အခန်း (၇၈၄-၇၈၆)
Vol. 53 Ch. 784-786
အပိုင်း ( ၇၈၄ ) တစ်ခုတည်းသော အစိတ်အပိုင်း
ဒုတိယအကြိမ်မြောက် ဟောပြောပွဲက ဆန်နီအတွက်တော့ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်..။ဒါက အတွေ့အကြုံနည်းတဲ့ နိုးထသူ တွေကို သင်ကြားပေးဖို့ အဆင်သင့်မဖြစ်လို့ မဟုတ်ဘဲ.. သူတို့အားလုံးက ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပြန်ရောက်လာတာနဲ့ ပတ်သက်ပြီး အရမ်း စိတ်လှုပ်ရှားနေကြသလို ၊ မေးခွန်းတွေလည်း အများကြီး မေးနေကြလို့ပါ။
အကယ်ဒမီ တစ်ခုလုံးမှာ ဒီသတင်းနဲ့တင် ဆူညံနေခဲ့တယ်..။
“မာစတာ ဆန်းလပ်စ်... အစ်မတော် ပြောင်းလဲနေတဲ့ ကြယ်ပွင့် နဲ့ တွေ့ပြီးပြီလားဟင်”
“တကယ်ပဲလား.. သူက တက်ရောက်သူ အဆင့်ကို တကယ်ပဲ ရောက်သွားတာလား.."
“ဆရာရော အခု အင်မော်တယ် မီးတောက် ကလန် ထဲကို ဝင်မှာလား..။ ကျွန်တော်တို့လည်း ဝင်လို့ရမလားဟင်.."
ပုံမှန်ဆိုရင်တော့ ဒါက ပြဿနာမဟုတ်ပေမဲ့.. ကံဆိုးတာက ဆန်နီ ရဲ့ အားနည်းချက် ကြောင့် ဘယ်မေးခွန်းကိုမှ ငြင်းပယ်လို့ မရပါဘူး..။ ဒါကြောင့် ကျောင်းသားတွေကို ထိန်းချုပ်ရင်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ပေါက်ကြားမသွားအောင် အချိန်အတော်ပေးလိုက်ရသလို နည်းလမ်းအမျိုးမျိုးလည်း သုံးခဲ့ရပါတယ်..။ နောက်ဆုံးမှာတော့ သူတို့ကို သင်ခန်းစာအပေါ် အာရုံစိုက်လာအောင် အတင်းအကျပ် လုပ်ခဲ့ရတယ်..။
သင်ခန်းစာ ပြီးသွားတဲ့နောက်မှာတော့ သူက စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စအချို့ကို ဖြေရှင်းခဲ့ရသလို.. ဆရာ ဂျူးလီးယက်စ် ဆီကိုလည်း သွားပြီး အဘိုးအိုရဲ့ အလုပ်အချို့ကို ကူညီပေးခဲ့ရပါတယ်..။ သူ့ရဲ့ လက်ထောက်က အိမ်ပြန်ဖို့ အရမ်း စိတ်အားထက်သန်နေတာကို မြင်တော့ အဘိုးအိုက ဆန်နီ ကို အကြာကြီး မထားတော့ဘဲ နားလည်မှုရှိတဲ့ အပြုံးနဲ့ပဲ ပြန်ခွင့်ပေးလာခဲ့တယ်..။
“အာ.. လူငယ်ဘဝဆိုတာ ဒီလိုမျိုးပါပဲ...”
ဆန်နီ ကတော့ တံခါးဆီကို အပြေးအလွှား သွားရင်း မျက်မှောင်ကြုတ်လိုက်မိတယ်..။
‘ဒါက ဘာကို ဆိုလိုတာလဲ..’
ဆန်နီ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ရင်း..အချိန်မဖြုန်းတော့ဘဲ ရထားဘူတာကို အမြန်ဆုံး ရောက်ဖို့ အရိပ်ခြေလှမ်း ကို အသုံးပြုလိုက်ပါတယ်..။ အိမ်အပြန်လမ်းမှာတော့ သူက အတွေးနက်နေခဲ့တယ်..။
သူတို့ရဲ့ ဆက်နွယ်မှုကို စမ်းသပ်လေ့လာခဲ့တဲ့ ညက ပြီးသွားတဲ့နောက်မှာ.. နစ်ဖီ နဲ့ သူက နောက်ထပ် ဘာတွေ လုပ်နိုင်ဦးမလဲဆိုတာကို အရမ်း သိချင်နေခဲ့တယ်..။ ဆန်နီ နားလည်ထားသလောက်တော့.. အရိပ်နှောင်ကြိုး ကြောင့် သူတို့ရဲ့ ဝိဥာဉ်တွေက အစိတ်အပိုင်းတစ်ခုရဲ့ အပိုင်းအစ နှစ်ခုလိုမျိုး ထူးဆန်းစွာ သတ်မှတ်ခံထားရပါတယ်..။ အနည်းဆုံးတော့ သူတို့ရဲ့ စွမ်းရည်တွေနဲ့ ပတ်သက်ရင်ပေါ့..။
ဒါဆိုရင်... သူ အရိပ်ခြေလှမ်း ကို သုံးတဲ့အချိန်မှာ နစ်ဖီ ကိုပါ အရိပ်တွေထဲကနေ တစ်ပါတည်း ခေါ်သွားလို့ ရနိုင်မှာလား..။
တကယ်လို့ သူက သွေးနီရောင်ပွင့်ချပ် လိုမျိုး အဆောင်လက်ဖွဲ့ကို သုံးရင်.. အဲ့ဒီအကျိုးသက်ရောက်မှုက သူမဆီကိုပါ ရောက်သွားမှာလား..။
တကယ်လို့ အဲ့ဒီလိုသာ ဖြစ်ခဲ့ရင်.. သူတို့ ရရှိမယ့် စွမ်းအား မြှင့်တင်မှုက အရင်အတိုင်းပဲ ရှိနေမလား ၊ ဒါမှမဟုတ် နှစ်ယောက်ခွဲလိုက်လို့ အားနည်းသွားမလား..။
သူ့မှာ ဒီလို မေးခွန်းတွေ အများကြီး ရှိနေပြီး.. အဖြေတွေကိုတော့ နောက်ထပ် စမ်းသပ်မှုတွေ လုပ်မှသာ သိနိုင်မှာပါ..။ ဆန်နီ ကတော့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့တယ်..။
ဘာလို့ မလှုပ်ရှားဘဲ နေမှာလဲ..။ သူက သူ့ရဲ့ အားနည်းချက်တွေနဲ့ ပတ်သက်ရင် အမြဲတမ်း မကျေမနပ် ဖြစ်ခဲ့ရတာပါ..။ ပိုပြီး သန်မာတဲ့ နိုးထသူ တွေ ဒါမှမဟုတ် စွမ်းအားကြီးတဲ့ အိပ်မက်ဆိုး သားရဲတွေက သူ့အသက်ကို အချိန်မရွေး အလွယ်တကူ နှုတ်ယူသွားနိုင်တယ်ဆိုတဲ့ အချက်က သူ့ကို နှိပ်စက်နေခဲ့တာပဲ မဟုတ်လား..။ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ပိုအစွမ်းထက်လာစေမယ့် အရာရာတိုင်းက သူ့အတွက်တော့ ဆုလာဘ်တစ်ခုပါပဲ..။ ပြီးတော့ မနေ့ညက ခံစားခဲ့ရတဲ့ စွမ်းအားတွေရဲ့ မှတ်ဉာဏ်ကလည်း သူ့စိတ်ထဲမှာ လတ်ဆတ်နေဆဲပဲ ဖြစ်ပါတယ်..။
ဒါပေမဲ့ တကယ်တမ်း လက်တွေ့ကတော့ ထင်သလောက် မရိုးရှင်းပါဘူး...။
ပထမဆုံးအနေနဲ့.. ဘယ်လို စမ်းသပ်မှုမျိုးမဆို နစ်ဖီ ကို ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရစေမှာပါ..။
ဒုတိယအချက်ကတော့.. ဒီစွမ်းအားတွေအတွက် တန်ဖိုးတစ်ခု ပေးဆပ်ရမယ်ဆိုတာကို သူ မေ့မထားခဲ့ပါဘူး..။
အဲ့ဒီ တန်ဖိုးကတော့ သူ့ရဲ့ လွတ်လပ်ခွင့်ပါပဲ..။
နစ်ဖီ က သူ့ကို စေခိုင်းဖို့အတွက် အရိပ်နှောင်ကြိုး ကို အသုံးမပြုချင်ဘူးလို့ ထင်ရပေမဲ့.. သူမရဲ့ ရည်ရွယ်ချက်ကို သူ လုံးဝတော့ စိတ်မချနိုင်သေးပေ..။ သူတို့ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း မပြောမချင်းပေါ့..။
ဒါပေမဲ့လည်း... သူက အဲ့ဒီအကြောင်းကို အခုထိ မပြောချင်သေးပါဘူး..။ ဘယ်အရာကိုမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုရတာက သူ အလုပ်ချင်ဆုံး အရာပဲ မဟုတ်လား..။
‘နောက်မှပေါ့... နောက်မှပဲ လုပ်ကြရအောင်...’
