အခန်း (၇၉၃-၇၉၅)
Vol. 53 Ch. 793-795
အပိုင်း ( ၇၉၃ ) အနာဂတ်ရဲ့ မှတ်ဥာဏ်များ
အယ်ဖီ က အခြေအနေကို ပါးပါးနပ်နပ်နဲ့ ရိပ်မိသွားခဲ့တာကြောင့် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့ကာ အောက်ထပ်မှာ ကခုန်နေတဲ့ လူအုပ်ကြီးထဲကို သွားရောက် ပူးပေါင်းလိုက်ပါတယ်..။ ဆန်နီ ကတော့ အချိန်အနည်းငယ်ကြာအောင် အံကြိတ်နေမိပြီးမှ ခေါင်းကို ခါယမ်းကာ စားပွဲဆီကို လျှောက်သွားလိုက်တယ်။သူ.. သက်ပြင်းတစ်ချက်ချလိုက်ပြီး သက်သောင့်သက်သာရှိတဲ့ နားနေထိုင်ခုံပေါ်မှာ ထိုင်ချလိုက်တယ်..။
ကိုင် က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးပြပါတယ်..။
“အယ်ဖီ နဲ့ လေဒီ နစ်ဖီ တို့ရော ဘယ်ရောက်သွားကြလဲ..”
ဆန်နီ က သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်တယ်..။
“အယ်ဖီ က ကခုန် ဖို့ သွားတယ်..။ နစ်ဖီ ကတော့ အိမ်သာထဲမှာ..။ ပြီးတော့ “လေဒီ” ဆိုတဲ့ အသုံးအနှုန်းကို ရပ်လိုက်လို့ မရဘူးလား..။ ဟောလိုးတောင်တန်း ကနေ ပြန်လာခဲ့တုန်းက မင်းတို့နှစ်ယောက် မေ့ပျောက်ကုန်းမြေ မှာ လတွေအများကြီး အတူတူ ဖြတ်သန်းခဲ့ကြတာလေ..။ သူက မင်းထက်လည်း ငယ်နေတာပဲ..။ ဒီလောက်ဆိုရင်တော့ ဟန်ဆောင်မှုတွေကို ဖျောက်ပစ်ဖို့ လုံလောက်နေပြီလို့ မင်း မထင်ဘူးလား..”
လေးသည်တော် က ချောင်းတစ်ချက် ဟန့်လိုက်တယ်..။
“အော်... အင်း...ငါ ကြိုးစားကြည့်ပါ့မယ်..”
သူ့လေသံက သိပ်ပြီး ယုံကြည်ချက် ရှိပုံမရပါဘူး။ ဆန်နီ သူ့ကို ကြည့်လိုက်ပြီး..
“ဘယ်လိုပဲဖြစ်ဖြစ်..ငါတို့ ဒီမှာ ဘာတွေ ရနိုင်လဲ..”
အဲ့အချိန်မှာပဲ ဝိတ်တာ တစ်ယောက်က အထဲကို ဝင်လာခဲ့ပြီး စားပွဲပေါ်မှာ အစားအသောက် အမျိုးမျိုးပါတဲ့ ဗန်းတစ်ခုကို လာချပေးခဲ့ပါတယ်..။ သူက ဒီထူးခြားလှတဲ့ ဧည့်သည်တော်တွေကို လေးစားအားကျတဲ့ အကြည့်တွေနဲ့ မကြည့်မိအောင် အစွမ်းကုန် ကြိုးစားနေခဲ့တာပါ..။ အယ်ဖီ ပြန်ရောက်လာရင် ဘာမှ မြည်းစမ်းခွင့်ရတော့မှာ မဟုတ်ဘူးဆိုတာ သိနေတကြောင့် ဆန်နီ ဟာ အခွင့်အရေးကို အသုံးချပြီး အနည်းငယ် စားကြည့်လိုက်တယ်..။
ချိုမြိန်ပြီး စေးကပ်နေတဲ့ ပယင်းရောင် အရည်ထဲကို နှစ်ထားတဲ့ ဒိန်ခဲတစ်လုံးကို ဝါးနေရင်း ဆန်နီ က သဘောကျစွာ ပြုံးလိုက်ပါတယ်။
“ဝါး.. ဒီသကြားရည်က ဘယ်လိုအရာလဲ..”
ကတ်စီ က သူ့ဘက် လှည့်လာပြီး လေထုကို အနံ့ခံကြည့်လိုက်တယ်..။
“ငါ... ငါ ထင်တာတော့ အဲ့ဒါ ပျားရည် ဖြစ်မယ်..”
ဆန်နီ မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်တယ်..။ ဒီစကားလုံးက ရင်းနှီးနေပေမဲ့.. သူကတော့ ချစ်စနိုးခေါ်တဲ့ အခေါ်အဝေါ်တစ်ခုအဖြစ်ပဲ ကြားဖူးတာပါ..။ ဒီစကားလုံးက ဒီလောက် အရသာရှိတဲ့ အရာတစ်ခုကနေ လာတာလို့ ဘယ်သူက သိမှာလဲ..။
( honey = ပျားရည် , ဟန်နီ , အချစ်ကလေး )
“ဒါနဲ့ ပျားရည် ဆိုတာက ဘာလဲ..”
မျက်မမြင် မိန်းကလေးက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီးမှ အံ့ဩတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်..။
“အင်း... အဲ့ဒါက... အင်းဆက်ပိုးမွှားလေးတွေက ပန်းဝတ်ရည်တွေကို စားသုံးပြီး ပြန်အန်ထုတ်လိုက်တဲ့ အန်ဖတ် တစ်မျိုးလို့ ငါ ထင်တာပဲ..”
ဆန်နီ အေးခဲသွားပြီး မျက်နှာက အနည်းငယ် ဖြူဖတ်သွားခဲ့တယ်..။ ပြီးတော့ ဒိန်ခဲပန်းကန်ကို အဝေးဆီ ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်ပါတယ်..။
“...အင်း... သိပြီ..သိပြီ..အခုလို သိရတာ ဝမ်းသာပါတယ်..”
အဲဒီနောက်မှာတော့ သူက ရှန်ပိန်တစ်ငုံကို အတင်းမျိုချလိုက်ပြီး ပါးစပ်ကို မသိမသာ ဆေးကြောဖို့ ကြိုးစားလိုက်တယ်..။
ဆန်နီ က အစားအသောက်နဲ့ ပတ်သက်ရင် ဘယ်တုန်းကမှ ဇီဇာမကြောင်ခဲ့ပါဘူး..။ တစ်ခါတုန်းကဆိုရင် သူက ပုပ်သိုးနေတဲ့ အသားစိမ်းတွေကိုတောင် တစ်လလုံးလုံး စားပြီး အသက်ဆက် ခဲ့ရဖူးတာပါ.။
ဒါပေမဲ့ သူ့မှာလည်း ကန့်သတ်ချက် ရှိပါသေးတယ်။
‘ချီးပဲ ဒီချမ်းသာတဲ့ လူတွေ...သူတို့က နောက်ထပ် ဘာတွေများ ထွင်ကြဦးမလဲ မသိဘူး’
မကြာခင်မှာပဲ နစ်ဖီ ပြန်ရောက်လာခဲ့တယ်..။ သူမက ဘာမှ မဖြစ်ခဲ့သလိုမျိုး ပြုမူနေပြီး သူမရဲ့ မျက်နှာကလည်း လုံးဝ တည်ငြိမ်နေခဲ့ပါတယ်..။သို့ပေမဲ့ သူမရဲ့ မျက်လုံးတွေထဲမှာတော့ ဇဝေဇဝါ ဖြစ်နေတဲ့ အရိပ်အယောင် တစ်ချို့
ရှိနေခဲ့တယ်..။
သူမ ထိုင်လိုက်တဲ့အချိန်မှာတော့ ကိုင် က ခနလောက် တွန့်ဆုတ်နေပြီးမှ ပြောလိုက်တယ်..။
“နင့်ကို ကြည့်ရတာ စိုးရိမ်နေပုံပဲ..။ ဘာဖြစ်ခဲ့လို့လဲ... အဟမ်း... နစ်ဖီ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က “လေဒီ ” ဆိုတဲ့ စကားလုံး မပါတာကိုတောင် သတိမထားမိဘဲ ခေါင်းကိုသာ ခါယမ်းလိုက်တယ်..။
“ဘာမှ မဟုတ်ဘူး..။ ပြန်လာရင်း ထူးဆန်းတဲ့ စကားဝိုင်း တစ်ခုကို ကြားခဲ့လို့..။ ဒီ VIP နားနေဆောင်မှာ အဲဒီ အမျိုးသမီးတွေ စားချင်နေတဲ့ မုန့်တစ်ခုခု ရှိနေတဲ့ပုံပဲ..။ ထူးဆန်းလိုက်တာ.. ဘာလို့ သူတို့ဘာသာ သူတို့ မမှာကြတာလဲ.. ကောင်းပြီလေ... ဒါက သာမန် မီနူးထဲမှာ မပါလို့များလား မသိဘူး..”
