← Chapters

အစပြု တွေ့ဆုံမှုတစ်ခု

Vol. 2 Ch. 23

အစပြု တွေ့ဆုံမှုတစ်ခု

Vol. 2 Ch. 23

လေ့ချန် ပုံမှန်မဟုတ်မှန်း စုမင် သတိထားမိလိုက်သည်။ လေ့ချန်ပုံစံက ကြောက်နေသလို၊ ဘာမှ မလုပ်နိုင်တော့သလို ဖြစ်နေသည်။ စုမင်က အသံလာရာဆီ ကြည့်လိုက်၏။

စုမင် အံ့အားသင့်သွားသည်။

အသံရှင်ပိုင်ရှင်မှာ  မိန်းကလေး တစ်ယောက် ဖြစ်နေသည်။ သူမက မြွေပါကတိုးသားမွေးနှင့် ချုပ်ထားသည့်  အင်္ကျီကို ဝတ်ဆင်ထားပြီး စုမင်ထက် အနည်းငယ်မျှ အရပ်ပိုရှည်သည်။ သူမ အရပ်နှင့် ဝတ်စုံကြောင့် ခန္ဓာကိုယ် ကောက်ကြောင်းအလှမှာ ပိုပေါ်လွင်နေ၏။ သူမတို့မျိုးနွယ်စုမှာ အခြား မျိုးနွယ်ဝင်များကဲ့သို့ အသားအရေ ကြမ်းတမ်းမှုမရှိဘဲ ဖြူနုနေသည်။ တစ်ဖက်သားအား ဆွဲဆောင်နိုင်သည့် အလှမျိုး ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။

သူမ၏ အနက်‌ရောင် ဆံနွယ်များကို မြက်ကြိုးမျှင်နှင့် စည်းနှောင်ထား၏။ နားတစ်ဖက် တစ်ချက် အထက်တွင် ကျစ်ဆံမြီးလေးများ ကျစ်ထားပြီး ဝဲကျနေသည့် ဆံနွယ်များ ဖားလျား ဖြန့်ချထား၏။ ထိုဆံနွယ်များက လေပြည်နှင့်အတူ ဝေ့ဝဲနေပြီး သူမအလှကို ပိုတိုးစေ၏။

သူမမျက်လုံးများမှာ  ရေအိုင်ကဲ့သို့ ကြည်လင်ပြီး မျက်ဝန်းထဲတွင် ခက်ထန်မာကျောသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။ နဖူးပြင်ပေါ်တွင် အရောင်လက်လက် ကျောက်သားလေးများ စီခြယ်ထားပြီး မြေပြင်ပေါ်ရှိနှင်း‌တို့၏ ရောင်ပြန်ဟပ်မှုအောက်တွင် ထိုကျောက်လေးများက ပို၍ လင်းလက်တောက်ပနေသည်။

အသက်ရှူ တစ်ချက်တွင် ခပ်ရေး‌ရေးပေါ်လာတတ်သည့် သွားစွယ်ဖြူဖြူ‌လေး နှစ်ခုကြောင့်  သူမ၏ပုံရိပ်မှာ အရိုင်းဆန်သလို ရှိနေပြန်သည်။

သူမမှာ သာမန် မိန်းကလေးတစ်ယောက် မဟုတ်ပေ။ စုမင်ကဲ့သို့ မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်သည်။ သို့သော် သူမထံမှ     ဖြာထွက်နေသည့် ချီအရ သွေးကြော ကျောက်သား ကျင့်စဉ်၏ တတိယမြောက် အဆင့်ရှိသူသာ ဖြစ်သေးမှန်း စုမင် ခံစားမိလိုက်သည်။

