လသွေးနီရဲ့ ည
Vol. 2 Ch. 26
တစ်ဖက်လပ်မှာ ဆင့်ခေါ်ခံရချိန်အထိ ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည်။ အခေါ်ခံရသည့်အခါ အလွန်ရိုကျိုးသော အမူအရာနှင့် ဝင်သွား၏။ တစ်နာရီကြာပြီးနောက် တဲထဲမှ ပီတိဖုံးနေသည့် မျက်နှာနှင့် ပြန်ထွက်လာလေသည်။
တဲအတွင်း၌ ဆံပင်များ ဆွတ်ဆွတ်ဖြူနေသည့် အဘိုးအို နှစ်ဦးရှိပြီး ၎င်းတို့၏ မျက်လုံးများတွင် အသက်ဓာတ်များ၊ ဖျတ်လတ်မှုများနှင့် ပြည့်လျှမ်းနေလေသည်။ ၎င်းတို့နှစ်ဦး၏ ရှေ့တင် သာမန်ပုံစံ ပုလင်းလွတ်လေး တစ်လုံး ရှိနေသည်။
အဘိုးအို နှစ်ဦးအနက် ဝတ်ရုံဖြူ ဝတ်ထားသည့် အဘိုးအိုက လက်ချောင်းများကြားတွင် ဆေးလုံးကို ကိုင်ထား၏။ သူက ဆေးလုံးအား အချိန်အတော်ကြာ ကြည့်နေသည်။ ထို့နောက် သူ့အကြည့်ထဲတွင် အံ့ဩမှုများ မရေရာမှုများ ပြည့်နှက်လာလေ၏။
၎င်းက အချိန်အကြာကြီး တွေးတောရင်း ဆေးလုံးအား နှာခေါင်းနား ကပ်ကာ ရှူလိုက်သည်။ မျက်လုံးများကို မှိတ်ပြီး အာရုံစိုက်လိုက်၏။ အချိန်အတော်ကြာပြီးနောက် မျက်လုံးများကို ရုတ်ခြည်း ပြန်ဖွင့်လိုက်သည်။
“သူပြောတဲ့ အတိုင်းပဲ … ဒီဆေးလုံးမှာ မယုံနိုင်လောက်စရာ အကျိုးအာနိသင် ရှိနေတယ်။ ကျုပ် လေပြေစီးကြောင်း မျိုးနွယ်စုမှာ နေထိုင်လာတာ ကြာပေမယ့် ဒီလိုဆေးမျိုး တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး။ ကြည့်ရသလောက် ဒီဆေးပြုလုပ်ထားတဲ့အချိန်က မကြာသေးဘူး။ သက်တမ်း ကြာမြင့်မှုကို ဒီဆေးလုံးမှာ မတွေ့ရဘူး။ မကြာသေးခင်ကမှ လုပ်ထားမှန်း သိသာတယ်”
“တကယ်ပဲ .... ဒါက ဘာပါလိမ့်”
“ကုန်သွယ်ခဲ့တဲ့ အချိန်တွေ အရမ်းကြာသွားတာ နှမြောစရာပဲ။ မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်က ရင်ဆိုင်ရလွယ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ အဲဒီလိုသာ မဟုတ်ရင် ဒီဆေးလုံးကို ဘယ်လိုလုပ်ခဲ့တယ် ဆိုတာ သိရင်သိရမှာ”
အဘိုးအိုက ဖြည်းလေးစွာ ပြောလိုက်၏။
“မဆင်မခြင်မလုပ်နဲ့။ ဒီလိုဆေးလုံးမျိုး လုပ်နိုင်တဲ့သူက သွေးကြော ကျောက်သား ကျင့်စဉ်ရဲ့ အဆင့်မြင့်ပညာရှင်ထဲက မဟုတ်ရင် တစ်နေရာရာက ရောက်လာတဲ့ ရုပ်နယ်လွန် အဆင့်ရှိတဲ့ မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်ပဲနေမယ်။ ညီနောင် ကျိုး၊ ဒီဆေးလုံးကို မျိုးနွယ်စုဆီ ယူသွားခွင့်ပြုပါ။ လေပြေစီးကြောင်းက အကြီးအကဲသာ ဆိုရင် ဒီအကြောင်း သေချာပေါက် သိမှာပဲ”
