← Chapters

သူမနာမည်က ပိုင်လင်း

Vol. 2 Ch. 25

သူမနာမည်က ပိုင်လင်း

Vol. 2 Ch. 25

စုမင် စိတ်လှုပ်ရှားနေသည်။ သူ့ရှေ့တွင် ထိုင်နေသည့်လူကြီး၏ ချီက ‌လေ့ချန်ထက်ပင် မြင့်မား၏။ အနည်းဆုံး သွေးကြောကျောက်သား ကျင့်စဉ် အဆင့်ငါး (သို့မဟုတ်) အဆင့်ခြောက်လောက် ရှိပေလိမ့်မည်။

စုမင်အနေဖြင့် ထိုလူမျိုးကို အနိုင်ရရန် မမျှော်လင့်ပေ။ သူသာ တိုက်ခိုက်လာပါ စုမင် ထွက်ပြေးဖို့ပင် ခက်လိမ့်မည်။ သို့သော် စုမင်မှာ ဒင်္ဂါးပြား အများကြီးတန်သည့် တိမ်လွှာမြက်ပင် အမြောက်အမြားလည်း လိုချင်နေမိပြန်သည်။

ထို့ကြောင့် သူက စွန့်စားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် တောထဲတွင် ယုချီအား သတ်ပြီးကတည်းထဲက သူ့စိတ်များ ဘယ်လိုမှန်းမသိ ပြောင်းလဲသွားခဲ့သည်။ အကြီးအကဲထံမှ ရရှိခဲ့သည့် သားရေစာလိပ်ထဲမှ အသိပညာများက စုမင် ရင်ထဲတွင် ဆေးမင်လို စွဲထင်နေပြီ ဖြစ်၏။

သူ့စိတ်တစ်နေရာက တွေးထားသည်မှာ ရန်သူ၏ ချီစွမ်းအင်ကို မနိုင်ခဲ့လျှင် ရန်သူ တွေဝေအောင် လုပ်နိုင်မည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် သူ့ရန်သူမှာ လက်လွတ်စပယ် ပြုရဲမည် မဟုတ်ပေ။ သူ တဲထဲမဝင်ခင် ရုပ်ဖျက်ခဲ့သည်။ တစ်ဖန် ရက်ကွန်း အကောင်လေးကို သယ်လာခဲ့သည်။ ဒါတွေအားလုံး တစ်ဖက်လူ ထိတ်လန့်သွားစေရန် ဖြစ်သည်။

ကြည့်ရသည်က သူကြံစည်မှန်သမျှ အလုပ်ဖြစ်နေသေးသည်ပုံပင်။ သို့သော် ယခုချိန်ထိ သတိလက်လွတ် မနေရဲသေးပေ။

အမှန်အတိုင်းပြောရလျှင် စိတ်လှုပ်ရှားနေသူမှာ တဲထဲတွင် စုမင် တစ်ယောက်တည်း မဟုတ်ပေ။ လူကြီးမှာ စုမင်ထက်ပင် ပိုစိတ်လှုပ်ရှားနေသေး၏။ သူက ရက်ကွန်းငယ်လေး သေသွားသည့်နေရာကို ခဏခဏကြည့်၏။ ပြာမှုန်တွေမြင်တိုင်း သူ့ရင်တစ်ချက် တုန်သည်။ စိတ်လှုပ်ရှား၍တော့ မဟုတ်၊ ကြောက်နေ၍ ဖြစ်သည်။

လူကြီး၏အမြင်တွင် တစ်ကိုယ်လုံး သားရဲရေခွံ ဝတ်ရုံခြုံထားသူသည် နားလည်ရ ခက်ခဲလွန်းတယ်။ အထူးသဖြင့် အခုနက ထိတ်လန့်စရာ အဖြစ်အပျက်ကြောင့် ဖိအားများ ဖြစ်ပေါ်ခဲ့သည်။ သူခံစားနေရသည့် စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုများက စုမင် စိတ်လှုပ်ရှားနေသည်ထက် အများကြီး ပိုသည်။

