အခုတော့ သေရှာပြီ
Vol. 2 Ch. 24
တစ်ယောက်ယောက် လာနေမှန်းသိ၍ မျက်လုံးဖွင့်ပြီး စုမင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အံ့ဩနေသည့် အရိပ်အယောင်များ ထင်ဟပ်နေသော်လည်း စုမင်အား အသေအချာ ကြည့်ရှုပြီးနောက် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။
စုမင်က သားရဲအရေခွံ အခင်းပေါ်မှ အပြာရောင် ပစ္စည်းတစ်ခုထံ အကြည့် ရောက်သွားသည်။ ၎င်းပစ္စည်းလေးမှာ ပန်းကန်ပြားသဏ္ဌာန် ရှိ၏။ အနားများက ထက်ရှနေပြီး အက်ကွဲရာ အနည်းငယ် ရှိနေ၏။ ၎င်းအား တစ်ခုခုက ဖောက်ဝင်ဖူးသလိုမျိုး ခပ်နက်နက် ခုတ်ရာတစ်ခုလည်း ရှိနေသည်။ ၎င်းပစ္စည်းကို အခင်းပေါ်တွင် ချထားသော်လည်း သူ့ထံမှ အလင်းရောင်ဖျော့ဖျော့ ထွက်နေ၏။ မြင်သူတိုင်း အသက်ရှိသည့် အရာဟု ထင်ကြမည်ပင်။
အက်ကွဲရာများက ပန်းချီကားတချပ် အလား ဖြစ်နေသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ရာ လူမျက်နှာနှင့်တူပြီး ကြည့်ရသည်က အတော်ကြောက်ဖို့ ကောင်းသည်။
“ဒါက မာန်စွမ်းအားရှင်ရဲ့ မပြည့်စုံသေးတဲ့ သွေးကြောမျှင်ပဲ။ မင်းဝယ်နိုင်မှာ မဟုတ်ပါဘူး”
စုမင် ကြည့်နေတုန်း အိုမင်း ချည့်နဲ့နေသည့် အသံတစ်သံကို ကြားလိုက်ရသည်။ စုမင် ခေါင်းမော့ပြီး အသံပိုင်ရှင် လူအိုကြီးအား ကြည့်လိုက်၏။
“မာန်စွမ်းအားရှင် သွေးကြောမျှင်လား”
စုမင် အသက်ရှူပင် မဝချင်တော့။ ၎င်းများ ဖြစ်နေမလားဟု သူ ထင်ခဲ့သည်။ ထိုပစ္စည်း အကြောင်း သားရေစာလိပ်တွင် ဖတ်ဖူးသည်။ မာန်စွမ်းအားရှင် သွေးကြောမျှင် ဆိုသည်မှာ အလွန်ရှားပါးသည့် ရတနာတပါး ဖြစ်သည်။ ရုပ်နယ်လွန် အဆင့်ရှိသည့် စွမ်းအားကြီး မာန်ပညာရှင်တို့သာ ပြုလုပ်ရရှိနိုင်သည့် အရာ ဖြစ်သည်။ သွေးကြော ကျောက်သားအဆင့် လူတစ်ယောက်အတွက် ရရှိနိုင်ဖို့ အင်မတန် ခက်ခဲသည့် ပစ္စည်းလည်း ဖြစ်သည်။ ရှိခဲ့မည်ဆိုလျှင်လည်း မျိုးနွယ်စု၏ အမွေပစ္စည်းသာ ဖြစ်လိမ့်မည်။
