အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း ၁၂၅- ခေါင်းနှစ်လုံးမြွေ၏ အစာအဖြစ် မွေးမြူခံထားရသော လူရိုင်းများ။
ရာနှင့်ချီသော လူရိုင်းများမှာ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။
သူတို့သည် ကြွက်တပ်သားများ၊လုပေါင် နှင့် အခြားသူများကို အစာကဲ့သို့ စိုက်ကြည့်နေကြသည်။သို့သော် ကြွက်ဘုရင်ငယ် များကလည်း ထိုလူရိုင်းများကို သူတို့၏ အဓိက သားကောင်များအဖြစ် သတ်မှတ်ထားကြပြီး လူရိုင်းအများစုမှာလည်း ဧရာမ ကြွက်ဘုရင်ငယ်များကိုသာ ကြောက်လန့်တကြား ကြည့်နေမိကြသည်။
လုပေါင် သည် မတ်တပ်ရပ်လိုက်ပြီး အဝေးတွင်ရပ်နေသည့် လူရိုင်းအဘိုးကြီးတစ်ဦးကို ကြည့်ကာ
“ကျွန်တော်ပြောတာ နားလည်လား။”
လူရိုင်းအဘိုးကြီးမှာ လှုပ်ရှားမှုမရှိဘဲ ဘာမှပြန်မပြောပေ။
“မေးနေတယ်လေ”
“တစ်ယောက်ယောက် အသံထွက်နိုင်လား။”
“မင်းတို့တွေ ဥပဒေကို ပေါ်တင်ချိုးဖောက်နေတယ်ဆိုတာ သိလား။”
“ဒါကို ဘယ်လိုကိုင်တွယ်ရမလဲ။သူတို့ဆီမှာ ဥပဒေဆိုတာ ရှိပုံမရဘူး...”
လုပေါင်သည်လည်း ဘယ်လိုကိုင်တွယ်ရမလဲ မသိဖြစ်နေသည်။ဤလူရိုင်းများသည် အခြေခံစကားကိုပင် နားမလည်ကြဘဲ သူတို့၏လက်မောင်းများမှာလည်း အလွန်ရှည်လျားလှသဖြင့် သာမန်လူသားများနှင့် ကွာခြားနေသည်။သူတို့ကိုယ်ပေါ်တွင် အမွှေးအမျှင်များ ဖုံးလွှမ်းနေသဖြင့် တစ်စုံတစ်ယောက်က သူတို့ကို မျောက်ဟု ပြောလျှင်ပင် မည်သူမျှ သံသယဝင်မည်မဟုတ်ပေ။
“ကျွိ...” )
ကျောက်ခဲမင်း က စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။သူ့၏လက်အောက်ငယ်သားများအတွက် လက်စားချေချင်နေပြီဖြစ်၏။ဤလူရိုင်းများက ကြွက်တပ်သား ဆယ်ဂဏန်းကျော်ကို သတ်ခဲ့သည် မဟုတ်ပါလား။ထိုကြွက်များမှာ အားအနည်းဆုံးကောင်များ ဖြစ်သော်လည်း သူ အလွန်ဒေါသထွက်နေမိသည်။
လုပေါင်ပင် ခဏစောင့်ဦးဟု ချော့မော့လိုက်သည်။
ဤလူရိုင်းများက လူသတ်ခဲ့ကြသော်လည်း သူတို့ကို ဘယ်လိုအရေးယူရမလဲ သူ မသိပေ။လူရိုင်းများမှာ ဥပဒေ၏ လက်လှမ်းမမီသော နေရာတွင် ရှိနေသည်။သူတို့ကို သတ်ပစ်ဖို့လည်း မဖြစ်နိုင်သလို မသတ်လျှင်လည်း သူတို့က သူ့ကို သတ်ရန် ကြိုးစားကြလိမ့်မည်။
“အပြင်လူ... သေစမ်းးး”
လူရိုင်းခေါင်းဆောင်က ရုတ်တရက် စကားတစ်ခွန်းကို ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
“မင်း လူစကား ပြောတတ်တာလား။”
“ဘယ်သူသင်ပေးတာလဲ ဒါဆိုရင်တော့...”
