← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 8 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 8 Ch. 111-112

အပိုင်း(၁၁၁)

မည်သို့ ဖြစ်သွားသည်ကို လင်းတုန်း မမြင်လိုက်ပေ။ သူမ ဝှေ့ယမ်းလိုက်ချိန်တွင် ဓားသွားသည် လက်ကိုင်ရိုးမှ ပြုတ်ထွက်သွားခဲ့သော်လည်း ရမ်းကားစွာ လွင့်ပျံသွားခြင်းတော့ မဟုတ်ပေ။ ကွေးညွတ်နေသော ဓားသွားသည် ကြာပွတ်တစ်ခု၏ အဖျား၊ သို့မဟုတ် တံငါသည်၏ ငါးမျှားကြိုးတွင် ချိတ်ဆက်ထားသကဲ့သို့ စက်ဝိုင်းခြမ်းပုံစံဖြင့် လွင့်ပျံသွားခဲ့သည်။ သို့သော် လက်ကိုင်နှင့် ဓားသွားကို ဆက်သွယ်ထားသော မြင်သာသည့်အရာ ဘာတစ်ခုမျှ မရှိပေ။ ၎င်းသည် ခေါင်းဖြတ်သမား၏ ပုဆိန်ကဲ့သို့ ကျင်းလုံ၏ လည်ပင်းဆီသို့ ကျဆင်းလာခဲ့သည်။

အနီရောင် လှံသည် မထင်မှတ်နိုင်လောက်အောင် မြန်ဆန်သော စက်ဝိုင်းပုံစံဖြင့် လည်ပတ်သွားခဲ့သည်။ လှံသွားသည် ကြယ်ကြွေတစ်ခု၏ အမြီးကဲ့သို့ တောက်ပသော မျဉ်းကြောင်းတစ်ခုကို ရေးဆွဲသွားခဲ့သည်။ သူ၏ လှုပ်ရှားမှုက ဖစ်ရှာ ၏ ချိတ်ကို ဖမ်းဆီးလိုက်ပြီး၊ လေထဲမှ ဆွဲချကာ မြေပြင်ပေါ်သို့ တံမြက်စည်းလှည်းသကဲ့သို့ ရိုက်ချလိုက်သည်။

ကွေးညွတ်နေသော ဓားသွားသည် ဖစ်ရှာ အမျိုးသမီးက ပြန်ဆွဲယူနေသည့်အလား သူမထံသို့ ပြန်လည် လွင့်ပျံသွားချိန်တွင်၊ ကျင်းလုံသည် နောက်သို့ လှည့်လိုက်သည်။ သူသည် လှံရိုးပေါ်တွင် လက်နှစ်ဖက်စလုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း၊ ယခုအခါ သူ၏ အသွင်အပြင် တစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် ခုန်အုပ်တော့မည့် ကျားတစ်ကောင်ကဲ့သို့ ကိုယ်ကို ဝပ်လိုက်၏။ တောက်ပနေသော သူ၏ လှံသွားသည် သေစေနိုင်သော လက်သည်းတစ်ခု ဖြစ်နေခဲ့သည်။

“ဖစ်ရှာ တွေက အကျိုးအကြောင်းကို နားမထောင်ဘူးဆိုရင်...”

သူက ပြောလိုက်သည်။

“သူတို့ကို မလိုအပ်တော့ဘူး…”

ကျင်းလုံက ခန္ဓာကိုယ်ကို တင်းထားလိုက်ပြီး သူ၏လှံကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်ချိန်တွင်၊ အနီးအနားရှိ အဆောက်အအုံများ၏ မျက်နှာပြင်ပေါ်မှနေ၍ အရိပ်များသည် အနက်ရောင်ရေများကဲ့သို့ စီးကျလာခဲ့သည်။ ကျင်းလုံက သူတို့ကို ဆင့်ခေါ်ရန် မည်သည့် နည်းစနစ် ကို အသုံးပြုခဲ့သနည်းဟု လင်းတုန်း ခဏမျှ တွေးတောမိလိုက်သည်။ သူက အရိပ် မာဒြာ ကို ကျင့်ကြံထားခြင်း ဖြစ်နိုင်ပြီး ကြည့်ရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။ သို့သော် ထိုအရိပ်များသည် ခြေရှစ်ချောင်းပါသော ပုံသဏ္ဍာန်များအဖြစ် ဖြန့်ကျက်လာခဲ့သည်။