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက ပြောရင်း ဆေးလုံးကို ပုလင်းထဲ ဂရုတစိုက်နှင့် ထည့်လိုက်သည်။ ထို့နောက် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ချိန် ပုလင်းလေးက ပျောက်သွားလေသည်။
“အဲဒီလိုလုပ်ပါ”
ထိုင်နေသည့် အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။
“ဒီပစ္စည်းက သိပ်အရေးကြီးတယ်။ ကျုပ်ကို အရင်သွားခွင့်ပြုပါ။ သတင်းတစ်ခုခုရတာနဲ့ ခင်ဗျားကို အကြောင်းကြားပါ့မယ်”
အဘိုးအို မတ်တတ်ရပ်လိုက်၏။ လက်သီးဆုပ်၍ လက်ဝါးတစ်ဖက်နှင့်ထိကာ ကျိုး အမည်ရ အဘိုးအိုအား အရိုအသေပေးလိုက်၏။ ခရမ်းရောင်တဲထဲမှ ခပ်သုတ်သုတ် ထွက်သွားလေသည်။ သူ တဲအပြင် ရောက်ရောက်ချင်း ၎င်း၏ခန္ဓာကိုယ်မှာ လှုပ်ခါသွားပြီး အဖြူရောင် မြူမှုန်များအဖြစ် ပြောင်းလဲသွားကာ မိုးပေါ် လွင့်ပျံ့သွား၏။ ရုတ်တရက် အဘိုးအို ပျောက်ကွယ်သွားလေသည်။
နေ့အလင်းရောင် ထွက်ပေါ်လာလုဆဲဆဲ ... ရင်ပြင်၏အဝေး လွင်ပြင်ကျယ် တစ်နေရာတွင် ကြီးမားတဲ့ မျိုးနွယ်စုကျေးရွာကြီး တစ်ခု ရှိနေ၏။ မျိုးနွယ်စုရွာ၏ အရွယ်အစားမှာ မြို့တစ်မြို့စာမျှ ရှိနေသည်။ နက်မှောင်တောင် မျိုးနွယ်စု အရွယ်ခန့်ရှိသည့် မျိုးနွယ်စုလေး ခြောက်စု ဝန်းရံထားသည်။ ၎င်းခြောက်စု၏ အလယ်ဗဟိုတွင် ကျောက်သားများ၊ ဖုန်မှုန့်များနှင့် တည်ဆောက်ထားသည့် မြို့ကြီးတစ်မြို့ ရှိနေ၏။
မြို့မှာ မြေပြင်ပေါ် ရောက်လာသည့် သားရဲကြီးတစ်ကောင်အလား ခမ်းနားတင့်တယ် လှသည်။ မြို့ထဲမှ မြို့သူမြို့သား အရေအတွက်မှာလည်း ထောင်ကျော်သည်။ ယခုလို အရွယ်အစားမှာ နက်မှောင်တောင် မျိုးနွယ်စု အနေနှင့် ဘယ်လိုမှ မျှော်လင့်၍ မရသည့် အရာမျိုး ဖြစ်သည်။
ဝန်းရံနေသည့် မျိုးနွယ်စုခြောက်စုသည် မြို့၏လက်အောက်ကို ခိုဝင်ခဲ့သည့် မျိုးနွယ်များ ဖြစ်သည်။ တချို့မျိုးနွယ်စုများမျာ ကပ်ဘေးဒုက္ခ ကြုံရချိန် ကာကွယ်မှုပေးခဲ့သည့်အတွက် လေပြေစီးကြောင်း မျိုးနွယ်စုထံတွင် လက်နက်ချ သစ္စာခံလိုက်ကြပြီး လေပြေစီးကြောင်း မျိုးနွယ်စု၏ တစ်စိတ်တစ်ဒေသ ဖြစ်လာကြသူများ ဖြစ်သည်။
