ဆွေးနွေးညှိနှိုင်းခြင်း....
Vol. 83 Ch. 1143
" ငါ အဲ့ဒါကို သိပြီးသားပါ။ " လင်းယွမ်၏ ပုံရိပ်က အရှင်မိုရှုနှင့် အချိန်သက်ရှိများ၏ ရှေ့တွင် ပေါ်လာသည်။
" ဟုတ်တယ်။ ငါတို့တောင် တစ်ခုခုမှားနေတာကို ခံစားမိရင် နဂါးငွေ့တန်းကလည်း သေချာပေါက် သတိထားမိမှာပဲ။ "
အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက အနည်းငယ် စိတ်အေးသွားကြပြီး စိတ်ဝင်တစားဖြင့် မေးလိုက်ကြသည်။ " နဂါးငွေ့တန်း အနာဂတ် အချိန်အတိုင်းအတာတွေက ဘာလို့ဒီလို ပြောင်းလဲသွားတာလဲ။ "
အချိန်သက်ရှိများအနေဖြင့် အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်သောအချိန်တွင် တစ်ခါတစ်ရံ ဝေဝါးခြင်း သို့မဟုတ် ပုံပျက်ခြင်းများ ရှိတတ်သော်လည်း အားလုံးက ထိုသို့ဖြစ်နေခြင်းမဟုတ်ပေ။ ၎င်းက အနာဂတ်မှာ ရှင်သန်နိုင်စွမ်းမရှိတော့ဘဲ လုံးဝ ပျက်စီးခြင်းထဲသို့ ကျရောက်သွားတော့မည်ကို ဆိုလိုသည်။
" အဲ့ဒါ ငါ့ကြောင့်ပဲ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများ မြင်တွေ့နေရသော မှောင်မိုက်ပြီး ဝေဝါးနေသော အနာဂတ်က မတူညီသော အချိန်လေဟာနယ်မှ လွတ်မြောက်ခြင်းလမ်းစဉ်ကို နီးကပ်နေသော ဒဏ္ဍာရီအချိန်သခင်များဆီမှ လာခြင်းဖြစ်သည်။ ထိုမျှများပြားသော ဒဏ္ဍာရီအချိန်အရှင်သခင်များအပြင် အဆုံးမဲ့မဟာတာအိုစိတ်အသိပါ ပါဝင်နေသောကြောင့် လင်းယွမ်ကိုယ်တိုင်ပင် အနာဂတ်အချိန်အတိုင်းအတာများကို အတိအကျ စောင့်ကြည့်ရန် ခက်ခဲနေသည်။
" မင်းကြောင့်ဟုတ်လား။ " အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက နားမလည်နိုင်ဖြစ်သွားသည်။
" ရောက်ပြီ။ ဒီဒိုင်မန်းရှင်းက နဂါးငွေ့တန်း ပုန်းနေတဲ့ နေရာပဲ။ " ဖရိုဖရဲဟင်းလင်းပြင်၏ အပြင်ဘက်တွင် ကြောက်စရာကောင်းသော တည်ရှိမှု ငါးရာကျော်က ရပ်တန့်လိုက်ကြပြီး ထိုဒိုင်မန်းရှင်းကို စိုက်ကြည့်နေကြသည်။
" တကယ်ကို ထူးခြားတဲ့ နည်းစနစ်ပဲ။ အချိန်အတိုင်းအတာကနေတောင် သီးခြားခွဲထုတ်ထားတယ်။ " ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်က အံ့ဩစွာ ပြောလိုက်သည်။
" ဟုတ်တယ်။ အဆုံးမဲ့မဟာတာအိုစိတ်အသိရဲ့ လမ်းညွှန်မှုသာ မပါရင် ဒီနေရာမှာ ဒိုင်မန်းရှင်းတစ်ခုရှိနေတာကို ငါတို့သိနိုင်မှာမဟုတ်ဘူး။ နဂါးငွေ့တန်းရဲ့ တည်နေရာဆို ပြောစရာတောင် မလိုဘူး။ "
နဂါးငွေ့တန်း အသုံးပြုထားသော နည်းစနစ်ကို မြင်လိုက်ရချိန်တွင် သူတို့အားလုံးပူးပေါင်းလိုက်လျှင်တောင် သတိထားပြီး ဆောင်ရွက်မှရမည်ကို သိသွားကြသည်။ အကယ်၍ သူတို့က ကပ်ဘေးကို ရှုံးနိမ့်သွားလျှင်တောင် ဆုံးရှုံးမှုမှာ ဤနေရာမှ အဓိကတိုက်ခိုက်ရေးခန္ဓာများသာ ဖြစ်ပြီး သူတို့၏ မူလအချိန်လေဟာနယ်များတွင် ရှင်သန်နိုင်မည့်နည်းလမ်းများ ချန်ထားခဲ့ကြသည်။
