နှုတ်ဆက်ပါတယ်
Vol. 86-89 Ch. 1281
“မင်းတို့က အများကြီး ပိုကံကောင်းတယ်”
ယဲ့ဖန်က ကျန်ခေါင်းဆောင်များကို ကြည့်လိုက်သည်။
“အနည်းဆုံးတော့ မင်းတို့ ငရဲမှာ ဒုက္ခခံစရာ မလိုဘူးပေါ့”
ထိုခေါင်းဆောင်များသည် အလွန် ကြောက်လန့်နေသောကြောင့် ဘာမှမပြောနိုင်ဘဲ မျက်နှာများ ပြာနှမ်းနေ၏။ လူတစ်ယောက်က ငရဲကို ဆင့်ခေါ်နိုင်ခြင်းက မည်မျှ အံ့ဩစရာ ကောင်းလိုက်သနည်း။ သူတို့ အလွန် ကြောက်လန့်နေသောကြောင့် မျက်နှာများတွင် သွေးမရှိသလို ဖြူရော်နေပြီး ယဲ့ဖန် ဘာပြောပြော မကြားတော့ချေ။
ယဲ့ဖန် လှောင်ရယ်လိုက်သည်။
“မင်းတို့ တကယ် ကံကောင်းတာ အနည်းဆုံးတော့ မင်းတို့ မနာကျင်ရဘဲ သေသွားတာပေါ့”
သူတို့သည် ကြောက်လန့်လွန်းနေသဖြင့် လက်ရှိ၌ ဓားဖြင့် အထိုးခံရလျင်တောင်မှ သူတို့ မည်သို့မှ တုံ့ပြန်နိုင်မည် မဟုတ်ပါ။
“ဒေါက် ဒေါက် ဒေါက်”
ယဲ့ဖန် သူတို့ထံ တစ်လှမ်းချင်း လှမ်းလာပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လူတစ်ယောက် ကိုယ်တွင်း ကလီစာများ ပျက်စီး၍ သေဆုံးသွားလေသည်။ အလောင်းများ တစ်လောင်းပြီး တစ်လောင်း လဲကျလာ၏။ ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး စုန့်ယွမ်ပေါင် ပြုံးလိုက်သည်။
“ဝူချီဖုန်း မင်းက ရှုကျိုးမှာ အသန်မာဆုံးဘုရင်အဖြစ် ကျော်ကြားတယ် မဟုတ်လား၊ တစ်နေ့ကျရင် ရှုကျိုးကို မင်းလက်နဲ့ အုပ်မိုးမယ်လို့ မပြောခဲ့ဘူးလား”
“ငါ မင်းကို မသတ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က မင်းကို သတ်နိုင်တယ်”
သူ မျှော်လင့်ချက်ကို တွေ့လိုက်ရသည်။ သူ သေဆံးခါနီးပြီ ဖြစ်သော်လည်း မကြာခင်အချိန်အတွင်း တမလွန်လမ်း၌ ဝူချီဖုန်းနှင့် ပြန်ဆုံနိုင်သည်ဟု ယုံကြည်ထားသည်။
သူ့မိသားစုတစ်ခုလုံးကို သတ်ခဲ့သော ထိုမျိုးမစစ်ကောင်။ သူ့လက်အောက်ငယ်သားများအားလုံးကို သတ်ပစ် ခဲ့သော ခွေးသူခိုး ဝူချီဖုန်း။
ယဲ့ဖန် ကျောက်မိသားစု အိမ်တော်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လူတစ်စုနှင့်အတူ ပြေးလာနေသော လီဝေ့ကို တွေ့လိုက်ရသည်။
ယဲ့ဖန် တံခါးဝ၌ ရပ်နေသည်ကို မြင်သောအခါ လီဝေ့က ရုတ်တရက် စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။
