အခန်း (၇၉၀-၇၉၂)
Vol. 53 Ch. 790-792
အပိုင်း ( ၇၉၀ ) အပြင်ထွက်ခြင်း
နစ်ဖီ က ဆန်နီ နဲ့အတူ နောက်ထပ် ရက်သတ္တပတ် အနည်းငယ် ထပ်နေဖို့ ဆုံးဖြတ်ခဲ့ပေမဲ့...သူတို့ရဲ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေက တော့ အနည်းငယ် ပြောင်းလဲသွားခဲ့ပါတယ်..။ဒါမှမဟုတ် သူက သူမကို နေခွင့်ပေးလိုက်တာလို့ ပြောရမလား..။ဗာလာ ကလန် နဲ့ စစ်ပြေငြိမ်းထားပြီ ဖြစ်တာကြောင့် သူမအနေနဲ့ တစ်ချိန်လုံး အိမ်ထဲမှာပဲ အောင်းနေဖို့ မလိုတော့ပါဘူး..။ ဒါကြောင့် သူတို့နှစ်ယောက်က နေ့တိုင်း ပင်ပန်းနွမ်းနယ်ရတဲ့ လေ့ကျင့်ရေးတွေကို ဆက်လုပ်နေကြဆဲ ဖြစ်ပေမဲ့.. ပြင်းထန်မှု အရှိန်ကတော့ လျော့နည်းသွားခဲ့ပါပြီ..။
အခမ်းအနား ပွဲ ဖိတ်စာကို လက်ခံရရှိပြီးတဲ့ ပထမဆုံးနေ့မှာပဲ နစ်ဖီ က သူမရဲ့ မိခင်ကို တွေ့ဆုံဖို့ ထွက်သွားခဲ့ပါတယ်..။ အဲဒီနောက် သိပ်မကြာခင်မှာပဲ သူမက ထူးဆန်းတဲ့ တောင်းဆိုမှုတစ်ခု လုပ်လာခဲ့တယ်..။
အစိုးရက နစ်ဖီ့ အတွက် တာဝန်ပေးထားတဲ့ အကြံပေးပုဂ္ဂိုလ်က သူမအနေနဲ့ သာမန်လူသားတွေနဲ့ သီးခြားခွဲမနေသင့်ကြောင်း နဲ့.. အဲဒီအစား လူတွေ ပုံမှန်ပျော်ရွှင်ကြသလိုမျိုး အဖွဲ့လိုက် လှုပ်ရှားမှုတွေမှာ ပါဝင်သင့်ကြောင်း အကြံပြုထားခဲ့ပါတယ်..။ ဒါကြောင့် သူမက လူတွေအနေနဲ့ သူတို့ရဲ့ အားလပ်ချိန်တွေမှာ ဘာတွေလုပ်တတ်ကြသလဲဆိုတာကို သိအောင် ကူညီပေးဖို့ ဆန်နီ ကို တောင်းဆိုခဲ့တာပါ..။
ဆန်နီ ကလည်း ပျော်ရွှင်စွာပဲ လက်ခံခဲ့တယ်။
ပြဿနာက... သူကိုယ်တိုင်လည်း ဒီအရာနဲ့ ပတ်သက်ပြီး ဘာမှ မသိတာပါပဲ..။ သူ့ရဲ့ ဘဝအတွေ့အကြုံက သူမထက် ပိုကြွယ်ဝတယ်ဆိုပေမဲ့.. မြို့ပြင်က လူတွေ သူတို့ဘဝကို ဘယ်လို ရှင်သန်ကြသလဲဆိုတာက အခု သူတို့ လိုအပ်နေတဲ့ အခြေအနေနဲ့ ထပ်တူမကျခဲ့ပါဘူး..။ နိုင်ငံသား တစ်ယောက်ဖြစ်လာပြီး ၊ မြို့ရဲ့ ပိုကောင်းတဲ့ အစိတ်အပိုင်းဆီကို ပြောင်းရွှေ့လာပြီးနောက်မှာ ဆန်နီ ဟာ သူ့ရဲ့ အချိန်အားလုံးကို... အနားယူတာထက် ပိုပြီး အကျိုးရှိမယ့် အရာတွေကို လုပ်ရင်းနဲ့ပဲ ကုန်ဆုံးစေခဲ့တာပါ..။
ဘယ်သူက အနားယူဖို့ အချိန်ရှိမှာလဲ..။ သူ့မှာကြိုးစားရမယ့် အရာတွေ အများကြီး ရှိနေပါသေးတယ်။
ရလဒ်အနေနဲ့ သူတို့က တခြား အဖွဲ့သားတွေ ဆီကနေ အကြံဉာဏ် တောင်းခဲ့ရတယ်..။ သူတို့ကို မေးလိုက်တဲ့အခါမှပဲ အယ်ဖီ က အပြင်ထွက်ဖို့ အစီအစဉ်ဆွဲပေးမယ်လို့ စိတ်အားထက်သန်စွာနဲ့ ကူညီလာခဲ့ပါတယ်..။ ဆန်နီ အနေနဲ့ သူမရဲ့ အဆိုပြုချက်အပေါ် မကောင်းတဲ့ အငွေ့အသက်တစ်ချို့ ရနေခဲ့ပေမဲ့.. အရမ်းပျော်ရွှင်နေတဲ့ မုဆိုးမိန်းကလေးကို ငြင်းပယ်ဖို့အတွက် ကောင်းမွန်တဲ့ အကြောင်းပြချက် ရှာမတွေ့ခဲ့ပါဘူး..။
ဒါကြောင့် ရက်အနည်းငယ်အကြာမှာတော့.. သူ့ဘဝမှာ တစ်ခါမှ မတွေးခဲ့ဖူးတဲ့ အရာတစ်ခုကို လုပ်ဖို့အတွက် ပြင်ဆင်ရပါတော့တယ်..။
ဆန်နီ က နိုက်ကလပ် တစ်ခုကို သွားဖို့အတွက် ပြင်ဆင်နေခဲ့တာပါ..။
‘ငါ ဘာတွေ လုပ်နေမိတာလဲ..။ ဒါက... ဒါက တကယ်ကို တုံးအလွန်းတယ်..'
ဆန်နီဟာ မှန်ရှေ့မှာ ရပ်နေရင်း သူ့ကို ပြန်စိုက်ကြည့်နေတဲ့ လူငယ်လေးကို စိတ်ပျက်စွာ ကြည့်လိုက်တယ်..။လူငယ်လေးက အနက်ရောင်နဲ့ မီးခိုးရင့်ရောင် ကို ရောစပ်ထားတဲ့ ခေတ်မှီ အဝတ်အစားတွေကို ဝတ်ဆင်ထားခဲ့တာပါ..။ သူက... ငြင်းမရအောင် ဆွဲဆောင်မှုရှိနေပေမဲ့.. ယောင်္ကျားပီသတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး..။ အဲဒီ ဆွဲဆောင်မှုရှိတဲ့ လူငယ်လေးကတော့.. ဒါပေါ့.. သူကိုယ်တိုင်ပါပဲ..။
ဒါမှမဟုတ် သူ့ရဲ့ ပုံရိပ်လို့ပဲ ပြောရမလား..။
ဆန်နီ ဒီပုံရိပ်ကို စူးစမ်းကြည့်ရင်း မျက်မှောင်ကျုတ် လိုက်တယ်..။
‘ဘာပဲဖြစ်ဖြစ်... ဒါက နိုက်ကလပ် တစ်ခုပဲလေ..။ ငါက သူတော်စင် တွေကို တိုက်ခိုက်ပြီး အသက်ရှင်သန်ခဲ့တဲ့သူပဲ..။အနီရောင် အဆောက်အဦး ကိုလည်း အောင်နိုင်ခဲ့တယ်..။ နတ်ဆိုး တစ်ကောင်ကိုတောင် ရင်ဆိုင်ခဲ့ဖူးတာပဲ..။သောက်စား မူးရူးနေတဲ့ သာမန်လူတစ်စုက ဘာတွေ ကြောက်စရာ ကောင်းနေလို့လဲ..'
