မီးလျှံ မာန်မျိုးနွယ်စု၏ ဒဏ္ဍာရီ
Vol. 2 Ch. 27
မိန်းကလေးမှာ ပိုင်လင်း ဖြစ်သည်။ သူမက ယဇ်တိုင်ပေါ်မှ အကြီးအကဲကို ကြည့်ရင်း ကြောက်ရွံ့ထိတ်လန့်နေသည်။ အခြားမျိုးနွယ်စုဝင်တို့၏ မျက်နှာများသည်လည်း အကြောက်တရားကြောင့် ဖြူဖျော့နေကြ၏။
“သွေးလွှမ်းလဟာ နက်မှောင်တောင်က နှင်းတွေအားလုံး အရည်ပျော်သွားတဲ့ အချိန် သုံးနှစ်မှ တစ်ကြိမ် ပေါ်ထွက်လေ့ရှိတယ်။ အဲဒီအတိုင်းဆိုရင် ကပ်ဘေးကို တားဆီးဖို့ ယဇ်ပူဇော်မယ့် တိရစ္ဆာန်ရိုင်းတွေလည်း အလုံအလောက်ရှိနေကျ။ ဒါပေမဲ့ ဒီတစ်ခါဟာ သိပ်ကိုစောလွန်းနေတယ်”
ပိုင်လင်းမှာ ပိုမို ထိတ်လန့်လာသည့် စိတ်နှင့် ဘေးဘီဝဲယာကို ကြည့်ရင်း နှုတ်ခမ်းကို ကိုက်လိုက်သည်။
စုမင် အဖို့ မီးဂူထဲတွင် ဆေးလုံးများကို ဖော်စပ်ဖို့ရန် နိုင်စီးငြိမ်းသတ်ခြင်း လုပ်ငန်းကိုသာ အာရုံစိုက်ထားသည်။ ကျောက်ဒယ်အိုးကြီးကို ဂရုတစိုက် စောင့်ကြည့်ရင်း သင့်တော်သည့် အပူချိန်ဖြစ်အောင် ထိန်းညှိပေးနေသည့် သူ့တစ်ကိုယ်လုံး ချွေးများနှင့် ရွဲနစ်နေ၏။
သိပ်မကြာခင် အိုးထဲမှ အသံများကြားလာရ၍ စုမင်က ခပ်မဲ့မဲ့ရယ်ရင်း နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။ နောက်တစ်ကြိမ် ကျရှုံးသွားမှန်း သူ သိ၍ ဖြစ်သည်။
“မြူမှုန်ထိုးခွဲနဲ့ ယှဉ်ရင် တောင်တန်းဝိညာဉ် ဆေးဖော်ရတာက ပိုခက်တာပဲ”
စုမင် ခေါင်းတယမ်းယမ်းနှင့် အဖုံးကို ဖွင့်၏။ ချဉ်စပ်စပ်အနံ့ရှိသည့် အစိမ်းရောင် မီးခိုးတစ်မှုတ် အထဲမှ ထွက်လာလေသည်။
စုမင်သက်ပြင်းချတယ်။ သူဆက်လုပ်တော့မယ့် အချိန်မှာပဲ သူ့ကိုယ်ခန္ဓာထဲက ချီ စွမ်းအင်က ရုတ်တရက် ပွက်ပွက်ဆူလာပြီး ထိန်းချုပ်မရ ဖြစ်နေတယ်။ အံ့အားသင့်စွာနဲ့ သူမျက်မှောင်ကျုံ့တယ်။ ဘေးဘီးဝဲယာကို ဝေ့ဝဲကြည့်လို့ ဒါကိုဖြစ်စေတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲလို့ လျှောက်ရှာကြည့်ပေမဲ့ ဘာမှမတွေ့ဘူး။
“ထူးဆန်းလိုက်တာ ...”
