အပြန်အလှန်
Vol. 86-89 Ch. 1282
“မင်း ဒီအပ်စိုက်ကုထုံးကို ဆက်လုပ်မယ်ဆိုရင် မင်းက ပညာမဲ့တယ်လို့ ပြောရမှာပဲ”
ထိုစကားက လူအုပ်ထဲမှနေ၍ မိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာသည်။
*တစ်ယောက်ယောက်က ပါရမီရှင် လောရုန်ရွှမ်ကို မေးခွန်းထုတ်ရဲတာလား*
ထိုအခိုက်တွင် လူတိုင်း အသံလာရာသို့ စွေ၍ ကြည့်လိုက်သောအခါ လူအုပ်ထဲ၌ သာမန်ကာလျှံကာ ဝတ်ဆင်ထားသော လူတစ်ယောက်က ပြုံးတုံ့တုံ့ဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဟွမ်ထျန်းချန်၊ လောရုန်ရွှမ်၊ ကျူးတန်တို့ သုံးယောက်လုံး၏ မျက်နှာများ တစ်ပြိုင်တည်း မည်းမှောင် သွားကြသည်။
“ဘယ်က မျိုးမစစ်ကောင်လဲ၊ နင် ဘာတွေ မဟုတ်တမ်းတရား ပြောနေတာလဲ”
ကျူးတန် ဒေါသထွက်နေသည်။ အောင်မြင်ခါနီးနေသည့် အကြံအစည်က လမ်းတစ်ဝက် ပြတ်တောက်သွားတော့မည် ဖြစ်သဖြင့် သူမ ဘယ်လိုလုပ် စိတ်မပျက်ဘဲ နေနိုင်မည်နည်း။
ယဲ့ဖန်က စိတ်မဆိုးဘဲ ပခုံးတွန့်၍ ပုံမှန်အတိုင်း ပြောလိုက်သည်။
“ကျုပ် မဟုတ်တမ်းတရား ပြောနေတာ မဟုတ်ဘူး၊ ဝိညာဉ်ပြန်ခေါ်အပ်ရဲ့ သက်ရောက်မှုက ကြီးမား ပြင်းထန်တယ်၊ အဆိပ်ကို အဆိပ်နဲ့ တိုက်ရတဲ့အခါမှပဲ သုံးရတာ၊ အဲ့ဒါက သေရေးရှင်ရေး အခြေအနေအတွက်ပဲ သင့်လျော်တယ်”
“ဒါပေမဲ့ ဒီလို နာတာရှည် ရောဂါအတွက် အသုံးမဝင်ဘူး၊ ပြီးတော့ ဒီကလေးမလေးက အခု သေလုမျောပါး ဖြစ်နေပြီးတော့ သူ့အသက်ဓာတ်က အားနည်းနေပြီ၊ ခင်ဗျား ဒီလို ပြင်းထန်တဲ့ ကုသနည်းကို သုံးမယ်ဆိုရင် သူ့လက်ရှိ အခြေအနေနဲ့ ဒါကို တောင့်ခံနိုင်မှာ မဟုတ်ဘူး ဒါမဟုတ် နေရာမှာတင် ရုတ်တရက် သေသွားလိမ့်မယ်”
“အဓိပ္ပာယ် မရှိလိုက်တာ၊ လုံးဝ အဓိပ္ပာယ် မရှိဘူး၊ ငါက ပါရမီရှင် ဆရာဝန်လား မင်းက ပါရမီရှင် ဆရာဝန်လား”
လောရုန်ရွှမ် ချက်ချင်း ဒေါသထွက်လာသည်။
ရှုကျိုး၌ နာမည်ကျော် ပါရမီရှင် ဆရာဝန်ဖြစ်သည့်သူက ဘယ်ကလာမှန်းမသိသည့် ငတုံးတစ်ကောင်၏ မေးခွန်း ထုတ်ခြင်း ခံရသည်တဲ့လား။ သူ အတော်လေး ဒေါသထွက်လာရသည်။