သူ့ခေါင်းကို ခါယမ်းလိုက်ရင်း သက်ပြင်းတစ်ချက်ချကာ ဧည့်ခန်းထဲကို ဆင်းလာခဲ့တယ်..။
သူက သုန်မုန်တဲ့ အမူအရာနဲ့ ထိုင်စောင့်နေတုန်းမှာပဲ.. ဈေးကြီးတဲ့ PTV ကားတစ်စီးက အိမ်နားမှာ ရပ်လာခဲ့ပါတယ်..။ အဲ့အချိန်မှာပဲ အယ်ဖီ နဲ့ နစ်ဖီ တို့ဟာ ဒုတိယထပ်က အခန်းငယ်လေးတစ်ခုထဲကနေ ထွက်လာပြီး လှေကားကနေ ဆင်းလာခဲ့ကြတယ်..။
“နောက်ဆုံးတော့...နင်တို့ ဘာလို့ ဒီလောက်တောင်...”
သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာ အံ့ဩသွားခဲ့တာကြောင့် စကားကိုတောင် ဆုံးအောင် မပြောနိုင်ခဲ့ပါဘူး..။
တောက်ပြောင်နေတဲ့ လှေကားထစ်တွေပေါ်မှာ ရပ်နေတဲ့ နစ်ဖီ က... အတော်လေးကို ကွဲပြားနေခဲ့တယ်..။
သူမက တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတယ်
ဆိုပေမဲ့.. လူအများစုက သူမရဲ့ နာမည်ကိုပဲ သိထားကြတာပါ..။ အင်မော်တယ် မီးတောက်ကလန် ရဲ့ ကျော်ကြားလှတဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကို လူအနည်းငယ်လောက်ပဲ အပြင်မှာ အမှန်တကယ် မြင်ဖူးကြတာပါ..။ အဓိကကတော့ သူမ အိပ်မက် ကမ္ဘာ ကနေ ပြန်ရောက်လာပြီးနောက်မှာ လူမြင်ကွင်းကို ထွက်မပြသေးလို့ပါပဲ..။ ဒါပေမဲ့လည်း စိတ်လှုပ်ရှားနေတဲ့ လူအုပ်ကြီးရဲ့ ဝန်းရံမူကို ရှောင်ရှားနိုင်ဖို့အတွက် သူမရဲ့အသွင်အပြင်အချို့ကို ဖုံးကွယ်ထားတာက ပညာရှိရာ ရောက်ပါတယ်..။
ဒီအကြောင်းပြချက်ကြောင့်ပဲ ဆန်နီ က သူမကို ဆောင်းဦးသစ်ရွက် ကို ငှားပေးထားခဲ့တယ်..။ဒီ အလှအပဆိုင်ရာ မှတ်သားမူ ကို အသုံးပြုပြီး နစ်ဖီ က သူမရဲ့ ထင်ရှားတဲ့ ငွေရောင်ဆံပင်တွေကို အရောင်ပြောင်းလဲထားခဲ့တာပါ..။
အခုတော့ သူမရဲ့ ဆံပင်တွေက နက်မှောင်ပြီး တောက်ပြောင်နေခဲ့တယ်။ဒါက.. အကောင်းဆုံး ပိုးသား ရေတံခွန်တစ်ခုလိုပဲ ကျောလယ်လောက်အထိ ကျဆင်းနေခဲ့ပါတယ်..။ ဆံပင်တွေနဲ့ ဆန့်ကျင်ဘက်မှာတော့ သူမရဲ့ တည်ငြိမ်တဲ့ မီးခိုးရောင် မျက်လုံးတွေက ပိုပြီးတောင် ထင်ရှားနေသလိုပါပဲ..။ သူမက တောက်ပတဲ့ အဖြူရောင်မီးလျှံတွေကို ထုတ်မသုံးထားတာတောင် သူမရဲ့ ဆင်စွယ်ရောင် အသားအရေက ဝင်းလက်နေပါသေးတယ်။
ပိုဆိုးတာက... ဒီနေ့ သူတို့နှစ်ယောက် ဝတ်မယ့် အဝတ်အစားတွေကို ရွေးချယ် ပေးခဲ့တာက အယ်ဖီ ဖြစ်နေတာပါပဲ..။ ရလဒ်အနေနဲ့ နစ်ဖီ က ပေါင်လယ်လောက်ပဲ ရှိပြီး ပခုံးသားတွေကို ဖော်ထားတဲ့ အနီရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားခဲ့ပါတယ်..။
သူမက... အသက်ရူမှားလောက်အောင်ကို လှပနေခဲ့တယ်။
ဆန်နီ တံတွေး တစ်ချက် မျိုချလိုက်ပြီးမှ သူ့ကိုယ်သူ အားတင်းပြီး အကြည့်လွှဲလိုက်ရပါတယ်..။ အချိန်ခနကြာပြီးသွားမှ သူ စကားပြန်ပြောနိုင်ခဲ့တယ်။
“အဲတာက... အင်း... တစ်နေ့မှာ နင့်ကို ဂါဝန် နဲ့ တွေ့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး..”
နစ်ဖီ က သူမကိုယ်သူမ တစ်ချက် ပြန်ကြည့်လိုက်ပြီး အရေးမစိုက်သလိုပဲ ပုခုံးတွန့်ပြလိုက်တယ်..။
“ငါ သဘောကျပါတယ်..။ ဒီဝတ်စုံက ငါ့ရဲ့ လှုပ်ရှားမှုတွေကို အဟန့်အတား မဖြစ်စေဘူး..။ တကယ်လို့ တစ်ခုခု ဖြစ်လာရင်တောင် ငါ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရတယ်..”
ဆန်နီ က တွန့်ဆုတ်နေပြီးမှ..သာမန် မတောက်မပြောင် ဝတ်ထားတဲ့ အယ်ဖီ ကို သံသယဖြစ်စွာလှမ်းကြည့်လိုက်တယ်..။
“...နင်ကျတော့ ဘာလို့ ဘောင်းဘီပဲ ဝတ်ထားတာလဲ.."
အယ်ဖီ က ပြုံးလိုက်ပြီး
“ဘာဖြစ်ရမှာလဲ..။ငါက မင်းသမီးလေးမှ မဟူတ်တာ ငတုံးရဲ့.."
သူမက တခစ်ခစ် ရယ်လိုက်ပြီးမှ တစ်ပတ် လှည့်ပြလိုက်တယ်..။
“ဘာလဲ.. ငါ့ရဲ့ ဝတ်စုံက ဆွဲဆောင်မှု မရှိဘူးလို့ နင် ထင်လို့လား.."