စုမင်ခေါင်းကို တဗျင်းဗျင်း ကုတ်တယ်။ ခဏပဲရပ်ပြီး တောင်တန်းဝိညာဉ် ဆေးကို ဖော်စပ်ဖို့ အားထုတ်မှုကို ဆက်လက် လုပ်ဆောင်တယ်။
အဲဒီအခိုက်အတန့် .... နက်မှောင်တောင်ရဲ့ အခြားတစ်ဖက်၊ မဟူရာတောင် တည်ရှိရာ နေရာမှာတော့ သူတို့မျိုးနွယ်စုဝင် တွေလည်း လကို ကြည့်နေကြတယ်။ သို့ပေမဲ့ သူတို့ရဲ့မျက်နှာထားဟာ နက်မှောင်တောင်နဲ့ နဂါးနက်တောင်က လူတွေနဲ့တော့ မတူလှဘူး။ အခြားမျိုးနွယ်စု နှစ်ခုနဲ့မတူဘဲ သူတို့မျက်လုံးတွေဟာ အကြောက်တရားတွေနဲ့ အတူ သွေးဆာမှု တွေနဲ့ပြည့်နေတယ်။
သူတို့နှုတ်ဖျားတွေကနေ ကြုံးဝါးသံတွေ ထွက်ပေါ်နေတယ်။ မာန်စွမ်းအားရှင်တွေမက မျိုးနွယ်စုရဲ့ သာမန်မျိုးနွယ်ဝင်တွေ ကပါ အော်ဟစ်နေကြတာ ဖြစ်တယ်။ ၎င်းတို့ရဲ့ အော်ဟစ်သံတွေ အားလုံးပေါင်းစည်း မိတဲ့အခါ ကျယ်လောင်တဲ့ တော်လည်းသံကြီးအဖြစ် ပြောင်းလဲသွားတယ်။
လူအုပ်ကြီးရဲ့ အလယ်မှာ များပြားလှတဲ့ အနီရောင် ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ တောင်ကုန်းငယ်တစ်ခု ရှိတယ်။ အဲဒီအပေါ်မှာ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားတဲ့ ချည့်နဲ့နဲ့ အဘိုးအိုတစ်ယောက် ထိုင်နေတယ်။ သွေးလွှမ်းလကို ကြည့်နေပြီး သူ့မျက်လုံးတွေကတော့ အေးစက်လှတယ်။ သူ့ရဲ့နှုတ်ခမ်းထက်မှာ ရက်စက်တဲ့ အပြုံးဟာ တွဲလွဲခိုနေတယ်။
“ရှေးယခင်အချိန်တွေကထဲက မီးလျှံမာန်မျိုးနွယ်စုဟာ လောကတစ်ခွင် ခြေဆန့်ကြတယ်။ သူတို့မှာ လောကကို လှုပ်ကိုင်နိုင်စွမ်းရှိတယ်။ သူတို့ဟာ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေမှာ ရှိသမျှသော မီးတွေကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ သူတို့သာ ဒေါသထွက်လာရင် ကောင်းကင်ဘုံကို ပြာကျသွားအောင် မီးတက်ရှို့ပြီး သူတို့ဘာသာသူတို့ နတ်ဘုရား တက်လုပ်လို့ရတယ်။ သူတို့ရဲ့ နာမဂုဏ်သတင်းတွေဟာ နေရာစုံ အထိ ပျံ့လွင့်လို့ မာန်မျိုးနွယ် မဟုတ်တဲ့သူတွေပါ ကြောက်ရွံ့ကြရတယ်”
“သူတို့က ကြီးမြတ်သော မဟာမာန် မျိုးနွယ်စုရှစ်ခုထဲမှာ တစ်ခု အပါအဝင်ဖြစ်တယ်” ချည့်နဲ့တဲ့ အဘိုးအိုဟာ လည်ချောင်းထဲက လာတဲ့အသံနဲ့ပြောဆိုတယ်။ မသိရင် တစ်လောကလုံးက ရှိသမျှလူအားလုံးကို ဟစ်အော်နေတဲ့အတိုင်းပဲ။