ဆန်နီ က ပျားရည်ခွက် သေးသေးလေးကို ရွံရှာစွာ ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်တယ်..။
“သူတို့ လိုချင်ရင်လည်း ယူသွားခိုင်းလိုက်ပေါ့..။ ငါကတော့ ဘာမှ ကန့်ကွက်စရာ မရှိဘူး..။ ငါ့အမြင်မှာတော့ သူတို့ အားရပါးရ စားချင်ရင်တောင် စားသွားလို့ရတယ်..”
ဆန်နီက ကိုင် ရဲ့ ထူးဆန်းတဲ့ အကြည့်ကို လျစ်လျူရှုလိုက်ပြီး ရှန်ပိန်ကို တစ်ငုံ သောက်လိုက်ကာ အနည်းငယ် စိတ်လျှော့လိုက်တယ်..။ ဘာပဲဖြစ်ဖြစ် ဒီနေ့ အပြင်ထွက်တာက ဒီအတွက်ပဲ မဟုတ်ဘူးလား..။ လေ့ကျင့်မှု မရှိသေးတဲ့ မာစတာ တစ်ယောက်ရဲ့ လေ့ကျင့်ခံ အရုပ်အဖြစ် ရက်ပေါင်းများစွာ နေခဲ့ရပြီးနောက်မှာ.. သူလည်း အနားယူဖို့ ထိုက်တန်ပါတယ်..။
မကြာခင်မှာပဲ အယ်ဖီ ပြန်ရောက်လာခဲ့တယ်..။ မုဆိုး မိန်းကလေးကတော့ အမှန်တကယ်ကို ပျော်ရွှင်နေတဲ့ ပုံပါပဲ..။ သူမက သူတို့ရဲ့ အစားအသောက် အများစုကို မြန်မြန်ဆန်ဆန်ပဲ စားသောက်ပစ်လိုက်ပြီး.. သောက်စရာ တစ်ခွက်ကို ငှဲ့ကာ ပြုံးလိုက်တယ်..။
“ဒါက ပျော်စရာကြီးပဲ..။ ငါတို့ မကြာခန အပြင်ထွက်သင့်တယ်.."
ဆန်နီ နဲ့ နစ်ဖီ တို့က သူမကို ထိတ်လန့်တကြား ကြည့်လိုက်ကြတယ်။.. ကိုင် ကတော့ ခေါင်းငြိမ့်ပြလာခဲ့ပါတယ်။
“အမှန်ပဲ..။ဒီမှာ တိုက်ရိုက် ဖျော်ဖြေတဲ့ တီးဝိုင်း
မရှိတာကတော့ နှမြောဖို့ကောင်းတယ်.”
တစ်ဖက်မှာတော့ အယ်ဖီ ကတော့ စူးစမ်းတဲ့ အမူအရာနဲ့ ပတ်ဝန်းကျင်ကို လှည့်ကြည့်နေခဲ့တယ်..။
“...ဒါက တကယ် ထူးဆန်းတာပဲ..။ ငါ ဒီလိုမျိုး ရှင်သန်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး..။ ငါ့ရဲ့ ရည်မှန်းချက်က အမြဲတမ်း မာစတာ တစ်ယောက် ဖြစ်လာဖို့ပဲလေ..။ ဒါပေမဲ့ အခု အမှန်တကယ် ဖြစ်လာတော့လည်း အရာအားလုံးက နည်းနည်း စိတ်ကူးယဉ်ဆန်နေသလိုပဲ..”
လေးသည်တော်က အတိတ်ကို လွမ်းဆွတ်တဲ့ အပြုံးနဲ့ ပြုံးလိုက်ပြီး..
“ဟုတ်တယ်... ဘဝဆိုတာ အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပဲ မဟုတ်ဘူးလား..။ မေ့ပျောက်ကုန်းမြေ မတိုင်ခင်တုန်းက ငါ့ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲဆိုတာကို ငါ ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်..။ အဲဒီနောက်မှာ ငါက နှစ်ပေါင်းများစွာကြာအောင် အနာဂတ်အကြောင်းကို မတွေးမိဖို့ ကြိုးစားခဲ့ရတယ်..။ အခု အဲ့ဒီ အနာဂတ်ကို ရောက်လာတဲ့ အခါကျတော့လည်း ငါ ထင်ထားခဲ့သလိုမျိုး ဖြစ်မလာခဲ့ဘူး..။ နည်းနည်းလေးတောင် မတူဘူး..”
ကတ်စီ သက်ပြင်း တစ်ချက် ချလိုက်ပြီး..
“ငါလည်း တူတူပဲ..။ ငါ့ရဲ့ ငယ်ဘဝကို ပြန်ကြည့်ပြီး အနာဂတ်ကနေ ဘာတွေ မျှော်လင့်ထားခဲ့လဲဆိုတာကို ပြန်တွေးကြည့်လိုက်ရင်.. သူမက ဘယ်လောက်တောင် ရိုးအပြီး အမြင်ကျဥ်း ခဲ့သလဲဆိုတာ ငါ မယုံနိုင်ဘူး..။ငါ့ရဲ့ ငယ်ဘဝ ပုံစံက... သူစိမ်းတစ်ယောက်လိုပဲ ခံစားရတယ်..”
အဲ့အချိန်မှာပဲ အကြည့်တချို့က ဆန်နီ အပေါ်ကို ကျရောက်လာခဲ့တယ်..။ သူက မျက်ခုံးပင့်လိုက်ပြီး ပြောပြလိုက်ပါတယ်..။
“ဘာလဲ..။တကယ်တော့ ဒါက ငါစိတ်ကူးထားခဲ့တဲ့ ဘဝအတိုင်း အတိအကျဖြစ်နေတာပဲ..။ ငါ ပထမ အိပ်မက်ဆိုး ကနေ ပြန်လာပြီး.. မကြာခင်မှာပဲ နိုင်ငံသား တစ်ယောက် အပြည့်အဝ ဖြစ်လာမယ်၊ အရမ်းချမ်းသာလာမယ်၊ ပြီးတော့ အရသာရှိတဲ့ အစားအသောက်တွေကို အကန့်အသတ်မရှိ စားရမယ်လို့ စိတ်ကူးထားခဲ့တာ..။ ဒါကြောင့် နင်တို့ ဘာတွေ ပြောနေကြတာလဲ ဆိုတာ ငါ နားမလည်ဘူး..။ ငါ့အတွက်တော့ အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ကွက်တိပဲ..”
