← Chapters

အခန်း (၇၈၇-၇၈၉)

Vol. 53 Ch. 787-789

အခန်း (၇၈၇-၇၈၉)

Vol. 53 Ch. 787-789

အပိုင်း ( ၇၈၇ ) လေ့ကျင့်ရေး ဆက်ရှင်

တစ်ပတ်ကြာပြီးနောက်မှာတော့.. မြေအောက် ဒိုဂျို ရဲ့ အေးစက်လှတဲ့ ကြမ်းပြင်ပေါ်မှာ လူနှစ်ယောက်ဟာ မျက်လုံးတွေကို မှိတ်ထားရင်း တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြတယ်..။ သူတို့ရဲ့ ခြေထောက်တွေကို ချိတ်ထားပြီး လက်တွေကို ပေါင်ပေါ်မှာ တင်ထားပုံက တရားထိုင်နေကြသလိုတောင် ထင်မှတ်ရပါတယ်။

ဒါပေါ့.. သူတို့က တရားထိုင်နေကြတာ မဟုတ်ပါဘူး..။

ဆန်နီ က တည်ငြိမ်အေးဆေးနေပေမဲ့ နစ်ဖီ ကတော့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တယ်..။ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိဥာဉ် စွမ်းအင်တွေက ပြင်းထန်တဲ့ ရေစီးကြောင်းလို စီးဆင်းနေတာကြောင့် တည်ငြိမ်စွာ ထိုင်ဖို့ ခက်ခဲနေပုံရပါတယ်..။ သူမရဲ့ အဖော်ကလွဲရင် ဘယ်သူမှ မမြင်နိုင်တဲ့ တောက်ပတဲ့ နတ်ဘုရား အဆီအနှစ် စီးကြောင်းတွေဟာ မီးလျှံမြစ်တွေလိုပဲ သူမရဲ့ သွေးကြောတွေထဲမှာ တဟုန်ထိုး စီးဆင်းနေခဲ့ပါတယ်..။

သူမရဲ့ အသက်ရှူသံတွေက မမှန်တော့သလို.. မျက်နှာပေါ်မှာလည်း ချွေးသီးချွေးပေါက်တွေ ကျဆင်းနေခဲ့တယ်..။

ဆန်နီ ကတော့ သူ့ရဲ့ အရိပ်တွေကတစ်ဆင့် ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကို အကဲခတ်နေခဲ့ပါတယ်..။ ခနအကြာမှာတော့ သူက ပြောလိုက်တယ်..။

“နင် အများကြီး ပိုကောင်းလာပြီ..။ ထိန်းချုပ်မှုအပိုင်းက ကြမ်းတမ်းနေသေးပေမဲ့ အခြေအနေကတော့ တည်ငြိမ်နေပြီ..။ ဒါပေမဲ့ တိကျမှုတော့ မရှိသေးဘူး..။ မာစတာ တစ်ယောက်ဆိုတာ သူတို့ရဲ့ အဆီအနှစ်တွေကို အသုံးပြုပုံနဲ့ အသုံးချပုံမှာ အနုစိတ်ကျရမယ်..။ အဲဒါကပဲ ငါတို့ကို

နိုးထသူ တွေနဲ့ တကယ်တမ်း ခြားနားစေတာပဲ..။ တက်ရောက်သူ တစ်ယောက်ရဲ့ ဝိဥာဉ်က ပိုပြီး အစွမ်းထက်တယ်ဆိုပေမဲ့ ကွာဟချက်က အရမ်းကြီး များပြားနေတာ မဟုတ်ဘူး..။ ဒီ အလားအလာကို ပိုကောင်းအောင် အသုံးချနိုင်စွမ်း ရှိတာကမှ ငါတို့ကို တခြားသူတွေနဲ့ အမှန်တကယ် တကွဲတပြား ဖြစ်စေတာ..”

နစ်ဖီ ကတော့ တော်တော်လေး ကောင်းကောင်း လုပ်နိုင်နေပါတယ်..။ အမှန်အတိုင်း ပြောရရင် သူမရဲ့ အဆီအနှစ် ထိန်းချုပ်ခြင်း နည်းလမ်းကို သင်ယူနေတဲ့ အရှိန်အဟုန်က ထူးခြားတယ်လို့တောင် ပြောရမှာပါ.။ ဒါပေမဲ့ သူမက လေ့ကျင့်ရေးမှာ ကြီးမားတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ဒီစွမ်းအားအပိုင်းနဲ့ ပတ်သက်ရင် လုံးဝ အသစ်အဆန်း ဖြစ်နေတာတင်မကဘဲ.. သူမဆီမှာ ရှိတဲ့ ဝိဥာဉ် အဆီအနှစ်တွေကည်း များလွန်းနေခဲ့ပါတယ်..။ သာမန် မာစတာ တစ်ယောက်နဲ့ နှိုင်းယှဉ်ရင် သူမဆီမှာ အနည်းဆုံး ငါးဆလောက် ပိုများနေခဲ့တာပါ။

တကယ်လို့ တက်ရောက်သူ အများစုရဲ့ ခန္ဓာကိုယ်ထဲမှာ တည်ငြိမ်တဲ့ အဆီအနှစ် စီးကြောင်းလေး တစ်ခုပဲ ရှိတယ်ဆိုရင်. နစ်ဖီ ရဲ့ ခန္ဓာကိုယ်ထဲမှာတော့ ပြင်းထန်တဲ့ ပင်လယ်ကြီးတစ်ခုစာလောက်ကို ရှိနေခဲ့ပါတယ်။

သူမရဲ့ ဝိဥာဉ် အဆီအနှစ်တွေကလည်း ဆန်နီ တစ်ခါမှ မကြုံဖူးတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တယ်..။ ဒါက ပိုပြီး အစွမ်းထက် ၊ ပို ပူလောင် ပြီး ပိုမို သက်ဝင်လှုပ်ရှားနေခဲ့ကြပါတယ်..။ ဒါက သူမရဲ့ မိခင်ဆီကနေ ဆက်ခံခဲ့တဲ့ [မီးလျှံ] ဆိုတဲ့ အစွမ်းကြောင့် ဖြစ်နိုင်ပါတယ်။

ဒါက ဘာကို ဆိုလိုတာလဲဆိုတော့.. နစ်ဖီ အနေနဲ့ သူမရဲ့ အဆီအနှစ်ကို ထိန်းချုပ်ဖို့ သင်ယူတဲ့နေရာမှာ တခြားသူတွေထက် အများကြီး ပိုပြီး ကြိုးစားရလိမ့်မယ်လို့ ဆိုလိုတာပါ.။သို့ပေမဲ့ သူမသာ ဒီ မြင့်မားတဲ့ အတားအဆီးကို ကျော်လွှားနိုင်သွားပြီဆိုရင်တော့... ရလဒ်က တကယ့်ကို ကြောက်စရာကောင်းမှာ.အမှန်ပါပဲ.။

သူမကို လမ်းပြပေးနေရင်း.. ဆန်နီ့ ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကိုပါ ပြန်လည်သုံးသပ်မိသလို ဖြစ်သွားခဲ့တာကြောင့် ဆန်နီ အတွက်လည်း အမြင်သစ်အချို့ ရရှိစေခဲ့ပါတယ်..။ ရိန်း နဲ့ တုန်းကလိုပဲ.. ဆရာ တစ်ယောက်အဖြစ် တာဝန်ယူရတာက သူ့ကိုယ်တိုင်လည်း အများကြီး သင်ယူခွင့် ရစေခဲ့ပါတယ်..။

သင်ကြားပေးခြင်းက တကယ့်ကို သင်ယူဖို့ အကောင်းဆုံး နည်းလမ်းပါပဲ..။

အခုဆိုရင် ဆန်နီ က သူ့ရဲ့ ကိုယ်ပိုင် အဆီအနှစ် ထိန်းချုပ်မှုမှာ ဝိဥာဉ်မြွေ ရဲ့ အကူအညီ မပါရင်တောင် တခြားသူတွေထက် အများကြီး ပိုပြီး တိကျသေချာနေပြီလို့ ခံစားနေရပါတယ်..။