“ဒါပေမဲ့ ကောင်းကင်ဘုံက နတ်ပစ္စည်းတစ်ခုကို ခိုးယူချင်ခဲ့တာကြောင့် သူတို့ကို မာန်နတ်ဘုရားက အပြစ်ပေးခဲ့တယ်။ ကိုးရက်ကိုးညတိုင်တိုင် သူတို့မျိုးနွယ်စုကို ချေမှုန်း ဖျက်ဆီးပစ်ခဲ့တာ မာန်စွမ်းအားရှင် တွေကလွဲလို့ အားလုံး ပျက်စီးသွားကြကုန်တယ်။ မာန်ကိုယ်ခန္ဓာမရှိတဲ့ သာမန်လူတွေဟာ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရပြီး သူတို့ရဲ့ဝိညာဉ်တွေပါ အစိတ်စိတ်အမြွှာမြွှာ လွင့်ပါးသွားကြတယ်။
“ဒီလိုကပ်ဘေးဆိုးကြီး မီးလျှံမာန်မျိုးနွယ်စုကို ကျရောက်ခဲ့သည်တိုင် မျိုးနွယ်စုဝင် မာန်စွမ်းအားရှင်တွေက မသေခဲ့ဘူး။ သူတို့က မာန်နတ်ဘုရားကို တော်လှန်ပုန်ကန် ချင်ခဲ့ကြပြီး သူတိုဘာသူတို့ ဘုရားတက် လုပ်ချင်ခဲ့ကြတယ်။ မာန်နတ်ဘုရားဟာ သူတို့ကို ပြစ်ဒဏ်ကြီးစွာ ချမှတ်ခဲ့တယ်။ တစ်မျိုးနွယ်လုံးကို အမြစ်ပြတ် သုတ်သင်ဖို့ သူ့ရဲ့စွမ်းအားတွေ အကုန်လုံးကို အသုံးချတော့မယ့် အချိန်မှာ မီးလျှံမာန်မျိုးနွယ်စု အကြီးအကဲဟာ မာန်နတ်ဘုရားကို ပြန်လည်တိုက်ခိုက်ခဲ့တယ်”
“တိုက်ပွဲဟာ ကောင်းကင်ဘုံကိုတောင် တုန်လှုပ်စေခဲ့တယ်။ မီးလျှံမာန်မျိုးနွယ် အကြီးအကဲဟာ တိုက်ပွဲမှာ သေဆုံးခဲ့ပေမဲ့ မာန်နတ်ဘုရား ကြောက်ရွံ့စေတဲ့ တားမြစ်ထားတဲ့ မန္တန်တစ်ခုကို ရွတ်ဆိုခဲ့တယ်။ အဲဒီ အခြင်းအရာကြောင့် မီးလျှံမာန်မျိုးနွယ်က မသေသေးတဲ့ မာန်မျိုးနွယ်တွေ အားလုံးထာဝရ အသက်ရှင်နိုင်သူ ဖြစ်ခွင့် ဆန္ဒကိုဖြည့်ပေးခဲ့ရတယ်”
ကြောက်ရွံ့ရိုသေခြင်းဟာ အဘိုးအိုရဲ့ မျက်လုံးတွေထဲ ထင်ဟပ်လာတယ်။ ၎င်းရဲ့ညာလက်ကို မြှောက်လိုက်တယ်ဆိုရင်ပဲ ချက်ချင်းဆိုသလို အနက်ရောင်မြူမှုန်တွေဟာ သူ့ရဲ့ အရေတွန့်နေတဲ့ လက်ပတ်ပတ်လည်မှာ ဝန်းရံသွားပြီး ကြောက်လန့်စရာ ဝိညာဉ်တစ်ခု အသွင်အဖြစ် ပြောင်းလဲသွားတယ်။
“ဒါပေမဲ့ သူကအမှားလုပ်ခဲ့တယ်။ သူဟာ မျိုးနွယ်ဝင်တွေကို ထာဝရ ရှင်သန်နိုင်အောင်တော့ လုပ်ပေးနိုင်ခဲ့ပေမဲ့ မာန်နတ်ဘုရားဟာ သူ့ရဲ့ ဖန်ဆင်းနိုင်စွမ်းရည်ကို အသုံးချပြီး အားလုံးကို သူတို့ရဲ့ဒြပ်ရှိ ကိုယ်ခန္ဓာတွေ ဆုံးရှုံးသွားအောင် လုပ်ပစ်ခဲ့တယ်။ သူတို့က သွေးလွှမ်းလရဲ့ အတောင်ပံတွေ ဖြစ်လာကြတယ်”
