← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 8 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 8 Ch. 107-108

အပိုင်း(၁၀၇)

လင်တုန်း စတုဂံပုံ ငွေတစ်ဝက် အနည်းငယ်ကို စားပွဲပေါ်သို့ လောင်းချလိုက်သည်။ အကယ်၍ ယင်းတို့ တန်ဖိုးမရှိခဲ့လျှင်လည်း သူ့ထံတွင် လဲလှယ်စရာ ငွေတစ်ဝက် ဓားမြှောင် ရှိနေသေးသည်။ သို့တည်းမဟုတ် ဤနေရာတွင် ငွေတစ်ဝက် သည် ကျောက်ခဲများကဲ့သို့ တန်ဖိုးမရှိလှလျှင်လည်း ဒေသသုံး ငွေကြေးဖြင့် လဲလှယ်နိုင်မည့် ရတနာတစ်ခုခုကို သူ သေချာပေါက် ရှာဖွေနိုင်မည် ဖြစ်သည်။ သူတို့နောက်မှ လိုက်ပါလာသော မိုင်တစ်ထောင် တိမ်တိုက် ပင်လျှင် ဈေးကောင်းရပါက ရောင်းချရန် တန်ဖိုးရှိပေလိမ့်မည်။

ထိုလူက သက်ပြင်းချလိုက်သည်။

“အကြေးခွံ လိုချင်တာ... တခြား ဘာမှ မရဘူး...”

သူက ပြောရင်း တိုကင်ပြားများကို ဖယ်ရှားရန် လက်ကို မြှောက်လိုက်သည်။ ငွေရောင်ထဲတွင် ကြယ်လေးများ တွယ်ကပ်နေသကဲ့သို့ အပြောက်အပြောက်များ ပါဝင်နေသော သတ္တုကို မြင်လိုက်ရချိန်တွင် သူ အေးခဲသွားခဲ့သည်။

သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ထိုအခါ လင်းတုန်းသည် အားနည်းသော သားကောင်တစ်ကောင်ကို အာရုံခံမိသွားသည်။

“ညီလေးကို ငါ ကူညီပေးနိုင်မယ် ထင်ပါတယ်...”

ထိုလူသည် သာမန်အတိုင်း ဖြစ်နေစေရန် အသံကို ထိန်းချုပ်ရင်း ပြောလိုက်သည်။

“မင်းတို့ အဲဒီလောက်တောင် လိုအပ်နေတယ်ဆိုရင် ငါ့ရဲ့ ကိုယ်ပိုင် အကြေးခွံ တချို့ကို ချေးပေးနိုင်ပါတယ်... မင်းရဲ့ အပြား နှစ်ပြားကို အကြေးခွံ တစ်ပြားနဲ့ လဲရင်ကော ဘယ်လိုလဲ...”

“ရှင်းရှင်းလင်းလင်း လုပ်ရအောင်...”

ယီရင်သည် စားပွဲပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရင်း စိတ်မရှည်စွာ ပြောလိုက်သည်။

“ဒါဆို ငါတို့ နှစ်ယောက်အတွက် ရှစ်ပြားပေးရမှာပေါ့...”

ထိုလူသည် ကောင်းကင်ဘုံမှ ရွှေမိုးရွာကျလာသည်ကို မြင်လိုက်ရသည့်အလား ဖြစ်သွားသည်။ သို့သော် သူသည် တိုကင်ပြားများကို မဆွဲယူနိုင်မီ လင်းတုန်းက သူ၏အိတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး ဖြစ်သည်။

“တောင်းပန်ပါတယ် အစ်ကိုကြီး... ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့က ဆင်းရဲတဲ့ ခရီးသည်တွေပါ... ဒီအပြား ရှစ်ပြားလုံး ပေးဖို့ကတော့ မသေချာဘူး... လေးပြားဆိုရင်တော့ ခင်ဗျား အရှုံးပေါ်သွားမှာ သေချာတယ်... ငါးပြားဆိုရင်ရော အဆင်ပြေမလား...”

ထိုလူက ယီရင်ကို လက်ညှိုးထိုးလိုက်သည်။

“သူက ရှစ်ပြားလည်း အဆင်ပြေတယ်လို့ ပြောတယ်လေ... သူ ပြောတာ...”

လင်းတုန်းသည် သူ၏ ငွေအိတ်ကြိုးကို တင်းကျပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ဟုတ်ပါတယ် သူမ ပြောခဲ့တယ်... ကြည့်ရတာ ကျွန်တော် တခြားနေရာတစ်ခု ရှာရတော့မယ် ထင်တယ်...”

ထိုလူက လင်းတုန်း၏ လက်မောင်းကို ဆွဲဖမ်းလိုက်ပြီး စကားဖြတ်ပြောလိုက်သည်။

“ငါးပြားလည်း ရပါတယ်... ငါးပြားလည်း အဆင်ပြေပါတယ်...”

လင်းတုန်းသည် ယုန်တစ်ကောင်ကို အာရုံကျနေသော သိမ်းငှက်တစ်ကောင်ကဲ့သို့ သူ့ကို စိုက်ကြည့်လိုက်သည်။

“သုံးပြားဆိုရင်ကော...”

ဤတစ်ကြိမ်တွင် လင်းတုန်း ရိပ်မိသွားပြီဖြစ်ကြောင်း ထိုလူ ရှင်းလင်းစွာ သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပါးပြင်မှသည် လည်ပင်းအထိ နီမြန်းသွားသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူက နောက်ဆုတ်မသွားခဲ့ပေ။ ငွေတစ်ဝက် ၏ တန်ဖိုးသည် လင်းတုန်း ထင်ထားသည်ထက် ပို၍ မြင့်မားနေသည်မှာ သေချာသည်။

“ငါ့အတွက်တော့ နည်းနည်း ခက်ခဲပေမယ့် သုံးပြားလည်း ရပါတယ်...”