အယ်ဖီ က မျက်လုံးကျဥ်းမြောင်းသွားခဲ့ပြီး နစ်ဖီ ဘက်ကို လှည့်ကြည့်လိုက်တယ်..။
“မင်းသမီးလေး နင်ကော ဘယ်လိုလဲ..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခနလောက် ငြိမ်နေပြီးမှ ပုခုံးတွန့်ပြလိုက်တယ်..။
“ငါလည်း ငါ ဖြစ်လာမယ်လို့ ထင်ထားတဲ့ နေရာမှာပဲ ရှိနေတာလေ..။ ဒါပေါ့.. အသေးစိတ်တွေကတော့ ကွဲပြားတာပေါ့..။ ဒါပေမဲ့ ရလဒ်ကတော့ အတူတူပါပဲ..။ အမွေအနှစ် ကလန်က လူတွေက ဒီလိုကိစ္စတွေမှာ ရွေးချယ်စရာ သိပ်မရှိကြဘူးလေ..”
ဆန်နီ ရုတ်တရက် စူးစမ်းချင်စိတ် ဖြစ်သွားခဲ့တယ်..။
“အမွေအနှစ် ကလန်တွေရဲ့ ကလေးအားလုံးက အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ ကူးစက်မှုကို ရှောင်လွှဲလို့ မရဘူးလို့ ငါ ကြားဖူးတယ်..။ သူတို့အတွက် သာမန်လူသားအဖြစ် နေထိုင်ဖို့ အခွင့်အရေး မရှိဘူးတဲ့..။ ဒါက အမှန်ပဲလား..။ အဲတာက ဘာကြောင့်လဲ..။နင်တို့ မျိုးနွယ်စုတွေက ဘာတွေများ ထူးခြားနေလို့လဲ..”
နစ်ဖီ က ရှန်ပိန် တစ်ငုံ သောက်လိုက်ပြီး ခနလောက် စဉ်းစားကာ အေးအေးဆေးဆေးပဲ ပြောလိုက်တယ်..။
“အိပ်မက်ဆိုး ကူးစက်ခံရဖို့ အခွင့်အရေးနဲ့ ပတ်သက်ရင်တော့ အမွေအနှစ် ကလန် တွေမှာ ထူးခြားတာ ဘာမှ မရှိပါဘူး..။ လူအများစု ယုံကြည်နေကြသလိုမျိုး ငါတို့က နိုးထဖို့အတွက် မွေးရာပါ မျိုးရိုးဗီဇ ပါလာတာမျိုးလည်း မဟုတ်ဘူး..။ ကလန်တစ်ခုက သူတို့ရဲ့အမွေဆက်ခံသူတွေကို သေချာပေါက် နိုးထလာအောင် လုပ်ဆောင်နိုင်တဲ့ အစီအမံတချို့ ရှိနေလို့ပဲ..”
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။
“...ဘယ်လိုမျိုးလဲ..”
နစ်ဖီ က သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး..
“တကယ်တော့ ဒါက ရိုးရှင်းပါတယ်..။ အမွေအနှစ် ကလန်က ကလေး တစ်ယောက်ရဲ့ မိဘတွေက သူတော်စင် တစ်ယောက်ဆီကနေ အကူအညီ တောင်းခံရုံပဲလေ..။ အဲ့ဒါကြောင့်လည်း အင်အားနည်းတဲ့ ကလန်တွေက အင်အားကြီးတဲ့ ကလန်တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ အမြဲ ကြိုးစားကြတာပေါ့..။ ကလေးကို အိပ်မက် ကမ္ဘာ ထဲ ခေါ်သွားတယ်၊ ပြီးတော့ ကလန်ဆီ ပြန်ခေါ်လာတယ်..။ ဒီနည်းလမ်းနဲ့ဆိုရင် သူတို့ရဲ့ ဝိဥာဉ်ထဲမှာ မျိုးစေ့က စိုက်ပျိုးပြီးသား ဖြစ်သွားပြီလေ..။ သူတို့ အရွယ်ရောက်လာတာနဲ့ အဲ့ဒီ မျိုးစေ့က ပွင့်လန်းလာပြီး သူတို့ကို ပထမ အိပ်မက်ဆိုး ဆီကို ခေါ်ဆောင်သွားဖို့က ရှောင်လွှဲလို့ ရတော့မှာ မဟုတ်ဘူး..”
ဆန်နီ က သူမရဲ့ စကားအသုံးအနှုန်းမှာ ထူးဆန်းတဲ့ အရာတစ်ခုကို ခံစားမိတာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်..။
“မျိုးစေ့လား..။ အိပ်မက်ဆိုး မျိုးစေ့ လိုမျိုးလား..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ခေါင်းငြိမ့်ပြတယ်..။
“ဒါပေါ့..။ ပထမ အိပ်မက်ဆိုး ကလည်း တခြား အိပ်မက်ဆိုးတွေနဲ့ မကွာခြားပါဘူး..။ အဲ့ဒါကလည်း မျိုးစေ့ ကနေ မွေးဖွားလာတာပဲလေ..။ ဒါပေမဲ့ အဲဒီ မျိုးစေ့က အိပ်မက် ကမ္ဘာ ထဲမှာ ကြီးထွားတာ မဟုတ်ဘူး..။ အဲဒီအစား လူသားတစ်ယောက်ရဲ့ ဝိဥာဉ်ထဲမှာ ကြီးထွားတာလေ..။ နင် တစ်ခါမှ မတွေးမိဘူးလား.. ဘာလို့ ပထမအဆင့် ထွက်ပေါက် တွေ မရှိတာလဲ ဆိုတာကို..။ အင်း... တကယ်တော့ ရှိတယ်..။ ပထမ အိပ်မက်ဆိုး ကို ကျရှုံးသွားတဲ့ အိပ်မက်မက်သူ တိုင်းကထွက်ပေါက် အသေးစား တစ်ခု အဖြစ်ပြောင်းသွားပြီး.. အိပ်မက်ဆိုး သားရဲ တစ်ကောင်ကို နိုးထခြင်း ကမ္ဘာထဲ ဝင်ရောက်ခွင့် ပေးလိုက်သလို ဖြစ်သွားတာလေ..။ အဲ့ဒါကြောင့်လည်း သူတို့ရဲ့ အလောင်းတွေက မိစ္ဆာတွေအဖြစ် ပြောင်းလဲသွားကြတာပေါ့..”