“ဒီသွေးကြောမျှင်က ပျက်စီးပြီးသား ဖြစ်ပါပြီ။ ဒါပေမဲ့ ရုပ်နယ်လွန် မာန်ပညာရှင် တစ်ယောက်က ပြုလုပ်ထားတဲ့ စ္စည်းမို့လို့ ဒင်္ဂါးတစ်ထောင် ရမှ ရောင်းနိုင်မယ်”
လူအိုကြီးက ဖြည်းလေးစွာ ပြောလိုက်၏။
အပြာရောင် ပန်းကန်ပြားကို ကြည့်နေသည့် စုမင်၏ အကြည့်ထဲတွင် မနာလိုမှုများ၊ သံယောဇဉ်များ အမျှင်တန်းနေသည်။ သူ့တွင်လည်း ဒင်္ဂါးငါးပြားသာ ရှိသည်။ သူလည်း မတတ်နိုင်။
စုမင် သက်ပြင်းချလိုက်၏။ အပြာရောင် ပန်းကန်ပြားအား နောက်ဆုံးတစ်ချက် ထပ်ကြည့်ပြီး တွန့်ဆုတ်စွာနဲ့ ထွက်လာလိုက်သည်။
“ငါရော ငါ့ကိုယ်ပိုင် မာန်စွမ်းအားရှင် သွေးကြောမျှင်ကို ဘယ်တော့မှ ပိုင်ဆိုင်ရမလဲမသိဘူး”
ရင်ပြင်မှာ ဟိုဒီလျှောက်သွားရင်း စုမင်တွေးနေမိသည်။ သားရဲအရေခွံများ ခင်းပြီး ဆိုင်ဖွင့် ဈေးရောင်းနေသူတွေ အများကြီး ရှိသည်။ သို့သော် နေရာစုံ လျှောက်ကြည့်ပြီးသည့်တိုင် နောက်ထပ် မာန်စွမ်းအားရှင် သွေးကြောမျှင်ဈေးသည်ကို ရှာမတွေ့ချေ။
တိမ်လွှာမြက်ပင် ရောင်းနေသည်ကို တွေ့သည်။ မျိုးနွယ်စု အမျိုးမျိုးမှ ရောင်းနေကြခြင်း ဖြစ်သည်။ တစ်နေရာက အတော် ဈေးကြီးသည်။ တစ်နေရာက နဂါးခံတွင်းရည် ဈေးနှုန်းနှင့် အတူတူ ဒင်္ဂါးတစ်ပြားနှင့် ရောင်းနေလေသည်။
အချိန်က မှောင်စပြုနေပြီ။ ဆည်းဆာရောင် နေလုံးကြီးက မြေပြင်ပေါ် ဖြန့်ကြက်လျက် ရှိသည်။ သို့တိုင် ရင်ပြင်ပေါ်တွင် လူပိုများလာပြီး စည်ကားနေဆဲ ဖြစ်၏။
ကောင်းကင်ကို ကြည့်ရင်း စုမင် လမ်းဆက်လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တဲတစ်တဲထဲကိုပင် ဝင်လိုက်သေး၏။ ထိုတဲကလည်း ဈေးဆိုင် တစ်ဆိုင်ပင်။ ပစ္စည်း တစ်ခုချင်းစီမှာ ဈေးကြီးသော်လည်း အရည်အသွေးကို အာမခံချက် ပေးနိုင်သည်။ တဲအတွင်းသို့ ဈေးဝယ်များမှာ ဝင်လိုက် ထွက်လိုက်နှင့် အတော် စည်ကားနေ၏။
စုမင် စောင့်ကြည့်နေတုန်း သူကဲ့သို့ မာန်စွမ်းအားရှင် တချို့ကိုလည်း တွေ့ရသည်။ ထိုသူတို့က တောင်းများကို လွယ်၍ အထဲမှပစ္စည်းများကို ဆိုင်ပိုင်ရှင်ထံ ရောင်းချရန် တဲထဲ ဝင်လာကြသူများ ဖြစ်သည်။