“အဲဒီကစလို့သူတို့ဟာ အလင်းရောင်ကို မြင်နိုင်စွမ်း မရှိတဲ့ဖြစ်တည်မှုတွေ ဖြစ်လာခဲ့ကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အသိစိတ်တွေလည်း ပျောက်ဆုံးလို့ သွေးဆာနေတဲ့ လရဲ့ အတောင်ပံတွေ ဖြစ်လာကြတယ်။ သူတို့ရဲ့ ခါးသီးမှု၊ အမုန်းတရား၊ ဒေါသစိတ်တွေနဲ့ ကြေကွဲ ဝမ်းနည်းမှုတွေဟာ ကြောက်ခမန်းလိလိ အာဃာတတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး လကို သုံးနှစ်တစ်ခါ သွေးရောင်လွှမ်းစေခဲ့တယ်။ လဟာ သွေးအိုင်ထဲမှာ ပျောက်ဆုံးသွားတဲ့ တစ်နေ့ သူတို့ ပြန်လာကြလိမ့်မယ်”
“ဒီည ၊ ငါ ၊ ပိထူ မဟူရာတောင် မျိုးနွယ်စုရဲ့ အကြီးအကဲက မင်းတို့ကိုကူညီမယ်”
အဘိုးအိုဟာ ထိတ်လန့်စဖွယ်ရယ်မောရင်း လျှာကို ကိုက်လိုက်တယ်။ ပါးစပ်အပြည့် သွေးတွေကို ထွေးချလိုက်ချိန် မှာတော့ သူရပ်နေတဲ့အောက်က အနီရောင် ကျောက်တုံးတွေဟာ ဝုန်းခနဲ ပေါက်ကွဲပြီး လေထုထဲမှာ လွင့်မျောနေတယ်။
မဟူရာတောင်မျိုးနွယ်စုရဲ့အကြီးအကဲ ပိထူဟာလည်း လေထဲမှာ ပျံသန်းတက်သွားတယ်။ သူ့လက်မောင်းတွေကို ဆန့်ထုတ်လိုက်တယ်။ သူ့မျက်လုံးတွေဟာ ရူးသွပ်မှုတွေ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတယ်။
အနီရောင် ကျောက်တုံးတွေဟာ လေထဲမှာလှည့်ပတ်ရင်း ပန်းချီကားချပ်ကြီး တစ်ခုကို ပုံဖော်တယ်။ ပန်းချီပုံဟာ စက်ဝိုင်းသဏ္ဌာန်ရှိပြီး အလယ်မှာ ရဲရဲနီနေတဲ့ လမင်းရှိနေတယ်။ အဲဒီ အရာတစ်ခုလုံးဟာ သွေးလို ရဲရဲတောက်အရောင်ရှိတယ်။
“လရဲ့ အတောင်ပံတို့… ငိုက်မြည်းရာမှ နိုးထကြပြီး ရှေ့ထွက်လာခဲ့ကြလော့”
ပိထူရဲ့ နောက်ထပ်သွေးတစ်ငုံဟာ ချက်ချင်း အနီရောင်အငွေ့တွေ အဖြစ်ပြောင်းသွားပြီး ပန်းချီကားချပ်ကြီးဆီ သွားရောက် ပေါင်းစည်းတယ်။ ပန်းချီကားဆီက ကြုံးဝါးသံကြီး ထွက်ပေါ်လာပြီး ၎င်းဟာ ရုတ်တရက် ပေါက်ကွဲသွားတယ်။ အဲဒီကနေ အနီရောင် မြူမှုန်တွေဟာ ဘေးဘီ ဝန်းကျင်တွေဆီကို လှိုင်းလုံးတွေလို ဖြန့်ကြက် ပျံ့နှံ့သွားတော့တယ်။
အဲဒီ အခိုက်အတန့်မှာ နက်မှောင်တောင် တစ်ခုလုံး သိမ့်သိမ့်တုန်သွားတယ်။ မြေပြင်တွေ လှုပ်ရှားသလို .... တောင်စဉ်တွေ တုန်ခါသလိုမျိုးကို သိမ့်သိမ့်တုန် သွားခဲ့တာဖြစ်တယ်။ အဲဒီတုန်ခါမှုဟာ နက်မှောင်တောင် မျိုးနွယ်စုကိုရော နဂါးနက်တောင် မျိုးနွယ်စုကိုပါ အုတ်အော်သောင်းတင်း ဖြစ်သွားစေတယ်။