နစ်ဖီ က အိပ်မက်ဆိုး ထဲက ထွက်လာတာ မကြာသေးပါဘူး..။ ဆန်နီ ကိုယ်တိုင်လည်း တက်ရောက်သူ ဖြစ်ပြီးပြီးချင်း အချိန်အတော်ကြာတဲ့အထိ အကောင်းဆုံး အခြေအနေမှာ ရှိမနေခဲ့ပေ..။
သူမကိုယ်သူမ ပြန်ပြီး တည်ငြိမ်အောင် ထိန်းဖို့အတွက် အချိန်အနည်းငယ် ပေးထားတာက ပိုကောင်းပါတယ်..။
...မကြာခင်မှာပဲ သူက အိမ်နားကို ရောက်လာခဲ့တယ်..။ လုံခြုံရေးစနစ်က သူ့ရဲ့ ဇီဝအချက်အလက်တွေကို အလိုအလျောက် စစ်ဆေးပြီး တံခါးဖွင့်ပေးလိုက်ပါတယ်..။ ဆန်နီ အထဲကို ဝင်လိုက်ပြီး ဖိနပ်ချွတ်လိုက်တယ်..။ ယင်းနောက် သူက ဟိုဒီကြည့်လိုက်တဲ့အခါ မီးဖိုချောင် စားပွဲနားက ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ နစ်ဖီ ကို တွေ့လိုက်ရတယ်..။ သူမက ဆက်သွယ်ရေး ကိရိယာကို ထူးဆန်းစွာပဲ အာရုံစိုက်ကြည့်နေခဲ့ပါတယ်..။ သူမရဲ့ မျက်လုံးတွေက တောက်လောင်နေပြီး.. အချိန်အတော်ကြာအောင် မလှုပ်မယှက် ထိုင်နေခဲ့ပုံပါပဲ..။
သူမက စခရင်ပေါ်မှာ ဖြစ်ပျက်နေတာတွေကို ဘယ်လောက်တောင် အာရုံရောက်နေလဲဆိုရင် သူ ပြန်လာတာကိုတောင် သတိမထားမိပါဘူး..။ နစ်ဖီ က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရုတ်တရက် ပြောလိုက်တယ်..။
“လုပ်စမ်းပါ... နင် လုပ်နိုင်ပါတယ်..။ သူမက တော်ပေမဲ့.. နင်က ပိုတော်တယ်.."
သူ မျက်တောင် အနည်းငယ် ခတ်လိုက်မိတယ်..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ အသံမှာ အခုလို စိတ်အားထက်သန်မှုမျိုးကို ကြားရတာက သူ့အတွက်တော့ မရင်းနှီးလှပါဘူး..။ သူမက ပုံမှန်ဆိုရင် အများကြီး တည်ငြိမ်အေးစက် နေတာပဲ မဟုတ်လား..။ ပြီးတော့ သူမက ဘာကို ဆိုလိုတာလဲ..။ ဘယ်သူက ဘာကို လုပ်နိုင်တာလဲ..။ သူမက ဘယ်သူ့ကို ပိုတော်တယ်လို့ ပြောနေတာလဲ..။
‘အာ.. သူမက တစ်ယောက်တည်း စကားပြောနေတာပဲ ဖြစ်ရမယ်..။ ဒါပေမဲ့ သူမ ဘယ်လို သောက်ကျိုးနဲ တွေကို ကြည့်နေတာလဲ..'
ဆန်နီ က ရှေ့ကို ခြေလှမ်းအနည်းငယ် တိုးသွားပြီး နစ်ဖီ ရဲ့ ပုခုံးပေါ်ကနေ လှမ်းကြည့်လိုက်တယ်..။
သူ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။
စခရင်ပေါ်မှာတော့ အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားသမားတစ်ယောက်က.. ပေါ့ပါးတဲ့ သတ္တုချပ်ဝတ်နဲ့ လှပတဲ့ မျက်နှာဖုံးတစ်ဝက်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တိုက်ခိုက်နေခဲ့ပါတယ်..။ နှင်းဆီပွင့်ချပ်တွေက အပေါ်ကနေ ကြွေကျနေခဲ့ပြီး ခမ်းနားထည်ဝါတဲ့ ကွင်းပြင်ကြီးကို ကော်ဇောပမာ လွှမ်းခြုံထားခဲ့ပါတယ်..။ အနက်ရောင် အိုဒါချီ ဓား နဲ့ သွယ်လျတဲ့ အက်စတော့ ဓားတို့ ထိခတ်မိတဲ့အချိန်မှာတော့ သံမဏိချင်း ထိတွေ့သံတွေက ပတ်ဝန်းကျင်မှာ ပျံ့လွင့်နေခဲ့တယ်..။
‘ခနလေး.. ဒါက... ဒါက ငါ နဲ့ ပျားဘုရင်မ တို့ရဲ့တိုက်ပွဲ မဟုတ်ဘူးလား..’
ဒါက တကယ်ပဲ အမှတ်ရစရာ တိုက်ပွဲတစ်ခုပါ..။သူက အနိုင်ယူနိုင်တယ် ဆိုရုံလောက်သာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။
ဆန်နီ အကြိမ် အနည်းငယ် မျက်တောင် ခတ်လိုက်ရင်း ခနလောက် တိတ်ဆိတ်နေပြီးကာမှ လည်ချောင်းတစ်ချက် ရှင်းလိုက်ပါတယ်..။
“အာ... ဟေး.. ငါ ပြန်ရောက်ပြီ..”