လေပြေစီးကြောင်းမျိုးနွယ်စုသည်ပင် အလယ်အလတ်တန်း အရွယ်အစားရှိ မျိုးနွယ်စုတစ်ခုအနေနှင့် အင်အား နည်းနေသေးသည်။ ပြောရလျှင် နက်မှောင်တောင် မျိုးနွယ်စု၏ တည်နေရာမှာ ကျေးလက်ပိုင်း ကျ၏။ ထို့ကြောင့် လေပြေစီးကြောင်း မျိုးနွယ်စုသည် တစ်ဒေသလုံးနီးပါးအား လက်ဝါးကြီးအုပ်ပြီး အင်အားနည်းသည့် မျိုးနွယ်စုများတို့ ဆက်သသည့် လက်ဆောင်ပဏ္ဏာများကို လက်ခံရယူနေခြင်း ဖြစ်သည်။ နက်မှောင်တောင်တန်းဒေသတွင် အဆင့်မြင့် မာန်မျိုးနွယ်စုဝင်များနှင့် ဆက်သွယ်မှု လုပ်နိုင်သည် တစ်ခုတည်းသော မျိုးနွယ်စုလည်း ဖြစ်၏။
နေ့အလင်းရောင် ကောင်းကင်ကို စတင်ထွန်းညှိပေးလိုက်ချိန် မြူမှုန်များက မြို့ဆီသို့ လွင့်မျောလာသည်။ ၎င်းတို့သည် မြို့အပြင်တွင် စုစည်းမိကြပြီး အဖြူရောင်ဝတ် အဘိုးအိုပုံစံ ပြောင်းလဲသွား၏။
အဘိုးအိုက တည်ကြည်စွာနှင့် မြို့ထဲသို့ ခပ်သုတ်သုတ် လျှောက်လာသည်။ သူ့အား လမ်းတစ်လျှောက် တွေ့ရသည့် မာန်စွမ်းအားရှင်များက တလေးတစား ဂါရဝပြုကြလေသည်။
မြို့လယ်ကောင်တွင် ပကတိအနက်ရောင်ရှိသည့် ယဇ်တိုင်ကြီး ရှိနေသည်။ ၎င်းမှာ ပဉ္စဂံပုံစံ ဆောက်လုပ်ထားတာ ဖြစ်ပြီး ပေတစ်ရာအမြင့် ရှိတယ်။ ထိပ်ဖျားမှာ ငှက်တစ်ကောင်ပုံစံ ထွင်းထုထားတယ်။ ယဇ်တိုင်ဟာ လွန်ခဲ့သော ရှေးယခင် နှစ်ကာလများစွာထဲက တည်ရှိလာခဲ့ဟန် တူတယ်။
အဘိုးအိုဟာ ယဇ်တိုင်ရဲ့ရှေ့မှာ ရိုသေလေးစားစွာ ရပ်လိုက်တယ်။ ယဇ်တိုင် ထိပ်ဖျားဆီမှ နူးညံ့ညင်သာသည့် အသံတစ်သံ ပျံ့လွင့်လာသည်။
“ရှီဟိုင် အဲဒါဘာလဲ”
“အကြီးအကဲ ... ကျွန်တော် ကျိုးရန်ရဲ့ ရင်ပြင်မှာရှိနေတဲ့အချိန် တစ်ခါဖူးမျှမမြင်ဘူးတဲ့ ဆေးတစ်မျိုးကို တွေ့ခဲ့ရပါတယ်။ အဲဒီဆေးရဲ့ အာနိသင်ကတော့ အံ့မခန်းပါပဲ”
အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုဟာ အသက်ပြင်းပြင်း ရှူရင်း ခပ်တိုးတိုး ပြောလိုက်၏။
“အို ပြစမ်းပါဦး”
ယဇ်တိုင်ထိပ်ဖျားမှ နူးညံ့သောအသံက ပြောဆိုပြန်သည်။
အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက ညာလက်ကို မြှောက်ထားချိန် ၎င်း၏ လက်ဖဝါးထက် တောက်ပသည့် အလင်းတစ်စ ပေါ်လာသည်။ ဆေးပုလင်းလည်း ချက်ချင်း ပေါ်လာ၏။ လျှို့ဝှက်ဆန်းကြယ်သည့် အားအင်တစ်မျိုးမျိုး၏ ဆွဲယူခြင်း ခံလိုက်ရသလို ပုလင်းလေးမှာ လေထဲမှ ယဇ်တိုင်ထံ တဖြည်းဖြည်း လွင့်မျောသွားလေ၏။
