← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 8 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 8 Ch. 103-104

အပိုင်း(၁၀၃)

သဲမြွေဟောက် ဂိုဏ်းသားများသည် မဟာမိတ် အဖွဲ့ငါးခု၏ နယ်မြေအတွင်း၌ သူတို့ပိုင်ဆိုင်သော ထောင့်တစ်နေရာကို ရယူထားကြသည်။ ထိုနေရာသည် အကျိုးသင့်အကြောင်းသင့်ရှိစွာ စနစ်တကျ ခွဲဝေပေးထားသော နေရာမဟုတ်ပေ။ သူတို့ကိုယ်တိုင် သိမ်းပိုက်နိုင်သမျှ၊ ထိန်းချုပ်ထားနိုင်သမျှ မြေနေရာအားလုံးကို သူတို့၏နယ်မြေအဖြစ် သတ်မှတ်ထားခြင်းသာ ဖြစ်သည်။ ကျင်းလုံ၏ အမြင်တွင်တော့ ဤသည်မှာ ကျင့်ကြံသူ များ၏ ထုံးစံပင် ဖြစ်သည်။ သူတို့သည် စွမ်းအားများ ရရှိလာရေးအတွက်သာ အာရုံစိုက်လွန်းနေကြပြီး ထိုစွမ်းအားများကို မည်သို့ အသုံးပြုရမည်ကိုမူ ဘယ်သောအခါမှ မစဉ်းစားတတ်ကြပေ။

သဲမြွေဟောက်များ၏ နယ်မြေအများစုကို အမိုးချွန်များစွာပါရှိသော တောက်ပသည့် အနီရောင် တဲကြီးတစ်လုံးက နေရာယူထားသည်။ အဆင့်နိမ့်သော လက်အောက်ငယ်သားများက သစ်ကိုင်းများနှင့် ကောက်ရလာသော ပျဉ်ပြားများဖြင့် ပြုလုပ်ထားသည့် တဲအိမ်များတွင် နေထိုင်ရသည်။ သို့သော် သူတို့၏ အနာဂတ် ခေါင်းဆောင်ကမူ စည်းစိမ်ယစ်မူးကာ နေထိုင်လျက်ရှိသည်။ ပူနွေးသော လေပြေနှင့်အတူ တဲကြီးအတွင်းမှ အသံများ လွင့်ပျံလာခဲ့သည်။ ရယ်မောသံများ၊ ဖန်ခွက်ချင်း ရိုက်ခတ်သံများနှင့် ရေပက်ကစားသံများ ရောယှက်နေသည်။

ကျင်းလုံ...

ကျင်းလုံသည် သူတို့နှင့် သွားရောက်ပူးပေါင်းနိုင်ပါသည်။ သူ့တွင် ထိုသို့ပူးပေါင်းရန် အဆင့်အတန်းရှိပြီး သဲမြွေဟောက် ဆက်ခံသူထက်ပင် ပို၍ များပြားသော ကုသိုလ်များကို စွမ်းဆောင်ပေးထားခဲ့သည်။ သို့သော်လည်း ရိုးသားစွာ ဝန်ခံရလျှင် သူသည် အေးစက်သော ညယံတွင် အပြင်ဘက်၌သာ နေရသည်ကို ပို၍ နှစ်သက်မိသည်။

သူသည် ရွှံ့နွံများပေါ်တွင် ချထားသော ကြမ်းတမ်းသည့် စားပွဲတစ်လုံးတွင် ထိုင်နေသည်။ သူ၏အထက်တွင် မိုးဒဏ်မှ ကာကွယ်ရန်နှင့် အရိပ်ရရန်အတွက် အဝတ်စတစ်စကို ဆွဲဆန့်ထားသည်။ နေမြင့်လာသောအခါ ထိုနေရာသည် ပူပြင်းလာပြီး နေမရှိသောအခါတွင်တော့ အေးစက်သွားတတ်သည်။

သို့သော် သူ့အတွက် သက်တောင့်သက်သာရှိမှုသည် ဒုတိယဦးစားပေးသာ ဖြစ်သည်။ ဤနေရာသည် သူ့အား သူ၏ တာဝန်များကို အာရုံစိုက်နိုင်စေသည်။ တဲကြီးဆီသို့ လာမည့် မည်သည့် တိုက်ခိုက်မှုကိုမဆို တားဆီးနိုင်မည့် နေရာလည်း ဖြစ်သည်။ ထို့အပြင် ခရယ်၏ လိုအင်ဆန္ဒတိုင်းကို တုံ့ပြန်နိုင်ရန် လုံလောက်သော အနီးအနားတွင်လည်း ရှိနေပေသည်။

ခရယ်...

ကျင်းလုံ ထိုအမည်ကို တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် သူ၏ သခင်က တဲထဲမှ ခေါင်းပြူထွက်လာသည်။ ခရယ်သည် အသက် နှစ်ဆယ့်နှစ်နှစ် အရွယ်ရှိပြီး နှစ်ပေါင်းများစွာ သိုင်းပညာ ကျင့်ကြံထားမှုကြောင့် ကျစ်လျစ်တောင့်တင်းသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။

သူသည် ပြုံးလိုက်သောအခါတွင်မူ ပြဿနာများမှ လွတ်မြောက်ရန် ဆွဲဆောင်ဖြားယောင်းတတ်သော လူဆိုးတစ်ယောက်နှင့် တူသည်။ ယခုလည်း သူက ပြုံးနေခဲ့သည်။ သူ၏ ကိုယ်ခန္ဓာပေါ်မှ ရေများ စီးကျနေပြီး အနက်ရောင် ဆံပင်များက မျက်နှာနှင့် လည်ပင်းတွင် ကပ်နေသည်။ သူ၏ ခါးတွင် ပတ်ထားသော တဘက်ပင်လျှင် ရေရွှဲနေခဲ့သည်။

“ရေ နည်းနည်းလောက် ထပ်ယူခိုင်းလိုက်ပါလား...”

