ကောင်းကင်ငိုပွဲ
Vol. 2 Ch. 28
နက်မှောင်တောင် အကြီးအကဲ မာန်သွင်း အော်ဟစ်လိုက်သည့် အခိုက် အနီရောင် မြူခိုးမြူမှုန်များမှာ ပျံ့နှံ့သွားပြီး ကောင်းကင်ပေါ် သွေးလွှမ်းလကို ဖုံးအုပ်ပစ်လိုက်လေ၏။ များပြားလှသည့် လ၏အတောင်ပံများမှာ စူးစူးဝါးဝါး အော်မြည်ရင်း အခိုးအငွေ့ကြားမှ နက်မှောင်တောင်ထက်ရှိ ကောင်းကင်တစ်ခွင်လုံး ဖြန့်ကြက် နေရာယူလိုက်ကြ၏။ တခြား အသံများအားလုံး စူးရှလှသည့် အော်မြည်သံများအောက် နစ်မြုပ်သွားကြရ၏။ ယခုညတွင် သွေးပျက်ဖွယ် အော်မြည်သံများသာ ကြားနေရတော့၏။
သွေးများဖြင့် ရွှဲနစ်နေသော သတ္တဝါကောင်ငယ်လေး ဒါဇင်ခန့်ကို မာန်စွမ်းအားရှင်များက လေထဲသို့ မြှောက် တင်လိုက်ကြ၏။ အကောင်ငယ်လေးများ မြေပေါ်ပြန်မကျခင် သွေးတိမ်စိုင်များကဲ့သို့ စုဖွဲ့နေသည့် လအတောင်ပံများ၏ သုတ်ချီခြင်းကို ခံလိုက်ကြရသည်။ အော်သံများကြား အကောင်ငယ်လေးတို့၏ ခန္ဓာကိုယ်များမှာ လ၏ အတောင်ပံများကြား ပျောက်ကွယ်သွားကြသည်။ အသားစိုင်တို့အား ချွန်မြနေသည့် လက်သည်းကြီးများဖြင့် ကုတ်ခြစ်ထိုးခွဲခံလိုက်ရသည့် အကောင်ငယ်လေးများမှာ အသွေးအသားများ ခြောက်ခန်းပြီး ချက်ချင်း အသေကောင်များ ဖြစ်သွားကြတော့၏။ ၎င်းတို့၏သွေးနှင့် အသက်ကို လ၏အတောင်ပံများက ကိုက်စားဝါးမျိုလိုက်ပြီ ဖြစ်သည်။ အရိုးနှင့် အရေသာ ကျန်ရစ်တော့သည်။ အကောင်ငယ်လေးများမှာ မြေပြင်ပေါ် ပြန်ပြုတ်ကျလာပြီး တစ်ချက်နှစ်ချက် အကြောဆွဲ၍ သေဆုံးကုန်ကြလေသည်။
တချို့သောလ၏ အတောင်ပံများမှာ အကောင်လေးများကို လုံးဝဂရုမစိုက်ဘဲ လေထဲတွင် ပုတ်ထုတ်လိုက်ကြ၏။ ၎င်းတို့က မျိုးနွယ်စုဝင်များထံ အရှိန်နှင့် တည့်တည့်ကြီး ထိုးဆင်းလာကြ၏။ ၎င်းတို့၏မျက်လုံးများထဲ ရက်စက်မှုများနှင့် သွေးဆာမှုများ ပြည့်နှက်နေသည်။ ၎င်းတို့၏ ပစ်မှတ်မှာ မျိုးနွယ်စုဝင်များသာ ဖြစ်ကြ၏။
အော်သံ၊ ငိုသံနှင့် ကြုံးဝါးသံများ ရောယှက်နေတော့သည်။ ထူးဆန်းသောညသည် လအတောင်ပံများ၏ အသံတဝီဝီနှင့် ပြည့်လျှံနေတော့၏။
မီးလွှာပြင်သည် မျိုးနွယ်စုတစ်ခုလုံးအား ခိုင်မာလှသည့် အဆီးအတားတစ်ခု သဖွယ် ကာကွယ်ပေးထားသည်။ ချဉ်းကပ်လာသည့် လ၏ အတောင်ပံများမှာ အော်သံများနှင့် နောက်ပြန်ဆုတ်သွားကြရ၏။ ကြည့်ရသည်က မီးလွှာပြင်သည် မျိုးနွယ်စုတို့၏ မည်သည့်အိမ်ကိုမှ လောင်မီးမကျစေဘဲ လ၏အတောင်ပံများကိုသာ ထိခိုက်မှုကြီးကြီးမားမား ဖြစ်ခဲ့ပုံပေါ်သည်။
