အခန်း (၁၀၉-၁၁၀)
Vol. 8 Ch. 109-110
အပိုင်း(၁၀၉)
“ငါတို့ ဘာအစီအစဉ်မှ မဆွဲကြရအောင်... အရင်ဆုံး ဒီည အိပ်ဖို့ နေရာတစ်ခု ရှာကြတာပေါ့...”
ယီရင်၏ စကားလုံးများသည် အသက်ကင်းမဲ့နေသကဲ့သို့ ထင်ရသဖြင့်၊ လင်းတုန်းက အတုအယောင် ပျော်ရွှင်မှုဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“သေချာတာပေါ့... ဒီည ဘာဆုံးဖြတ်ချက်မှ ချဖို့ ငါ မရည်ရွယ်ထားပါဘူး…”
ထိုအချိန်တွင် သူ၏ တဲရှေ့မှ အရိပ်တစ်ခု ဖြတ်သန်းသွားပြီး ခြေသံများက မြက်ခင်းပြင်ပေါ်တွင် ရပ်တန့်သွားခဲ့သည်။
“ညီမလေးနဲ့ ညီလေး...”
ရေချိုးခန်း တာဝန်ခံ၏ အသံ ထွက်ပေါ်လာခဲ့သည်။
“မင်းတို့ နှစ်ယောက် မြန်မြန် ပြီးတာ အကောင်းဆုံးပဲ... မင်းတို့ အချိန်မရွေး ပြန်လာလို့ရပါတယ်... ဒါပေမဲ့ ပြဿနာတချို့ ရှိလာမယ့်ပုံပဲ...”
သစ်သားကို သစ်သားဖြင့် ရိုက်လိုက်သကဲ့သို့ ရိုက်သံတစ်ချက်က ရေချိုးခန်း ခြံဝင်းအတွင်း ပဲ့တင်ထပ်သွားပြီး တာဝန်ခံက သက်ပြင်းချလိုက်သည်။
“မင်းတို့က ဖစ်ရှာ တွေ ဒါမှမဟုတ် သဲမြွေဟောက်တွေနဲ့ ဘာမှမပတ်သက်ဘူးဆိုရင် မြန်မြန် လုပ်ဖို့ အကြံပေးချင်ပါတယ်...”
လင်းတုန်းသည် သူ၏ ကျန်ရှိနေသော အဝတ်အစားများကို ကပျာကယာ ဝတ်ဆင်လိုက်ပြီး ကျောပိုးအိတ်ကို လွယ်ကာ သူ၏ အမှတ်အသား ကို တပ်ဆင်လိုက်သည်။ ရေချိုးခန်းထဲမှ သူ အတင်း တိုးထွက်လာသောအခါ ယီရင်သည် သူ၏ရှေ့တွင် ရပ်နေခဲ့သည်။
သူမ၏ ဆံပင်များသည်လည်း စိုရွှဲနေပြီး၊ ခါးပတ်အဖြစ် အသုံးပြုထားသော အနီရောင် ကြိုးလုံးကြီးကို ကိုင်ထားခဲ့သည်။ သူမသည် ၎င်းကို ဖဲကြိုးပုံစံ ချည်နှောင်လိုက်ပြီးနောက် ထိုအထုံးတစ်ခုလုံးကို သူမ၏ နောက်ကျောဘက်သို့ ရောက်သွားအောင် လှည့်လိုက်သည်။ ထိုအချိန်တစ်လျှောက်လုံး သူမသည် သူမ၏ လက်များကို မကြည့်ဘဲ လင်းတုန်းကိုသာ စိုက်ကြည့်နေခဲ့သည်။
တိတ်ဆိတ်မှုက နာကျင်စရာကောင်းလှသည်။ သူ တစ်ခုခု ပြောသင့်သည်ဟု ခံစားရသော်လည်း နောက်ဆုံး သူ့ ပါးစပ်က ထွက်လာသည်မှာ...
“ဘာတွေ ဖြစ်နေလဲဆိုတာ သွားကြည့်ကြမလား...”
“အဲဒါကိုတော့ ကျွန်တော် အကြံမပေးချင်ဘူး...”
တာဝန်ခံက ပြောလိုက်သည်။
“ဟိုဘက်မှာ ပျားအုံကို တုတ်နဲ့ ထိုးထားသလို ဖြစ်နေတာ...”
သူက ညာဘက် လက်ဖမိုးကို ကုတ်လိုက်၏။ လင်းတုန်းသည် ထိုနေရာတွင် တောက်ပသော အနီရောင် စက်ဝိုင်းတစ်ခုကို မြင်လိုက်ရသည်။ ရွှေအဆင့် အမှတ်အသား တစ်ခုပင်။ ဤကဲ့သို့သော နေရာမျိုးရှိ အစေခံများပင်လျှင် အထွတ်အမြတ် တောင်ကြား ရှိ မည်သူ့ထက်မဆို ပို၍ အစွမ်းထက်နေကြသည်။
ယီရင်သည် လင်းတုန်းနှင့် အကြည့်ချင်း ဆုံလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
“အနည်းဆုံးတော့ သူတို့ကို ရှာဖို့ မခက်လောက်ပါဘူး...”