ခရယ်က ပြောလိုက်သည်။ ခရယ်သည် ဖခင်ဖြစ်သူ၏ ရာထူးကို မဆက်ခံရသေးသော်လည်း၊ ဂိုဏ်းအတွင်း သူ၏ ကြီးမားသော လွှမ်းမိုးမှုကြောင့် သဲမြွေဟောက်များက သူ့ကို ခေါင်းဆောင်ငယ်ဟု ခေါ်ဝေါ်ကြသည်။ သူက အမိန့်ပေးနေခြင်း ဖြစ်သော်လည်း၊ တောင်းဆိုနေဟန် ဟန်ဆောင်ရလောက်အောင် ကျင်းလုံ အပေါ် လေးစားမှု ရှိပေသည်။

“ဘယ်လိုဖြစ်ပြီး ရေတွေ ကုန်ကုန်သွားမှန်း မသိပါဘူး...”

ထိုစကားအဆုံးတွင် တဲအတွင်းမှ ရယ်မောသံများ ထွက်ပေါ်လာပြီး သူ၏ အပြုံးက ပို၍ တောက်ပလာခဲ့သည်။

ကျင်းလုံသည် အနီးနားရှိ သဲမြွေဟောက် ဂိုဏ်းတွင် မွေးဖွားလာသော အစေခံ လူငယ်နှစ်ဦးကို ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အချက်ပြမှုကြောင့် သူတို့သည် အစောပိုင်းက ဖြည့်ခိုင်းထားသော ရေအိုးများကို ရှာဖွေရန် ပြေးထွက်သွားကြသည်။

သယ်လာသော ရေများကို အပူပေးရန် တဲအတွင်း၌ မှော်ပစ္စည်း များ ရှိသည်။ သို့သော် မာဒြာ မှတစ်ဆင့် ရေကို ဖန်တီးနိုင်သော မှော်ပစ္စည်း မျိုးသာ ရှိမည်ဆိုလျှင်၊ သန့်စင်သောရေကန် ဂိုဏ်းမှ ဝိညာဉ်ပန်းပဲဆရာ များသာ ယင်းတို့ကို ဖန်တီးနိုင်လောက်အောင် ကျွမ်းကျင်ပေလိမ့်မည်။

ဖစ်ရှာ များလည်း ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်မည် ဖြစ်သည်။ သို့သော် သူသည် သဲမြွေဟောက်များ၏ ဘိုးဘွားစဉ်ဆက် ရန်သူများနှင့် မည်သို့မျှ ပတ်သက်၍ မရနိုင်ပေ။ အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်း ပတ်သက်၍ မရနိုင်ပါချေ။

တောင်းဆိုမှုကို ဖြည့်ဆည်းပေးပြီးနောက် ကျင်းလုံသည် သူ၏ အလုပ်ကိုသာ ပြန်လည် အာရုံစိုက်လိုက်သည်။ ခရယ် ထွက်သွားလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း... ထိုဆက်ခံသူက ထွက်မသွားသေးဘဲ သက်ပြင်းချလိုက်သည်။

“မင်းက အစေခံမှ မဟုတ်တာ...”

သူက ပြောလိုက်သည်။

ကျင်းလုံသည် ထိုစကားကြောင့် အနည်းငယ် အံ့သြသွားကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

“ငါက ငါ့ကိုယ်ငါ အဲဒီလို ထင်နေရင် ဒီမှာ နေမှာမဟုတ်ဘူး...”

သူနှင့် ခရယ်သည် သိုင်းပညာ ကျင့်စဉ်များတွင် တူညီသော အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် ကျင်းလုံသည် သူကိုယ်တိုင် မဟာမိတ် အဖွဲ့ငါးခု အတွင်း၌ အသန်မာဆုံးသော အဆင့်မြင့် ရွှေအဆင့် ဖြစ်သည်ဟု ယူဆရလောက်အောင် မာနမကြီးပေ။ သို့သော် သဲမြွေဟောက်များကြားတွင်မူ သူသည် အကောင်းဆုံး ဖြစ်ကြောင်း သေချာပါသည်။

ဂိုဏ်းက သူ့အပေါ် မတရား ဆက်ဆံနေသည်ဟု သူ ထင်ခဲ့လျှင် သူတို့အားလုံးကို ခုတ်ထစ်ကာ ထွက်သွားမည် ဖြစ်ပြီး၊ ယင်းကို ခရယ်လည်း သိထားသည်။ သူ့ကို အနိုင်ယူနိုင်စွမ်းရှိသူဟူ၍ စစ်မှန်သော ရွှေအဆင့် ရှိသည့် လက်ရှိ ခေါင်းဆောင်သာ ရှိသည်။ ခရယ်၏ ဖခင်မှာလည်း အမဲလိုက်ထွက်နေသည်။

ခရယ်က ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင် ဘာလို့ အစေခံတစ်ယောက်လို အလုပ်လုပ်နေရတာလဲ... လာ... ငါတို့နဲ့ လာပူးပေါင်းပါ...”