သူမ တစ်ယောက်တည်း မဟုတ်ပေ။ သူမ‌အနောက်တွင် မာန်စွမ်းအားရှင် သုံးယောက် ပါလာ၏။ သူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံများက တောင်ကုန်းငယ်များ အတိုင်းပင်။ စုမင်နှင့် လေ့ချန်အား ကြည့်နေသည့် အကြည့်များက အေးစက်လှသည်။ ၎င်းတို့၏ ချီ စွမ်းအားမှာ ပေလင်းထက် အနည်းငယ်သာ နိမ့်သည်။ တစ်ယောက် မျက်နှာတွင် ခပ်ရေးရေး အမှတ်အသားများ ရှိ၏။ စုမင် သူတို့အား မသိမသာ အကဲခတ်ကြည့်ပြီးနောက် ထိုအမှတ်အသားများမှာ ‌ကင်းမြီးကောက် သဏ္ဌာန်ရှိကြောင်း သတိပြုမိလိုက်သည်။

“လေ့ချန်… နင်လုပ်ရဲတယ်”

မိန်းကလေးက အံကြိတ်ပြီး လေ့ချန်ကို မျက်ထောက်နီကြီးနှင့် ကြည့်လိုက်၏။

လေ့ချန် နှာခေါင်းကို တစ်ချက်ပွတ်လိုက်စဉ် ရိုးသား၍ စိတ်ထားဖြူစင်သည့် မျက်နှာလေး သူ့မျက်နှာပေါ် နေရာယူသွားသည်။ လေ့ချန်က အတီးအတ ပုံစံနှင့် ရယ်ပြလိုက်၏။

“နင့်ရဲ့ အဲဒီ နုံအအမျက်နှာထားကြောင့် ငါလှည့်စားခံလိုက်ရပြီး သောက်သုံးမကျတဲ့ အပင်သေကြီးကို ရသွားတာ။ နင် ငါ့ကို ဒင်္ဂါးသုံးပြားနဲ့ ရောင်းသွားတဲ့ဟာလေ”

မိန်းကလေးက လေ့ချန်အနား တိုးလာ၏။  သူမမျက်နှာမှာ ဒေါသကြောင့် နီရဲနေသည်။

“နင်ငါ့ကို အဲ့ဒီလို အပြစ်တင်လို့ မရဘူးလေ။ ငါလည်း ဘယ်ဆေးက ဘယ်လိုမှန်းမှ မသိတာ ... ငါ အဲဒါကို ဖြစ်သလိုပဲ ချထားတာကို … နင်ပဲ ဝယ်ချင်တာလေ”

လေ့ချန်က သူမှားနေသော်လည်း ဖြေရှင်းချက် ထုတ်လိုက်၏။

“ဟမ့် ... ဒင်္ဂါးသုံးပြား ပြန်ပေးစမ်း”

မိန်းကလေးက လေ့ချန်အား စူးစူးရဲရဲ ကြည့်လိုက်သည်။  လေ့ချန်ဘက်တွင် ရပ်နေသည့် အတွက် စုမင်လည်း အမုန်းခံနေရပြီ။ သို့တိုင် မိန်းကလေးမှာ စုမင်၏ အားအင်ချည့်နဲ့သည့် ပုံစံကြောင့်  တစ်ချက်သာ ကြည့်ပြီး အကြည့်လွှဲသွားလေသည်။

“ဒါပေမဲ့ ... ငါ ...”

လေ့ချန်က ပြောရန် ကြိုးစားသော်လည်း မိန်းကလေး၏အကြည့် အေးစက်စက်နှင့် ဒိုင်းခနဲ‌ ဆုံမိသွား၍ ဆွံ့အသွားသည်။  သူမနောက်မှ ယောက်ျားကြီး သုံးယောက်ကလည်း ခက်ထန်စွာ ကြည့်နေ၏။ လေ့ချန်မှာ ပြောမည့် စကားလုံးများကို အမြန်မျိုချလိုက်သည့်တိုင် သူ့ခေါင်းထဲတွင် အထွန့်တက်ဖြစ်အောင် တက်လိုက်သေး၏။

“လေ့ချန် ... သူက မင်းနဲ့ အကြီးအကဲ ပြောတဲ့ နဂါးနက်တောင် မျိုးနွယ်စုက တစ်ယောက်လား”