ရှိတာပေါ့..လိုတာထက်တောင် ပိုနေသေးတယ်။
သူ့ မျက်လုံးတွေကို ဘယ်မှာ ထားရမှန်း မသိတာကြောင့် ဆန်နီ က အံ့ကြိတ်ပြီး နံရံကိုပဲ စိုက်ကြည့်နေလိုက်ပါတယ်..။
‘ဒီညကတော့...တကယ်ကို ရှည်လျားတော့မယ်...’
သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။
“အင်း... နင်လည်း ကြည့်ကောင်းပါတယ်..။ ဘာပဲဖြစ်ဖြစ် ငါတို့ သွားသင့်ပြီ..။ ကား က ရောက်နေပြီ..”
အယ်ဖီ က နောက်တစ်ကြိမ် တခစ်ခစ် ရယ်လိုက်ပြီး သူ့ပခုံးကို ပုတ်ကာ တံခါးဆီ ဦးတည်သွားလိုက်တယ်..။ ဆန်နီ နဲ့ နစ်ဖီ တို့လည်း နောက်က လိုက်သွားလိုက်ကြပါတယ်..။
မကြာခင်မှာပဲ သူတို့က PTV ကားထဲကို ရောက်သွားခဲ့ကြပြီး တခြားသူတွေကို နှုတ်ဆက်လိုက်ကြတယ်..။ ကိုင် ကို မြင်လိုက်ရမှ ဆန်နီ့ ရဲ့ စိတ်အခြေအနေက အနည်းငယ် ပိုကောင်းလာခဲ့ပါတယ်..။ အနည်းဆုံးတော့ အရင်က အိုင်ဒေါဟောင်းဖြစ်ခဲ့တဲ့ ကိုင် က သူ့ရဲ့ နယ်ပယ်ထဲကို ရောက်နေတဲ့ ပုံစံမျိုးပါပဲ..။
တစ်ဖက်မှာတော့ ကတ်စီ က မသက်မသာ ဖြစ်နေပုံပါပဲ..။ကောင်းပြီလေ ဒါကလည်း မထူးဆန်းပေ..။ ဆူညံတဲ့ သီချင်းသံတွေနဲ့ ပြည့်နှက်နေတဲ့ ကလပ်ဆိုတာက ချောမောလှပတဲ့ မျက်မမြင် မိန်းကလေးတစ်ယောက်အတွက်တော့ အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခု မဟုတ်ပါဘူး..။ ဒါပေါ့...တကယ်လို့ တစ်စုံတစ်ယောက်က အတွေးမှားပြီး သူမဆီကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာမယ်ဆိုရင်တော့.. သူတို့က အကြီးမားဆုံးတဲ့ အမှားတစ်ခု လုပ်မိသွားတာကို ခံစားကြရမှာပါ။
ဒါရိုက်ဘာ နေရာမှာရှိနေတဲ့ ကိုင်က သူ့ကို ပြုံးပြလိုက်တယ်..။
“ဆန်နီ...မင်းက ကြည့်ကောင်းနေတာပဲ.."
ယင်းနောက် သူက နစ်ဖီ နဲ့ အယ်ဖီ ဘက်ကို လှည့်ပြီး ပိုမိုကြီးမားတဲ့ အပြုံးနဲ့ ပြုံးပြလိုက်ပါတယ်..။ သူ့ရဲ့ တောက်ပလှတဲ့ အပြုံးက သူတို့ကိုတောင် မျက်စိကျိန်းလုမတတ်ပါပဲ..။
“...ဒါပေမဲ့ မိန်းကလေး တွေလောက်တော့ ကြည့်မကောင်းဘူးပေါ့..ဟုတ်တယ်မလား.."
ဆန်နီ ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့တယ်။
“ဒီတိုင်း မောင်းလိုက်ပါတော့.. ဟုတ်ပြီလား..။ ဒါကိုသာ အမြန် ပြီးသွားအောင် လုပ်ကြရအောင်..”
ကိုင် က သူ့ကို မျက်လုံးမှိတ်ပြလိုက်ပြီး လမ်းကို ကြည့်ကာ PTV ကို စတင် မောင်းနှင်လိုက်ပါတယ်..။
“စိတ်လျှော့ထားစမ်းပါ ဆန်နီ..။ ဒါက ဒီတိုင်း ကလပ်လေးပဲလေ..။ အဆိုးဆုံးက ဘာများ ဖြစ်နိုင်မှာ မို့လို့လဲ..”
ဆန်နီ နဲ့ သုန်မုန်တဲ့ အရိပ် နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း တုန်လှုပ်သွားခဲ့ကြတယ်..။
“မင်း လာနောက်နေတာလား..။ဒီစကားက အကျယ်ကြီးပြောဖို့ လိုအပ်လို့လား”
အပိုင်း ( ၇၉၀ ) ပြီး၏။
အပိုင်း ( ၇၉၁ ) လူသားတို့၏ ထုံးတမ်းစဉ်လာများ
နာမည်ကျော် နိုက်ကလပ် တစ်ခု၏ ကခုန်သည့် နေရာထက်တွင် မြင့်မားစွာ တည်ရှိနေသော VIP ဧရိယာ၏ အစွန်းတွင် ရပ်နေရင်း၊ ဆန်နီ နဲ့ နစ်ဖီ တို့ဟာ သူတို့အောက်မှာ လှိုင်းထနေတဲ့ လူအုပ်ကြီးကို ထူးဆန်းတဲ့ အမူအရာများဖြင့် ငုံ့ကြည့်နေခဲ့ကြပါတယ်..။ သီချင်းသံတွေက နေရာအနှံ့ကနေ ထွက်ပေါ်နေပြီး တစ်နေရာလုံးကို တုန်ခါနေစေခဲ့တယ်..။ မှောင်မိုက်နေသော ဟင်းလင်းပြင်ထဲမှာ အလင်းတန်းများ တဖျတ်ဖျတ် တလက်လက် ဖြစ်နေပြီး လှုပ်ရှားနေတဲ့ ပုံရိပ်ယောင်တွေကလည်း တောက်ပနေခဲ့တယ်..။
ဒီလူတွေကတော့ သူတို့ဘဝရဲ့ အပျော်ဆုံး အချိန်တွေကို ပိုင်ဆိုင်နေခဲ့ကြတာပါ..။
အယ်ဖီ သူတို့ကို ခေါ်လာခဲ့တဲ့ ကလပ်က လူ့အဖွဲ့အစည်းရဲ့ အထက်တန်းလွှာတွေသာ လာရောက်နိုင်တဲ့ သီးသန့်နေရာဖြစ်တာကြောင့် ဆန်းပြားလှပတဲ့ နေရာတစ်ခု ဖြစ်နေခဲ့တယ်..။
အရက်သေစာတွေနဲ့ တရားဝင် စိတ်ကြွဆေးဝါးတွေအတွက် မိနစ်တိုင်းမှာ သုံးစွဲနေတဲ့ ခရက်ဒစ် ပမာဏဟာ နည်းတာမဟုတ်ပါဘူး..။ ကခုန်တဲ့ ခန်းမထဲမှာရှိတဲ့ ဒီဇိုင်နာ အဝတ်အစားတွေ၊ ခေတ်မီ နည်းပညာသုံး အသုံးအဆောင်တွေနဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေရဲ့ တန်ဖိုးက ထိပ်လန့်ဖွယ် ကောင်းလောက်အောင်ကို များပြားလှပါတယ်..။ လေထုထဲမှာ ပျံ့နှံ့နေတဲ့ တိရစ္ဆာန်ဆန်ဆန် စိတ်လှုပ်ရှားမှုတွေကလည်း သိသိသာသာကို ခံစားနေခဲ့ရတယ်..။
ကခုန်နေကြတဲ့ လူအုပ်ကြီးကို မိန်းမောစွာ ကြည့်ရင်း ဆန်နီ က ခေါင်းခါလိုက်မိတယ်..။
“တကယ့်ကို... ထူးဆန်းတဲ့ အစဉ်အလာပဲ..”