ယီရင်သည် စားပွဲပေါ်သို့ တံတောင်ဆစ် ထောက်လိုက်သည်။

“ဟုတ်လို့လား... ခုနကကျတော့ ငါ့ကို ရှစ်ပြား ပေးခိုင်းမလို့ ဆို...”

ယခင်က သူမ ဂရုမစိုက်ခဲ့သည်မှာ သိသာသော်လည်း၊ ယခုအခါတွင်မူ ထိုလူသည် ယီရင်၏ အာရုံစိုက်မှုကို အပြည့်အဝ ရရှိသွားခဲ့သည်။ သူမ၏ စူးစိုက်ကြည့်မှု အောက်တွင် သူ ဂနာမငြိမ် ဖြစ်သွားသည်။

“ဒါက စျေးဆစ်နေတာပါ ညီမလေးရယ်... စိတ်ဆိုးစရာ မလိုပါဘူး...”

လင်းတုန်းသည် သူ၏ အပြုံးများ ပိုမို ကျယ်ပြန့်မလာစေရန် ထိန်းချုပ်ထားလိုက်သည်။ ယခု ယီရင်ပါ ဝင်ရောက်လာပြီဖြစ်၍ သူမ၏ ခြိမ်းခြောက်မှုက သူ့အတွက် အထောက်အကူသာ ဖြစ်စေသည်။

“ခင်ဗျား ပြောတာ မှန်ပါတယ်...”

လင်းတုန်းက ပြောလိုက်သည်။

“စျေးဆစ်နေရုံ သက်သက်ပါပဲ...”

သူသည် လက်နှစ်ချောင်းကို ငွေအိတ်ထဲသို့ နှိုက်ကာ ငွေတစ်ဝက် စတုဂံပြား တစ်ပြားကို ထုတ်ယူလိုက်သည်။

“ဒီအပြား တစ်ပြားပေးမယ်... ကျွန်တော်တို့ နှစ်ယောက်ကို တစ်ခန်းစီ ပေးမယ်ဆိုရင်ကော...”

“သော့နှစ်ချောင်းရမယ်...”

ထိုလူက လင်းတုန်း၏ လက်ထဲမှ တိုကင်ပြားကို ဆွဲလုလိုက်ရင်း ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူက အစီအရင် ထွင်းထုထားသော သစ်သား အဝိုင်းပြားတစ်ခုကို ထုတ်ပေးလိုက်သည်။ ၎င်းမှာ အကြမ်းထည် လက်ရာတစ်ခုဖြစ်ကြောင်း လင်းတုန်း မှတ်မိလိုက်သည်။ သို့သော် အခြေခံ အစီအရင် သော့ခလောက်တစ်ခုကို ဖွင့်ရန်နှင့် ပိတ်ရန်အတွက်မူ လုံလောက်မည် ဖြစ်သည်။

“နောက် ကျွန်တော်တို့ဆီ အချိန်မရွေး လာရောက်နိုင်ပါတယ်ခင်ဗျာ...”

သူက ပျော်ရွှင်စွာ ပြောလိုက်သည်။

လင်းတုန်းသည် မည်မျှအထိ ပိုပေးလိုက်ရသနည်းဟု တွေးတောရင်း ပြန်လည် အရိုအသေပေးလိုက်သည်။ အကယ်၍ တိုကင်ပြား တစ်ပြားသည် အကြေးခွံ တစ်ထောင်တန်ကြောင်း သူ သိလိုက်ရပါက သွေးမျက်ရည် ကျမိလိမ့်မည်။

သူသည် ရေချိုးခန်းဆီသို့ သွားရန် လှည့်လိုက်သော်လည်း၊ ယီရင်က မထွက်ခွာမီ စားပွဲပေါ်သို့ လက်ဆစ်များဖြင့် ခေါက်လိုက်သည်။

“ငါတို့ ထပ်ဆုံဖို့ အခွင့်အရေးက နည်းပါတယ်...”

သူမက ပြောလိုက်သည်။

“ငါတို့ ကျောင်းတော် ရဲ့ အဆင့်မြင့် အကြီးအကဲ က အရုဏ်တက်ချိန် ရှေးဟောင်းအပျက်အစီး ထဲမှာ ငါတို့ကို လိုအပ်နေတယ်... သူက နင် လျစ်လျူလို့ရတဲ့ လူစားမျိုး မဟုတ်ဘူး ကြားလား... သွေးချောင်းစီးချင်ရင်တော့ တစ်မျိုးပေါ့...”

သူမက ပျော်ရွှင်စွာ ရယ်မောလိုက်ရာ ထိုလူလည်း လိုက်ပါ ရယ်မောရန် ကြိုးစားလိုက်သည်။ ထို့နောက်... ယီရင်သည် နောက်သို့လှည့်ကာ လင်းတုန်း၏ နောက်သို့ လိုက်သွားခဲ့သည်။

“နင် ဘာလို့ အဲဒီလို သွားပြောတာလဲ...”

သူက မေးလိုက်သည်။

“ငွေတစ်ဝက်က ရှားပါးတယ်... ဒါပေမဲ့ အဲဒီလောက်ကြီးလည်း မရှားပါဘူး... သူ ကြည့်နေတဲ့ ပုံစံက နင်က နဂါးမျက်ရည်တွေ စိမ်ထားတဲ့ ဖီးနစ်ငှက်မွေးတွေ သယ်လာတဲ့အတိုင်းပဲ...”