“ကောင်လေး မင်း လာကစားနေတာကို ရပ်လိုက်တော့၊ မင်းရှေ့မှာ ရပ်နေတာ နာမည်ကျော် ဆရာဝန် လောရုန်ရွှမ်ကွ၊ မင်းကများ သူ့ရောဂါ စမ်းသပ်ချက်ကို မေးခွန်းထုတ်ရဲတယ်လား၊ မင်းက ဘာမို့လို့လဲ”
“ဟုတ်တယ် မင်းက ဒေါက်တာလောကို မေးခွန်းထုတ်ဖို့ ထိုက်တန်တဲ့လူ ဟုတ်ရဲ့လား”
“ဒါ အရေးကြီး ကိစ္စပြောနေတာ၊ တကယ့် ကိစ္စကြီး မဟုတ်တရုတ်တွေ ပြောမနေနဲ့”
လူအုပ်သည် ချက်ချင်း ခနဲ့ပြောပြောကာ မယုံကြည်ကြချေ။ အထူးသဖြင့် အချို့မိန်းကလေးများဆိုလျင် ယဲ့ဖန်အား ဝါးစားရန် မစောင့်နိုင်တော့သည့်ပုံ ဖြစ်နေကြသည်။ ယဲ့ဖန်က သူတို့၏ စံပြုပုဂ္ဂိုလ်ကို မေးခွန်းထုတ်ရဲ သဖြင့် သေသင့်သည်ဟု တွက်နေ၏။
“ငါ နားလည်ပြီ၊ တစ်ယောက်ယောက်က ငါ့ဟွမ်မိသားစုရဲ့ ပေါင်ကို ဖက်ထားချင်လို့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အခွင့်အရေး လိုချင်နေတာပဲ၊ အဲ့ဒါကြောင့် တမင်သက်သက် ထူးချွန်တဲ့ ပါရမီရှင်ယောင်ဆောင်နေတာ”
ကျူးတန်က အထင်သေးစွာ ပျက်ရယ်ပြုလေသည်။ ထိုစကားကို ကြားသော် ဟွမ်ထျန်းချန်၏ မျက်နှာက သုန်မှုန်သွားပြီး ပို၍ ရန်လိုသော အကြည့်ဖြင့် ကြည့်လာ၏။
“ငါ မင်းပေါင်ကို ဖက်ဖို့ စိတ်ကူးမရှိဘူး၊ ဒါ သနားကြင်နာမှုပြရုံသက်သက်ပဲ”
ယဲ့ဖန်က ပုံမှန်အတိုင်း ပြုံး၍ ပြောလိုက်သည်။
“ခင်ဗျား ကျုပ်ကို ယုံတယ်ဆိုရင် ကျုပ် သူ့ကို ကယ်ပေးနိုင်တယ်”
သူသည် နတ်ဘုရားများကို ကျွန်ပြုပြီး မိစ္ဆာနတ်ဆိုးများကို ကျွန်ပြုသည့် နတ်ဆိုးဧကရာဇ် ဖြစ်သည်။ အသက်ပေါင်း ထောင်ပေါင်းများစွာကို သတ်ခဲ့သူ ဖြစ်သဖြင့် ဟွမ်မိသားစုလေး၏ မျက်နှာသာပေးမှု ရရှိရန် အဘယ်ကြောင့် သူ ကြိုးစားရမည်နည်း။
“တွေ့လား ဒီကောင်က ကျွန်မတို့ မျက်နှာသာပေးတာ ခံချင်နေတာပါလို့ ကျွန်မ ပြောသားပဲ ထျန်းချန် ရှင် အရူးလုပ် မခံနဲ့နော်”
ကျူးတန်က လှောင်ပြုံးနှင့် ပြောလိုက်ပြီး ယဲ့ဖန်အား ပိုမို၍ အထင်သေးသော အကြည့်ဖြင့် ကြည့်လေသည်။ လူတိုင်းက ယဲ့ဖန်ကို ရွံရှာသလို ကြည့်လာ၏။
*လူ့အသက်က သေရေးရှင်ရေး ဖြစ်နေတာကို ဒီကောင်က အခွင့်ကောင်း လာယူနေသေးတယ်၊ ဒီလိုလူမျိုးက တော်တော် ရွံဖို့ကောင်းတာပဲ*