ထိုမြင်ကွင်းများကို စုမင် မြင်တော့ ပြုံးမိသည်။ နေ့လယ်ထဲက သူအားလုံးကို လေ့လာနေခဲ့သည်။ အသေးစိတ်ကအစ ကြည့်သည့်အခါ ရင်ပြင်ပေါ်မှ စည်းကမ်းတချို့ပင် နားလည်သွားပြီ ဖြစ်၏။
ကောင်းကင်ကြီး မှောင်အတိကျခါနီး လမ်းမီးတုတ်များ ထွန်းညှိလိုက်ကြချိန် စုမင် မီးရောင် မရောက်သည့် ထောင့်ချိုးနား ကပ်သွားလိုက်သည်။
ဘေးဘီဝဲယာကို ဂရုတစိုက် အကဲခတ်ပြီးမှ ကျောက ခြင်းတောင်းကို ခပ်မြန်မြန် ချလိုက်၏။ ခြင်းတောင်ပေါ်မှ သားရဲအရေခွံများ ထုတ်ပြီး သူ့ကိုယ်ပေါ် တင်လိုက်၏။ ပြီးနောက် အသင့်ပြင်လာသည့် အရေခွံများကို ခြင်းထဲ ထည့်လိုက်သည်။ နောက်ဆုံး ဝတ်ရုံနှင့်တူသည့် အနက်ရောင် သားရဲအရေခွံ တစ်ခုကို ထုတ်ယူလိုက်ပြီး တစ်ကိုယ်လုံး အုပ်သွားအောင် ဝတ်ဆင်လိုက်၏။
စုမင်မှာ မျက်နှာပင် မမြင်ရတော့ချေ။ သူ့ ခန္ဓာကိုယ် အရွယ်အစားကလည်း ကြီးမားသွားသည်။ ယခင်က ချည့်နဲ့နဲ့ ပိန်ညောင်ညောင် ပုံစံလေးနှင့် လုံးဝ ကွဲထွက်သွားလေ၏။
ခြေလက်များကို ဖြည်းဖြည်းချင်း လှုပ်ရှားကြည့်ပြီး ဝတ်ရုံနှင့် ခန္ဓာကိုယ် ချပ်ချပ်ကပ်ကပ်ဖြစ်သွားအောင် ပြုပြင်လိုက်၏။ စုမင် ခြင်းတောင်းထဲကို တစ်ချက် ကြည့်လိုက်သည်။ အထဲတွင် ပစ္စည်းတစ်ခု ရှိနေသေး၏။ ၎င်းမှာ ယခုခရီးအတွက် စုမင် အထူးပြင်ဆင်လာခဲ့သည့် အရာဖြစ်သည်။ လေးလံသော်လည်း သူ့နေရာနှင့်သူ အသုံးဝင်မှု ရှိသည်။
ခြင်းကို ကျောတွင် ပြန်လည် သိုင်းချည်ပြီး ခေါင်းကို ငုံ့လိုက်၏။ အရှေ့သို့ ခြေလှမ်း အနည်းငယ် လျှောက်အပြီးတွင် ရပ်လိုက်သည်။ ထို့နောက် ခါးကို ကုန်းလိုက်၏။ စောနက သူရွေးချယ်ထားသည့် တဲဆီသို့ လျှောက်သွားတော့လေသည်။
တဲထဲတွင် မှောင်လွန်းနေသည်။ နေ့လယ်ကတည်းက တဲထဲ ဝင်ထွက်သွားလာနေသူ အများစုမှာ စုမင်လို ပုံစံမျိုးများနှင့် ဖြစ်သည်။ မိမိတို့၏မျက်နှာကို ဝှက်ထားကြသည့်အတွက် မည်သူမည်ဝါမှန်း မမှတ်မိနိုင်ကြပေ။