နောက်ဆုံးတော့ အမှန်တရားကို လင်းတုန်း သဘောပေါက်သွားပြီး တုန်လှုပ်သွားခဲ့သည်။

“ခွင့်လွှတ်ပါ... ငါ အမြင်ကျဉ်းသွားတယ်...”

အကယ်၍ သူသာ အလွန်အမင်း ပင်ပန်းမနေခဲ့လျှင်၊ အမြတ်ရရန် အလွန်အမင်း အာရုံမစိုက်ထားခဲ့လျှင် ထိုအရာကို ချက်ချင်း သိမြင်နိုင်မည် ဖြစ်သည်။

အထွတ်အမြတ် တောင်ကြားတွင် ဓနဥစ္စာများကို သယ်ဆောင်လာသော ဝိညာဉ်မဲ့ တစ်ယောက်သည် အလုခံရရန် တောင်းဆိုနေခြင်းပင် ဖြစ်သည်။ ဤအပြင်ဘက်တွင်လည်း ကြေးအဆင့် တစ်ယောက်သည် ထိုနည်းတူပင် ဖြစ်သည်။ သူတို့က သူ့ကို ရိုက်နှက်ရုံသာ ဆိုလျှင် သူ ကံကောင်းသည်ဟု ဆိုရမည်။

“ရပါတယ်... အခုတော့ အကုန် ရှင်းသွားပါပြီ... သူ့အရိုးတွေတောင် တုန်ယင်နေလောက်ပြီဆိုတော့ ငါတို့က သူ့ကို အကြွေစေ့ တစ်စေ့ ပစ်ပေးရင်တောင် ကောက်ယူရဲမှာ မဟုတ်တော့ဘူး... ဒါပေမဲ့ ငါတို့ ဒီကနေ မထွက်သွားခင်အထိ ငွေတစ်ဝက်တွေကို ထပ်ပြီး ထုတ်မပြတာ အကောင်းဆုံးပဲ...”

ယီရင်၏ စကားလုံးများက ငွေတစ်ဝက် အားလုံးကို ဆေးရည်များနှင့် လေ့ကျင့်ရေး အရင်းအမြစ်များအတွက် လဲလှယ်မည့် လင်းတုန်း၏ အစီအစဉ်သစ်လေးကို ဖျက်ဆီးပစ်လိုက်သည်။ သူသည် စက္ကန့်အနည်းငယ်မျှသာ သူဌေးဖြစ်ခဲ့ပြီး ယခုအခါ ၎င်းကို သုံးစွဲ၍ပင် မရနိုင်တော့ပေ။

သူတို့သည် ကျောချင်းကပ်လျက် တဲငယ် နှစ်လုံးကို ရှာတွေ့ခဲ့ကြသည်။ လင်းတုန်းသည် ကျောပိုးအိတ်နှင့်အတူ အထဲသို့ အနိုင်နိုင် တိုးဝင်ရသော်လည်း နောက်ဆုံးတွင် အဆင်ပြေသွားခဲ့သည်။ ယီရင် သူမ၏ တဲထဲသို့ ဝင်ရောက်သွားသံကို သူ ကြားနေရသည်။

လင်းတုန်းသည် ရေချိုးခန်း၏ အလယ်ဗဟိုကို ကြည့်ရင်း ရပ်တန့်သွားခဲ့ပြီး ယီရင်လည်း ထိုနည်းတူပင် ဖြစ်နေကြောင်း သူ ကြားလိုက်ရသည်။ ရေအေးများ အပြည့်ထည့်ထားသော စည်ပိုင်းတစ်ခု၊ သို့မဟုတ် အလွန်တရာ ဇိမ်ကျလှလျှင် အပူပေးရန် ရိုးရှင်းသော မှော်ပစ္စည်း တစ်ခုရှိမည်ဟု သူ မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း လက်တွေံတွင်တော့ ကြည်လင်နေသော ရေကန်ငယ်တစ်ခုသည် မြေပြင်၏ အလယ်ဗဟိုတွင် တည်ရှိနေပြီး ၎င်းသည် သူ၏ ပခုံးအထိ ရောက်နိုင်လောက်အောင် နက်ရှိုင်းသည်။ ကန်ကို ဝန်းရံထားသော မြေပြင်သည် သာမန် မြေကြီးများသာ ဖြစ်သော်လည်း ရေကို ကြမ်းတမ်းသော ကျောက်ဖြူနံရံများဖြင့် ကာကွယ်ထားသည်။ ၎င်းမှာ သာမန် လွင်ပြင်တစ်ခု၏ အလယ်တွင် ရေပူစမ်းတစ်ခု ဖန်တီးထားသည်နှင့် တူနေသည်။

“ဒါ သဘာဝအတိုင်းပဲလား...”

လင်းတုန်းက မေးလိုက်ရာ သူ၏ အသံသည် သစ်သားချပ်များကြားမှ လွယ်ကူစွာ ပျံ့လွင့်သွားခဲ့သည်။

“အဲဒီလို ဖြစ်နိုင်ခြေ မရှိပါဘူး... တစ်နည်းနည်းနဲ့ ရေကို ဆွဲတင်ထားတာ ဖြစ်မယ်လို့ ငါ ထင်တယ်...”