စုမင်က မှင်သေသေနှင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

စုမင်ထံမှ ရုတ်တရက် မဆီမဆိုင် စကားလုံးများ ထွက်လာသည်ကို ကြည့်ရင်း  လေ့ချန် အံ့အားသင့်သွားသည်။  သို့သော် ဣန္ဒြေအမြန်ဆယ်လိုက်၏။ စုမင်က အမြဲတည်ငြိမ်တတ်မှန်း သူ သိသည်။ သူဝင်ပြောခြင်းမှာ ကူညီမည်ဟူသည့် အဓိပ္ပာယ်ပင်။ ထို့အပြင် စုမင်အကြောင်း သူ ကောင်းကောင်း သိသည်။   စုမင်၏ ထူးထူးဆန်းဆန်း စကားသံကို ကြားသည်နှင့် တစ်ပြိုင်နက် သူ့ရည်ရွယ်ချက်ကို နားလည်သွားပြီး စုမင် နောက်နားလေးတွင် ရပ်လိုက်၏။ လေ့ချန်က စုမင်အား သူ့အရှင်သခင်တပါးပမာ ဆက်ဆံလိုက်လေသည်။

“ဟုတ်ပါတယ်၊ သခင်လေး။ ဒါ ကျွန်တော်ပြောတဲ့ မိန်းကလေးပါ”

လေ့ချန်က ခေါင်းကိုညွှတ်ရင်း အလွန်လေးစားရိုသေသည့်ဟန်နှင့် ပြောလိုက်၏။

လေ့ချန်၏ အပြုအမူ‌နှင့် စကားလုံးများကြောင့် မိန်းကလေးငယ်၏ အကြည့်မှာ စုမင်ထံ ဆိုက်ရောက်လာတော့သည်။

သူမ အံ့ဩသွားသည်။ သခင်လေး ဆိုသည့် အခေါ်အဝေါ်မှာ မျိုးနွယ်စု၏ အနာဂတ် ခေါင်းဆောင်လောင်းများကိုသာ ခေါ်သည့် အသုံးအနှုန်း ဖြစ်သည်။ စုမင်ကို ဘယ်လောက်ပင် အနီးကပ် ကြည့်ကြည့် သာမန်မျိုးနွယ်စုဝင် တစ်ယောက်ထက် ပိုမလာ။ သူမ၏ မျက်နှာထားမှာ ပိုမိုခက်ထန်လာပြီး အေးစက်စက်နှင့် ပြောလိုက်ပြန်၏။

“နင့်ဘာသာ သခင်လေးမကလို့ ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါ့ရဲ့ဒင်္ဂါးတွေသာ ပြန်ပေး”

“ကောင်းပြီ။ ငါ မင်းရဲ့ ဒင်္ဂါးတွေကို ပြန်ပေးမယ်။ ဒီနေ့ ငါ လေ့ချန်နဲ့ လိုက်လာတာ မင်းကို ရှာဖို့ပဲ”

လေ့ချန်က ရင်ဘတ်ထဲမှ ဒင်္ဂါးသုံးပြားကို ညာလက်နှင့် တည်ငြိမ်စွာ ထုတ်ယူလိုက်၏။

“မင်း လေ့ချန်ဆီက ယူသွားတဲ့ ဆေးပင်ကိုပြန်ပေးပါ”

စုမင် မိန်းကလေးငယ်အား ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။

မိန်းကလေး အံ့အားသင့်သွားသည်။ သူမ ဒင်္ဂါးများကို ယခုလို လွယ်လွယ် ပြန်ရမည်ဟု မမျှော်လင့်ထားပေ။ လေ့ချန်နှင့် စုမင်အပေါ် ထားသည့် သူမ၏ သံသယ ပိုကြီးသွားလေသည်။

“အဲဒါ ဘာဆေးပင် မို့လို့လဲ”

‌မိန်းကလေးက ဒင်္ဂါးပြားကို ယူရမယ့်အစား မေးခွန်းထုတ်လိုက်သည်။

“အဲဒါက ...”