မဟူရာမီးတောင်ထဲမှာ ရှိနေတဲ့ စုမင်လည်း အဲဒီတုန်ခါမှုကို ခံစားလိုက်ရတယ်။ သူမျက်နှာ ပျက်သွားတယ်။ တောင်ကြီး လှုပ်ခါသွားခြင်းနဲ့အတူ ဂူအတွင်းပိုင်း တစ်နေရာက အော်သံသဲ့သဲ့ကိုပါ ကြားလိုက်ရတယ်။ သူတစ်ကိုယ်လုံး တောင့်မတ်သွားပြီး လုပ်လက်စအ လုပ်အားလုံးကို ရပ်ပစ်လိုက်တယ်။ အနောက်ကို ဆုတ်သွားရင်းနဲ့ ထွက်ပေါက်ဆီ တွယ်တက်လာတယ်။ ထွက်ပေါက်ကနေ အပြင်ရောက်လာချိန်မှာ အံ့ဩလွန်းလို့ အာမေဍိတ်ပြုမိမတတ်ပဲ။ သူ့ရှေ့တည့်တည့်မှာပဲ ကောင်းကင်ပေါ်မှာ သွေးရောင်လွှမ်းတဲ့လက တွဲလွဲခိုလျက် ရှိနေတယ်လေ။
“သွေးလွှမ်းလ”
စုမင်မျက်နှာဟာ ချက်ချင်းဆိုသလိုပဲ သွေးဆုတ်ဖြူရော် သွားတယ်။
အဲဒီအချိန်မှာပဲ အနံ့ပြင်းလွန်းတဲ့ သွေးနံ့ညှီဟောက်ဟောက်ဟာ မဟူရာ မီးတောင်ထဲကနေ ဟောင်ထွက်လာတယ်။ စုမင် နည်းနည်းလေးမှ တွေဝေမနေဘူး။ သူဟာ သွေးလွှမ်းလရဲ့ အဓိပ္ပာယ်ကို နားလည်တဲ့အပြင် အဲဒီလထွက်မလာခင် ရက်အနည်းငယ် လောက်ကတည်းက ကြိုတင်တွက်ဆပြီးသား။
ဒါပေမဲ့လည်း ဒီလောက် စောလိမ့်မယ်လို့တော့ သူမမျှော်လင့်ခဲ့ဘူး။
စုမင်ဟာ ချက်ချင်းပဲ ဂူထဲကို တွားသွားပြန်ဝင်တယ်။ အပြင်ထွက်လိုက်တာနဲ့ သူ့မှာပုန်းအောင်းစရာ နေရာရှာမရနိုင်တော့ဘူး ဆိုတာ သူသိတယ်။ မျိုးနွယ်စုဆီ ပြန်ဖို့လည်း အချိန်မလောက်တော့ဘူး။ ဂူထဲပြန်ရောက်တာနဲ့ သူဦးချိုကို ကိုင်ပြီး ဘေးဘက်က နံရံကို ထွင်းဖောက်တော့တယ်။ ပုံစံက ရူးသွပ်သွားသလိုမျိုးပဲ။ ဂူထဲက ကြုံးဝါးသံကြီးကလည်း ပိုမိုပြတ်သားသားစွာ ကျယ်လောင်လာပြီးလျှင် အဲဒီအသံထဲမှာ တခြားသော အသံပေါင်း သောင်းခြောက်ထောင် အသံတွေပါ ပါလာနေပြီ။
စုမင် မျက်လုံးတွေဟာ နီရဲနေတယ်။ ကံကောင်းလို့ သူဟာ ဒီနေရာနဲ့ ရင်းနှီးနေပြီးလျှင် ဦးချိုကလည်း ထက်ရှလွန်းနေလို့သာ။ သိပ်မကြာလိုက်ခင်ပဲ အပေါက်တစ်ခု ဖောက်လိုက်နိုင်ပြီး အဲဒီထဲကို တွားသွားဝင်သွားတယ်။ အဲဒီနောက် သူဖောက်ထွင်းတုန်းက ကျခဲ့တဲ့ ကျောက်ခဲကျောက်စတွေနဲ့ အပေါက်ဝကို ပြန်ပိတ်လိုက်တယ်။ အဲဒီအပေါက်က ပူနေတာကိုတောင် သူ့မှာဂရုမစိုက်နိုင်အားဘူး။