သူတို့၏ တဲများသည် ကျောချင်းကပ်လျက် တည်ရှိနေပြီး တစ်ခုစီကို ခပ်လျော့လျော့ ရိုက်နှက်ထားသော ပျဉ်ပြားများဖြင့် ပြုလုပ်ထားသည်။

ထိုအကာအကွယ်များက သူမဘက်မှ အသံများကို မတားဆီးပေးနိုင်ပေ။ ဓားကို ဘေးသို့ ချထားလိုက်သော အသံနှင့်အတူ၊ သူမ၏ အဝတ်အစားများကို ချွတ်ချလိုက်ချိန်တွင် ထွက်ပေါ်လာသော အဝတ်ပွတ်တိုက်သံများကိုပါ သူ ကြားနေရသည်။

ဘာမှ မြင်စရာမရှိသော်လည်း လင်းတုန်းသည် မျက်လွှာချထားလိုက်ရာ သူ၏ ပါးပြင်များ ပူနွေးလာသည်။ အထွတ်အမြတ် တောင်ကြားရှိ မိန်းကလေး အများစုကို ငယ်စဉ်ကတည်းက တစ်စုံတစ်ယောက်နှင့် စေ့စပ်ပေးထားလေ့ရှိသည်။ ထို့ကြောင့် သူ၏ အစ်မမှလွဲ၍ အခြား မည်သည့် မိန်းကလေးနှင့်မဆို အချိန်ဖြုန်းခြင်းသည် လင်းတုန်းအတွက် မသင့်လျော်ပေ။ သူ့ကို ဝိညာဉ်မဲ့ ဟု သိလာကြသောအခါ မည်သူကမျှ အချိန်မဖြုန်းချင်ကြတော့ပေ။

ယခုမူ မိန်းကလေးတစ်ယောက် အဝတ်အစား လဲလှယ်နေသံကို သူ ကြားနေရပြီဖြစ်ရာ သူမက သူ၏ အတွေးများကို ဖတ်နိုင်မည်ကို သူ အကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့နေမိသည်။ ပုံမှန်အတိုင်း ပြုမူနိုင်ရန် စိတ်ပိုင်းဖြတ်ထားလျက် သူ၏ ကျောပိုးအိတ်ကို ဘေးသို့ ချထားစဉ် တမင်တကာ အသံမြည်အောင် လုပ်လိုက်ပြီး သူ၏ ဝတ်ရုံကို ချွတ်လိုက်သည်။ ဤမျှ သေးငယ်သော ကိစ္စတစ်ခုအတွက် သူ စိတ်လှုပ်ရှားမနေသင့်ပေ။ သူသည် အသက် ဆယ့်ခြောက်နှစ် ပြည့်တော့မည် ဖြစ်သည်။

အပြင်ဝတ်ရုံကို ခါးအထိ ချွတ်ချလိုက်ချိန်တွင်၊ သူမက သူ့ကို ပို၍ ရှင်းလင်းစွာ ကြားနိုင်ကြောင်း သတိပြုမိပြီး သူ အေးခဲသွားခဲ့သည်။ သူမတွင် သံမဏိ ကိုယ်ခန္ဓာ ရှိသည်။ ဤအကွာအဝေးမှနေ၍ သူ မျက်တောင်ခတ်သံကိုပင် သူမ ကြားနိုင်လောက်သည်။ သူ၏ ရှက်သွေးဖြာမှုသည် ပါးပြင်ပေါ်တွင် မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ထောင်ချောက်များ ပြည့်နေသော ကွင်းပြင်တစ်ခုကို ဖြတ်ကျော်နေသည့် သူခိုးတစ်ယောက်ကဲ့သို့ ကျန်အဝတ်အစားများကို ခိုးကြောင်ခိုးဝှက် ချွတ်ချလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူ ရေထဲသို့ ဆင်းရန် ကြိုးစားရင်း ရေ၏ အပူရှိန်ကြောင့် ဟပ်ထိုးဖြစ်သွားချိန်တွင်ပင် ယီရင်သည် တိတ်ဆိတ်နေခဲ့သည်။ သူ့ကို လောင်ကျွမ်းစေနိုင်လောက်အောင်တော့ မပူလောက်ဟု သူ မျှော်လင့်ထားသော်လည်း၊ သူ၏ အရေပြားနှင့် ထိတွေ့ချိန်တွင် ထူးဆန်းပြီး ပူနွေးနေသည်ဟု ခံစားရသည်။ သူ ရေပူဖြင့် ရေမချိုးရသည်မှာ အချိန်မည်မျှ ကြာမြင့်ခဲ့ပြီနည်းဟု စဉ်းစားမိလိုက်ပြီး၊ ထိုအတွေးကပင် ကျောက်တုံးများဖြင့် ကွပ်ထားသော ရေကန်ထဲသို့ ဆင်းသွားရန် သူ့အတွက် လုံလောက်နေခဲ့သည်။

ရေကန်သည် အကျယ်ထက် အနက်က ပိုများနေသဖြင့် သူသည် ပခုံးအထိ နစ်မြုပ်လုနီးပါး ရပ်နေရသည်။ သို့သော်လည်း သူ သက်သာရာရစွာဖြင့် နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။ အညစ်အကြေးလွှာများ ရေပေါ်တွင် ပေါ်လွင့်သွားချိန်တွင်၊ အပူရှိန်သည် ပင်ပန်းနွမ်းနယ်နေသော ကြွက်သားများအတွင်းသို့ နက်ရှိုင်းစွာ စိမ့်ဝင်သွားခဲ့သည်။ သူ နောက်ဘက်ရှိ မြက်ခင်းပြင်တွင် ခေါင်းကို မှီထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။

***

အပိုင်း(၁၀၈)

လင်းတုန်း မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက်နီးပါး ယီရင်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ကုတင်ပေါ်မှာ မအိပ်ရလို့ တောင်းပန်တယ်...”