ထိုလူမှာ အတွေ့အကြုံ ရင့်ကျက်သည်။ စကားပြော တည်ငြိမ်ပြီး ညှာတာမှု ကင်းမဲ့၏။ တောင်တစ်ခုခုတွင် ပုန်းခိုနေသည့် မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်သာ ဖြစ်ရမည်။ ထိုလူ့၏ ကိုယ်ဟန်အနေအထား၊ ပြောဆိုပုံကို ကြည့်ရသည်က ကြိုးကျောင်း ဆီလျော်သူ ဖြစ်နိုင်ကောင်းသည်။ သို့သော် သူ၏ ထူးထူးဆန်းဆန်းဆေးက ပြောသလောက် စွမ်းမည်ဟုတော့ ကောင်းမယ်တော့ မထင်မိပေ။

လူကြီးမှာ သူ့ဘာသူ အကြောက်တရားထဲ နစ်နေသည်။ အပြင်မှ ခြေသံများ ကြားလိုက်ရ၏။ ထို့နောက် ခန်းဆီးချပ်ကို ဖယ်ပြီး လူတစ်ယောက် ဝင်လာလေသည်။

ထိုသူ့မျက်နှာမှာ ခံစားချက်ကင်းမဲ့နေ၏။ ‌မည်သည့် စကား တစ်ခွန်းမှမဆိုဘဲ တဲထဲကို ဝင်လာသည်။ သူက ဘေးနားတွင်ရပ်ပြီး တစ်ဖက်လပ်နှင့် လူကြီး၏ အမိန့်ကို နာခံရန် စောင့်ဆိုင်းနေ၏။

နောက်တစ်ယောက် ထပ်ဝင်လာချိန်    စုမင် တစ်ချက် ကြည့်လိုက်၏။ ထိုလူ၏ ချီစွမ်းအင်မှာ သိပ်မကောင်းပေ။ စုမင်နှင့် အတူတူသာ ဖြစ်၏။ နှစ်ယောက်စလုံး သွေးကြော ကျောက်သား ကျင့်စဉ် အဆင့်နှစ်ကို ကျင့်ကြံနေကြသူများ ဖြစ်သည်။

“ဒါနဲ့ ဒါကိုစားလိုက်”

တစ်ဖက်လပ်က တွေဝေတွန့်ဆုတ်ခြင်း မရှိဘဲ ဆေးလုံးနှင့်အတူ ဆေးမြစ်တစ်ခုကို တွဲလျက် နောက်မှ ဝင်လာသူကို ပေးလိုက်၏။

နောက်မှဝင်လာသူမှာ ဆေးလုံးနှင့် ဆေးမြစ်ကိုယူပြီး မျက်နှာသေနှင့် တစ်ချက်နှစ်ချက် ကိုက်၍ မျိုချလိုက်၏။ ထို့နောက် တင်ပျဉ်ချိတ် ထိုင်ချ၍ သွေးကြောထဲမှ ချီအား ခန္ဓာကိုယ်အတွင်း လှည့်လည်လိုက်သည်။ မကြာခင် အံ့အားသင့်သလို ဖြစ်သွား၏။ ခဏကြာပြီးနောက် မျက်လုံးများ ဖွင့်လာပြီး တစ်ဖက်လပ်အား ဇဝေဇဝါ ကြည့်လိုက်လေသည်။

“သိသိသာသာ အကျိုးသက်ရောက်မှုတော့ မရှိဘူး။ ဒါပေမဲ့ အဓိက ဝိညာဉ်မြက်ပင်ရဲ့ အာနိသင် တိုးလာတာကို ခံစားမိတယ်၊ တစ်ဆလောက်ပေါ့”

ထိုစကား ကြားသည်နှင့် တစ်ဖက်လပ်မှာ ရင်တွေ တဒုန်းဒုန်း ခုန်လာ၍ မျက်လုံးများကို မှေးထားလိုက်သည်။ ဆေးအစွမ်း တစ်ဆတိုးစေခြင်းသည် မည်သည့် အကျိုးကျေးဇူးရှိကြောင်း သူသိသည်။ ဆေးက သာမန်ဆေးဆိုလျှင် အာနိသင်မှာ သိသာမည် မဟုတ်။ သို့သော် သွေးကြော ကျောက်သား ကျင့်စဉ် အဆင့် (၈) ရှိသည့်လူ သောက်သုံးလျှင်တော့ ဆေးလုံး၏ အာနိသင်မှာ တိုင်းဆမရနိုင်အောင် ဖြစ်သွားမည်။