သူအပေါက်ထဲ တွားသွား ဝင်လိုက်တယ်ဆိုရင်ပဲ အနီရောင်အခိုးအငွေ့တွေဟာ ဂူထဲကတစ်ဟုန်ထိုး ထွက်လာကြတယ်။ ဂူတစ်ခုလုံး ပြည့်သွားတဲ့အချိန် ဥမင်လိုဏ်ခေါင်းကနေ တစ်ဆင့် တော်လည်းသံကြီး မြည်ဟည်းပြီး အပေါ်ကို တက်သွားတယ်။ စုမင်ဟာ အဲဒီအသံတွေကို သေသေချာချာကို ကြားလိုက်ရတယ်။
သွေးလွှမ်းလရဲ့အလင်းရောင်အောက်မှာ နက်မှောင်တောင်တန်း တွေရဲ့ တောင်အထွတ် အထိပ်ငါးခုဟာ မီးတောင်တွေလို ပေါက်ကွဲ ထွက်လာကြတယ်။ တော်လည်းသံကြီးတွေဟာ ကောင်းကင် ကိုတောင် တုန်လှုပ်သွားစေပြီး တောင်ထွတ်တွေကနေ အနီရောင်အခိုး အငွေ့တွေ ထွက်လာကြလေတယ်။
အဲဒီအနီရောင် အငွေ့တွေဟာ ဟိုးရှေးယခင်ထဲက တောင်ငါးခုထဲမှာ ရှိနေခဲ့ကြပုံပဲ။ တောင်ထဲကနေ ပေါက်ကွဲထွက်လာ ပြီးနောက်မှာ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားတယ်။ နဂါးနက်တောင်ရဲ့ အက်ကွဲကြောင်းတွေ ကနေလည်း အနီရောင် အခိုးအငွေ့တွေ ထွက်ပေါ် လာကြတယ်။ တချို့ဆို စုမင် နဂါးခံတွင်းရည် ရရှိနေတဲ့နေရာကနေ ထွက်လာတာ။ စုမင်သာ သတိထားကြည့်မယ် ဆိုရင် ဒီနှစ်တွေအတွင်းမှာ ဝူလုံ(ကင်းခြေများ)တွေ သူ့နောက်လိုက်တိုင်း ပလိပ်ရောဂါ ကပ်ဆိုးကြီးတစ်ခုလို ရှောင်ကွင်းသွားတဲ့ နေရာဟာ အဲဒီအခိုးအငွေ့တွေ အထူထပ်ဆုံးနေရာပဲ။
တခြားတောင်တွေမှာလည်း နဂါးနက်တောင်လို အလားတူဖြစ်ရပ်တွေ ဖြစ်ပေါ်နေကြတယ်။ အထူးသဖြင့် မဟူရာမီးတောင်မှာ ဖြစ်တယ်။ ၎င်းတောင်က ထွက်လာနေတဲ့ အခိုးအငွေ့တွေဟာ ကြောက်လန့်စရာပဲ။ အခိုးငွေ့တွေ တစ်နေရာလုံးကို ဖုံးလွှမ်းလိုက်တဲ့ အချိန်မှာ တဝီဝီအသံတွေ ကြားလာရတယ်။ အဲဒီ တဝီဝီအသံနဲ့အတူ ကြားရသူကို ချောက်ချားစေတဲ့ သေမင်းခေါ်သံလိုမျိုး .... တောင်ပံတွေ အများကြီးရဲ့တဖျတ်ဖျတ် ခတ်သံတွေ ပေါ်ထွက်လာခဲ့တယ်။
တောင်ထွတ်တွေကနေ အခိုးငွေ့တွေနဲ့အတူ အနီရောင် အရိပ်ကြီးတွေ ထွက်လာတာ ကိုလည်း စုမင်မြင်နေရတယ်။ စူးရှတဲ့ အော်မြည်သံတွေဟာလည်း ကောင်းကင်တစ်ခွင် ပဲ့တင်ထပ် ပျံ့လွင့်နေတယ်။ အနီရောင် အရိပ်တွေဟာ မျက်လုံးရဲရဲတစ်စုံနဲ့ အတောင်ပံ တစ်စုံရှိကြတဲ့ ထူးဆန်းတဲ့ သတ္တဝါကောင်တွေ ဖြစ်တယ်။ သူတို့ဟာ လက်ဖဝါးသာသာ အရွယ်အစားရှိပြီး ခြေလက်ခြောက်ချောင်း ရှိကြတယ်။ လူမျက်နှာတွေလည်း ပါရှိပြီး အဲဒီမျက်နှာမှာ ဒေါသတွေနဲ့ သွေးဆာမှုအရိပ်တွေနဲ့ ပြည့်နှက်နေတယ်။