နစ်ဖီ က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်..။
“...ငါလည်း အဲ့လိုပဲ ထင်တယ်.. ဟုတ်တယ်မလား..”
အဖွဲ့သားတွေဟာ အထက်တန်းလွှာတွေအတွက် ရည်ရွယ်ထားတဲ့ VIP နားနေဆောင်ရဲ့ အစိတ်အပိုင်း အတော်များများကို ယူထားခဲ့ကြတယ်..။ ဒီ အထက်တန်းလွှာ လူအုပ်ကြားထဲမှာတောင် သူတို့ရဲ့ အဆင့်အတန်းက တခြားသူတွေထက် အများကြီး သာလွန်နေခဲ့ပါတယ်..။ ကိုင် နဲ့ ကတ်စီ ကတော့ စားပွဲမှာ ရှန်ပိန်လို့ ခေါ်တဲ့အရာကို သောက်ရင်း အချိန်ဖြုန်းနေကြပြီး.. ကျန်တဲ့ သုံးယောက်ကတော့ ကလပ်ရဲ့ ခန်းမဆောင်ကြီးကို ကြည့်ဖို့ အစွန်းဘက်ကို ထွက်လာခဲ့ကြတာပါ..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ကခုန်နေတဲ့ လူအုပ်ကြီးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ်..။
“သူတို့ရဲ့ အပြုအမူတွေက ဘာမှ အဓိပ္ပာယ် မရှိသလိုပဲ..”
ဆန်နီ ကလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်..။
“အမှန်ပဲ..”
ခနအကြာမှာတော့ သူက ထပ်ပြောလိုက်ပါတယ်..။
“သူတို့က ကခုန်နေတာတောင် မဟုတ်ဘူး.. သူတို့ရဲ့ ခန္ဓာကိုယ်တွေကို စည်းချက်ကျကျ လှုပ်ခါနေကြတာပဲ..။ ပြီးတော့ တခြားသူတွေနဲ့ ဘယ်လောက်အထိ နီးနီးကပ်ကပ် ရမ်းခါခွင့်ရှိသလဲဆိုတာက.. သူတို့ရဲ့ ဆွဲဆောင်မှုရှိမှုကို ဖော်ပြနေကြတာဖြစ်မယ်..။ ဘယ်လိုပဲဖြစ်ဖြစ်.. သူတို့အားလုံးက ကြည့်ရတာ ငတုံးတွေလိုပဲ..”
နစ်ဖီ ခေါင်းကို အနည်းငယ် စောင်းလိုက်တယ်..။
“ဒါက အဲလောက် မရိုးရှင်းဘူးလို့ ငါ ထင်တယ်..။ ဒီထူးဆန်းတဲ့ လှုပ်ရှားမှုတွေက တကယ်တော့ အသေးစိတ်ကျပုံရတယ်..။ အမျိုးသမီးတွေကိုပဲ ကြည့်လိုက်.. သူတို့က အမျိုးသားတွေကို ဆွဲဆောင်ဖို့အတွက် သူတို့ရဲ့ ရုပ်ရည်၊ ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့ သွက်လက်မှုကို အသုံးပြုနေကြတာပဲ..။ ဒါပေမဲ့ အမျိုးသားတွေက ဆွဲဆောင်ခံရပြီဆိုရင်.. အမျိုးသမီးတွေက စိတ်မဝင်စားသလိုမျိုး ဟန်ဆောင်ကြပြန်တယ်..။ အများစုကတော့ တကယ်ပဲ စိတ်မဝင်စားကြတာဖြစ်ရမယ်.. ဒါပေမဲ့ တချို့အချိန်တွေမှာတော့ အမျိုးသားတွေ ပိုကြိုးစားလာအောင် လုပ်တဲ့ အချက်ပြမှု တစ်ခုပဲ..”
သူမ တိတ်သွားပြီးမှ အနည်းငယ် ဇဝေဇဝါ ဖြစ်နေတဲ့ လေသံနဲ့ ထပ်ပြောလိုက်တယ်..။
“အံ့ဩစရာအကောင်းဆုံးက.. မရေမရာတဲ့ သတ်မှတ်ချက်တွေအပေါ် အခြေခံထားတဲ့ ဒီဆန်းစစ်ချက်တွေ အပါအဝင် သတင်းအချက်အလက် တွေကို.. ဘာစကားမှ မပြောဘဲနဲ့.. ခန္ဓာကိုယ်တွေကို လှုပ်ခါနေရင်းနဲ့တင် အမျိုးသားရော အမျိုးသမီးရော ဘယ်လိုမျိုး နားလည်နေကြတာလဲ ဆိုတာပဲ..။ သူတို့အားလုံးက စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းရည်တွေ ရှိနေကြသလိုပဲ..”
ဆန်နီ က မျက်မှောင်ကြုတ်လိုက်တယ်..။
“ဘာပဲဖြစ်ဖြစ်.. ဒီလို လှုပ်ခါနေတာတွေက ချစ်သူအဖော်အဖြစ် သတ်မှတ်ဖို့ သူတို့ရဲ့ တန်ဖိုး မြင့်မားမှုကို ပြသဖို့ ရည်ရွယ်ထားတယ် ဆိုတာကတော့ အသိသာကြီးပဲ..။ ဒါက “ကခုန်ခြင်း” ဆိုတာထက် “ကချေသည်” တွေအတွက် ဆွဲဆောင်မှုရှိတဲ့ အဖော်ရှာတဲ့ နေရာတစ်ခုပဲပေါ့..။ ဒါပေမဲ့ လူတိုင်းက သူတို့ မဟုတ်သလိုမျိုး ဟန်ဆောင်နေကြတယ်..။ တကယ်တော့ ဒီလူအများစုက ဆန့်ကျင်ဘက် ဖြစ်သလိုမျိုး ဟန်ဆောင်နေကြတာ..”
သူက မေးစေ့ကို ပွတ်လိုက်ပြီး..