နစ်ဖီ အေးခဲသွားခဲ့တယ်..။ သူမက ဗီဒီယိုကို ခဏရပ်လိုက်ရင်း တွန့်ဆုတ်နေပြီးကာမှ အံ့ဩသွားတဲ့ အမူအရာနဲ့ တဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့ပါတယ်။
“အိုး... ဟေး..”
ဆန်နီ က သူမကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီးမှ အပြုံးလေးနဲ့ မေးလိုက်ပါတယ်..။
“ဘာတွေ ကြည့်နေတာလဲ..”
နစ်ဖီ က ရုတ်တရက် အသိစိတ်ပြန်ဝင်လာပြီး သူမရဲ့ ဆက်သွယ်ရေး ကိရိယာကို ညွှန်ပြလိုက်တယ်..။
“ဒါက... အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ရဲ့ ဗီဒီယိုကို ငါ တွေ့လိုက်လို့လေ..။ နင် ဒီလူအကြောင်း ကြားဖူးလား ၊ မွန်ဂရယ် တဲ့..။သူက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..။ ငါ ကြည့်နေတာ... အာ... သူ့ရဲ့ တိုက်ကွက်တွေကို လေ့လာနေတာ နာရီအတော်ကြာသွားပြီ...”
ဆန်နီ က သူ့ရဲ့ ခေါင်းနောက်ဘက်ကို ကုပ်လိုက်ပြီးမှ တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။
“မွန်ဂရယ် လား..။ အင်း.. သူ့အကြောင်းတော့ အနည်းအကျဉ်း ကြားဖူးပါတယ်..။ အံ့ဩဖို့ကောင်းတယ် လို့ ပြောလိုက်တာလား..။ဘာတွေက အဲ့ဒီလောက်တောင် အံ့ဩဖို့ကောင်းတာလဲဆိုတာ... အသေးစိတ်လေး ပြောပြပါဦး...”
ယင်းနောက် သူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး လေထဲကို အနံ့ခံကြည့်လိုက်တယ်..။
‘ဒါ ဘာနံ့လဲ..။ချီးပဲ.. လေ သန့်စင်တဲ့ စနစ်က ပျက်သွားပြီီလို့တော့ မပြောနဲ့နော်...’
ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက်မှာ အေးခဲသွားခဲ့တယ်..။
သူ့မျက်လုံးတွေက လှုပ်ခတ်သွားခဲ့ပါတယ်။
“ငါ့... ငါ့ရဲ့ ပရိုဂျက်တာ က ဘာဖြစ်သွားတာလဲ.."
ရင်းနှီးပြီးသား ဖြစ်တဲ့ မျက်နှာသေ အမူအရာတစ်ခုက နစ်ဖီ ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။ သူမက ဈေးကြီးတဲ့ ပရိုဂျက်တာ ကို တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။ယင်းနောက် ခနလောက် တွန့်ဆုတ်နေပြီးမှ ဘာမှမဖြစ်သလိုမျိုး ပုခုံးတွန့်ပြလိုက်တယ်..။
“အိုး.. စက်ချို့ယွင်းသွားတာလား..။အဲလိုထင်တာပဲ..။ဘယ်လောက်ထူးဆန်းလိုက်လဲ.."
အပိုင်း ( ၇၈၄ ) ပြီး၏။
အပိုင်း ( ၇၈၅ ) အထီးကျန်ခြင်း
ဆန်နီ ဟာ သူ့ရဲ့ ဖျော်ဖြေရေးစနစ်မှာ ဖြစ်သွားခဲ့တဲ့ ထူးဆန်းတဲ့... စက်ချို့ယွင်းမှုကြောင့် ပျက်စီးသွားတာတွေကို စိတ်ပျက်လက်ပျက်နဲ့ စစ်ဆေးနေချိန်မှာတော့ နစ်ဖီ က ထိုင်ခုံပေါ်ကနေ သူ့ကို တိတ်တဆိတ် ကြည့်နေခဲ့ပါတယ်..။
“အဓိပ္ပာယ်မရှိလိုက်တာ... သွားပြီ.. ပရိုဂျက်တာကတော့ လုံးဝ သွားပြီပဲ..။ ဒါက တကယ် ဈေးကြီးတာနော်.."
ခဏအကြာမှာတော့ သူက စိတ်ပျက်နေတဲ့ မျက်နှာနဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဘက်ကို လှည့်လာခဲ့တယ်။သူ ပါးစပ်ဟလိုက်ပေမဲ့.. ရုတ်တရက် ဇဝေဇဝါဖြစ်သွားကာ..မျက်မှောင်ကြုတ်လိုက်ပါတယ်..။
“နေဦး... အဲ့ဒါ ငါ့အင်္ကျီ မဟုတ်လား”
နစ်ဖီ က ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။
“ငါ့မှာ အဝတ်အစား မရှိဘူး..”
ဆန်နီ က သူမကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီးမှ လက်တစ်ဖက်ကို ဝေ့ယမ်းပြကာ အကြည့်လွှဲလိုက်တယ်..။ သူ ဘာပြောမလို့လဲဆိုတာတောင် မေ့သွားခဲ့ပါပြီ..။
“ထားလိုက်ပါတော့..။ နင် ဝတ်ထားလို့ ရပါတယ်။ ပြီးတော့ နင် လိုအပ်တာမှန်သမျှကိုလည်း ပါဆယ် မှာလို့ ရတာပဲ..။ ငါက အရမ်း ချမ်းသာတဲ့ လုပ်ငန်းရှင် တစ်ယောက်ဆိုတာ နင် သိတယ်မလား.."
သူ ခဏလောက် ရပ်လိုက်ပြီးမှ အနည်းငယ် ရှက်ကိုးရှက်ကန်းနဲ့ ထပ်ပြောလိုက်တယ်..။
“အင်း.. အရင်တုန်းကတော့ ချမ်းသာခဲ့တာပေါ့လေ..။ အခုရက်ပိုင်းတော့ ငါ့ပိုက်ဆံတွေ အကုန်လုံးကို... သုတေသန အတွက်ပဲ သုံးနေရတာ..”
သူမက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီးမှ ရုတ်တရက် ပြောလိုက်ပါတယ်..။
“...နင် စာသင်ပေးနေတဲ့ ကောင်မလေး ဒီကို ရောက်လာခဲ့တယ်..”
‘ဘာ..'
ဆန်နီ က ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း နစ်ဖီ ကို တစ်ချက် ကြည့်ကာ သာမန် လေသံနဲ့ပဲ ပြန်ဖြေလိုက်တယ်..။
“အိုး.. ထူးဆန်းလိုက်တာ..။ ငါတို့ရဲ့ သင်ခန်းစာက နောက်ထပ် ရက်အနည်းငယ် ကြာမှ မဟုတ်ဘူးလား..”
နစ်ဖီ က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ ပြုံးရင်း အကြည့်လွှဲလိုက်တယ်..။
“သူမက ဥာဏ်ကောင်းတဲ့ ကလေးမလေးပဲ..။ နင် သူမကို သင်ပေးနေတာ ငါ ဝမ်းသာပါတယ်..”