ရင်ပြင် ရောက်ဖူးသည်မှာ စုမင်အတွက် ပထမဆုံးအကြိမ် ဖြစ်သော်လည်း နေ့ခင်းထဲက အဆက်မပြတ် စောင့်ကြည့်လေ့လာနေခဲ့၏။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်း အတော်များများကို နားလည်နှင့်ပြီး ဖြစ်သည်။ သူက တဲထဲကို ချက်ချင်း ဝင်မသွားပေ။ ထိုအစား တဲအပြင်တွင် လူများမြင်သာအောင် အတွင်းသို့ မျှော်ကြည့်ရင်း ဟိုသည်လျှောက်သွားနေ၏။
သိပ်မကြာခင် စုမင်ကဲ့သို့ ပုံစံတူဝတ်ဆင်ထားသည့် လူတစ်ယောက် ထွက်လာပြီး ရင်ပြင်မှ အလျင်အမြန် ထွက်ခွာသွားလေသည်။
ဒီလိုလူများကို နေ့ခင်းထဲက သူ တွေ့နေရသည်။ သေချာသည်က ယခုပုံစံနှင့် စုမင် ထွက်သွားလျှင် နောက်မှ မည်သူမျှ လိုက်လာကြမည် မဟုတ်ပေ။ သူက ကာထားသည့် အချပ်ကို ဖယ်ပြီး လွတ်နေသည့် တဲအတွင်းသို့ တွေဝေတွန့်ဆုတ်နေခြင်းမရှိဘဲ ဝင်သွားလိုက်လေ၏။
သူတဲထဲ ရောက်သည်နှင့် အကြည့်တစ်ခုက သူ့ထံ ကျရောက်လာသည်။ သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် ဖြစ်၏။ ၎င်းမှာ အပေါ်ပိုင်း ဗလာကျင်းထားပြီး တင်ပျဉ်ချိတ် ထိုင်နေလေသည်။
လူကြီး၏ မျက်လုံးတစ်ဖက်မှာ လစ်လပ်နေသော်လည်း ကျန်တစ်ဖက်မှာ စူးရှတောက်ပနေတယ်။ ၎င်းက စုမင်အား စကားတစ်ခွန်းမှ မဆိုဘဲ အနီးကပ် ကြည့်နေသည်။
“မီးရောင်က တောက်ပလွန်းတာပဲ”
မျက်နှာကို သားရဲအရေခွံနှင့် ကွယ်ထားသည်ဖြစ်၍ စုမင်မျက်နှာ မြင်သွားမည်ကို စိုးရိမ်နေစရာ မလိုပေ။ သူ ဖြည်းဖြည်းနှင့်မှန်မှန် ပြောလိုက်သည့် လည်ချောင်းသံကြောင့် ယခင်အသံနှင့် လုံးဝ မတူဘဲ ကွဲထွက်နေတော့သည်။
တစ်ဖက်လပ်လူကြီးက စုမင်ကို အတော်ကြာကြာ ကြည့်ပြီးမှ အကြည့်လွှဲလိုက်သည်။ စုမင်ထံမှ ချီစွမ်းအင်ကို မခံစားရသည့်တိုင် သူ့ပုံစံက တခြားသူများနှင့် သူလိုငါလို ပုံစံတူနေသည်။
စုမင်ထံမှ ချီစွမ်းအင်ကို မခံစားမိသော်လည်း တဲအတွင်းသို့ ဝင်လာနိုင်ကာ စည်းမျဉ်းများနှင့် ရင်းနှီးဟန်ရှိသူမှာ သာမန်လူ တစ်ယောက် မဖြစ်နိုင်ဟု တစ်ဖက်လပ် လူကြီးက ကောက်ချက်ချလိုက်၏။