သူ နားလည်သွားပုံရသည်။သေဆုံးသွားသူများသည် ချက်ချင်းသေဆုံးခဲ့ခြင်းမဟုတ်ဘဲ ဤနေရာတွင် ခေတ္တနေထိုင်ခဲ့ကြပုံရပြီးဤလူရိုင်းခေါင်းဆောင်မှာ သူတို့ထံမှ လူစကားကို သင်ယူခဲ့ခြင်း ဖြစ်နိုင်သည်။
လူရိုင်းခေါင်းဆောင်က ဘာမှဆက်မပြောတော့ပေ။
“ဝုန်းးး”
“ဝုန်း ဝုန်း”
သူတို့ စတင်တိုက်ခိုက်ကြပြီ။
လူရိုင်းအားလုံးနီးပါးသည် လှံများကို မြှောက်ကာ ပစ်ပေါက်ကြသည်။အရိုးစူးအားလုံးနီးပါးမှာ အသွင်ပြောင်းကျား နှင့် လုပေါင်ထံသို့ ဦးတည်နေသည်။အသွင်ပြောင်းကျား သည် ဘေးကင်းရာသို့ ဝုန်းခနဲ ခုန်ရှောင်လိုက်ပြီး ဒေါသတကြီး နောက်ပြန်ကြည့်လိုက်သည်။သိသာသည်မှာ ထိုကောင်ကြီးလည်း အခု ဒေါသထွက်သွားပြီဖြစ်သည်။
“ဖြတ် ဖြတ်”
လျှပ်စစ်အလင်းတန်းများ ထွက်ပေါ်လာသည်။လုပေါင်၏ မျက်လုံးများ ပြူးသွားရသည်။ အိတ်ထဲတွင် အိပ်နေသော ချီလင်လေးပင် လျှပ်စစ်ဓာတ်ကြောင့် လန့်နိုးသွားကာ ကျောပိုးအိတ်ထဲမှ ခေါင်းပြူထွက်လာပြီး စိတ်တိုတိုဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်တော့သည်။
“အောင်းးး”
(ဘယ်သူ ငါ့ကို လာနှိုးတာလဲ။)
အသွင်ပြောင်းကျား သည် ထိတ်လန့်သွားပြီး ၎င်း၏ လျှပ်စစ်များကို ချက်ချင်း ပြန်သိမ်းလိုက်ကာ သူလုပ်တာ မဟုတ်သလိုလိုနှင့် နေလိုက်သည်။
ချီလင်လေးသည် အလွန်ဒေါသထွက်သွားသဖြင့် သူ၏ ဦးထုပ်လေးပင် ကျွတ်ကျသွားသည်။သူသည် အပြင်သို့ ခုန်ထွက်လာပြီး လုပေါင်၏ လက်ပေါ်တွင် ရပ်ကာ ဟိုဟိုဒီဒီ ကြည့်ပြီးမှ လုပေါင် ကို အော်ဟစ်တိုင်တောလေသည်။အိပ်နေတုန်း တစ်ယောက်ယောက်က သူ့ကို ခိုးတိုက်ခိုက်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။သူ၏ ချစ်စရာ ဦးချိုလေးများကို ပြရင်း ဦးထုပ်လေးတောင် ကျွတ်သွားပြီဟု တိုင်တောနေသေးသည်။
“သူတော်စင်... သူတော်စင်...”
ချီလင်းလေး ကို မြင်လိုက်ရသောအခါ လူရိုင်းအဘိုးကြီး၏ ပုံစံမှာ ချက်ချင်း ပြောင်းလဲသွားသည်။သူသည် တုန်တုန်ရင်ရင်ဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးတိုက်ပူဇော်တော့သည်။အခြားလူရိုင်းများလည်း ထပ်တူလိုက်လုပ်ကြပြီး အားလုံး ဒူးထောက်ကာ ဝတ်ပြုကြတော့သည်။
ဤလုပ်ရပ်ကြောင့်လုပေါင် ကြောင်သွားသည်။
“ဘာတွေဖြစ်နေတာလဲ။”
“အဝူး...”