“နောက်တစ်ခေါက်”
အကြီးအကဲက မီးလွှာပြင်ကြား မတ်တတ်ရပ်ရင်း ကောင်းကင်အား စိုးရိမ်စွာ ကြည့်လိုက်၏။
ချက်ချင်းပင် မျိုးနွယ်ဝင်များက အရေအတွက်ပိုများသည့် အကောင်ငယ်လေးများကို ကြောက်နေသည့်ကြားမှ ပစ်တင်ပေးလိုက်ကြ၏။ ရူးသွပ်နေသည့် လ၏ အတောင်ပံများဆီ ယဇ်ကောင်များအား ပူဇော်ပသနေသည်နှင့်ပင် တူနေတော့၏။
အချိန်များ ကုန်လွန်လာ၏။ ဆောင်းခိုရန် သိုလှောင်ထားသည့် သားကောင်မှန်သမျှ လ၏ အတောင်ပံများအတွက် ပွဲတော်တည်စရာ ဖြစ်လာပြီးလျှင် မံမီအလောင်းကောင်များကဲ့သို့ မြေပြင်ပေါ် ပြန်ကျလာ၏။ သွေးဆာလောင်မှုကြောင့် ဖြစ်ပေါ်နေသော ဒေါသစိတ်၏ မောင်းနှင်မှုအောက် ၎င်းတို့မှာ အောက်အထိ ထိုးဆင်းလာကြသည်။ မီးလွှာပြင်အား ဖောက်ပြီး မျိုးနွယ်စု၏ မာန်စွမ်းအားရှင်များအား သွေးနှင့်ပွဲတော်တည်ရန် ကြိုးစားအားထုတ် နေသည်နှင့်ပင် တူတော့၏။
အကြီးအကဲက ညာလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ မီးလွှာပြင်မှာ ကြီးမားလှသည့် ရေဝဲကြီးတစ်ခုသဏ္ဌာန် ပြောင်းလဲသွားပြီး ကောင်းကင်ထက် ပျံ့နှံ့သွား၏။ ၎င်းတကိုယ်တည်း လ၏အတောင်ပံများကို ဆန့်ကျင်ခုခံနေသည်။ တစ်ချိန်တည်းတွင် လ၏အတောင်ပံများအား တိုက်ခိုက်နေသည့် မျိုးနွယ်ဝင်တို့၏ မြားများမှာ တစ်စင်းပြီးတစ်စင်း မီးလွှာပြင်ထဲမှ ကောင်းကင်ပေါ်သို့ ဖောက်ထွက်ရောက်ရှိလာကြတော့၏။
ထာဝရရှင်သန်သူဖြစ်သည့် လ၏အတောင်ပံများအတွက် ယခုဒဏ်ရာလောက်မှာ ပြောပခြင်း မရှိချေ။ ၎င်းတို့၏ အတောင်ပံခတ်သံများနှင့် စူးရှသည့် အော်မြည်သံများကြောင့် မျိုးနွယ်ဝင်များသာ ကြောက်စိတ်မွှန်စေတော့၏။
သိပ်မကြာခင် တချို့သော လ၏အတောင်ပံများမှာ မျိုးနွယ်စုထဲသို့ ဖောက်ဝင်လာနိုင်သည့် အတွက် မျိုးနွယ်စုအတွင်း ကသောင်းကနင်း ဖြစ်ကုန်ကြတော့၏။
နဂါးနက်တောင်တွင်လည်း အလားတူ ဖြစ်ပေါ်နေသည်။
သို့သော် မဟူရာတောင်တွင် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ ၎င်းတို့မှာ မြေပြင်ပေါ် ပြားပြားဝပ်လဲလျောင်းနေကြပြီး မထတော့ပေ။ ကောင်းကင်ထက်သို့ အကြီးအကဲ ပိထူက လက်မောင်းများကို ဆန့်တန်းထားသည်။ သူ့မျက်နှာမှာ တစ်ယူသန်တက်ကြွမှုများနှင့် အရူးတစ်ယောက်ပမာ ကောင်းကင်အား စိုက်ကြည့်လျက် မန္တာန် စတင် ရွတ်ဆိုလေတော့၏။