သူတို့တွေဟာ လရဲ့ အတောင်ပံတွေ ဖြစ်ကြတယ်။
လရဲ့အတောင်ပံတွေဟာ ဆယ်ကနေ ထောင်ချီရှိတယ်။ ကောင်းကင်တစ်ခွင်လုံး ရဲရဲနီသွားတဲ့အထိ ကောင်းကင်ထက်မှာ နေရာယူ ဖုံးလွှမ်းလိုက်ကြတယ်၊၊
သူတို့မှာ အသိတရားဆိုတာမရှိဘူး။ သူတို့ဟာ ခါးသီးတဲ့ခံစားချက်တွေနဲ့ သွေးဆာလောင်မှုတွေနဲ့ လောင်စာမြှိုက်ခြင်း ခံထားရတယ်။ သူတို့ဟာ သတ်ဖြတ်ဖို့နဲ့ အဓိကအားဖြင့် မာန်မျိုးနွယ်ဝင်တွေရဲ့ လတ်ဆတ်တဲ့ သွေးကို သောက်သုံးဖို့ပဲ သိကြတယ်။ သူတို့ဟာ ရူးသွပ်မှုကို အဆုံးစွန်ထိ နှိုးဆွလိုက်ကြတယ်။ ယဇ်ကောင်တွေကို ပွဲတော်တည်မယ့်အစား မာန်မျိုးနွယ်ဝင်တွေဆီ တိုက်ရိုက် ချီတက်လိုက်ကြတယ်။
နက်မှောင်တောင်ထဲမှာ အားလုံး အုတ်အော်သောင်းတင်းပဲ။ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြတဲ့ အသံတွေ လေထုထဲမှာ ပဲ့တင်ထပ်သွားတယ်။ ဘေးနားမှာရှိတဲ့ ပေလင်း လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ ချန်းရှင်းမျက်နှာဟာ ဖြူရော်နေတယ်။ ပေလင်း မျက်နှာလည်း ထိုနည်းလည်းကောင်းပဲ။
လေ့ချန်ဟာ လာမယ့်ဘေး ပြေးတွေ့မယ့်ဟန်နဲ့ စိတ်ဆိုးမာန်ဆိုး ရပ်နေတယ်။ သူ စုမင်ကို ရှာချင်ပေမဲ့ ကျေးရွာထဲမှာ ရှိနေတဲ့လူတွေကြား စုမင်ကို မတွေ့ဘူး။ သူငယ်ချင်း လုပ်သူအတွက် သူစိုးရိမ်နေခဲ့ပေမဲ့ ကောင်းကင်က မြင်ကွင်းကို အာရုံ ပြန်ရောက်သွားတယ်။
ကြောက်လန့်တကြား ဖြစ်နေတဲ့ သာမန်မျိုးနွယ်ဝင်တွေကို မာန်စွမ်းအားရှင်တွေက ထိန်းသိမ်းလိုက်တယ်။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးဟာ သစ်သား စင်မြင့်ထက်မှာရပ်ပြီး ကောင်းကင်ကို မော့ကြည့်နေသူကိုပဲ ကြည့်နေလိုက်ကြတော့တယ်။
အကြီးအကဲရဲ့ မျက်နှာလည်း ဖြူရော်နေပေမဲ့ သူတို့ မီးရောင်ကြောင့် မမြင်ရဘူး။ ၎င်းရဲ့ မျက်လုံး သူငယ်အိမ်တွေ ကျုံ့သွားတယ်။ အဝေးကြီးကနေ လာနေတဲ့ အနီရောင် အခိုးအငွေ့တွေနဲ့ ဒေါသတကြီး အော်မြည်နေသံတွေကို ကြားလိုက်ရတယ်။
“ဘယ်လိုဖြစ်နိုင်မှာလဲ ... သွေးလွှမ်းလဟာ စောပြီး ပေါ်ထွက်လာခဲ့သလို လရဲ့ အတောင်ပံ တွေလည်း ပိုပြီး တိုးပွားလာပါလား။ အရင်တစ်ခေါက် တုန်းက ထောင်ဂဏန်းလောက်ပဲ ရှိခဲ့တာကို ....”
