← Chapters

ငါတို့ပြောင်းလဲသွားမှာလား

Vol. 2 Ch. 22

ငါတို့ပြောင်းလဲသွားမှာလား

Vol. 2 Ch. 22

နေ့ခင်းရောက်သည်အထိ စုမင်မှာ အတွေးကမ္ဘာထဲ နစ်မျောနေဆဲပင်။ သည့်နောက် သူ အံ့ကို တင်းတင်းစေ့ပြီး ခြင်းတောင်းကို ကျောတွင်သိုင်း၍ မျိုးနွယ်စုမှ ထွက်လာခဲ့သည်။ လေ့ချန်က စုမင်နှင့် အဖော်လိုက်ပေးရသည်။ လေ့ချန်က ရင်ပြင်ကို ရောက်ဖူးသည်။ ‌တိတိကျကျ ပြောရလျှင် ဒီရက်ပိုင်းအတွင်း ရောက်ဖူးခြင်း ဖြစ်သည်။ စုမင်က  ဒင်္ဂါးပြား နည်းနည်းလောက် ချေးချင်တယ် ပြောလိုက်သည်နှင့် အကြောင်းကို နားပူနားဆာ အတင်း မေးတော့သည်။ အကြောင်းရင်း သိရသည်နှင့် တက်ကြွသွားပြီး စုမင်ကို လမ်းပြပေးမည်ဟု ကမ်းလှမ်းလိုက်သည်။

“စုမင် ငါ့မှာ ရှိသမျှ ဒါ အကုန်ပဲနော်။ ဒါတွေရဖို့ မနည်း ဒုက္ခ ခံထားရတာ။ ဘယ်တော့ ... ဘယ်တော့ ပြန်ပေးမှာလဲဟင်”

မျိုးနွယ်စုအပြင်ဘက်ရှိ တောအားဖြတ်ကူးနေစဉ် လေ့ချန်က စိုးရိမ်တကြီးနှင့် မေးလိုက်သည်။

“တစ်လမ်းလုံး ညည်းတွားနေတာပဲကွာ။ ဒင်္ဂါး‌ပြားလေး နှစ်ပြားထဲပါဟ။ ငါကျ မင်းကို နဂါးခံတွင်းရည်တွေ ပေးလာတာ နှစ်ပေါင်း မနည်းဘူး။ အဲဒါဘယ်လောက်တောင် အဖိုးတန်လဲ။ ငါတို့က အခင်ဆုံး သူငယ်ချင်းတွေဆို … ဘာလို့ ဒီလိုကြီး ဖြစ်နေတာလဲ”

စုမင် အား‌နာသော်လည်း လေ့ချန်အား မျက်ထောက်နီနှင့် ကြည့်လိုက်သည်။ သို့တိုင် လေ့ချန်ကတော့ ဆက်ပြောနေဆဲပင်။

“ဒါလေးတွေရဖို့ မနည်း ဒုက္ခခံထားရလို့ပါကွာ”

လေ့ချန်က ခေါင်းကို ကုတ်၏။ ညည်းတွားရေရွတ်ရင်း  တစ်ခုခု စဉ်းစားမိသွားသလို  စုမင်အား ထူးထူးဆန်းဆန်း ကြည့်လိုက်၏။

“တောင်းပန်ပါတယ်။ ခုမှသတိရလို့ .... မင်းက ရင်ပြင်မှာ ဒီဒင်္ဂါးတွေနဲ့ ဘာဝယ်မှာလဲ”

“တိမ်လွှာမြက်ပင် ဝယ်ချင်လို့”

စုမင်မှာ ပျော့ပျောင်းသွက်လက်စွာနှင့် တောကို ဖြတ်ကူးနေပြီး  အရှိန်က လေ့ချန်ကိုပင်  ကျော်တက်သွားတော့မည့် ပုံစံမျိုး ပေါက်နေသည်။

“တိမ်လွှာမြက်ပင်ဆိုတာ ဘာတုံး”

လေ့ချန်က တကယ်သိလို၍ မေးလိုက်ခြင်း ဖြစ်သည်။ သို့သော် စုမင်က သူ့အား ကျော်တက်သွားမှန်း သိလိုက်သည်နှင့်  ခြေလှမ်းအကျဲကြီးများနှင့် ခုန်လွှားကာ အမီလိုက်လေတော့၏။