“ဟင်...”

သူသည် အလွန် ပင်ပန်းနေသဖြင့် ထိုစကားလုံးများကို နားမလည်လုနီးပါး ဖြစ်သွားသည်။

“အိပ်ရာတွေလေ... နင် အိမ်ကို လွမ်းနေတယ် မဟုတ်လား... ငါ နားလည်ပါတယ်... ငါတို့ ကျင်း ကလန်နဲ့ နေလို့ရပေမယ့် သူတို့ရဲ့ လှည့်ကွက်တွေကို အလျှော့ပေးရတာ ငါ့ကို စိတ်ဆင်းရဲစေတယ်...”

နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည့် အိပ်ရာများ ပေါ်တွင် မအိပ်နိုင်ခဲ့ခြင်း အတွက် နောင်တအချို့ ရရှိခဲ့သည်ကိုတော့ လင်းတုန်း မငြင်းနိုင်ပေ။ သို့သော် ကျင်း ကလန်အား သူတို့ လိုချင်သလို လုပ်ခွင့်ပေးလိုက်ခြင်းက ပိုဆိုးရွားသော ရွေးချယ်မှုတစ်ခု ဖြစ်ပုံရသည်။ သူတို့တွင် စေတနာကောင်းများ ရှိလျှင်တောင် သူတို့၏ လုပ်ရပ်များသည် ဂုဏ်သိက္ခာမရှိကြောင်း ယီရင် ပြောသည်မှာ မှန်ကန်ပေသည်။

“နင် ငါ့ကို တောင်းပန်စရာ အကြောင်းမရှိပါဘူး...”

လင်းတုန်းက ပြောလိုက်သည်။

“နင်သာ မရှိရင် ငါက ဝံပုလွေအုပ်ကြားက အသားစိမ်းတစ်တုံး ဖြစ်နေမှာပဲနင် မင်း ငါ့ကို တစ်သက်လုံး အပြင်မှာ အိပ်ဖို့ ပြောရင်တောင် ငါ ဘာမှ ညည်းညူမှာ မဟုတ်ဘူး...”

ထိုစကားများအပြီးတွင် သူမသည် တစ်မိနစ်၊ နှစ်မိနစ်ခန့် တိတ်ဆိတ်သွားသဖြင့်၊ ထိုစကားများအား သူမ မည်သို့ သဘောထားသည်ကို သူ မသိနိုင်ခဲ့ပေ။ သူမ သူ့ကို မယုံကြည်ခြင်းလည်း ဖြစ်နိုင်သည်။

တစ်ခဏမျှ တိတ်ဆိတ်ပြီးနောက် ယီရင်က ပြန်လည် စကားပြောလာသည်။ သူမ၏ အသံက ဂနာမငြိမ်ဖြစ်နေသည်ဟု ခံစားရသော်လည်း ၎င်းမှာ သူ၏ စိတ်ကူးယဉ်မှုသာ ဖြစ်နိုင်သည်။

“နင် မှတ်မိသေးတယ်ဆိုရင် ကျင်း ကလန်က လူက မဟူရာမီးတောက် အင်ပါယာ အကြောင်း ပြောသွားတယ်လေ... ငါ အဲဒီအကြောင်း မသိပေမယ့် ကမ္ဘာကြီးက ကျယ်ဝန်းပါတယ်... ဒီပတ်ဝန်းကျင်မှာ သာမန် ရွာလေးတွေတော့ ရှိမှာသေချာတယ်... ထူးဆန်းပြီး လူကို သေစေနိုင်တဲ့ ရှေးဟောင်းအပျက်အစီးတွေဆီ မလာကြတဲ့ လူတွေလေ... မနက်ဖြန် ငါတို့ ဒါကို ကျော်ပြီး ရှေ့ဆက်သွားကြမယ်... ပိုပြီး ဖော်ရွေတဲ့ နေရာတချို့ကို ရှာကြမယ်...”

“ဒီထက်ကောင်းတဲ့ နေရာကို ငါတို့ ဘယ်မှာ ရှာတွေ့နိုင်မှာလဲ...”

ကျင်းဆန်၏ လှံအကြောင်း ဇာတ်လမ်းက သူ့ကို လျှို့ဝှက်ဆန်းကြယ်မှုများထဲသို့ ဆွဲသွင်းသွားခဲ့ပြီး ရွှေအဆင့် သိုင်းပညာရှင် များ ဝန်းရံနေခြင်းကလည်း သူ့ကို စိတ်အားထက်သန်စေခဲ့သည်။ ထူးကဲသော ရှေးဟောင်း အပျက်အစီးက သူ့ကို စွဲမက်စေခဲ့သည်။ ၎င်းတို့သည် ရှေးဟောင်းကမ္ဘာမှ စွမ်းအားရှင်များ ချန်ရစ်ခဲ့သော အမှောင်ထုနှင့် ဝင်္ကပါများ ဖြစ်ကြသည်။ အတွင်းထဲတွင် မည်သို့သော ရတနာများ ရှိနေမည်ကို ဘယ်သူ သိနိုင်မည်နည်း။

“ဒီမှာ သက်တောင့်သက်သာ မရှိဘူးဆိုတာတော့ ငါ လုံးဝ သဘောတူပါတယ်...”