လ၏အတောင်ပံ အမြောက်အမြားမှာ သူ့ဘေးတွင် စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်ပျံသန်း နေသည်။ ၎င်းတို့ရဲ့သွားစွယ်များက သူ့အသားထဲ နစ်ဝင်နေပြီး သူ့သွေးတို့အား သုံးဆောင်နေ ကြ၏။
သို့သော် ပိထူမှာ နာကျင်မှုကို မခံစားရသလိုပင်။ နာကျင်မှုအစား သူ့မျက်နှာ ပေါ်မှ စိတ်လွတ်လက်လွတ်တက်ကြွနေမှုသာ ပို၍ ကြီးထွားလာနေ၏။ သွေးဆုံးရှုံးမှုကြောင့် သူ့မျက်နှာမှာ ဖြူရော်လာသော်လည်း ထူးဆန်းသည့် မန္တာန်ရွတ်ဆိုမှုက ပို၍ပင် ကျယ်လောင်လာလေသည်။
“ကျုပ်ရဲ့ သွေးတွေနဲ့ ယဇ်ပူဇော်ပါတယ်။ ရှေးဟောင်း မီးမာန်မျိုးနွယ်စု အသင်တို့ဟာ ထာဝရရှင်သန်တဲ့ အဖြစ်ကို ရရှိပြီး လရဲ့အတောင်ပံတွေအဖြစ် ပြောင်းလဲသွားကြတယ်။ အသင်တို့က မာန်သွေးတွေနဲ့ ပွဲတော်တည်ကြတယ်။ ကျုပ်လည်းပဲ ကျုပ်ရဲ့ သွေးကြောထဲကို မီးမာန်မျိုး နွယ်စုရဲ့ သွေးတွေ ပြန်ယူပါမယ်”
“တိဟယ် ...ဟုန်တလုံ”
ပိထူက ကောင်းကင်ကို မျက်နှာချင်းဆိုင်၍ အော်ဟစ်လိုက်စဉ် ချက်ချင်း သူ့ခန္ဓာကိုယ်မှ အနက်ရောင် အလင်းများ ဖြာထွက်လာတော့၏။ သူ့ခန္ဓာကိုယ်မှ အနက်ရောင်အလင်း ဖြန့်ကြက် လိုက်သည်နှင့် ကိုယ်ပေါ်စုပ်တွယ်နေသည့် လ၏အတောင်ပံများမှာ အော်ဟစ်လိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး မျက်လုံးမှ အလင်းမှာ မှိန်ဖျော့သွားတော့သည်။ ခဏတာ အတွင်း ၎င်းတို့မှာ ပိထူ ကိုယ်ပေါ်မှ အသက်ကုန်သွားဟန်နှင့် တဖြုတ်ဖြုတ် ပြုတ်ကျလာကြ၏။
ထိုအခြင်းအရာကြောင့် လ၏အတောင်ပံများမှာ ပို၍ ရိုင်းစိုင်းလာကြလေသည်။
ထိုအတိုင်း ထပ်ခါထပ်ခါ ဖြစ်ပေါ်နေ၏။ လအတောင်ပံတို့၏ သွေးအမြောက်အမြားသည် ပိထူ၏ စုပ်ယူခြင်းကို ခံကြရ၏။ ၎င်း၏ ခန္ဓာကိုယ်မှာ ထိတ်လန့်စရာ ကောင်းလောက်အောင် ဖောင်းကားလာပြီး အားကောင်းပြင်းထန်လှသည့် ချီစွမ်းအင်များက သူ့ကိုယ်မှ ဟုန်းခနဲ ထွက်ပေါ်လာလေတော့သည်။
ချီ၏ တည်ရှိမှုကို အာရုံခံမိသည်နှင့် အနားတွင် ရစ်ဝဲနေကြသော လ၏ အတောင်ပံများမှာ အော်ဟစ်လှုပ်ရှားသွားကြ၏။ ထို့နောက် နက်မှောင်တောင်နှင့် နဂါးနက်တောင်တလျှောက် ရှိနေသည့် လ၏ အတောင်ပံများသည် လမ်းကြောင်း ပြောင်း၍ မဟူရာတောင်ဆီ ဦးတည်လာကြတော့သည်။