“စုမင် … ငါ့ကိုပြန်ပေးဖို့ မမေ့နဲ့နော်”

“စုမင် … ငါ အဲဒါလေးတွေကို အကြာကြီး စုခဲ့ရတာကွ”

“စုမင် … ငါ့အဖေတောင် မသိဘူး။ မင်းက ငါ့အိမ် ရောက်လာလာချင်း ငါဝှက်ထားတဲ့ နေရာတွေကို ဘယ်လို သိတာလဲ”

“စုမင် တိမ်လွှာမြက်ပင် ဆိုတာ ဘာလဲ။ ဘာလို့ မပြောပြတာလဲ ....”

“စုမင် … စုမင် … ငါတစ်နေ့လုံး မေးနေတာကိုနော်”

စုမင်နားထဲတွင် တစ်လမ်းလုံး လေ့ချန်အသံတွေချည်း ကြားနေရသည်။ လေ့ချန်က စကားပြောရသည်ကို ကြိုက်မှန်း သိသော်လည်း တစ်လမ်းလုံး ပြောလိမ့်မည်ဟုတော့ စုမင် တကယ်ကို မမျှော်လင့်ခဲ့ပေ။

နေဝင်ရီတရော အချိန်တွင် စုမင်တို့ မျိုးနွယ်စုနှင့် အတော်ဝေးဝေးသို့ ရောက်လာခဲ့လေ၏။  နောက်ဆုံး တောကြီးတခုထဲ စုမင် ရောက်သွားချိန် ကုန်ဆုံးသွားသော အားအင်များကို ပြန်လည် ဖြည့်တင်းရန် တဖြည်းဖြည်း အရှိန်လျှော့ရင်း သစ်ပင်ကြီးတစ်ပင်နားသို့ ရောက်လာလေသည်။ ပင်စည်ကို မှီပြီး အသက်ကို မှန်မှန် ရှု၏။ ပြီးလျှင် သူနဲ့ မဆိုင်သည့်အလား လေ့ချန်ကို လှည့်ကြည့်လိုက်သည်။ မြေကြီးပေါ် ထိုင်နေသော လေ့ချန်မှာလည်း ဟောဟဲ ဆိုက်နေလေပြီ။

“စု .... မင် .... ငါ့ကို ပြန်ပေး ... ရ ... မယ်နော် ... ...”

လေ့ချန်မှာ မောပန်းနေသော်လည်း စုမင် ကြည့်နေမှန်း သိသည်နှင့် ချက်ချင်း ကျောကို မတ်ကာ ထပ်ခါထပ်ခါ ပြောနေတော့၏။

“ငါပြန်ပေးမယ် .... သေချာပေါက်ပြန်ပေးမယ်။ ဒါပေမဲ့ ငါ့ကို တစ်ခုတော့ ကတိပေး”

စုမင် ရှုံရှုံ့မဲ့မဲ့နှင့် ရယ်မိလိုက်သည်။ လေ့ချန် ပါးစပ်ပိတ်သွားအောင် ဘာပြောရမလဲ သူမသိ။

“ဘာကိုလဲ”

လေ့ချန်က မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း မေးလိုက်သည်။ သူ့ပုံစံမှာ ရိုးသားကြိုးစား ဖိုးသခွားလေးလိုမျိုး။

“ငါ့ကို အဲ့လိုလာကြည့်မနေနဲ့။ ရှောင်ဟုန်တောင်မှ မင်းထက် ယုံရသေးတယ်။ လေ့ချန် ... မင်း ဘာမေးချင်လဲ ဆိုတာ ငါသိ‌ပေမဲ့ ငါပြောလို့ မရသေးဘူး။ နောက်တော့ မင်းသိလာလိမ့်မယ်”

စုမင် စူးစူးစိုက်စိုက် ကြည့်ပေးလိုက်သည်။ လေ့ချန်နှင့်သူ ပခုံးဖက်ပြီး ကြီးလာသူများ ဖြစ်သည်။ စုမင်က မိဘများထက်ပင် လေ့ချန်အကြောင်း ပိုနားလည်သည်ဟု ပြောလျှင် အပိုပြောသည် မဟုတ်ပေ။