ခရယ်က တဲအစကို အနည်းငယ် ဖယ်လိုက်ရာ စိုစွတ်သော လေပူတစ်ချက်က ညလေထုထဲသို့ ဝင်ရောက်လာသည်။

ဤစကားကို ပြောလိုက်ချိန်တွင် တဲအတွင်းမှ မည်သူက မငြင်းဆန်ကြပေ။ သို့သော် သူတို့သည် ကျင်းလုံ လာရောက် ပူးပေါင်းမည်ကို လုံးဝ မလိုလားကြသည်ကတော့ သေချာပါသည်။

“သူတို့ကို ငါ့ကြောင့် စိတ်မဆင်းရဲစေပါနဲ့... သူတို့ ပျော်နေကြတာပဲ...”

ကျင်းလုံက ခြောက်ကပ်ကပ် ပြောလိုက်သည်။

ခရယ်၏ အပြုံးက ပိုမို ထက်မြက်လာသည်။

“သူတို့ ဘာမှ ပြောမှာ မဟုတ်ပါဘူး... ဒါကိုတော့ ငါ ကတိပေးတယ်... ကျေးဇူးရှင်ကို သူတို့ သိပါတယ်...”

သူတို့၏ မကျေနပ်မှုကို ဖော်ပြရန် စကားလုံးများ လိုအပ်မည်မဟုတ်ကြောင်း ကျင်းလုံ သိသည်။ တဲအတွင်းရှိ လူများသာ မကပါချေ။

တကယ်တော့ ဘယ်သူမှ လိုအပ်မည် မဟုတ်ပေ။ အထူးသဖြင့်... သွေးသံရဲရဲနှင့် ညီမလေး ကိုယ်လုံးကို ပွေ့ချီကာ မိသားစုထံသို့ သူ ပြန်လာခဲ့ချိန်က ဖြစ်သည်။ သူ၏ မိဘများသည် သမီးဖြစ်သူ၏ ကံကြမ္မာထက် သူ၏ မျက်နှာကို ပို၍ ထိတ်လန့်သွားခဲ့ကြသည်။

“မင်းကိုယ်မင်း ဘာလုပ်ခဲ့တာလဲ...” ဟု သူတို့က သူ့ကို မမေးခဲ့ကြပေ။

“အဲဒီလိုလုပ်ခဲ့တာ တန်ရဲ့လား...” ဟုလည်း သူတို့ မပြောခဲ့ကြပေ။

ကျင်း ခေါင်းဆောင်ကြီး က သူ့ကို လူသူကင်းမဲ့သော တောရိုင်းမြေ သို့ နှင်ထုတ်လိုက်ချိန်တွင်၊ စကားလုံးများသည် အနှစ်သာရမရှိဘဲ ဟောင်းလောင်းပေါက် ဖြစ်နေခဲ့သည်။ အဘိုးအို၏ စိတ်ပျက်မှုများက အခန်းတစ်ခုလုံးကို ပျံ့နှံ့နေပြီး သက်စောင့် အော်ရာ များ ပုံစံဖော်ထားသကဲ့သို့ပင် ထိတွေ့ခံစား၍ ရနေသည်။

ကလန်၏ အနာဂတ်ကို လမ်းပြပေးမည့် ကြယ်ပွင့်သည် လမ်းစဉ် မှ သွေဖည်သွားခဲ့ပြီး သူ၏ အနာဂတ် တိုးတက်မှုကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့အပြင် သူသည် အလွန် အရုပ်ဆိုးနေခဲ့သည်။ ဤကဲ့သို့သော အခြေအနေဖြင့် သူသည် ကျင်း ကလန်ကို မည်သို့ ကိုယ်စားပြုနိုင်မည်နည်း။

သူတို့ကြားတွင် အမှန်တကယ် အရေးကြီးသော အရာတစ်ခုကိုမျှ ပြောစရာ မလိုခဲ့ပေ။ သူ ကလန်သို့ ပြန်သွားပြီး ခေါင်းဆောင်ကြီး ကို ရာထူးမှ ဖယ်ရှားကာ ကျန်ရှိသော မိသားစုဝင်များကို သူ၏ရှေ့တွင် ဦးညွှတ်စေမည့် အချိန်ရောက်လျှင်လည်း မည်သည့် မိန့်ခွန်းမှ လိုအပ်မည် မဟုတ်ပေ။ အခြားအရာအားလုံးထက် ကျင့်ကြံသူ များသည် စွမ်းအားကိုသာ လေးစားကြသည်။

ကျင်းလုံသည် သူ၏ စွမ်းအားကို အသုံးပြုရန် ရည်ရွယ်ထားသည်။

“ငါက လက်ခံမယ်လို့ မင်း ထင်နေတာလား...”

သူက ခရယ်ကို မေးလိုက်ရာ ခေါင်းဆောင်ငယ်က ခါးသီးစွာ ရယ်မောလိုက်သည်။

“တကယ်တော့ မထင်ပါဘူး... ဒါပေမဲ့ မဖိတ်ခေါ်ဘူးဆိုရင် ငါက ဘယ်လို အိမ်ရှင်မျိုး ဖြစ်သွားမလဲ...”

ခရယ်တွင် သူ၏ အားနည်းချက်များ ရှိသည်။ သူသည် သိုင်းပညာ ကျင့်စဉ်များကို လေးစားလောက်သော ဇွဲလုံ့လဖြင့် လိုက်စားသော်လည်း အခြားသော အလုပ်များကိုမူ တွန့်ဆုတ်နေတတ်သည်။ သူသည် ပျင်းရိသည်၊ စိတ်တိုလွယ်သည်၊ ဒေါသထွက်လွယ်သည်၊ တောင်းပန်ရန် နှေးကွေးသည်၊ မာနကြီးပြီး တခါတရံ ရက်စက်တတ်သည်။ သို့သော် သူသည် ကျင်းလုံအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး ထိုအရာကို ဘယ်တော့မှ မေ့ပျောက်သွားမည် မဟုတ်ပေ။

ကျင်းလုံသည် ဆက်လက် ပြောရန် မလိုအပ်သောကြောင့် ဤအရာများထဲမှ တစ်ခုကိုမျှ မပြောခဲ့ပေ။ သူ လက်ကာပြလိုက်သည်။

“မင်း အပူတွေကို အပြင်ရောက်အောင် လုပ်နေတယ်... ဝိုင် ထပ်လိုရင် ငါ့ကို ခေါ်လိုက်ပါ...”