ခွေးပေါက်အရွယ်အစားရှိသော ပင့်ကူ တစ်ဒါဇင်ခန့်သည် အထက်ရှိ သစ်ကိုင်းများပေါ်မှ ဆင်းသက်လာကြသည်။ ၎င်းတို့သည် အမှောင်ထုထဲတွင် မမြင်နိုင်လောက်သော ကြိုးများပေါ်တွင် တွဲလောင်းခိုနေကြပြီး၊ စက္ကန့်တစ်စိတ်စာတိုင်းတွင် လှံကိုင်သမား၏ ဦးခေါင်းနောက်ဘက်သို့ ကျဆင်းရန် နီးကပ်လာခဲ့သည်။

ကျင်းလုံသည် တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိသွားပုံရသည်။ သူသည် ရှေ့သို့ ခုန်မည့်အစား နောက်သို့ ခုန်ဆုတ်လိုက်ပြီး သူ၏ တောက်ပနေသော လှံသွားကို အမြင့်တွင် ကာကွယ်ထားလိုက်သည်။

ပင့်ကူများသည် ခေါင်းအမြင့်လောက်တွင် ရပ်တန့်သွားကြပြီး သူတို့၏ နုနယ်သော ကြိုးများပေါ်တွင် တွဲလောင်း ခိုနေကြသည်။ ယီရင်သည် သူမ၏ ဓားရိုးပေါ်တွင် လက်တင်ထားဆဲ ဖြစ်သော်လည်း သူတို့သည် ဝေးလွန်းနေသဖြင့် ဓားကို မဆွဲထုတ်ခဲ့ပေ။

လမ်းပေါ်ရှိ ကျင့်ကြံသူ အားလုံးသည် ထိုသတ္တဝါများ ရုတ်တရက် ပေါ်ထွက်လာမှုအပေါ် မတူညီစွာ တုံ့ပြန်ကြသော်လည်း လင်းတုန်း၏ မျက်လုံးများကမူ ပင့်ကူများအပေါ်တွင်သာ စွဲကပ်နေခဲ့သည်။ ၎င်းတို့သည် မှိုင်းညို့ညို့ အရောင်အဆင်းရှိပြီး၊ မီးခိုးရောင် သမ်းသည့် ခရမ်းရောင် ဖြစ်သည်။ ထို့ကြောင့် အစပိုင်းတွင် သူက ဝိညာဉ်အကြွင်းအကျန် များဟု ထင်မှတ်ခဲ့သည်။ သို့သော် ၎င်းတို့၏ ခြေတံများရှိ အဆစ်များကို သူ ဖြတ်၍ မြင်နေရသည်။ ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းများကို တပ်ဆင်ထားသော ရုပ်သေးရုပ်များနှင့် တူလှသည်။

ဤအချိန်တွင် လမ်းဘေးတွင် လူပိုများလာပြီး၊ လင်းတုန်းသည် လူအုပ်ထဲမှ မျက်နှာတစ်ခုပြီးတစ်ခု စူးစမ်းကြည့်လိုက်သည်။ ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်က ဤမျှများပြားသော မှော်ပစ္စည်း များကို အခြားသူတစ်ယောက်ကို ရောင်းချခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် ဤမျှများပြားသော အရာများကို တစ်ချိန်တည်းတွင် ထိန်းချုပ်ရန် ကျွမ်းကျင်မှုနှင့် လေ့ကျင့်မှု လိုအပ်သည်။ ပင့်ကူများ၏ ဖန်တီးရှင်သည် လူအုပ်ထဲတွင် ရှိနေနိုင်လောက်သည်။