(ရတနာရှိနေတာပဲ)
ချီလင်းလေးက တောအုပ်အနက်ပိုင်းသို့ ခေါင်းစောင်းပြလိုက်သည်။ထိုနေရာတွင် ရတနာအချို့ ရှိနေသည်ကို သူ အာရုံခံမိနေသည်။
“ဘာရတနာလဲ”
လုပေါင် အလွန်အံ့ဩသွားသည်။ ချီလင်လေးက ရတနာဟု သတ်မှတ်သောအရာမှာ သာမန်ပစ္စည်း မဖြစ်နိုင်ပေ။အတွင်းထဲတွင် ရှေးဟောင်းပစ္စည်း တစ်ခုခု ရှိနေနိုင်မလား။
ဤလူရိုင်းများက သူတို့ကို တစ်ခုခုနှင့် မှားနေသလား သူ မသေချာသော်လည်းလုပေါင် က ချီလင်လေး ကို ချီကာ သူတို့ဘေးမှ ဖြတ်သွားသည့်အခါ မည်သည့်ရန်လိုမှုမှ မပြကြတော့ပေ။ကျောက်ခဲမင်း နှင့် ရှောင်ဟွေ တို့မှာ စိတ်တိုနေကြသော်လည်း လုပေါင် က လက်စားချေခွင့် မပြုသဖြင့် ဘာမှမတတ်နိုင်ဘဲ လုပေါင်နောက်သို့သာ လိုက်လာကြသည်။
Live လွှင့်နေသဖြင့် လုပေါင် မှာ ရွေးချယ်စရာ မရှိပေ။သူသည် ကြွက်တပ်ကြီးကို သုံးပြီး လူရိုင်းတွေကို အကုန်သတ်ခိုင်းလို့ မရပါ။လူရိုင်းများမှာလည်း လူသားများဖြစ်ပြီး သူတို့၏ ပုံမှန်အမဲလိုက်ခြင်း သဘောသာ ဖြစ်သည်။အသတ်ခံရသည့် ခရီးသွားများအတွက်မူ လုပေါင်အနေဖြင့် တရားစီရင်ရန် မသင့်တော်ဟု ခံစားမိသည်။ကမ္ဘာပေါ်တွင် လူရိုင်းမျိုးနွယ်စုများစွာ ရှိပြီး ဤအုပ်စုမှာလည်း တစ်ခုအပါအဝင်သာ ဖြစ်သည်။
တောအုပ်ကြီးမှာ စက်ဆုပ်ဖွယ်ကောင်းပြီး ကြောက်မက်ဖွယ် ကောင်းလှကာ သားရဲတိရစ္ဆာန် အလောင်းများဖြင့် ပြည့်နှက်နေသည်။နီးကပ်လာသည်နှင့်အမျှ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလာသည်။ ဤနေရာရှိ အလောင်းများမှာ တစ်ခုခု၏ တိုက်စားခြင်း ကို ခံထားရသလို ဖြစ်နေသည်။
“ဧရာမ မြွေကြီးပဲ”
‘ဒီမှာ ဧရာမမြွေကြီး ရှိနေတာလား။ ‘
အရေခွံနွှာခံထားရသည်ဟုသူထင်ခဲ့သော ခရီးသွားများမှာလည်း မြွေကြီး၏ မျိုချခြင်းခံရပြီးမှ ပြန်အန်ထုတ်ခြင်း ခံခဲ့ရခြင်း ဖြစ်နိုင်ချေ များသည်။
“အဝူး...”