ယခုနေရာသည် လူပြတ်၏။ လေတိုးသံ တစ်သံတည်း ကြားနေရသည်။ အဘိုးအို၏ ဝတ်ရုံစသည် လေတိုး၍ တဖျတ်ဖျတ် လှုပ်ခါနေသည်။ ၎င်းသည် ကျောက်ရုပ် တစ်ရုပ်အလား ငြိမ်သက်စွာ စောင့်ဆိုင်းနေဆဲပင်။
တစ်ခဏအကြာ နူးညံ့သောအသံက ပြန်ပြောလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် အံ့ဩသည့် အရိပ်အငွေ့များ ရောယှက်နေသည်။
“ဒီတစ်လုံးတည်းလား”
“တစ်လုံးထဲပါ”
အဖြူရောင် အဘိုးအိုက ချက်ချင်း တုံ့ပြန်စကားဆိုလိုက်သည်။
“ငါလည်းပဲ ဒီလိုဆေးလုံးမျိုး တစ်ခါမျှမတွေ့ဖူးဘူး။ ဖော်စပ်ပုံ နည်းစနစ်ကို ငါနားမလည်ဘူး။ ဒီဆေးလုံးကို လုပ်ထားတာလည်း သိပ်မကြာသေးဘူး။ ဒါကို ရင်ပြင်ဆီ ယူလာခဲ့တာ ဘယ်သူများလဲ”
နူးညံ့တဲ့အသံပိုင်ရှင်က တည်ကြည်စွာ ဆိုလိုက်၏။
“မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်”
အဖြူရောင်အဘိုးအိုက ခပ်အုပ်အုပ်အသံနှင့် ပြောလိုက်သည်။
“သူ့ကိုရှာ။ ငါတို့မှာရှိသမျှ အဆက်အသွယ်တွေ သုံးပြီး တွေ့အောင်ရှာလာခဲ့။ လေပြေစီးကြောင်း မျိုးနွယ်စုဆီမှာ ခိုဝင်ဖို့ပြောလိုက်၊ ငါတို့ကသူ့ကို ဒီနေရာရဲ့ ထာဝရဧည့်သည် အဖြစ်နဲ့ သက်မှတ်ဆက်ဆံပါ့မယ်လို့ ပြောလိုက်”
အဘိုးအိုရဲ့စကား အဆုံးတွင် နူးညံ့သည့်အသံရှင်ဟာ အဆက်မပြတ် ပြောဆိုလိုက်သည်။
အဘိုးအိုက အသက်ပြင်းပြင်း ရှူ၍ အကြီးအကဲ၏ အမိန့်ကို ရိုသေလေးစားစွာနှင့် နာခံလိုက်သည်။ ဆေးသည် သာမန်မဟုတ်မှန်း သူ သတိထားမိသည့်တိုင် ဆေးပိုင်ရှင်အား လေပြေစီးကြောင်း၏ ထာဝရ ဧည့်သည်အဖြစ် ဖိတ်ခေါ်ရမည်ဟု မျှော်လင့်မထားခဲ့ချေ။ ထာဝရဧည့်သည် အဆင့်ရှိသူကို အင်မတန် ရိုသေလေးစားမှုများနှင့် ဆက်ဆံကြသည်။ မျိုးနွယ်စု ခေါင်းဆောင်၊ အကြီးအကဲနှင့် အချို့သော လူများအပြင် သူတို့အားလုံး အခြားသော မျိုးနွယ်စု၏ ခေါင်းဆောင် တစ်ယောက်လို ပြုမူဆက်ဆံ ကြရလေသည်။
အဘိုးအိုက ထွက်လာသည်နှင့် လေပြေစီးကြောင်း မျိုးနွယ်စုတစ်ခုလုံးကို ခေါ်ယူလိုက်သည်။ မိုးကျရွှေကိုယ် မာန် စွမ်းအားရှင်အား ရှာတွေ့နိုင်ရန် အစွမ်းထက်လှသည့် ကွန်ရက် မန္တန်တစ်ခု မန်းမှုတ်လိုက်၏။