သူမသည် တာဝန်ခံကို ထပ်မံ အဖက်မလုပ်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။ လင်းတုန်းက ယီရင်၏ နောက်သို့ မလိုက်မီ ထိုလူကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။ မိုင်တစ်ထောင် တိမ်တိုက် သည် မျက်မြင်မရသော မာဒြာ ကြိုးတစ်ချောင်းဖြင့် ဆွဲခေါ်ခံရသကဲ့သို့ သူ၏ နောက်မှ လိုက်ပါလာခဲ့သည်။
ဆူညံသံများနှင့်အတူ အော်ဟစ်သံများပါ ရောနှောထွက်ပေါ်လာပြီး၊ ရေချိုးခန်း အပြင်ဘက် လမ်းမပေါ်တွင် အုပ်စုနှစ်စု နေရာယူထားကြသည်။
အုပ်စုတစ်စုမှာ သားမွေးများ ဝတ်ဆင်ထားပြီး၊ သူတို့တစ်ဦးစီ၏ လက်မောင်းတစ်ဖက်တွင် တောက်ပသော အစိမ်းရောင် ဖွတ်ကောင်နှင့်တူသည့် အရာများ ကပ်တွယ်နေကြသည်။ ဤ ဝိညာဉ်အကြွင်းအကျန် များ၊ ကပ်ပါးကောင်များ၊ ရွှေအဆင့် အမှတ်အသားများ... မည်သို့ပင်ဖြစ်စေ... ထိုအကောင်များသည် သူတို့ အိမ်ပြု နေထိုင်သည့် ကျင့်ကြသူများနှင့် ခြားနားစွာပင် ပြုမူလှုပ်ရှားနေကြသည်။ ၎င်းတို့သည် ထွက်မသွားကြသော်လည်း သူတို့၏ မျက်နှာချင်းဆိုင်ရှိ ရန်သူများကို နှာမှုတ်ကာ တံတွေးများ ထွေးနေကြသည်။
တာဝန်ခံ၏ စကားများအရ အခြားအုပ်စုသည် ဖစ်ရှာ များ ဖြစ်ရမည်။ သူတို့ထဲမှ အများစုသည် အထွတ်အမြတ် တောင်ကြားတွင်ပင် ဆင်းရဲသည်ဟု သတ်မှတ်ခံရမည့် အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ပေါက်ပြဲနေသော အညိုရောင် ဝတ်ရုံများ၊ ပြတ်လုနီးပါး ဖြစ်နေသော ဖိနပ်များ၊ ပြင်းထန်သော နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်မည့် အနားကျယ်သော ကျူဦးထုပ်များကို ဆောင်းထားကြသည်။ နေဝင်ပြီး အမှောင်ကျသွားချိန်ပင် ဖြစ်သော်လည်း အချို့က ဆောင်းထားဆဲဖြစ်ပြီး အချို့ကမူ ဦးထုပ်များကို ကျောတွင် လွယ်ထားကြသည်။ သူတို့တစ်ဦးစီသည် လင်းတုန်း အစောပိုင်းက သတိပြုမိခဲ့သော လက်နက်တစ်ခုတည်းကိုသာ ကိုင်ဆောင်ထားကြသည်။ ၎င်းမှာ ချိတ်တစ်ခု ပုံစံ ကွေးညွတ်နေသော ဓားတစ်လက်ကဲ့သို့ လက်ကိုင်ရိုးပေါ်ရှိ ကျယ်ပြန့်သော လခြမ်းပုံ ဓားပြားတစ်ခု ဖြစ်သည်။
သဲမြွေဟောက် တစ်ယောက်က အထက်သို့ လက်လှမ်းကာ အဆောက်အအုံတစ်ခုမှ နောက်ထပ် ပျဉ်ပြားတစ်ချပ်ကို ဆွဲခွာလိုက်သည်။ မဟာမိတ် အဖွဲ့ငါးခု ၏ အဆောက်အအုံ အများစုကဲ့သို့ပင် ဤနေရာသည်လည်း ဖြစ်သလို တည်ဆောက်ထားပြီး တစ်ဝက်တစ်ပျက်သာ ပြီးစီးသေးသည်။ ပျဉ်ပြား တစ်ချပ် နှစ်ချပ်မျှ ဆွဲခွာလိုက်ရုံဖြင့် ပြိုကျသွားတော့မည့်ပုံ ပေါက်နေသည်။
တစ်ဝက်တစ်ပျက် ဖျက်ဆီးခံထားရသော အဆောက်အအုံဘေးရှိ သစ်သားပုံကို ကြည့်ခြင်းအားဖြင့် ထိုလူသည် ယခင်ကလည်း ဤသို့ ပြုလုပ်ဖူးကြောင်း သိသာလှသည်။
“ငါတို့ ဒီမှာ စောင့်နေတုန်း အချိန်ဖြုန်းနေရုံပါပဲ...”