အပိုင်း ( ၇၉၃ ) ပြီး၏။
အပိုင်း ( ၇၉၄ ) ကြီးပြင်းလာခြင်း
ရုတ်တရက် သိလိုက်ရတဲ့ အမှန်တရားက အခြေအနေတွေကို မိနစ်အနည်းငယ်ကြာအောင် ခံစားချက်ကင်းမဲ့သွားစေခဲ့ပါတယ်..။ ဆန်နီ က ရှန်ပိန်ကို တိတ်တဆိတ် သောက်ရင်း နစ်ဖီ ပြောတာတွေကို စဥ်းစားနေခဲ့တယ်..။ ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတယ် ဆိုပေမယ့် အတော်လေး ယုတ္တိရှိနေခဲ့ပါတယ်..။ ပြီးတော့ အခိုက်အတန့် က သူ့ရဲ့ သားကောင်တွေကို ဘယ်လိုရွေးချယ်သလဲဆိုတာကိုလည်း အလင်းပြပေးခဲ့တာပေါ့..။
ဘယ်လောက်ပဲ သေးငယ်နေပါစေ..အိပ်မက်ဆိုး မျိုးစေ့ တစ်ခုက ဘယ်လို ဝိဥာဉ်မျိုးမှာမဆို ပွင့်လန်းနိုင်မယ်လို့ သူ မထင်ပါဘူး..။ အမြစ်တွယ်ဖို့အတွက် မြေဩဇာကောင်းတဲ့ မြေဆီလွှာ လိုအပ်မှာ သေချာပါတယ်..။ ဒါပေါ့... ဒီလို ပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ အိပ်မက်ဆိုး မျိုးစေ့ ကို မွေးမြူပေးနိုင်တဲ့ စိတ်ဒဏ်ရာရနေတဲ့ ဝိဥာဉ်ပိုင်ရှင်တွေ အများကြီး ရှိနေခဲ့တာပါ..။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်၊ အခိုက်အတန့် ပထမဆုံး ပေါ်လာစဥ်ကဆိုရင် ပိုတောင် ဆိုးဦးမှာပါ..။
မှောင်မိုက်တဲ့ ခေတ်ကာလကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကံကောင်းသူ အနည်းငယ်ရဲ့ နာကျင်မှုနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကပဲ အခိုက်အတန့် ကို ငရဲတစ်ခုခုကနေ ဖိတ်ခေါ်လိုက်သလို ဖြစ်သွားပြီး.. ပထမမျိုးဆက် နိုးထသူ တွေ ပေါ်ထွက်လာတာနဲ့ နောက်ဆက်တွဲတွေ ဆက်တိုက်ဖြစ်လာတာ များလား..။
သူ ဒါကို မသိသလို၊ နောင်လည်း မသိနိုင်လောက်ပါဘူး..။ ဒါပေမဲ့ နစ်ဖီ ရှင်းပြသွားတဲ့ အထဲမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခု ပါဝင်နေခဲ့တယ်..။
တကယ်လို့ အမွေအနှစ် ကလန်တွေက သူတို့ရဲ့ သားသမီးတွေကို ဒီတာဝန်တွေ ဆက်ခံစေချင်တယ်၊ ပြီးတော့ သူတော်စင် တွေကပဲ ဒီကလေးတွေကို နိုးထဖို့ ဒါမှမဟုတ် သေဖို့ ကံကြမ္မာသတ်မှတ်ပေးနိုင်တယ် ဆိုရင်... အမွေအနှစ် ကလန်တွေကြားမှာ သူတော်စင် တွေရဲ့ ဩဇာအာဏာက သူထင်ထားတာထက်တောင် ပိုပြီး ကြီးမားနေခဲ့ပါပြီ။
ပြီးတော့ လူသားတွေရဲ့ ပထမဆုံး သူတော်စင် တွေက ဘယ်သူတွေလဲ..
အက်စတာရီယွန် ၊ ကီဆောင် ၊ အန်ဗီ ၊ ပြီးတော့ ကျိုးပဲ့ဓား တို့ပဲ မဟုတ်ဘူးလား..။ သူတို့တွေက ပထမဆုံးတွေဖြစ်သလို၊ အမွေအနှစ် ကလန်အားလုံးက သူတို့ရဲ့ သွေးမျိုးဆက်တွေကို တက်ရောက်သူ လမ်းစဉ်ပေါ်မှာ ကျိန်းသေ
လျှောက်လှမ်းစေချင်တယ် ဆိုရင် ဒီလူတွေနဲ့မိတ်ဖွဲ့ထားဖို့ လိုအပ်ပါတယ်။
ဒီအရာကပဲ အုပ်စိုးသူတွေ ကို တခြားသူတွေထက် အသာစီးရစေခဲ့တဲ့ အကြောင်းရင်းများ ဖြစ်နေမလား..
‘စိတ်ဝင်စားစရာပဲ...’
သို့ပေမဲ့ သူက အုပ်စိုးသူတွေ ပိုင်ဆိုင်ထားတဲ့ အာဏာရဲ့ ဇစ်မြစ်ကို ဆက်ပြီး စဉ်းစားချင်စိတ်မရှိပါဘူး..။ အင်အားကြီး ကလန်တွေအကြောင်း တွေးမိတာနဲ့တင် သူ့ကို စိတ်ပျက်စေပါတယ်..။ ဒီနေ့က ဆန်နီ ရဲ့ အားလပ်ရက်ဖြစ်တာကြောင့် ပင်ပန်းနွမ်းနယ်စရာ အတွေးတွေကို မောင်းထုတ်လိုက်ပြီး သူ့ရဲ့ သောက်စရာကိုပဲ အရသာခံဖို့ ကြိုးစားလိုက်တယ်..။
တစ်ဖက်မှာတော့ ကတ်စီ က မျက်မှောင်ကြုတ်ရင်း ပြောလာခဲ့ပါတယ်..။
“ကိုယ့်ကလေးတွေကို ဒီလို ကံကြမ္မာမျိုး ခံစားခိုင်းတာက ရက်စက်လွန်းရာ မကျဘူးလား..။ သူတို့ကို ရွေးချယ်ခွင့်တောင် မပေးဘဲနဲ့လေ..။ သုံးယောက်မှာ တစ်ယောက်လောက်ပဲ ပထမ အိပ်မက်ဆိုး ကနေ အသက်ရှင်လွတ်မြောက်နိုင်တဲ့ အခြေအနေပဲ..။ ဒါပေါ့... အဲ့ဒါက သူတို့ ဘယ်လောက် ပြင်ဆင်ထားသလဲဆိုတဲ့အပေါ်မှာ မူတည်တာဆိုတော့ ၊ အမွေအနှစ် ကလန်တွေကြားမှာ သေဆုံးနှုန်းက အဲ့လောက် မများနိုင်ပေမဲ့လည်း... ဘယ်လို မိဘမျိုးကများ ကိုယ့်ရဲ့ကလေးကို ဒီလိုမျိုး လုပ်ရက်မှာလဲ..”
နစ်ဖီ က ခနလောက် တွေဝေနေပြီးကာမှ သက်ပြင်းချလိုက်တယ်..။
“ဒါက နင် ဘယ်လိုရှုထောင့်က ကြည့်လဲဆိုတဲ့အပေါ်မှာ မူတည်တာပဲ..။ တချို့အတွက်တော့ ရက်စက်တယ်လို့ ထင်ရပေမဲ့၊ တချို့ကတော့ အားနည်းသူတွေအပေါ်မှာ မကြင်နာတဲ့ ဒီကမ္ဘာကြီးမှာ သူတို့ကလေးကို သန်မာလာအောင် အခွင့်အရေး ပေးတယ်လို့ မြင်ကြတာလေ..။ အမွေအနှစ် ကလန်တွေက အခြေခံအားဖြင့် စစ်သည်တော် မျိုးနွယ်တွေပဲ..။ သူတို့က လူသားမျိုးနွယ် တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေကနေ မွေးဖွားလာကြတာလေ..။ သူတို့က ဘာကြောင့် ခွန်အားနဲ့ တာဝန်ကို အရာအားလုံးထက် ပိုတန်ဖိုးထားကြသလဲဆိုတာ ငါ နားလည်နိုင်ပါတယ်..”
မိဘနဲ့ သားသမီးအကြောင်း ပြောဆိုမှုတွေက ဆန်နီ ရဲ့ စိတ်အခြေအနေကို ပိုပြီး ဆိုးဝါးသွားစေခဲ့တယ်..။ အခု သူက အသက် နှစ်ဆယ် ရှိပြီဖြစ်တာကြောင့်... အနည်းနဲ့အများတော့ လူကြီးတစ်ယောက် ဖြစ်နေခဲ့ပါပြီ..။အမှန်တော့ သူက သူ့အမေ သူ့ကို မွေးဖွားခဲ့တဲ့ အချိန်က အသက်ထက်တောင် ပိုပြီး ကြီးနေခဲ့ပါပြီ..။
ဒီလို သိလိုက်ရတာက သူ့ကို ထူးဆန်းတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်စေခဲ့ပါတယ်..။
ဆန်နီ က မိနစ်အနည်းငယ်ကြာအောင် ဖန်ခွက်ကို သုန်မုန်စွာ စိုက်ကြည့်နေပြီးမှ သက်ပြင်းချကာ ထရပ်လိုက်တယ်..။
“ငါ ခနနေရင် ပြန်လာခဲ့မယ်..”