“မစ္စတာဟွမ် ခင်ဗျား သူပြောတာကို နားထောင်မယ်ဆိုရင် ကျုပ် ဘာမှ ပြောစရာ မရှိဘူး၊ အခု အပ်ကို သိမ်းလိုက်ရုံပဲ”
လောရုန်ရွှမ်သည်လည်း ဒေါသထွက်လာပုံပေါ်ကာ အပ်ကို ရုတ်သိမ်းရန် ပြင်လေသည်။
“မလုပ်ပါနဲ့ ဒေါက်တာလော စိတ်မဆိုးပါနဲ့၊ ကျုပ်က ငတုံး မဟုတ်ပါဘူး၊ ဘယ်ကလာမှန်းမသိတဲ့ လူတစ်ယောက်ရဲ့ အရေးမပါတဲ့ စကားတွေကို ကျုပ် ဘယ်လိုလုပ် အလွယ်တကူ ယုံမှာလဲ”
ဟွမ်ထျန်းချန် စိုးရိမ်တုန်လှုပ်လာပြီးနောက် ယဲ့ဖန်အား ခက်ထန်စွာ ကြည့်လေသည်။
“ဟေ့ကောင် အခုချိန်ကစပြီး မင်း ဒေါက်တာလောကို အသရေပျက်အောင် ပြောရဲမယ်ဆိုရင် ငါ မင်းတစ်မိသားစုလုံးကို သတ်ပစ်မယ်”
လူတိုင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ရှုကျိုးမှ အချမ်းသာဆုံးလူ၏ စကားက မင်း တစ်မိသားစုလုံးကို သတ်မည် ဖြစ်နေလျင် သူ တကယ် သတ်ပစ်နိုင်၍ ဖြစ်သည်။ မည်သူက မေးခွန်းထုတ်ရဲမည်နည်း။
ကျူးတန်နှင့် လောရုန်ရွှမ်တို့သည် သူတို့၏ အကြံ အောင်မြင်သွားသဖြင့် သရော်ပြုံး ပြုံးလိုက်သည်။
*လူ့အသိုင်းအဝိုင်းထဲက အတုံးတကာ့ အတုံးဆုံးလူပဲ၊ ငါတို့နဲ့များ လာယှဉ်ဖို့ ထိုက်တန်လို့လား*
သူ့စကားကို ကြားသော် ယဲ့ဖန်၏ မျက်နှာ ချက်ချင်း အေးစက်သွားပြီး လှောင်ပြုံး ပြုံးလိုက်လေသည်။
“ကောင်းပြီလေ အခုချိန်ကစပြီး ခင်ဗျားသမီးရဲ့ သေခြင်းရှင်ခြင်းက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး”
ဤသို့ ချစ်စရာကောင်းသော ကလေးမလေးကို သူ မသေစေချင်ရုံမျှသာ ဖြစ်သလို သူမကိုယ်ထဲမှ နှလုံးစား ပိုးကောင်က ဘယ်နေရာက ရောက်လာသလဲ သူ သိချင်၍သာ ဖြစ်သည်။ ထို့ကြောင့် သူ အတော်လေး ဝင်ပြောမိခြင်း ဖြစ်သည်။ တစ်ဖက်လူက တန်ဖိုးမထားမှတော့ သူ့အတွက် ဘာဖြစ်ဖြစ် မထူးခြားပေ။
“အိုး ရယ်ချင်စရာပဲ၊ နင် မဟုတ်ရင် ငါတို့ကပဲ မလုပ်နိုင်တဲ့ပုံနဲ့၊ နင့်ကိုယ်နင် တော်တော် အထင်ကြီးတာပဲ”
ကျူးတန်က ခနဲ့လိုက်ပြီးနောက် လောရုန်ရွှမ်ကို ပြောလိုက်သည်။
“ဒေါက်တာလော ဒီအရူးကို အာရုံစိုက်စရာ မလိုပါဘူး၊ ကုမှာဖြင့် ကုပေးပါ”