လင်းတုန်း အစောပိုင်းက မြင်ခဲ့ရသော အဝါရောင် ဆံပင် အရှည်နှင့် လူမှလွဲ၍ မျက်မြင်သက်သေ အများစုမှာ ရွံရှာ၊ ဇဝေဇဝါ သို့မဟုတ် ထိတ်လန့်နေပုံရသည်။ သူသည် အပြာနှင့်အဖြူ ရောစပ်နေသော ရှုပ်ထွေးသည့် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ ပခုံးပေါ်ရှိ ဝတ်ရုံမှာ အတောင်ပံများနှင့်တူအောင် မြှင့်တင်ကာ ခွဲခြားထားသည်။ သူသည် ချီတက်ပွဲတစ်ခုအတွက် ပြင်ဆင်လာသည့်အလား ဖြစ်နေသည်။

အဝါရောင် ဆံပင် အရှည်နှင့် လူသည် လင်းတုန်း၏ အကြည့်ကို ဖြူဖျော့ဖျော့ အပြာရောင် မျက်လုံးများဖြင့် ရင်ဆိုင်လိုက်သည်။ ၎င်းမှာလည်း ရွှေအဆင့် အမှတ်အသား ၏ နောက်ထပ် အကျိုးဆက်တစ်ခု ဖြစ်သည်မှာ သေချာသည်။ သူက ပျော်ရွှင်စွာ လက်ဝှေ့ယမ်းပြလိုက်သည်။

လင်းတုန်းသည် သူ့ကို တစ်ဦးတည်းသော ထင်ရှားသူအဖြစ် အာရုံစိုက်ထားသော်လည်း သူ ရှာဖွေနေသည့် လူကိုတော့ မတွေ့ရပေ။ အမှန်စင်စစ်... ဆံပင်အဝါရောင်နှင့် လူသည်လည်း ပင့်ကူများအတွက် တာဝန်ရှိသူ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည့်အလား လူအုပ်ထဲသို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုနေခဲ့သည်။

အပေါ်မှ မှော်ပစ္စည်းများ ဆင်းသက်လာပြီးနောက် အသက်တစ်ရှိုက်စာ၊ နှစ်ရှိုက်စာခန့်သာ ကြာသေးသော်လည်း၊ လင်းတုန်းသည် ဝိညာဉ်ပန်းပဲဆရာ ကို ရှာဖွေရန် လူအုပ်ထဲမှနေ၍ စတင် တိုးထွက်နေပြီ ဖြစ်သည်။

ဖစ်ရှာများ၏ အနောက်ဘက်ရှိ လမ်းမပေါ်မှ အဘွားအိုတစ်ဦး လွင့်မျောလာသည်ကို မြင်လိုက်ရချိန်တွင် သူ ရပ်တန့်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ဘီးများပေါ်တွင် လိမ့်လာသည့်အလား လုံးဝ ငြိမ်သက်နေခဲ့သည်။ သူက အကြောင်းရင်းကို သိရန် လည်ပင်းကို ဆန့်ကြည့်လိုက်ရာ၊ သူမ၏ ဝတ်ရုံအောက်တွင် ရွေ့လျားနေသော ခြေရှစ်ချောင်းကို မြင်လိုက်ရလေသည်။

ဤမဟာမိတ် အဖွဲ့ငါးခုက မည်ကဲ့သို့ ရူးသွပ်ဖွယ် စမ်းသပ်မှုများကို ပြုလုပ်နေကြသနည်း။ ဝိညာဉ် ပန်းပဲဆရာများက မှော်ပစ္စည်းများကို လူပေါ်တွင် တပ်ဆင်ပေးနေသည်လား။ သူ့ အမေကတော့ ထိုအရာကို ကြောက်မက်ဖွယ် သိစိတ် ချိုးဖောက်မှုဟု ခေါ်ကာ ထိုတားမြစ်ချက်အား ချိုးဖောက်ရဲသည့် မည်သူ့ကို မဆို လိုက်လံရှာဖွေ နှိမ်နင်းလိမ့်မည် ဖြစ်သည်။