ဒီလိုနဲ့ပဲ သူက သူ့သူငယ်ချင်းတွေကို ထားခဲ့ပြီး အိမ်သာကို ရှာဖို့ ထွက်လာခဲ့ပါတယ်..။ အမှန်အတိုင်း ပြောရရင် သူ ခနလောက် တစ်ယောက်တည်း နေချင်လို့ပါ..။
မကြာခင်မှာပဲ သူက ကြေးနီ ရေတံခါးကနေ ရေတွေ စီးကျနေတုန်း မှန်ထဲက သူ့ပုံရိပ်ကို စိုက်ကြည့်နေမိတယ်..။ မှန်ထဲကနေ သူ့ကို ပြန်ကြည့်နေတဲ့ လူငယ်လေးကတော့ သိပ်ပြီး ပျော်ရွှင်ပုံမရပါဘူး..။
ဆန်နီ မျက်မှောင်ကြုတ်လိုက်မိတယ်..။ မော်ဒရက် က မှန်ထဲက တစ်နေရာရာမှာ ပုန်းနေမလားလို့ သူ တွေးမိလိုက်တာပါ..။ ဒီလိုမျိုး တွေးမိတာက သူ့အတွက် အကျင့်တစ်ခုလိုတောင် ဖြစ်နေခဲ့ပါပြီ..။
ကံကောင်းတာက ဒီတစ်ကြိမ်မှာတော့ ဘာမှမရှိတဲ့ မင်းသား ကို ဘယ်မှာမှ ရှာမတွေ့ပါဘူး..။ ဆန်နီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး VIP နားနေဆောင်ဆီ ပြန်ဖို့ အိမ်သာထဲက ထွက်လာခဲ့တယ်..။
ဒါပေမဲ့ ပြန်လာတဲ့လမ်းမှာ အနှောင့်အယှက်လေးတစ်ခုနဲ့ ကြုံလိုက်ရပါတယ်..။
လူငယ်တစ်စုက လမ်းကို ပိတ်ထားကြပြီး ကလပ်ဝန်ထမ်းတစ်ယောက်နဲ့ တစ်ခုခုကို ကျယ်လောင်စွာ ငြင်းခုံနေကြတာပါ..။ သူတို့ရဲ့ အဝတ်အစားတွေက အတော် ဈေးကြီးပုံရပြီး ရုပ်ရည်ကလည်း အထက်တန်းလွှာတွေမှန်း သိသာနေခဲ့တယ်..။ သူ အနားရောက်သွားတဲ့အချိန်မှာတော့ ဒီအဖွဲ့ထဲက တန်ဖိုးကြီး အဝတ်အစားကို ဝတ်ထားတဲ့သူက ဒေါသတကြီး ပြောနေတာကို ကြားလိုက်ရတယ်..။
“..ငါတို့ကို အထဲဝင်ခွင့် ပေးလို့မရဘူး ဆိုတာ ဘာကို ဆိုလိုတာလဲ..။ ဒါက ငါတို့ အမြဲ ထိုင်နေကျ နေရာပဲလေ..။နားနေဆောင်ထဲမှာ နေရာတွေ အများကြီး ကျန်သေးတာကို ငါ ဒီကနေတောင် မြင်နေရတယ်..။အထဲက မိန်းမလှ လေးတွေကလည်း သူတို့ကို အဖော်ပြုပေးမယ့်လူကို စိတ်ဆိုးကြမှာ မဟုတ်ဘူးဆိုတာ ငါ သေချာပြောနိုင်တယ်..။ တကယ်တော့.. ငါနဲ့ ငါ့သူငယ်ချင်းတွေက သူတို့ အခုရှိနေတဲ့... အဖော် တွေထက် အများကြီး ပိုပြီး ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ် ဆိုတာကို ငါ လောင်းရဲတယ်..”
ဝန်ထမ်း မိန်းကလေးက သူ့ကို ကြည့်ပြီး အနေရခက်တဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ်..။
“လူကြီးမင်း... တကယ် စိတ်မကောင်းပါဘူးရှင်... ဒါပေမဲ့ VIP နားနေဆောင် တစ်ခုလုံးကို အထူးဧည့်သည်တော်တွေက ကြိုတင်မှာယူထားတာမို့လို့ပါ...”
လူငယ်က နှာခေါင်းရှုံ့လိုက်တယ်..။
“အထူးဧည့်သည်တော် တဲ့လား..။ငါ ဘယ်သူလဲဆိုတာရော နင် သိရဲ့လား..။ နင်တို့ရဲ့ ဒီလို စုတ်ပြတ်သတ်နေတဲ့ နေရာမှာ ငါ့ထက် ပိုပြီး အဆင့်အတန်းမြင့်တဲ့သူ ရှိလိမ့်မယ်လို့ ထင်နေတာလား.."
ဆန်နီ သက်ပြင်းချလိုက်ပြီး ..လူငယ်အုပ်စုဆီ ချဉ်းကပ်သွားကာ အသံကျယ်နေတဲ့ လူရဲ့ ပုခုံးကို ပုတ်လိုက်ပါတယ်..။ လူငယ်က ဇဝေဇဝါနဲ့ ငုံ့ကြည့်လာပြီး မျက်မှောင်ကြုတ်လိုက်တယ်..။
“မင်း လက်ကို ပြန်ဖယ်လိုက်ဖို့ အကြံပေးချင်တယ် သူငယ်ချင်း... မင်း ဘာလိုချင်လို့လဲ..”
ဆန်နီ ပြုံးလိုက်ပြီး..
“စိတ်အေးအေးထားပါ ကောင်လေး.. ငါ မင်းကို အကြံလေးတစ်ခု ပေးချင်လို့ပါ..”
သူက လူငယ်ကို လက်တစ်ဖက်နဲ့ ဖက်လိုက်ပြီး VIP နားနေဆောင်ဘက်ကို မျက်နှာမူခိုင်းလိုက်တယ်..။ပြီးတာနဲ့ ဒီနေရာကနေ မသဲမကွဲ မြင်နေရတဲ့ နစ်ဖီ ၊ ကတ်စီ ၊ အယ်ဖီ နဲ့ ကိုင် တို့ကို ညွှန်ပြလိုက်ပါတယ်..။
“အဲ့လူတွေကို မြင်လား..။ သူတို့ ဘယ်သူတွေလဲဆိုတာ မင်း သိလား..”
အသံကျယ်တဲ့ လူက မျက်မှောင်ကြုတ်လိုက်ပြီးမှ စူးစမ်းလိုစိတ်နဲ့ မေးလိုက်တယ်..။
“အိုး... မင်းက အဲဒီ အလှလေးတွေကို သိတာလား..။ သူတို့က ဘယ်သူတွေလဲ..”
ဆန်နီ့ ရဲ့ အပြုံးက ကြီးမားလာခဲ့ပြီး..
“ကောင်းပြီလေ... ငါ ပြောပြမယ်..။ သူတို့ အားလုံးက အတွေ့အကြုံရှိတဲ့ လူသတ်သမားတွေ ၊ သတ်ဖြတ်သူတွေပဲ..။ တစ်ခါတုန်းက အဲ့ဒီ အရပ်ရှည်ရှည်နဲ့ တစ်ယောက်က ကျဆုံးမူအဆင့် သားရဲ တစ်ကောင်ကို ဆွဲဖြဲပြီး အသားတွေကို ဝါးစား ၊ အရိုးတွေကို ကိုက်ဖြတ်နေတာကို ငါ မြင်ဖူးတယ်..။ သူမဘေးက လူချောလေးကတော့ အရင်က လူကောင်းတစ်ယောက်ပဲ.. ဒါပေမဲ့ အရှင်လတ်လတ် မီးရှို့ခံရပြီး သူ့ရဲ့ အရေပြားတွေကို လိုင်စင်မရှိတဲ့ ဆရာဝန်တစ်ယောက်က တခြား အရေပြားတွေနဲ့ အစားထိုးလိုက်ပြီးတဲ့နောက်မှာ.. သူ့ရဲ့ စိတ်တွေက ပုံမှန်မဟုတ်တော့ဘူး.။အဲဒီ နူးညံ့တဲ့ ဆံပင်ရွှေရောင် နဲ့ မိန်းကလေးကတော့ တကယ်ကို အကြောက်ရဆုံးပဲ..။ သူမနောက်မှာ ခွေးလေးတွေလို တကောက်ကောက် လိုက်နေပြီး သူမ ခိုင်းသမျှ လုပ်ပေးမယ့် အစွမ်းထက်တဲ့ နိုးထသူ အယောက် ငါးဆယ်လောက် ရှိတယ်..။ သူတို့အားလုံးက လူသတ်သမားတွေချည်းပဲ..။ သူမဘေးနားက အံ့ဩလောက်စရာ အလှပိုင်ရှင်လေး အကြောင်းဆိုရင်တော့... ကောင်လေးတို့... ငါ ဘယ်ကနေ စပြောရမှန်းတောင် မသိဘူး..။ သူမက လွန်ခဲ့တဲ့ နာရီဝက်လောက်ကတောင် ဒီကလပ်ထဲက လူတွေ အားလုံးကို သတ်ပစ်ဖို့ စဉ်းစားနေခဲ့တာ..။ ငါတို့ သူမကို အာရုံလွှဲထားနိုင်တာ ကံကောင်းတယ်ပြောရမယ်...”