ခရယ်က ထပ်မံ၍ သက်ပြင်းချလိုက်သော်လည်း အထဲသို့ ပြန်ဝင်သွားခဲ့သည်။ ရယ်မောသံများက ချက်ချင်းဆိုသလို ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ကျင်းလုံသည် သူ့အောက်ရှိ စာရွက်များကို ငုံ့ကြည့်လိုက်ပြီး အလင်းရောင် ရရှိစေရန် သူ၏ လက်ညှိုးထိပ်တွင် ကြယ်ပွင့်ငယ်လေးတစ်ခုကို ဖန်တီးလိုက်သည်။ စားပွဲပေါ်တွင် စာရွက်ပုံ လေးပုံ ရှိပြီး လေးပိုင်းခန့် ခွဲခြားထားသည်။ စာရွက်တိုင်းက မြေပုံတစ်ခုစီ ဖြစ်သည်။ မြေပုံများသည် ကြမ်းတမ်းပြီး မတူညီသော လက်များစွာဖြင့် ရေးဆွဲထားကာ မပြည့်စုံပေ။ ကျင်းလုံသည် ကွက်လပ်များစွာပေါ်တွင် သူ၏ ကိုယ်ပိုင် မှတ်စုများကို ရေးမှတ်နေသည်။ အခြား မြေပုံများမှ အချက်အလက်များနှင့် သူ၏ ကိုယ်ပိုင် ကောက်ချက်ချမှုများဖြင့် ဖြည့်စွက်ကာ ပြီးပြည့်စုံသော ပုံစံပြမြေပုံတစ်ခုကို ဖြည်းဖြည်းနှင့် မှန်မှန် တည်ဆောက်နေခြင်း ဖြစ်သည်။

ဖြေရှင်းရန် ပဟေဠိများစွာ ကျန်ရှိနေသေးသော်လည်း၊ အချက်အလက်များ တစ်ခုတည်းအဖြစ် စုစည်းလာသည်ကို သူ ခံစားသိရှိနိုင်သည်။ နောက်ထပ် တစ်ပတ် သို့မဟုတ် နှစ်ပတ်ကြာလျှင် သူသည် အခြားသော မဟာမိတ် အဖွဲ့ငါးခု ထက် သာလွန်သော အားသာချက်တစ်ခုကို ရရှိမည် ဖြစ်သည်။ ယင်းမှာ ရှေးဟောင်း အပျက်အစီး ၏ မြေပုံပင် ဖြစ်သည်။

ရှေးဟောင်း ကျင်း လှံနှင့် ပတ်သက်၍ လက်ဆင့်ကမ်းလာခဲ့သော ဇာတ်လမ်းများသည် အမှန်တရားထက် ဒဏ္ဍာရီ ပိုဆန်သည်။ သို့သော် အချက်နှစ်ချက်ကတော့ အတော်အတန် သေချာလောက်အောင် အမှန်တရားအဖြစ် ကျန်ရှိနေသေးသည်။

တစ်ချက်ကတော့ လှံသည် အပျက်အစီးများထဲရှိ တစ်နေရာရာတွင် ကျန်ရှိနေသည်မှာ လုံးဝနီးပါး သေချာနေခြင်း ဖြစ်သည်။ ကျင်း မိခင်ခေါင်းဆောင်ကြီး ဝင်ရောက်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသူ ရာနှင့်ချီ ရှိခဲ့သည်။ လူသိများသော ဇာတ်လမ်းများက သူမသည် အတွင်း၌ သေဆုံးသွားသည်ဟု ဆိုကြသော်လည်း၊ သူမ၏ အနီးကပ်ဆုံး အကြံပေးများကမူ သူမသည် အပျက်အစီးများထဲမှ အားနည်းချည့်နဲ့ကာ ဒဏ်ရာများဖြင့် ပြန်ထွက်လာခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သူမသည် လှံကို အထဲတွင် ထားခဲ့ကြောင်း ထိုအကြံပေးများကို ပြောပြခဲ့ပြီး ရက်အနည်းငယ်အကြာတွင် သေဆုံးသွားခဲ့သည်။

ထိုဇာတ်လမ်း မှန်ကန်သည်ဟု ယူဆရန် သူ့ထံတွင် လုံလောက်သော အချက်အလက်များ ရှိသည်။ သို့သော် သူ အတည်ပြုထားသော ဒုတိယအချက်တစ်ချက် ရှိသေးပြီး ၎င်းမှာလည်း တန်းတူ အရေးကြီးသည်။ လှံသည် ဝိညာဉ်အကြွင်းအကျန် များ၏ စွမ်းအားကို တကယ်ပင် မျိုချနိုင်ခဲ့ပြီး ထိုစွမ်းအားများကို မိခင်ခေါင်းဆောင်ကြီး၏ စွမ်းအားများထဲသို့ ပေါင်းထည့်ပေးနိုင်ခဲ့သည်။ သူမ၏ အကြံပေးတစ်ဦးသည် ထိုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာခဲ့ပြီး ဖြစ်နိုင်ချေရှိသော နည်းလမ်းများနှင့် အစီအရင် တစ်မျိုးမျိုး ဖြစ်နိုင်သည့် လှံရိုးပေါ်ရှိ မှော်သင်္ကေတ အချို့ကိုပင် မှတ်တမ်းတင်ထားခဲ့သည်။ အစောပိုင်း ကျင်း ကလန်သည် လှံကို ပုံတူကူးရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် ကျရှုံးသွားခဲ့ကြသည်။