“ဒီလူငယ်ရဲ့ စိတ်က မဖြောင့်မတ်ဘူး၊ သူက ချမ်းသာကြွယ်ဝချင်ပြီး ဥစ္စာမက်မောနေတာ၊ အဲ့ဒါကြောင့် သူက ကျွန်မတို့ ဒေါက်တာကို မျက်နှာပျက်ရအောင် လုပ်နေတာပါ”
လောရုန်ရွှမ်က ယဲ့ဖန်ကို လက်ညှိုးထိုး၍ သက်ပြင်းချကာ အလွန် စိတ်မကောင်းဖြစ်ဟန်ဖြင့် ခေါင်းခါလိုက်သည်။ ထိုအခါ အားလုံး၏ ယဲ့ဖန်အပေါ် ကြည့်သော အကြည့်များတွင် ရွံရှာ၍ အထင်သေးမှုများနှင့် ပြည့်နှက်လာသည်။ သူတို့ပုံစံက လမ်းမပေါ်၌ ကြွက်ဖြတ်သွားသည်ကို တွေ့လိုက်ရသလိုပင်။
“ရွှစ်”
ထိုစဉ် ဝိညာဉ်ပြန်ခေါ်အပ်ကို ထိုးစိုက်လိုက်သည်။ တွန့်လိမ်နေသော ဟွမ်ယွီလင်းသည် တဖြည်းဖြည်း လူးလိမ့်နေရာမှ ရပ်သွားပြီး သူမမျက်နှာက ဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်လာ၏။
“ဟားဟားဟား သိပြီ၊ ဒါကမှ တကယ့် ပါရမီရှင် ဆရာဝန်ပဲ”
ကျူးတန်က ဂုဏ်ယူစွာ ရယ်မောလိုက်ပြီးနောက် ယဲ့ဖန်အား သုန်မှုန်စွာ ကြည့်လိုက်သည်။
“အမှိုက်ကောင် မင်းမှာ ဘာပြောစရာ ရှိသေးလဲ”
“ဒေါက်တာလောက တကယ့်ကို ပါရမီရှင် ဆရာဝန်ပဲ၊ ဒီကလေးမလေးကို ချက်ချင်း ကုသပေးလိုက်တယ်၊ အံ့ဩစရာပဲ”
“ဒေါက်တာလော အခုကစပြီး ကျုပ် ခင်ဗျားရဲ့ ပရိသတ် ဖြစ်သွားပြီဗျာ”
“ဒေါက်တာလေ ကျွန်မ ရှင့်အတွက် ကလေးမွေးပေးချင်ပါတယ်”
“ကောင်းတယ် ကောင်းလိုက်တာ”
ဟွမ်ထျန်းချန် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး လောရုန်ရွှမ်အား ထပ်ခါထပ်ခါ ဦးညွှတ် အရိုအသေ ပေးလေသည်။
“ကျေးဇူးတင်ပါတယ် ဒေါက်တာလော၊ ဒီကြင်နာမှုကို ကျုပ် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
လောရုန်ရွှမ်က ခေါင်းအသာညိတ်လိုက်ပြီး ယဲ့ဖန်အား စိန်ခေါ်သော မျက်နှာပေးဖြင့် ကြည့်ကာ ဤသို့ ပြောမတတ် ဖြစ်နေ၏။
*မင်း မြင်ပြီမလား၊ ငါ့အနေအထားက မင်း ခန့်မှန်းနိုင်တဲ့ အရာ မဟုတ်ဘူး*
“အရူးကောင် မြန်မြန်ထွက်သွားစမ်း၊ ဒီနေရာမှာ အရှက်ကွဲခံမနေနဲ့”
“မင်း ဒေါက်တာလောကို အထင်သေးခဲ့တာ မဟုတ်ဘူးလား၊ အခု သူ လူ့အသက်ကို ကယ်လိုက်ပြီလေ၊ မင်း ဘာပြောဦးမလဲ”
“ဟေ့ကောင် ငါသာ မင်းနေရာမှာဆိုရင် မြေကြီးထဲမှာ ကျင်းတူးပြီး ပုန်းနေလောက်ပြီ၊ ရှက်လွန်းလို့ ခေါင်းတောင် ဖော်နိုင်မှာ မဟုတ်ဘူး”