စကား တစ်ခွန်းချင်စီတိုင်းမှာ လူငယ်ရဲ့ မျက်နှာက ပိုပြီး ဖြူဖျော့လာခဲ့တယ်..။ သူ့ သူငယ်ချင်းတွေကလည်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့ကြပါတယ်..။ ဆန်နီ စကားပြောပြီးတဲ့အခါမှာတော့ လူငယ်က သူ့ပုခုံးပေါ်က လက်ကို ကြောက်လန့်တကြား ကြည့်လိုက်ပြီး အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်..။
“ပြီး... ပြီးတော့... မင်းကရော ဘယ်သူလဲ..”
ဆန်နီ က တောက်ပစွာ ပြုံးပြလိုက်ပြီး..
“ငါလား..။ အိုး... ငါက အဲဒီ မိန်းကလေး နှစ်ယောက်နဲ့ အတူ နေတာလေ..။ ငါ့မှာ အိမ်ကောင်းကောင်းလေး တစ်လုံး ရှိတယ်.. သိတယ်မလား... အောက်ထပ်မှာ အထူးစီစဉ်ထားတဲ့ အခန်းတွေနဲ့လေ...။ငါ ဆိုလိုချင်တာကို သိတယ်မလား..။ တတိယ တစ်ယောက်နဲ့ဆိုရင်တော့... လှောင်အိမ်ထဲမှာ တစ်လနီးပါး အတူတူ ပိတ်မိခံခဲ့ရဖူးတယ်..။ ဘုရားသခင်တို့... ဒါက တကယ်ကို ကြမ်းတမ်းခဲ့တာပဲ..။ အရေပြား အစားထိုးထားတဲ့ ကောင်လေးကတော့...သူက ငါ့အတွက် ကားမောင်းပေးတာ...”
လူငယ်ရဲ့ မျက်နှာ တစ်ခုလုံး ပြာနှမ်းသွားခဲ့ပြီး သူ့ပုခုံးပေါ်က ဆန်နီရဲ့ လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်ကာ နောက်ကို ဆုတ်သွားခဲ့တယ်..။
“ငါ... ငါ သိပါပြီ..။ အကြံပေးတာ ကျေးဇူးတင်ပါတယ် သူငယ်— အဟမ်း... လူကြီးမင်း..။ ပြန်စဉ်းစားကြည့်တော့ ငါတို့ သွားသင့်ပြီ ထင်တယ်..။ အို... အချိန်ကို ကြည့်လိုက်ဦး.."
သူတို့ အဖွဲ့က တစ်ခါမှ ရှိမနေခဲ့ဖူးသလိုမျိုး ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြပါတယ်..။
ဆန်နီ က ဝန်ထမ်း မိန်းကလေးကို ကြည့်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။
“ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ်ပေါ့..။ စကားမစပ်..ကျွန်တော်တို့ မှာ မုန့်တွေ ကုန်သွားပြီ..။ နောက်ထပ် နည်းနည်းလောက် ထပ်ယူလာပေးလို့ ရမလား..။ကျေးဇူးပြုပြီး..ပျားရည်တော့ မယူလာပါနဲ့တော့.."
အပိုင်း ( ၇၉၄ ) ပြီး၏။
အပိုင်း ( ၇၉၅ ) ငြိမ်းချမ်းသော အခိုက်အတန့်
ဆန်နီ အတွက် အံ့ဩစရာကောင်းတာက... ကျန်တဲ့ တစ်ညလုံးမှာ ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့တာပါပဲ..။ သူတို့အဖွဲ့ ဝင်ရောက်ဖြေရှင်းရလောက်တဲ့အထိ သေကျေပျက်စီးစေမယ့် ရန်ပွဲတွေလည်း မရှိခဲ့သလို၊ ပွဲဖျက်ဖို့ ရောက်လာတဲ့ အင်အားကြီးကလန် ရဲ့ သခင်လေး တွေလည်း မရှိခဲ့ပါဘူး..။ကလပ်ရဲ့ ရှေ့တည့်တည့်မှာ ထွက်ပေါက် ပွင့်လာတာမျိုးလည်း မရှိခဲ့ပေ..။ တစ်ခုခု ဆိုးဝါးတာ တွေ အတွက် သူ အပြည့်အဝ ပြင်ဆင်ထားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဘာမှ ဖြစ်မလာခဲ့ပါဘူး။
‘ထူးဆန်းလိုက်တာ..'