“နင် ထင်ရာမစိုင်းလို့ တော်သေးတယ်၊ နင် တစ်ယောက်တည်း ပြေးသွားပြီး သူတို့နဲ့ တိုက်ခိုက်မှာကို ငါ စိုးရိမ်နေတာ၊ ပြီးတော့ ကျောက်မိသားစုဆီမှာ အရမ်း ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ရှိနေတယ်လို့ ငါ ကြားခဲ့တယ်၊ အဲ့လူက ဘုရင်အဆင့်တဲ့၊ နင် သူနဲ့ ဆုံရင် လုံးဝ သေသွားလိမ့်မယ်”
ယဲ့ဖန် မတော်တဆမှုနှင့် ကြုံရလိမ့်မည်ကို သူမ စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမသည် အထောက်အကူရမည့် လူတစ်စုနှင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်လေသည်။
ယဲ့ဖန်က သူမကို တစ်ချက်ကြည့်၍ ဂရုမစိုက်သလို ပြောလိုက်သည်။
“ငါ မဝင်သွားဘူးလို့ မင်းကို ဘယ်သူ ပြောလဲ”
လီဝေ့ နေရာမှာတင် မှင်တက်သွားမိသည်။
*ဘာ ဒီလူ အထဲရောက်ပြီးပြီလား*
*ဒါဆို သူ ဘယ်လိုလုပ် ဒဏ်ရာမရဘဲ ပြန်ထွက်လာတာလဲ*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ချေ ရှိမှာလဲ*
သို့သော် ယဲ့ဖန်က သူမကို လုံးဝ လျစ်လျူရှူထားသည်။ သူသည် မှင်တက်နေသော လီဝေ့ကို ဥပေက္ခာပြုကာ လီဝေ့၏ အိမ်ရှိရာဘက်သို့ ပြန်သွားလေတော့သည်။
“မမလေး ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ”
လူတစ်ယောက်က မေးလာ၏။
“အထဲဝင်ပြီး သွားကြည့်လိုက်”
လီဝေ့ အမိန့်ပေးလိုက်သည်။ မကြာခင်မှာပင် လီဝေ့၏ နားထဲသို့ ကြက်သီးထလောက်သည့် သတင်း ရောက်လာသည်။
“ကျောက်မိသားစုထဲက ထိပ်သီး တစ်ရာခြောက်ဆယ့်ခုနစ်ယောက်လုံး သေသွားပါပြီ”
“ရှုကျိုးက နဂါးအသွင်ပြောင်ခြင်းအဆင့် နှစ်ဆယ့်တစ်ယောက်လုံး သေသွားပါပြီ”
“ကျောက်မိသားစုရဲ့ စီနီယာခုနစ်ယောက်လည်း သေသွားပါပြီ”
“ကျောက်ထျန်းရှုံး ပျောက်နေပါတယ်”
“ဘုရင်အဆင့် စုန့်ယွမ်ပေါင် သေသွားပါတယ်”
“ကျောက်မိသားစု တစ်ခုလုံး ပျက်စီးသွားပါပြီ”
သေဆုံးမှုသတင်းများက လီဝေ့အား အံ့ဩထိတ်လန့်သွားစေပြီး အပြင်းအထန် တုန်လှုပ်သွားစေသည်။
*အဲ့လူ တကယ်ပဲ သူတစ်ယောက်တည်းနဲ့ ကျောက်မိသားစု တစ်ခုလုံးကို သတ်ပစ်ခဲ့တာပဲ*
သူမမျက်နှာပေါ်တွင် ခါးသီးဟန်များ ပေါ်လာသည်။
“တကယ်ပဲ ရှင်က ဘယ်သူလဲ”
သုံးရက်ကြာပြီးနောက် ပိုင်ရွှယ် သတိရလာ၏။ သူမ ငိုလည်းမငိုသလို ပြဿနာလည်း မရှာချေ။ စားချိန်စား သောက်ချိန်တန်သောက်၍ စကား မပြောသလို မည်သူနှင့်မှလည်း ပြောဆိုဆက်ဆံခြင်း မရှိပေ။