လေ့ချန်က ပြောရန် ပြင်လိုက်သော်လည်း ပြတ်သားသည့် အသံတစ်ခုက ဟန့်တားလိုက်လေသည်။

“တိတ်တိတ်နေစမ်း”

စုမင်က လေ့ချန်အား စူးခနဲ ကြည့်လိုက်သည်။ သူ့အကြည့်ကြောင့် လေ့ချန်မှာ တုန်ယင်သွားပြီး လေးစားရိုသေသည့်ဟန်နှင့်  ခေါင်းငုံ့သွားလေသည်။

လေ့ချန်၏ နာခံမှုကိုကြည့်ပြီး မိန်းကလေး ဝေခွဲရ ခက်သွားသည်။ ထို့ကြောင့် စဉ်းစားမရဟန်နှင့် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်၏။ သူမ ခဏတာ တွေဝေပြီးမှ ဆေးပင်ကို ထုတ်လိုက်သည်။ ဆေးပင်မှာ ပုံမှန်ပင်။   ထူးခြားချက်ဆို၍ ခရမ်းရောင် ဖြစ်နေသည့် တစ်ခုသာ ရှိ၏။ ယင်းကပင် လန့်စရာကောင်းနေ၏။

သူမက စုမင်မျက်နှာကို အကဲခတ်ရင်း ဆေးပင်ကို ထုတ်ကာ လှမ်းပေးလိုက်သည်။ စုမင်၏ မျက်လုံးများ အရောင်လက်သွားပြီး ဆေးပင်ကို အသည်းအသန် ပြန်လိုချင်နေသည့် ပုံစံနှင့် လက်ကို မြှောက်လိုက်ချိန် သူမက ရယ်မောပြီး လက်ကို ပြန်ရုပ်သွား၏။

“ဘာလုပ်တာလဲ ဒါ ငါ့ဆေးပင်လေ။ ငါဝယ်ခဲ့တာ။ ငါ့ဆေးပင်ကို လုယူချင်တာလား”

မိန်းကလေးက နှာခေါင်းရှုံ့ပြီး လျှာထုတ်ပြ၏။

“မိန်းကလေး ... မင်း ဒင်္ဂါး လိုချင်သေးလား”

စုမင် အံ့ဩသွားသော်လည်း မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့ မလိုချင်ရမှာလဲ။ ဒါပေမဲ့ ငါတစ်ခု တွေးမိသွားလို့။ နင်သာ နင့်ကိုယ်နင် မဟူရာတောင် မျိုးနွယ်စုရဲ့ သခင်လေးဖြစ်ကြောင်း သက်သေပြနိုင်ရင် ဒီဆေးပင်ကို ပေးလိုက်မယ်”

သူမ မျက်လုံးများက လူလည်ကျတော့မည့် အရိပ်အယောင်များ ပေါ်သွားသည်။ သူမ၏ ဉာဏ်နီ ဉာဏ်နက်များ၏ အရိုင်းဆန်သော သူမပုံစံကို အားဖြည့်ပေးနေသလိုပင်။

စုမင်ပင် ရင်တစ်ချက် ခုန်သွား၏။ သို့သော် တတ်နိုင်သလောက် ဟန်မပျက် နေလိုက်သည်။

စုမင် ငြိမ်ကျသွားသည်။ မိန်းကလေးကို ကြည့်ရင်း စုမင် အသက်ပြင်းပြင်း ရှူလိုက်၏။ သူ့ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်နှင့် ‌ သွေးကြောကျောက်သား ကျင့်စဉ် ဒုတိယ အဆင့်ရှိသော ချီ စွမ်းအင်များ ညာဘက်လက်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။

“ဒါက လုံလောက်တဲ့ သက်သေ ဖြစ်ရဲ့လား”

ရုတ်တရက် ပြောင်းလဲမှုကို ကြည့်ရင်း မိန်းမကလေး၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ သူမနောက်က လူသန်ကြီး  သုံးယောက်ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

သူတို့ ထိတ်လန့်သွားရသည့် အကြောင်းရင်းကို အလွယ်ကလေး နားလည်နိုင်သည်။ စုမင်မှာ မကြာခင်ကမှ သာမန်လူ တစ်ယောက်အဖြစ် ရှိနေခဲ့သည်။ သူ့ဆီမှ ချီ စွမ်းအင်နည်းနည်း လေးပင် မခံစားခဲ့ရပေ။ ယခုလို ရုတ်ချည်း ပြောင်းလဲသွားမှုကြောင့် သူတို့အားလုံး လန့်ဖျပ် သွားရခြင်း ဖြစ်သည်။