“စိတ်ဝင်စားကြောင်း ပြသတာက မပြည့်စုံမှုနဲ့
မဆွဲဆောင်နိုင်မှုကို ဝန်ခံလိုက်သလိုမျိုး ဖြစ်မနေဘူးလား.။ အဖော်ရှာနိုင်တဲ့ သူတွေကလည်း မရေမရာတဲ့ အရိပ်အမြွက်တွေနဲ့ တိတ်ဆိတ်တဲ့ အချက်ပြမှုတွေကတစ်ဆင့်ပဲ လုပ်နေကြတယ်..။ ဒါက တကယ်ကို... ထိရောက်မှု မရှိတာပဲ..။ လူတွေက ဘာလို့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ အလိုဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း မပြောနိုင်ကြတာလဲ..။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက တူညီတဲ့ ရလဒ်ကိုပဲ ရှာဖွေနေကြတာပဲကို..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က စဉ်းစားဟန်နဲ့ ခေါင်းငြိမ့်ပြလိုက်တယ်..။
...သူတို့နားက လက်ရန်းကို မှီနေတဲ့ အယ်ဖီ ကတော့၊ သူတို့နှစ်ယောက်ကို နားမလည်နိုင်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်..။ ယင်းနောက် မုဆိုးမိန်းမလေးက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်တယ်..။
“နင်တို့ နှစ်ယောက်လုံးက ငတုံးတွေပဲ.. သိကြရဲ့လား..”
ဆန်နီ နဲ့ နစ်ဖီ တို့က သူမကို တစ်ပြိုင်နက်တည်း အံ့ဩတကြီး လှည့်ကြည့်လိုက်ကြတယ်..။
“ဘာ”
“ဘာလို့လဲ.. ငါတို့ရဲ့ ဆန်းစစ်ချက်က မှားနေလို့လား..”
အယ်ဖီ က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တယ်..။
“သူတို့က ပျော်နေကြတာလေ.. ဘုရားသခင်တို့.. နင်တို့ ပျော်တယ်ဆိုတာ ဘာလဲ မသိကြဘူးလား..။ ယုံချင်ယုံ မယုံချင်နေ.. တစ်ခါတလေကျရင် ဆူညံတဲ့ သီချင်းသံတွေနဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်လွတ်လပ်လပ် ထားပြီး ခန္ဓာကိုယ်ကို လှုပ်ရှားရတာက တကယ်ကို နေလို့အကောင်းဆုံးပဲ..။ တကယ်တော့ နင်တို့လည်း စမ်းပြီး ကခုန် ကြည့်သင့်တယ်”
သူတို့ နှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာ တူညီတဲ့ စက်ဆုပ်ရွံ့ရှာတဲ့ အမူအရာတွေ ပေါ်လာခဲ့တယ်..။
“ဟင့်အင်း.. ကျေးဇူးပဲ..”
“ငါတော့ မလုပ်ပါရစေနဲ့..”
မုဆိုးမလေးက မျက်လုံးကို မော့ကြည့်လိုက်တယ်..။
“အဖော်ရှာတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း.. အဲ့ဒါက ဘာမှားနေလို့လဲ..။ တခြားအရာတွေကလည်း ပျော်စရာကောင်းနိုင်တယ်ဆိုတာ နင်တို့ သိပါတယ်..”
ဆန်နီ ရော နစ်ဖီ ပါ မျက်တောင်ခတ်လိုက်ကြတယ်..။
“...တကယ်ကို ပေါ့ပျက်ပျက် နိုင်လှချည်လား..”
“ဒါပေါ့.. ငါ သိတာပေါ့..ငါ ကောင်းကောင်းကြီး သိတာပေါ့”
အယ်ဖီ က ညည်းညူလိုက်ပြီး သူမရဲ့ ခေါင်းကို ခါယမ်းလိုက်တယ်..။
“မျှော်လင့်ချက် မရှိတော့ဘူး... နင်တို့ နှစ်ယောက်လုံးတော့ သွားပြီ...”
ခနအကြာမှာတော့ သူမက သက်ပြင်းချလိုက်ပြီး နစ်ဖီ ကို ကြည့်ကာ မေးလိုက်ပါတယ်..။
“ကဲ.. ဘာပဲဖြစ်ဖြစ်.. ဒါက လူသားတွေ ဘာလုပ်ရတာ ကြိုက်သလဲဆိုတာကို ပြတဲ့ အကောင်းဆုံး ဥပမာတစ်ခုပဲ..။ အလုပ်ဖြစ်ရဲ့လား..။ လူသားဆန်မှုနဲ့ ပိုပြီး နီးစပ်သွားပြီလို့ ခံစားရလား..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က တွန့်ဆုတ်နေပြီးမှ၊ ကခုန်နေတဲ့ လူအုပ်ကြီးကို ပြန်ကြည့်ကာ ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ ယင်းနောက် သူမက ပြောလာခဲ့ပါတယ်..။
“ဒါက ထူးဆန်းတယ်..။ ဒီလောက်များတဲ့ လူတွေက ဒီလောက်... ပေါ့ပေါ့ဆဆ ပြုမူနေကြတာကို မြင်ရတာလေ..။ အမှန်အတိုင်း ပြောရရင်.. ငါ တွေးမိတာက...”
သူမရဲ့ မျက်နှာက သုန်မုန်သွားခဲ့တယ်..။ နစ်ဖီ က နက်မှောင်တဲ့ အမူအရာနဲ့ လူအုပ်ကြီးကို စူးစမ်းရင်း ခနလောက် တုံ့ဆိုင်းနေခဲ့ပါတယ်..။
“...သူတို့အားလုံးကို သတ်ပစ်ဖို့ ဘယ်လောက် တောင် လွယ်ကူမလဲ ဆိုတာပဲ..။ သူတို့တွေက ဘာကိုမှ သတိမထားမိကြသလို.. ဘာမှလည်း ပြင်ဆင်ထားပုံ မရဘူး..”
နာကျင်မှုတွေနဲ့ ရုန်းကန်မှုတွေ အမြဲရှိနေတဲ့ အခြေအနေမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး.. အသက်ရှင်သန်ဖို့အတွက် နေ့တိုင်းလိုလို ကြောက်မက်ဖွယ်ကောင်းတဲ့ ရန်သူတွေကို တိုက်ခိုက်ခဲ့ရပြီးနောက်မှာ.. ဒီလို ထူးဆန်းပြီး ငြိမ်းချမ်းတဲ့ လက်တွေ့ဘဝနဲ့ အသားကျဖို့ သူမအတွက် ခက်ခဲနေမှာ အသေအချာပါပဲ..။ နစ်ဖီ အနေနဲ့ နိုးထခြင်း ကမ္ဘာဆီ ပြန်ရောက်လာပြီ ဆိုပေမဲ့.. သူမရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ လိုက်လျောညီထွေဖြစ်ဖို့ နှေးကွေးနေခဲ့ပါတယ်..။ သူမရဲ့ စိတ်က အိပ်မက် ကမ္ဘာ ရဲ့ ကြောက်မက်ဖွယ် အန္တရာယ်တွေကြားမှာ ရှိနေတုန်းပါပဲ..။ စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဟာ အိပ်မက်ဆိုး တစ်ခုထဲမှာ နေထိုင်နေဆဲပါ..။
အယ်ဖီ က သူမကို သံသယဖြစ်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။
“နင် အံ့ဩသွားလိမ့်မယ်..။ ဒါက ဈေးကြီးတဲ့ ကလပ်လေ.. ဒါကြောင့် ဒီလူတွေထဲက အတော်များများက နိုးထသူ တွေပဲ..။ တကယ်တော့.. အကယ်ဒမီ ကလွဲရင် မြို့ရဲ့ ဒီလိုနေရာမျိုးတွေမှာပဲ နိုးထသူတွေ အများကြီး စုဝေးနေတတ်တယ်လို့ ငါ ပြောရဲတယ်..။ ဒီကလပ်က ရုတ်တရက် ထွက်ပေါက် တစ်ခု ပေါ်လာတယ် ဆိုရင်တောင်.. အမွေခံ ကလန် အများစုရဲ့ ဌာနချုပ်တွေထက် ခုခံဖို့ ပိုပြီး အဆင်သင့် ဖြစ်နေလောက်တယ်..”