ထိုအမျိုးသမီးသည် အလွန် အိုမင်းနေ၏။ လင်းတုန်း ဘဝတစ်လျှောက် မြင်တွေ့ဖူးသမျှ လူများထက်ပင် ပိုမို၍ အသက်ကြီးနိုင်သည်။ သူမက မီးခိုးရောင် ဆံပင်များကို ဆံထုံးထုံးထားသည်။ သူမ၏ မျက်နှာ တစ်ခုလုံးမှာ အရေးအကြောင်းများနှင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ်မှာလည်း သေးငယ်လှသည့် အတွက် သူ့ ကျောပိုးအိတ်ထဲတွင်ပင် သက်တောင့်သက်သာ ထည့်ထားနိုင်လောက်သည်။

ပင့်ကူ ခြေထောက်များနှင့် ရှေ့သို့ လွင့်မြောလာချိန်တွင် သူမသည် လက်များကို နောက်ပစ်ထားကာ ကျောပေါ်တွင် တောက်ပနေသည့် ကြီးမားလှသည့် ရွှေစတီးချိတ်ကိုပင် လှမ်းမကိုင်ခဲ့ချေ။

တိုက်ပွဲဆီသို့ ရောက်သောအခါ သူမသည် အောက်သို့ ခုန်ချလိုက်ပြီး ကိုယ်ပိုင် ခြေနှစ်ချောင်းဖြင့် ဆက်လျှောက်သွား၏။ ပင့်ကူ မှော်ပစ္စည်းကိုတော့ ချန်ထားရစ်ခဲ့သည်။ သူမက သူမ၏ ခြေထောက်များတွင် ပင့်ကူခြေထောက်များကို တပ်ဆင်ထားခြင်း မဟုတ်သည်မှာ သေချာပါသည်။ ထိုသို့ဆိုလျှင် ရူးသွပ်ရာ ကျပေလိမ့်မည်။

သူမ ချန်ထားရစ်ခဲ့သော ပင့်ကူသည် အခြားအရာများနှင့် မတူပေ။ ၎င်းသည် ပိုကြီးသည်။ ခြေထောက်များသည် အချိုးအစားအရ ပိုရှည်သည်။ ၎င်းသည် အခြားအရာများထက် အရောင်ပိုမှိုင်းပြီး မီးခိုးရောင်လို့ပင် ပြောလို့ရသည်။ ထို့အပြင် ၎င်း၌ ခေါင်းမရှိပုံရပြီး ပင့်ကူခြေထောက်များ တပ်ဆင်ထားသော အချပ်ပြားတစ်ခုနှင့် ပိုတူသည်။

အဘြွားအိုလေးသည် ဖန်တီးသူများ၏ တူပုံံစံ တံဆိပ်ကိုရော ဝိညာဉ်ပန်းပဲ ဆရာများ၏ ကြက်ခြေခတ် တူပုံ တံဆိပ်ကိုပါ တပ်ဆင်ထားခြင်း မရှိသော်လည်း သူမသည် လင်းတုန်း တစ်သက်လုံး ဖြစ်ချင်ခဲ့သမျှ အရာအားလုံး ဖြစ်ပေသည်။ ကျင့်ကြံသူများသည် မည်မျှပင် အစွမ်းထက် စေကာမူ သူမသည် မှော်ပစ္စည်းများ သက်သက်နှင့်တင် သူတို့ကို တားဆီးနိုင်သည်။

သူမက ကျင်းလုံဆီကို ကပျာကယာ သွားပြီး အရေးအကြောင်းများနှင့် ပိတ်လုနီးပါး ဖြစ်နေသည့် မျက်လုံးများနှင့် သူ့ကို စိုက်ကြည့်လိုက်သည်။

“ဒါ ဘာလုပ်တာလဲ... ဖစ်ရှာ တွေက မင်းတို့ရဲ့ သတ္တုတွင်း အစေခံတွေမို့လို့ မင်းတို့ သဘောကျတိုင်း ရိုက်နှက်လို့ ရမယ်ထင်နေလား...”

ဖစ်ရှာ အမျိုးသမီးငယ်သည် လက်တစ်ဖက်စီတွင် ချိတ်တစ်ချောင်းစီ ကိုင်ဆောင်လျက် ရှေ့သို့ ထွက်လာခဲ့သည်။

“ဖစ်ရှာ ဂီရှာ... ဒါက...”