ချီလင်လေးသည် အဝေးရှိ တောအုပ်တစ်ခုဆီသို့ ဦးတည်ကာ ဟိန်းဟောက်လိုက်သည်။ သူ၏ အသံမှာ နုနယ်သော်လည်း တောအုပ်တစ်ခုလုံးကို လွှမ်းမိုးနိုင်သော အရှိန်အဝါ ပါဝင်နေသည်။တောအုပ်ထဲမှ မြစိမ်းရောင် ခေါင်းကြီးတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။၎င်းမှာ ရေပုံးတစ်ပုံးခန့် ထူသော မြွေခေါင်းကြီး ဖြစ်ပြီး မျက်လုံးများအပါအဝင် တစ်ကိုယ်လုံး မြစိမ်းရောင် ဖြစ်နေသည်။
“အဆိပ်ရှိတဲ့ မြွေကြီးလား။”
အဆိပ်ရှိသော မြွေကြီးများမှာ တကယ်ကို ရှားပါးလှသည်။ထို့နောက် လုပေါင် သည် မိမိမျက်လုံးကို ကိုယ်တိုင်ပင် မယုံနိုင်ဖြစ်သွားသည်။၎င်းမှာ သာမန်မြွေမဟုတ်ဘဲ ခေါင်းနှစ်လုံးမြွေဖြစ်နေသည်။
အနက်ရောင် ခေါင်းကြီးတစ်ခုမှာလည်း ကပ်လျက် ထွက်ပေါ်လာသည်။ခေါင်းတစ်လုံးမှာ အဆိပ်ငွေ့များကို ထုတ်လွှတ်ပြီး နောက်တစ်လုံးမှာ အမည်းရောင် မြူခိုးများကို ထုတ်လွှတ်နေသည်။ခေါင်းနှစ်လုံးမှာ ခန္ဓာကိုယ်တစ်ခုတည်းတွင် ပေါက်နေခြင်း ဖြစ်သည်။
“ရှူး ရှူး ရှူး”
ခေါင်းနှစ်လုံးမြွေသည် ချီလင်လေးကို မြင်သောအခါ ထိတ်လန့်ခြင်းနှင့် တိုက်ခိုက်လိုစိတ် နှစ်ခုစလုံး ဖြစ်ပေါ်နေသည်။ချီလင်လေးကို မျိုချချင်သော်လည်း သွေးမျိုးဆက် ဖိနှိပ်မှုက အလွန်ပြင်းထန်နေခြင်း ဖြစ်သည်။ဤခေါင်းနှစ်လုံးမြွေကြီးမှာ ဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ဉာဏ်ရည်လည်း မနိမ့်ပေ။၎င်းသည် လူရိုင်းများကိုပင် စေခိုင်းနိုင်ပုံရသည်။
လုပေါင် ယခုမှ နားလည်သွားတော့သည်။ ၎င်းသည် အပြင်က အလောင်းများကို အရင်မျိုချပြီးမှ ပြန်အန်ထုတ်ခြင်း ဖြစ်သည်။ဤနည်းဖြင့် ထိုအလောင်းများကို ဆယ်စုနှစ်ချီအောင် မပုပ်မသိုးဘဲ ရှိနေစေရန် ပြုလုပ်ခြင်း ဖြစ်သည်။ သို့သော် ဘာကြောင့် ဤသို့ ပြုလုပ်ရသနည်း။
မြွေကြီး၏ ခန္ဓာကိုယ်ကို ကြည့်ရင်း လုပေါင် နားလည်သွားပုံရသည်။ဤခန္ဓာကိုယ်မျိုးသည် သားကောင်ကို တစ်ကောင်လုံး မျိုချရန် မဖြစ်နိုင်ဘဲ ခန္ဓာကိုယ်တစ်ဝက်ရှိ အစာအိမ်အက်ဆစ်ဖြင့် တိုက်စားရန်သာ အားကိုးရပုံရသည်။ထို့ကြောင့် ရံဖန်ရံခါတွင် ၎င်းသည် သားကောင်များကို ပြန်အန်ထုတ်လေ့ရှိသည်။ပြန်အန်ထုတ်ခံရသမျှ အရာအားလုံးမှာ တိုက်စားခံထားရသော သွေးပျက်ဖွယ် အလောင်းများသာ ဖြစ်နေတော့သည်။
“သတ်လိုက်””
လုပေါင်သည် တရားခံကို ရှာတွေ့သွားပြီဖြစ်၏။သူသည် အသွင်ပြောင်းကျား ကို ချက်ချင်း ပုတ်လိုက်ကာ
“သွား သတ်ပြစ်လိုက်”
အသွင်ပြောင်းကျားသည် ဟိန်းဟောက်ကာ ခေါင်းနှစ်လုံးမြွေထံသို့ မတွန့်မဆုတ် ပြေးဝင်သွားတော့သည်။၎င်း၏ တစ်ကိုယ်လုးတွင် လျှပ်စစ်အလင်းတန်းများ ဖုံးလွှမ်းနေသည်။ လုပေါင် နောက်သို့ လိုက်ပါလာကတည်းက ၎င်းသည် ပိုမိုဉာဏ်ကောင်းပြီး သန်မာလာခဲ့သည်။
“ရှူး...”