“သခင်မလေး ... စွမ်းအားကြီးတဲ့ မာန်ပညာရှင်တစ်ယောက်က သူ့ကို မန္တန် မှုတ်ပေးထားတာ ဖြစ်မယ်။ ဒါကြောင့် သူ့ရဲ့ ချီစွမ်းအင်က ပုန်းကွယ်နေတာ။ ပညာရှင်ကလည်း ကျွန်တော်တို့ထက် အစွမ်းထက်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ မသိရတာပဲ”

“အမှန်ပဲ။ ကျွန်တော်လည်း အကြာကြီး စောင့်ကြည့်နေခဲ့ပေမဲ့ ဘာမှ မတွေ့မိဘူး။ ဒီလိုလုပ်နိုင်တာ မဟူရာတောင် မျိုးနွယ်စု အကြီးအကဲ တစ်ယောက်ပဲ ရှိတယ်”

သူမအနောက်တွင် ရပ်နေသည့်လူသန်ကြီး သုံးယောက်က သူမနား ကပ်၍ ခပ်တိုးတိုး ပြောလိုက်ကြသည်

မိန်းကလေးက ခေါင်းငုံ့ပြီး သူမလက်ထဲမှ ဆေးပင်ကို ကြည့်နေသည်။ သူမ တွေဝေနေ၏။ ဒီဆေးပင်ကို ဝယ်ထားသည်မှာ ကြာပြီ။ ဆေးပင်အား ရောင်းရန် လေ့ချန်ကို မနည်းပြောခဲ့ရသည်။ ဆေးပင်အား ထူးဆန်းသည့် အပင်ဟု ထင်မှတ်၍ သူမတို့၏ အကြီးအကဲထံ မေးမြန်းတော့မလိုပင်။ သို့သော် ဒုတိယနေ့ သူမ လက်ပေါ်၌တင် ခရမ်းရောင် အမှုန်အမွှားများ ပဲ့ကျလာသည်မို့ အပင်သေသွားမှန်း သိခဲ့ရသည်။ ထိုအဖြစ်အပျက်က သူမကို စိတ်တိုစေသည်။ လုံးဝ မကျေနပ်၍ ရင်ပြင်ဆီ တစ်ခေါက်လာပြီး လေ့ချန်ကို လာရှာခြင်း ဖြစ်သည်။

သူမ တွေဝေနေတုန်း စုမင်က စိတ်တိုလာသည့်ပုံစံနှင့် ပြောလိုက်၏။

“ငါမင်းကို သက်သေပြပြီးပြီလေ။ မင်းက ကတိ ဖျက်ချင်တာလား။ ဒီမှာ ဒင်္ဂါးသုံးပြား ဘာပဲဖြစ်ဖြစ် ငါးပြားပေးမယ်ကွာ”

စုမင်က အံတင်းတင်းကြိတ်ပြီး  နောက်ထပ် ကျောက်ဒင်္ဂါးနှစ်ပြားကို ထုတ်ကာ မိန်းကလေးထံ ကမ်းပေးလိုက်၏။

“ဆေးပင်အတွက် ဒင်္ဂါးငါးပြား”

မိန်းကလေးမှာ မျက်တောင် တဖျတ်ဖျတ် ခတ်နေမိသည်။ လေ့ချန်ပြောပြထား၍သာ သူမကို မြင်ရုံနှင့် နဂါးနက်တောင် မျိုးနွယ်ဝင်မှန်း တန်းသိခြင်း ဖြစ်ရမည်။ နောက်ပြီး လူငယ်သည် သူကိုယ်တိုင်လည်း   မဟူရာတောင် မျိုးနွယ်စု အကြီးအကဲအကြောင်း ထည့်ပြောသေးသည်။

“ဒါဆိုအမှန်ပဲ။ ဒါဟာ ရှားပါးတဲ့ ပစ္စည်းတစ်ခုပဲ”

