထွက်သွားသည့် စုမင်ကို ကြည့်နေသည့် အဘိုးအို၏ မျက်လုံးထဲတွင် ကျီစယ်လိုသည့် အမူအရာများ ပါနေသည်။
ဆေးသိုလှောင်ခန်းမှ ထွက်လာပြီး နှင်းတောထဲ ဖြတ်နေချိန် စုမင် အတွေးကမ္ဘာထဲ နစ်မျောသွားပြန်သည်
“တောင်အရပ်ခွဲခွာ ဖော်စပ်ဖို့ တခြားဆေးပင်တွေကို ရလာခဲ့ပြီဆိုပေမဲ့ တိမ်လွှာမြက်ကို ကျတော့ .... အဘိုးနန်စုန့် ပြောတဲ့အတိုင်းဆို သိပ်ဈေးကြီးတာတဲ့ .... ဟမ်”
စုမင် ရှိသမျှ အိတ်ကပ်တွေကို ရှာကြည့်သော်လည်း မဟူရာတောင်တွင် ယုချီထံမှ ယူလာခဲ့သည် ကျောက်ဒင်္ဂါး အနည်းငယ်သာ တွေ့ရသည်။
စုမင်တို့ မျိုးနွယ်စုမှာ များသောအားဖြင့် ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ်ကို သုံးကြသည်။ ထို့ကြောင့် ပစ္စည်းတခုလိုချင်လျှင် ငွေသားနှင့် လက်ခံလေ့ သိပ်မရှိပေ။ မျိုးနွယ်စုသာ အပြင်ထွက်ပါက ပစ္စည်းဝယ်ရန် ကျောက်ဒင်္ဂါးများ သုံးရလေသည်။
ကျောက်ဒင်္ဂါးများကို ထူးခြားသည့် ကျောက်တစ်မျိုးနှင့် ပြုလုပ်ထားသည်။ ထုတ်မပြောသော်လည်း သိရမည့် စည်းမျဉ်းတစ်ခုမှာ မျိုးနွယ်စုကြီးများသာ ကျောက်ဒင်္ဂါး သွန်းလုပ်ခွင့် ရှိလေသည်။ တစ်ယောက်ယောက်က တရားမဝင် သွန်းလုပ်ခဲ့လျှင် ထိုသူသာမက ထိုသူ၏ မျိုးနွယ်စုပါ မျိုးနွယ်စုကြီးများ၏ ဆုံးမခြင်းကို ခံစားရမည် ဖြစ်သည်။
တစ်ကိုယ်လုံး ရှာဖွေ၍အပြီး ကျောက်ဒင်္ဂါးသုံးပြားသာ ထွက်လာသည်။ ပြောရလျှင် အားလုံးက ယုချီ၏ ပစ္စည်းများ ဖြစ်သည်။ စုမင်အနေဖြင့် တစ်ပြားမျှပင် မရှိချေ။
“ငါ့မှာ ဒင်္ဂါးပြားမှ မရှိတာ ဘယ်လိုဝယ်မလဲ၊၊ အကယ်၍ ငါ့မှာ ပြား ၁၀၀ မဟုတ်ဘူး .... ပြား ၁၀၀၀ ရှိရင်တော့ အကြီးအကဲ ပြောဖူးလို့ ကုန်သွယ်ရေး ရင်ပြင်ရဲ့ ခန့်မှန်းနေရာကိုတော့ သိတယ်။ မျိုးနွယ်စုတစ်ခုရဲ့ မာန်စွမ်းအားရှင် ဖြစ်လာပြီဆိုတာနဲ့ နှစ်ယောက် တစ်တွဲ သွားလို့ရပြီ။ နေရာကလည်း သိပ်ဝေးတာတော့ မဟုတ်ဘူး .....”
စုမင် ခါးသက်သက်နှင့် ရယ်လိုက်သည်။ ခေါင်းစကိုက်ပါပြီလေ။
***