လေ့ချန်က ကြည့်တော့သာ ရိုးသားပြီး စိတ်ထားဖြူစင်သည့်ပုံ ပေါ်သည်။ တကယ်တမ်း သူ့စိတ်က ထိလွယ်ရှလွယ်။ သူ့မျက်နှာပေါ်မှ ရိုးသားဖြူစင်သည့် အမူအရာကို ကြည့်ပြီး ယုံလိုက်သူများက မျက်လုံးထဲမှ ဉာဏ်နီဉာဏ်နက်များကို မမြင်ဘဲ လှည့်စားခံလိုက်ရသူများချည်းပင်။

စုမင် ပြောတာကြားတော့ လေ့ချန်က နှာခေါင်းကိုပွတ်ပြီး ကောင်လေး တစ်ယောက်လို ရယ်မောလိုက်သည်။

“ငါတောင်းဆိုချင်တာက ရိုးရိုးလေးပဲ။ ခရီးလမ်း တစ်လျှောက်မှာ ဘာအသံမှ မထွက်ရင် အလုပ်ပြီးလို့ ငါတို့ပြန်လာတာနဲ့ မင်းသိချင်တာ မှန်သမျှပြောပြမယ်”

ထို့နောက် စုမင်က လေ့ချန်ကို အကြာကြီး လေးလေးနက်နက် ကြည့်နေလိုက်သည်။

လေ့ချန်၏ ခန္ဓာကိုယ်မှာ ကျောက်ဖြစ်သွားသလို တောင့်တင်းသွားသည်။ မလှုပ်မယှက် နေသော်လည်း   မျက်လုံးအပြူးသားနှင့် စုမင်အား ပြန်ကြည့်လိုက်၏။

“လေ့ချန် ....”

စုမင် ရှုံ့မဲ့မဲ့နှင့် ရယ်လိုက်ပြန်သည်။ ဒီသူငယ်ချင်းနှင့် တစ်လျှောက်လုံး ဆော့ကစားပြီး ကြီးပြင်းလာတာ။ ဒီလောက် လှည့်စားမှုလေးနဲ့ အရူးလုပ်မခံရသင့်။

“မင်းပဲ ငါ့ကို တိတ်တိတ်နေလို့ ပြောတာလေ။ ငါ ခေါင်းညိတ်ပြချင်ပေမဲ့ ခေါင်းညိတ်ရင် အသံ ထွက်နေဦးမယ်။ ငါက ငါ့ကတိကို အပြည့်အဝ တည်ချင်တာလေ။ လှုပ်လည်း မလှုပ်ဘူး ဘာသံမှလည်း မထွက်ဘူး။ မင်းဖြစ်စေချင်တဲ့ တိတ်တိတ်ဆိတ်ဆိတ် နေတာနဲ့ ကွက်တိပဲ မဟုတ်ဘူးလား။ ဒီလောက် ငြိမ်နေတာ မလုံလောက်ဘူးလား”

“မင်းက ငါ့ကို တိတ်တိတ်နေဖို့ ပြောတယ်ဟုတ်လား။ စိတ်မပူနဲ့ … ခရီးတစ်လျှောက်လုံး ဒီလိုပဲနေမယ်။ ဘာသံမှ မထွက်တော့ဘူး။ ပြေးနေတုန်း အသံထွက်ရင်တော့ ငါ့ကို အပြစ်တင်လို့ မရဘူးနော် ... ငါ”

“ရပ်… တော်ပြီ…  တိတ်တိတ်သာ နေစမ်းပါ”

စုမင် လေ့ချန်ရဲ့နှာခေါင်းကို ဆွဲညှစ်လိုက်၏။ သူငယ်ချင်း၏ မျက်လုံးထဲတွင် ရွှတ်နောက်နောက် အရိပ်အယောင်များ မြင်နေရသည်မို့ တမင်လုပ်မှန်း သိနေသည်။

“ကောင်းပြီ။ ငါပြောပြမယ်။ ငါ့မှာ မာန်ကိုယ်ခန္ဓာရှိပေမဲ့ အကြီးအကဲက သူ့ရဲ့ မာန်အတတ်နဲ့ ကာစည်းပေးထားတယ်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့နော်”