ခေါင်းနှစ်လုံးမြွေ၏ ခေါင်းနှစ်လုံးစလုံးမှာလည်း အသွင်ပြောင်းကျား ကို မတွန့်မဆုတ် ပြန်လည်တိုက်ခိုက်ကြတော့သည်။
“အဲ့ဒါ ဘာလဲ။”
လုပေါင် သည် ရွှေရောင် အလင်းပြန်မှုတစ်ခုကို မတော်တဆ မြင်လိုက်ရသည်။သေချာကြည့်လိုက်သောအခါ သူ အံ့အားသင့်သွားရသည်။၎င်းမှာ ရွှေစစ်စစ်ဖြင့် သွန်းလုပ်ထားသော ခေါင်းနှစ်လုံးမြွေ ရွှေရုပ်တု ကြီး ဖြစ်ပြီး အတော်လေးလည်း ကြီးမားသည်။
ဤလူရိုင်းများသည် ရွှေများကို ဟိုးကတည်းက ရှာတွေ့ခဲ့ကြပြီး ဤမိစ္ဆာမြွေကြီးအတွက် ရုပ်တုပြုလုပ်ပေးခဲ့ကြခြင်း ဖြစ်သည်။သူတို့သည် ဤမြွေကြီး၏ အကာအကွယ်ကို ရရှိရန်အတွက် လူရိုင်းတစ်ဦးစီကိုလည်း ပူဇော်လေ့ရှိပုံရသည်။
“ဒီလူရိုင်းတွေဟာ ဒီမြွေကြီးက သူတို့ကို အစာအဖြစ် မွေးမြူထားတယ်ဆိုတာကို သိကြပုံမရဘူး...”
လုပေါင် သည် အဝေးက လူရိုင်းများကို တစ်ချက်ကြည့်လိုက်သည်။ခေါင်းနှစ်လုံးမြွေ ပေါ်လာသည်နှင့် သူတို့မှာ တကယ်ပင် ထိတ်လန့်နေကြသည်။သူတို့မှာ ဤမြွေကြီး မွေးမြူထားသော အထူးအစားအစာများသာ ဖြစ်နေကြသည်။ ဤပြဿနာကို သူတို့ကိုယ်တိုင် သတိမထားမိကြခြင်းသာ ဖြစ်သည်။
အခန်း ၁၂၆- နေရာအနှံ့မှာ ရွှေတွေချည်းပဲ။
အသွင်ပြောင်းကျား နှင့် ခေါင်းနှစ်လုံးမြွေကြီးတို့မှာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ တစ်ကောင်က လျှပ်စစ်အလင်းတန်းများ ဝန်းရံထားပြီး နောက်တစ်ကောင်ကတော့ အဆိပ်ငွေ့များ ဖုံးလွှမ်းနေသည်။
ချီလင်လေးက လုပေါင်ကို မော့ကြည့်ပြီး ဒီခေါင်းနှစ်လုံး မိစ္ဆာကောင်ကို မီးရှို့သတ်လိုက်ရမလားဟု ဟိန်းဟောက်မေးမြန်းနေသည်။
အသွင်ပြောင်းကျား မှာ အရေးနိမ့်ခြင်းမရှိသလို ကြွက်ဘုရင်နှစ်ကောင်လည်း ရှေ့သို့ တိုးဝင်သွားပြီဖြစ်သဖြင့် ချီလင်လေးကို မလိုအပ်ကြောင်း လုပေါင် သိလိုက်သည်။ခေါင်းနှစ်လုံးမြွေမှာ အစွမ်းထက်သော သားရဲတစ်ကောင် ဖြစ်သော်လည်း ကြွက်တပ်ကြီးနှင့် အသွင်ပြောင်းကျား ကို ယှဉ်ရန် ခဲယဉ်းပေလိမ့်မည်။