...ဒါပေါ့ သူ့အနေနဲ့ အစစ်အမှန် တိုက်ပွဲမှာ စမ်းသပ်ကြည့်ဖို့ အခွင့်အရေးတော့ မရသေးပါဘူး..။ ပြီးတော့ ဝီဗာသွေး နဲ့ ဝီဗာအရိုး နှစ်ခုလုံးက ရုပ်ပိုင်းဆိုင်ရာ သဘာဝတွေပဲ ဖြစ်နေတာကို သူ ပိုပြီး စိတ်မသက်မသာ ဖြစ်လာခဲ့ပါတယ်..။ အရိပ် အဆီအနှစ်တွေက ထူးခြားတယ်ဆိုပေမဲ့.. သူ့ရဲ့ အစွမ်းတွေဆီကနေ ဘယ်လို မြှင့်တင်မှုမျိုးမှ မရကြပါဘူး..။

တကယ်တော့..ဒီလို ထူးဆန်းတဲ့ သဘာဝက အသုံးဝင်ခဲ့တာဆိုလို့ သူခိုးငှက် ရဲ့ အကောင်ပေါက်နဲ့ ရင်ဆိုင်ခဲ့ရတုန်းကပဲ ရှိခဲ့ပါတယ်..။ အဲ့ဒီ တစ်ကြိမ်တည်းနဲ့တင် သူ့အသက်ကို ကယ်နိုင်ခဲ့တယ်ဆိုပေမဲ့.. ဆန်နီ ကတော့ အဲ့ဒီထက် ပိုပြီးတော့ကို လိုချင်နေတာပါ..။

‘ငါက အဲဒါရဲ့ အလားအလာ အပြည့်အဝကို အသုံးမချနိုင်သေးတာ ဖြစ်နိုင်တယ်...’

အဲ့ဒီလို အသုံးချနိုင်မယ့် နည်းလမ်း ရှိခဲ့ရင်တောင်.. သူ ဘယ်လို လုပ်ရမလဲဆိုတာ မသိပါဘူး..။ ဝီဗာ ရဲ့ မျိုးဆက်က အရိပ်နတ်ဘုရား ရဲ့ မျိုးဆက်ကို ဝါးမျိုမပစ်ခဲ့ဘူးဆိုရင် ဆန်နီ့ ရဲ့ အခြေအနေက အခုထက် ကွဲပြားနေလောက်ပါတယ်..။သို့ပေမဲ့ အခု လက်ရှိ အခြေအနေမှာတော့...

‘ဝီဗာ ဝိဥာဥ် ဆိုတာမျိုးလည်း ရှိလား သိချင်မိတယ်...’

နစ်ဖီ က သက်ပြင်းချလိုက်ပြီး မျက်လုံးတွေကို ဖွင့်လိုက်တယ်..။ သူမရဲ့ ခန္ဓာကိုယ်ထဲက ဝိဥာဉ် အဆီအနှစ်တွေရဲ့ လှုပ်ခတ်မှုက ငြိမ်သက်သွားပြီး တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ဆီကို ပြန်ရောက်သွားခဲ့ပါတယ်..။ သူမ ခနလောက် နားလိုက်ပြီးမှ ထရပ်လိုက်တယ်..။

ဆန်နီ လည်း ထရပ်လိုက်ပြီး အရိပ်လေးခုကို သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်ထားဖို့ အမိန့်ပေးလိုက်ပါတယ်..။

“အဆင်သင့်ဖြစ်ပြီလား”

သူမက ခေါင်းငြိမ့်ပြလိုက်ပြီးတာနဲ့ ရုတ်တရက် လှုပ်ရှားလာကာ.. လက်သီးတွေနဲ့ သူ့ကို တိုက်ခိုက်လာခဲ့ပါတယ်..။

အရိပ်တွေရဲ့ မြှင့်တင်မှုကြောင့် ဆန်နီ က ပြင်းထန်လှတဲ့ လက်သီးချက်တွေနဲ့ ကန်ချက်တွေကို အလွယ်တကူ ရှောင်တိမ်း ၊ ခုခံကာကွယ်နိုင်ခဲ့တယ်..။ ဒါက သူတို့ လေ့ကျင့်ရေးရဲ့ ဒုတိယ အပိုင်းပါ..။ နစ်ဖီ က ဝိဥာဉ် အဆီအနှစ်တွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာတင်မကဘဲ တိုက်ပွဲမှာ ဘယ်လို သုံးရမလဲဆိုတာကိုပါ သင်ယူရမှာပါ..။ သူမ အဆင့်တက်လာပြီးနောက် ရရှိလာတဲ့ အခွင့်အလမ်းသစ်အားလုံးအတွက် သူမကိုယ်သူမ အစကနေ ပြန်ပြီး လေ့ကျင့်ရမှာ ဖြစ်ပါတယ်..။

ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်နဲ့ ပေါက်ကွဲအား တွေတင်မကဘဲ ပိုမို နက်နဲတဲ့ ကွာခြားချက်တွေ ရှိနေတာကြောင့် ဒါက မလွယ်ကူတဲ့ အလုပ်တစ်ခုပါပဲ..။ သူတို့လို အဆင့်မြင့်တဲ့ အခြေအနေတွေမှာ တိုက်ပွဲတွေက ပိုပြီး နည်းဗျူဟာ ဆန်လာပါတယ်..။ ဝိဥာဉ် အဆီအနှစ်ဆိုတာ အများကြီး လုပ်ဆောင်နိုင်တဲ့ တန်ဖိုးရှိတဲ့ အရင်းအမြစ် ဖြစ်ပေမဲ့ အလွယ်တကူလည်း ကုန်ဆုံးသွားနိုင်ပါတယ်..။ မာစတာ တစ်ယောက်က သူတို့ရဲ့ စွမ်းအားတွေကို ဘယ်လို ထုတ်ဖော်မလဲဆိုတာကို ဗျူဟာကျကျ စဉ်းစားရကြရမှာပါ..။

သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ၊ စွမ်းအား နဲ့ မှတ်သားမူ တွေအားလုံးက အဆီအနှစ် ပမာဏ အများအပြားကနေ အကျိုးကျေးဇူးတွေရနိုင်ပါတယ်..။ ဒါပေမဲ့ အဆီအနှစ် တွေကိုလည်း မြန်မြန်ဆန်ဆန် ကုန်ခမ်းသွားစေနိုင်တာပါပဲ..။ နိုးထသူ တွေအတွက်လည်း ဒီလိုပဲဆိုပေမဲ့.. မာစတာ တွေမှာက ပိုမိုကြီးမားတဲ့ စွမ်းအားတွေကို အသုံးချနိုင်တာကြောင့်.. ဝိဥာဉ် အဆီအနှစ်တွေကိုလည်း ပိုပြီး အမြောက်အမြား ကုန်ဆုံးသွားစေနိုင်ပါတယ်..။

ဒါက တကယ့်ကို ကျွမ်းကျင်မှု ၊ အမြော်အမြင် နဲ့ လိမ္မာပါးနပ်မှုတွေ အများကြီး လိုအပ်တဲ့ ရှုပ်ထွေးလှတဲ့ ကကွက်တစ်ခုလိုပါပဲ..။

ဆန်နီ ကိုယ်တိုင်လည်း သင်ယူရမယ့်အရာတွေ အများကြီး ရှိနေပါသေးတယ်..။

နစ်ဖီ့ အတွက် လက်သီးထိုးခံရတဲ့ သဲအိတ် တစ်ခုလို လုပ်ပေးနေရတာက သင်ယူဖို့ အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ပေမဲ့.. သူ့ရဲ့ ကိုယ်ပိုင် အားသာချက်တွေတော့ ရှိနေခဲ့တယ်..။ တရစပ် တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ရင်းနဲ့ သူ့ရဲ့ အဆီအနှစ်တွေကို အထိရောက်ဆုံး နည်းလမ်းနဲ့ ခွဲဝေသုံးစွဲခြင်းအားဖြင့်.. ဆန်နီ က ကြာရှည်တိုက်ရမယ့် တိုက်ပွဲတွေအတွက် ဘယ်လို ပြင်ဆင်ရမလဲဆိုတာကို သူ့ကိုယ်သူ သင်ကြားပေးနေခဲ့တာပါ..။