စုမင်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။

လေ့ချန်က အံ့အားသင့်‌သွားသော်လည်း ခေါင်းတညိတ်ညိတ် လုပ်ပြသည်။

“ဒါမှန်းသာ သိရင် ငါမမေးပါဘူး။ ငါသိချင်တာက မင်းက မာန်စွမ်းအင် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီလား ဆိုတာလေးပဲ။ အခု ငါ စိုးရိမ်မနေတော့ဘူး။ ဟား ဟား  ... အခုကစပြီး ငါတို့က နက်မှောင်တောင်ရဲ့ အနာဂတ် စောင့်ရှောက်သူတွေပဲ “

စုမင်လည်း လိုက်ရယ်လိုက်သည်။ နှစ်ယောက်သား အားပြန်ပြည့်လာသည်နှင့် ရှေ့ခရီး ဆက်ကြသည်။ ကောင်းကင်မှာ မှောင်ရီသန်း၍ လမင်းပင် ထွက်လာပြီး ကြယ်ရောင်များဖြင့် တလက်လက် တောက်ပနေလေပြီ။ မြေပြင်ပေါ်ရှိ နှင်းထု ပမာဏမှာလည်း ထူကဲလာပြီး မျက်နှာကို ဖြတ်တိုက်နေသည့် ဆောင်းလေအေးသည်လည်း ပိုမို အရှိန်ပြင်းလာသည်။ သို့တိုင် ရှေ့ဆက်သွားနေသည့် သူတို့အရှိန်ကို မလျှော့ပစ်ကြသေးပေ။ တစ်ယောက်နှင့် တစ်ယောက် စကားစမြည် ပြောရင်း သွားပျော်သည့် ခရီးမျိုး ဖြစ်အောင် ဖန်တီးယူနေကြ၏။

“ငါဒီနေ့ ပေလင်းကို မြင်ခဲ့တယ်။ ငါ သူ့ကိုမြင်တိုင်း ဒေါသထွက်တယ်၊ အထူးသဖြင့် သူ့ဘေးမှာ ချန်းရှင်း ရှိနေရင်ပေါ့။ ချန်းရှင်းက မင်းကိုကြိုက်နေတာ ဒီကောင် သိရဲ့သားနဲ့ “

လေ့ချန်က စိတ်တိုတိုနှင့် မကျေမနပ် ဆိုလိုက်သည်  ။

“သူက လေပြေစီးကြောင်း မျိုးနွယ်စုမှာ နှစ်နည်းနည်းလေး သွားနေလိုက်တာနဲ့ လုံးဝ ပြောင်းလဲသွားတယ်။ သူရဲ့ အရင်းအချာ မျိုးနွယ်စုက နက်မှောင်တောင် မျိုးနွယ်စုဆိုတာ မေ့သွားပြီလား။ ဒီတစ်ခေါက် မင်းသူ့မျက်နှာ မတွေ့လိုက်လို့။ ငါ့ကို နေရာတကာ လိုက်ဆူနေတာများ”

စုမင်မှာ တိတ်ဆိတ်နေဆဲ။

“စုမင် … ငါသူ့ကို သေချာပေါက် ကျော်စေရမယ်”

လေ့ချန်က ပြေးနေရင်း လက်သီးဆုပ်ကာ ပြောလိုက်သည်။

“လေ့ချန် ... သူက ပေလင်း၊ ငါတို့ရဲ့ အစ်ကိုကြီးပဲ။ ငါတို့ကို ငယ်ငယ်ထဲက စောင့်ရှောက် ပေးခဲ့တဲ့သူ။ အရင်တစ်ခေါက် သူသိသမျှ မာန်ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှကို ပြန်သင်ပေးခဲ့တာ မမှတ်မိတော့ဘူးလား။ အဲဒီလိုလုပ်လို့ အကြီးအကဲရဲ့ အပြစ်ပေးတာကိုတောင် သူ ခံလိုက်ရသေးတယ်လေ”

“သူက ငါ့ကိုလည်း လေးမြားအတတ် သင်ပေးခဲ့တယ်”