လူကြီးက သူ့ ညာဘက်လက်ကို မီးပုံအပေါ် အုပ်မိုးလိုက်၏။ မီးရောင်မှာ မှိန်ဖျော့သွားသည်။ တဲမှာ ပိုမှောင်သွားလေသည်။
“ထုတ်လိုက်။ ပစ္စည်းကောင်းဆိုရင် မျှတတဲ့ ဈေးပေးမယ်”
လူကြီးက ညာလက်ကို ထုတ်ရင်း ပြောလိုက်၏။
စုမင်က မျက်နှာ ကွယ်ထားသည့် လူကြီးအား စေ့စေ့စပ်စပ် အကဲခတ်လိုက်၏။ ထို့နောက် ရုတ်တရက်ကြီး ရယ်မောလိုက်သည်။ စုမင်၏ ရယ်သံမှာ တဲထဲတွင် ပဲ့တင်ထပ်နေ၏။ သူ့အပြုအမူကိုကြည့်ရင်း လူကြီး မျက်မှောင်ကြုတ်သွားလေသည်။
လူကြီး မျက်မှောင်ကြုတ်လိုက်စဉ် စုမင်က ညာလက်ကို ထုတ်လိုက်၏။ ချက်ချင်းဆိုသလို လုံးဝန်းသော အရာဝတ္ထုတစ်ခုအား လူကြီးထံ ပစ်ပေးလိုက်၏။ လူကြီးလက်ထဲ မရောက်မီ ၎င်းအရာဝတ္ထု လေထဲတွင် ရှိချိန်၌ ဆေးနံ့ လှိုင်လှိုင် ဖြာထွက်လာ၏။ လူကြီးက လက်နှင့် ဖမ်းယူလိုက်သည်။ စုမင် ပစ်ပေးလိုက်သည့် ပစ္စည်းကို မြင်လိုက်ချိန်တွင် အသက်ပြင်းပြင်း ရှူလိုက်လေ၏။ ၎င်း၏ ညာမျက်လုံးမှာလည်း လင်းလက် တောက်ပလာလေသည်။
“ဒါဘယ်လောက် တန်ကြေးရှိလဲ” စုမင်က ရှတတ လည်ချောင်းသံနှင့် မေးလိုက်၏။
“ဒါ ဘာလဲ၊ ဘယ်က ရလာတာလဲ၊ သူ့ရဲ့ အကျိုးအာနိသင်က ဘယ်လိုရှိလဲ”
လူကြီးက လက်ထဲမှအရာလေးကို ခပ်ကြာကြာ ကြည့်ပြီးနောက် စုမင်အား အလေးအနက် ကြည့်ကာ မေးလိုက်သည်။ သူ့မျက်လုံးထဲတွင် တဖွဖွ သိချင်စိတ်များ ဖျတ်ခနဲ ထင်ဟပ်လာ၏။
“ကျုပ် ဒီရင်ပြင်ကိုလာတဲ့ခရီးမှာ ဒီကောင်နဲ့တွေ့ခဲ့တယ်”
စုမင်က မေးခွန်းကိုမဖြေဘဲ အခြားစကားကို ဆိုလိုက်သည်။ ပြောရင်း ခြင်းတောင်းကိုချကာ ခြင်းထဲမှ တစ်စုံတစ်ရာကို ညာလက်နှင့် ထုတ်ယူလိုက်၏။ ချက်ချင်း ခြင်းမှာ လှုပ်သွားလေသည်။ စုမင်က ချုပ်နှောင်ထားသည့် ရက်ကွန်းအကောင်ကို ထုတ်ယူပြီး စားပွဲပေါ် တင်လိုက်သည်။
မြွေပါရက်ကွန်းကောင်မှာ အသိမဲ့ပုံပေါ်နေသော်လည်း မျက်လုံးအကြည့်များက စူးရှလွန်းနေသည်။ ယခုတိုင် မကျက်သေးသော ဒဏ်ရာဒဏ်ချက်များ သူ့ကိုယ်ပေါ်တွင် ရှိနေ၏။ ချုပ်နှောင်ထားသည့်အတွက် ထွက်ပြေးခွင့်လည်း မသာဘဲ ရှိနေလိမ့်မည်။