လင်းတုန်းက ဆက်ပြောသည်။

“ဒါပေမဲ့ ငါတို့ ဘာလို့ ထွက်သွားရမှာလဲ... နေရာအနှံ့က ကျင့်ကြံသူ တွေ စုဝေးနေကြတာဆိုတော့ သူတို့ထဲက တစ်ယောက်ယောက်က သန့်စင်တဲ့ မာဒြာ နည်းစနစ်တွေကို သိချင် သိနိုင်တယ်လေ... သူတို့က ငါ့ကို ဒုတိယ လမ်းစဉ် တစ်ခု သင်ပေးနိုင်ကောင်း သင်ပေးနိုင်မယ်... ဒါမှမဟုတ် ရှေးဟောင်းအပျက်အစီးတွေထဲကိုတောင် ခေါ်သွားနိုင်မယ်...”

သူ၏ စိတ်ကူးများသည် အမြင့်ဆုံး အရှိန်ဖြင့် လည်ပတ်နေပြီး၊ ပိရမစ် အတွင်း၌ သူ စုဆောင်းနိုင်မည့် အဆုံးမဲ့ အကျိုးကျေးဇူးများ၏ မြင်ကွင်းများကို ပြသနေသည်။

“လမ်းစဉ် တစ်ခုကို သင်ယူဖို့ အဲဒီလောက် လွယ်တယ်လို့ နင် ထင်နေတာလား... အဲဒီစိတ်ကူးကို တွေးမိတဲ့ ပထမဆုံးလူလိုမျိုး နင်က နှစ်ခုတောင် ကြိုးစားချင်သေးတယ်ပေါ့...”

လင်းတုန်းသည် သူ၏ အထွတ်အမြတ် တောင်ကြား ပညာရေးအတွက် အလွန်အမင်း မရှက်မိစေရန် ကြိုးစားနေသော်လည်း၊ ယီရင်ကမူ လွယ်ကူအောင် မလုပ်ပေးခဲ့ပေ။

“ငါ မှားချင် မှားနိုင်တယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ လူအများစုမှာ အမြုတေ နှစ်ခု မရှိဘူးလို့ ငါ နားလည်ထားတယ်...”

“သေချာတာပေါ့... နင့်မှာ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး အားသာချက် ရှိတယ်... ခြေထောက်မရှိတဲ့သူက ဖိနပ်ဖိုး သက်သာတဲ့ အားသာချက် ရှိသလိုမျိုးပေါ့... ဒါပေမဲ့ ငါ့မှာ ဓား မာဒြာ တွေ ပြည့်နေတဲ့ အမြုတေ တစ်ခု ရှိတယ်လေ... ဘာလို့ ဒုတိယ ဓား လမ်းစဉ် ကို ငါ မသင်ရမှာလဲ... ငါ နှစ်ဆလောက် ပိုသင်ယူနိုင်မှာပေါ့...”

လင်းတုန်း ထိုအချက်ကို မစဉ်းစားခဲ့မိသော်လည်း၊ ယခု သူ စဉ်းစားကြည့်သောအခါ သူမ ဘာကြောင့် မလုပ်သနည်းဟု တွေးတောမိလာသည်။

“ပထမအဆင့်အနေနဲ့ ငါ့ကို သင်ပေးမယ့်သူ တစ်ယောက်ကို ရှာရမယ်၊ ပြီးတော့ သူတို့က သင်ပေးမှာ မဟုတ်ဘူး... ငါက တခြား လမ်းစဉ် မှာ ရှိနေတယ်ဆိုတာ သူတို့ သိတယ်လေ... သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို သူတို့ သင်ပေးမှာ မဟုတ်ဘူး... အဲဒါက ကိုယ့် ရန်သူရဲ့ သားကို ဓားတစ်လက် ကမ်းပေးလိုက်တာနဲ့ အတူတူပဲ... သူက နင့်ကို ကျေးဇူးတင်မှာ မဟုတ်တဲ့အပြင် တစ်နေ့ကျရင် အဲဒီဓားနဲ့ နင့်ကို ပြန်လှည့်တိုက်ချင် တိုက်လာနိုင်တယ်...”

“ဒါပေမဲ့ နင့်ကို သင်ပေးမယ့်သူကို နင် ရှာတွေ့နိုင်ခဲ့ရင်ကော...”

“ဒါတောင်မှ အလုပ်မဖြစ်သေးဘူး... ဥပမာ ငါ့မှာ ငါ့အချိန်အားလုံးကို ပေးရတဲ့ အလုပ်တစ်ခု ရှိတယ် ဆိုပါတော့... ငါက ပိုက်ဆံပိုလိုချင်ရုံနဲ့ ဒုတိယ အလုပ်တစ်ခုကို ထွက်ရှာမယ်လို့ မဆိုလိုဘူးလေ... သေချာတာကတော့ ငါ ပိုက်ဆံပိုရလာမယ်... ဒါပေမဲ့ အိပ်ဖို့ အချိန် သိပ်မကျန်တော့ဘူးပေါ့...”

သူမသည် သူမ၏ နားရွက်နှင့် အပြိုင် ရှိနေသော အမာရွတ် တစ်ခုကို ပုတ်လိုက်သည်။

“နောက်ပြီး ငါ့အကြိုက်အတွက် လမ်းစဉ် တစ်ခုက လုံလောက်တဲ့ အန္တရာယ်ပါပဲ... ငါ အပ်ချုပ်ပညာမှာ အရမ်း ညံ့လို့ ဒီအမာရွတ်တွေ ရလာတာ မဟုတ်ဘူးဆိုတာ မင်း သဘောပေါက်မှာပါ...”