စုမင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“ချန်းရှင်းနဲ့ ပတ်သက်လို့ကတော့ ... ငါမင်းကို ဟိုးအရင်ထဲက ပြောဖူးပြီးသား။ သူ့အပေါ်မှာ ညီမတစ်ယောက်လိုပဲ သဘောထားတယ် ... တခြား ဘာမှမရှိဘူး။ ဘာလို့အခုထိ အဲ့ဒီလို မဟုတ်တဲ့ အတွေးတွေ လျှောက်တွေးနေသေးတာလဲ”

စုမင်၏အသံက တည်ငြိမ်နေဆဲပင်။

လေ့ချန်က ဆက်ပြောချင်သော်လည်း တည်ငြိမ်နေသည့် စုမင်ကို ကြည့်ရင်း စကားလုံးများကို ပြန်မျိုချလိုက်၏။ သူ့ကို စုမင် နားလည်သလောက် သူကလည်း စုမင်ကို နားလည်သည်။

စုမင်သည် ကျေးဇူးသိတတ်သူ တစ်ယောက်မှန်း လေ့ချန် သိပြီးသား။

“စုမင် .... လူတွေက ပြောင်းလဲကြတယ်”

လေ့ချန်က အကြာကြီးနေမှ လေသံအေးအေးနှင့် ပြောလိုက်သည်။

“ကြီးပြင်းလာတာနဲ့အမျှ ကိစ္စတွေ အများကြီး ကြုံတွေ့လာရပြီး ငါတို့တွေ ပြောင်းလဲ ကြရတယ်။ ဖြစ်နိုင်တာက တစ်နေ့ .... ငါပြောင်းလဲသွားမယ်၊ မင်းလည်းပဲ ပြောင်းလဲသွားမယ်လို့ ငါထင်တယ်”

လေ့ချန်က ပညာရှိဆန်ဆန် စကားဆို၏။

“ငါလား ....”

စုမင် ခပ်မဆိတ်ပဲ ပြေးလွှားနေလိုက်သည်။

ကောင်းကင်တခုလုံး မှောင်အတိ ကျသွားချိန်မှ သူတို့ ရပ်တန့်လိုက်ကြ၏။ ညအမှောင်ထဲ ခရီးသွားရသည်က အန္တရာယ် များလွန်းသည်။ ထို့အပြင် ရင်ပြင်ရောက်ဖို့ကလည်း အဝေးကြီး လိုသေးသည်။ ထို့ကြောင့် သစ်ပင်ကြီးတစ်ပင်အောက်တွင် စတည်းချလိုက်ကြ၏။ အလှည့်ကျ တာဝန်ယူရသည်မို့ တစ်ယောက် ‌စောင့်ကြည့်ပေးစဉ် တစ်ယောက်က လေ့ကျင့်နေ၍ ရသည်။

စုမင်က သစ်ပင်ကိုမှီရင်း တင်ပျဉ်ချိတ် ထိုင်၍ လေ့ကျင့်နေသော လေ့ချန်အား ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အနီရောင် အလင်း‌တန်းများ ဖြာထွက်လာပြီး များပြားလှသည့် သွေးကြော အနီရောင်ကြီးများ ခန္ဓာကိုယ်အနှံ့ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

လေ့ချန်ကို အတန်ကြာအောင် ကြည့်ပြီးနောက် မဟူရာရောင် ကောင်းကင်ပြင်ကြီးအား မော့ကြည့်လိုက်သည်။ ဒီတည လမင်းက တောက်ပစွာ သာလွန်းသည်။ ကြယ်မှုန်များက ကြိုးသီထားသည့် ပန်းပွင့်များအလား ကောင်းကင်ထက်မှ တွဲလဲကျနေသည်။ ထိုမြင်ကွင်းက မော့ကြည့်သူတိုင်းကို သေးသိမ်ပြီး မထင်မရှား ဖြစ်စေသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။

“လူတွေက ပြောင်းလဲတယ် ... ငါလည်းပဲ ပြောင်းလဲသွားမှာလား”

စုမင် တိတ်ဆိတ်ငြိမ်သက်စွာ ငေးမောရင်း ကလေးဘဝတုန်းက ‌ပေလင်းနှင့်အတူ ကုန်ဆုံးခဲ့ရသည့် အချိန်များကို ပြန်ပြောင်းစဉ်းစားမိသည်။