လူကြီး အံ့အားသင့်သွားသည်။ စုမင် ဘာပြောချင်သည်ကို နားမလည်မှန်း ထင်ရှားလေ၏။ ရက်ကွန်းကောင်ကို ခဏကြည့်ပြီး အကြည့်ကို လွှဲဖယ်လိုက်သည်။ ဒါ ဘယ်လိုကြည့်ကြည့် သာမန် ရက်ကွန်းကောင်ပင်။ သူ ဂရုစိုက်ရမည့် အကောင်မျိုး မဟုတ်ပေ။
“စိတ်ကူးပေါက်ပြီး ဖမ်းခဲ့လိုက်တာ။ ကြည့်ပါဦး ... အသက်ရှင်နေတုန်းပဲ”
စုမင်ရဲ့အသံမှာ ရှတပြီး လေးလွန်း၏။ မှောင်ရီဝိုးတဝါးအချိန် တဲထဲတွင် သူ့အသံမှာ ထူးဆန်းနေသည်။
“မင်း ဘာပြောချင်တာလဲ”
လူကြီးက မျက်မှောင်ကြုတ်လိုက်သည်။
“သူအသက်ရှင်နေတုန်းပဲလို့ ပြောတာလေ။ သူ့ကို ကျုပ်ဘာလို့ ဖမ်းလိုက်လဲ သိလား။ အရမ်းစပ်စုနေလို့လေ။ သူကျုပ်နောက်က လိုက်လာတာ တော်တော်ကြာတယ်”
စုမင်က ဘယ်လက်ကို မြှောက်ပြိး ရက်ကွန်းအား ပွတ်သပ်ပေးလိုက်၏။ သို့သော် သူက ဒဏ်ရာများကို ထိမိလိုက်၍ ရက်ကွန်းမှာ တဆတ်ဆတ် တုန်သွားလေသည်။
အော်သံ၊ အီသံပင် မကြားလိုက်။ တစ်ချက်ကလေး တွန့်ပြီး သွေးများ လောင်ကျွမ်းသွားသလို ရက်ကွန်း ခန္ဓာကိုယ်လေးမှာ အနီရောင် မြူများအဖြစ် လွင့်ပျံ့ သွားလေ၏။ လူကြီးမှာ မြင်ကွင်းကို ကြည့်ရင်း ကြက်သေ သေနေသည်။ မျက်စိတမှိတ်အတွင်း ရက်ကွန်းငယ်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားလေ၏။ ထိုနေရာတွင် နီရဲနေသည့် အရိုး အရေများသာ ကျန်ရစ်ခဲ့ရှာ၏။
“အခုတော့ သေရှာပြီ”
စုမင်က ဘယ်လက်နဲ့ အရိုးကို ထိလိုက်ချိန် အရိုးများသည်လည်း ပြာမှုန်များအဖြစ် ပြောင်းသွားကာ လေနှင့်အတူ လွင့်ပျောက်သွားလေတော့သည်။
လူကြီးမှာ အသက်ကို ပြင်းပြင်းရှူရင်း နောက်သို့ အလိုလို ယိုင်သွားသည်။ သူ့မျက်လုံးထဲ အံ့အားသင့်မှုနှင့် အကြောက်တရားမှာ ဖုံးဖိလို့မရနိုင်ပေ။ တစ်ခဏအကြာ ၎င်းက လေးစား ကြောက်ရွံ့နေသည့်ဟန်နှင့် စုမင်ထံ ပြန်လှည့်လာသည်။
“မိုးကျရွှေကိုယ် မာန်စွမ်းအားရှင် ...”
“ဟင်း ...”