“မီးမမှုတ်နဲ့ဦး ကြွက်တပ်သားတွေကို ထိကုန်ရင် မကောင်းဘူးလေ။”
လုပေါင် က ချီလင်လေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။သူ၏ အကြည့်များမှာမူ တစ်နေရာရှိ ရွှေရောင် တဖျတ်ဖျတ်တောက်နေသော ခေါင်းနှစ်လုံးမြွေ ရုပ်တုကြီးဆီသို့ အာရုံရောက်နေသည်။
ဤ ကြွက်ဘုရင်ငယ်များမှာ အဆိပ်ဒဏ်ခံနိုင်ရည် အလွန်မြင့်မားသဖြင့် အဆိပ်မိမည်ကို စိုးရိမ်စရာမလိုပေ။အသွင်ပြောင်းကျား နှင့် ကြွက်ဘုရင်ကြီးနှစ်ကောင်၏ ဦးဆောင်မှုအောက်တွင် ကြွက်ဘုရင်ငယ်များမှာလည်း အခွင့်အရေးရသည်နှင့် ဝိုင်းဝန်းကိုက်ခဲကြတော့သည်။
ခေါင်းနှစ်လုံးမြွေကြီး၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ကံမကောင်းသော ကြွက်ဘုရင်ငယ်အချို့မှာ မြွေကြီး၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားသော်လည်း မသေဆုံးကြဘဲ ခဏမျှ ပြန်မထနိုင်ရုံသာ ဖြစ်သည်။
တစ်ချိန်ကျရင် အဖွဲ့လိုက် ကုသပေးနိုင်တဲ့ စွမ်းရည်မျိုး ရလာရင် ကောင်းမှာပဲဟုလုပေါင်းစဉ်းစားမိသည်။
ရွှေရုပ်တုကြီးမှာ ဂူဝတစ်ခုတွင် ရှိနေလေသည်။ထိုဂူထဲမှ ငါးညှီနံ့ကဲ့သို့ အနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် ၎င်းမှာ ခေါင်းနှစ်လုံးမြွေ၏ အသိုက်ဖြစ်ကြောင်း ထင်ရှားသည်။ အသွင်ပြောင်းကျား နှင့် အခြားအကောင်များ အဆင်ပြေနေသည်ကို မြင်ရသဖြင့် လုပေါင်သည် ချီလင်လေး ကို ချီကာ ရွှေရုပ်တုကြီးကို စစ်ဆေးရန် ဝင်သွားလိုက်သည်။
ထိုနေရာတွင် လူရိုင်းများ ပြုလုပ်ထားပုံရသော ရွှေအရည်ကျိုဖို တစ်ခုကိုလည်း တွေ့ရသည်။သေဆုံးသွားသော ခရီးသွားများ ပြင်ဆင်ပေးခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ဖိုဘေးတွင် ရွှေအပိုင်းအစများနှင့် ရွှေတုံးများစွာ ပြန့်ကျဲနေသည်။
“ဒါ ဘယ်လောက်တောင် လေးလိုက်မလဲ။”