သဲမြွေဟောက်က အဆောက်အအုံမှ နောက်ထပ် ပျဉ်ပြားတစ်ချပ်ကို ဆွဲခွာရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။ တဲတစ်လုံးလုံး မြည်သံ သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။
“ငါတို့ကို တခြား ခေါ်စရာကိစ္စ ဘာမှ မရှိရင်၊ ငါတို့ ဒီမှာပဲ ဆက်နေလိုက်တာ အကောင်းဆုံးပါပဲ...”
အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးသည် ဖစ်ရှာ များ၏ ကိုယ်စားလှယ်အဖြစ် ရှေ့သို့ ထွက်လာခဲ့သည်။ အခြားသူများနှင့် ခြားနားစွာပင် သူမသည် ဓားသွားတပ်ဆင်ထားသော ချိတ်နှစ်ခုကို ကိုင်ဆောင်ထားပြီး၊ တစ်ခုကို လက်တွင် ကိုင်ထားကာ နောက်တစ်ခုကို ကျောတွင် လွယ်ထားသည်။ နှုတ်ခမ်းထက်ရှိ ရိသဲ့သဲ့ အပြုံးက သူမကို ကောက်ကျစ်ပြီး မကောင်းဆိုးဝါးဆန်သော အသွင်အပြင်ကို ပေးစွမ်းနေသည်။
“မင်းတို့ ဒီမှာ စောင့်နေတုန်း ငါ အိမ်ပြန်ရင် ကောင်းမလားပဲ... ဒီနေ့ ငါ မိတ်ဆွေသစ်တချို့ ရခဲ့တယ်... သူတို့က မင်းတို့အကြောင်း စိတ်ဝင်စားစရာ ဇာတ်လမ်းပေါင်းစုံကို ပြောပြဖို့ အသင့်ပဲ...”
ခေါင်းဆောင် သဲမြွေဟောက်က မျက်နှာကို ပုံပျက်သွားသည်အထိ ရှုံ့မဲ့လိုက်ပြီး သူကိုယ်တိုင် ရှေ့သို့ ထွက်လာခဲ့သည်။ လင်းတုန်း၏ မျက်စိတစ်မှိတ်အတွင်း မမြင်လိုက်နိုင်လောက်အောင် မြန်ဆန်သော လှုပ်ရှားမှုတစ်ခုဖြင့် သူ၏ လက်နှစ်ဖက်စလုံးတွင် ဓားမြှောင်ရှည် တစ်စုံ ပေါ်ထွက်လာခဲ့သည်။ တောက်ပသော အစိမ်းရောင် မာဒြာ များက ဓားသွားတစ်ခုစီကို ရစ်ခွေနေကြသည်။
“ငါ့ရဲ့ သတ္တုတွင်းလုပ်သားတွေကို ပြန်ပေး... ဒါဆိုရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်လို့ ရတယ်...”
“မင်းက ငါ့အစ်ကိုရဲ့ မျက်လုံးကို ပြန်ပေးမယ်ဆိုရင်တော့ ငါတို့....”
“ဒါ ဘာလုပ်နေကြတာလဲ...”