ထိုအရာသည် လျင်မြန်စွာ အဆင့်တက်ရန်အတွက် အစွမ်းထက်သော နည်းလမ်းတစ်ခုဖြစ်သည်ဟူသောအချက်မှလွဲ၍ အခြား မည်သူကမျှ ထိုစွမ်းရည်၏ သဘာဝကို မစဉ်းစားခဲ့ကြပေ။

အခြားသူများသည် လှံကို အကြောင်းပြချက် တစ်ခုတည်းအတွက်သာ ရှာဖွေနေကြသည်ဟု သူ သေချာပေါက် ယုံကြည်ထားသည်။ ယင်းမှာ ထိုလှံဖြင့် သူတို့သည် စစ်မှန်သော ရွှေအဆင့် ၏ အတားအဆီးများကို ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်မည် ဟူ၍ပင် ဖြစ်သည်။

***

ဘာသာပြန် မှတ်ချက် ။ နတ်ဘုရားပုခက် ဝတ္ထုမှ ကျင့်ကြံခြင်း အဆင့် အချို့ စာရင်း

(၁) အခြေခံ အဆင့်

(၂) ကြေးအဆင့်

(၃) သံမဏိ အဆင့်

(၄) ကျောက်စိမ်း အဆင့်

(၅) ရွှေအဆင့်

- အဆင့်နိမ့် ရွှေအဆင့်

- အဆင့်မြင့် ရွှေအဆင့်

- အစစ်အမှန် ရွှေအဆင့်

(၆) အရှင်သခင် အဆင့်

- အဆင့်နိမ့်

...

***

အပိုင်း(၁၀၄)

လူသူကင်းမဲ့သော တောရိုင်းမြေတွင် အဆင့်နိမ့် အရှင်သခင် အဆင့် တစ်ဦးတည်းသာ ရှိပြီး၊ မဟူရာမီးတောက် အင်ပါယာ တွင်လည်း လက်တစ်ဆုပ်စာမျှသာ ရှိသည်။ အစစ်အမှန် ရွှေအဆင့် ကို ကျော်လွန်၍ အဆင့်တက်ခြင်းဆိုသည်မှာ သာမန် အသိတရား နယ်ပယ်ကို ကျော်လွန်၍ တိုးတက်သွားခြင်း ဖြစ်ပြီး မြေကြီးမှ ကောင်းကင်သို့ တစ်ရှိန်ထိုး တက်လှမ်းသွားခြင်းပင် ဖြစ်သည်။

သူတို့အားလုံးက သေးသိမ်စွာ တွေးတောခဲ့ကြသည်။ ပို၍ တိကျစွာပြောရလျှင် သူတို့၏ အမြင်များက ကျဉ်းမြောင်းလွန်းသည်။ သဲမြွေဟောက် ဂိုဏ်းအပါအဝင် ကျင်းလုံ၏ ပြိုင်ဘက်များသည် အဆင့်တက်ရေးကိုသာ အာရုံစိုက်လွန်းနေကြသဖြင့်၊ အခြားတစ်ယောက်၏ စွမ်းအားကို မျိုချခြင်းသည် မည်သို့သော အဓိပ္ပာယ်ရှိသည်ကို စဉ်းစားရန် လစ်လျူရှုထားခဲ့ကြသည်။

မည်သူကမျှ မိမိတို့၏ မာဒြာ နှင့် လွန်စွာ ကွာခြားနေသော မာဒြာ ကို စုဆောင်း၍ မရနိုင်ပေ။ ထိုအရာသည် အခြေခံ စည်းမျဉ်းတစ်ခုဖြစ်ပြီး ထိုလှံက ချိုးဖောက်နိုင်လိမ့်မည်ဟု ကျင်းလုံ ယုံကြည်ရန် အကြောင်းပြချက် မရှိပေ။ အကယ်၍ အလင်းနှင့် ဓား သဘာဝများ ပါဝင်သော မာဒြာ ကို ပိုင်ဆိုင်ထားသည့် သူသည် သဲမြွေဟောက် ဝိညာဉ်အကြွင်းအကျန် တစ်ခုကို စုပ်ယူရန် ကြိုးစားပါက လှံက သူ့ကို ခွင့်ပြုနိုင်ပေလိမ့်မည်။ သူ၏ မာဒြာ သည် အဆိပ်သင့် သဘာဝတစ်ခုကို ရရှိလာမည်ဖြစ်ပြီး၊ လှည့်ပတ်ရန် သင့်လျော်သော အော်ရာ ကို ရှာဖွေရာတွင် ပို၍ အခက်အခဲ ရှိလာမည် ဖြစ်သော်လည်း သူ လုပ်နိုင်စွမ်း ရှိရမည် ဖြစ်သည်။

သို့သော်လည်း... အကယ်၍ သူသာ ဖစ်ရှာ တစ်ယောက်၏ ဝိညာဉ်အကြွင်းအကျန် ကို ယူလိုက်မည်ဆိုလျှင် ဘာတွေ ဖြစ်လာနိုင်မည်နည်း။