ရွှေရုပ်တုကြီးမှာအနည်းဆုံး တစ်တန်ခန့် လေးမည်ဟု လုပေါင်ခန့်မှန်းလိုက်သည်။ ဘေးနားရှိ ရွှေများမှာလည်း ပိဿာပေါင်း ရာနှင့်ချီ ရှိနေနိုင်သည်။ဤသည်မှာ နယ်ခံလူရိုင်းများ စုဆောင်းထားခြင်း ဖြစ်ပုံရသည်။
Live ကြည့်နေသူများမှာမူ ဆွံ့အကုန်ကြပြီ။ ရွှေတုံးတစ်တုံးချင်းစီကပင် သူတို့ဘဝကို ပြောင်းလဲပေးနိုင်သည် မဟုတ်ပါလား။
“ရွှေဈေးတွေ ကျတော့မှာလား။”
“သူ ဒါတွေကို ဘယ်လို သယ်ထုတ်မလဲ။ ဒါပေမဲ့ ရတနာနတ်ဘုရားမှာ ကြွက်တပ်နဲ့ ပုရွက်ဆိတ်တပ် ရှိတာပဲ သယ်ခိုင်းလို့ ရတာပဲ။”
“ဒီရုပ်တုကြီးက ပိဿာပေါင်း ထောင်ချီလေးမှာပဲ။”
မည်သူမဆို မြင်လျှင် မနာလိုဖြစ်ကြမည်မှာ အသေအချာပင်။အခြား ရွှေရှာသူများမှာ တစ်နေ့ကို ရွှေအနည်းငယ်ရဖို့ ရုန်းကန်နေရချိန်တွင် လုပေါင် မှာမူ တန်နှင့်ချီသော ရွှေများကို ပိုင်ဆိုင်နေခြင်းဖြစ်သည်။လုပေါင်ကတော့ ပိုက်ဆံအကြောင်း မတွေးဘဲအလောင်းကောင်ဘုရင်နှစ်ပါးကို အဆင့်မြှင့်တင်နိုင်တော့မည်ဟုသာ တွေးနေမိသည်။
“အဝူး...”
ချီလင်လေး လေးသည် ရွှေရုပ်တုကြီးကို မြင်သောအခါ စိတ်လှုပ်ရှားသွားသည်။သူသည် တောက်ပသော အရာများကို အလွန်နှစ်သက်သည်။သို့သော် ခေါင်းနှစ်လုံးမြွေ ပုံစံကိုတော့ သူ သဘောကျပုံမရပေ။လုပေါင် က ခေါင်းအရွယ်အစားရှိသော ရွှေတုံးကြီးကို ကောက်ယူလိုက်စဉ်မှာပင် ပူပြင်းသော အပူရှိန်တစ်ခု ထွက်ပေါ်လာသည်။
“မလုပ်နဲ့ဦး...”
လုပေါင် ဘာဖြစ်တော့မည်ကို သိသဖြင့် အော်ဟစ်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ရွှေရုပ်တုကြီးမှာ ချီလင် မီးတောက်များဖြင့် ဝန်းရံခံလိုက်ရသည်။ချီလင်လေးက လုပေါင် အော်သံကြောင့် သိချင်စိတ်ဖြင့် လှည့်ကြည့်လာသည်။
“ဝူး...”
“ဘုရားရေ...”
လုပေါင်မှာ ဖင်ထိုင်ရက်ပြုတ်ကျသွားသည်။ ချီလင် မီးတောက်၏ အပူရှိန်ကြောင့် ရွှေရုပ်တုကြီးမှာ မျက်စိရှေ့တွင်တင် အရည်ပျော်သွားတော့သည်။
ထို့နောက် ၎င်းသည် ချီလင်လေး၏ ပုံသဏ္ဌာန်အဖြစ် ဖြည်းဖြည်းချင်း ပြန်လည်အေးခဲသွားသည်။.