တိတ်ဆိတ်ပြီး တည်ငြိမ်သော အသံသစ်တစ်ခုက ငြင်းခုံသံများကို သင်တုန်းဓားတစ်လက်ကဲ့သို့ ဖြတ်တောက်သွားခဲ့သည်။
သဲမြွေဟောက်များသည် ဝံပုလွေတစ်ကောင်ရှေ့ရှိ ခွေးပေါက်လေးများအုပ်စုကဲ့သို့ ဘေးသို့ ဖယ်ပေးလိုက်ကြသည်။
လင်းတုန်း ပထမဆုံး မြင်လိုက်ရသော ဤလူသစ်၏ အသေးစိတ်အချက်မှာ မီးခိုးအူနေသော မီးတုတ်များ၏ အလင်းရောင်အောက်တွင်ပင် တောက်ပနေသော လှံသွားတစ်ခု ဖြစ်သည်။ လှံရိုးမှာ အနီရောင်ဖြစ်ပြီး အစီအရင် များဟု ထင်ရလောက်အောင် အသေးစိတ် ဖန်တီးထားသည်။ သို့သော် ထိုလက်နက်ကို ကိုင်ဆောင်ထားသူနှင့် ယှဉ်လျှင် လက်နက်က အာရုံစိုက်မှုကို သိပ်မရရှိခဲ့ပေ။
သူသည် လင်းတုန်းလောက် အရပ်ရှည်သော်လည်း ပို၍ ပိန်ပါးသည်။ ထို့ကြောင့် သူ၏ ကိုယ်ခန္ဓာ အချိုးအစားမှာ သူ၏ လှံနှင့် ဆင်တူနေသည်။ ဤနေရာတွင် လင်းတုန်း မြင်တွေ့ခဲ့ရသော ကျင့်ကြံသူ ထက်ဝက်ကျော်ကဲ့သို့ပင် သူသည် သာမန် အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည်။
သို့သော် ထိုကျင့်ကြံသူများတွင် မရှိသောအရာတစ်ခုကို သူ ဝတ်ဆင်ထားသည်။ ယင်းမှာ သူ၏ ခေါင်းတွင် တင်းကျပ်စွာ ပတ်ထားသော အနီရောင် အဝတ်စရှည်များ ဖြစ်သည်။ ဦးခေါင်းခွံတွင် ရရှိထားသော ပြင်းထန်သည့် ဒဏ်ရာများကို ပတ်တီးစီးရန် ကြိုးစားထားသကဲ့သို့ ပုံပေါက်နေသော်လည်း ဒဏ်ရာများမှ သွေးများ စိမ့်ထွက်နေဟန် ရှိသည်။
ထိုအဝတ်စများ တစ်ခုချင်းစီတိုင်းသည် ခြွင်းချက်မရှိ အစီအရင် များဖြင့် ဖုံးလွှမ်းနေသည်မှာ အမှားအယွင်း မရှိနိုင်ပေ။ အကယ်၍ လင်းတုန်းသည် ထို အစီအရင် များကို အသေးစိတ် ဖတ်ရှုနိုင်လောက်အောင် နီးကပ်နေလျှင်တောင်၊ ၎င်းတို့က ဘာလုပ်ဆောင်သည်ကို သူ သိနိုင်မည် မဟုတ်ပေ။
ထိုအရာသည် ကြည့်ရှုသူများအပေါ်တွင် ခြိမ်းခြောက်နိုင်သော အာနိသင်တစ်ခုခု ရှိနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် မျက်နှာဖုံးစွပ် သူစိမ်း ချဉ်းကပ်လာချိန်တွင် လူတိုင်း တိတ်ဆိတ်သွားသောကြောင့် ဖြစ်သည်။
သဲမြွေဟောက်များသည် မိဘရှေ့ရှိ ကလေးများကဲ့သို့ ပါးစပ်များကို ပိတ်လိုက်ကြပြီး ဖစ်ရှာ များအားလုံးသည်လည်း သူတို့၏ လက်နက်များကို ဆုပ်ကိုင်လိုက်ကြသည်။ လင်းတုန်းကဲ့သို့ ပဋိပက္ခကို ကြည့်ရှုရန် ရပ်နေကြသော ဘေးလူ လက်တစ်ဆုပ်စာမျှပင် စကားတစ်ခွန်းမှ မဟရဲကြပေ။
ယီရင်မှလွဲ၍...။
“သူက အားကောင်းတယ်...”
သူမက လင်းတုန်းကို ပြောလိုက်၏။ သူမ၏ မှတ်ချက်မှာ တီးတိုးစကားထက် အနည်းငယ်သာ ပိုကျယ်ခဲ့သည်။
***
အပိုင်း(၁၁၀)
သူစိမ်းသည် ခေါင်းဆောင် သဲမြွေဟောက်ရှေ့တွင် ရပ်တန့်လိုက်ရာ၊ ထိုသူသည် မတ်တတ်ရပ်ကာ လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
“အစ်ကို ကျင်းလုံ...”
သဲမြွေဟောက်က ပြောလိုက်သည်။
“ဒီ ဖစ်ရှာ တွေက ရှေးဟောင်းအပျက်အစီးတွေကနေ ပြန်လာတဲ့ ကျွန်တော်တို့ရဲ့ သတ္တုတွင်းလုပ်သား တချို့ကို ဖမ်းသွားကြတယ်... သဲမြွေဟောက် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့အတွက် အကြေးခွံ တွေကိုတော့ အနည်းဆုံး ပြန်ရချင်တယ်...”
ကျင်း ကလန်၏ နောက်ထပ် အဖွဲ့ဝင်တစ်ဦးပဲဟု လင်းတုန်း မှတ်သားလိုက်သည်။ နောက်တစ်ဖန် သဲမြွေဟောက်များနှင့် အတူတူ တွေ့ရပြန်သည်။
ဂိတ်တံခါးဝမှ ထိုအမျိုးသားများနှင့် အမျိုးသမီးများသည် ကျင်းဆန်၏ မိတ်ဆွေများ သက်သက်သာ မဟုတ်ချေ။ သူတို့၏ အဖွဲ့အစည်းများသည် နီးကပ်သော မဟာမိတ်များ ဖြစ်ကြသည်။ ထိုအချက်သည် တန်ဖိုးရှိ၊ မရှိကို မသေချာသော်လည်း၊ သူကတော့ မှတ်သားထားလိုက်သည်။
“သဲမြွေဟောက် ဂိုဏ်းအတွက်ပေါ့...”