ကြောက်စရာကောင်းသော တည်ရှိမှုငါးရာကျော်က ဖရိုဖရဲဟင်းလင်းပြင်သို့ ရောက်ရှိလာပြီးနောက် ဖရိုဖရဲဟင်းလင်းပြင်က တဖြည်းဖြည်း ပေါ်လာပြီး လူငယ်တစ်ယောက်က ဖရိုဖရဲဟင်းလင်းပြင်၏ အပြင်ဘက်တွင် ထွက်ပေါ်လာသည်။
" နဂါးငွေ့တန်း " ကြီးမားသော တည်ရှိမှုကြီးက စကားပြောလိုက်သည်။ " အခု ငါတို့ မင်းနဲ့ ဆွေးနွေးဖို့ လာခဲ့တာပဲ။ "
ဖရိုဖရဲဟင်းလင်းပြင်အတွင်း၌ အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက အပြင်ဘက်မှာ ကြောက်စရာကောင်းသော တည်ရှိမှုများကို သတိပြုမိသွားကြသည်။
" အစွမ်းထက်တဲ့ တည်ရှိမှုတွေ အများကြီးပဲ။ "
" အချိန်အရှင်သခင်အဆင့်ကို ကျော်လွန်နေတဲ့ တည်ရှိမှုတွေ။ ငါတို့စောင့်ကြည့်ခဲ့တဲ့ မှောင်မိုက်ပြီး ပြိုလဲနေတဲ့ အချိန်အတိုင်းအတာတွေက သူတို့ကြောင့် ဖြစ်နေတာ ဖြစ်ရမယ်။ " အရှင်မိုရှုက ပြောလိုက်သည်။
" သူတို့က နဂါးငွေ့တန်းအတွက် လာကြတာလား။ " လောဟောက်က ပြောလိုက်သည်။ " သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာကြတာပဲ။ "
သူတို့က မကောင်းသော ရည်ရွယ်ချက်နှင့် လာခဲ့သောကြောင့် အချိန်အတိုင်းအတာများအားလုံးက ပြိုလဲပြီး မှောင်မိုက်သွားခြင်းဖြစ်သည်။
" နဂါးငွေ့တန်းက ဘာလုပ်မလဲ ကြည့်ကြတာပေါ့။ "
" ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က နဂါးငွေ့တန်းဘက်မှာ ရှိနေမှာပဲ။ " အရှင်မိုရှုက ပြောလိုက်သည်။
နှစ်များတစ်လျှောက် သူတို့က လင်းယွမ်ကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။ ယခု လင်းယွမ်က အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ရန်သူက အိမ်တံခါးဝအထိ ရောက်နေချိန်တွင် သူတို့က မည်သို့သော ရွေးချယ်မှု လုပ်ရမည်ကို သိကြသည်။
ဖရိုဖရဲဟင်းလင်းပြင်၏ အပြင်ဘက်တွင် လင်းယွမ်က ကြောက်စရာကောင်းသော တည်ရှိမှုများကို ကြည့်ပြီး ပြုံးလိုက်သည်။ " ဆွေးနွေးဖို့လား။ ဘယ်လိုဆွေးနွေးကြမှာလဲ။ "
လွတ်မြောက်ခြင်းလမ်းစဉ်၏ အဆုံးသတ်နှင့် နီးကပ်နေသူများဖြစ်သောကြောင့် လှုပ်ရှားမှုတိုင်းက အချိန်အတိုင်းအတာများ တစ်ခုပြီးတစ်ခု သက်ရောက်စေနိုင်သည်။ ထို့ကြောင့် လင်းယွမ်က သူတို့နှင့် ရင်ဆိုင်ရမည်ကိုလည်း ကြိုတင်သိရှိခဲ့ခြင်း မရှိပေ။ သို့သော် လင်းယွမ်ကလည်း ဖိအားကို ခံစားနေရသည်။
ထိုကြောက်စရာကောင်းသော တည်ရှိမှုများက အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ တွန်းအားပေးမှုအောက်တွင် သူတို့၏ စွမ်းအားများကို ပြည့်စုံစွာ ပေါင်းစပ်နိုင်ကြသည်။