...အနည်းဆုံးတော့ သူမက ဒီ ဒိုဂျို ကို ဖျက်ဆီးမပစ်လောက်အောင် အဆီအနှစ် ထိန်းချုပ်မှုကို ကျွမ်းကျင်လာခဲ့ပါပြီ..။

အချိန်အတော်ကြာတဲ့အထိ မြေအောက်ခန်းထဲမှာ ပြင်းထန်တဲ့ အသက်ရှူသံတွေနဲ့ အသားချင်း ရိုက်ခတ်သံတွေကလွဲရင် ဘာမှ မရှိခဲ့ပါဘူး..။ တိုက်ခိုက်ရေးသမား နှစ်ယောက်လုံးက သူတို့ရဲ့ စွမ်းအားတွေကို အစွမ်းကုန် ထုတ်သုံးနေခဲ့ကြတယ်..။ ဆန်နီ က ခုခံနေရတာမို့ ပိုပြီး သက်သာတယ်ဆိုပေမဲ့.. ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို တရစပ် ခံယူနေရတာက စိတ်ဓာတ်မခိုင်မာတဲ့သူတွေအတွက်တော့ မလွယ်ကူပါဘူး..။

ဘာပဲဖြစ်ဖြစ် နစ်ဖီ ရဲ့ အဆီအနှစ် အသုံးပြုထားတဲ့ တိုက်ခိုက်မှု တစ်ခုချင်းစီက သံချပ်ကာ ကားတစ်စီးကိုတောင် ဖောက်ထွက်သွားနိုင်တာပါ..။ တကယ်လို့ သူမရဲ့ မီးလျှံတွေကို အသုံးပြုထားခဲ့ရင် အခုချိန်မှာ ဆန်နီ့ ရဲ့ အတွင်းကလီစာတွေ သွေးထွက်လွန်နေလောက်ပါပြီ..။ မပျက်စီးနိုင်တဲ့ အရိုးတွေ ရှိနေတာက အားသာချက်တစ်ခု ဖြစ်ပေမဲ့ အဲဒါက သူ့ကို မသေနိုင်တဲ့သူ ဖြစ်အောင်တော့ မလုပ်ပေးနိုင်ပါဘူး..။

နစ်ဖီ ရဲ့ အဆီအနှစ်တွေ ကုန်ခမ်းလုနီးပါး ဖြစ်သွားတဲ့အထိ သူတို့ရဲ့ ပြင်းထန်တဲ့ ထိတွေ့မှုက ကြာမြင့်ခဲ့ပါတယ်..။ နောက်ဆုံး တိုက်ခိုက်မှု တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်ရင်း သူမက ရှေ့ကို တိုးလာခဲ့တယ်..။ သူမရဲ့ သွယ်လျတဲ့ ခြေထောက်က ဆန်နီ့ ရဲ့ ရင်အုပ်ကို ခြေမွှပစ်တော့မယ့်အလား ရှေ့ကို တိုးဝင်လာခဲ့တာပါ..။ သူက လျင်မြန်စွာ လှည့်လိုက်ပြီး သူမ ရဲ့ခြေထောက်ကို လေထဲမှာ ဖမ်းကိုင်လိုက်ကာ မြေပြင်ပေါ်ကို ဖြည်းဖြည်းချင်း ပြန်ချပေးလိုက်ပါတယ်..။

“ဒါက... ဒီနေ့အတွက်တော့ တော်လောက်ပြီ..”

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး သူတို့က ဒီပုံစံအတိုင်းသာ လေ့ကျင့်နေခဲ့တာကြောင့် ဘယ်သူမှ စကားထပ်မပြောတော့ပါဘူး..။ နှစ်ယောက်လုံး အားအင်ကုန်ခမ်းပြီး ကြမ်းပြင်ပေါ်ကို ပုံလျက်သား ပြုတ်ကျသွားခဲ့တယ်..။ သူတို့ရဲ့ အသက်ရှူသံတွေက အက်ကွဲနေသလို.. အဝတ်အစားတွေကလည်း ချွေးတွေနဲ့ ရွှဲနစ်နေခဲ့ပါတယ်..။

‘ချီးပဲ... ငါ ရေချိုးဖို့ လိုပြီ...’

သို့ပေမဲ့ အခုချိန်မှာ ထရပ်ဖို့ စဉ်းစားတာက တကယ့်ကို ရက်စက်လွန်းတဲ့ အလုပ်တစ်ခုလိုပါပဲ..။ ဆန်နီ က နစ်ဖီ ကို လှမ်းကြည့်လိုက်တော့ သူမက ပိုပြီး သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေတာကို သိလိုက်ရတယ်..။ ဒါကြောင့် သူတို့ နှစ်ယောက်စလုံး ကြမ်းပြင်ပေါ်မှာပဲ မိနစ်အနည်းငယ်လောက် ဘေးချင်းယှဉ်လဲလျောင်းရင်း အသက်ရှူမှန်အောင် ကြိုးစားနေခဲ့ကြပါတယ်..။

ခနအကြာမှာတော့ ဆန်နီ့ ရဲ့ ဆက်သွယ်ရေး ကိရိယာကနေ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်..။

ဒါပေါ့.. စက်က သူ့ရဲ့ ကိုယ်ပေါ်မှာ ရှိမနေပါဘူး..။ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲမျိုးမှာဆိုရင် ဈေးကြီးတဲ့ ဆက်သွယ်ရေး စက်က အလွယ်တကူ ပျက်စီးသွားနိုင်တာကြောင့်. ဆန်နီ က အိပ်မက်ရူခင်း သေတ္တာရဲ့ အဖုံးပေါ်မှာ တင်ထားခဲ့တာပါ..။ အခုတော့ သူ စက်ကို သွားယူဖို့အတွက် လမ်းလျှောက်သွားရမယ့် အခက်အခဲနဲ့ ရင်ဆိုင်နေရပါပြီ..။

ဆန်နီက လမ်းလျှောက်သွားမယ့်အစား ပျော်ရွှင်နေတဲ့ အရိပ်ကို စက်ကို သွားယူလာပေးဖို့ အမိန့်ပေးလိုက်ပါတယ်..။ဒီငတုံးကတော့ ဘယ်အရာကိုပဲ ခိုင်းခိုင်း အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ပေးတတ်တဲ့သူပါ..။

အရိပ်က မြေအောက် ဒိုဂျို ကို ဖြတ်ပြီး ဆန်နီ ဆီကို ဆက်သွယ်ရေး ကိရိယာ ယူလာပေးခဲ့တယ်။ သူက စခရင်ကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ်..။

“သွားဖို့ အချိန်တန်ပြီ..နစ်...။ ကတ်စီ က လမ်းမှာလာနေပြီ...”