ဖြစ်နိုင်ချေများကို စဉ်းစားရင်း တစ်ဖက်လပ် ပိုပြီးစိတ်လှုပ်ရှားလာသည်။ သို့သော် အဆင့်မြင့် ဆေးမြစ်ဆေးပင်တွေနှင့် ဆိုရင် တူညီသည့် အကျိုးအာနိသင် ဖြစ်စေမှာလား ဆိုတာ သူ သိပ်မသေချာသေးပေ။

“ကျွန်တော့်ကိုယ်ပေါ်မှာ ဒင်္ဂါးအများကြီး မဆောင်ထားမိတာ နှမြောစရာပဲ”

တစ်ဖက်လပ်က စိတ်လှုပ်ရှားနေသည်ကို ဖုံးကွယ်ပြီး နောက်မှ ဝင်လာသူအား ထွက်သွား ခိုင်းလိုက်သည်။ ထို့နောက် စုမင်ရှေ့တွင် ရိုသေလေးစားမှုအပြည့်နှင့် မတ်တတ်ရပ်၍ ဟန်လုပ်ပြုံးပြလိုက်သည်။

“လူကြီးမင်း ... လူကြီးမင်းရဲ့ ဆေးဟာ သိပ်ကို လျှို့ဝှက်နက်နဲတယ်။ တစ်လုံးအတွက်ကို ကျွန်တော့်ဘက်က ဒင်္ဂါးသုံးဆယ် ပေးပါ့မယ်။ ဘယ်လိုသဘောရပါသလဲ”

သူ စုမင်ကို မစော်ကားရဲပေ။ သူ့အတွက် စုမင်မှာ မိုးကျ‌ရွှေကိုယ် မာန်စွမ်းအားရှင် ဖြစ်သည်။ ယခုလို အစွမ်းထက် ဆေးလုံး ဖော်စပ်နိုင်သူသည် သာမန်မာန်ကျင့်ကြံသူ တစ်ယောက်တော့ မဟုတ်တန်ရာ။

“ပြားသုံးဆယ်တဲ့လား”

ဈေးနှုန်းကြောင့် စုမင် စိတ်လှုပ်ရှားပြီး ရင်ခုန်သွားသော်လည်း အသံကို ပိုပြီး အေးစက်ပစ်လိုက်သည်။

“ဒါကလေ .... လူကြီးမင်း ... ပြားသုံးဆယ်ဟာ ကျွန်တော်ရဲ့ အဆုံးစွန်သော ကမ်းလှမ်းချက်ပါပဲ။ အဆင့်မြင့်ဆေးမြစ်တွေ အတွက်ရော ဒီဆေးလုံးက တူသောအကျိုး ဖြစ်ပေါ်စေမယ်ဆိုတာ မသေချာလို့ပါ”

တစ်ဖက်လပ်က ချက်ချင်း ရှင်းပြသော်လည်း သူပြော၍မှမပြီးခင် စုမင်က စကားဖြတ်လိုက်သည်။

“သောက်ထားရင် ဘာဆေးပဲ‌ သောက်သောက် အကျိုးအာနိသင် တစ်ဆတက်မှာပဲ။ ငါသာ မာန်စွမ်းအားရှင် သွေးကြောမျှင်ကို မဝယ်ချင်ရင် ဒီဟာကို ထုတ်ရောင်းစရာမရှိဘူး”

တစ်ဖက်လပ် စိတ်ထဲတွင် အတော်အကျပ်ရိုက်နေပြီ။ ထို့နောက် အံကြိတ်၍ စုမင်ကို ခေါင်းညိတ်ပြလိုက်သည်။

“လူကြီးမင်းမှာ ဘယ်နှလုံးရှိပါသလဲ”

“အခုနက မင်းတို့စားလိုက်တာအပြင် တစ်ခုကျန်သေးတယ်”

စုမင်က ပြောပြောဆိုဆိုနှင့် ရင်ဘတ်ထဲက ဆေးပုလင်းကို ထုတ်လိုက်၏။ ပုလင်းထဲတွင် မြူမှုန်ထိုးခွဲ တစ်လုံး ရှိနေသည်။