‘ကောင်းရော.. ဒီရုပ်တုကတော့ ဒီကောင်လေးအတွက် ဖြစ်သွားပြီ။’
မူလက သန့်စင်မှုအားနည်းသော ရွှေများမှာ ချီလင် မီးတောက်ကြောင့် သန့်စင်သော ရွှေစစ်စစ်များအဖြစ် ပြောင်းလဲသွားသည်။
“ဝူးးးး”
အဝေးမှ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ခေါင်းနှစ်လုံးမြွေကြီးမှာ တစ်ကိုယ်လုံး ကြွက်တပ်သားများဖြင့် ဖုံးလွှမ်းလျက် လူးလိမ့်နေသည်။အခုတော့ ကြွက်ဘုရင်ငယ်တွေတင် မဟုတ်တော့ဘဲ ကြွက်တပ်မတော်ကြီးတစ်ခုလုံး ရောက်လာခြင်း ဖြစ်သည်။
အသွင်ပြောင်းကျား က မြွေကြီး၏ အမြီးကို မြဲမြံစွာ ကိုက်ထားသဖြင့် မြွေကြီးမှာ ထွက်ပြေး၍ မရပေ။ ရှောင်ဟွေနှင့် ရွှေရောင်ကြွက်ဘုရင်တို့ကလည်း မြွေကြီး၏ လည်ပင်းနှင့် ခန္ဓာကိုယ်ကို အားရပါးရ ကိုက်ခဲနေကြသည်။ကြောက်မက်ဖွယ်ကောင်းသော ခေါင်းနှစ်လုံးမြွေကြီးမှာ ဘာမှမတတ်နိုင်တော့ပေ။
တစ်မိနစ်မပြည့်ခင်မှာပင် မြွေကြီးမှာ အသိစိတ်လွတ်ကာ လူးလိမ့်နေတော့သည်။ ၎င်း၏ မာကျောသော အကြေးခွံများမှာ ကြွက်များ၏ ကိုက်ခဲမှုကြောင့် ပျက်စီးကုန်ပြီး အသားများမှာလည်း လျင်မြန်စွာ ပျောက်ကွယ်နေသည်။
“ကျွိ...”
ကြွက်ဘုရင်ငယ်တစ်ကောင်ကမြွေကြီး၏ ဗိုက်ထဲမှ ဖောက်ထွက်လာပြီး လက်သီးဆုပ်အရွယ် သွေးစွန်းနေသော အလုံးလေးတစ်ခုကို လုပေါင် ထံသို့ ယူဆောင်လာသည်။
၎င်းမှာ အမြုတေပင်ဖြစ်သည်။
“အဝူးး”
ချီလင်လေး ပြေးလာပြီး ထိုအလုံးလေးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ကြွက်ဘုရင်ငယ်မှာ ကြောက်လန့်တကြားနှင့် အလုံးလေးကို ချထားခဲ့ပြီး ထွက်ပြေးသွားတော့သည်။
လုပေါင် က ရယ်မောရင်း အလုံးလေးကို ရေဖြင့် ဆေးကြောပေးကာ
“စားချင်ရင်စားလိုက်။”
ချီလင်လေး ကို ပေးလိုက်သည်။ ချီလင်လေးမှာ တစ်လုပ်တည်း မျိုချလိုက်ပြီး သူ၏ ရုပ်တုအသစ်ဆီသို့ ပြန်သွားတော့သည်။ဤ မိစ္ဆာသတ္တဝါ ၏ အမြုတေမှာ ကျင့်ကြံသူများအတွက် အလွန်တန်ဖိုးရှိသည်ကို လုပေါင် မသိသေးပေ။
“ဒါတွေ အကုန်လုံး ငါ့ဟာတွေပဲ။”
လုပေါင် သည် ဤဒေသရှိ မြေအောက်ရွှေအားလုံးကို လာမည့်ရက်အနည်းငယ်အတွင်း အကုန်တူးထုတ်ရန် ဆုံးဖြတ်လိုက်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ခေါင်းနှစ်လုံးမြွေကြီး၏ နေရာတွင် အရိုးစုအချို့သာ ကျန်တော့သည်။လူရိုင်းများမှာလည်း သူတို့ ကိုးကွယ်သော သူတော်စင်မှာ အစားခံလိုက်ရသဖြင့် ဘာလုပ်ရမှန်းမသိ ကြောင်ကြည့်နေကြတော့သည်။
“ရွှေတွေကို ဆက်ရှာကြ”
လုပေါင်ကကြွက်ဘုရင်များကို အမိန့်ပေးလိုက်သည်။လူရိုင်းတွေတောင် ဒီလောက် ရွှေတွေရှာတွေ့ထားတယ်ဆိုရင် ဒီနေရာမှာ ရွှေတွေက တကယ်ကို မခန့်မှန်းနိုင်အောင် ရှိနေမှာ အသေအချာပင်။