ထိုအချိန် စုမင်မှာ နက်မှောင်တောင်ရှိ နေအိမ်တွင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ထို့ကြောင့် ဒုတိယနေ့ မနက်လင်းစတွင် မျိုးနွယ်စုမှ တစ်ယောက်တည်း ထွက်လာခဲ့ပြီး မဟူရာ မီးတောင်ဆီသို့ ဦးတည်လာခဲ့သည်။
စုမင်သည် တောထဲတွင် တွန့်ဆုတ်တွေဝေခြင်း မရှိဘဲ ဖြတ်ပြေးနေသည်။ သွေးကြောကျောက်သား ကျင့်စဉ်အဆင့် (၂) အား ရောက်ပြီးကတည်းက သူ့ အရှိန်နှုန်းနှင့် လျင်မြန်သွက်လက်မှုကို မိုင်ကုန် မြှင့်ထားမည်ဆိုလျှင် လေ့ချန်ပင် အမီလိုက်ရန် ခက်ခဲသည်အထိ အခြေအနေ တိုးတက်လာခဲ့သည်။ တောကိုဖြတ်ပြေးစဉ် နေရာဒေသနှင့် အကျွမ်းတဝင်ရှိသည့် အတွက်ကြောင့် သူ့အရှိန်က ပို၍ မြန်လာသည်။ နေ့မွန်းတည့်ချိန်တွင် စုမင်မှာ မဟူရာမီးတောင် တောင်ခြေသို့ ရောက်ရှိလာခဲ့လေသည်။
မဟူရာမီးတောင်ပေါ် တက်ရောက်ပြီး နိုင်စီးငြိမ်းသတ်ခြင်း ပြုလုပ်ရာ ဂူထဲသို့ ဝင်လာခဲ့သည်။ သူ့ခြင်းတောင်းကို မြေပေါ်ချလိုက်၏။ ဂူထဲတွင် နိုင်စီးငြိမ်းသတ်ခြင်း လုပ်ရန် ပြင်ဆင်ထားသည် ဆေးပင်ဆေးမြစ်များ အများကြီး ရှိနေသည်။
ရှောင်ဟုန်တော့ ရှိမနေ။ အပြင်ထွက်ဆော့နေခြင်း ဖြစ်နိုင်သည်။ စုမင် အနီးတစ်ဝိုက်ကို အသေအချာ ကြည့်၏။ အခြေအနေအားလုံး စိတ်ချရတော့မှ မြေပြင်ပေါ် တင်ပျဉ်ချိတ် ထိုင်ချလိုက်သည်။ သွေးကြောဆယ်ကြော တောက်ပဖြာထွက်လာသည်အထိ ခန္ဓာကိုယ်ထဲမှ သွေးများ လည်ပတ်ရန် အာရုံစိုက်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အင်အားအပြည့်ဆုံး အခြေအနေတွင် ရှိနေ၏။
စုမင်ကိုယ်တွင် သွေးကြောကျောက်သား ကျင့်စဉ်၏ အဆင့်သုံးသို့ ရောက်ရှိစေမည့် ဆယ့်တစ်ခုမြောက် သွေးကြောမှာ ခပ်ရေးရေး ပျံ့နှံ့ ဖြာထွက်စ ပြုနေပြီ ဖြစ်သည်။
“အကြီးအကဲက ငါ့ကို တကယ်ကြီး နိုးကြားစေဖို့ကူညီခဲ့ပြီး အဆင့်သုံး ရောက်တော့မယ်လို့ ပြောခဲ့တယ်။ အဲဒီကနေ အခုချိန်ထိ ဘယ်လောက်မှ မကြာသေးပေမဲ့ နောက်တစ်ဆင့်တက်ဖို့ သွေး လုံလုံလောက်လောက် ရှိနေပြီလို့ ခံစားရတယ်။ မာန်ဘိုးဘေးတွေရဲ့ ရှေးဟောင်း ပညာရပ်က တကယ်ကို အစွမ်းထက်တာပဲ”
စုမင် မျက်လုံးများဖွင့်လိုက်ချိန် သူ့ကိုယ်ခန္ဓာမှ အနက်ရောင် အခိုးအငွေ့များ ထွက်လာသည့် မြင်ကွင်းကို ပြန်မြင်ယောင်မိသည်။