သူက သူမရဲ့ အမူအရာကို မျက်မှောင်ကြုတ်ပြီး အကဲခတ်ကြည့်လိုက်တယ်..။
‘အဲ့ဒီ အပြုံးက ဘာကို ဆိုလိုတာလဲ..’
နောက်ဆုံးတော့ ဆန်နီ က ပုခုံးတွန့်လိုက်ပြီး
“အင်း.. ပိုက်ဆံက ပိုက်ဆံပဲလေ..။ ငါ့ရဲ့ သင်ခန်းစာတွေက သိပ်ပြီး ဈေးမချိုဘူး..”
ပြီးတဲ့နောက်မှာတော့ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပျက်စီးသွားတဲ့ ပရိုဂျက်တာ အကြောင်းကို ခေါင်းထဲက ထုတ်ကာ မီးဖိုချောင်ထဲကို လမ်းလျှောက်ဝင်သွားလိုက်ပါတယ်..။
“နင် ဗိုက်ဆာနေပြီလား..။ ငါ တစ်ခုခု ချက်ပေးမယ်..။ ငါ့ရဲ့ ဟင်းချက်စွမ်းရည်က အများကြီး တိုးတက်လာတာနော်..။ နင်လည်း သတိထားမိမှာပါ...”
ဒါက တကယ် ထူးဆန်းတဲ့ အရာတစ်ခုပါပဲ..။ အရင် မေ့ပျောက်ကုန်းမြေ တုန်းကတော့ နစ်ဖီ ကသာ အဖွဲ့ဝင်တွေကို အစားအသောက် ကျွေးမွေးဖို့ တာဝန်ယူခဲ့တာပါ..။ အခုတော့ သူတို့ရဲ့ အခန်းကဏ္ဍတွေက နည်းလမ်းပေါင်းစုံနဲ့ ပြောင်းပြန် ဖြစ်နေခဲ့ပါပြီ..။
သူမက သူမရဲ့ ဆက်သွယ်ရေး ကိရိယာကို ပိတ်လိုက်ပြီး ခပ်အေးအေးပဲ ပြောလိုက်ပါတယ်..။
“စားမယ်လေ..။ ကျေးဇူးပါ..”
ယင်းနောက် ပြောင်းလဲနေတဲ့ ကြယ်ပွင့် က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ထပ်ပြောလိုက်တယ်..။
“အိုး.. ဒါပေမဲ့ ငါ့မှာ အချိန်အများကြီး မရှိဘူး..။ ခနနေရင် အစိုးရ စိတ်ကျန်းမာရေး ဆရာဝန်နဲ့... ဆွေးနွေးဖို့ ရှိသေးတယ်..။ဒါပေါ့ ..အဝေးကနေပဲ ဆွေးနွေးရမှာ..”
ဆန်နီ က သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ ခေါင်းခါလိုက်မိတယ်..။
‘ဒါက တကယ် ထူးဆန်းတာပဲ...’
သူက အချိန်အများကြီး မပေးရမယ့် တစ်ခုခုကို ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ရင်း ရာမန် တစ်ထုပ် ၊ ဟင်းသီးဟင်းရွက် အချို့ ၊ သဘာဝ အသားတစ်တုံးနဲ့ ကြက်ဥ နှစ်လုံးကို ထုတ်လိုက်ပါတယ်..။
“နင့်ဆီကနေ ဒီလို စကားမျိုး ကြားရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး..။စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပေါ့လေ...တကယ်ကြီးလား.."
သူက ရာမန် ကို အိုးထဲထည့်ပြုတ်ဖို့ ပြင်ဆင်ရင်း ထပ်မေးလိုက်တယ်..။
“...အဲ့ဒီလောက်တောင် ဆိုးရွားခဲ့တာလား..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သက်ပြင်းချလိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်တယ်..။ အချိန်အတော်ကြာမှ သူမက ရုတ်တရက် ပြောလာခဲ့ပါတယ်..။
“ဟင့်အင်း.. သိပ်တော့ မဆိုးပါဘူး..”
သူမရဲ့ အသံက ဝေးလွင့်နေသလိုမျိုးနဲ့ အနည်းငယ် ထူးဆန်းနေခဲ့တယ်..။
“တကယ်တော့.. အဲဒီ အိပ်မက် ကမ္ဘာ ထဲမှာ ငါ ခံစားခဲ့ရတာက...”
နစ်ဖီ က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်တယ်..။
“...ပျော်ရွှင်မှုပဲ..”
ဆန်နီ ဟင်းချက်နေတဲ့ အိုးကိုတောင် လွှတ်ချမိမတတ် ဖြစ်သွားခဲ့တယ်..။ ရှိရှိသမျှ အဖြေတွေထဲမှာ သူ ဒီအဖြေကို လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး..။ သူက နစ်ဖီ ကို မယုံကြည်နိုင်တဲ့ အမူအရာနဲ့ ကြည့်ရင်း မေးလိုက်တယ်..။
“ဘာ..။ နင် အခု ပျော်တယ်လို့ ပြောလိုက်တာလား..”
သူမက သက်ပြင်းချပြီး ခေါင်းငြိမ့်ပြလိုက်တယ်..။
“ဒါက နားထောင်လို့ ထူးဆန်းနေမယ်ဆိုတာ ငါ သိပါတယ်..။ ဟုတ်တယ်.. အဲ့ဒီ ငရဲထဲမှာ တစ်ယောက်တည်း သွားလာနေရတာက အရမ်း ပင်ပန်းတယ် ၊ ကြောက်ဖို့ကောင်းတယ် ၊ ပြီးတော့ ခက်ခဲတယ်..။ ငါ အသက်ရှင်မှာ မဟုတ်တော့ဘူးလို့ တွေးခဲ့မိတဲ့ အကြိမ်တွေလည်း အများကြီးပဲ..။ တချို့ အချိန်တွေမှာဆို သေတောင် သေချင်ခဲ့တယ်..။ နာကျင်မှုတွေ ၊ ငတ်မွတ်မှုတွေ ၊ ရေငတ်တာတွေက အရမ်း များလွန်းခဲ့တယ်..။အရမ်း အေးစက်တာတွေ ၊ သည်းမခံနိုင်လောက်အောင် ပူလောင်တာတွေလည်း ရှိခဲ့တယ်..။ ပြီးတော့... တိတ်ဆိတ်လွန်းတာတွေလည်း ရှိခဲ့တယ်..”