လူတိုင်း ယဲ့ဖန်ကို မောင်းထုတ်ကာ အလွန် ရွံရှာနေကြသည်။ တစ်ဖက်မှ ယဲ့ဖန်မှာမူ လှောင်ရယ်၍ လက်တစ်ဖက်ကို အသာမြှောက်လိုက်သည်။
“ငါး”
*ဘာ*
လူတိုင်း တွေဝေသွားပြီး ယဲ့ဖန် ဘာလုပ်ချင်နေတာလဲ သိချင်သွားကြသည်။ ထို့နောက် ယဲ့ဖန်က လက်တစ်ချောင်းကို ဖြည်းဖြည်းချင်း ချိုးလိုက်သည်။
“လေး”
ထိုအခါတွင်မှ လူတိုင်း သတိဝင်သွားကြသည်။
*လတ်စသက်တော့ သူက ရေတွက်နေတာပဲ*
“သုံး”
“ဒီလူက စိတ်ဖောက်နေတာလား၊ ဘာတွေ လာရေတွက်နေတာလဲ”
“နှစ်”
“မင်းက အခုထိ လာငြင်းချင်နေသေးတာလား၊ လာကြ၊ သူ့ကို သတ်ကြ”
ကျူးတန် ချက်ချင်း ဒေါသထွက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ အပြုံးက သူတို့ကို လှောင်နေခြင်း ဖြစ်မှန်း မြင်နေရသဖြင့် အလွန် စိတ်ဆိုးမိသွားသည်။
“တစ်”
တစ်ဟူသော စကားအဆုံး၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
“ဝေါ့”
ပုံမှန်အနေအထား ပြန်ဖြစ်လာသည့် ဟွမ်ယွီလင်းက ရုတ်တရက် သွေးအန်လာပြီး ချက်ချင်း ဖြူရော်သွားသည်။ သွေးများက များလွန်းလှသဖြင့် ကြောက်စရာ ကောင်းလှသည်။ ထို့နောက် ဟွမ်ယွီလင်း လုံးဝ မလှုပ်တော့ချေ။
“ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ယွီလင်း သမီး ဘာဖြစ်တာလဲ၊ ယွီလင်း အဖေ့ကို လန့်အောင် မလုပ်ပါနဲ့”
ဟွမ်ထျန်းချန် အရူးအမူး အော်ဟစ်လိုက်မိပြီး မျက်ရည်များ ကျလုနီးပါး ဖြစ်လာရသည်။ လူအုပ်ကြီးသည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
*ဒီကလေးမလေး ကောင်းသွားပြီ မဟုတ်ဘူးလား၊ ဘာလို့ သွေးအန်နေသေးတာလဲ*
သို့သော် ဟွမ်ထျန်းချန် မည်မျှ အော်ခေါ်ပါစေ ဟွမ်ယွီလင်းက တုပ်တုပ်မျှ မလှုပ်တော့ချေ။ ခန္ဓာကိုယ် အပူချိန်ကလည်း ကျဆင်းလာ၏။ သမီးဖြစ်သူ၏ ကိုယ်အပူချိန် လျင်မြန်စွာ ကျဆင်းလာနေသည်ကို ဟွမ်ထျန်းချန် ရှင်းလင်းစွာ ခံစားမိနေသည်။ သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာပြီး လောရုန်ရွှမ်အား ဒေါသတကြီး စူးစိုက်ကြည့်လိုက်သည်။
“လောရုန်ရွှမ် ဘာတွေဖြစ်ကုန်တာလဲ”
“ဒါက”