တစ်ဖက်လပ်က စုမင် စကားကြားအပြီး ပထမတစ်လုံးကို ဖြုန်းတီးမိလေခြင်းဟု ရင်နာသွားသည်။ သူတွေဝေနေတုန်း စုမင် ထရပ်လိုက်ပြီး ပုလင်းကို သိမ်းလိုက်လေသည်။ ထို့နောက် စောနက ရက်ကွန်းကောင်ကို ပြာမှုန်များအဖြစ် ပြောင်းလဲလိုက်သည့် လက်ကို မြှောက်လိုက်၏။ သားရဲအရေများ အထပ်ထပ် ကာရံထားသည့် အနောက်မှ စူးရဲစွာ ကြည့်လိုက်၏။ တစ်ဖက်လပ်မှာ စမ်းသပ်မှုလုပ်ရင်း ဆေးတစ်လုံး ဆုံးရှုံးပြီးဖြစ်သည်ကို ချက်ချင်း သတိရသွားပြီး စကားပြောလိုက်သည်။

“လူကြီးမင်း… လူကြီးမင်း…  ဒင်္ဂါး ငါးဆယ်ပေးပါ့မယ်။ ဒါ ကျွန်တော်ပေးနိုင် သလောက် အကုန်ပါပဲ”

စုမင်က သည်နေရာတွင် အကြာကြီး မနေလိုသည့်အတွက် ခပ်ပြတ်ပြတ်ပြောလိုက်၏။

“ကောင်းပြီလေ၊ အခုနက မင်းစားလိုက်တဲ့ တစ်လုံးနဲ့ဆိုရင် အားလုံးပေါင်း ပြားတစ်ရာပေး”

တစ်ဖက်လပ်က တွန့်ဆုတ်တွန့်ဆုတ်နှင့် နောက်ဆုံး ရင်ဘတ်ထဲမှ သားရဲအရေခွံ အိတ်တစ်လုံးကို ထုတ်လိုက်သည်။ ပြီးလျှင် စုမင်ထံ ရိုသေစွာနှင့် ကမ်းပေးလိုက်၏။ အထဲတွင် ငွေရောင် ကျောက်ဒင်္ဂါး နှစ်ပြားပါ၏။

ကျောက်ဒင်္ဂါး တန်ဖိုးကို အရောင်များနှင့် ခွဲခြားထားခြင်း ဖြစ်သည်။ မီးခိုးရောင် တစ်ခုသည် တစ်ပြားတန်ပြီး အနက်ရောင် တစ်ပြားက မီးခိုးရောင် ဒင်္ဂါးဆယ်ပြားနှင့် ညီမျှသည်။ အဖြူရောင်ဆိုပါ တစ်ပြားကို မီးခိုးရောင်ပြားငါးဆယ်နှင့် ညီမျှပြီး ခရမ်းရောင် ဆိုလျှင် မီးခိုးရောင် ပြားတစ်ရာ တိတိ တန်ကြေး ရှိလေသည်။

“ငါ့ကိုအနက်ရောင်ပေး”

စုမင်က အဖြူရောင်နှစ်ပြားကို တစ်ချက်ပဲကြည့်ပြီး ချက်ချင်း ပြောလိုက်သည်။

တစ်ဖက်လပ် ခေတ္တ တွေဝေသွားလေ၏။ ထို့နောက် ဘာမေးခွန်းမှ မမေးတော့ဘဲ အိတ်ထဲမှ အနက်ရောင် ဆယ်ပြားကို ထုတ်ပြီး စုမင်အား ပေးလိုက်လေသည်။