အပိုင်း ( ၇၈၇ ) ပြီး၏။

အပိုင်း ( ၇၈၈ ) ယဉ်ကျေးပျူငှာသော ဖိတ်ကြားချက်

ဆန်နီ ရေအမြန် ချိုးပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်..။ သူ အောက်ကို ရောက်တဲ့အချိန်မှာပဲ နစ်ဖီ က ဧည့်ခန်းထဲကနေ ထွက်လာတာကို တွေ့လိုက်ရပါတယ်..။ သူမက လေ့ကျင့်ခန်းလုပ်တုန်းက ဝတ်ထားတဲ့ အားကစား ဘောင်းဘီတိုနဲ့ လက်ပြတ်အင်္ကျီကို လဲလိုက်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမအတွက် မှာပေးထားတဲ့ အဝတ်အစားအချို့ကို ဝတ်ဆင်ထားခဲ့ပါတယ်..။ သူမရဲ့ ငွေရောင် ဆံပင် တွေက စိုစွတ်နေပြီး ပြတင်းပေါက်ကနေ ဖြတ်သန်းဝင်ရောက်လာတဲ့ နေရောင်ခြည်အောက်မှာ တလက်လက် တောက်ပနေခဲ့တယ်..။

ဘာမှ ပြောစရာမလိုတာကြောင့် ဆန်နီ က မီးဖိုချောင်ထဲ ဝင်သွားပြီး အံဆွဲကို ဖွင့်ကာ ကော်ဖီဗူးကို ထုတ်လိုက်တယ်..။ ပြီးနောက် သူက နောက်ကို လက်ကမ်းပေးလိုက်ပါတယ်..။ အဲ့အချိန်မှာတော့ နစ်ဖီ က ရေထည့်ထားတဲ့ အိုးကို သူ့လက်ထဲ အလိုက်သင့် ထည့်ပေးပြီးသား ဖြစ်နေခဲ့ပါပြီ..။ မကြာခင်မှာပဲ မွှေးကြိုင်တဲ့ ရနံ့က တစ်အိမ်လုံး ပျံ့နှံ့သွားခဲ့တယ်..။

ကော်ဖီအဆင်သင့်ဖြစ်ချိန်မှာတော့ PTV တစ်စီးက အနီးအနားမှာ ဆိုက်ရောက်လာခဲ့တယ်.။ ဆန်နီ က သူ့ခွက်ထဲကို သကြား နှစ်ဇွန်း ခတ်ထည့်လိုက်ပြီး နစ်ဖီ အတွက် ခွက်ထဲကိုတော့ ဘာမှ မထည့်ဘဲ ချန်ထားလိုက်ပါတယ်..။ တတိယမြောက် ခွက်ထဲကိုတော့ ခရင်မ် ထပ်ထည့်လိုက်တယ်..။ တစ်ဖက်မှာလည်း ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ကတ်စီ အတွက် တံခါးဖွင့်ပေးနေခဲ့ပါပြီ..။

မကြာခင်မှာပဲ သူတို့ သုံးယောက်လုံး စားပွဲမှာ ဝိုင်းထိုင်လိုက်ပြီး ကိုယ်စီ သောက်စရာတွေကို သောက်နေခဲ့ကြတယ်..။ ခနအကြာမှာတော့ ဆန်နီ က မျက်မမြင် မိန်းကလေးကို လှမ်းကြည့်ပြီး မေးလိုက်ပါတယ်..။

“ကဲ... ဘာသတင်းတွေ ထူးလဲ..”

သူမက ခနလောက် ငြိမ်နေပြီးမှ သူမရဲ့ ခွက်ကို ဘေးကို တွန်းထုတ်လိုက်ပြီး အဖြူရောင် လေးထောင့်ပြား နှစ်ခုကို ထုတ်ပြလာခဲ့ပါတယ်..။ ဆန်နီ ဟာ သူမ ထုတ်ပြတဲ့အရာတွေကို ဇဝေဇဝါနဲ့ အတန်ကြာ စိုက်ကြည့်နေခဲ့တယ်..။ ပြီးမှ သူ မျက်တောင် အနည်းငယ် ခတ်လိုက်ပြီး..

“ဒါက... စာအိတ် လား..”

ဟုတ်ပါတယ်.. ဒီ အဖြူရောင် လေးထောင့်ပြားတွေက စာအိတ်တွေ ဖြစ်နေခဲ့တယ်..။ဒါတွေကို စက္ကူနဲ့ ပြုလုပ်ထားပုံရပြီး တစ်ခုချင်းစီမှာ အနီရောင် ဖယောင်းတံဆိပ်ဝိုင်းလေးတွေ ကပ်ထားပါတယ်..။ ဆန်နီ က တကယ့် စက္ကူစာအိတ်ကို ရှေးဟောင်း ဇာတ်လမ်းတွဲတွေထဲမှာပဲ မြင်ဖူးတာမို့.. အပြင်မှာ တွေ့လိုက်ရတဲ့အခါ အံ့ဩသွားတာကတော့ ဖြစ်သင့်ပါတယ်..။

သူက စာအိတ်တစ်ခုကို ယူလိုက်ပြီး ဘက်ပေါင်းစုံကနေ စူးစမ်းကြည့်လိုက်တယ်..။

“ထူးဆန်းလိုက်တာ...”

အနီရောင် ဖယောင်းတံဆိပ်ပေါ်မှာ ပေပေါ်ကို ထိုးစိုက်ထားတဲ့ ဓားတစ်စင်းရဲ့ ပုံရိပ်ကို ထွင်းထုထားတာကြောင့်.. အနည်းဆုံးတော့ ဒီထူးဆန်းတဲ့ အရာတွေက ဘယ်က လာသလဲဆိုတာ သူ တွေးနေဖို့ မလိုတော့ပါဘူး..။

‘အမွေခံ မျိုးနွယ်စုတွေ...’

သူက သဘောကျသွားပြီး စက္ကူစာအိတ်ကို ဘယ်လို ဖွင့်ရမလဲဆိုတာ သိအောင် နစ်ဖီ ကို ခိုးကြည့်လိုက်တယ်..။ ပြီးနောက် သူမ လုပ်သလိုပဲ လိုက်လုပ်လိုက်ပါတယ်..။ မကြာခင်မှာပဲ တခြား စက္ကူတစ်ရွက်က သူ့လက်ထဲ ရောက်နေခဲ့ပါပြီ..။

“မာစတာ ဆန်းလပ်စ်...ကို ယဉ်ကျေးပျူငှာစွာ ဖိတ်ကြားအပ်ပါတယ်... ဘာလဲ.. ဒါက ဘာကြီးလဲ..”

အရင်ကထက် ပိုပြီး ဇဝေဇဝါ ဖြစ်သွားတာကြောင့် ဆန်နီ ဟာ ကတ်စီ ဘက်ကို လှည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်..။ သူမက အစိုးရနဲ့ ဗာလာ မျိုးနွယ်စု ကြားက အခြေအနေ အသစ်တွေကို ယူလာပေးရမှာမဟုတ်ဘူးလား..။ အခုလို ထူးဆန်းတဲ့ စာတိုတွေ မဟုတ်ဘူးလေ..။

မျက်မမြင် မိန်းကလေးက အနည်းငယ် ပြုံးလိုက်တယ်..။

“အခြေခံအားဖြင့်တော့ ဒါက စေတနာကို ဖော်ပြတဲ့ အမူအရာ တစ်ခုပေါ့..”

သူမ ခန ရပ်လိုက်ပြီး တက်ကြွတဲ့ လေသံနဲ့ ထပ်ပြောလိုက်တယ်..။

“ဒါက ဖိတ်စာ တစ်ခုပဲ..။ ဗာလာ မျိုးနွယ်စုက နောက်တစ်လလောက်မှာ နှစ်ပတ်လည် ကပွဲ တစ်ခု ကျင်းပဖို့ ရှိတယ်..။ ငါတို့ အားလုံးကို တက်ရောက်ဖို့ ဖိတ်ကြားထားတာ..။ ဒါက ပုံမှန်ဆိုရင်တော့ ကြီးကျယ်တဲ့ ဂုဏ်ပြုမှု တစ်ခုလို့ သတ်မှတ်ကြတယ်လေ..။ အင်အားကြီး မျိုးနွယ်စုတွေရဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်တွေ ၊ ပြီးတော့ စစ်မှန်တဲ့ သူတော်စင် တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခွင့်ရမယ့် အခွင့်အရေးမျိုးကို မာစတာ တိုင်း ရနိုင်တာမဟုတ်ဘူး ..”

ဆန်နီ မျက်တောင် အနည်းငယ် ခတ်လိုက်မိတယ်..။

“...ကပွဲ ကျင်းပတယ်ဆိုတာ အမွေခံ မျိုးနွယ်စုတွေရဲ့ ထူးဆန်းတဲ့ အခမ်းအနားလား..။ နေဦး.. နင်တို့ ပြောနေတဲ့ ကပွဲ (Ball) ဆိုတာက ဘာကို ဆိုလိုတာလဲ..။ ဘောလုံးကန်တာမျိုးလား..။ ဘာလို့ လူတွေက အဲ့ဒါကို နှစ်စဉ် ကျင်းပနေရတာလဲ..။ ပြီးတော့ ပိုအရေးကြီးတာက ငါတို့က ဘာလို့ အဲ့ဒီ... ဘောလုံး ထုံးတမ်းစဉ်လာကို တက်ရောက်ရမှာလဲ..”