သူမရဲ့ မျက်နှာပေါ်မှာ လွမ်းဆွတ်တဲ့ အမူအရာတစ်ခု ဖြည်းဖြည်းချင်း အတည်တကျဖြစ်လာခဲ့ပါတယ်..။
“ဒါပေမဲ့ အဲ့ဒါက အရမ်းလည်း... ရိုးရှင်းတယ်..။ အရမ်းလည်း လွတ်လပ်တယ်..။ ငါ လုပ်ရမှာက လမ်းလျှောက်မယ် ၊ တိုက်ခိုက်မယ် ၊ သတ်မယ်..။ ပြီးတော့ အသက်ရှင်အောင် နေရုံပဲ..။ မလိုအပ်တဲ့ အတွေးတွေအတွက် နေရာမရှိခဲ့ဘူး..။ ငါ ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေလည်း မရှိဘူး..။ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ၊ တာဝန်ယူမှုတွေလည်း မရှိဘူး..။ ငါ ဘယ်က လာသလဲ ၊ ဘယ်ကို သွားနေသလဲဆိုတာကိုလည်း ငါ မှတ်ထားဖို့ မလိုခဲ့ဘူး..။ ဘယ်အရာရဲ့... အစိတ်အပိုင်းမှလည်း ဖြစ်နေဖို့ မလိုခဲ့ဘူး..။ ဒီတိုင်း အိပ်မက်ဆိုး သားရဲတွေ နဲ့ အိပ်မက် ကမ္ဘာ ကို ရင်ဆိုင်နေရတဲ့ ငါ တစ်ယောက်တည်းပဲ ရှိနေခဲ့တာ..”
သူက တိတ်တဆိတ် နားထောင်နေရင်း အဲ့ဒီလို နေထိုင်ရတာက ဘယ်လို ခံစားချက်မျိုး ဖြစ်မလဲဆိုတာကို စိတ်ကူးကြည့်ဖို့ ကြိုးစားနေမိတယ်..။ကောင်းပြီလေ.. သူ အများကြီး စိတ်ကူးကြည့်ဖို့ မလိုပါဘူး..။ သူကိုယ်တိုင်လည်း အမှောင် မြို့တော် ရဲ့ ပျက်စီးနေတဲ့ ဘုရားကျောင်းကြီးထဲမှာ တစ်ယောက်တည်း နေခဲ့တုန်းက အလားတူ ခံစားချက်မျိုး ခံစားခဲ့ရဖူးတာပဲ မဟုတ်လား..။ ဟုတ်ပါတယ်.. အဲ့ဒီတုန်းကလည်း သူက သူ့ကိုယ်တိုင် အပြည့်အဝ မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့....
ဒါပေမဲ့ အဲ့ဒီအချိန်က သူအတွက် အပျော်ရွှင်ဆုံး ဖြစ်ခဲ့ဖူးတာလည်း ဖြစ်နိုင်ပါတယ်..။ အသက်ရှင်ဖို့ လိုအပ်တဲ့ အရာကလွဲရင် ကျန်တာ အကုန်လုံးကို စွန့်လွှတ်လိုက်ရတာက ချမ်းမြေ့စရာ တစ်ခုပါပဲ..။ သူ စွန့်လွှတ်လိုက်ရတဲ့ အရာတွေက သူ့ရဲ့ စိတ်ကျန်းမာရေး ၊ သူ့ရဲ့ အနာဂတ် နဲ့ သူ့ရဲ့ လူသားဆန်မှုတွေ ဖြစ်နေရင်တောင်မှပေါ့...
တစ်ခုရှိတာက သူ့ရဲ့ အထီးကျန်မှုက နစ်ဖီ လို နှစ်နဲ့ချီပြီး မကြာခဲ့သလို.. ပတ်ဝန်းကျင်ကလည်း အဲ့ဒီလောက်အထိ မဆိုးရွားခဲ့ပါဘူး..။
တကယ်လို့သာ သူက ဘုရားကျောင်းကို စွန့်ခွာပြီး ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ ကံဆိုးလှတဲ့ စစ်ဆင်ရေးမှာ မပါဝင်ခဲ့ဘူးဆိုရင် ဘာတွေ ဆက်ဖြစ်သွားမှာလဲ..။
သူမက အောက်ကို ငုံ့ကြည့်လိုက်ပြီး ခပ်အေးအေးပဲ ထပ်ပြောလိုက်တယ်..။
“ငါက တခြား လူသားတွေနဲ့ တကယ် ပတ်သက်နေတယ်လို့ တစ်ခါမှ မခံစားခဲ့ရဘူး..။ ငါက အမြဲတမ်း... သူစိမ်း တစ်ယောက်လိုပဲ ဖြစ်နေခဲ့တာ ထင်တယ်..။ အဲဒီ အိပ်မက် ကမ္ဘာ ထဲမှာ အိပ်မက်ဆိုး သားရဲတွေပဲ ဝန်းရံနေတဲ့ အချိန်မှာ.. ဒီ ပတ်သက်မှုက ပိုပြီးတော့တောင် စိတ်ကူးယဉ်ဆန်သွားခဲ့တယ်..။ တစ်ခါတလေကျရင် အဲ့ဒီ ခြောက်ကပ်နေတဲ့ ငရဲခန်းကလွဲရင် ကျန်တဲ့ အရာအားလုံးက ခဏတာ အိပ်မက်လိုမျိုး... ငါ စိတ်ကူးယဉ်ထားတဲ့ ထူးဆန်းတဲ့ အထင်အမြင်မှားမှု တစ်ခုလိုမျိုးတောင် ခံစားခဲ့ရတယ်..။ အိပ်မက် ကမ္ဘာ က...ငါ့အတွက် ပိုပြီး အစစ်အမှန် ဖြစ်နေသလိုပဲ..။ အဲ့ဒီနေရာက ငါနဲ့ ထိုက်တန်တဲ့ နေရာတစ်ခုလို ခံစားရတယ်..။ ငါ့လိုမျိုး တခြား မိစ္ဆာတွေနဲ့ အတူတူပေါ့...”
သူမက သက်ပြင်းချလိုက်ပြီး သူ့ကို ကြည့်ကာ ထပ်ပြောလိုက်ပါတယ်..။
“ဒီတော့ ဒါကြောင့်ပဲ ငါက ဆွေးနွေးမှု ခံယူဖို့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တာ..။ဒါက ငါ့အနေနဲ့ နုနယ်နေလို့ ၊ ဒါမှမဟုတ် ပြိုလဲတော့မယ့် အခြေအနေ ရောက်နေလို့ မဟုတ်ပါဘူး..။ ငါ့မှာ ကျန်ရှိနေသေးတဲ့ အနည်းငယ်သော လူသားဆန်မှုကို ဆုံးရှုံးသွားမှာ ကြောက်လို့ပဲ..။ အဲဒီအရာက အစကတည်းက ငါ့မှာ အများကြီး ရှိမနေခဲ့ဘူးလေ..”
နစ်ဖီ စကားပြောပြီးသွားတဲ့နောက်မှာ ဆန်နီ က သူမကို အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ခေါင်းခါလိုက်မိတယ်..။
‘နစ်ဖီ ဒီလောက် အများကြီး စကားပြောတာ တစ်ခါမှ မကြားဖူးဘူး ထင်တယ်...’
ပွက်ပွက်ဆူနေတဲ့ ရေထဲကို ရာမန် ထည့်လိုက်ရင်း သူက သူမကို မျက်မှောင်ကြုတ်ပြီး တစ်ချက် ကြည့်လိုက်တယ်..။
“ကောင်းပြီလေ.. နင် အဲ့ဒီလို ပြောမှတော့.. ဆွေးနွေးမှု အနည်းငယ် လုပ်တာက နင့်အတွက် ကောင်းမှာပါ..။ ဒါပေမဲ့...အခုချိန်မှာ ငါ နင့်ကို သံသယဖြစ်စရာ မလိုအောင် ပြောနိုင်တာကတော့ နင်ဟာ အိပ်မက်ဆိုး သားရဲ တစ်ကောင် မဟုတ်ဘူးဆိုတာပဲ..။ နင်က သွေးနဲ့ အသားနဲ့ လူသားတစ်ယောက်ပါ..။ ငါ့ကို ယုံကြည်လိုက်.. ငါ သိတယ်..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ မျက်နှာပေါ်မှာ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။
“ဒီလို ပြောပေးလို့ ကျေးဇူးတင်ပါတယ်..”