ဒင်္ဂါးပြားကို အိတ်ထဲထည့်ပြီးနောက် စုမင်က ဆေးပုလင်းအား လူကြီးထံ ပစ်ပေးလိုက်၏။ ထို့နောက် လူကြီးအား တစ်ချက်လေးပင် လှည့်မကြည့်တော့ဘဲ ခြင်းတောင်းကို ကောက်ယူပြီး နောက်ကျောတွင်လွယ်၍ ထွက်လာခဲ့သည်။ တဲထဲက ထွက်လာသည်နှင့် စုမင်က အလျင်လိုလို မလုပ်သေး။ ရင်ပြင်ပေါ် ဟိုဟိုဒီဒီ သွားလိုက်သေး၏။ လမင်းနှင့်ကြယ်တာရာများက တောက်ပနေပြီး နေရာတိုင်းတွင် လမ်းမီးများ လင်းနေသည်။ ယခုချိန်ထိ လူအများကြီး ရှိနေတုန်းပင်။ သို့သော် ဒီအချိန်ထိ ဈေးရောင်းသူ အားလုံးမှာ စုမင်လို ဝတ်ဆင်ထားကြသူများ ချည်းပင်။ သူ့နောက် ဘယ်သူမှ လိုက်မလာမှန်း သေချာတော့မှ ရင်ပြင်ဆီ လျှောက်သွားလိုက်သည်။ ထို့နောက် မနက်က တိမ်လွှာမြက်ပင်များ ရောင်းနေသည့် ဈေးသည်ဆီသွားပြီး အပင်ခြောက်ဆယ်ကျော် ဝယ်ပစ်လိုက်၏။ ပြီးသည်နှင့် ပိုလူပြတ်သည့် နေရာသွားပြီး ဝတ်စုံလဲလိုက်သည်။ မြန်မြန်ထွက်လာပြီး လေ့ချန်နှင့် ချိန်းထားသည့် နေရာဆီ လာလေ၏။ လေ့ချန်မှာ ရောက်နှင့်နေပြီး မိုးပေါ် မော့ကြည့်၍ပင် သမ်းဝေနေလေပြီ။ စုမင် ဘာမှမပြောဘဲ လေ့ချန်ကို ကျော်လျှောက်သွား၏။

လေ့ချန်မှ, အံ့ဩသွားသော်လည်း နောက်က လိုက်လာသည်။ နှစ်ယောက်သား တောထဲ တိုးဝင် လိုက်ကြ၏။ တောထဲရောက်သည်နှင့် ပြေးလွှားလိုက်ကြသည်။ စုမင် လမ်းကြောင်းကို ခဏခဏ ပြောင်းသည်။ နောက်တစ်နေ့ မိုးချုပ်သည်အထိ မရပ်မနား ပြေးနေဆဲပင်။ သူ့မျက်နှာမှာ ကြောက်စိတ်ကြောင့် ဖြူဖျော့နေ၏။

လေ့ချန်လည်း ဟောဟဲဆိုက်နေသည်။ သူနားမလည်သော်လည်း ထုတ်မမေးပေ။ စုမင်က ဒင်္ဂါးငါးပြား ပစ်ပေးလိုက်သည့် အချိန်ထိ ထူးထူးခြားခြား ဘာမှမမေးဘဲ နေလေသည်။ ဒင်္ဂါးပြားများကို ဖမ်းဆုပ်လိုက်ချိန်မှ စိတ်လှုပ်ရှားပြီး ရယ်မောလိုက်၏။

ခဏနားပြီး စုမင် မတ်တတ်ရပ်လိုက်သည်။ သူနှင့်လေ့ချန်မှာ မျိုးနွယ်စုဆီ ဦးတည်ပြီး ခရီးဆက်နေကြခြင်း ဖြစ်၏။ သည်တစ်ကြိမ်လည်း လုံးဝမနားဘဲ အရှိန်ပြည့် ပြေးလွှားနေသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့တို့ အရှိန်နှုန်း တိုးလာသည်။ သူ့ချီမှာ လေ့ချန်လောက် မကောင်းလျှင်သာ ရှိမည်၊ အမြန်နှုန်းတွင်တော့ လေ့ချန်ပင် မနည်း အမီလိုက်ရပေမည်။

“ငါဒီတစ်ခါ အချီကြီး မိလိုက်တာပဲ။ ပထမတွေးထားတာက ဆေးလုံးကို ရောင်းမရခဲ့ရင် ငါ့မှာရှိတဲ့ဒင်္ဂါးငါးပြားနဲ့ တိမ်လွှာမြက်ငါးပင် လောက်နဲ့ပဲစမ်းသပ် မလို့ကို။ ဒီလောက်ထိ ချောမွေ့လိမ့်မယ်လို့ မထင်ခဲ့ဘူး”