“အခုလောလောဆယ်တော့ ဆေးဖော်တာကို ဘေးထားပြီး အဆင့် (၂) ကနေ ဖောက်ထွက်အောင်မြင်နိုင်အောင် အရင်လုပ်သင့်တယ်ထင်တယ်”
ဆုံးဖြတ်ချက်ကို ချက်ချင်းချပြီး ယခင်နေ့က သူလုလာသည့် ဝေဟင်ကျောက်တုံးပင်အား ရင်ဘတ်ထဲမှ ထုတ်လိုက်၏။ ဆေးပင်ကို အရင်ကြည့်ပြီး မြူမှုန်ထိုးခွဲ တစ်လုံး မျိုချ၍ အရွက်တစ်ရွက် ခူးပြီး ထပ်ဝါးစားလိုက်သည်။
သူ့မျက်လုံးတွေကို မှိတ်ပြီး တရားထိုင်လိုက်၏။ တစ်ခဏအကြာ စုမင်တစ်ကိုယ်လုံး ချွေးများနှင့် ရွှဲနစ်နေသလိုသလို အနီရောင်အလင်းများကလည်း လွှမ်းခြုံနေသည်။ ဆယ့်တစ်ခုမြောက် သွေးကြော ပျံ့နှံ့ဖြာဆင်းနေသည့် လက္ခဏာလည်း ပြနေသည်။
နာရီအနည်းငယ် ကြာပြီးနောက် ခပ်အုပ်အုပ် အသံတစ်ခု စုမင်ကိုယ်တွင်းတွင် ပဲ့တင်ထပ်နေပြီး ဆယ့်တစ်ခုမြောက် သွေးကြောမှာ အောင်မြင်စွာနှင့် ပျံ့နှံ့ဖြာဆင်းလာခဲ့ပြီ ဖြစ်၏။ ပိုမို အားကောင်းသည့် ချီများ စုမင် ခန္ဓာကိုယ်ထဲမှ ဟုန်းခနဲ ပွင့်ထွက်လာသည်။
ပြန်ဖွင့်လာသည့် စုမင်မျက်လုံးများမှာ တလက်လက် တောက်ပနေသည်။
“သွေးကြောကျောက်သား ကျင့်စဉ်အဆင့်၃ကွ”
သူ မတ်တတ်ထရပ်လိုက်၏။ ထုံကျဉ်နေသည့် ခြေလက်များကို သွေးလေ လည်ပတ်အောင် လုပ်ပြီးသည်နှင့် ဆေးပင်များကို ထုတ်ယူလိုက်၏။ သူ့မှတ်ဉာဏ်ထဲမှ တောင်တန်း ဝိညာဉ်ဆေးလုံးကို ဖော်စပ်ရန် စတင် လုပ်ဆောင်တော့၏။
စုမင်မှာ ဟိုးယခင်က ဘာလုပ်လို့ဘာကိုင်ရမှန်း မသိသည့် ကောင်လေး တစ်ယောက် မဟုတ်တော့ဘဲ နိုင်စီးငြိမ်းသတ်ခြင်း လုပ်ငန်းစဉ်နှင့် ရင်းနှီးကျွမ်းဝင် နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဂူထဲမှမီးကိုလည်း လိုသလို အသုံးချ ထိန်းချုပ်နိုင်နေပြီ ဖြစ်၏။ ဂူထဲတွင် အပူရှိန် မြင့်တက်လာသည့်အခါ စုမင်က အဝတ်ကိုချွတ်ပြီး ဒယ်အိုးကြီး ဘေးတွင် ကိုယ်တစ်ပိုင်း ဗလာနှင့် ထိုင်လိုက်၏။ အချိန်တစ်ခုအရောက်တွင် ဆေးပင်များကို နှာခေါင်းနားကပ်ပြီး နမ်းရှုံ့ကြည့်လိုက်၊ တစ်ဖက်က ခြေမွှပြီး အိုးထဲ ပစ်ထည့်ပေးလိုက် လုပ်နေ၏။
အချိန်များ ကုန်လွန်ခဲ့လေပြီ။ ကောင်းကင်ပင် တဖြည်းဖြည်း မည်းမှောင်လာပြီ ဖြစ်၏။ အမှောင်ထုသည် တောင်တန်းနှင့်အတူ သစ်တောထဲကိုပါ ကျရောက်လာ၏။ တိရစ္ဆာန်များနှင့် ကျေးငှက်တို့၏ အသံကို မပီမသ ဝိုးတဝါး ကြားနေရသည်။