လင်းယွမ်က စကားပြောနေစဉ် တည်ရှိမှုငါးရာကျော်ကလည်း လင်းယွမ်ကို စောင့်ကြည့်နေကြသည်။ အဆုံးမဲ့မဟာတာအိုစိတ်အသိက ကပ်ဘေးတစ်ခုကို သတ်မှတ်ပြီး သူတို့ကို စုစည်းနိုင်သော ပစ်မှတ်က ဘယ်လိုတည်ရှိမှုလဲဆိုတာ သူတို့က စိတ်ဝင်စားနေကြသည်။
" ထိုးဖောက်မမြင်နိုင်ဘူး။ "
" ငါလဘ်း မမြင်နိုင်ဘူး။ ဒါပေမယ့် နဂါးငွေ့တန်းက ငါတို့နဲ့ တိုက်ရိုက်တိုက်ခိုက်ဖို့ ဝန်လေးနေတဲ့ပုံပဲ။ "
" ဟုတ်တယ်။ သူက ငါတို့နဲ့ ညှိနှိုင်းဖို့ ရည်ရွယ်ချက် ရှိနေတယ်။ "
သူတို့အားလုံးက သက်ပြင်းချလိုက်ကြသည်။ အကယ်၍ ငြိမ်းချမ်းသော နည်းလမ်းနှင့် ဖြေရှင်းနိုင်လျှင် အကောင်းဆုံးရလဒ်ပင် ဖြစ်သည်။
" အဲ့ဒါက အရမ်းရိုးရှင်းပါတယ်။ " အဆုံးမဲ့အလင်းတန်းများ ထုတ်လွှတ်နေသော တည်ရှိမှုက လင်းယွမ်ကို ကြည့်လိုက်သည်။ " နဂါးငွေ့တန်းအနေနဲ့ လွတ်မြောက်ခြင်းလမ်းစဉ် တက်လှမ်းတာကို ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ "
" ဒါက အဆုံးမဲ့မဟာတာအိုစိတ်အသိက သတ်မှတ်လိုက်တဲ့ ကပ်ဘေးပဲ။ နဂါးငွေ့တန်းကသာ လွတ်မြောက်ခြင်းလမ်းစဉ် တက်လှမ်းတာကို ရပ်တန့်ပေးမယ်ဆိုရင် ငါတို့က ဘယ်လိုတန်ဖိုးမျိုးကို ပေးဖို့ အသင့်ပါပဲ။ " အဆုံးမဲ့အလင်းတန်းများနှင့် တည်ရှိမှုများက လေးနက်စွာ ပြောလိုက်သည်။
" ငါသာ ဒီကပ်ဘေးကို ဖြတ်ကျော်နိုင်ရင် အဆုံးမဲ့ကပ်လေးလမ်းစဉ်ကို ပြည့်စုံသွားစေတာနဲ့ ညီမျှတယ်။ ငါသာ လွတ်မြောက်သွားခဲ့ရင် နဂါးငွေ့တန်းကို လွတ်မြောက်နိုင်အောင် အစွမ်းကုန် ကူညီပါမယ်။ "
" မှန်တယ်။ ငါလည်း လွတ်မြောက်ခဲ့ရင် မင်းကို အစွမ်းကုန် ကူညီမယ်။ "
" ငါတို့ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးပါ။ "
သူတို့က တစ်ယောက်ပြီးတစ်ယောက် ကတိများ ပေးလိုက်ကြသည်။ အကယ်၍ ဤကပ်ဘေးကိုသာ အောင်မြင်ခဲ့လျှင် သူတို့ထဲမှ နှစ်ဆယ်လောက်က အဆုံးမဲ့ကပ်ဘေးလမ်းစဉ်ကို ပြည့်စုံအောင် လုပ်နိုင်ကြမည်ဖြစ်သည်။
" မင်းတို့ဆိုလိုတာက ငါ့ရဲ့ ကိုယ်ပိုင်လွတ်မြောက်ခြင်းလမ်းစဉ်ကို စွန့်လွှတ်ပြီး မင်းတို့ကို အခွင့်အရေး ပေးရမယ်ပေါ့ ဟုတ်လား။ " လင်းယွမ်က ထိုတည်ရှိမှုများကို ကြည့်ပြီး ပြုံးလိုက်သည်။
" နဂါးငွေ့တန်း ဒါက ငါတို့ကို အခွင့်အရေးပေးတာမဟုတ်ဘဲ နည်းလမ်းပြောင်းလဲလိုက်တာပဲ။ မင်းကိုယ်တိုင် သေချာပေါက် လွတ်မြောက်နိုင်မည်လို့ အာမခံနိုင်လို့လား။ "
" မှန်တယ်။ တစ်ယောက်တည်း လွတ်မြောက်ဖို့ ကြိုးစားတာနဲ့ လွတ်မြောက်ပြီးသားသူတွေက ကူညီတာ ဘယ်ဟာပိုခက်ခဲမလဲ။ "