မိန်းကလေးက ကျေနပ်သွားသည့် မျက်နှာနှင့် ခေါင်းကို သွင်သွင်ခါယမ်းပြလိုက်သည်။

“ဘာဖြစ်လဲ၊ ကတိဖျက်တော့ ဘာဖြစ်လဲ။ ဒါက ငါ့ဟာလေ။ ပြန်လိုချင်ရင် ဒင်္ဂါးပြား သုံးဆယ်ပေး”

စူမင် မျက်နှာပေါ်မှ ခါးသီးသည့် အရိပ်အယောင်နှင့်၊ လေ့ချန်၏ စိတ်ပျက်သွားသည့် မျက်နှာထားကို ကြည့်ပြီး မိန်းကလေးမှာ သူမကိုယ်သူမ ပို၍ပင် ဂုဏ်ယူသွားတယ်။ သူမက လှည့်ထွက်သွားပြီး   နှာခေါင်း တစ်ချက်ပင် ရှုံ့သွားလေသည်။

သူမတို့‌ လေးယောက်  လှည့်ထွက်သွားတာနဲ့ လေ့ချန် မျက်နှာပေါ်မှ  စိတ်ပျက်လက်ပျက် အနေအထားမှာ ချက်ချင်းကြီး ပျောက်ကွယ်သွားသည်။ လေ့ချန်က လေလေးတချွန်ချွန်နှင့် ‌ရယ်မောရင်း စုမင် နှာခေါင်းကို   လာထိသည်။

“စုမင် ... ဘယ်လိုလုပ်ပြီး သူက နဂါးနက်တောင်ကဆိုတာ သိသွားတာလဲ”

“ဒါဖြင့် မင်းမှာ ဒင်္ဂါးသုံးပြား ရှိတာပေါ့။ ဒင်္ဂါးတစ်ပြား ကျန်ဦးမှာပဲ။ ဟုတ်တယ် မဟုတ်လား ပေးစမ်း”

စုမင်က လေ့ချန်ကို ကြည့်ပြီး သူ့တွင် ကျန်နေသေးသည့်  ဒင်္ဂါးပြားများကို ပြန်သိမ်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မဟုတ်ဘူး…  အဲဒါက ... အရင်တစ်ခေါက်က အဲဒီဒင်္ဂါးနဲ့ ပစ္စည်းတစ်ခု ဝယ်လိုက်ပြီးပြီ။ အမ် ... ငါ့မှာ လုပ်စရာရှိသေးတယ်။ သွားရအောင်။ အခုကစပြီး လမ်းခွဲသွားမှ ဖြစ်မယ်။  ညကျရင် ဒီမှာပဲ မင်းကို လာစောင့်နေမယ်။ အဲဒီအခါမှ မျိုးနွယ်စုဆီ ပြန်ကြတာပေါ့”

လေ့ချန်က မျက်လုံးမှိတ်ပြပြီး  ချက်ချင်းပြေးထွက်သွားသည်။ စုမင် ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ရင်ပြင်ရှိ လူအုပ်ကြားထဲ လှစ်ခနဲ တိုးဝင်ပျောက်ကွယ်သွားလေ၏။

လေ့ချန် ထွက်သွားသည်ကို ကြည့်ရင်း စုမင် ခေါင်းယမ်းမိလိုက်သည်။ သူ အင်မတန် ဆင်းရဲနေ၍သာ မဟုတ်လျှင် သူ့တွင် ချီစွမ်းအင် ရှိကြောင်း ထုတ်ပြမိမည် မဟုတ်ပေ။ အကြီးအကဲ၏ ပညာရပ်မှာ စွမ်းအားကြီးလွန်းသည်။ အကယ်၍ စုမင်သာ ထုတ်ပြရန် ဆန္ဒမရှိလျှင် မည်သူမျှ မြင်နိုင်မည် မဟုတ်ပေ။

သို့သော် ယခုလိုမှ မလုပ်လျှင်လည်း  လေ့ချန် ဒင်္ဂါးပြားများကို မိန်းကလေးဆီ ပြန်ပေးလိုက်ရဦးမည်။ ထိုအခါ စုမင်မှ, သုံးစရာမရှိ ဖြစ်ဦးမည်။