ဆန်နီ က သူမကို ရယ်ချင်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး ပြုံးလိုက်တယ်..။
“နင် နားမလည်သေးဘူး ထင်တယ်..။ ငါက နင့်ကို လူသားတစ်ယောက်လို့ သတ်မှတ်လို့ ၊ ဒါမှမဟုတ် လူသားတစ်ယောက်လို့ ခံစားရလို့ ဒီလို ပြောနေတာ မဟုတ်ဘူး..။ ဒါမှမဟုတ် နင် လူသားတစ်ယောက်လို့ ငါ ယုံကြည်နေလို့လည်း မဟုတ်ဘူး..။ ဒါက အချက်အလက် တစ်ခုဖြစ်နေလို့ပဲ..”
သူက သူ့မျက်လုံးတွေကို ညွှန်ပြလိုက်တယ်..။
“ငါ့မှာ အထူးမျက်လုံးတွေ ရှိတယ်လေ ၊ မှတ်မိလား..။ ငါ့ရဲ့ အဲ့ဒီ စွမ်းရည် ကနေ သိတာပေါ့..။ လူတွေရဲ့ အတွင်းပိုင်းက ဘယ်လိုရှိသလဲ ၊ အိပ်မက်ဆိုး သားရဲတွေရဲ့ အတွင်းပိုင်းက ဘယ်လိုရှိသလဲဆိုတာကို ငါ မြင်နေရတယ်..”
သူက နစ်ဖီ့ ရဲ့ ဝိဥာဉ်ထဲကို လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့.. အထဲမှာ တောက်လောင်နေတဲ့၊ အင်မတန် တောက်ပတဲ့ နေလုံး ငါးစင်းရဲ့ အလင်းရောင်ကြောင့် မျက်စိတောင် ကျိန်းသွားခဲ့ရပါတယ်..။ဒီနေရာမှာ ပျက်ပြားခြင်းအဆင့် မိစ္ဆာတွေရဲ့ ဝိဥာဉ်ထဲမှာ ကိန်းအောင်းနေတတ်တဲ့ စက်ဆုပ်ဖွယ် အမှောင်ထုရဲ့ အရိပ်အယောင်မျိုး လုံးဝ ရှိမနေခဲ့ပါဘူး..။
ဒယ်အိုးအစွန်းမှာ ကြက်ဥတစ်လုံးကို ခွဲလိုက်ရင်း သူက သူမကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်တယ်..။
“...နင်ကို ကြည့်ရတာ အိပ်မက်ဆိုး သားရဲ တစ်ကောင်နဲ့ လုံးဝ မတူဘူး.. ဒါပါပဲ..”
အပိုင်း ( ၇၈၅ ) ပြီး၏။
အပိုင်း ( ၇၈၆ ) အသက်သွေးကြော
မကြာခင်မှာပဲ.. အငွေ့တွေ တထောင်းထောင်း
ထနေတဲ့ အရသာရှိတဲ့ ရာမန် နှစ်ပွဲက သူတို့ရှေ့က စားပွဲပေါ်ကို ရောက်ရှိလာခဲ့တယ်..။
ဆန်နီ ဟာ သူ့ရဲ့ ရာမန်ကို မြည်းစမ်းဖို့ ဘယ်သူ့ကိုမှ မဖိတ်ခေါ်ဖူးပေမဲ့.. အခု ထွက်လာတဲ့ ရလဒ်ကိုတော့ အတော်လေး သဘောကျနေခဲ့ပါတယ်..။
ဆီသွပ် အစားအသောက်တွေပဲ စားခဲ့ရတဲ့ သူ့ရဲ့ အတိတ်က အရမ်းကို ဝေးကွာသွားခဲ့ပြီမို့.. သူ ဒီအကြောင်းကို ပြန်တောင် မတွေးချင်တော့ပါဘူး..။
နှစ်ယောက်လုံး အားပါးတရ စားသောက်ခဲ့ကြပြီး စံချိန်တင် အချိန်အတွင်းမှာပဲ ကုန်သွားခဲ့ကြတယ်..။ ဆန်နီ ဟာ မွှေးကြိုင်နေတဲ့ ဟင်းရည် နောက်ဆုံးလက်ကျန်ကို သောက်လိုက်ပြီး ကျေနပ်အားရစွာနဲ့ သက်ပြင်းချလိုက်တယ်..။ နစ်ဖီ က အနည်းငယ် ဟန်ဆောင်ကောင်းပေမဲ့ သူမလည်း အရမ်းကို အားရကျေနပ်သွားတယ်ဆိုတာကို သူ ခံစားနေရပါတယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ပန်းကန်ကို ဘေးဖယ်ထားလိုက်ပြီး သူ့ကို အနည်းငယ် ပြုံးကာ ကြည့်လိုက်တယ်..။ သူမရဲ့ မျက်နှာပေါ်မှာ တွန့်ဆုတ်နေတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။
ခဏအကြာမှာတော့ သူမက ရုတ်တရက် ပြောလာခဲ့တယ်..။
“ဒါက ထားလိုက်ဦး... ငါ လမ်းပျောက်ပြီး အိပ်မက် ကမ္ဘာ ထဲမှာ လှည့်လည်နေရင်း.. လူသားတစ်ယောက် ဖြစ်ရတာ ဘယ်လို ခံစားချက်မျိုးလဲဆိုတာကို ဖြည်းဖြည်းချင်း မေ့လျော့နေတဲ့ အချိန်မှာ.. ငါ့ရဲ့ အရင်ဘဝက အိပ်မက်တစ်ခုသက်သက် မဟုတ်ဘူးဆိုတာကို သတိပေးနေတဲ့ အရာတစ်ခုကို ငါ အမြဲဆုပ်ကိုင်ထားခဲ့တယ်..။ အဲ့ဒါက ဘာလဲဆိုတာ နင် သိလား..”
ဆန်နီ ခဏလောက် တွေးကြည့်ပြီးမှ ပုခုံးတွန့်ပြလိုက်ပါတယ်..။
“ငါ မပြောတတ်ဘူး..။ မှတ်သားမူ တစ်ခုခုလား..။ နင့်ရဲ့ ဓား... အိပ်မက်ဓား လား..”
သူမက ခဏလောက် ငြိမ်သက်နေပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ပါတယ်..။
“ဟင့်အင်း.. အဲ့ဒါက... နင်ပဲ..”
ဆန်နီ အံ့ဩသွားပြီး သူမကို စိုက်ကြည့်နေမိတယ်..။
“ဟင်.”