နစ်ဖီ က သူမကို အံ့ဩတကြီး ကြည့်လိုက်တယ်..။
“တကယ်ကြီးလား”
မုဆိုးမိန်ကလေးက ပြုံးပြလိုက်ပြီး..
“ဒါပေါ့..။နိုးထသူ တိုင်းက နင်တို့ နှစ်ယောက်လို တိုက်ခိုက်ဖို့ကိုပဲ စွဲလမ်းနေကြတာ မဟုတ်ဘူးလေ..။ သူတို့က အိပ်မက် ကမ္ဘာ ကို သူတို့ရဲ့ အလုပ်တစ်ခုလိုပဲ သဘောထားကြတာ.. သူတို့ရဲ့ ဘဝတစ်ခုလုံး မဟုတ်ဘူး..။ သူတို့ အိပ်ပျော်နေတဲ့ အချိန်မှာ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ကြတယ်..၊ တံတိုင်းတွေကို စောင့်ကြပ်တယ်၊ တိုက်ခိုက်လာတဲ့ အိပ်မက်ဆိုး သားရဲ တွေကို တိုက်ခိုက်တယ်။သူတို့ရဲ့ ခံတပ် တွေကို ထိန်းသိမ်းစောင့်ရှောက်ကြတယ်.. အဲ့လိုမျိုးပေါ့..။ သူတို့ နိုးထလာတဲ့ အခါကျရင်တော့.. သူတို့ရဲ့ တကယ့် ဘဝတွေဆီ ပြန်သွားကြတာပဲ..”
အပိုင်း ( ၇၉၁ ) ပြီး၏။
အပိုင်း ( ၇၉၂ ) မမြင်နိုင်သော အရာ
အယ်ဖီ က ပြုံးလိုက်ပြီး ကခုန်နေတဲ့ လူအုပ်ကြီးကို လက်ညှိုးထိုးပြကာ ထပ်ပြောလိုက်ပါတယ်..။
“အိပ်မက် ကမ္ဘာ ကနေ ပြန်လာပြီးတဲ့နောက်မှာ.. နိုးထသူ အများစုက ခံတပ် အတွက် သူတို့ရဲ့ အသုံးဝင်မှုကို မြှင့်တင်ဖို့ နဲ့ အသက်ရှင်သန်နိုင်ခြေ ပိုများလာစေဖို့အတွက် အနည်းဆုံးတော့တစ်နေ့တာရဲ့ အစိတ်အပိုင်းတစ်ခုကို လေ့ကျင့်ရင်း ကုန်ဆုံးကြတယ်..။ တချို့ကလည်း နိုးထခြင်း ကမ္ဘာမှာ အရေးကြီးတဲ့ အလုပ်ကိစ္စတွေ ရှိကြသေးတာပေါ့..။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ အခြေခံအဆောက်အအုံတွေက စပဲလ်နည်းပညာ နဲ့ လည်ပတ်နေတာလေ..”
သူမက ခေါင်းခါလိုက်ပြီး
“ဒါပေမဲ့ အဲဒါတွေရဲ့အပြင်ဘက်မှာ.. အသက်ရှင်ဖို့နဲ့ ပျော်ရွှင်ဖို့အတွက် အချိန်တွေ အများကြီး ရှိပါသေးတယ်..။အလုပ်တွေကိုပဲ မနားတမ်း လုပ်နေဖို့ မလိုပါဘူး..။ တချို့ဆိုရင် တခြားအရာတွေကို စိတ်ဝင်စားမှု မရှိတာက ပိုပြီးတောင် ဆိုးကျိုးပေးနိုင်တယ်လို့ ပြောကြသေးတယ်..”
မုဆိုး မိန်းကလေးက သူတို့ကို ကြည့်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။
“ငါ ဆိုလိုတာက.. ဒီကမ္ဘာက ပေးစွမ်းနိုင်တဲ့ ကောင်းမွန်တဲ့ အရာတွေကို နင်တို့ကိုယ်တိုင် တစ်ခါမှ မခံစားဖူးဘူးဆိုရင်.. ဒီကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် ဘယ်လိုလုပ် စိတ်ဓာတ်တက်ကြွမှု ရှိတော့မှာလဲ..။ဒါ့ကြောင့်လည်း နင့်ရဲ့ အကြံပေးက သာမန်လူသားတွေလိုမျိုးလှုပ်ရှားမှုတွေမှာ ပါဝင်ခိုင်းတာ ဖြစ်နိုင်တယ် နစ်ဖီ..။ နိုးထသူတွေ၊ အထူးသဖြင့် ငါတို့လို မာစတာ တွေက လူသားဆန်မှုနဲ့ တစ်နည်းနည်းနဲ့ ချိတ်ဆက်ထားဖို့ လိုအပ်တယ်လေ..။ ဒီမှာက ထွက်ပေါက် တွေ ဆိုတာ မရှိဘူးလေ..”