စုမင် ပြေးလွှားရင်း တွေးတောနေမိသည်။

တစ်ဖက်လပ်လူကြီးက ငါ့ကိုကြောက်သွားပေမဲ့ ငါ သတိလက်လွတ်နေလို့ကတော့ မဖြစ်ဘူး။ မျိုးနွယ်စုဆီ ရောက်အောင် တတ်နိုင်သမျှ အမြန်‌ဆုံး ပြန်ရမယ်။

စုမင် တစ်လမ်းလုံး ဂရုစိုက်သည်။ ရင်ပြင်နှင့် အတော်ဝေးဝေး ရောက်နေပြီ ဖြစ်သည့်တိုင် လမ်းကြောင်းကို ဂရုစိုက်ပြီး ပြောင်းလဲနေတုန်းပင်။ စုမင်က သူ့အတွေ့အကြုံကို အသုံးချပြီး တောလမ်းတစ်လျှောက် ခြေရာလက်ရာများကိုပါ ဖျက်ခဲ့သေး၏။

နေထွက်ပြီဆိုသော်လည်း မွန်းတည့်ချိန် ရောက်ရန် အတော်လိုသေးသည်။ မျိုးနွယ်စုလေးကို လှမ်းမြင်နိုင်တဲ့ အကွာအဝေးသို့ပင် ရောက်လာ၏။ မျိုးနွယ်စုကို မြင်ရမှပဲ စုမင် စိတ်ချနိုင်တော့သည်။ သူ့မျက်နှာမှာ ပြုံးယောင်သန်းလာ၏။

“နောက်ဆုံးတော့ ငါတို့ပြန်ရောက်လာပြီ။ စုမင် ... ပိုင်လင်းကို နဂါးနက်တောင်ကမှန်း ဘယ်လိုသိလဲ ဆိုတာ အခုထိ မင်းငါ့ကို မပြောပြရသေးဘူး”

လေ့ချန်က အသက်ရှူမှန်အောင် မနည်းကြီး ပင့်သက်ရှိုက်နေရသည်။ စုမင် အရှိန်လျော့သွားသည့် အခွင့်အရေးကို ဖမ်းဆုပ်ပြီး သူ့စိတ်ထဲတွင် တအုံ့နွေးနွေး သိလိုသည့် မေးခွန်းကို မေးလိုက်၏။

“ပိုင်လင်း”

အရပ်ရှည်ရှည်နှင့် လှပချောမောသည့် မိန်းကလေး၏ ရုပ်ပုံလွှာကို စုမင် ပြန်မြင်ယောင်လာသည်။ အထူးသဖြင့် သူတို့နှစ်ဦးအား နှာခေါင်းလေးရှုံ့ပြပြီး တောက်ပတဲ့ မျက်ဝန်းများနှင့် စိုက်ကြည့်ခဲ့သည့် အခိုက်အတန့်လေးကို ဖြစ်သည်။ ရိုင်းလျှင်လည်း အရိုင်းဆန်သည့် အလှတရား တစ်မျိုးပင် မဟုတ်လော။

“သူက နဂါးနက်တောင်ကမှန်း ငါမသိပါဘူး”

စုမင် ပြုံးတယ်။ ပိုင်လင်း မိန်းကလေးမှာ စုမင် ငယ်ငယ်ကတည်းမှ ယခုအချိန်ထိ မြင်ဖူးသမျှထဲတွင် အလှဆုံး မိန်းကလေး ဖြစ်သည်။

“မဖြစ်နိုင်ဘူး။ မသိရင် ဘယ်လို ဖြစ်ပြီး မှန်အောင်ပြောနိုင်တာလဲ”

လေ့ချန် အဲဒီအကြောင်းကို စဉ်းစားနေသည်မှာ ကြာပြီ။ သို့တိုင် အဖြေမပေါ်သေး။ ယခု စုမင်က မဖြေချင်သလို လုပ်နေတော့ သူ စိတ်ပျက်သွားသည်။

လေ့ချန်ကို တစ်ချက်ကြည့်ပြီး စုမင် ရယ်လိုက်၏။

“လေ့ချန် မင်းသူ့ကို ကြိုက်လား”

“ပေါက်ကရ”

လေ့ချန်က ခေါင်းကို ခါ’ခါ’စီ’စီ’ ခါယမ်းပြပြီး … လေသံကလေးနှင့် ရေရွတ်လိုက်၏။

“သူက ငါ့အကြိုက်ဖြစ်ဖို့ ပိန်လွန်းတယ်။ ငါက နည်းနည်း ပြည့်ဖြိုးတဲ့ မိန်းကလေး မျိုးကိုကြိုက်တာ”