စုပ်ယူခြင်း လုပ်ငန်းစဉ် ကျရှုံးသွားနိုင်မည့် ကန့်သတ်ချက် တစ်ခုတော့ ရှိသည်။ မကျရှုံးခဲ့လျှင်တောင် ကွဲပြားသော မာဒြာ အမျိုးအစားများသည် ကြမ်းတမ်းပြီး ဖရိုဖရဲ ပုံစံများဖြင့် ရောနှောသွားနိုင်သည်။ ယင်းက သူ၏ အမြုတေ ကိုပင် ပျက်စီးစေနိုင်သည်။ သို့တည်းမဟုတ်... မာဒြာ များက သူ့ထံသို့ ပြန်လှည့်လာကာ သူ၏ ကိုယ်ခန္ဓာကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်နိုင်ပေသည်။

မဖြစ်နိုင်ပေ။ လူတိုင်းက လှံကိုယူပြီး သူတို့၏ ရန်သူများ၏ စွမ်းအားများကို ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ စုစည်းရန် စိတ်ကူးယဉ်နေကြသော်လည်း၊ ထိုအရာသည် ကလေးဆန်သော စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်သည်။ ယင်းက ဘယ်တော့မှ အလုပ်ဖြစ်မည် မဟုတ်ပေ။

ကိုက်ညီမှုရှိသော မာဒြာ ကို မျိုချသည့် အချိန်တွင်သာ လှံသည် အကောင်းဆုံး အခြေအနေတွင် ရှိနေမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် တူညီသော လမ်းစဉ် ရှိ ကျင့်ကြံသူ များထံမှ မာဒြာ ဖြစ်သည်။

ကျင်းလုံသာ ထိုလှံကို ကိုင်ဆောင်ထားမည်ဆိုလျှင် သူသည် ကြယ်တာရာလှံ လမ်းစဉ် မှ အခြားသူများကို ခုတ်ထစ်သတ်ဖြတ်ရုံဖြင့် အဆင့်တက်နိုင်မည် ဖြစ်သည်။ ထိုသူများမှာ ကျင်း ကလန်၏ သွေးသားရင်းချာများပင် ဖြစ်သည်။ ထို့နောက် ၎င်းတို့၏ ဝိညာဉ်အကြွင်းအကျန် များကို ဖယ်ရှားပစ်ရုံသာ ဖြစ်သည်။

လှံ၏ သဘာဝသည် သူ၏ ဆန္ဒများနှင့် အလွန် ကိုက်ညီနေခဲ့သည်။ ထို့ကြောင့် ၎င်းကို ကောင်းကင်ဘုံ၏ အလိုဆန္ဒတစ်ခုအဖြစ် သူ သတ်မှတ်လုနီးပါး ဖြစ်သွားခဲ့သည်။

ပို၍ကောင်းသည်မှာ အခြားသော အဖွဲ့အစည်း များက ဤအရာကို ခွန်အားပြိုင်ပွဲတစ်ခုအဖြစ် မှတ်ယူနေကြခြင်း ဖြစ်သည်။ ယခု သူ စဉ်းစားကြည့်ရာတွင် ထိုအချက်သည် အရာအများစုကို သူတို့ သတ်မှတ်ထားသည့် ပုံစံပင် ဖြစ်နေသည်။ သူတို့သည် ရှေးဟောင်း အပျက်အစီး အတွင်းသို့ အတင်း ဝင်ရောက်သွားကြသည်။ အတွင်း၌ ချိတ်ပိတ်ထားသော သားရဲဆိုးများနှင့်တကွ အခြားသော ပြိုင်ဘက်များကိုပါ တိုက်ခိုက်ကြသည်။ အင်အားအကြီးမားဆုံးသူကသာ ထိပ်ဆုံးသို့ ရောက်လာမည်ဟူသော နားလည်မှုဖြင့် ဖြစ်သည်။

ကျင်းလုံသည် သူ့ကိုယ်သူ မာနကြီးသူတစ်ယောက်အဖြစ် မသတ်မှတ်ထားပေ။ သို့သော် တခါတရံတွင် မျက်မမြင်များကြား၌ သူတစ်ယောက်တည်းသာ မျက်စိမြင်သူဖြစ်နေသကဲ့သို့ ထင်ရတတ်သည်။ အသန်မာဆုံးသူများသည် အမြဲတမ်း အနိုင်ရသူများ မဟုတ်ကြောင်းကို သူတို့ မမြင်နိုင်ကြချေ။

ထို့ကြောင့် အစေခံ လူငယ်လေးများ ပြန်ရောက်လာချိန်အထိ သူ မြေပုံကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။ သူတို့သည် သူတို့၏ ကိုယ်လုံးထက်ပင် ကြီးမားသော ရေအိုးများကို သယ်ဆောင်လာကြသည်။ အပြင်သို့ ပြန်အပြေးတွင် သူတို့ထဲမှ တစ်ယောက်က ကျင်းလုံ၏ စားပွဲ၌ ရပ်တန့်လိုက်သည်။ ထို့နောက် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

ကျင်းလုံ သတိထားမိပြီး ခေါင်းမော့ကြည့်လာသည့်တိုင်အောင် သူက ထိုအတိုင်းပင် နေနေခဲ့သည်။

“ဘာကိစ္စလဲ....”

“အပြန်လမ်းမှာ ဂရင် နဲ့ ဆုံခဲ့တယ်....”

ကောင်လေးက ပြောလိုက်သည်။

“သူ့အမေက သူ့ကို ကျင့်ကြံဖို့ ခေါ်ထားလို့ ဒီည သတင်းတွေ လာမပို့နိုင်တော့ဘူးတဲ့.... ဒါကြောင့် ကျွန်တော့်ကို လက်ဆင့်ကမ်းပေးလိုက်တာပါ....”