နစ်ဖီ အနည်းငယ် ပြုံးလိုက်ပါတယ်..။
“နင့်ရဲ့ ရူးနစ် စာလုံးတွေလေ..။ နင် ၊ ကတ်စီ နဲ့တခြားသူတွေဆီမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို ငါ အတိအကျ မသိနိုင်ပေမဲ့.. အဲ့ဒီ
ရူးစ်နစ် စာလုံးတွေကတစ်ဆင့် နင်နဲ့ ဆက်နွယ်နေတယ်လို့ ခံစားနေခဲ့ရတယ်..။ နင် အပြင်မှာ ရှိနေသေးတယ် ၊ အသက်ရှင်နေတယ် ၊ ပြီးတော့ အံ့ဩစရာကောင်းတဲ့ အရာတွေကို လုပ်နေတယ်ဆိုတာကို ငါ မြင်နေရတယ်လေ..။ နင် ရရှိခဲ့တဲ့ မှတ်သားမူ အသစ်တွေက နင် ဘယ်လို ရန်သူမျိုးတွေကို တိုက်ခိုက်ခဲ့သလဲဆိုတာကို ငါ့ကို ပြောပြနေသလိုပဲ..။ နင့်ရဲ့စွမ်းအားတွေ တိုးတက်လာတဲ့ အရှိန်အဟုန်ကလည်း နင့်အနေနဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ဘယ်လောက်တောင် ကြိုးစားနေသလဲဆိုတာကို ငါ့ကို ပြောပြနေခဲ့တယ်..။ အဲ့ဒီ ရူးစ်နစ် စာလုံးတွေကို မြင်နေရသရွေ့ ငါ့ရဲ့ အတိတ်က စိတ်ကူးယဉ်မှု မဟုတ်ဘူးဆိုတာ ငါ သိနေခဲ့တယ်... ပြီးတော့ အထီးကျန်တယ်လို့လည်း သိပ်မခံစားရတော့ဘူး..”
သူမက ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ထပ်ပြောလိုက်တယ်..။
“ငါ ပျင်းနေတဲ့ အချိန်တွေမှာဆိုရင်.. နင် ရုတ်တရက် အမြုတေ အပိုင်းအစတွေ အများကြီး ရသွားအောင် ဘာတွေ ဖြစ်ခဲ့တာလဲ ၊ မှတ်သားမူ လက်ဆောင်ပေးခဲ့တဲ့ အိပ်မက်ဆိုး သားရဲ က ဘယ်လို ပုံစံမျိုးလဲ ၊ နင် သူ့ကို ဘယ်လို အနိုင်ယူခဲ့တာလဲ ဆိုတာတွေကို စိတ်ကူးကြည့်ရတာ ဝါသနာပါခဲ့တယ်..။ အဲ့ဒီလို အရာမျိုးတွေပေါ့..။ အိုး ပြီးတော့... ငါက မကြာခနဆိုသလို ပျင်းနေတတ်တယ်လေ..။ ငါ့ရဲ့ ခရီးစဉ်က အခက်အခဲတွေနဲ့ ကြောက်စရာတွေ ပြည့်နေတတ်ပေမဲ့.. တစ်ခါတလေကျရင်လည်း ပျင်းစရာကောင်းလောက်အောင် တစ်သမတ်တည်း ဖြစ်နေတတ်တယ်..။ အဲ့ဒီတော့... ဒါက ငါ့ကိုယ်ငါ ဖျော်ဖြေဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲလေ..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို ကြည့်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းနေကာမှ ပြောလိုက်ပါတယ်..။
“ဒါက နင် တမင်တကာ လုပ်ပေးခဲ့တဲ့ အရာမဟုတ်ဘူးဆိုတာ ငါ သိပါတယ်..။ ဒါပေမဲ့လည်း... ငါ ကျေးဇူးတင်တယ်လို့ ပြောချင်နေတုန်းပဲ..။ နင် ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ ဆန်နီ..။ နင်က ငါ့ကို ဆက်ပြီး လျှောက်လှမ်းနိုင်အောင် ခွန်အားပေးခဲ့တာ..။ အဲ့ဒါကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..”
သူက သူမကို စိုက်ကြည့်နေမိရင်း ရုတ်တရက် အနေခက်သလို ခံစားလိုက်ရတယ်..။ ယင်းနောက် သူက ရှက်ရွံ့စွာ အကြည့်လွှဲလိုက်ပြီး လည်ချောင်းတစ်ချက် ရှင်းလိုက်ပါတယ်..။
“နင်... နင် တကယ်ပဲ ဆွေးနွေးမှု မခံယူရသေးတာ သေချာရဲ့လား..။ ဆိုလိုတာက.. ဒီလိုတွေပြောနေတာက နင်နဲ့ လုံးဝ မတူဘူး..။ အရမ်းကို... အင်း... တရားရနေသလိုပဲ..။ ဘာပဲဖြစ်ဖြစ်... ရပါတယ်.အဲလိုထင်တာပဲ..”
နစ်ဖီ က ပြုံးနေပေမဲ့ ဘာမှ ပြန်မပြောခဲ့ပါဘူး..။
ဆန်နီ ခဏလောက် တိတ်ဆိတ်နေပြီးမှ သူ့ကိုယ်သူ အားတင်းကာ ပြောလိုက်တယ်..။
“...တကယ်တော့.. ငါလည်း နင့်ရဲ့ ရူးစ်နစ် စာလုံးတွေကို ကြည့်ပြီး အချိန်အတော်များများ ကုန်ဆုံးခဲ့တာပဲ..”
သူက ကြမ်းပြင်ကို ငုံ့ကြည့်လိုက်တယ်..။
“ဒါပေါ့.. ငါက နင်လိုမျိုး အထီးကျန်ပြီး ရူးမတတ် ဖြစ်နေခဲ့တာမျိုးတော့ မဟုတ်ဘူးပေါ့..။ ကောင်းပြီလေ... အောက်ခြေမရှိတဲ့ ချောက်နက်ကြီးထဲကို တစ်ယောက်တည်း ပြုတ်ကျနေခဲ့တဲ့ ခဏတာ အချိန်လေးကို ချန်ထားရင်ပေါ့..။ ဒါပေမဲ့ အဓိက အချက်ကတော့... အမှန်အတိုင်း ပြောရရင်.. နင်က ငါ့ထက် အများကြီး ရှေ့ရောက်နေတာကို ငါ... ငါ... သဘောမကျဘူး..။ နင် ဝိဥာဉ် အပိုင်းအစ တစ်ခု ရတိုင်းမှာ.. ငါက နှစ်ခု ရအောင် ကြိုးစားဖို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းခဲ့တယ်..။ နင် ပိုသန်မာလာလေလေ.. ငါလည်း ပိုပြီး သန်မာချင်လာလေလေပဲ..။ ငါ ရရှိခဲ့တဲ့ အရာတွေရဲ့ အစိတ်အပိုင်း တော်တော်များများက... နင့်ကြောင့်ပဲ..။ ငါ ထင်တာတော့.. နင်ကလည်း ငါ့ကို ဆက်ပြီး လျှောက်လှမ်းနိုင်အောင် လုပ်ပေးခဲ့တာပဲ..။ တစ်နည်းအားဖြင့်ပေါ့လေ..”