လောရုန်ရွှမ်သည်လည်း မှင်တက်သွားသည်။ သူမ၏ ရောဂါမှာ ဝက်ရူးပြန်ရောဂါ ဖြစ်သဖြင့် ဝိညာဉ် ပြန်ခေါ်အပ်က သက်ရောက်မှု ရှိသင့်ပေသည်။ ဟွမ်ထျန်းချန်၏ ဒေါသထွက်နေသော မျက်လုံးများနှင့် ဆုံမိသောအခါ သူ တုန်ယင်လာရသည်။
အကယ်၍ ဟွမ်ယွီလင်းသာ သေသွဦးလျင် ဟွမ်ထျန်းချန်က သူ့ကို အသက်ရှင်လျက် ထားမည် မဟုတ်ပါ။ လက်ရှိတွင် ကျူးတန် အလွန် ကြောက်လန့်ကာ ဘာမှမပြောနိုင်တော့ချေ။ ဘာကြောင့် ဤသို့ ဖြစ်လဲ သူမ နားမလည်ပေ။
“ခင်ဗျားရဲ့သမီးကို သတ်လိုက်တာ ခင်ဗျားပဲ”
ထိုစဉ် ယဲ့ဖန်က ခနဲ့လိုက်ပြီးနောက် ပိုင်ရွှယ်ကို ဆွဲကာ ထွက်သွားလေသည်။ လူတိုင်း ထိတ်လန့်သွားပြီး ယဲ့ဖန်၏ ကျောပြင်အား မယုံနိုင်သလို ကြည့်မိသွားသည်။
*ဒီလူငယ်လေး ပြောတာ မှန်နေတာပဲ*
သူ အရာအားလုံးကို မြင်ခဲ့ပြီးသား ဖြစ်သည်။ သူ ရေတွက်ရသည့် အကြောင်းရင်းကို သူတို့အားလုံး နားလည် သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးမလေး ပြန်ရောဂါဖောက်မည့် အချိန်ကို သူ အတိအကျ ခန့်မှန်းနိုင် နေသောကြောင့်ပင်။ ဤကလေးမလေး သေလိမ့်မည်ဟု သူ ပြောခဲ့သဖြင့် ဤကလေးမ တကယ် သေရပေလိမ့်မည်။
*ဒီလူငယ်လေးက တကယ့် မှော်ဆရာပဲ*
ယဲ့ဖန်ကို ပုတ်ခတ်ခဲ့သော လူများအားလုံး မျက်နှာပူလာပြီး ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူတို့ လောရုန်ရွှမ်ကို ယုံကြည်ခဲ့သဖြင့် တကယ် မှော်ဆရာဝန်ကို အထင်လွဲခဲ့ကြသည်။
“ငါ့သမီးအရင်းကို ငါ ပြန်သတ်မိတာလား”
ဟွမ်ထျန်းချန် စိတ်လွတ်သွားသလို ဖြစ်သွားလေသည်။ ယဲ့ဖန်၏ စကားက သူ့အား တန်တစ်သောင်း လေးသော အရာဖြင့် ထုချလိုက်သလို ဖြစ်သွားရသည်။
“သူ့ကို တားစမ်း”
သို့သော် ချက်ချင်းဆိုသလိုပင် သူ အမိန့်ပေးလိုက်သည်။ သက်တော်စောင့်တစ်ဖွဲ့က ယဲ့ဖန်ကို တားဆီးလာ၏။ ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး နောက်ပြန်လှည့်ကြည့်လေသည်။ သူ့မျက်နှာ၌ အေးစက်မှုများ ထင်ပေါ်နေသည်။
“ခင်ဗျား ဘာသဘောနဲ့ လုပ်တာလဲ”
“ကျုပ် ဆရာ့ကို ကူညီပေးဖို့ တောင်းပန်ပါတယ်၊ ခင်ဗျား ကျုပ်သမီးရဲ့ အခြေအနေကို မြင်မှတော့ ကုနိုင်မယ့်နည်း ရှိကိုရှိမှာပါ”