ဆန်နီ ဟာ သူ့ဖန်ခွက်ထဲမှာ ထူးဆန်းစွာ တဖျတ်ဖျတ်လက်နေတဲ့ အရည်ကို အနံ့ခံကြည့်ပြီး.. သေချာ မြည်းစမ်းကြည့်လိုက်တယ်..။ ဒီရှန်ပိန်ဆိုတဲ့ အရာက.. နာမည်က ဘာပဲဖြစ်ဖြစ်.. အရမ်းဈေးကြီးလွန်းတာကြောင့် သူ့ငွေရဲ့ တန်ဖိုးကို ရအောင် ယူရမယ့် အခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပါဘူး..။ ကောင်းပြီလေ.. ဒီနေ့ သူ ပိုက်ဆံရှင်းရတာ မဟုတ်ပေမဲ့လည်း.. ဒါက သူ့ရဲ့ မူဝါဒပါပဲ..။
သေချာတာကတော့ ဆန်နီ က အရက်ကို ဖြတ်ထားခဲ့တာပါ..။သို့ပေမဲ့ အခု သူက မာစတာ တစ်ယောက် ဖြစ်နေတာကြောင့်.. သူကိုယ်တိုင် စိတ်ဆန္ဒရှိမှသာ မူးနိုင်မှာပါ..။ ဒီလို သာမန် အရက်တွေနဲ့တော့ သူ့ကို မူးအောင် မလုပ်နိုင်ပါဘူး..။ သူသာ အလိုမရှိဘူးဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်က
အယ်လ်ကိုဟောကို အားနည်းတဲ့ အဆိပ်တစ်ခုလိုပဲ သဘောထားပြီး ခုခံနေပါလိမ့်မယ်..။
‘အရသာက... ချိုတယ်..။ ဒါပေမဲ့ ခါးလည်း ခါးတယ်..။ တကယ့်ကို လန်းဆန်းစေတာပဲ..။ ထူးဆန်းလိုက်တာ’
အယ်ဖီ ရဲ့ စကားတွေက သူ့ကို စဉ်းစားစရာ အဖြစ် ပေးစွမ်းနိုင်ခဲ့တယ်..။ သူမ ပြောတာက လုံးဝ မမှားပါဘူး..။ ဆန်နီ ကိုယ်တိုင်လည်း အတိတ်တုန်းက သူ့အပေါ် မကြင်နာခဲ့တဲ့ နိုးထခြင်း ကမ္ဘာအပေါ်မှာ ဝေခွဲမရတဲ့ ခံစားချက်မျိုးတွေ ရှိနေခဲ့တာပါ..။ သူက အိပ်မက် ကမ္ဘာ ထက် ဒီကမ္ဘာကို ပိုကြိုက်တာက.. ပိုပြီး လုံခြုံလို့ ၊ အရသာရှိတဲ့ အစားအသောက်တွေ၊ သက်သောင့်သက်သာရှိတဲ့ ပရိဘောဂတွေနဲ့ ကွန်ရက် ဇာတ်လမ်းတွဲတွေ ရှိနေလို့ပါ။
ပြီးတော့ ရိန်း လည်း ဒီမှာ ရှိနေတာပါပဲ..။
ဒါပေမဲ့ နိုးထသူ တစ်ယောက်က အဲ့ဒီအရာတွေအားလုံးအပေါ်မှာ စိတ်မဝင်စားဘူးဆိုရင်ရော..။ သူတို့တွေက ဘယ်လိုလုပ်ပြီး နိုးထခြင်း ကမ္ဘာကို ကြိုးစားအားထုတ် ကာကွယ်ချင်ကြတော့မှာလဲ..။ သူတို့က မာစတာ ဒါမှမဟုတ် သူတော်စင် တစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာ.. သာမန်လောကကို အပြီးတိုင် စွန့်ခွာသွားဖို့ ဘယ်အရာကများ တားဆီးနိုင်မှာလဲ..။
ဒါမှမဟုတ် အုပ်စိုးသူများ ဖြစ်လာတဲ့အချိန်မှာရော...
နစ်ဖီ ကတော့ တစ်ဖက်မှာ ကခုန်တဲ့ ခန်းမကို ဆက်ပြီး စူးစမ်းနေတုန်းပါပဲ..။ ခနအကြာမှာတော့ သူမက ပြောလိုက်ပါတယ်..။
“ဒီမှာ နိုးထသူတွေ အများကြီး ရှိနိုင်တယ်ဆိုပေမဲ့.. အိပ်မက်ဆိုး သားရဲ တွေရဲ့ လှိုင်းလုံးတစ်ခုကို တိုက်ခိုက်ဖို့ သူတို့ ဘယ်လောက်အထိ အသင့်ဖြစ်နေကြမှာလဲ..။ ပွင့်လာတဲ့ ထွက်ပေါက် တစ်ခုကို ရင်ဆိုင်ဖို့ဆိုတာက အများကြီး သတ္တိရှိဖို့ လိုအပ်တယ်..။ သတ္တိရှိတဲ့ သူတွေထဲမှာကော ဘယ်နှစ်ယောက်ကများ အခြေအနေကို ပြောင်းလဲနိုင်လောက်တဲ့အထိ အရည်အချင်း ရှိကြလို့လဲ..။ လူတိုင်းက
မွန်ဂရယ် ( ခွေးသား ) လိုမျိုး မဟုတ်ကြဘူးလေ..။ သူတို့ရဲ့ ခံတပ်ကို မြဲအောင်ထိန်းထားပြီး တိုက်ပွဲဝင်နိုင်တဲ့သူက အနည်းငယ်ပဲ ရှိတာ..”
အယ်ဖီ က သူမကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။
“ဟင်..။ နင် အင်တာနက်ပေါ်က ဗီဒီယိုတွေ ကို အများကြီး ကြည့်နေတာလား မင်းသမီးလေး..။ အခု နင်က မွန်ဂရယ် ရဲ့ စကားတွေကို ကိုးကားနေတာလား..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ပုခုံးတွန့်ပြလိုက်တယ်..။
“ငါ သူ့ကို လေးစားလို့ပါ..”
မုဆိုးမလေးက ရုတ်တရက် ရယ်မောလိုက်ပြီး စနောက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။
“နစ်... နင်က အရှင် ခွေးသား ကိုများ စိတ်ဝင်စားနေတာလား..”
ဆန်နီ ကတော့ သောက်နေတဲ့ ရှန်ပိန်တွေ ပြန်အန်ထွက်တော့မလို ဖြစ်သွားခဲ့တယ်..။ သူက အယ်ဖီ ကို သတ်ဖြတ်လိုတဲ့ အကြည့်တွေနဲ့ လှမ်းကြည့်လိုက်ပါတယ်..။
နစ်ဖီ ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ..။ သူမက ဘာတုံ့ပြန်မှုမှ မပြဘဲနဲ့ သာမန်ပဲ ပြန်ဖြေလိုက်တယ်..။
“ငါက သူ့ရဲ့ အရည်အချင်းနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြုတာပါ..။ အစတုန်းကတော့ သူ့ရဲ့ ဓားသိုင်းက ဘယ်လောက် လှပသလဲဆိုတာကိုပဲ စိတ်ဝင်စားခဲ့တာ..။ စီးဆင်းနေပြီး ခန့်မှန်းရခက်တယ်..။ လိုက်လျောညီထွေဖြစ်မှုကလည်း အထူးကဲဆုံးပဲ..။ ငါ သူ့ရဲ့ ယှဉ်ပြိုင်ပွဲတချို့ကိုရော အိပ်မက် ပြိုင်ပွဲ မှာ သူ တိုက်ခိုက်ခဲ့တာတွေကိုရော ကြည့်ဖူးတယ်..။ သူ့ရဲ့ အာရုံစူးစိုက်မှု၊ ထူးချွန်မူ နဲ့...လွှမ်းမိုးလိုတဲ့ အမူအရာတွေက... ငါ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမှတ်ရစေတယ်လေ..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခေါင်းခါလိုက်တယ်..။
“ဒါပေမဲ့ အဲ့ဒါတွေက ကစားပွဲ သက်သက်ပါပဲ..။ ထွက်ပေါက် တစ်ခုရဲ့ ရှေ့မှာ အိပ်မက်ဆိုး သားရဲ လှိုင်းတွေ ကို မွန်ဂရယ် တစ်ယောက်တည်း ခုခံနေတဲ့ ဗီဒီယိုဖိုင်ကို တွေ့လိုက်ရတဲ့ အခါကျမှပဲ.. ငါ သူ့ရဲ့ စိတ်ဓာတ်ကို အမှန်တကယ် အသိအမှတ်ပြုမိခဲ့တာ..။ ငါ့အမြင်မှာတော့.. သူက တကယ့် နိုးထသူ တစ်ယောက် ကြိုးစားသင့်တဲ့ ပုံစံမျိုးပဲ..။ အခိုက်အတန့် ရဲ့ ရှေ့မှာ ဒူးထောက်ဖို့ ဝန်မလေးတဲ့သူ မဟုတ်ဘဲ.. အဲ့ဒီအစား အန္တရာယ်ကို တောင့်ခံဖို့ ဆုံးဖြတ်ထားတဲ့သူမျိုးပေါ့..။ သူ့ရဲ့ စိတ်ဆန္ဒ၊ တိုက်ခိုက်ရေး ကျွမ်းကျင်မှုနဲ့ ဉာဏ်ပညာက ချီးကျူးစရာပဲ..။ အပြင်မှာ သူလိုမျိုး စစ်သည်တော်တွေ ရှိနေတယ်ဆိုတာ သိရတာက ငါ့ရဲ့ နှလုံးသားကို နွေးထွေးစေတယ်..”