သူ တိတ်သွားပြီးမှ နစ်ဖီ ကို အနည်းငယ် ခါးသက်တဲ့ အမူအရာနဲ့ လှမ်းကြည့်လိုက်တယ်..။
“ဒါပေါ့.. ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား.. နင့်ကို မှီအောင် လိုက်လို့ မရခဲ့ဘူး..။ငါက အမြဲတမ်းပဲ နောက်ကျနေခဲ့တာ..။ အဲဒီ ခံစားချက်က လုံးဝ မကောင်းဘူး..။ ဒါပေမဲ့ အဲ့ဒါကပဲ ငါ့ကို ပိုပြီး ကြိုးစားလာအောင် တွန်းအားပေးခဲ့တာ ဖြစ်ရမယ်..”
သူမက သူ့မျက်နှာကို စက္ကန့်အနည်းငယ်လောက် အကဲခတ်နေပြီးမှ ခေါင်းခါလိုက်ပါတယ်..။
“ဝိဥာဉ် အပိုင်းအစတွေ ရဖို့က ငါ့အတွက် အများကြီး ပိုလွယ်တာ နင် သိသားပဲ..။ ငါက နင့်ထက် ရှေ့ရောက်နေသေးတယ် ဆိုပေမဲ့.. နင် တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့တဲ့ အိပ်မက်ဆိုး သားရဲ တွေက ငါ့ထက် အများကြီး ပိုများလိမ့်မယ်လို့ ငါ ယူဆတယ်..။ တကယ်တော့.. နင်ကတောင် ပိုပြီးသတ်ခဲ့တယ်ဆိုတာ ငါ သိတယ်..”
ဆန်နီ က ပြုံးလိုက်တယ်..။
“ဘယ်သူက ဂရုစိုက်မှာလဲ..။ ဒါက ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်ပေးတဲ့ ပြိုင်ပွဲမှ မဟုတ်တာ..။ ရလဒ်တွေကပဲ အရေးကြီးတယ်..။ နောက်ဆုံးမှာတော့.. လူတစ်ယောက်က သန်မာရင် သန်မာမယ် ၊ ဒါမှမဟုတ် အားနည်းရင် အားနည်းမယ်..။ သန်မာတဲ့သူတွေက အားနည်းတဲ့သူတွေကို အမြဲတမ်း နင်းခြေသွားမှာပဲ..။ ကမ္ဘာကြီးက အဲ့ဒီလို လည်ပတ်နေတာ မဟုတ်ဘူးလား..”
နစ်ဖီ က အောက်ကို ငုံ့ကြည့်လိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ပါတယ်..။
“နင် မှားနေပြီ ထင်တယ်..။ ရလဒ်တွေက အရေးကြီးတာ မှန်ပေမဲ့.. အဲ့ဒီကို ဘယ်လို ရောက်လာသလဲ ဆိုတာကလည်း အရေးမကြီးဘူးလို့ မဆိုလိုဘူးလေ..။ နင် ရရှိတဲ့ အောင်ပွဲတိုင်းက နင့်ကို သင်ခန်းစာတစ်ခု ပေးတယ်..။ နင် ခံစားရတဲ့ ရှုံးနိမ့်မှုတိုင်းက နင့်ကို ပိုပြီးတော့တောင် သင်ကြားပေးသေးတယ်..။ ငါ ထင်တာတော့.. ဒါတွေအားလုံးက နင် ခေါ်ဆိုတဲ့ 'ခွန်အား' ဆိုတဲ့ အဓိပ္ပာယ်အပေါ်မှာပဲ မူတည်လိမ့်မယ်..”
ဆန်နီ မျက်နှာ ပျက်သွားခဲ့တယ်..။
“ကောင်းပြီလေ.. ဒါဆို ငါ နင့်ကို မေးခွန်းတစ်ခု မေးမယ်..။ ငါက နင့်ထက် ပိုသန်မာပါတယ်လို့ နင် ပြောနိုင်လား..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို တည်ငြိမ်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်..။ စက္ကန့်အနည်းငယ် ကုန်ဆုံးသွားပေမဲ့ သူမက တိတ်ဆိတ်နေတုန်းပါပဲ..။
ဆန်နီ့ မျက်နှာပေါ်မှာ ခါးသက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။ သူက သက်ပြင်းချလိုက်ပြီး ပန်းကန်အလွတ်တွေကို ဆေးကြောဖို့ သိမ်းဆည်းလိုက်တယ်..။
“အယ်ဖီ ကတော့ ငါက ပိုသန်မာတယ်လို့ မထင်ဘူးလေ..။ သူမ ပြောပုံအရဆိုရင်.. ငါ့မှာ ယုံကြည်ချက် ကင်းမဲ့နေတာတဲ့..။ အဲ့ဒီ ယုံကြည်ချက် ဆိုတာက ဘာလဲ ၊ ဘယ်မှာ သွားရှာရမလဲ ဆိုတာကိုတောင် ငါ တကယ် မသိဘူး..။ ဒါပေမဲ့ ငါကိုယ်တိုင်တောင် ငါက နင့်ထက် ပိုသန်မာတယ်လို့ ပွင့်ပွင့်လင်းလင်း မပြောနိုင်ဘူးလေ..။ ဒါက နင့်ကို တစ်ခုခု ပြောနေသလိုပဲ မဟုတ်လား..။ နင် သိတဲ့အတိုင်းပဲ.. ငါ့ရဲ့ အပြစ်ကင်းစင်တဲ့ အသိစိတ်နဲ့ပေါ့..”
နစ်ဖီ ခဏလောက် တုံ့ဆိုင်းနေပြီးမှ တည်ငြိမ်တဲ့ လေသံနဲ့ ရုတ်တရက် ပြောလိုက်ပါတယ်..။
“နင်က နင် ထင်ထားတာထက် ပိုပြီး သန်မာပါတယ်..”
ဆန်နီ က ပန်းကန်တွေကို ဘေစင်ထဲ ထည့်လိုက်ပြီး ရေဖွင့်လိုက်တယ်..။
သူက သူမကို ကျောခိုင်းထားရင်း ခဏလောက် တိတ်ဆိတ်နေခဲ့ပါတယ်..။ အချိန်အနည်းငယ် ကြာသွားမှ သူက ပန်းကန်တွေကို စပြီး ဆေးကြောရင်း ပြောလာခဲ့တယ်..။
“...နင့်ရဲ့ ဆွေးနွေးမှု အချိန်က စတော့မယ်..။ မြန်မြန် သွားတော့..”
သူမက ဆန်နီရဲ့ ကျောပြင်ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီးမှ တိတ်တဆိတ် ထရပ်ကာ ထွက်သွားခဲ့ပါတယ်..။
ဆန်နီ ကတော့ မီးဖိုချောင်ထဲမှာ တစ်ယောက်တည်း ကျန်ရစ်နေခဲ့တယ်..။ သူ ပန်းကန်တွေကို သန့်စင် ဆေးကြောပြီး အခြောက်ခံစင်ပေါ် တင်လိုက်ကာ လက်ကို တဘက်နဲ့ သုတ်လိုက်ပါတယ်..။
ယင်းနောက် သူက ဧည့်ခန်း ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေါင်းခါကာ နှာခေါင်းရှုံ့လိုက်တယ်..။
“အာ.. ဘယ်သူက ဂရုစိုက်မှာလဲ..။ ကြည့်လိုက်တာနဲ့ ငါက ပိုပြီး အံ့ဩဖို့ကောင်းနေတာပဲ မဟုတ်ဘူးလား...”
အပိုင်း ( ၇၈၆ ) ပြီး၏။