ကျင်းလုံက တိုးတိုးလေး ထပ်ပြောလိုက်သည်။
“ပျောက်ဆုံးသွားတဲ့ သတ္တုတွင်းအဖွဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ...”
“အာ... အဲဒါက... ကျွန်တော်က သူတို့ကို ကာကွယ်ဖို့ တာဝန်ရှိတာပါ... ဒါပေမဲ့ ဖစ်ရှာ တွေက ကျွန်တော် တစ်ယောက်တည်း ရင်ဆိုင်ဖို့ မနိုင်လောက်အောင် အများကြီး လွှတ်လိုက်လို့ပါ...”
“ဒါဆိုရင် မင်းက ပေါ့ဆသလို အားလည်း နည်းတယ်... မင်း ကိုယ့်ကိုယ်ကိုယ်ရော၊ ဂိုဏ်းကိုရော လေးစားမှု ပျောက်ဆုံးသွားပြီ၊ ဒါကြောင့် ခေါင်းဆောင်ငယ်က မင်းကို ထိုက်တန်သလို အပြစ်ပေးလိမ့်မယ်...”
သဲမြွေဟောက် အမျိုးသား၏ လက်များသည် လက်သီးဆုပ်သွားခဲ့သည်။ သူသည် ကျောကို မတ်လိုက်ပြီး စူးရဲစွာ ကြည့်လိုက်သည်။
“ဒါဆိုရင်လည်း ခရယ်ရဲ့ ကိုယ်ပိုင် နှုတ်ကနေပဲ ကျွန်တော် ကြားချင်တယ်... သူ့အတွက် အပြင်လူတစ်ယောက်က ကိုယ်စားပြောပေးစရာ မလိုဘူး...”
လင်းတုန်း မျှော်လင့်ထားသည်နှင့် ခြားနားစွာပင် ကျင်းလုံသည် ဒေါသထွက်မလာခဲ့ပေ။ သူက တည်ငြိမ်စွာပင် လမ်းပေါ်တွင် တွဲလောင်းကျနေသော အနက်ရောင် သစ်ကိုင်းတုတ်တုတ်ကြီးတစ်ခုကို မော့ကြည့်လိုက်သည်။
“သူ့ အနေနဲ့ ကိုယ်စားပြောပေးစရာ မလိုဘူးလို့ ငါ ထင်တယ်...”
လူတစ်ယောက်သည် သစ်ကိုင်းပေါ်မှ ခုန်ချလာပြီး၊ ပလက်ဖောင်းပေါ်မှ ခုန်ဆင်းလာသကဲ့သို့ ဒူးများကို အနည်းငယ် ကွေးထားလျက် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ အလွန် လွယ်ကူပုံရသည်။ အလွန် သဘာဝကျသည်။
သဲမြွေဟောက်များသည် ထိုလူ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် နောက်သို့ ဆုတ်သွားကြသည်။ သူသည် ကောင်းမွန်သော အနက်ရောင် သားမွေးများကို ဝတ်ဆင်ထားပြီး တော်ဝင် အမိန့်စာတစ်စောင်ကို ထုတ်ပြန်တော့မည့်အလား မေးစေ့ကို မော့ထားသည်။ သူသည် ပြစ်မှုကျူးလွန်သူ တစ်ယောက်ကို ငုံ့ကြည့်နေသော အင်ပါယာဘုရင်တစ်ပါးကဲ့သို့ ခေါင်းဆောင် သဲမြွေဟောက်ကို စိုက်ကြည့်လိုက်သည်။
ဤနေရာတွင် နောက်ထပ် ကျင့်ကြံသူ တစ်ယောက်က မဖြစ်နိုင်သောအရာကို အလွယ်တကူ လုပ်ဆောင်နိုင်ပြန်သည်။ သူ၏ တည်ရှိမှုသက်သက်ကပင် အဆင့်နိမ့် ရွှေအဆင့် များကို လွှမ်းမိုးထားနိုင်ပေသည်။
“ခေါင်းဆောင်ငယ် ခရယ်...”
သဲမြွေဟောက်က သူ့ကို နှုတ်ဆက်လိုက်သည်။ အနည်းငယ် စကားထစ်သွားပြီး ကျင်းလုံကို အရိုအသေပေးခဲ့သည်ထက်ပင် ပို၍ နက်ရှိုင်းစွာ ဦးညွတ်လိုက်သည်။
“ကျွန်တော် ခင်ဗျားကို မလေးမစား လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး...”