မာစတာ ငါးယောက် ဟာ ကျယ်လောင်တဲ့ တေးသီချင်း သံတွေကို နားထောင်ရင်း၊ အရသာရှိတဲ့ အစားအသောက်တွေကို စားသုံးကာ..ပျော်ရွှင်စရာ အချိန်တွေကို ကုန်ဆုံးနိုင်ခဲ့ကြပါတယ်..။ ဒီလို အပြင်ထွက်တာက နစ်ဖီ မျှော်လင့်ထားသလိုမျိုး သူမကို ကူညီပေးနိုင်မလားဆိုတာ ဆန်နီ မသိပေမဲ့.. သူကတော့ မမျှော်လင့်ဘဲ စိတ်အပန်းပြေသွားခဲ့တာ အမှန်ပါပဲ..။ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့အတူ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်ဆုံးရတာက သာမန်လူသားတွေ ခံစားသင့်တဲ့ အရာပဲ မဟုတ်ဘူးလား..။
သို့ပေမဲ့... သူ သာမန်လူတစ်ယောက် အဖြစ် ရှိနေတုန်းကတော့ ဒီလို အခွင့်အရေးမျိုး တစ်ခါမှ မရခဲ့ပါဘူး..။ ဆန်နီ ဟာ ဆင်ခြေဖုံးရပ်ကွက်တွေမှာတုန်းက သူ ပါဝင်ဖို့ ကြိုးစားခဲ့တဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ တစ်သားတည်း မဖြစ်ခဲ့ပေ..။ အဖွဲ့ထဲကနေ ထုတ်ပယ်ခံရဖို့ အကြောင်းဖန်မလာခင်အထိ သူက အမြဲတမ်း အစွန်အဖျားမှာပဲ ရှိနေခဲ့ရတာပါ..။ဒါက သူ့ဆီမှာရှိတဲ့ တစ်စုံတစ်ခုက လူတွေကို ငြင်းဆန်ချင်စိတ် ဖြစ်နေစေသလိုပါပဲ..။
ဘာတွေ ပြောင်းလဲသွားခဲ့သလဲဆိုတာတော့ သူ တကယ်ပဲ မသိပါဘူး..။ သူနဲ့ အတူရှိနေတဲ့ လူတွေ ပြောင်းလဲသွားတာကြောင့် ဖြစ်နိုင်သလို၊ သူတို့ကို စုစည်းပေးခဲ့တဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ဆန်နီ ကိုယ်တိုင် ပြောင်းလဲသွားခဲ့တာပါပဲ..။ ဘာပဲဖြစ်ဖြစ် သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ နေရာအတွက် စိတ်ချလုံခြုံမှုကို ခံစားနေရပါတယ်..။ ဒီလူတွေနဲ့ သူ တကယ်ပဲ တစ်သားတည်းကျနေပြီလို့ ခံစားနေရတာပါ..။
ဒါပေါ့ သူတို့တွေက တစ်သက်လုံး မခွဲပဲ အတူတူရှိနေကြမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး..။ အမှန်တော့ အဖွဲ့ဝင်တွေကြားမှာ မတူညီမူတွေနဲ့ အခြေခံ ပဋိပက္ခတွေ အများကြီး ရှိနေပြီး အဲ့ဒါတွေက သူတို့ အချင်းချင်းကို ဝေးကွာသွားစေနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်..။ “အဖွဲ့” ဆိုတဲ့ စကားလုံးကတောင် အခုအချိန်မှာ အတိအကျကြီး မဟုတ်တော့ပါဘူး..။ လက်ရှိမှာ သူတို့က သီးခြားစီ ဖြစ်နေတဲ့ အဖွဲ့ဝင်တွေ ဖြစ်နေကြပါပြီ..။
ဖြစ်နိုင်ချေနည်းတယ် ဆိုပေမယ့် တကယ်လို့ သူတို့ ငါးယောက်လုံးက ပန်းတိုင်တစ်ခုတည်းကိုပဲ အတူတူ လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့ရင်တောင်မာစတာ တွေဆိုတာက အုပ်စုလိုက် လှုပ်ရှားလေ့ မရှိကြပါဘူး..။ သူတို့က ဒီလို စုဖွဲ့ဖို့အတွက် အရမ်းကို ရှားပါးပြီး အစွမ်းထက်လွန်းနေတဲ့ သူတွေပါ..။ တက်ရောက်သူ အများစုက သီးခြားစီပဲ လှုပ်ရှားကြပါတယ်။ အထူးသဖြင့် ကြောက်မက်ဖွယ်ကောင်းတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှသာ စုစည်းမိကြတာပါ..။
ဒါပေမဲ့ အဲ့ဒါက အဆင်ပြေပါတယ်..။ ရင့်ကျက်တဲ့ ဆက်ဆံရေးတွေက ဒီလိုပဲ ဖြစ်သင့်တာ အမှန်ပါပဲ..။ ဆန်နီ နဲ့ သူငယ်ချင်းတွေက သူတို့ရဲ့ သံယောဇဉ်ကို ထိန်းသိမ်းဖို့အတွက် မိနစ်တိုင်းမှာ အတူရှိနေဖို့ မလိုပါဘူး..။ အခုချိန်ကစပြီး သူတို့ တစ်ယောက်ချင်းစီက ကိုယ်ပိုင်လမ်းစဉ်တွေ လျှောက်လှမ်းကြမယ် ဆိုရင်တောင် သူတို့ရဲ့ ပက်သက်မူက နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့ပြီးပါပြီ..။
ဒါတောင်မှ... ခွဲခွာရမယ် ဆိုတဲ့ ဆအသိစိတ်က ဆန်နီ ကို ဝမ်းနည်းစေပါတယ်..။ အနည်းဆုံးတော့ အတိုင်းအတာ တစ်ခုအထိ သူတို့ ငါးယောက် အတူတူ ရှိနေချင်ခဲ့တာပါ..။ သို့ပေမဲ့ အနာဂတ်က အရမ်းကို ဝေဝါးလွန်းနေခဲ့တယ်..။ ကံကြမ္မာက သတ်မှတ်ထားတဲ့ ကပွဲ မတိုင်ခင်အထိတော့ သူတို့ရဲ့ ဘဝတွေက ဘယ်ဘက်ကို ဦးတည်သွားမလဲဆိုတာ ပြောဖို့ ခက်ခဲနေဦးမှာပါပဲ..။
အဲ့ဒါကြောင့်လည်း ဒီလို ရှားရှားပါးပါး ရလိုက်တဲ့ အခိုက်အတန့်က အရမ်းကို တန်ဖိုးရှိနေခဲ့တယ်။
ဆန်နီဟာ လေးနက်တဲ့ အတွေးတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး စိတ်ကို လျှော့ချကာ တတ်နိုင်သမျှ ပျော်အောင် ကြိုးစားလိုက်တယ်..။
ဒီလိုမျိုး ငြိမ်းချမ်းတဲ့ အခိုက်အတန့်မျိုးကို အတူတူ ကုန်ဆုံးဖို့ ဘယ်အချိန်မှ အခွင့်အရေး ထပ်ရမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ...။
......... .....
မြေအောက် လေ့ကျင့်ရေးခန်းမထဲမှာတော့ သံမဏိချင်း ထိခတ်သံတွေ ထပ်မံ ထွက်ပေါ်နေခဲ့တယ်..။
ကောင်းပြီလေ... ပိုပြီး တိတိကျကျ ပြောရရင်တော့ သတ္တုစပ်တွေ အချင်းချင်း ထိခတ်နေခဲ့တာပါ..။
ဒီတစ်ကြိမ်မှာတော့ ဆန်နီ ဟာ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ တိုက်ခိုက်မူတွေအောက်မှာ ခံစားနေရတာ မဟုတ်ပါဘူး..။သွယ်လျှတဲ့ အမျိုးသမီးငယ်လေးဟာ အလုပ်မလုပ်သေးတဲ့ အိပ်စက်ခြင်း သေတ္တာ ပေါ်မှာ ထိုင်ကာ မျက်လုံးမှိတ်ထားခဲ့တယ်။သူမက ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ဝိဥာဉ် အဆီအနှစ်တွေကို ထိန်းချုပ်ရင်း တရားထိုင်နေခဲ့တာပါ။
ဆန်နီ ကတော့ ရိန်း ရဲ့ အားတက်သရော ရှိပေမယ့် အပျော်တမ်းအဆင့်သာ ရှိသေးတဲ့ တိုက်ခိုက်မူတွေကို ခုခံနေခဲ့ရတယ်။
‘ဒါက ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အပြောင်းအလဲလဲ...’
ဆယ်ကျော်သက် မိန်းကလေးက ခံစစ်ကို ဖောက်ထွက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပေမဲ့ ဆန်နီ က သူ့ရဲ့ အရှိန်နဲ့ ခွန်အားကို သိသိသာသာ လျှော့ချထားတာတောင် သူမရဲ့ ကြိုးစားမှုတွေက မလုံလောက်သေးပါဘူး..။ သူမမှာ ကြိုးစားအားထုတ်မှု၊ ထူးခြားတဲ့ ပါရမီနဲ့ လျင်မြန်တဲ့ တိုးတက်မှုတွေ ရှိနေပေမဲ့လည်း သူ့အတွက်တော့ ရိမ်းက ဖတ်ရလွယ်တဲ့ စာအုပ်တစ်အုပ်လိုပါပဲ..။
ဒါပေါ့... သာမန် ဆယ်ကျော်သက် တစ်ယောက်ဆီကနေ အများကြီး မျှော်လင့်လို့ မရပါဘူး..။ ဒါတောင်မှ သူမရဲ့ ဒီနေ့ စွမ်းဆောင်ရည်က ကြယ်ပွင့်အဆင့်နဲ့ ဝေးကွာနေဆဲပါ..။
ဆန်နီ မျက်မှောင်ကြုတ်လိုက်တယ်..။
“အာရုံစိုက်ထားစမ်း..။နင့်ရဲ့ စိတ်တွေ ပျံ့လွင့်နေတယ်”
ရိန်း က အံကြိတ်ပြီး ကြိုးစားနေခဲ့ပေမဲ့ သူမရဲ့ စိတ်က တခြားနေရာ ရောက်နေတာ သိသာလှပါတယ်..။ မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ သူက သူမကို ရပ်ဖို့ အမိန့်ပေးလိုက်ရပြီး တပည့်ဖြစ်သူကို မကျေမနပ်နဲ့ စိုက်ကြည့်နေခဲ့တယ်.။
“နင် ဒါကို အလေးအနက် ထားမှာလား မထားဘူးလား..။ နင် ဒီနေ့ ဘာဖြစ်နေတာလဲ..”