ကောင်းကင်ကြီး မည်းမှောင်သွားသည်နှင့် လမင်းက တဖြည်းဖြည်း မြင့်တက် ထွက်ပေါ်လာသည်။ သို့သော် ယခုညတွင် သာတဲ့လမှာ အခြားည၏ လများနှင့်မတူ။ ဘေးပတ်ပတ်လည်တွင် အနီရောင်အရိပ်များ ဖုံးလွှမ်းနေပြီး သွေးလွှမ်းသည့်လတစ်စင်းလို ဖြစ်နေ၏။
ထူးဆန်းသည့် မြင်ကွင်းကြောင့် မြေပြင်င်နှင့် ပတ်ဝန်းကျင် အနေအထားမှာ ထူးထူးဆန်းဆန်းကြီး ပြောင်းလဲသွားလေသည်။ အဓိကအနေနှင့် နက်မှောင်တောင် ဒေသတစ်ဝိုက်တွင် ဖြစ်၏။ တိရစ္ဆာန်များနှင့် ကျေးငှက်သာရကာတို့ အသံများက ပကတိ ပျောက်ကွယ်သွားသည်။ အသံပြုရမည်ကို ကြောက်နေသည့်အလား လေချွန်သံမျှပင် ထွက်မလာ ကြတော့။
မဟူရာမီးတောင် တောင်ခြေ၏ တောထဲတွင် အနီရောင် အရိပ်လေးတစ်ခု ပြေးလွှားနေသည်။ ၎င်းမှာ မျောက်ကလေး ရှောင်ဟုန် ဖြစ်၏။ သူ့အကြည့်များက တည်ငြိမ်ပြီး သတိအနေအထားနှင့် ဖြစ်နေသည်။ လနီကို မကြာခဏ မော့ကြည့်နေသည့် သူ့မျက်နှာတွင် စိုးရိပ်ပူပန်မှုများ ပေါ်လွင်နေ၏။
အရှေ့ကိုပြေးရင်း သူတွေဝေနေသည်။ စုမင် ပြန်ရောက်နေလား သူ သေချာမသိသေး။ မဟူရာမီးတောင်ထံ ဆက်မသွားတော့ဘဲ ဦးတည်ရာ အရပ် ပြောင်းလိုက်သည်။ ထိုအစား တောတွင်းတစ်နေရာတွင် ပုန်းအောင်းနေလိုက်၏။
ကောင်းကင်က ပို၍နက်မှောင်လာလေ၊ လ၏ အနီရောင်မှာ ရဲရဲနီကာ လင်းလာလေ ဖြစ်သည်။ ညဉ့်သန်းခေါင် အချိန်တွင် နက်မှောင်တောင် တစ်ခုလုံး သွေးရောင် ဆိုးထားသလို ဖြစ်နေ၏။
ထိုအချိန်အခိုက်အတန့်လေး၌ နက်မှောင်တောင် တစ်နေရာမှ ငိုသံ တိုးတိုးကလေး ပျံ့လွင့်လာသည်။ အချိန်နှင့်အမျှ ငိုသံမှာ ကျယ်လောင်လာခဲ့ပြီး နက်မှောင်တောင် တစ်တောင်လုံး ပျံ့နှံ့လာလေတော့၏။
ငိုသံသည် သွေးရောင်လမင်းမှ ရောင်ပြန် ဟပ်သလို ကောင်းကင်တစ်ခွင်လုံး ပဲ့တင်ထပ် ပျံ့လွင့်နေ၏။ ၎င်းအခြင်းအရာသည် နက်မှောင်တောင် တစ်ခုလုံးအား လျို့ဝှက်နက်နဲမှုများစွာနှင့် လွှမ်းခြုံထားလေ၏။
ယခုည နက်မှောင်တောင် အနီးတစ်ဝိုက်မှ မျိုးနွယ်စုသုံးခုစလုံး စိုးရိမ်ပူပန်မှုများနှင့် ပြည့်လျှံနေခဲ့၏။ မာန် စွမ်းစွမ်းအားရှင် မျိုးနွယ်ဝင်တို့၏ ကာကွယ်မှုအောက်တွင် သာမန်မျိုးနွယ်ဝင်များကို မိမိအိမ်သို့ စောလျင်စွာ ပြန်စေ၏။ မလိုအပ်လျှင် အပြင်လုံးဝ မထွက်ရန် မှာထား၏။ မျိုးနွယ်စု ခေါင်းဆောင်မှအစ မာန်စွမ်းအားရှင်တို့၏ အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပေးလေသည်။