အတိတ်က သူမ၏ အမာရွတ်များနှင့် ပတ်သက်၍ သူ စဉ်းစားခဲ့ဖူးသည်။ ၎င်းတို့သည် အလွန် စနစ်ကျပြီး အလွန် ချောမွေ့သဖြင့် သင်တုန်းဓားများဖြင့် ခြစ်ထားသကဲ့သို့ ပုံပေါက်နေသည်။ သူသည် သူမ၏ အဆုံးမဲ့ ဓား နည်းစနစ်ကို လေ့ကျင့်ရာမှ ထိုအမာရွတ်များကို ရရှိခဲ့ခြင်းဖြစ်မည်ဟု ယူဆထားခဲ့ပြီး မှန်ကန်ပုံရပေသည်။

“နာကျင်မှု နည်းနည်း ပိုလာမှာကို ငါ မကြောက်ပါဘူး...”

သူက ပြောလိုက်သည်။ ထိုစကားသည် အပြည့်အဝ မမှန်ကန်သော်လည်း၊ သိုင်းပညာ လမ်းစဉ် တစ်လျှောက် ပိုမို ဝေးကွာစွာ ခရီးဆက်နိုင်ရန်အတွက် လိုအပ်လာပါက မည်သည့်အရာကိုမဆို ခံနိုင်ရည်ရှိရန် သူ ပြင်ဆင်ထားပြီး ဖြစ်သည်။

“နင်က ကြေးအဆင့် ကို တစ်ခါ မြည်းစမ်းကြည့်ရုံနဲ့ ပုလင်းလုံးကျွတ်ကို ငတ်မွတ်နေပြီလား... ငါ နင်ကို ပြောပြမယ်... လှံအကြောင်း ငါ ကြားလိုက်ရတုန်းကလည်း နင့်လိုပဲ တွေးခဲ့မိတယ်... ကမ္ဘာပေါ်မှာ ဓား သိုင်းပညာရှင် တွေ ဘယ်လောက်တောင် ရှိလဲဆိုတာ နင် သိလား... ဒီကနေ ဖီးနစ်ငှက် အမြင့်အထိ လမ်းခင်းဖို့ လမ်းစဉ် စာအုပ်တွေ အလုံအလောက် ရှိတယ်... သူတို့ကို အနိုင်ယူပြီး သူတို့ရဲ့ စွမ်းအားတွေကို ငါ ယူနိုင်ခဲ့ရင်... အဲဒီလှံနဲ့ ဓား ဝိညာဉ်အကြွင်းအကျန် တွေကို စုပ်ယူပြီး သူတို့ရဲ့ စွမ်းအားတွေကို ခိုးယူနိုင်ခဲ့ရင်... တစ်နေ့ကျရင် ငါ့ရဲ့ ဆရာ့ အဆင့်ကိုတောင် ရောက်သွားနိုင်တယ်... အဲဒါက ငါ့ကို ဆွဲဆောင်နေတယ်... ဒါပေမဲ့ ငါ ဘယ်တော့မှ ဖမ်းမိမှာမဟုတ်တဲ့ သားကောင်ကိုတော့ နောက်ကနေ မလိုက်ဘူး...”

အိပ်မက်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးခံရခြင်းက အနည်းငယ်တော့ နာကျင်ရသော်လည်း၊ သူမ၏ စကားများကို သူ အလေးအနက် စဉ်းစားပေးခဲ့သည်။ သူမသည် အလွယ်တကူ လက်လျှော့တတ်သူ မဟုတ်ပေ။ ယီရင်သည် ကောင်းကင် ဂုဏ်သရေ ကျောင်းတော် တစ်ခုလုံးကို ရင်ဆိုင်ရပ်တည်ခဲ့ပြီး တိုက်ပွဲမှ ဆုတ်ခွာမည့်အစား သေရန် ပြင်ဆင်ခဲ့သူ ဖြစ်သည်။ အကယ်၍ သူမသည် ဤအရာကို ရှောင်ကွင်းလိုပါက၊ ဤနေရာတွင် ရစရာ ဘာမှမရှိဟု သူမ တကယ် ယုံကြည်ထားခြင်းကြောင့်သာ ဖြစ်ရမည်။

သို့သော် အကြောင်းအရာ တစ်ခုခုက အရေပြားအောက်ရှိ အပ်တစ်ချောင်းကဲ့သို့ သူ့ကို စူးရှနေစေခဲ့သည်။ သူ လက်လှမ်းကာ သူ၏ ကျောပိုးအိတ်ဘေးရှိ ချောမွေ့သော သစ်သားတံဆိပ်ပြားလေးကို ယူလိုက်သည်။ သူ၏ အမှတ်အသား ပင် ဖြစ်သည်။ အလယ်ရှိ စာလုံးသည် လွန်ခဲ့သော ရှစ်နှစ်တာ ကာလတစ်လျှောက်လုံး နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့သကဲ့သို့ သူ့ကို စိုက်ကြည့်နေခဲ့သည်။ ၎င်းမှာ 'ဝိညာဉ်မဲ့' ဖြစ်သည်။

“ငါ တစ်ခုခု လိုအပ်တယ် ယီရင်... ပြီးတော့ ဒီနေရာက ငါ ရနိုင်မယ့်နေရာပဲ... ငါ့ပတ်ဝန်းကျင်မှာရှိတဲ့ အော်ရာ ကို အခုချိန်အထိတောင် ငါ ခံစားနေရတယ်... အဆုံးမဲ့ စွမ်းအားတွေကြားထဲမှာ ငါ လမ်းပျောက်နေသလိုပဲ... ဒါပေမဲ့ ငါ ဘယ်တစ်ခုကိုမှ မထိတွေ့နိုင်ဘူး... ငါ့ကို သင်ပေးဖို့ လမ်းစဉ် တစ်ခု လိုအပ်တယ်... ငါက အဆိပ်မိပြီး သေတော့မလို ဖြစ်နေတဲ့အချိန်မှာ ဖြေဆေးပင်လယ်ကြီးထဲ နစ်မြုပ်နေသလိုပဲ...”