“ငါ့မိတ်ဆွေ ကျင်းလုံကို မလေးမစား လုပ်တဲ့အခါတိုင်း ငါ့ရဲ့ ဂုဏ်သိက္ခာကို ညစ်ညမ်းစေတယ်...”
ခရယ်က ကြေညာလိုက်သည်။ ကျင်းလုံကဲ့သို့ပင် သူသည်လည်း လမ်းတစ်လမ်းလုံးကို အာရုံစိုက်လာစေရန် အသံကို မြှင့်ရန် မလိုအပ်ပုံရသည်။
“မင်း အပြစ်ကို ဘယ်လို ပြင်မလဲ...”
သဲမြွေဟောက် အမျိုးသားသည် ကျင်းလုံ၏ရှေ့တွင် ဒူးထောက်ချလိုက်ပြီး သူ၏ခေါင်း မြေကြီးနှင့် ထိသည်အထိ ဦးညွတ်လိုက်သည်။
“ကျွန်တော့် မျက်လုံးတွေ ကန်းနေခဲ့တာပါ လေးစားရတဲ့ ကျင်းလုံ... ကျွန်တော် ဘယ်တော့မှ ထပ်ပြီး...”
ကျင်းလုံက သူ၏ ပခုံးကို ကန်ကျောက်လိုက်သည်။ ထိုအသံသည် အစောပိုင်းက သစ်သားနှင့် သစ်သား ရိုက်ခတ်သံများထက်ပင် ပိုမို ကျယ်လောင်စွာ ညယံတွင် ပဲ့တင်ထပ်သွားသော်လည်း၊ ထိုလူသည် သိသိသာသာ ထိခိုက်သွားပုံ မရပေ။ သူသည် ဇဝေဇဝါဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
“ငါ့ရဲ့ မာနက ငါတို့ အချိန်ပေးရလောက်အောင် တန်ဖိုးမရှိပါဘူး...”
ကျင်းလုံက ပြောလိုက်သည်။
“မတ်တတ်ရပ်...”
ထိုလူသည် ယိုင်နဲ့နဲ့ဖြင့် မတ်တတ်ရပ်လိုက်ရာ ခရယ်က ရုတ်တရက် ပြုံးလိုက်သည်။ ထိုအပြုံးက သူ့ကို မာနကြီးသော မင်းသားတစ်ပါးမှ အကျင့်ပျက်သော ကောင်လေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားစေသည်။ သူက ထိုလူ၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဖက်လိုက်သည်။
“သူက အကုန်အဆင်ပြေတယ်လို့ ပြောတော့လည်း အဆင်ပြေသွားတာပေါ့...”
ခရယ်က ထိုလူ၏ ကျောကို ပုတ်ရင်း ပြောလိုက်သည်။
“ကဲ... ငါတို့ရဲ့ မိတ်ဆွေ ဖစ်ရှာ တွေက ဒီအပြင်မှာ ဘာလာလုပ်နေကြတာလဲ...”
သူက ဖော်ရွေသော အပြုံးဖြင့် အခြားစခန်းဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူ၏ လက်မောင်းပေါ်ရှိ အစိမ်းရောင် မြွေက ကျယ်လောင်စွာ နှာမှုတ်လိုက်သည်။
ဖစ်ရှာများကို ဦးဆောင်သော အမျိုးသမီးသည် ယခုအခါ လက်နှစ်ဖက်စလုံးတွင် ချိတ်တစ်ချောင်းစီ ကိုင်ဆောင်ထားသည်။ သူမသည် လက်နက်ကို ဝှေ့ယမ်းရင်း ရှေ့သို့ ပြင်းထန်သော ခြေတစ်လှမ်း တိုးလာခဲ့သော်လည်း ကျင်းလုံရော ခရယ်ပါ မည်သို့မျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
“ဒါက ငါတို့ရဲ့ နယ်မြေပဲ... ထူးဆန်းတာက မင်းတို့ ဒီမှာ ရှိနေတာပဲ...”
“နယ်မြေ ဟုတ်လား...”
ခရယ်က သဲမြွေဟောက် အမျိုးသား၏ ပခုံးပေါ်မှ လက်ကို မဖယ်ရှားဘဲ ကျင်းလုံဘက်သို့ လှည့်လိုက်သည်။
“စခန်းကို နယ်မြေတွေ ခွဲခြားထားလို့လား...”
“တရားဝင်တော့ မဟုတ်ပါဘူး…”
“မြင်တယ်မလား...”