“တစ်နေ့မှာ ငါပြောင်းလဲသွားရင် ... ဘယ်လိုမျိုး ပြောင်းလဲမှာလဲ”

မသေချာ မရေရာမှုများက စုမင်မျက်ဝန်းထဲ ထင်ဟပ်နေသည်။ ဒီလိုမေးခွန်းမျိုးက ဆယ့်ခြောက်နှစ်အရွယ် ကောင်လေး တစ်ယောက်အတွက် သိပ်ကို ရှုပ်ထွေးစရာ ဖြစ်သည်။

“အကြီးအကဲလိုမျိုး ကုသသူ မာန်စွမ်းအားရှင် ဖြစ်လာရင်လည်း ဖြစ်လာမှာပေါ့။ ရှောင်ဟုန့်ကို အဖော်ပြုပြီး တစ်လောကလုံးကို ခြေဆန့်ပစ်မယ်။ မရောက်ဖူးတဲ့နေရာတွေကို သွားမယ်၊ မျိုးနွယ်စုတွေ အစုံလျှောက်သွားပြီး မာန်မျိုးနွယ်ဝင်တွေ အများကြီးကို ကုသပေးမယ်”

“ငါလည်းပဲ အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်တာပဲ၊ အဲဒီအခါ ငါချစ်တဲ့ မိန်းကလေးကို ရှာပြီး သူနဲ့အတူ နေထိုင်သွားမယ်။ ငါတို့တွေ ဆံဖြူသွားကျိုးတဲ့အထိ သူက ငါနဲ့အတူ ခရီးဆန့်လိမ့်မယ်။ ရှောင်ဟုန်လည်း အဲဒီအခါ လောင်ဟုန် (အဘိုးကြီးဟုန်) ဖြစ်ပြီ။ အကြီးအကဲက ငါတို့ကို သူ့ဘဝအကြောင်း ပြောပြသလိုမျိုး ငါလည်းပဲ လာစုငယ်လေးတွေကို ငါ့ရဲ့အတွေ့အကြုံတွေအကြောင်း ပြောပြမယ်”

စုမင် ပြုံးလိုက်သည်။ ထိုအပြုံးက သန့်စင် ရိုးသားသည့် အပြုံး၊ ပကတိ ပျော်ရွှင်ဖွယ်အပြုံး ဖြစ်သည်။

“ငါ့မိဘတွေ ဘယ်သူလဲ ဆိုတာ သိရင်လည်း သိလာရနိုင်တာပဲ”

စုမင် ပြုံးရင်း သက်ပြင်းချလိုက်သည်။

“လေ့ချန် ငါပြောင်းလဲသွားမှာ မဟုတ်ဘူး”

မာန်မျိုးနွယ်စုတို့နှင့်သာ သက်ဆိုင်၍ ကျယ်ပြောလှသည့် လွင်ပြင်ကျယ်ကြီးထဲ တောက်ပနေသည့် လရောင်အောက်၌ စုမင်မှာ အသက်ကို ပြင်းပြင်းရှူရင်း လေ့ချန်ကို တည်ကြည်လေးနက်စွာ ပြောခဲ့သည်။ သူတစ်‌ယောက်တည်း ကြားနိုင်သည့် အသံဖြစ်သည့်တိုင် ပြောပြခဲ့သည်။ တောက်ပနေမည့် အနာဂတ်တခုရှိနေသည်ဟု ယုံကြည်ထားသည့် ‌အခြား‌သော ‌ကောင်လေးများအတိုင်း သေချာမှုများစွာနှင့် စုမင် ပြောခဲ့လေသည်။

ညတာ ကုန်ဆုံးသွားခဲ့ပြီ။ အရုဏ်ဦး အလင်းသည် ကောင်းကင်အား ထွန်းညှိပေးလိုက်ချိန် စုမင်နှင့်လေ့ချန်တို့ နိုးလာကြ၏။ သူတို့ နှင်းရည်နှင့် မျက်နှာသစ်ကြသည်။ အိပ်မှုန်စုံမွှား သူတို့အတွက် နှင်းရည်၏ အေးစက်မှုက တုန်ယင်သွားစေသည်။