ယဲ့ဖန်ထံမှ ကျောက်မိသားစုကို ရှင်းလင်းပြီးသွားပြီ ဖြစ်ကြောင်း ကြားသော်လည်း ဘာမှမတုံ့ပြန်ပါ။ နောက်ဆုံး၌ ယဲ့ဖန် ဆက်လက်၍ ကြည့်မနေနိုင်တော့ဘဲ သူမရှေ့၌ ရပ်လိုက်ပြီး သူမအား အေးစက်စွာ ကြည့်လိုက်သည်။
ပိုင်ရွှယ်က သူ့ကို ပြန်မော့ကြည့်၍ စိတ်မရှည်စွာ ပြောလေသည်။
“ထွက်သွား”
“အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူရအောင် မင်း ဈေးဝယ်ထွက်ရတာကို အကြိုက်ဆုံးပဲ မဟုတ်လား”
ယဲ့ဖန် ပြောလိုက်သည်။
“ကျွန်မ စိတ်မပါဘူး”
ယဲ့ဖန် ဘာမှမပြောတော့ဘဲ သူမကို ကောက်ချီ၍ အပြင်သို့ ထွက်လာလေသည်။
“ကျွန်မကိုလွှတ်၊ လူလိမ်ကြီး ကျွန်မကို လွှတ်”
ပိုင်ရွှယ် စိတ်ဆိုးကာ အသည်းအသန် ရုန်းကန်လာသည်။
“ဖြန်း”
ယဲ့ဖန်က သူမတင်ပါးကိုရိုက်၍ စိတ်ဆိုးမာန်ဆိုးဖြင့် ဆူပူလေသည်။
“ရိုးသားစမ်းပါ”
သို့သော် ပိုင်ရွှယ်က နှာတရှုံ့ရှုံ့ဖြင့် အသံမာမာ ပြောလာသည်။
“ရှင်တို့အားလုံး ကျွန်မကို အနိုင်ကျင့်တယ်၊ ရှင်တို့အားလုံး ကျွန်မကို အနိုင်ကျင့်ကြတယ်”
“မင်းဘက်မှာ ဘယ်သူမှ မရှိတာ မဟုတ်ဘူးဆိုတာကို မင်း သိရဲ့လား၊ ဘာလို့လဲဆိုတော့ ငါ အခုထိ ဒီမှာ ရှိနေသေး တယ်လေ”
ယဲ့ဖန်၏ အသံ၌ မှော်စွမ်းအင်များ ပါဝင်နေသည်ဟု ထင်မှတ်ရပြီး ပိုင်ရွှယ် ချက်ချင်း ငြိမ်ကျသွားသည်။ သူမက ယဲ့ဖန်၏ ပခုံးကိုမှီ၍ မျက်ရည်များ စီးကျကာ ငိုကြွေးလေတော့သည်။ သို့သော် တစ်ခဏမျှ လမ်းလျှောက်နေ ပြီးနောက် လူအုပ်ထဲမှ ပွက်လောရိုက်သံ တစ်သံကို ကြားလိုက်ရသည်။
“ဒီကလေးမလေး ဘာဖြစ်တာလဲ၊ ဒီလောက် အေးတဲ့ရာသီမှာ ဘာလို့ ကြမ်းပြင်ပေါ် လှဲနေတာပါလိမ့်”
“ငါလည်း မသိဘူး၊ ဒီကလေးမလေးက လမ်းလျှောက်နေတုန်း ရုတ်တရက် လဲကျသွားတာ၊ နောက်တော့ တွန့်လိမ် လာတာပဲ၊ ဒီလိုဖြစ်တာ သိပ်မကြာသေးဘူး၊ ဘာရောဂါ ရှိနေတာလဲ မသိပါဘူးကွာ”
“လှလိုက်တဲ့ ကလေးမလေး၊ မင်း ဘာလို့ ဒီလို ထူးဆန်းတဲ့ ရောဂါ ရနေတာလဲ၊ သနားစရာပဲ”
ယဲ့ဖန် သူများကိစ္စကို ဝင်မပါချင်သော်လည်း ပိုင်ရွှယ်က သက်ရှိလူတစ်ယောက်၏ အသက်ကို အပျော်အပျက် ထိုင်ကြည့်မနေနိုင်သော စိတ်ဖြင့် သူ့လက်ကို ဆွဲကာ လျှောက်သွားလေသည်။