ကျင်းလုံ သက်ပြင်းချတော့မလို ပြင်လိုက်သော်လည်း ပြန်လည် ထိန်းချုပ်ထားလိုက်သည်။ ပုံမှန် သတင်းပို့သူက ဘာကြောင့် ဒီလောက် ကြာနေသလဲဟု သူ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

သဲမြွေဟောက်များကြားတွင် စည်းကမ်းသေဝပ်မှု မရှိခြင်းကို သူ ထပ်မံ၍ စိတ်ပျက်မိပြန်သည်။ ကျင်း မိသားစုနှင့် ပတ်သက်၍ သူ မုန်းတီးသောအရာများစွာ ရှိသည်။ သို့သော် သူတို့က မဟူရာမီးတောက် အင်ပါယာ တွင် ပထမတန်းစား ကလန်တစ်ခု ဖြစ်နေရခြင်းမှာ အကြောင်းပြချက် ရှိပေသည်။ သဲမြွေဟောက်များကမူ လူသူကင်းမဲ့သော တောရိုင်းမြေ တွင် ဒုတိယတန်းစား ဂိုဏ်းတစ်ခုမျှသာ ဖြစ်နေဆဲ ဖြစ်သည်။ အဖွဲ့အစည်းနှင့် ထိန်းချုပ်မှု မရှိလျှင် စွမ်းအားဆိုသည်မှာ အဓိပ္ပာယ် မရှိပေ။

သူက စိတ်မရှည်စွာဖြင့် လက်ဟန်ပြလိုက်ရာ ကောင်လေး၏ ကျောရိုးမှာ တံမြက်စည်းရိုးကဲ့သို့ တောင့်တင်းသွားခဲ့သည်။

“အစ်ကို.... ကြီးကြပ်သူက သတ္တုတွင်းလုပ်သားတွေ စတုတ္ထထပ်ရဲ့ အနောက်တောင်ဘက် ထောင့်ကို သွားလို့မရဘူးလို့ ပြောလိုက်တယ်လို့ ဂရင် က မှာလိုက်ပါတယ်.... သားရဲတွေ အရမ်းများနေလို့ပါတဲ့....”

ကျင်းလုံသည် မှတ်စုတစ်ခုကို ကပျာကယာ ရေးမှတ်လိုက်သည်။ ရှေးဟောင်း အပျက်အစီး ၏ ဝင်ပေါက်နှင့် အနီးဆုံး အထပ်လေးထပ်တွင်၊ ဧရိယာတစ်ခုလုံးနီးပါး၏ တိကျသော မြေပုံများကို သူ ရရှိထားပြီး ဖြစ်သည်။ နေရာအနည်းငယ်သာ ကွက်လပ်အဖြစ် ကျန်ရှိနေတော့သည်။ ထို့ကြောင့် သတ္တုတူးဖော်ရေး အဖွဲ့များကို သူတို့၏ လုပ်ငန်းများ ရွှေ့ပြောင်းရန် သူ အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

“မနက်ဖြန် နေဝင်ချိန်မတိုင်ခင် အဆင့်နိမ့် ရွှေအဆင့် အစောင့် သုံးယောက် ထပ်ရောက်လာမယ်လို့ ကြီးကြပ်သူကို သွားပြောလိုက်....”

ကျင်းလုံက ပြောလိုက်သည်။ အစောင့် တစ်ယောက်တည်းကပင် သတ္တုတွင်း အဖွဲ့ကို သားရဲဆိုးများ၏ ရန်မှ ကာကွယ်ရာတွင် ကြီးမားသော အကူအညီ ဖြစ်စေနိုင်သည်။ သုံးယောက်ဆိုသည်မှာ များလွန်းကောင်း များလွန်းနေပေမည်။ သို့သော် ဤသည်မှာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး သူက အနိုင်ရရန် ရည်ရွယ်ထားသည်။

သတင်းပို့သည့် ကောင်လေးသည် ထိုနေရာတွင် ရပ်ကာ စကားလုံးများကို ပါးစပ်မှ ရေရွတ်နေခဲ့သည်။ ကျင်းလုံ၏ စကားကို မှတ်ဉာဏ်ထဲသို့ ခက်ခက်ခဲခဲဖြင့် မှတ်သားနေခြင်း ဖြစ်သည်။ သူ ပြီးစီးသွားသောအခါ တစ်ဖန် ပြန်လည် မတ်တတ်ရပ်လိုက်သည်။

“ကျင်း ကလန်ဆီကလည်း သတင်းတစ်ခု ရှိပါသေးတယ် အစ်ကို.... ဒီနေ့ ဂိတ်တံခါးဝမှာ အဆင့်နိမ့် ရွှေအဆင့် သူစိမ်း မိန်းကလေးတစ်ယောက် ရောက်လာတယ်တဲ့.... ပြီးတော့ သူနဲ့အတူ ကြေးအဆင့် တစ်ယောက်လည်း ပါလာတယ်တဲ့....”

“သားအမိတွေလား....”

ကောင်လေးသည် ခေါင်းယမ်းလိုက်ပြီး သူ၏အပြုံးတွင် လှောင်ပြောင်သည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

“ဂရင် ကိုယ်တိုင် အဲဒီ ကြေးအဆင့် ကို မြင်ခဲ့တာပါ.... သူက အဆင့်နိမ့် ရွှေအဆင့် မိန်းကလေးထက်တောင် အသက်ပိုကြီးပုံရတယ်လို့ ပြောပါတယ်....”