နစ်ဖီ က ဘာမှ မပြောဘဲ သူမရဲ့ မျက်နှာကိုသာ လက်တစ်ဖက်နဲ့ အုပ်လိုက်တယ်..။ သူမရဲ့ လေသံထဲမှာ စိတ်ပျက်တဲ့ အရိပ်အယောင် တစ်ချို့ ပါဝင်နေခဲ့ပါတယ်..။

“ဆန်နီ... ကပွဲ ဆိုတာက လူမှုရေးဆိုင်ရာ စုဝေးပွဲတစ်ခုကို ပြောတာ..။ ပုံမှန်အားဖြင့်တော့ ကခုန်တာမျိုးတွေ ပါတတ်တယ်..။ ဒါက တကယ့် ဘောလုံးပွဲကို ပြောတာ မဟုတ်ဘူး..”

သူက သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ လက်ထဲက စက္ကူရွက်ကို ပြန်ကြည့်ကာ ချောင်းတစ်ချက် ဟန်ဆောင်ဆိုးလိုက်တယ်..။

“အိုး...ဒါဆိုရင်တောလ ပိုပြီး အဓိပ္ပာယ်ရှိသွားပြီ...”

ကတ်စီ က သူတို့ စကားပြောတာကို ထူးဆန်းတဲ့ အမူအရာနဲ့ နားထောင်နေပြီးမှ ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ ပြောလိုက်တယ်..။

“...ဒါပေါ့.. ငါတို့ရဲ့ လက်ရှိ အခြေအနေမှာတော့ ဒီဖိတ်စာက ထူးခြားတဲ့ အဓိပ္ပာယ် ရှိတယ်..။ ဗာလာ မျိုးနွယ်စုက နစ်ဖီ နာလန်ထအောင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..။ ပြီးတော့ နောက်လမှာ ကျင်းပမယ့် ကပွဲအတွင်းမှာ နောက်ဆုံး ညှိနှိုင်းမှုတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုလိုတာပဲ..။ ဒါက ငါတို့ကို ပြင်ဆင်ဖို့ အချိန်ရစေတာပေါ့..”

ဒါက အားလုံးကို ခြုံကြည့်ရင် သတင်းကောင်း တစ်ခုပါပဲ..။ အခြေခံအားဖြင့်တော့ အခု ပထမဆုံး တစ်ပတ် ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် ပြောင်းလဲနေတဲ့ ကြယ်ပွင့် အနေနဲ့ ဗာလာ မျိုးနွယ်စုရဲ့ ကိုယ်စားလှယ်တွေကို ရင်ဆိုင်ဖို့ အချိန်ပိုရသွားပါပြီ..။ ဒီမတိုင်ခင်အထိတော့ အင်အားကြီး မျိုးနွယ်စုက ဘာမှ လုပ်မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တာမို့ သူမ အနေနဲ့ အေးအေးဆေးဆေး နာလန်ထခွင့် ရသွားခဲ့ပါတယ်..။ ဒါက စစ်ပြေငြိမ်းရေး သဘောတူညီချက် တစ်ခုလိုပါပဲ..။

ကတ်စီ ရဲ့ နူးညံ့တဲ့ မျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

“ဒါပေမဲ့ နောက်ထပ် ရှိသေးတယ်..။ဗာလာ မျိုးနွယ်စုက သူတို့ရဲ့ ရိုးသားမှုကို ပြတဲ့အနေနဲ့ သူတို့ ဓားစာခံအဖြစ် ဖမ်းထားတဲ့ မီးစောင့်ရှောက်သူတွေ ကို ပြန်လွှတ်ပေးလိုက်ပြီ..။ နှစ်ယောက်လုံး အခု ပြန်ရောက်နေပြီ ၊ ပြီးတော့ အင်မော်တယ် မီးလျှံ အိမ်တော် မှာ အနားယူနေကြတယ်..။ ဒါ... ဒါက သူတို့အနေနဲ့ ငါတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အလေးအနက် ရှိတယ်ဆိုတာကို ပြနေတာပဲလို့ ငါ ထင်တယ်..”

ဆန်နီ က သက်ပြင်းတစ်ချက် ချလိုက်တယ်..။

သူက မီးစောင့်ရှောက်သူတွေ အပေါ်မှာ ဒီလောက်ကြီး သံယောဇဉ် မရှိပါဘူး..။ ဒါပေမဲ့လည်း သူတို့က အမှောင်မြို့တော် ထဲက ပြည်တွင်းစစ်နဲ့ကြက်သွေးရောင် ထိပ်ဖျားကို ဝန်းရံတိုက်ခိုက်တဲ့ တိုက်ပွဲတွေကို အတူတူ ဖြတ်သန်းခဲ့ကြတာပါ..။ ပြီးတော့ ဘာကြောင့်မှန်းမသိ အဲဒီ ငတုံးတွေက သူ့ကို အမြဲတမ်း

သူတို့ထဲက တစ်ယောက်လို ဆက်ဆံကြပါသေးတယ်..။ ည ကျောင်းတော် ထဲက မတော်တဆဖြစ်ရပ်တွေကြောင့် သူတို့ထဲက တချို့ ဒုက္ခရောက်နေတာကို သိရတာက ဆန်နီ အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါပဲ..။

အယ်ဖီ ၊ ကိုင် နဲ့ အီကို တို့လည်း ဒီသတင်းကို ကြားရင် အရမ်း ပျော်သွားကြမှာပါ..။

ဒါပေမဲ့... ဗာလာ ကလန် က အသာစီးရထားတဲ့ အခွင့်အရေးကို အလွယ်တကူ လွှတ်ပေးတတ်တဲ့ သူမျိုးတွေ မဟုတ်ပါဘူး..။ ဆန်နီ က ကတ်စီ ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်..။

“သူတို့ ဘာတွေ ကြံစည်နေတာလဲ..”

မျက်မမြင် မိန်းကလေးက ခနလောက် တွန့်ဆုတ်နေပြီးမှ ပုခုံးတွန့်ပြလိုက်ပါတယ်..။

“ငါလည်း အတိအကျတော့ မသေချာဘူး..။ ဒါပေမဲ့... ငါ သံသယဝင်ထားတာ​တော့ ရှိတယ်..။ ဒီလို ရုတ်တရက် ပြောင်းလဲသွားတာက ဆောင် ကလန် ဘက်ကို အသာစီးရစေမယ့် အရေးကြီးတဲ့အရာ တစ်ခုခု ဖြစ်ပျက်ခဲ့လို့ပဲ ဖြစ်ရမယ်..။ အဲဒါကြောင့် ဗာလာ ကလန် က အင်မော်တယ် မီးလျှံ အိမ်တော်ကို သူတို့ရဲ့ မဟာမိတ် ဖြစ်လာဖို့ သေချာအောင် လိုက်လျောမှုတွေ လုပ်လာတာပဲ..”

ဆန်နီ ရင်ထဲမှာ ရုတ်တရက် မသက်မသာ ခံစားလိုက်ရတယ်..။ အင်အားကြီး မျိုးနွယ်စု နှစ်ခုကြားက အင်အားချိန်ခွင်လျှာကို အဲ့ဒီလောက်တောင် ပြောင်းလဲသွားစေတာက ဘာများဖြစ်နိုင်မလဲ..။

သူက ကော်ဖီကို တစ်ငုံ သောက်လိုက်ပြီးမှ မေးလိုက်တယ်..။

“ကဲ... အဲတော့ အခု ဘာဆက်လုပ်ကြမလဲ..”