ထိုအခါမှ လမ်းမပေါ်၌ ကလေးမလေးတစ်ယောက် လဲနေသည်ကို တွေ့လိုက်ရသည်။ သူမက အမှန်တကယ် လှပလွန်းပေသည်။ သူမသည် ခုနစ်နှစ်၊ ရှစ်နှစ်မျှသာ ရှိသေးပြီး အသားအရေက ပန်းရောင်သမ်းကာ နူးညံ့ပြီး နေကြာပန်းလေးလိုပင်။
သို့သော် လက်ရှိ၌ ကလေးမလေးသည် ညှိုးနွမ်းနေပြီး လှပရှည်လျားသော ဆံနွယ်ကောက်ကောက်များက မြေကြီးပေါ်၌ ပျံ့ကြဲနေပြီး ဝေဒနာကြောင့် ချယ်ရီပန်းသဖွယ် နှုတ်ခမ်းလေးများက ဆူထားပြီး မျက်နှာတစ်ပြင်လုံး ခရမ်းရောင် သန်းနေ၏။
ယဲ့ဖန် တစ်ချက်ကြည့်လိုက်မိပြီးနောက် ရုတ်တရက် မသိမသာ အမူအရာ ပြောင်းလဲသွားသည်။ အကြောင်းမှာ ဤကလေးမလေးထံ၌ မူမမှန်သော တစ်စုံတစ်ရာကို တွေ့လိုက်ရသောကြောင့်ပင်။
*နှလုံးစားပိုးကောင်ပါလား*
တစ်ချိန်က ကျုံးဝမ်၏ ကိုယ်ထဲ၌ ရှိခဲ့သော နှလုံးစားပိုးကောင်နှင့် အတူတူပင်။ ၎င်းပိုးကောင်သည် ယဲ့မိသားစု၏ ထပ်ဆင့် ပြောင်းလဲမှုလုပ်ထားခဲ့သောကြောင့် မူလနှလုံးစားပိုးကောင်ထက် ပိုသန်မာ၍ အားကြီးလေသည်။
ဤလောက၌ ယင်းအဆိပ်ကို ဖြေပေးနိုင်သူ အနည်းငယ်မျှသာ ရှိသည်။ အဘယ်ကြောင့် ယဲ့မိသားစု၏ သူမတူသော နှလုံးစားပိုးကောင်က ဤနေရာ၌ လာပေါ်နေရသနည်း။
ဤနေရာ၌ ယဲ့မိသားစု၏ လက်ကျန် မိသားစုဝင်များ ရှိနေလေသလား၊ သို့မဟုတ် ယဲ့မိသားစု၏ တတိယဘိုးဘေး ဤသို့ ရောက်နေလေသလား။
ယဲ့ဖန်၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး သူ့ကိုယ်မှ လူသတ်လိုသော အငွေ့အသက် ထွက်ပေါ်စပြုလာ၏။
“လင်းအာ သမီး ဘာဖြစ်တာလဲ၊ လင်းအာ အဖေ့ကို လန့်အောင် မလုပ်ပါနဲ့”
ရုတ်တရက် ဝတ်စုံပြည့် ဝတ်ထားသည့် တည်ကြည်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် စိုးရိမ်တကြီး ပြေးလာပြီး ကလေးမလေးကို ဖက်လိုက်သည်။ သူ့အသံက စိုးရိမ်လွန်သောကြောင့် တုန်ခါနေ၏။
“ဟာ”
ဤလူကိုမြင်သော် လူတိုင်း ထိတ်လန့်သွားကြသည်။
*ဒီလူက ရှုကျိုးက အချမ်းသာဆုံးလူ ဟွမ်ထျန်းချန် မဟုတ်လား*
သူတို့သည် ဟွမ်ထျန်းချန်အား တီဗွီသတင်းများ၌ မကြာခဏ မြင်ဖူးကြသဖြင့် ရှုကျိုးမှ အချမ်းသာဆုံးလူအား ချက်ချင်း မှတ်မိသွားသည်။
*ဒီကလေးမကလေးက တကယ်ပဲ သူ့သမီးလား*
“ဖေဖေ သမီး နေလို့မကောင်းဘူး”
ဟွမ်ယွီလင်း၏ နှုတ်ခမ်းများက တုန်နေပြီး နာကျင်နေသော အသံဖြင့် ပြောလာသည်။