မဟူရာတောင်နှင့် မနီးမဝေး တစ်နေရာတွင် အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် မတ်တတ်ရပ်နေ၏။ အနက်ရောင်ဝတ်စုံကြောင့် မြေပေါ်ဝပ်နေကြသည့် လူတွေကြား ထင်ပေါ်လျက် ရှိသည်။ ဝတ်ထားသည့် အနက်ရောင်ဝတ်ရုံမှာ သာမန်မျိုးနွယ်စု အငယ်များတွင် တွေ့ရလေ့ရှိသည့် ဝတ်စုံမျိုး မဟုတ်ပေ။ ၎င်းက လေထဲမှ မဟူရာတောင် အကြီးအကဲအား ကြည့်ရင်း ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။
“မီးမာန်မျိုးနွယ်တွေကနေ ဖြစ်လာတဲ့လရဲ့ အတောင်ပံတွေကို ဆင့်ခေါ်ဖို့ မရှိမဖြစ် လိုအပ်တဲ့လကျောက်တုံးကို ငါမင်းကို ပေးခဲ့တယ်။ ဆင့်ခေါ်တဲ့နည်းလမ်းကိုလည်း သင်ပေးခဲ့တယ်။ ဉာဏ်အလင်းပေါက်အဆင့်ကို ရောက်ရှိနိုင်ဖို့ အမြန်ဆုံး နည်းလမ်း ကိုလည်း ပြောပြခဲ့တယ်။ မင်းရဲ့အောင်မြင်မှုကအခုမင်းအပေါ်မှာမူတည်နေပြီ”
အပြင်တွင် ကမ္ဘာပျက်တော့မတတ် ဆူညံနေသော်လည်း စုမင်ကတော့ ဘေးကင်းလျက် ရှိသည်။ ပိတ်ထားသည့် ကျောက်များကို ဖယ်ထုတ်ပြီး အပြင်ထွက်လာခဲ့၏။ အထဲမှ အပူဒဏ်ကြောင့် သူ့အရေပြားပေါ်တွင် အပူဖုလေးများပင် ထလို့နေ၏။ ရင်တွေတအား တုန်နေရင်း နှုတ်ခမ်းများလည်း ခြောက်သွေ့အက်ကွဲ၍ နေလေပြီ။
“ဒီနေရာက.... ဒီနေရာက လရဲ့ အတောင်ပံတွေ စတည်းချတဲ့နေရာ ဆိုတာ ယုံတောင် မယုံနိုင်ဘူး”
စုမင်က လ၏အတောင်ပံများ စထွက်လာရာ နေရာကို ကြည့်နေမိသည်။ ငယ်ငယ်ကတည်းက လ၏အတောင်ပံများနှင့် ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်များကို နားထောင်ခဲ့ရသောကြောင့် အဘယ်မျှအထိ ကြောက်စရာကောင်းမှန်း သူ ကောင်းကောင်း သိသည်။ ၎င်းတို့သည် ထာဝရရှင်သန်သူနီးပါးဖြစ်တယ် ဆိုသည့် ပုံပြင်ကြားတိုင်း အကြောက်တရားများနှင့် မျက်မှောင်ကြုတ်မိစမြဲ။
ခဏတာ တိတ်ဆိတ်နေပြီးနောက် စုမင် ဂူထဲမှ တွားသွားထွက်လာလိုက်၏။ ထွက်ပေါက်သို့ရောက်သည်နှင့် အရင်ဆုံး ခေါင်းပြူကြည့်မိသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩသွားလေသည်။ ကောင်းကင်တစ်ခွင်လုံး မရေမတွက်နိုင်အောင် များပြားလှသည့် လ၏အတောင်ပံများ စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်နေလေ၏၊ ၎င်းတို့၏ အော်မြည်သံမှာ တတောတတောင်လုံး ပဲ့တင်ထပ်နေသည်။
စုမင် ချက်ချင်း ဂူထဲပြန်ဝင်လိုက်၏။
“မျိုးနွယ်စုမှာဘာတွေဖြစ်နေပြီလဲမသိပါဘူး။ ငါအခုပြန်လို့ မဖြစ်ဘူး။ အခုနေ ထွက်သွား ရင် လရဲ့အတောင်ပံတွေကို ငါ့ကိုသေချာပေါက် ရှာတွေ့မှာပဲ”