ကတ်စီ က ပြုံးလိုက်ပြီး

“အခုလား..။ အခုတော့ ငါတို့ တစ်လလုံးလုံး ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့ရပြီ..။ အစိုးရကတော့ နစ်ဖီ ကို အနည်းဆုံး တစ်ကြိမ်လောက် လူမြင်ကွင်း ထွက်ပြဖို့ တိုက်တွန်းကြမှာပဲ.. ဒါပေမဲ့ သူတို့က အရမ်းကြီးတော့ ဖိအားပေးမှာ မဟုတ်ပါဘူး..။ ဒါကြောင့်... ငါတို့ ဘာပဲလုပ်လုပ် ရတယ်..”

သူမက ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဘက်ကို လှည့်လိုက်ပြီး နွေးထွေးတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။

“နစ်ဖီ... နောက်ဆုံးမှာ အိမ်ပြန်ရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ..။ ငါတို့ အခုပဲ အိမ်တော် ဆီကို သွားလို့ရပြီ..။ နင် အဆင်သင့် ဖြစ်ပြီဆိုရင်ပေါ့...”

အပိုင်း ( ၇၈၈ ) ပြီး၏။

အပိုင်း ( ၇၈၉ ) ရှေ့ဆက်ဖို့ တစ်ခုသာ..

နစ်ဖီ က ပြတင်းပေါက်ကို ငေးကြည့်ရင်း ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ သူမရဲ့ မျက်နှာက အဝေးတစ်နေရာကို ရောက်နေသလိုမျိုး တည်ငြိမ်အေးစက်နေခဲ့ပါတယ်..။အချိန်အတော်ကြာမှ သူမက ခေါင်းကို ဖြည်းညှင်းစွာခါယမ်းလိုက်တယ်..။

“မဟုတ်ဘူး... အခု မဟုတ်သေးဘူး..”

ကတ်စီ က ဒီအဖြေကို အံ့ဩသွားတဲ့ပုံပါပဲ။

“မဟုတ်ဘူးလား..။ ဒါပေမဲ့... ဘာလို့လဲ..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သက်ပြင်းချလိုက်တယ်..။

“အဲဒီ... မီးစောင့်ရှောက်သူတွေ..။ အဲဒါက နင့်နောက်ကို လိုက်တဲ့ နိုးထသူ တွေကို လူတွေ ခေါ်ကြတဲ့ နာမည် မဟုတ်လား..။ သူတို့အားလုံးက ငါ့ကို မျှော်လင့်တကြီး စောင့်နေခဲ့ကြတာ မဟုတ်လား..”

မျက်မမြင် မိန်းကလေးက တိတ်တဆိတ် ခေါင်းငြိမ့်ပြလိုက်တယ်..။

“ဒါပေါ့..ငါတို့... သူတို့တွေက မေ့ပျောက်ကုန်းမြေ ကနေ လွတ်မြောက်လာကတည်းက နင် ပြန်လာမယ့်အချိန်ကို စောင့်နေခဲ့ကြတာ..။ အိပ်မက်မက်သူ စစ်တပ် ဆိုတာက အဆင်ပြေရုံ ပေါင်းစည်းထားတဲ့ မဟာမိတ်အဖွဲ့ ဖြစ်ခဲ့ပေမဲ့.. အဖွဲ့ဝင်တွေကြားမှာ ဖြစ်တည်ခဲ့တဲ့ သံယောဇဉ်တွေကတော့ အစစ်အမှန်တွေပဲ..။ သူတို့ရဲ့ နင့်အပေါ် ထားတဲ့ သံယောဇဉ်ကလည်း အစစ်အမှန်တွေပဲလေ..”

ဆန်နီ က ထူးဆန်းတဲ့ အမူအရာနဲ့ ကော်ဖီကို တစ်ငုံ သောက်လိုက်တယ်..။ တစ်ဖက်မှာတော့ နစ်ဖီ က ခနလောက် တုံ့ဆိုင်းနေပြီးမှ ပြောလာခဲ့ပါတယ်..။

“ဒါပေမဲ့ သူတို့က ငါ့ကို ကြိုဆိုရုံတင် မဟုတ်ဘဲ.. မေ့ပျောက်ကုန်းမြေ မှာတုန်းကလိုမျိုး သူတို့ကို ဦးဆောင်ပေးဖို့ မျှော်လင့်နေကြတာလေ..။ ငါ ပြောတာ မှန်တယ် မဟုတ်လား..”

ကတ်စီ က နောက်တစ်ကြိမ် ထပ်ပြီး ခေါင်းငြိမ့်ပြလိုက်ပါတယ်..။

နစ်ဖီ အကြည့်လွှဲလိုက်တယ်..။

“ငါ ကိုယ်တိုင်တောင် ဘယ်ကို သွားရမလဲ မသိသေးတဲ့ အခြေအနေမှာ သူတို့ကို ဘယ်လို ဦးဆောင်နိုင်မှာလဲ..။ ငါ... သူတို့နဲ့ မတွေ့ခင်မှာ အရာအားလုံးကို အဖြေရှာဖို့ အချိန်လိုအပ်နေသေးတယ်..”

မျက်မမြင် မိန်းကလေးက ခနလောက် တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်တယ်..။

“ငါ... ငါ နားလည်ပါပြီ..။အဲလိုထင်တာပဲ..”

...အဲ့အချိန်မှာ ဆန်နီ ကတော့ နားမလည်ပါဘူး..။

သေချာတာကတော့ အပေါ်ယံအနေနဲ့ကြည့်ရင် နစ်ဖီ ပြောတာက အဓိပ္ပာယ်ရှိလှပါတယ်..။ သူမကိုယ်တိုင် ဘာလုပ်ရမလဲဆိုတာ မသေချာသေးတာကြောင့် အိပ်မက်စစ်တပ် ရဲ့ ကျန်ရစ်သူတွေကို လမ်းပြပေးဖို့ မဖြစ်နိုင်သေးဘူးပေါ့..။ သူမရဲ့ စစ်သားတွေ လျှောက်လှမ်းရမယ့် လမ်းကြောင်းကို မဆုံးဖြတ်ရသေးသရွေ့ သူမက သူတို့ရဲ့ စစ်သေနာပတိ ပြန်ဖြစ်လို့ မရနိုင်သေးပါဘူး..။

ဒါပေမဲ့ ဆန်နီ ကတော့ ဒီလို မသေမချာ ဖြစ်နေတယ်ဆိုတာ အစစ်အမှန် ဟုတ်မဟုတ် သံသယဖြစ်မိပါတယ်..။ နစ်ဖီ ဆိုတာက တွန့်ဆုတ်မှုတွေကြောင့် သူမရဲ့ အရှိန်အဟုန်ကို နှေးကွေးသွားအောင် ခွင့်ပြုမယ့်သူမျိုး လုံးဝ မဟုတ်ပါဘူး..။ ထပ်ပြောရရင် သူမက အိပ်မက် ကမ္ဘာ ထဲမှာ နှစ်နှစ်တိတိ တစ်ယောက်တည်း နေခဲ့တာပါ။... သူမအကြောင်း သူ သိသလောက် ပြောရမယ်ဆိုရင် သူမက ပြန်ရောက်လာတဲ့အချိန်မှာ ရန်သူတွေကို ဘယ်လို ဖျက်ဆီးမလဲဆိုတဲ့ အစီအစဉ်တွေကို အရူးအမူး ရေးဆွဲထားမှာ သေချာပါတယ်..။

ဒါပေါ့.. နစ်ဖီ ပြန်ရောက်လာပြီးနောက်မှာ သိရှိခဲ့တဲ့ သတင်းအချက်အလက် အသစ်တွေက အများကြီး ပါပဲ..။ဒီအချက်အလက်တွေက သူမရဲ့ ချဉ်းကပ်ပုံကို အနည်းငယ် ပြောင်းလဲစေနိုင်ပေမဲ့ အဓိက အနှစ်သာရကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး..။ ဒါဆို သူမက ဘာလို့ တွန့်ဆုတ်နေရတာလဲ..။

သူမ က ဘာတွေ ရုန်းကန်နေရတာလဲ..။

ဆန်နီ ဒီအရာတွေကို မသိသလို..သူ ကိုယ်တိုင်သိချင်ရဲ့လား ဆိုတာလည်း မသေချာခဲ့ပေ..။ ဘာပဲဖြစ်ဖြစ် စောပြီးတော့ပဲဖြစ်ဖြစ် နောက်ကျပြီးတော့ပဲဖြစ်ဖြစ် သူ သိလာရမှာပါပဲ..။

ဒါပေမဲ့ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ တခြားအရာတစ်ခု ရှိနေပါသေးတယ်...