“မိသားစုခေါင်းဆောင် မမလေး နေမကောင်းဖြစ်နေပြီ”
“သေစမ်း ဘာလို့ ဒီအချိန်မှ ဖြစ်ရတာလဲကွာ”
ဟွမ်ထျန်းချန် အံကိုကြိတ်၍ ချွေးပြန်နေသည်။
“မြန်မြန် ဆေးရုံကို မြန်မြန်သွားရမယ်”
ဟွမ်ထျန်းချန်သည် နာမည်ကြီး ခင်ပွန်းသည်တစ်ယောက် ဖြစ်သလို ဖခင်ကောင်းတစ်ယောက်တည်း ဖြစ်သည်။ သို့သော် သူသည် ဇနီးသည်အား စောစီးစွာ ဆုံးရှုံးခဲ့ရပြီး သွားလေသူ ဇနီးသည်က သမီးလေးတစ်ယောက် ချန်ထားပေးခဲ့သည်။ ထို့ကြောင့် သူ၏ အချစ်တွေအားလုံးကို သွားလေသူ ဇနီးသည်မှ သမီးဖြစ်သူ ဟွမ်ယွီလင်းထံ ပုံအပ်လိုက်သည်။
ဟွမ်ထျန်းချန်သည် မျိုးရိုးမြင့် အသိုင်းအဝိုင်း တစ်ခုလုံး၌ သမီးဖြစ်သူအပေါ် ချစ်မြတ်နိုးမူကြောင့် လူသိများလေသည်။ သူ့သမီးအား ငုံထားမတတ် ချစ်ပြီး လက်ထဲ ပွေ့ချီထားလျင်ပင် ပြုတ်ကျမည်ကို စိုးရိမ်သူ ဖြစ်သည်။ ယခု သမီးဖြစ်သူ ဝေဒနာ ခံစားနေရသည်ကိုမြင်ပြီး သူ ရင်တွေ ကွဲကြေနေ၏။
“ခင်ဗျားသမီးရဲ့ အခြေအနေအရ ဆေးရုံသွားရင် အသက်ရှင်မှာ မဟုတ်ဘူး”
ရုတ်တရက် လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ လူတိုင်း အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ကြံ့ခိုင်သန်မာသော လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဟွမ်ထျန်းချန် ချက်ချင်း မျက်နှာ မည်းမှောင်သွားသည်။
“မင်းက ဘယ်သူလဲ”
*ငါ့သမီးကိုများ သေမယ်လို့ ပြောရဲသေးတယ်၊ သူ အသက်မရှင်ချင်တော့ဘူးနဲ့ တူတယ်*
“ဒေါက်တာ လော၊ ဒေါက်တာ လောရုန်ရွှမ်၊ ခင်ဗျား ဟုတ်တယ်မလား”
ထိုအခိုက်တွင် ဟွမ်ထျန်းချန်ဘေးမှ စွဲမက်ဖွယ်ကောင်းပြီး လှပသော အမျိုးသမီးတစ်ယောက်က လောရုန်ရွှမ်၏ လက်ကို ဆွဲ၍ ပြောလာသည်။
“ကျုပ်ပါပဲ”
လောရုန်ရွှမ်က ပြုံး၍ ပြောလိုက်သည်။ ထိုအခါ ထိုလှပသော အမျိုးသမီးက ဟွမ်ထျန်းချန်ဘက် လှည့်ကာ ပြောလေသည်။
“ထျန်းချန် ကျွန်မတို့ ကံကောင်းပြီ၊ သူက ကုမရတဲ့ ရောဂါမျိုးစုံကို ပျောက်ကင်းအောင် ကုပေးနိုင်တဲ့ ရှုကျိုးက နာမည်ကြီး ဆရာဝန် လောရုန်ရွှမ်လေ၊ ရှုကျိုးက ဆေးကျောင်းတွေကတောင် သူ့ကို သင်ခန်းစာပို့ချပေးဖို့ မကြာခဏ ဖိတ်ရတာ”