" နဂါးငွေ့တန်း မင်းဒါကို သေချာစဉ်းစားဖို့ ငါတို့ မျှော်လင့်ပါတယ်။ မင်းတက်နေတဲ့ လွတ်မြောက်ခြင်းလမ်းစဉ်က မှားနေတာလည်း ဖြစ်နိုင်တာပဲ။ "
ဒဏ္ဍာရီအချိန်အရှင်သခင်အားလုံးက လင်းယွမ်၏ အကျိုးစီးပွားကို ထည့်တွက်သကဲ့သို့ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
" ငါငြင်းလိုက်ရင်ရော။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
လွတ်မြောက်ခြင်းလမ်းစဉ်ကို အခြားသူလက်ထဲကို ထည့်ထားခြင်းက သူ၏ ကံကြမ္မာကို အခြားသူများဆီ ပေးအပ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ အဆုံးမဲ့ကပ်ဘေးက လွတ်မြောက်ခြင်းဆီ ရောက်နိုင်တာလည်း ဖြစ်နိုင်သည်။ လွတ်မြောက်နိုင်သည်ဆိုလျှင်တောင် သူတို့က လွတ်မြောက်သူများ ဖြစ်သွားသောအခါ သူတို့က လင်းယွမ်ကို လိုလိုလားလား ကူညီပါ့မလား မသေချာပေ။
"ငြင်းမယ်ဟုတ်လား။ " အဆုံးမဲ့အလင်းများနှင့် တည်ရှိမှုက တိတ်ဆိတ်သွားသည်။ အခြားသူများကလည်း တိတ်ဆိတ်သွားကြသည်။ သူတို့ပေးခဲ့သော ကတိများက သူတို့၏ အကန့်အသတ်များ ဖြစ်သည်။ အကယ်၍ ၎င်းကိုတောင် ငြင်းပယ်ခဲ့လျှင် ဆွေးနွေးမှုက ဆက်သွားစရာမလိုတော့ပေ။
" ဒါမှမဟုတ် နည်းလမ်း ပြောင်းကြည့်ရအောင်။ မင်းတို့အားလုံး ဒီကပ်ဘေး ရင်ဆိုင်တာကို စွန့်လွှတ်ပြီး ငါ့ကို လွတ်မြောက်ခွင့်ပေးလိုက်။ ငါသာ လွတ်မြောက်ခဲ့ရင် မင်းတို့ကိုလည်း လွတ်မြောက်အောင် ကူညီပေးမယ်။ ဘယ်လိုလဲ။ " လင်းယွမ်က ပြန်ပြောလိုက်သည်။
ထိုစကားကြောင့် အားလုံးက မှင်သက်သွားကြသည်။ သူတို့ကလည်း လင်းယွမ်ကဲ့သို့ စိုးရိမ်မှုများရှိသောကြောင့် ထိုသို့ မလုပ်ချင်ကြပေ။
" မင်းတို့လည်း ငြင်းမှာပဲမဟုတ်လား။ " လင်းယွမ်က ပြုံးလိုက်သည်။
" ဆွေးနွေးတာ အဆင်မပြေဘူးဆိုမှတော့ နဂါးငွေ့တန်း မင်းမှာ တကယ်ပဲ ဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာ ငါတို့ကြည့်ရမှာပေါ့။ " အဆုံးမဲ့အလင်းတန်းများနှင့် တည်ရှိမှုက ပြောလိုက်သည်။ " ငါတို့ရဲ့ လေးစားမှုကို ပြတဲ့အနေနဲ့ ငါတို့အားလုံးပူးပေါင်းပြီး မင်းကို တိုက်ခိုက်မယ်။ "
" မှန်တယ်။ မင်းက ငြင်းမယ်ဆိုရင် ငါတို့က မင်းကိုပဲ ပစ်မှတ်ထားမှာမဟုတ်ဘူး။ မင်းရဲ့ ဆွေးမျိုးတွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကိုပါ ပစ်မှတ်ထားပြီး နည်းလမ်းမျိုးစုံကို အသုံးပြုသွားမယ်။ " ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုက ပြောလိုက်သည်။ အဆုံးမဲ့ခေတ်ကာလများတစ်လျှောက် ကျင့်ကြံအားထုတ်ခဲ့ပြီး ယခု လွတ်မြောက်နိုင်မည့်အခွင့်အရေးက သူတို့ရှေ့တွင် ရှိနေသောကြောင့် ဘာကိုမှစိုးရိမ်ပူပန်နေမည်မဟုတ်ပေ။