“လူတွေက တောင်းဆိုလာတဲ့ တပည့်တိုင်းကို အလွယ်တကူ လက်ခံမယ်လို့ မင်း ထင်နေတာလား...”

ယီရင်၏ အသံသည် ယခုအခါ ဒေါသထွက်နေပုံရသည်။

“သူတို့က လမ်းစဉ် တွေကို ဘယ်သူ့ကိုမဆို သင်ပေးမယ် ထင်နေတာလား... နင့်ဆီမှာ တန်ဖိုးတစ်ခုခု မရှိသေးသရွေ့ ဘယ်သူကမှ နင့်ကို လက်ခံမှာမဟုတ်ဘူး၊ ဘယ်သူကမှ နင့်ကို သင်ပေးမှာ မဟုတ်ဘူး... အဲဒါက သံမဏိလို ခိုင်မာတဲ့ အမှန်တရားပဲ၊ အခုကတည်းက နင် မြိုချထားလိုက်တာ အကောင်းဆုံးပဲ...”

ရေချိုးရသည်မှာ သက်တောင့်သက်သာ မရှိလောက်အောင် ပူလာပြီဟု ခံစားလာရသည်။

“အဖွဲ့အစည်းတစ်ခုက ငါ့ကို လက်ခံလာအောင် ငါ လုပ်နိုင်ပါတယ်...”

လင်းတုန်းက ပြောလိုက်သည်။ ယီရင်၏ သံသယက သူ့ကို နာကျင်စေသော်လည်း သူ၏ ကိုယ်ပိုင် စွမ်းရည်များကို သူ သိသည်။ ဤနေရာတွင် ကိုယ်စားပြုထားသော မတူညီသည့် လမ်းစဉ် များစွာ ရှိနေသဖြင့်၊ သူ ဝင်ရောက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ရမည် ဖြစ်သည်။

“နင်ရဲ့ နားရွက်တွေက အလှတပ်ထားတာလား... ငါက ခက်ခဲတယ်လို့ ပြောရင် ခက်ခဲတယ်ပေါ့... ကျောင်းတော် တစ်ခုက နင့်ကို လက်ခံလိုက်ရင် နင့်ရဲ့ခြေထောက်တွေကို မြေကြီးပေါ်မှာ သံနဲ့ ရိုက်ထားလိမ့်မယ်... သူတို့ရဲ့ အဖိုးတန်တပည့်တွေ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ယူပြီး အပြင်ကို လျှောက်သွားနေတာကို သူတို့ မလိုချင်ကြဘူး... အဲဒါက နှစ်ပေါင်းများစွာ နေရာတစ်ခုတည်းမှာ နင် တစ်ယောက်တည်း ပိတ်မိနေမှာပဲ... ဘာလို့လဲဆိုတော့ သူတို့က ငါ့ကိုတော့ လက်ခံမှာ မဟုတ်ဘူးဆိုတာ သေချာတယ်လေ...”

“ဒါဆို နင် ထွက်သွားလို့ရတယ်လေ...”

လင်းတုန်းက ပြောလိုက်ပြီးမှ ထိုသို့ပြောမိသည့်အတွက် နောင်တရသွားခဲ့သည်။

သူသည် ပျက်စီးမှုကို ချက်ချင်း ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

“ဒါပေမဲ့ နင့်ကို မထွက်သွားစေချင်ပါဘူး... အဲဒါက... နင် ငါနဲ့အတူ နေစေချင်တယ်၊ ဒါပေမဲ့ နင်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး... ငါ့အပေါ် ထားတဲ့ နင်ရဲ့ ကတိကလည်း ပြီးဆုံးသွားပြီဆိုတော့ ဘာမှ မရှိတော့ဘူး...”

ထိုအချိန်တွင် သူသည် ပို၍ နက်ရှိုင်းသော သင်္ချိုင်းတွင်းကို တူးနေမိကြောင်း သတိပြုမိသွားပြီး ဂေါ်ပြားကို ချထားရန် ဆုံးဖြတ်လိုက်သည်။

သူမသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသဖြင့် လင်းတုန်းမှာ အပူလွန်ကဲလာသည်ဟု စတင် ခံစားလာရသည်။

သူသည် အိမ်မှ ယူလာခဲ့သော စက္ကူဖြင့် ထုပ်ထားသည့် ကြမ်းတမ်းသော ဆပ်ပြာခဲကို လှမ်းယူလိုက်သည်။ သူ ကိုယ်ကို တိုက်ချွတ်နေစဉ် ယီရင်၏ တုံ့ပြန်မှုကို နားစွင့်ထားခဲ့သည်။

သူမက တိတ်ဆိတ်နေဆဲ ဖြစ်သည်။

နောက်ဆုံးတွင် သူ ရေချိုးပြီး၍ အဝတ်အစားများ စတင် ဝတ်ဆင်ချိန်တွင်၊ သူမ တုံ့ပြန်ရန် အချိန်ပိုရစေရန် သူ တမင် နှေးကွေးစွာ ဝတ်ဆင်နေခဲ့သည်။ ထိုအခါ ယီရင်က စကားပြောလာခဲ့သည်။

“ငါတို့ ဘာအစီအစဉ်မှ မဆွဲကြရအောင်... အရင်ဆုံး ဒီည အိပ်ဖို့ နေရာတစ်ခု ရှာကြတာပေါ့...”

All Chapters