စုမင် မျက်မှောင်ကြုတ်၏။ သူလည်း မျိုးနွယ်စုအတွက် စိုးရိမ်ပူပန်နေမိသည်။
သို့သော်လည်း သူလုပ်နိုင်တာ ဘာမှမှမရှိ။ လ၏အတောင်ပံများ ပေါ်ထွက်လာသည့် ဂူထဲက နေရာကို ကြည့်မိလိုက်၏။ သူ့မျက်ဝန်းများ လင်းလက်သွားလေသည်။
“လရဲ့ အတောင်ပံတွေ အရင်တစ်ခေါက်ထက် သိသိသာသာကြီး ပိုများလာတာပဲ။ ဒါဆိုရင် ဂူရဲ့ အတွင်းပိုင်းမှာ လောလောဆယ် ဘာမှမရှိလောက်ဘူး ဖြစ်နေနိုင်တယ်”
စုမင်က ရှေ့ဆက် လျှောက်မသွားခင် အနည်းငယ် တွေဝေနေသေးသည်။ သူနိုင်စီး ငြိမ်းသတ်ခြင်း လုပ်သည့်နေရာကို ကျော်လာပြီး ဂူ၏အတွင်းကျဆုံးအပိုင်းကို လေ့လာပြီးနောက် ဆုံးဖြတ်ချက် ချလိုက်လေသည်။
“ဒီနေရာမှာ လရဲ့အတောင်ပံတွေ ဘာလို့ဒီလောက် အကြာကြီး နေနိုင်ကြလဲ ဆိုတာကိုသိရရင်လည်း သိရမှာပေါ့။ သူတို့ လျှို့ဝှက်ချက်လေး ဘာလေး ရှာတွေ့ရင် အကြီးအကဲကို ပြန်ပြောပြနိုင်မယ်။ ဒါသူ့အတွက် အကူအညီဖြစ်ကောင်းပါရဲ့”
ထို့နောက် ယခင်က မသွားဖူးခဲ့သည့် ဂူ၏နက်ရှိုင်းလှသည့် အတွင်းပိုင်းထဲထိ ဝင်သွားလေတော့သည်။
ထူးဆန်းသည်။ ဂူမှာ အမြဲလိုလို ပူနေတတ်သည်။ အပူလှိုင်းများ သူ့ကို ဖြတ်သွားသည်ကိုပင် ခံစားမိရသည့် အချိန်များ ရှိသည်။ သို့သော် ဂူအတွင်းထဲ ရောက်လေလေ၊ မပူတော့လေ ဖြစ်သည်။ ထိုအစား ဂူထဲမှာ အေးသလိုပင် ခံစားလာရ၏။
စုမင် အတွင်းပိုင်းထဲ ဆက်လျှောက်သွားသည့်အချိန် နက်မှောင်တောင်တန်းရှိ မျိုးနွယ်စု သုံးခုအလည်တွင် တော်လဲသံကြီးများ ထပ်မံထွက်ပေါ်လာပြန်သည်။
မြောက်မြားလှစွာသော လ၏အတောင်ပံများသည် နက်မှောင်တောင် မျိုးနွယ်စုအား ကာကွယ်ပေးထားသည့် မီးလွှာပြင်ကို ထိုးဖောက်ဝင်ရောက်နေကြပြီ ဖြစ်၏။ ၎င်းတို့သည် မျိုးနွယ်ဝင်များထံ တည့်တည့်ထိုးဆင်း၍ တိုက်ခိုက်နေကြ၏။ အနောက်တွင် ရပ်နေသော ချန်းရှင်းကို ကာကွယ်ပေးရင်း ပေလင်း၏ မျက်လုံးများမှာ ပို၍ အသက်မဲ့ပြီး အေးစက်လာသည်။ သူ့လက်ဖဝါးမှ အအေးလှိုင်း ထွက်ပေါ်လာပြီး ဘေးနား ပတ်လည်တွင် ရေခဲပန်းဆွဲများ ဖြစ်ပေါ်လာလေ၏။
သူ့ကိုယ်ပေါ်တွင် ဒဏ်ရာတွေအများအပြား ရထားသလို သွေးကလည်း ဒလဟော ထွက်နေသည်။ ရုတ်တရက် သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အဝေးတစ်နေရာမှ အရာတစ်ခုကို အာရုံစိုက်လိုက်၏။ တွေဝေတုံ့ဆိုင်းမနေဘဲ ကျောထက်မှ လေးအား ညာလက်နှင့် ယူလိုက်၏။