ခရယ်က အမျိုးသမီးကို ပြောလိုက်သည်။
“တရားဝင် သတ်မှတ်ထားတာ ဘာမှမရှိဘူး... ဒါကြောင့် ငါ ယုံကြည်ဖို့ ရွေးချယ်လိုက်တာကတော့ ငါ့ရဲ့ လက်အောက်ငယ်သားတွေက တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး သတ္တုတွင်းဆီ ပြန်လျှောက်လာချိန်မှာ အလွယ်တကူ လုယက်ချင်တဲ့ သူခိုးတချို့ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရတယ် ဆိုတာပဲ...”
ဖစ်ရှာ အမျိုးသမီးသည် မျက်နှာရဲတက်သွားသည်။
“နင်က ရဲတင်းလှချည်လား...”
“ပြီးတော့ အဲဒီ သူခိုးတွေကို...”
ခရယ်က သူမ၏ စကားကို ဖြတ်ရင်း ဆက်ပြောသည်။
“...ဖစ်ရှာ တွေဖြစ်တဲ့ မင်းတို့က ရဲရင့်စွာ ဖမ်းဆီးနိုင်ခဲ့တယ်... အခုတော့ ငါတို့ရဲ့ အခိုးခံရတဲ့ ပစ္စည်းတွေကို ငါတို့ဆီ ပြန်ပေးချင်နေကြတယ်... လူငယ်သူရဲကောင်းတွေ ပီပီပေါ့...”
အမျိုးသမီးသည် မသေချာမရေရာဖြစ်သွားကာ ရပ်တန့်သွားသည်။
“သူတို့ အကြေးခွံ ဘယ်လောက် ယူသွားကြလဲ...”
လက်မောင်းအောက်ရှိ လူကို ခရယ်က မေးလိုက်သည်။
“ခြောက်ဆယ့်နှစ်ပြားပါ ခေါင်းဆောင်ငယ်...”
ထိုလူက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ခရယ်က အနည်းငယ် ပို၍ နီးကပ်စွာ တိုးသွားလိုက်သည်။
“ဘယ်လောက်...”
“...ခြောက်ဆယ့်နှစ်ပြားလား...”
ခရယ်က သက်ပြင်းချလိုက်သည်။
“ဒီ ဖစ်ရှာ တွေက မင်းဆီကို အခိုးခံရတဲ့ အကြေးခွံ ဘယ်လောက် ပြန်ပေးမှာလဲ...”
နောက်ဆုံးတွင် ထိုလူငယ်သည် သဘောပေါက်သွားခဲ့သည်။
“အနည်းဆုံး အကြေးခွံ တစ်ရာပါ ခေါင်းဆောင်ငယ်...”
သူ့ကို လွှတ်ပေးလိုက်ရင်း ခရယ်က လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
“ဒီမှာ ဆက်ဆံရေးကောင်းဖို့ ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးရှိနေလဲ မြင်လား... အခိုးခံရတဲ့ အကြေးခွံ တစ်ရာကို အခု ငါတို့ဆီ ပြန်ပေးပါ... မနက်လင်းရင် သတ္တုတွင်းလုပ်သားတွေ ငါတို့ စခန်းကို ပြန်ရောက်လာလိမ့်မယ်ဆိုတာ မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ငါတို့ ယုံကြည်လိုက်မယ်...”
ဖစ်ရှာ အမျိုးသမီးသည် ဟာသ မပါဝင်သော ကောက်ကျစ်သည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။
“ဒါက တောရိုင်းမြေ ရဲ့ ဥပဒေပဲ သဲမြွေဟောက်... မင်း ထိန်းသိမ်းထားနိုင်သမျှ မင်း ယူလို့ရတယ်... မင်းက ထိန်းသိမ်းထားဖို့ အားနည်းလွန်းနေရင်တော့...”
ခရယ်၏ အပြုံးသည် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားခဲ့သည်။ သူသည် သူ၏ သားမွေးများအောက်မှ လက်တစ်ဖက်စီဖြင့် သံစူး တစ်ချောင်းစီကို ဆွဲထုတ်လိုက်သည်။ လေးလံသော ဆူးချွန်များသည် အစိမ်းရောင် အလင်းတန်းဖြင့် တောက်ပနေကြသည်။
“ငါ ရုတ်တရက် လေ့ကျင့်ခန်း နည်းနည်း လုပ်ချင်စိတ် ပေါ်လာတယ်... ညီမ ဖစ်ရှာ... ငါ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား...”