“ဟား .... ကြည့်ရတာ လုပ်မှကို ဖြစ်မယ့်ပုံပါပဲ” 

စုမင် ခေါင်းကို ကုတ်ပြီး ရင်ပြင်ဆီ ထွက်လာလိုက်၏။

ရင်ပြင်ပေါ်တွင် ကြက်ပျံမက စည်ကားနေသည်။ တဲတွေထဲတွင် တစ်ယောက်နှင့် တစ်ယောက် ပစ္စည်း ဖလှယ်နေကြသူ အများအပြား ရှိပြီး နှင်းလွှာပေါ်တွင် ခင်းကျင်းရောင်းချနေသည့် လူများလည်း ရှိသည်။ ဆေးပင် အမျိုးအစား အစုံအလင်နှင့် လဲလှယ်လိုသည့် ပစ္စည်းများကို ချထားရင်း ဝယ်သူ စောင့်နေသည့် ဈေးသည်များလည်း ရှိသည်။

ဒါက စုမင် ပထမဆုံးအကြိမ်‌ ရောက်ဖူးခြင်း ဖြစ်သည်။ မြင်မြင်သမျှ အားလုံး သူ့အတွက် အသစ်အဆန်းတွေ ဖြစ်လို့နေသည်။ ရင်ပြင်ပေါ် ဖြတ်လျှောက်ရင်း ယခင်က မမြင်ဖူးသည့် ပစ္စည်း အများအပြားလည်း တွေ့နေရသည်။ ထိုအထဲတွင် တိရစ္ဆာန်အရိုးများလည်း ပါပြီး ထူးဆန်းသည့် ဆေးပင်ဆေးမြစ်များ အစုံအလင် ပါဝင်နေသည်။ သန့်စင်ပြီး ဆေးရည်ပုလင်း တချို့ ရောင်းနေသူများပင် ရှိ၏။

“သူတို့တွေ နဂါးခံတွင်းရည်ကိုလည်း ရောင်း‌နေကြတာပဲ။ တစ်ပုလင်းကို ဒင်္ဂါးတစ်ပြားပါလား”

နဂါးခံတွင်းရည်များကို ကုန်ပစ္စည်းတစ်ခု အနေနှင့် ရောင်းနေသည့် မြင်ကွင်းကို ကြည့်ပြီး စုမင်ခြေလှမ်းများ ဒယိမ်းဒယိုင် ဖြစ်သွားသည်။ ထိုဆေးရည်ပုလင်းကို မြေပြင်ပေါ်က အခင်းတစ်ခုပေါ်တွင် တင်ထား၏။ စုမင်မှာ အံ့ဩလွန်း၍ မျက်တောင်ပင်ခတ်ဖို့ မေ့နေမိသည်။

“ငါငယ်ငယ်လေးကတည်းက နဂါးခံတွင်းရည်တွေ သောက်လာတာ .... အခုထိဆို ဒင်္ဂါး ဘယ်နှပြားဖိုး ရှိနေပြီလဲ။ ရှောင်ဟုန်လည်း အများကြီး သောက်ခဲ့တာပဲ”

စုမင် တတွတ်တွတ်နှင့် ရေရွတ်ရင်း ထွက်သွားရန်အလုပ် သိပ်မဝေးလှသည့် တစ်နေရာမှ ပစ္စည်းတစ်ခုကို ဖျတ်ခနဲ မြင်လိုက်သည်။

“ဒါက ....”

စုမင် အသက်ပြင်းပြင်း ရှူပြီး လျှောက်သွားလိုက်၏။ ဆိုင်ပိုင်ရှင်အား တစ်ချက် ကြည့်လိုက်သည်။ အသက် ၅၀ ခန့် ရှိမည့် လူကြီးတစ်ယောက် ဖြစ်သည်။ ၎င်းမှာ အင်္ကျီပွပွ ဝတ်ထားပြီး နှင်းလွှာပြင်ပေါ်တွင် တင်ပျဉ်ချိတ်၍ ထိုင်နေလေသည်။

***

All Chapters