ဝိညာဉ်ပန်းပဲဆရာ ဖစ်ရှာ ဂီရှာက လှည့်ကာ လက်ကာပြလိုက်ချိန်တွင် သူမ၏ စကားသည် ထိုနေရာ၌သာ ရပ်တန့်သွားခဲ့သည်။ အမျိုးသမီးငယ်သည် မျက်စိဖြင့် မမြင်နိုင်သည့် ကြိုးတစ်ချောင်းဖြင့် ဆွဲယူခံရသကဲ့သို့ ရှေ့သို့ လွင့်စင်သွားပြီး၊ ဂီရှာ၏ အသင့်စောင့်နေသော ပါးရိုက်ချက်ဆီသို့ တိုးဝင်သွားခဲ့သည်။

“ငါက မိုက်မဲတဲ့ ကောင်မလေး တစ်ယောက်ဆီက ရှင်းပြချက်ကို လိုချင်ရင်... လွန်ခဲ့တဲ့ နှစ်တစ်ရာက ငါ့ကိုယ်ငါ ပြန်သွားမေးလိုက်မယ်...”

“သူ တကယ် အဲဒီလို လုပ်နိုင်တာလား...”

လင်းတုန်းက ယီရင်ကို တိုးတိုးလေး မေးလိုက်သည်။ သူမက သူ့ကို စူးရဲစွာ ကြည့်လိုက်သဖြင့် သူ ပါးစပ်ကို အသာလေး ပိတ်ထားလိုက်သည်။

အဘွားအိုသည် ကျင်းလုံဘက်သို့ ပြန်လှည့်သွားပြီး လက်များကို နောက်ကျောတွင် ပြန်လည် ပိုက်ထားလိုက်သည်။

“ဒီလူမိုက်မလေးက ငါ့ကို အကူအညီ လှမ်းတောင်းတယ်... ဒီတော့ ငါက သားရဲဆိုး တွေ ထောင်နဲ့ချီပြီး မြင်ရလိမ့်မယ်လို့ မျှော်လင့်ပြီး ရောက်လာတာ၊ အခုကျတော့ ခေါင်းမှာ အိတ်စွပ်ထားတဲ့ ကောင်လေးတစ်ယောက်က ငါတို့ ဂိုဏ်းကို လာခြိမ်းခြောက်နေတယ်... ငါ့ကို မလိုအပ်ဘူးလို့ မင်း ထင်နေတာလား ဟင်... ဖစ်ရှာ ဂီရှာ နဲ့ မင်း စမ်းသပ်ချင်လို့လား...”

ကျင်းလုံသည် ဖစ်ရှာ အဘွားအိုအပေါ်တွင် မိုး၍ ရပ်နေ၏။ သူက ကြောက်ရွံ့စွာ နောက်သို့ ဆုတ်မသွားသည့်အတွက် လင်းတုန်း အထင်ကြီးသွားခဲ့သည်။ သူသည် သူ၏ အနီရောင် လှံကို မြေကြီးနှင့် ပွတ်တိုက်လိုက်သည်။

“ကျွန်တော်က ခင်ဗျားတို့ ဂိုဏ်းရဲ့ ခေါင်းဆောင်တွေဆီ သတင်းစကား တစ်ခု ပေးပို့ဖို့ ကြိုးစားနေတာပါ... ကျွန်တော် အောင်မြင်သွားပုံရပါတယ်...”

ဖစ်ရှာ ဂီရှာက ဟိန်းဟောက်လိုက်ပြီး လူငယ်လေး၏ ခြေသလုံးကို တစ်ချက် ကန်လိုက်သည်။ သူမ သစ်ပင်တစ်ပင်ကို ကန်လိုက်သကဲ့သို့ပင် သူက ဘာဆိုဘာမှ မတုန့်ပြန်ခဲ့ချေ။

“စကားတွေ များလွန်းတယ်၊ များကို များလွန်းတယ်... မင်းဆီမှာ သတင်းစကား ပါရင် ပြောလေ... ငါက မင်း လည်ချောင်းထဲကနေ နှိုက်ယူရမှာလား... ဟင်...”

“အာရီလီယပ်စ် မိသားစု လာနေပါပြီ...”