သူက နစ်ဖီ နဲ့ ကတ်စီ ကို လှမ်းကြည့်လိုက်ပြီး မကျေနပ်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။

“နင်တို့ နှစ်ယောက် တစ်ခုခုကို မေ့နေကြတာ မဟုတ်ဘူးလား..။ ဒါက ငါ့အိမ်လေ..။ငါတို့ သဘောတူထားတာက နစ်ဖီ က ဒီမှာ တစ်ပတ်ပဲ နေမှာလေ..။ သူ့ကို ဒီမှာ ထပ်ထားဖို့ မဆုံးဖြတ်ခင်မှာ အနည်းဆုံးတော့ ငါ့ကို အားနာပြီး မမေးသင့်ဘူးလား..”

သူက ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကို အယ်ဖီ လိုမျိုး အလွယ်တကူ ကျူးကျော် နေထိုင်ခွင့် ပေးမှာ မဟုတ်ပါဘူး..။

နစ်ဖီ က သူ့ဘက်ကို လှည့်လာပြီး ဝေခွဲရခက်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်..။ အချိန် ခနလောက် တိတ်ဆိတ်သွားပြီးကာ မှ သူမက မေးလာခဲ့ပါတယ်..။

“ဆန်နီ... ငါ ဒီမှာ နောက်ထပ် တစ်ပတ် နှစ်ပတ်လောက် ထပ်နေလို့ ရနိုင်မလား.."

သူက ချောင်းတစ်ချက် ဆိုးလိုက်ပြီး ရှက်ရွံ့စွာနဲ့ အကြည့်လွှဲလိုက်တယ်..။

“ဒါပေါ့..။သေချာတာပေါ့.. ပြဿနာမရှိဘူး..။ နင်ရှိနေတာ ဝမ်းသာပါတယ်... သိတယ်မလား..။ တွေ့လား.. အဲဒါ မေးဖို့က ဒီလောက်တောင် ခက်နေလို့လား..”

........

ကတ်စီ က နစ်ဖီ ကို မီးစောင့်ရှောက်သူတွေ ရဲ့ အခြေအနေတွေ နဲ့ အင်မော်တယ် မီးလျှံ စံအိမ် ကို ပြုပြင်မွမ်းမံနေတဲ့ အကြောင်းတွေကို ခနလောက် ထပ်မံ ရှင်းပြပြီးမှ ထွက်သွားခဲ့ပါတယ်..။ နာမည်ကျော် နိုးထသူ အဖွဲ့အစည်းတစ်ခုကို စီမံခန့်ခွဲရတာက မလွယ်ကူတာကြောင့် သူမမှာ လုပ်စရာတွေ အများကြီးပါပဲ..။

ဒီလိုနဲ့ ဆန်နီ နဲ့ နစ်ဖီ နှစ်ယောက်တည်းသာ ပြန်ပြီး ကျန်ရစ်ပါတော့တယ်..။

သူက ခနလောက် တွန့်ဆုတ်နေပြီးမှ မေးလိုက်တယ်..။

“နင် တကယ်ပဲ အိမ်မပြန်ချင်ဘူးလား..။ငါ ဆိုလိုတာက...ဒီအိမ်ကို မဝယ်ခင်အထိ ငါ့မှာ အိမ်ဆိုတာမျိုး အတည်တကျ မရှိခဲ့ဘူးလေ..။ ဒါပေမဲ့ ငါသာ နင့်နေရာမှာဆိုရင်တော့ အိမ်ကို အရမ်း လွမ်းနေမိမှာ အသေအချာပဲ..”

နစ်ဖီ က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်တယ်..။

“တကယ်တော့ အဲဒီနေရာက ငါ့အိမ် မဟုတ်ပါဘူး..။ ငါ ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး နေရာတွေ အများကြီး ပြောင်းခဲ့ရတယ်..။ တစ်ခါတလေ ငွေရေးကြေးရေး အခြေအနေကြောင့် ၊ တစ်ခါတလေကတော့ လုံခြုံရေး ပြဿနာတွေကြောင့်ပေါ့..။ အဲဒီ စံအိမ်က ယာယီ ခိုလှုံခဲ့တဲ့ နေရာတွေ အများကြီးထဲကမှ နောက်ဆုံးတစ်ခုပဲလေ..”

သူမ ခနလောက် တိတ်ဆိတ်သွားပြီးမှ ထပ်ပြောလိုက်ပါတယ်..။

“ငါ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေကသာ အိမ်ဆိုတဲ့ ခံစားချက်ကို ဖန်တီးပေးခဲ့တာလို့ ထင်တယ်..။ ဒါပေမဲ့ အခုတော့ အဲဒီလူတွေ အားလုံးက တစ်နည်းမဟုတ် တစ်နည်းနဲ့ မရှိကြတော့ဘူးလေ..။ ဒါကြောင့် ငါ ပြန်သွားဖို့အတွက် ဘယ်နေရာမှ ရှိမနေဘူး.."

နိုတစ် နဲ့ တစ်ခါက ပြောခဲ့တဲ့ စကားတွေကို သတိရသွားတာကြောင့် ဆန်နီ သက်ပြင်းချလိုက်တယ်..။

“အမှန်အတိုင်း ပြောရရင် အင်မော်တယ် မီးတောက် ကလန် က ဘာလဲဆိုတာ ငါ သေချာ နားမလည်ဘူး..။ ပြီးတော့ အဲဒီလူတွေက ဘယ်သူတွေလဲ ဆိုတာကိုရော ပေါ့..။ နင် တစ်ခါက ပြောဖူးတယ်နော်... နင့်ကို နင့်အဘွားကပဲ ပြုစုပျိုးထောင်ခဲ့တာလို့..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခေါင်းငြိမ့်ပြလိုက်တယ်..။

“အင်မော်တယ် မီးတောက် ဆိုတာ... အခုတော့ ငါ တစ်ယောက်တည်းပါပဲ..။ အရင်ကတော့ ဒါက သြဇာအရှိဆုံး အမွေအနှစ် ကလန် တွေထဲက တစ်ခုပေါ့..။ အဲဒီတုန်းက ဒီလို ခွဲခြားမှုမျိုးတွေ မရှိသေးပေမဲ့ အင်အားကြီး ကလန် တစ်ခုလို့တောင် ခေါ်လို့ရတယ်..။ကလန်ထဲမှာ မိသားစုဝင်တွေအပြင် တခြား လူပေါင်း ရာနဲ့ချီ ရှိခဲ့တာ..။ ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲပေးတဲ့ ကျွမ်းကျင်သူတွေ ၊ လက်မှုပညာရှင်တွေ ၊ သာမန် စစ်သားတွေ ၊ နိုးထသူ နောက်လိုက်တွေ ၊ သူတို့ရဲ့ မိသားစုဝင်တွေ... အမွေခံ ကလန် ဆိုတာ အစွမ်းထက်တဲ့ စစ်သည် အနည်းငယ်ထက် ပိုတယ်လေ..။ အဲဒါက...အရမ်းကို ကြီးမားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းကြီး တစ်ခုပေါ့..။ မျိုးနွယ်စု တစ်ခုလို့တောင် ပြောလို့ရတယ်..”