ဤအမျိုးသမီးသည် ဟွမ်ထျန်းချန်၏ အပျော်မယား ကျူးတန် ဖြစ်လေသည်။ ဟွမ်ထျန်းချန်သည် သူ့ဇနီးအား စောစောစီးစီး ဆုံးရှုံးလိုက်ရပြီးကတည်းက လုံးဝ လက်မထပ်တော့ချေ။ ကျူးတန်သည် အစက ဟွမ်ထျန်းချန်၏ လုပ်ငန်းမှ သာမန် ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ဟွမ်ထျန်းချန်ကို ဆွဲဆောင်ရန်အတွက် သူမကိုယ်သူမ ဟွမ်ထျန်းချန်၏ ဇနီးဟောင်း သုံးခဲ့သော ရေမွှေးကို စွတ်ကာ တူညီသော အဝတ်အစား တံဆိပ်များကိုဝတ်၍ သုံးသော တစ်ရှူးကိုပင် တစ်ထေရာတည်းတူအောင် သုံးစွဲခဲ့သည်။
ဟွမ်ထျန်းချန်က သူကို သတိထားမိသွားခဲ့ပြီးနောက် ဟွမ်ထျန်းချန်၏ ခုတင်ပေါ်သို့ သူမ လျောလျောရှူရှူ တက်သွား နိုင်လေသည်။
“ဘာ နာမည်ကြီး ဆရာဝန် လောရုန်ရွှမ်လား”
“တကယ်ပဲ ဒေါက်တာ လောရုန်ရွှမ်ဆိုရင် ဒီကလေးမလေး မသေနိုင်ဘူး”
လူအုပ်ကြီးသည်လည်း ထိတ်လန့်သွားသည်။ လောရုန်ရွှမ်၏ နာမည်ဂုဏ်သတင်းသည် ရှုကျိုးတစ်ခွင်၌ ပျံ့နှံ့နေပြီး သူသည် အသက်သုံးဆယ်မျှသာ ရှိသေးသည်။ ဗဟိုဆေးရုံ၏ ဆေးရုံအုပ်ဖြစ်ပြီး ရှုကျိုး ဆေးနယ်ပယ်၏ အနာဂတ်ဟု ကျော်ကြားလေသည်။
ထိုစကားကိုကြားသော် ဟွမ်ထျန်းချန်သည်လည်း အသက်ကယ်နိုင်မည့် ကောက်ရိုးမျှင်ကို ဖမ်းဆွဲမိသွားပုံ ရပြီး လောရုန်ရွှမ်၏ လက်ကိုကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒေါက်တာလော ကျုပ်သမီးကို ကယ်ပါဦး၊ ခင်ဗျား သူ့ကို ကယ်နိုင်ရင် ခင်ဗျား ဘာပဲလိုချင်လိုချင် ကျုပ် ပေးမယ်လို့ ကတိပေးတယ်ဗျော”
“ဆရာဝန်ဆိုတာ လူ့အသက်ကို ကယ်ရတာပါ၊ ဒါ အမှန်တရားပဲလေ၊ ဆုလာဘ်အကြောင်း ပြောလို့ ဘယ်ကောင်း မလဲ”
“ဝိုး … ဒေါက်တာလောက ကောလာဟလထဲကလို တကယ် ကြင်နာတတ်တာပဲ”
“အခုခေတ် လူ့အဖွဲ့အစည်းထဲမှာ ဒေါက်တာလောလို လူစားမျိုးက ရှားတယ်”
လူအုပ်ကြီးက လောရုန်ရွှမ်ကို လက်မထောင် ချီးကျူးနေပြီး အချို့သော မိန်းကလေးများက လောရုန်ရွှမ်အား အားကျချစ်ခင်သလို ကြည့်လာ၏။
ထိုစကားများကြောင့် လောရုန်ရွှမ်၏ မျက်လုံး၌ ဂုဏ်ယူဟန်များ ဖြတ်ပြေးသွားပြီး တစ်ကိုယ်တည်း တွေးနေသည်။
*လတ်စသက်တော့ ဟွမ်ထျန်းချန်က ဒီလိုလူစားမျိုးကို နည်းနည်းလောက် ဟန်ထည့်လိုက်တာနဲ့ သူက လုံးဝ မျက်ကန်းတစ္ဆေ ဖြစ်သွားရော၊ အရူးပဲ*
သူ ပိုက်ဆံမလိုချင်ချင်၍ မဟုတ်ဘဲ သူ ပိုလိုချင်နေသောကြောင့် ဖြစ်လေသည်။