ဆန်နီ က သူ့ဖန်ခွက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး အနေခက်တဲ့ အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ရပါတယ်..။
“ဟေး... ငါတို့ အဲ့ဒီ မွန်ဂရယ် ဆိုတဲ့ လူအကြောင်းကို အဲ့လောက်ကြီး ချီးကျူးမနေကြရအောင်လား.. ဟုတ်ပြီလား..။ သူက အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး..။ ငါ ဆိုလိုတာက.. သူက အဲဒီ ထွက်ပေါက် မှာ တစ်ယောက်တည်း ရှိနေခဲ့တာ မဟုတ်ဘူးလေ..အမှန်တော့ သူ့ကို ကူညီပေးတဲ့ တခြား နိုးထသူတွေလည်း ရှိသေးတာပဲ..။ အဲဒီ ဉာဏ်ပညာရှိတယ် ဆိုတဲ့ ကိစ္စကလည်း.. သူ ပြောခဲ့တဲ့ အမှိုက်စကားတွေကို သူကိုယ်တိုင်တောင် တကယ် သိမှာ မဟုတ်ဘူးလို့ ငါ လောင်းရဲတယ်...”
နစ်ဖီ က သူ့ကို အံ့ဩတကြီး ကြည့်လာခဲ့တယ်..။
“ငါကတော့ သဘောမတူဘူး..။ မွန်ဂရယ် က ဒီချီးကျူးမှုတွေအားလုံးနဲ့ ထိုက်တန်တယ်လို့ ငါ ထင်တယ်..။ သူက တကယ့်ကို ထူးခြားတဲ့သူပဲ”
အယ်ဖီ ကတော့ ဘေးကနေ သူတို့ကို ပြုံးပြုံးကြီး ကြည့်နေခဲ့ပါတယ်..။
ဆန်နီ ရုတ်တရက် မကောင်းတဲ့ အငွေ့အသက်တစ်ခု ရလိုက်တယ်..။
သူ တစ်ခုခု မပြောနိုင်ခင်မှာပဲ.. မုဆိုးမိန်းကလေးက ရှေ့ကို တိုးလာခဲ့ပြီး နစ်ဖီ ရဲ့ နားထဲကို တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်..။
“ဆန်နီ က မွန်ဂရယ် ဆိုတာကိုတော့ နင် သိပါတယ်နော် ဟုတ်တယ်မလား..”
ဆန်နီ ပါးစပ်ထဲက ရှန်ပိန်တွေနဲ့ ပြန်ထွက်လာခဲ့တယ်..။ သူ့လက်ထဲက အဖိုးတန် ဖန်ခွက် က အနည်းငယ်တောင် အက်သွားခဲ့ပါတယ်..။
နစ်ဖီ အေးခဲသွားခဲ့တယ်..။
သူမရဲ့ မျက်နှာကတော့ အရင်အတိုင်း တည်ငြိမ်နေဆဲပါပဲ..။ ဒါပေမဲ့ နိုက်ကလပ်ရဲ့ မှိန်ဖျော့တဲ့ အလင်းရောင်အောက်မှာတောင်.. သူမရဲ့ ပါးက ပန်းရောင်သန်းနေတယ် ဆိုတာ သူ ကျိန်ပြောနိုင်ပါတယ်..။ သူမ... ရှက်သွားတာလား....
‘ချီးပဲ.. အယ်ဖီ ငါ သူမကို သတ်ပစ်မယ်.'
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခနလောက် တိတ်ဆိတ်နေပြီးမှ.. ပုံမှန် လေသံနဲ့ ပြန်ဖြေလာ ခဲ့တယ်..။
“ဒါပေါ့.. ငါ ဒါကို သေချာပေါက် သိထားပြီးသားပဲလေ...အဟမ်း"
သူမက ကျောကို ဆန့်လိုက်ပြီး ထပ်ပြောလိုက်ပါတယ်..။
“ငါက သူ့ရဲ့ ထင်ရှားတဲ့ အောင်မြင်မှုတွေအပေါ်မှာ မှတ်ချက်ပေးရုံသက်သက်ပဲ..။ အင်း.. အခု တော့ ခန ခွင့်ပြုပါဦး... ငါ အိမ်သာ ခနသွားလိုက်ဦးမယ်..”
သူမက ဆန်နီ နဲ့ အယ်ဖီ တို့ကို ခံစားချက်မရှိတဲ့ မျက်နှာအမူအရာနဲ့ တစ်ချက် ကြည့်လိုက်ပြီး.. ထွက်သွားခဲ့တယ်..။ သူမရဲ့ ခြေလှမ်းတွေက တည်ငြိမ်ပြီး မြဲမြံနေခဲ့ပါတယ်..။ဒါက လုံးဝကို အလျင်စလို ဖြစ်မနေခဲ့ပါဘူး..။
အယ်ဖီ က ခနလောက် ငြိမ်နေပြီးမှ.. ခေါင်းကို နောက်ကို လှန်ကာ အားရပါးရ အော်ဟစ် ရယ်မောပါတော့တယ်..။
“အို.. ဘုရားသခင်တို့... “ဘာမှ အဓိပ္ပာယ် မရှိဘူး” တဲ့၊ “ထိရောက်မှု မရှိဘူး” တဲ့ ဟားဟား.. ဒီနှစ်ယောက်ကိုတော့ ငါ တကယ်ကို မနိုင်တော့ဘူး.."
ဆန်နီ ကတော့ သူမကို သတ်ဖြတ်ချင်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့တယ်..။ သူ ခနလောက် တိတ်ဆိတ်နေပြီးမှ ညှင်သာစွာ မေးလိုက်တယ်..။
“ဟေး.. အယ်ဖီ.."
သူမက သူ့ကို ပြုံးရင်း ကြည့်နေပြီး..
“ဘာလဲ.. ငတုံးလေး.."
ဆန်နီ သက်ပြင်းချလိုက်ပြီး သူ့ပခုံးတွေကို အကြိမ်အနည်းငယ် လှုပ်ရှားလိုက်ပါတယ်..။
“နင် သေတမ်းစာ ရေးထားပြီးပြီလား..”
မုဆိုးမလေးက အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။
“ဒါပေါ့..။ ဒုတိယ အိပ်မက်ဆိုး မတိုင်ခင်ကတည်းက ရေးထားတာလေ..။ ဘာဖြစ်လို့လဲ..”
ဆန်နီ သူမကို ကြည့်ပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်တယ်..။
“အိုး... ဘာမှ မဟုတ်ပါဘူး..။တကယ် ဘာမှ မဟုတ်ဘူး...”
အပိုင်း ( ၇၉၂ ) ပြီး၏။