လေ့ချန် ခေါင်းကုတ်သည်။ ငယ်ငယ်လေးထဲက ကိုယ်ခန္ဓာ ပြည့်ပြည့်ဖြိုးဖြိုး ရှိသည့် မိန်းကလေးမျိုးကို ကြိုက်သည်။ ယခုထိလည်း ထိုအတိုင်းပင်။

စုမင်မှာ ဆက်ပြီးရယ်မောရင်း၊ လေ့ချန်နှင့် ဟာသတွေ ပြောရင်း မျိုးနွယ်စုဆီ ပြေးလွှားနေ၏။ ရဲဘော်ရဲဘက် နှစ်ယောက်၏ အပူအပင်ကင်းသည့် ရယ်သံများက နှင်းတောထဲတွင် ပဲ့တင်ထပ်နေသည်။

“ပိုင်လင်းနောက်က လူသုံးယောက်ရဲ့ မျက်နှာပေါ်မှာ ဆေးခြယ်ထားတာတွေ ရှိတယ်။ ဒီအနီးအနားက မျိုးနွယ်စုတွေထဲမှာ မျက်နှာပေါ် ဆေးခြယ်ရတာ ကြိုက်တာဆိုလို့ နဂါးနက်တောင်က လူတွေပဲရှိတယ်”

မျိုးနွယ်စုနား နီးလာတော့မှ စုမင်က ရယ်မောရင်း လေ့ချန်ကို ပြောလိုက်သည်။

လေ့ချန် သူ့အဖြေကို ကြားသည့်အခါ ရှုံ့မဲ့ပြီးရယ်သည်။ အဖြေက ဒီလောက်အထိ ရိုးရှင်းမည်ဟု မထင်ထားခဲ့ချေ။

စုမင်နှင့်လေ့ချန်တို့နှစ်ဦး မိမိအိမ်များသို့ အသီးသီး ပြန်လာခဲ့ကြ၏။ တိမ်လွှာမြက်ပင်များကို ထုတ်ကြည့်နေသည့် စုမင်၏ မျက်ဝန်းများတွင် မျှော်လင့်ချက်တို့နှင့် လင်းလက်နေ၏။

“တောင်အရပ်ခွဲခွာ .... ဒီဆေးကို ဖော်စပ်ပြီးတာနဲ့ သူ့အကျိုးအာနိသင်လေးက ဘယ်လိုများ ဖြစ်မလဲ။ အကြီးအကဲကတော့ ဒီအတောအတွင်း မျိုးနွယ်စုက မခွာဖို့ပြောထားပေမဲ့ .... ငါမြန်မြန် ပြန်လာဖြစ်မှာပါ။ သိပ်ကြာမယ်တော့ မထင်ပါဘူး”

စုမင်က အချိန်အတော်ကြာ လေးလေးနက်နက် တွေးပြီးမှ ဆုံးဖြတ်ချက် ချလိုက်သည်။

စုမင် ဆုံးဖြတ်ချက် ချလိုက်ချိန် ဟိုးအဝေးတစ်နေရာက မဟူရာတောင် မျိုးနွယ်စုတွင် ကြီးမားသည့် ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။

အကြောင်းရင်းမှာ စုမင် ဖော်စပ်ခဲ့သည့် ဆေးလုံး သူ ထွက်သွားသည်နှင့် တစ်ဖက်လပ်မှာ ရင်တုန်ပန်းတုန် ဖြစ်ပြီး အခြားကုန်သည်အားလုံးကို လက်ခံမတွေ့ဆုံဘဲ ငြင်းလွှတ်လိုက်လေသည်။ တစ်ဖက်လပ်က တွေးရင်း အံကို တင်းတင်း ကြိတ်သည်။ ဆေးလုံးလေးပါသည့် ပုလင်းကိုကိုင်ပြီး ကြီးမားလှသည့် ခရမ်းရောင်တဲကြီးတွင် နေထိုင်သည့် ရင်ပြင်ပိုင်ရှင်ဆီ ခပ်မြန်မြန် ယူဆောင် သွားလေတော့၏။

*****

All Chapters