ထိုသို့သော အခြေအနေမျိုး တစ်ခါတစ်ရံတွင် ဖြစ်ပေါ်တတ်ပါသည်။ ကလေးတစ်ယောက်သည် လွန်စွာ အားနည်းသော ဝိညာဉ် ဖြင့် မွေးဖွားလာခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် သူ ဆက်လက် အဆင့်မတက်နိုင်မီ မတော်တဆမှု တစ်ခုခုကြောင့် ချည့်နဲ့သွားခြင်းမျိုး ဖြစ်နိုင်သည်။ ထိုကံဆိုးသူများသည် လှောင်ပြောင်မှုများနှင့် မထိုက်တန်ဘဲ သနားကြင်နာမှုနှင့်သာ ထိုက်တန်ပါသည်။

သို့သော် သူတို့ မည်သို့ပင် ထိုက်တန်စေကာမူ ဤတစ်ယောက်သည် ကျင်းလုံ၏ အာရုံစိုက်မှုကို အနည်းငယ်မျှပင် မရရှိခဲ့ပေ။

“အပြင်လူတွေ ဂိတ်တံခါးကို ရောက်လာတိုင်း ငါ့ဆီ လာသတင်းပို့နေမယ်ဆိုရင် မင်းရဲ့ ခြေထောက်တွေ ပွန်းပဲ့ကုန်လိမ့်မယ်....”

“မဟုတ်ဘူး၊ အဲဒါက.... ကြေးအဆင့် က ထူးဆန်းရုံလေးပါ အစ်ကို.... အဲဒါက အရေးမကြီးပါဘူး.... အရေးကြီးတာက အဲဒီ ရွှေအဆင့် မိန်းကလေးက သဲမြွေဟောက် ရက်ရှ် ကို သူ့အဖွဲ့အလယ်မှာတင် ရိုက်နှက်သွားတာပါ.... ပြီးတော့ ကျင်း ကလန်က တစ်ယောက်နဲ့ အတူ ထွက်သွားတယ်တဲ့....”

“ဪ....”

သတင်းထဲတွင် ကြေးအဆင့် အကြောင်းကို ဘာကြောင့် ထည့်ပြောခဲ့ရသည်ကို ယခုအခါ ကျင်းလုံ နားလည်သွားခဲ့ပြီ။ သဲမြွေဟောက် ဂိုဏ်း၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရက်ရှ် ၏ အရှက်ကွဲမှုကို လက်စားချေလိုပါက၊ ကျင်း အကာအကွယ်အောက်ရှိ အဆင့်နိမ့် ရွှေအဆင့် တစ်ဦးကို သူ အပြစ်ပေး၍ မရနိုင်ပေ။ ထိုအစား ကြေးအဆင့် ကိုသာ ပစ်မှတ်ထားရမည် ဖြစ်သည်။

“သူတို့ အခု ဘယ်မှာလဲ....”

သူ၏ ကလန်ဟောင်းထံသို့ စာရေးရန် စုတ်တံကို နှစ်လိုက်ရင်း ကျင်းလုံက မေးလိုက်သည်။

“သူတို့ကို ကျင်း ကလန် တည်းခိုခန်းတစ်ခုကို ခေါ်သွားခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့ ခိုးထွက်သွားကြတဲ့ပုံပါပဲ.... ဘယ်သူမှ သူတို့ကို ရှာမတွေ့ဘူးဆိုတဲ့အကြောင်း အစ်ကို့ကို ပြောပြဖို့ ဂရင် က မှာလိုက်ပါတယ်....”

ကျင်းလုံ၏ ဆင်းရဲဒုက္ခများသည် ရွှေအဆင့် သို့ ပထမဆုံး တက်လှမ်းခဲ့ချိန်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲ၏ ပြင်းထန်မှုကြားတွင်၊ သူ၏ မိသားစုက သူ့အတွက် စီစဉ်ပေးထားသော ဝိညာဉ်အကြွင်းအကျန် အစား ထူးဆန်းသော ဝိညာဉ်အကြွင်းအကျန် တစ်ခုကို စုပ်ယူရန် သူ ဖိအားပေးခံခဲ့ရသည်။ ကြယ်တာရာ လှံ လမ်းစဉ် မှ လူအများစု ပိုင်ဆိုင်ထားသော ရွှေအဆင့် အမှတ်အသား အစား သူ့တွင် ကျိန်စာသင့်နေသော မျက်နှာတစ်ခု ရရှိခဲ့သည်။ ထုံးစံအားဖြင့် ထိုအမှတ်အသားမှာ ဦးထုပ်ဆောင်းထားသကဲ့သို့ ခိုင်ခံ့ပြီး သံမဏိကဲ့သို့ မာကျောသော ဆံပင်များ ဖြစ်သည်။ သူ့မျက်နှာကိုတော့.... သူ ကိုယ်တိုင်ပင် မစဉ်းစားလိုပေ။

ထို ရွှေအဆင့် အမှတ်အသား ကြောင့် အခြားသော အကျိုးဆက် အချို့လည်း ရှိခဲ့သေးသည်။ သူ၏ အသံမှာ ပြောင်းလဲမသွားခဲ့သော်လည်း၊ သူ၏ ရယ်မောသံကမူ....

သူ့ထံမှ ထွက်ပေါ်လာသော အသံသည် ရိုင်းစိုင်းပြီး ရူးသွပ်နေကာ စိတ်ဖောက်ပြန်နေသော လူသတ်သမားတစ်ယောက်၏ ရယ်မောသံကဲ့သို့ ဖြစ်နေသည်။ သူ၏ ပုံမှန်အသံမှာ အေးစက်ပြီး တည်ငြိမ်သော်လည်း၊ သူ ရယ်မောလိုက်သောအခါ သွေးဆာနေသော လူသတ်သမားတစ်ယောက်၏ အသံနှင့် တူနေလေတော့သည်။

All Chapters