၎င်းဟာ အသက်ပြင်းပြင်း ရှူသွင်းလို့ တွေဝေခြင်း ကင်းစွာ အော်လိုက်တယ်။
“သာမန်မျိုးနွယ်စုဝင်တွေ… ပုန်းကြ … မာန်စွမ်းအားရှင်တွေ ... သိုလှောင်ထားတဲ့ အသားတွေမှန်သမျှထုတ်… ရင်ခွဲပြီး ငါ့အမိန့်ကိုစောင့်ကြ”
အကြီးအကဲရဲ့ ကိုယ်ခန္ဓာဟာ တစ်ချက်တုန်ယင်သွားတယ်။ သူဟာ သူ့မျိုးနွယ်စုဝင်တွေကို ကြည့်ပြီး မျက်လုံးတွေကို စေ့ပိတ်လိုက်တယ်။
နဂါးနက်တောင်မှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်နေတယ်။ အကြီးအကဲရဲ့ အမိန့်ကိုကြားပြီး မှာတော့ ပိုင်လင်းနဲ့ မျိုးနွယ်စုဝင်တွေရဲ့မျက်လုံးတွေထဲက အကြောက်တရားဟာ ပိုတိုးပွားလာတယ်။
ပိုင်လင်းဟာ လွန်ခဲ့တဲ့ ကိုးနှစ်က ဖြစ်ခဲ့တာတွေကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။ အဲဒီတုန်းက ပိုင်လင်းကလေးပဲ ရှိသေးတယ်၊ သူမရှေ့မှာတင် သူမရဲ့ ကစားဖော်ကို များပြားလှတဲ့ လရဲ့အတောင်ပံတွေ သုတ်ချီသွားတာကို မြင်ခဲ့ရတယ်။ သူဟာ ငိုရင်း အော်ရင်းနဲ့ ပျောက်ကွယ်သွားတယ်။ နက်မှောင် တောင်တန်းတွေဆီ ဆွဲခေါ်သွားခံရတာနဲ့ သူ့ကို နာကျင်စွာညှဉ်းသတ်မယ့် သေခြင်းတရားကပဲစောင့်လို့နေခဲ့တယ်၊ အနီရောင် အခိုးအငွေ့တွေက ဖုံးလွှမ်းလိုက်တာကြောင့် သွေးလွှမ်းတာဟာ ခပ်ရေးရေး အရိပ်လေးပဲ ထင်နေတော့တယ်။ သို့ပေမဲ့ အဲဒီ အငွေ့တွေကြားကနေ တဝီဝီနဲ့ ပျံသန်းလာတဲ့အရိပ်တွေဟာ ပိုလို့နီးကပ်လာတယ်။ လရဲ့အတောင်ပံ အုပ်စုကြီးဟာ အဖွဲ့သုံးဖွဲ့ခွဲလို့ အနီးအနားက မျိုးနွယ်စုသုံးခုဆီ ဖြန့်ကြက် ထွက်သွားကြတယ်။
နက်မှောင်တောင်မျိုးနွယ်စုမှာ အကြီးအကဲဟာ ကောင်းကင်ကို စိုက်ကြည့်နေတယ်။ လရဲ့ အတောင်ပံတွေ ထွက်ပေါ်လာတာနဲ့ သူ့လက်ထဲက အရိုးနက်တောင်ဝှေးကို လွှဲယမ်း လိုက်တယ်။ သူ့အောက်ဘက် ကနေ မီးလွှာပြင် တစ်ခုပေါ်လာပြီး မျိုးနွယ်စုကို သိုင်းခြုံလိုက်ပေမဲ့ မျိုးနွယ်စုရဲ့ အိမ်တစ်အိမ်ကို သော်မျှ လောင်ကျွမ်းခြင်း မရှိဘူး။ မျိုးနွယ်စုကို အစစ်အမှန် မဟုတ်တဲ့ပုံရိပ်ယောင်တွေက လွှမ်းခြုံထားတယ်လို့ထင်ရတယ်။
“အသားတွေကိုပစ်လိုက်”
အကြီးအကဲက ရင်ခေါင်းသံနဲ့ အော်လိုက်တယ်။ ချက်ချင်း ဆိုသလိုပဲ ထိတ်လန့်နေကြတဲ့ မာန်စွမ်းအားရှင်တွေဟာ သွေးစိမ်းရှင်ရှင် ထွက်နေတဲ့ အကောင်သေတွေကို ကောင်းကင်ဆီ ပစ်တင်လိုက်ကြတော့တယ်။
***