“ကဲ ကျုပ်ကို ကလေးမလေးရဲ့ အခြေအနေကို ကြည့်ခွင့်ပေးပါဦး”
“ဒေါက်တာလော ကြည့်ပါ ကြည့်ပါ”
ဟွမ်ထျန်းချန်က ဘေးသို့ အလျင်အမြန် ဘေးသို့ ကပ်ရပ်လိုက်သည်။ ထိုအခိုက်တွင် လောရုန်ရွှမ်နှင့် ကျူးတန်းတို့က အချင်းချင်း နောက်မီးလင်းသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။
လောရုန်ရွှမ်က ဟွမ်ယွီလင်း၏ ဒဏ်ရာကို စစ်ဆေးရန် ကိုယ်ကိုကိုင်းလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးကို မြင်သောအခါ သူ မှင်တက်သွားရသည်။
*လှလိုက်တဲ့ ကလေးမလေး*
*ဒီလောက် လှတဲ့ မျက်နှာလေး ရှိရအောင် သူက ဘယ်နှစ်နှစ်ပဲ ရှိသေးလို့လဲ*
*မဟုတ်ဘူး*
*ဟွမ်မိသားစုရဲ့ မိသားစု ဆရာဝန်ဖြစ်လာဖို့ ငါ အစွမ်းကုန် ကြိုးစားရမယ်၊ ပြီးရင် ဒီမြာကလေးကို ရဖို့ ငါ အသားကုန် ကြိုးစားရမယ်*
ဟွမ်ထျန်းချန်၏ အပျော်မယားနှင့် သူ အိပ်ခဲ့သည်ကို တွေးမိပြီးနောက် သူ့သမီးဖြစ်သူနှင့်ပါ ဆက်အိပ်နိုင် တော့မည်ဟု တွေးမိပြီး လောရုန်ရွှမ် စိတ်လှုပ်ရှား ဝမ်းသာလာ၏။
ထိုအခိုက်တွင် သူသာ ဟွမ်ထျန်းချန်ကို အဆိပ်ခတ်နိုင်မည့် နည်းလမ်းကို တွေးနိုင်လျင် ဟွမ်လုပ်ငန်းစုက သူ့အပိုင် ဖြစ်လာလေမလားဟု တွေးမိနေသည်။
“ဒေါက်တာလော ဘာဖြစ်လို့လဲ”
လောရုန်ရွှမ် မလှုပ်သည်ကို မြင်လိုက်ရသဖြင့် ဟွမ်ထျန်းချန် သံသယဝင်စွာ မေးလိုက်မိသည်။
“အာ … ဘာမှမဖြစ်ပါဘူး”
လောရုန်ရွှမ် သတိဝင်လာပြီး အခြေအနေကို စစ်ဆေးလိုက်သည်။ သို့သော် ယင်းက သာမန် ဝက်ရူးပြန်ရောဂါ ဖြစ်ကြောင်း သိလိုက်ရသဖြင့် တမင်သက်သက် မျက်မှောင်ကြုတ်ကာ လေးနက်ဟန် ဖမ်းလိုက်လေသည်။
ဤသည်ကိုမြင်သော် ဟွမ်ထျန်းချန်၏ စိတ်က အပြင်းအထန် တုန်လှုပ်သွားပြီး ခပ်သွက်သွက် မေးလိုက်မိသည်။
“ဘယ်လိုလဲ ဒေါက်တာလော ကုနိုင်မယ့် နည်းလမ်းများ ရှိသလား”
“အင်း ဒီနေ့ ခင်ဗျား ကျုပ်နဲ့တွေ့လို့ ကံကောင်းတယ်၊ အခြားသူသာဆိုရင် ကလေးမလေး တမလွန်ကို ဘဝကူးနေ လောက်ပြီ”
လောရုန်ရွှမ်က တမင်သက်သက် အရေးကြီးသလို ပြောလိုက်သည်။ ရည်ရွယ်ချက်မှာ ဟွမ်ထျန်းချန် သူ့အပေါ် ပို၍ ကျေးဇူးတင်လာရန် ဖြစ်ပေသည်။
“ခင်ဗျား ကျုပ်သမီးကို ကယ်နိုင်သရွေ့ နောင်အနာဂတ်မှာ ခင်ဗျားကို ကျုပ်တို့ ဟွမ်မိသားစုရဲ့ ကျေးဇူးရှင်ကြီး အဖြစ် ဆက်ဆံမှာပါ”