“ငါတို့စီစဉ်ထားတဲ့ လမ်းအတိုင်း သွားမယ်ဆိုရင် ရင်ပြင်ကို နေ့လယ်လောက် ရောက်လိမ့်မယ်”

လေ့ချန်က ရင်ပြင်သို့ ခဏခဏ ရောက်ဖူးသည်။ မျက်နှာပေါ်မှ နှင်းရည်များကို ဖယ်ရှားရင်း စုမင်အား ပြောလိုက်၏။

စုမင် ခေါင်းဆတ်ပြလိုက်သည်။ ကိုယ်လက်သန့်စင်ပြီးသည်နှင့် တောထဲတွင် သူတို့ ဆက်ပြီး ပြေးလွှားကြသည်။ ထွက်ပြူစ နေခြည်တန်းများက သူတို့အား ခရီးဦးကြိုပြုကြသည့်နှယ်။

ခရီးစဉ်တလျှောက်လုံး ဘာပြဿနာမှ မပေါ်ဘဲ ချောချောမွေ့မွေ့ ဆက်သွားသည်။ နေ့လယ်ရောက်ချိန်တွင် တောစပ်၌ မြက်နွယ်များ၊ သစ်သား‌များနှင့် ဆောက်လုပ်ထားသည့် အိမ်လေးများကို တွေ့လိုက်ရ၏။ ထိုမျိုးနွယ်စု‌ကျေးရွာလေးမှာ ဆူညံနေသည်။ မျိုးနွယ်စုမှ မာန်စွမ်းအားရှင်တချို့မှာ ပတ်ဝန်းကျင်အား စောင့်ကြပ်နေကြ၏။

“ရောက်ပြီ”

လေ့ချန်က စုမင် ကျောပေါ်မှ ခြင်းတောင်းကို အထူးဂရုပြု ကြည့်လိုက်သည်။ သို့သော် ခြင်းကို အကာအရံ အထပ်ထပ်နှင့် ကွယ်ထားသည့်အတွက် အထဲတွင် ဘာရှိနေသည်ကို မမြင်ရပေ။

မျိုးနွယ်စု အလယ်တည့်တည့်တွင် တိရစ္ဆာန်သားရေတို့နှင့် ပြုလုပ်ထားသည့် ခရမ်းရောင် တဲကြီးတစ်လုံး ရှိနေသည်။ တဲနားတွင် အစောင့်အကြပ် ထူထပ်လွန်း၍ မည်သူမျှ အနားကပ်ခွင့် မရှိပေ။

“အဲဒီတဲက ဒီရင်ပြင်ပိုင်ရှင်ရဲ့ တဲပဲ။ သူက အင်အား‌ကြီး မာန်စွမ်းအားရှင်တစ်‌ယောက်လို့ ကြားဖူးတယ်။ တခြားမျိုးနွယ်စုက ခေါင်းဆောင်တွေကို ကြိုဆိုဖို့ပဲ အပြင်ထွက်တယ်တဲ့”

တောထဲကထွက်လို့ ရင်ပြင်ကို ဦးတည်ရင်း လေ့ချန်က စုမင်အား လေသံကလေးနှင့် ပြောပြလိုက်၏။

စုမင်က ခရမ်းရောင်တဲကို တစ်ချက်မျှ ကြည့်ပြီး အကြည့်လွှဲလိုက်သည်။ အစောင့်များ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသော မျက်လုံးများအောက်တွင် ရင်းနှီးကျွမ်းဝင်မှု မရှိသော နယ်မြေသစ်တစ်ခုကို ခြေချနေရပြီ ဖြစ်၏။

ထိုအခိုက် သူတို့နှစ်ဦးအား လှမ်း‌အော်လိုက်သည့် မိန်းကလေးသံ တစ်သံကို ကြားလိုက်ရလေသည်။

“လေ့ချန်”

စုမင် ရပ်ပြီးကြည့်လိုက်ရာ အသံကြားလိုက်ရချိန် လေ့ချန် ဆတ်ခနဲ တုန်သွားသည်ကို တွေ့လိုက်ရ၏။

***

All Chapters