ကျင်းလုံက သူ၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို ပုတ်လိုက်သည်။
“ဒီကိစ္စအတွက် အချိန်ပေးရတာ အရမ်းကြာနေပြီ ခေါင်းဆောင်ငယ်... ညီမ ဖစ်ရှာ... မင်းလိုပဲ ငါတို့မှာလည်း လုပ်စရာ အခြားအလုပ်တွေ ရှိသေးတယ်... ငါတို့ရဲ့ အခြား သတင်းပို့သူတွေ မင်းတို့ ဂိုဏ်းဆီ မရောက်သေးလို့၊ ငါတို့ရဲ့ အခိုးခံရတဲ့ ပစ္စည်းတွေကို ဒီသတင်းစကား ပါးပေးဖို့အတွက် စရန်ငွေအဖြစ် သတ်မှတ်လိုက်ပါ... အာရီလီယပ်စ် မိသားစု လာနေပြီ... တစ်လအတွင်းမှာ သူတို့ရဲ့ အဆင့်နိမ့် အရှင်သခင် အဆင့်က ဆုလာဘ်တွေ အားလုံးကို ငါတို့ဆီကနေ ယူသွားလိမ့်မယ်... ငါတို့အတွက်တော့ အကြွင်းအကျန်တွေပဲ ကျန်ခဲ့လိမ့်မယ်...”
ဖစ်ရှာ အမျိုးသမီးသည် လှည့်လိုက်ပြီး သူမ၏ နောက်ဘက်ရှိ လူအုပ်ထဲမှ တစ်ယောက်ယောက်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
“ငါတို့လည်း ကောလာဟလတွေ ကြားထားပါတယ်...”
“ဒါတွေက ကောလာဟလတွေထက် ပိုပါတယ်...”
ကျင်းလုံက ပြောလိုက်သည်။ သူသည် အပြာနှင့်အဖြူရောင် အလံတစ်ခုကို ထုတ်ယူလိုက်ပြီး အလံရွက်ကို လွှင့်လိုက်သည်။ အလယ်ဗဟိုတွင် အနက်ရောင် လခြမ်းပုံ တစ်ခု ထင်ရှားစွာ ပေါ်လွင်နေသည်။
“တိမ်တိုက် တူ ဂိုဏ်းက ခရီးဝေး သတင်းပို့သူ တစ်ယောက် ဒါကို ယူပြီး ပြန်ရောက်လာတာ တစ်ရက်ပဲ ရှိသေးတယ်... အာရီလီယပ်စ် တွေသာ မြန်မြန်လာရင် သူတို့ နှစ်ပတ်အတွင်း ဒီကို ရောက်လာနိုင်တယ်... အများဆုံး ကြာရင် တစ်လပေါ့... အခုချိန်မှာ ငါတို့ အစားအစာကို မမျှဝေစားကြဘူးဆိုရင် ဘယ်သူကမှ အစအနလေးတောင် မြင်ရမှာ မဟုတ်ဘူးလို့ မင်းတို့ရဲ့ ဖစ်ရှာ ရာဂန် ဆီ သတင်းပို့လိုက်ပါ...”
ကျင်းလုံက နောက်သို့ ပြန်လှည့်လိုက်သည်။ အနီရောင် ပတ်ထားသော မျက်နှာသည် ခံစားချက်ကင်းမဲ့နေသော်လည်း၊ လင်းတုန်းသည် အဝတ်စများကြားမှ တောက်ပနေသော မျက်လုံးများကို တစ်ချက် မြင်လိုက်ရသည်။ အနည်းဆုံးတော့ သူ့တွင် အဝတ်အစများကို ဖောက်ထွင်းမြင်နိုင်သော စွမ်းအား မရှိပေ။ ထိုသို့သာဆိုလျှင် အလွန်အမင်း လူသားမဆန်ရာ ကျလွန်းပေလိမ့်မည်။
သို့သော်လည်း... ဖစ်ရှာ အမျိုးသမီး၏ နောက်ထပ် စကားလုံးများမှာ မှန်ပြတင်းပေါက်ကို ဖောက်ဝင်လာသော ကျောက်ခဲတစ်လုံး အလား...။
“သဲမြွေဟောက် တီကောင်တွေရဲ့ သတင်းစကားကို သယ်သွားပေးရမယ် ဟုတ်လား... ထွီ...”
သူမသည် မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်သည်။
“ငါ့လျှာကိုသာ ဖြတ်ပစ်လိုက်ချင်တယ်...”
ကျင်းလုံသည် သူမအား ကျောပေးထားလျက် အေးခဲသွားခဲ့သည်။ ဖြည်းညင်းစွာဖြင့် သူသည် ပခုံးပေါ်မှ လှံကို မကာ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ၏ ဘေးတွင် ခရယ်သည် ရယ်မောရင်း ဘေးသို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
“ဒါက ဖစ်ရှာ ဂိုဏ်းရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မင်းရဲ့ တရားဝင် တုံ့ပြန်မှုလား...”
ကျင်းလုံက မေးလိုက်ရာ၊ သူ၏ အသံမှာ ဆောင်းရာသီရှိ သံမဏိထက်ပင် ပို၍ အေးစက်နေခဲ့သည်။
“ဒါက ငါ့ရဲ့ တုံ့ပြန်မှုပဲ...”
သူမက လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်ပြီး သူမ၏ ချိတ်ကို ရှေ့သို့ ရိုက်ချလိုက်တော့သည်။