ဟွမ်ထျန်းချန်က လောရုန်ရွှမ်ကို အလေးအနက် ဦးညွတ် အရိုအသေ ပေးလေသည်။ လောရုန်ရွှမ် စိတ်လှုပ်ရှား မှုကြောင့် တုန်လှုပ်သွားသည်။
*သူ တကယ် ယုံတာပဲ*
လောရုန်ရွှမ် စိတ်ထဲ၌ အပျော်ကြီး ပျော်နေ၏။ ဟွမ်ထျန်းချန်က အလွန် အလိမ်လွယ်ခံလိမ့်မည်ဟု သူ မထင်ထားမိပါ။ သို့သော် သူက အရေးမစိုက်ဟန်ဆောင်၍ ပြောလိုက်သည်။
“အဲ့ဒါကို နောက်မှပြောတာပေါ့၊ လူ့အသက်ကို အရင်ကယ်ရအောင်”
တကယ်တမ်းတွင် ဟွမ်ထျန်းချန်သည် တိကျ၍ ဂရုစိုက်ကာ သတိရှိသူ ဖြစ်သည်။ သူ့သမီးနှင့် ပတ်သက်သော ကိစ္စဖြစ်လာလျင် သူ ပျာယာခတ်သွားတတ်လေသည်။ သို့မဟုတ်ပါက သူ အလွယ်တကူ အရူးလုပ်ခံရမည် မဟုတ်ပါ။
ချက်ချင်းဆိုသလိုပင် လောရုန်ရွှမ်က အိတ်ထဲမှ ငွေအပ်ကိုထုတ်ကာ ပြောလိုက်သည်။
“စိတ်မပူနဲ့ မစ္စတာဟွမ် ကျုပ် ဒီဝိညာဉ်ပြန်ခေါ်အပ်ကို သုံးလိုက်ရင် ကလေးမလေး သေချာပေါက် ပျောက်ကင်း သွားမှာ”
“ဝိညာဉ်ပြန်ခေါ်အပ် ဟုတ်လား၊ ဒေါက်တာလောရဲ့ သူမတူတဲ့ နည်းလမ်းပဲ”
လူတိုင်း မျက်လုံး အရောင်တောက်သွားပြီး ဤသို့သော နာမည်ကျော် အပ်စိုက်ကုထုံးကို သူတို့ မျက်လုံးနှင့် တပ်အပ် တွေ့ရတော့မည် ဖြစ်သဖြင့် ဂုဏ်ယူသလို ခံစားမိနေကြသည်။
တစ်ချိန်က လောရုန်ရွှမ်သည် ဤဝိညာဉ်ပြန်ခေါ်အပ်ကို သုံး၍ သုံးပြည်ထောင် ကိုယ်စားလှယ်အဖွဲ့၏ ဆရာဝန်များကို အနိုင်ယူကာ ထိုတိုင်းတစ်ပါးမှ ဆရာဝန်များကို နားဝေတိမ်တောင် ဖြစ်အောင် ပြုလုပ်ခဲ့ပြီး ကျုံးကျိုး အင်ပါယာ၏ ဆေးပညာကို လက်ခံလာစေခဲ့သည်ဟု ဆို၏။
“ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာလော”
ဟွမ်ထျန်းချန်က စိတ်အေးသလို သက်ပြင်းချလိုက်မိပြီး သူ့ရင်ထဲမှ လေးလံသော ကျောက်တုံးတစ်တုံး ကျဆင်းသွားသလို ခံစားလိုက်ရသည်။
ထိုအခိုက်တွင် ကျူးတန်းသည်လည်း သူတို့၏ လှည့်စားမှု အောင်မြင်ထားသဖြင့် ပြုံးလိုက်လေသည်။ ဤနည်းအားဖြင့် လောရုန်ရွှမ်က ဟွမ်ထျန်းချန်၏ အနားသို့ အောင်အောင်မြင်မြင် ကပ်နိုင်လောက်သည်။ ဤနည်းအားဖြင့် သူတို့၏ အကြံအောင်ရန် တစ်လှမ်းစာ နီးကပ်လာလေပြီ။
သို့သော် ထိုအချိန်၌ လူအုပ်ထဲမှ လှောင်ပြောင်သရော်သံ ထွက်ပေါ်လာ၏။
“မင်း ဒီအပ်စိုက်ကုထုံးကို ဆက်လုပ်မယ်ဆိုရင် မင်းက ပညာမဲ့တယ်လို့ ပြောရမှာပဲ”