ဟွမ်ထျန်းချန် ခါးသီးစွာ တောင်းပန်လေသည်။ သူ အရာအားလုံးကို ဆုံးရှုံးခံနိုင်သော်လည်း သူ့သမီးကိုတော့ အဆုံးရှုံး မခံနိုင်ပါ။
“ဟ”
ယဲ့ဖန် ရယ်လိုက်ပြီး ခနဲ့ပြုံးပြုံးလေသည်။
“ခုနက ကျုပ် ခင်ဗျားသမီးကို ကုပေးမယ်လို့ ကမ်းလှမ်းတုန်းက ခင်ဗျား ကျုပ် တစ်မိသားစုလုံးကို သတ်ချင်နေ ခဲ့တာလေ၊ ခင်ဗျားကျေးဇူးကြောင့် ကျုပ် အနာဂတ်မှာ မကြင်နာရဲတော့ဘူး”
ထိုစကားကြောင့် ဟွမ်ထျန်းချန်၏ တည်ကြည်သော မျက်နှာ၌ ရှက်ရွံ့ဟန်ပေါ်လာသည်။
“ကျုပ် အရင်က ဆရာ့ကို ရန်လုပ်ခဲ့မိတာကို သိပါတယ်၊ ဆရာ ကျုပ်ကို အငြိုးမထားဖို့ တောင်းဆိုပါတယ်၊ ခင်ဗျားသာ ကျုပ်သမီးကို ကယ်နိုင်မယ်ဆိုရင် ကျုပ်အသက်နဲ့ ပြန်လဲပေးဖို့ ကတိပေးပါတယ်”
“ထျန်းချန် သူ ဘယ်ကလာမှန်း သိတာ မဟုတ်ဘူးလေ၊ ယုံလို့မရနိုင်ဘူး”
ကျူးတန်က အလျင်စလို ဝင်ပြောလာ၏။
“ပါးစပ်ပိတ်ထား”
ဟွမ်ထျန်းချန်က ပြန်အော်လိုက်ပြီး ယခင် ဖိနှိပ်နိုင်သော အရှိန်အဝါ ပြန်ပေါ်လာ၏။ ကျူးတန်၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး ချက်ချင်း မျက်နှာဖြူရော်သွားလေသည်။ ဟွမ်ထျန်းချန်၏ ဒေါသထွက်နေသော မျက်လုံးကို ကြည့်ပြီး ထပ်မပြောရဲတော့ချေ။
သူမသာ တစ်ခွန်းထပ်ပြောလျင် သူမ သူနှင့် ဆယ်နှစ်နီးပါး ရှိနေခဲ့လျင်တောင်မှ ယခု ဟွမ်ထျန်းချန်ထံ၌ အရှင် လတ်လတ် ဝါးမျိုခံရလောက်သည်။
“စိတ်မကောင်းပါဘူး မင်းရဲ့ နိမ့်ကျတဲ့အသက်ကို ငါ စိတ်မဝင်စားဘူး”
ယဲ့ဖန်က ခနိုးခနဲ့ ပြုံးလိုက်ပြီး ထွက်သွားရန် ပြင်လေသည်။
*ဘာ*
လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားသည်။
*ချမ်းသာကြွယ်ဝပြီး ဂုဏ်သိက္ခာ မြင့်မားတဲ့ ဟွမ်ထျန်းချန်ရဲ့ အသက်ကို ဒီကောင်လေးက နိမ့်ကျတဲ့အသက်လို့ ပြောလိုက်တာလား*
*ဒါ မောက်မာလွန်းတာ မဟုတ်ဘူးလား*
ထိုစကားကြောင့် ဟွမ်ထျန်းချန်၏ မျက်နှာက အလွန် ဆိုးရွား သုန်မှုန်သွားလေသည်။
“ဒီလိုဆိုမှတော့ ကျုပ်ကို ရိုင်းတယ်ဆို့ ဆရာ အပြစ်မတင်ပါနဲ့၊ ဒီနေ့ ကျုပ်သမီးကို ခင်ဗျား မကယ်ပေးရင် ဒီနေရာကနေ ထွက်သွားရဖို့ မစဉ်းစားနဲ့”