ပေလင်း မြားကိုကိုင်လိုက်သည်နှင့် ပြင်းပြတဲ့သတ်ဖြတ်လိုစိတ်များ ဆောင့်တက်လာသည်။ လေးကိုင်းကို ဘယ်လက်နှင့် ဆွဲလိုက်စဉ် မြားထိပ်က ဝင်းလက်သွား၏။ ချက်ချင်း အနားတွင်ရှိနေသော နှင်းများမှာ မြားထိပ်တွင် လာရောက်စုစည်းကြပြီး ရေခဲမြားသဏ္ဍာန် ဖြစ်သွား၏။ သူက ရေခဲမြားနှင့် ကြည့်နေသည့်အရာကို ပစ်ချလိုက်သည်။
အဝေးတစ်နေရာတွင် လေ့ချန်မှာ သွေးဆာနေသည့် ကောင်များနှင့် ရင်ဆိုင်နေရ၏။ သူ့ကိုယ်ပေါ်တွင် လ၏အတောင်ပံ အများကြီး ကပ်နေသော်လည်း သူဂရုမစိုက်နိုင်အားသေး။ ဒေါသထွက်လွန်း၍ စိတ်ပေါက်ပေါက်နှင့် တစ်ကောင်ကို ဆွဲယူပြီး ကိုက်ဖို့လုပ်တော့၏။
“မင်းက ငါ့သွေးသောက်ချင်တယ်ပေါ့ ရတယ်လေ။ ငါလည်း မင်းတို့သွေး ပြန်သောက် မယ်ကွာ”
သူဖမ်းဆုပ်ထားသည့် တစ်ကောင်ကိုကိုက်တော့မည့်ဆဲဆဲတွက် သူ့ထံသို့ နောက်ထပ် အကောင် အများကြီး ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။ ယခုလက်ရှိအခြေ အနေနှင့် ထိုကောင်များကို ပြန်တိုက်နိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက် အေးစက်စက် လေတစ်ဝှေ့ သူ့ဆီ ရောက်ရှိလာသလို ခံစားလိုက်ရ၏။ လေအေးအေး ပေါ်လာသည်နှင့် နှင်းခဲများ တွယ်ကပ်နေသည့် မြားတစ်စင်းမှာ သူ့ကိုယ်အား ရွှီးခနဲ လာရောက်ထိမှန်ပြီး ပေါက်ကွဲသွားလေတော့၏။ ထိုအခြင်းအရာကြောင့် လေ့ချန် ကိုယ်ပေါ်မှ လ၏အတောင်ပံများ အားလုံး ပြုတ်ကျသွားပြီး သူ့ကို လက်မတင်လေး ကယ်တင်ပေးလိုက်နိုင်ခဲ့လေသည်။
လေ့ချန်အံ့အားသင့်သွား၏။ လေးမြားကို အေးစက်စက် အမူအရာနှင့် ပြန်ချလိုက်သည့် ပေလင်းကို သူလှည့်ကြည့်သည်။ ဖော်မပြတတ်သော အရိပ်အငွေ့ တချို့ လေ့ချန်မျက်နှာထက် ဖြတ်ပြေးသွားလေ၏။
မျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်များမှာ လှိုင်းလုံးများပမာ ထွက်ပေါ်နေ၏။ လှံတံကို ဝှေ့ယမ်းပြီး လေထုထဲ ချီ အားကုန်နှင့် ရိုက်ချနေသည့်အတွက် လ၏အတောင်ပံများ အုပ်စုကွဲသွားပြီး အော်သံများ ပဲ့တင်ထပ်ကုန်တော့၏။
သို့သော် အောက်ခြေ ဆင်းလာသည့် လ၏အတောင်ပံမှာ များပြားလွန်းလှ၏။ ထို့ကြောင့် သာမန်မျိုးနွယ်ဝင် တချို့ အဖမ်းခံရနီးပါး ဖြစ်နေသည်။