စုမင်က နှာခေါင်း တစ်ချက်ရှုံ့လိုက်သည်။ လူကြီးက သူ့ကိုယ်သူ မိတ်ဆက်ရန် ကြိုးစားသော်လည်း စုမင်က စိတ်မရှည်သည့်ဟန်နှင့် လက်ကို ဝှေ့ယမ်းလိုက်၏။
“ခင်ဗျားလက်ထဲက ပစ္စည်း ဘယ်လောက် တန်ကြေးရှိလဲသာ ပြော။ အဲဒီဟာရဲ့ အာနိသင်က ရိုးရှင်းပါတယ်။ ခင်ဗျားလေ့ကျင့်တဲ့ အချိန်မှာ သောက်လိုက်တဲ့ ဆေးဝါးတစ်ခုခုရဲ့ အာနိသင်ကို ဆယ်ဆ တစ်ဆ တိုးပွားစေတယ်။ တခြား မေးခွန်းတွေ အတွက်ကတော့ .... မသိရင်ပိုကောင်းတယ်”
စုမင်က ဖြည်းလေးစွာ ပြောလိုက်၏။
လူကြီးရဲ့ မျက်နှာမှာ ဖြူရော်သွားသည်။ ယခုလေးတင် မြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို ထိတ်လန့်သွားစေသည်။ ထိုလူ့ခန္ဓာကိုယ်တွင် လှည့်လည်နေသည့် ချီစွမ်းအင်ကို တစ်စက်လေးမှ မခံစားမိပေ။ သို့တိုင် သူ့မျက်စိရှေ့တွင် အကောင်လေးကို အမှုန့်ဖြစ်အောင် လုပ်ပစ်ခဲ့လေသည်။
“ဒီဟာက ....”
လူကြီးက လက်ထဲမှ ဆေးလုံးအား အသေအချာကြည့်ပြီး စဉ်းစားနေသည်။
“လူကြီးမင်း ခင်ဗျာ ... ဒီလိုပစ္စည်းမျိုးကို ကျွန်တော့်ဘဝမှာ တစ်ခါမှမမြင်ဖူးလို့ပါ။ ဒီဟာက ...”
လူကြီးက ထစ်ထစ်အအနဲ့ ပြောလိုက်၏။ တခြားသာ မန်ဖောက်သည်များကို သည်အတိုင်း မပြောဖူးသောလည်း ယခု သူ့မျက်စိရှေ့၌ ကြုံလိုက်ရသည့် သွေးပျက်ထိတ်လန့်ဖွယ် အဖြစ်ကြောင့် ရှေ့မှ ပုဂ္ဂိုလ်အား မလေးမစား မဆက်ဆံရဲချေ။
“မင်း အခုစမ်းကြည့်လို့ရတယ်၊၊ ဘာအာနိသင်မှ မဖြစ်ရင် ငါထွက်သွားမယ်။ တကယ်လို့ မင်းတစ်ခုခု အကျိုးခံစားမိရင်တော့ ဈေးညှိကြတာပေါ့”
စုမင်က တည်ငြိမ်စွာပြောရင်း ထိုင်လိုက်သည်။
လူကြီးက စိတ်သက်သာရာရသွားသလို လေပူများကို မှုတ်ထုတ်ပြီး စုမင်၏ စည်းကမ်းချက်ကို တလေးတစား သဘောတူကြောင်း ပြောလိုက်သည်။ ထို့နောက် သူ့ ရင်ဘတ်ထဲမှ ခေါင်းလောင်းတစ်လုံးကို ထုတ်ယူပြီး လှုပ်ခါလိုက်သည်။ ခေါင်းလောင်းသံမှာ တဲထဲ၌ ပျံ့လွင့်သွားလေ၏။
စုမင် မျက်လုံးထဲတွင် စကားနှင့် ဖော်ပြ၍မရနိုင်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ခေါင်းလောင်းကို တစ်ချက် ခိုးကြည့်ပြီး ဝတ်ရုံထဲတွင် ဝှက်ထားသည့် ဘယ်လက်ကို ကျစ်နေအောင် ဆုပ်လိုက်၏။ သူ့ဘယ်လက်ထဲတွင် သွေးကြေပျက်သုဉ်း အနည်းငယ် ကျန်ရှိနေသေးသည်။
***