ဒီ တပည့် နဲ့ ပတ်သက်ရင် သူ တကယ်ကို ကံကောင်းတယ်ဆိုတာ ဆန်နီ သိပါတယ်..။ တခြား ဆယ်ကျော်သက်တွေနဲ့ မတူဘဲ ရိန်း က လုံ့လဝီရိယနဲ့ စိတ်အားထက်သန်မှု ကိစ္စတွေမှာ သူ့ကို ဘယ်တော့မှ ဒုက္ခမပေးခဲ့ဖူးပါဘူး..။အချိန်ကြာလာရင် အနည်းငယ် ပျင်းရိလာတာက သဘာဝကျပေမဲ့ သူ့ညီမလေးက သင်ခန်းစာတိုင်းမှာ အမြဲတမ်း အစွမ်းကုန် ကြိုးစားတာကို သူက ကျင့်သားရနေခဲ့ပါပြီ..။ အခုတော့ ထူးချွန်တဲ့ အဆင့်ကလွဲရင် ဘာကိုမှ မစွမ်းဆောင်နိုင်ခဲ့ပေ..။
ရိန်း က အသက်ကို လေးလံစွာ ရူရင်း အိပ်စက်ခြင်း သေတ္တာ နဲ့ အိပ်မက်ရူခင်း သေတ္တာ ရှိတဲ့နေရာကို လှမ်းကြည့်လိုက်တယ်..။ သူမရဲ့ ပါးတွေက အနည်းငယ် နီမြန်းနေခဲ့ပြီး
“တောင်းပန်ပါတယ်... ငါ...
ငါ မရတော့ဘူး..။လေဒီ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ဒီမှာ ရှိနေတာလေ.."
ဆန်နီ မျက်နှာပျက်သွားခဲ့တယ်။
“သူမက ဘာဖြစ်လို့လဲ..”
ဆယ်ကျော်သက် မိန်းကလေးက သူ့ကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီးမှ အသံတိုးတိုးနဲ့ ပြောလာခဲ့တယ်..။
“မသိဘူးလား... သူမက ကြည့်နေတာလေ...”
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးမှ သူမကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေခဲ့တယ်..။
“သူက မျက်လုံးမှိတ်ထားတာ လေ..။ပြီးတော့... တစ်ယောက်ယောက် ကြည့်နေတာနဲ့ပဲ နင်က ကောင်းကောင်း မတိုက်နိုင်တော့ဘူးလား..။ နင် ငါ့ကို လာနောက်နေတာလား..။ တိုက်ပွဲတွေက သီးသန့်နေရာတွေမှာ ဖြစ်နေတာလို့ နင် ထင်နေတာလား..”
ရိန်း က ခေါင်းခါလိုက်တယ်..။
“ဒါက တစ်ယောက်ယောက် မဟုတ်ဘူးလေ..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် နော်..။ သူမက... သူမက... သိတယ်မလား..။နာမည်ကြီ တစ်ယောက်လေ..”
ဆန်နီ ခေါင်းကို ကုတ်လိုက်ပြီး..
“ငါလည်း နာမည်ကြီးတာပဲ မဟုတ်ဘူးလား..။ ဒါပေမဲ့ နစ်ဖီ ကို ကြည့်လိုက်ဦး..။သူမက ငါ့ရဲ့ နံပါတ်တစ် ပရိတ်သတ် လို့တောင် ပြောလို့ရတယ်။ဒါပေမဲ့ သူမက ဘာအနှောင့်အယှက်မှ မရှိပဲ ကြိုးကြိုးစားစား လေ့ကျင့်နေတာပဲ ..။ သူမက ဘယ်သူ့ကိုမှ အထင်ကြီးပြီး ကြောင်တောင်တောင် ဖြစ်နေတာမျိုး မရှိဘူး.."
ဆယ်ကျော်သက် မိန်းကလေးက ခေါင်းခါယမ်း ပြလိုက်တယ်။
“ဒါက မတူဘူးလေ..။ဆရာက အရေးပါတဲ့လူမှန်း သိပါတယ်..။ အယ်ဖီ နဲ့ လေဒီ ကတ်စီယာ တို့ကို မြင်ရတာလည်း ကျင့်သားရနေပြီ..။နိုက်..နိုက်ကိုလည်း အတူတူပဲ..။ ဒါပေမဲ့ လေဒီ နစ်ဖီ ကတော့ လုံးဝကို တခြားအဆင့်မှာလေ..။ သူမက နာမည်ကျော် တစ်ယောက်တင် မဟုတ်ဘူး... သူမက တကယ်ကို အရေးပါတဲ့သူပဲ..။ သူမက လုံးဝ..လုံးဝကို..အဆင့်မြင့်ဆုံး လူတစ်ယောက်ပဲ.."
ဆန်နီ သူ့ညီမလေးကို စိုက်ကြည့်လိုက်တယ်..။
‘တကယ်ကို အရေးပါတဲ့သူ တဲ့လား..အိုး...’
သူ သက်ပြင်းချလိုက်ပြီး သတ္တုစပ်တုတ်ကို အောက်ချကာ အဆုံးမရှိစမ်းချောင်းကို ဆင့်ခေါ်လိုက်ပါတယ်..။
“ဒီနေ့တော့ ငါတို့ တခြား သင်ခန်းစာ တစ်မျိုး သင်ရမယ် ထင်တယ်..”
ဆန်နီ က ရိန်း ရဲ့ ပုခုံးပေါ် လက်တင်လိုက်ပြီး နစ်ဖီ ကို ညွှန်ပြလိုက်တယ်..။
“နင်က ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပါ ရိန်း..။ နင့်အဖေက အစိုးရအတွက် အလုပ်လုပ်နေတာ မဟုတ်ဘူးလား။နင်က.. အမှန်တရားနဲ့ ဝါဒဖြန့်မှုတွေကို သေချာ ခွဲခြားနိုင်သင့်တယ်..။ သေချာတာပေါ့.. နစ်ဖီ က သာမန်ထက်
ပိုထူးခြားတဲ့ လူတစ်ယောက်ပဲ..။သူမက မယုံနိုင်လောက်တဲ့ အရာတွေ အများကြီးကို အောင်မြင်နိုင်ခဲ့တယ်..။ ဒါပေမဲ့ သူမကလည်း လူသားတစ်ယောက်ပဲလေ..။ နင့်ခေါင်းထဲကို လွှမ်းမိုးထားတဲ့ အရာတွေအားလုံးက လူထုကို စိတ်ဓာတ်တက်ကြွလာစေဖို့ အတွက် တခြားလူတွေ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေပဲ..။ နင်က အစစ်အမှန် မဟုတ်တဲ့ အရာတွေ အပေါ်မှာ ယုံကြည် မနေသင့်ဘူးလေ.."
ဆယ်ကျော်သက် မိန်းကလေးက ခနလောက် တိတ်ဆိတ်နေပြီးမှ မျက်မှောင်ကြုတ်လိုက်တယ်..။
“ဒါပေမဲ့...အဲတာတွေက အစစ်အမှန်တွေပဲ..။ သူတို့က အမှန် ဟုတ်ဟုတ် မဟုတ်ဟုတ် လူတွေက ဒီအရာတွေကို ယုံကြည်နေကြတာပဲလေ..။ ဒါကြောင့်ပဲ ဒီအရာတွေက အမှန်တွေ ဖြစ်နေတာပေါ့..”
အပိုင်း ( ၇၉၅ ) ပြီး၏။