အကြီးအကဲသည် မျိုးနွယ်စု၏ အမြင့်ဆုံးနေရာတွင် ရပ်နေသည်။ ထိုနေရာအား ကြီးမားလှသည့် သစ်တုံးကြီးများနှင့် ပြုလုပ်ထား၏။ သူ့လက်တွင် အနက်ရောင် အရိုးတောင်ဝှေးကို ကိုင်ဆောင်ထားသည်။ အဝေးမှ ကြည့်လျှင် ၎င်း၏မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုကို မြင်ရလေ၏။
မျိုးနွယ်စုမှ စုမင် ထွက်သွားသည်ကို စောစောတည်းက သိလိုက်သော်လည်း သုံးနှစ်တစ်ကြိမ်မှ ဖြစ်ပေါ်တတ်သည့် သွေးလွှမ်းလသည် ယခုည၌ ဖြစ်ပေါ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ အရင် တစ်ခေါက်ကထက် လပိုင်း စောနေခဲ့၏။ ၎င်းထူးဆန်းသည့် အဖြစ်က သူ့ကို အံ့အားသင့်စေသလို ကြောက်ရွံ့ထိတ်လန့်စေသည်။
“မီး”
အတော်ကြာပြီးနောက် အကြီးအကဲက စကားပြောလိုက်သည်။ ချက်ချင်းပင် မျိုးနွယ်စုဝင်များက သစ်သားစင်ကို ဝိုင်းရံလိုက်ပြီး မီးတုတ်များကို ယူဆောင်လာပြီး စင်အောက်ဘက်တွင် ထားလိုက်ကြ၏။ မီးတုတ်များက စင်ကို မီးစွဲလောင်သွား၏။ စင်ပေါ်မှ အကြီးအကဲ၏ ပုံစံမှာ မီးပင်လယ်ထဲ ပိတ်မိနေဟန်ရှိသော်လည်း တည်ငြိမ်စွာနှင့် ဂါထာတစ်ခုကို ရွတ်ဆိုနေလေသည်။
ယခု အဖြစ်အပျက်မျိုး နက်မှောင်တောင် မျိုးနွယ်စု တစ်ခုထဲ ဖြစ်နေသည် မဟုတ်ပေ။ ၎င်းနှင့် ဆန့်ကျင်ဘက်အရပ်ရှိ နဂါးနက်တောင် မျိုးနွယ်စုတွင်လည်း အလားတူ ဖြစ်ရပ် ဖြစ်ပေါ်နေသည်။ နဂါးနက်တောင် အကြီးအကဲက လျော့တိလျော့ရဲ ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ဆံပင်များက ဖားလျားကျနေသည်။ ၎င်းမှာ မိန်းမ၊ ယောက်ျားလားပင် ခွဲခြားမသိနိုင်ပေ။ ၎င်း အကြီးအကဲသည် ဦးချိုတစ်ချောင်းရှိ သတ္တဝါတစ်ကောင်၏ အရိုးစုကို လက်မှာ ကိုင်ဆောင်ထား၏။ အကြီးအကဲက အရိုးစုကို ကိုင်ဆောင်ပြီး အပေါ်ကို မြှောက်ပြီး စူးစူးရှရှ အော်ဟစ်မြည်တမ်းလိုက်၏။
နဂါးနက်တောင် မျိုးနွယ်စုဝင်များကြား အလွန်ချောမောလှပသည့် မိန်းကလေး တစ်ယောက် ရပ်နေသည်။ ကောင်းကင်ထက်မှ သွေးလွှမ်းသည့်လအား ကြည့်မိလိုက်ချိန် သူမမျက်နှာ တစ်ခုလုံး သွေးဆုတ်ဖြူရော် သွားလေတော့၏။
***