ထိုအခိုက်အတန့်၌ အကြီးအကဲက လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ ရိုးတံနက် တောင်ဝှေးအား လွှဲယမ်းလိုက်ချိန် မျိုးနွယ်စုတစ်ခုလုံး တုန်ခါသွားလေ၏။ မာန်နတ်ဘုရားရုပ်တု ပုံရိပ်ယောင်များ လေထဲတွင် ပေါ်လာ၏။ ရုပ်တုများမှာ အသက်ဝင်နေသည့်ပမာ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေ၏။
အချိန်ကြာလာသည်နှင့်အမျှ သွေးလွှမ်းလမှာ ကောင်းကင်မှ ဆင်းသက်တော့မည့် အလား မြေကြီးနှင့် ပိုမိုနီးကပ်လာသလို တိုက်ပွဲကလည်း ပိုမိုပြင်းထန်လာသည်။ တိုက်ပွဲပြီးဆုံးခါနီး လ၏အတောင်ပံများမှာ မျိုးနွယ်စုဝင်တချို့ကို သွေးသောက်ရမည့်အစား အရှင်ဖမ်းဆီး သွားကြလေ၏။ ၎င်းတို့နေရပ်ကို ခေါ်သွားပြီး ရှိရှိသမျှ သွေးအကုန် စုပ်ယူပစ်မည့်ပုံပင်။
အလင်းက ကောင်းကင်တစ်ခွင်လုံး ဖြန့်ကြက်သွားပြီး စူးရှသည့် အော်သံကြီးမှာ နဂါးနက်တောင်ရဲ့ လေထုထဲ ပျံ့နှံ့နေ၏။ လ၏အတောင်ပံများကြား အဖြူရောင် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ မျိုးနွယ်ဝင်များနှင့်အတူ လ၏အတောင်ပံများ ဖမ်းထားခြင်းကို ခံနေရသည့်အတွက် သူမရဲ့မျက်နှာလေးမှာ ဖြူဖျော့နေပြီး မျှော်လင့်ချက်မဲ့နေ၏။ ၎င်းတို့အားလုံး မဟူရာတောင်ဆီ ပျံသန်းသွားကြလေသည်။
သူတို့နောက်မှာတော့ ဖျင်ထည်ကြမ်း ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစ်ယောက်က အင်တိုက် အားတိုက် လိုက်လာနေခဲ့တယ်။
ကြောက်လန့်တကြား အော်ဟစ်ငိုယိုသံများ နဂါးနက်တောင်နှင့် ဝေးသွားသည့်အခါ အမျိုးသမီး၏ မျက်ဝန်းများမှာ ရဲရဲနီလာပြီး မကြာခင် မျှော်လင့်ချက်မဲ့သည့် အရိပ်အငွေ့များ ထင်ဟပ်လာလေသည်။ မျိုးနွယ်ဝင်များကလည်း အဖမ်းခံရသူများကို လိုက်လံ မကယ်ဆယ်ဘဲ ကျန်နေခဲ့သည့် မျိုးနွယ်စုကို ကာကွယ်ရန် ရွေးချယ်လိုက်ကြ၏။
ထိုအပြုအမူကို မြင်သည့်အခါ အဖြူရောင် မိန်းကလေး၏ မျက်ဝန်းထဲမှ မျက်ရည်များ အလိုလို ကျလာလေသည်။
ကျလာသည့် မျက်ရည်စက်များမှာ ဘယ်သူမှ သတိမထားမိဘဲ ပျောက်ဆုံးသွားသည်။
နေ့အချိန်ရောက်၍ သွေးလွှမ်းလလည်း ကွယ်ပျောက်ခဲ့ပြီ။ လ၏ အတောင်ပံများလည်း ကျယ်လောင်လှသော အော်မြည်သံများ ပြုလျက် နေရာအရပ်ရပ်ဆီမှ နက်မှောင်တောင်ထံ ပြန်လည် ဦးတည်ပျံသန်းလာခဲ့ကြ၏။ တချို့အတောင်ပံများက အဖြူရောင် မိန်းကလေးအား မဟူရာမီးတောင်ဆီ ခေါ်ဆောင်လာခဲ့ကြသည်။ ထို့နောက် အက်ကွဲကြောင်းများမှတဆင့် တောင်ထဲသို့ ဝင်သွားကြလေ၏
***
စာစဉ်(၂) ပြီး၏။