သူမက တိတ်သွားပြီးမှ ဆက်ပြောလိုက်တယ်..။

“ဒါပေါ့.. အင်မော်တယ် မီးတောက် ကိုယ်တိုင် သေဆုံးသွားပြီး ငါ့အမေက ဟောလိုး ဖြစ်သွားပြီးတဲ့နောက်မှာ ငါတို့ရဲ့ ကံကြမ္မာက ပြောင်းလဲသွားခဲ့တယ်..။ အဲဒီနောက် ငါ့အဖေကလည်း မရှိတော့ဘူး..။ ငါ့ကို ပြုစုစောင့်ရှောက်ဖို့ ငါ့အဘွားပဲ ကျန်ခဲ့တယ်လေ..။ သူမက နိုးထသူ တစ်ယောက် မဟုတ်ဘူး...။ဒါပေမဲ့ အဲ့ဒါနဲ့ပဲ သူမက အားနည်းတဲ့ လူတစ်ယောက်လို့တော့ မထင်လိုက်နဲ့..။ ဆန့်ကျင်ဘက်အနေနဲ့ ငါ့အဘွားက သာမန် လူသားတစ်ယောက် ဖြစ်ပေမဲ့ ငါ သိခဲ့ဖူးသမျှ လူတွေထဲမှာ သူမက အသန်မာဆုံးပဲ..”

နစ်ဖီ က အကြည့်လွှဲလိုက်တယ်..။သူမရဲ့ မျက်နှာပေါ်မှာ ခံစားချက် အရိပ်အယောင်တစ်ချို့ ပေါ်လာခဲ့ပါတယ်..။

“သူမက ပထမမျိုးဆက် ထဲက အဖွဲ့ဝင် တစ်ယောက်ပဲ..။ လူသားတွေရဲ့ အမှောင်မိုက်ဆုံး အချိန်တွေမှာ မွေးဖွားလာခဲ့ပြီး အခိုက်အတန့် ရဲ့ သွေးစွန်းတဲ့ ရောက်ရှိလာမူတွေနဲ့ ကမ္ဘာဟောင်း ရဲ့ စနစ်တွေ ပျက်သုဉ်းသွားတာတွေကို ကြုံတွေ့ခဲ့ရတယ်.. ။ပြီးတော့ ကမ္ဘာသစ် တည်ဆောက်တဲ့ နေရာမှာလည်း ပါဝင်ခဲ့တယ်..။ သူမက သန်မာတယ်..ပညာရှိပြီး ကြင်နာတတ်တယ်..။ ငါ့အဘွားထက် ပိုကောင်းတဲ့ အုပ်ထိန်းသူမျိုး ငါ ဘယ်တော့မှ ထပ်ပြီး မတောင့်တမိဘူး..”

သူမက အောက်ကို ငုံ့သွားခဲ့ပြီး..

“ဒါပေမဲ့ အင်မော်တယ် မီးတောက် ကလန် ပျက်သုဉ်းမသွားအောင် တားဆီးဖို့တော့ သူမ တစ်ယောက်တည်းနဲ့ မလုံလောက်ခဲ့ဘူးလေ..။ အထူးသဖြင့် ငါ့အဖေရဲ့ မိတ်ဆွေတွေရဲ့ရန်ငြိုးထားခြင်းကို ခံရတဲ့ အချိန်မှာပေါ့..။ ဖြည်းဖြည်းချင်းပဲ ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အဆင့်အတန်းတွေကို ဆုံးရှုံးခဲ့ရတယ်..။ ငါတို့ဆီမှာ အလုပ်လုပ်တဲ့ လူတချို့က သူတို့ သဘောနဲ့သူတို့ ထွက်သွားကြတယ် ၊ တချို့ကတော့ အခက်အခဲတွေကြောင့် ငါတို့ကို စွန့်ခွာသွားကြရတယ်..။ ကျန်ရှိနေတဲ့ သူတွေထဲက အများစုကလည်း ငါ့ကို ကာကွယ်ရင်းနဲ့ သေဆုံးသွားခဲ့ကြတာပဲ..။ အသက်အသေခံပြီး သစ္စာရှိခဲ့တဲ့ သူတွေလည်း ရှိခဲ့ကြတယ်။... သူတို့ထဲမှာ နိုးထသူ အနည်းငယ်နဲ့ မာစတာ တစ်ယောက်တောင် ပါသေးတယ်..။ သူက ငါ့ရဲ့ ဆရာပေါ့..”

နစ်ဖီ က သက်ပြင်းချလိုက်တယ်..။

“ဒါပေမဲ့ နောက်ဆုံးတော့ သူလည်း မရှိတော့ပါဘူး..။ ငါ အသက် ဆယ့်ခြောက်နှစ် ပြည့်တဲ့ အချိန်ရောက်တော့ ငါတို့နဲ့ အကြာကြီး အတူရှိခဲ့ပြီး သွားစရာ နေရာမရှိတော့တဲ့ သာမန် အစေခံ အနည်းငယ်ပဲ ကျန်တော့တယ်..။ ငါ့အဘွား ဆုံးသွားပြီး ငါ အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ ခေါ်သံကို ကြားလိုက်ရတဲ့ အချိန်မှာ.. ကလန် မှာ ကျန်နေတဲ့ ရန်ပုံငွေ အနည်းငယ်ထဲကနေ သူတို့ကို ထောက်ပံ့ကြေး အမြောက်အမြား ပေးလိုက်ပြီး လွှတ်ပေးလိုက်တယ်..။ ကျန်တာတော့ နင် သိတဲ့အတိုင်းပဲ..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဟာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ထပ်ပြောလိုက်တယ်..။

“...တတိယမြောက် ညွှန်ကြားချက် အရ ရဲစခန်းမှာ သွားပြီး အဖမ်းခံဖို့ အိမ်တော် ကနေ မထွက်လာခင်မှာ ငါ တစ်အိမ်လုံးကို ပတ်ကြည့်ခဲ့တာကို မှတ်မိသေးတယ်..။ တစ်အိမ်လုံး ဘာမှ မရှိတော့တာကို မြင်ရတာက အရမ်း ထူးဆန်းတာပဲ..။ ငါ့အဘွား မရှိတော့ဘူး..။ ငါ့အမေက ဂရုစိုက် စောင့်ရှောက်ရေး ဂေဟာမှာ..။ အစေခံတွေလည်း ထွက်သွားကြပြီ..။ ငါ တစ်ယောက်တည်းပဲ ကျန်တော့တာ..”

သူမ က အကြည့်လွှဲလိုက်တယ်..။ ရုတ်တရက် သူမရဲ့ မျက်နှာပေါ်မှာ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

“ငါ့ကို ဆွဲထားမယ့်အရာ ဆိုလို့ ဘာတစ်ခုမှ မရှိခဲ့ဘူး..။ ဒါ့ကြောင့် ထွက်သွားရတဲ့အတွက်လည်း ငါ လုံးဝ ဝမ်းမနည်းနေခဲ့ဘူး..။ ငါ့အတွက် လျှောက်လှမ်းဖို့ လမ်းကြောင်း တစ်ခုပဲ ကျန်တော့တယ်... အဲတာက ရှေ့ကိုဆက်ဖို့ပဲ...”

ဆန်နီ သူမကို တိတ်တဆိတ် ကြည့်နေမိတယ်..။ သူ့မျက်လုံးတွေရဲ့ နက်ရှိုင်းတဲ့အပိုင်း မှာတော့ စိတ်မကောင်းဖြစ်တဲ့ အရိပ်အယောင်တွေ ဖုံးကွယ်နေခဲ့ပါတယ်..။

ရှေ့ဆက်ဖို့ တစ်ခုတည်းပဲ...။ဒါက သူတို့ နှစ်ယောက်လုံးအတွက်တော့ အခုထိ မှန်ကန်နေဆဲပါပဲ..။

ဒါပေမဲ့ ဘာကိုမှ မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ထားစရာ မရှိတော့တဲ့အတွက် ဘယ်အရာကမှ သူတို့ကို ဆွဲမထားနိုင်တော့ဘူးဆိုတာက တကယ်ပဲ ထိုက်တန်မူ ရှိရဲ့လား..။

သူ အကြည့်ကိုလွှဲလိုက်ပြီး သက်ပြင်းချလိုက်မိတယ်..။

ဘဝဆိုတာက ဒီလောက် မရိုးရှင်းတော့ပါဘူး...

အပိုင်း ( ၇၈၉ ) ပြီး၏။

All Chapters