ကျင်းလုံက ပြောလိုက်လေတော့သည်။

***

အပိုင်း(၁၁၂)

တိတ်ဆိတ်မှုက ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ဖစ်ရှာ အဘွားအိုသည် တွေးတောနေသည့်ဟန်ဖြင့် အေးခဲနေခဲ့၏။

“မင်း ဒီကိစ္စကို အတည်ပြုပြီးပြီလား...”

“ကျွန်တော်တို့ ကျေနပ်လောက်အောင် အတည်ပြုပြီးပါပြီ... မနက်ဖြန်ကျရင် အထောက်အထားတွေကို ခင်ဗျားဆီ ပို့ပေးနိုင်ပါတယ်...”

ဖစ်ရှာ ဂီရှာသည် ခဏမျှ ဆက်လက် တွေးတောနေပြီးနောက်၊ အရပ်ရှည်သော အမျိုးသမီးငယ်ဘက်သို့ ပြန်လှည့်လိုက်သည်။ သူမသည် ပါးပြင်ကို ပွတ်သပ်နေဆဲ ဖြစ်သော်လည်း၊ ဂီရှာက လေထဲသို့ နှစ်ပေခန့် ခုန်တက်ကာ နောက်တစ်ဖက်ကို ထပ်ရိုက်လိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ပြန်သည်။

“မိုက်မဲတဲ့ ကောင်မလေး... တစ်ကိုယ်ကောင်းဆန်တဲ့ ကောင်မလေး... မင်းရဲ့ မာနက ဂိုဏ်းထက် ပိုအရေးကြီးတယ်ပေါ့လေ ဟုတ်လား... အာရီလီယပ်စ် ဒီကို ရောက်လာရင် မင်းရဲ့ ဂုဏ်သိက္ခာက အရေးပါလိမ့်မယ်လို့ ထင်နေတာလား... အဆင့်နိမ့် အရှင်သခင် အဆင့် က မင်းရဲ့ မျက်လုံးတွေကို သူ့ရဲ့ လှံပေါ်မှာ တင်ထားခွင့်ပေးမယ်လို့များ ထင်နေတာလား...”

‘အဆင့်နိမ့် အရှင်သခင် အဆင့်...’

လင်းတုန်း တွေးလိုက်သည်။ ၎င်းသည် 'ခေါင်းဆောင်ကြီး' ကဲ့သို့ လေးစားဖွယ်ရာ ဂုဏ်ပုဒ်တစ်ခုလော။ သို့တည်းမဟုတ်... အစစ်အမှန် ရွှေအဆင့် ကို ကျော်လွန်သော အဆင့်တစ်ခုလော။

ဖစ်ရှာ အမျိုးသမီးငယ်သည် ငိုလုနီးပါး ဖြစ်နေပုံရသော်လည်း သူမ၏ အသံက ရှင်းလင်းနေသည်။

“သူတို့စကားတွေက သဲမြွေဟောက် တွေရဲ့ လိမ်ဆင်တွေလို့ ကျွန်မ ထင်ခဲ့တာပါ...”

“မျက်ကန်းလေး တစ်ယောက်က အမှန်တရားနဲ့ လိမ်ညာမှုကို ဘယ်လိုလုပ် ခွဲခြားသိနိုင်မှာလဲ... မင်း အဲဒီစကားတွေကို ငါ့ဆီ ပို့ပေးလိုက်၊ သူတို့က လေဖမ်းဒမ်းစီး ပြောနေတာ ဟုတ်မဟုတ်ဆိုတာ ငါ ပြောပြမယ်...”

အမျိုးသမီးငယ်သည် တုန်ယင်စွာဖြင့် သူမ၏ ဓားချိတ်များကို ကျောပေါ်ရှိ ကြိုးများတွင် ပြန်တပ်လိုက်ပြီး ဖစ်ရှာ ဂီရှာ ကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

“တန်ဖိုးမရှိတဲ့ အစေခံ နားလည်ပါပြီရှင်...”

“ဟမ့်...”

ဂီရှာက ကျင်းလုံဘက်သို့ ပြန်လှည့်လိုက်သည်။

“လူငယ်တွေက မိုက်မဲကြတယ်... ဒါက ကလေးတွေကြားက ငြင်းခုံမှု သက်သက်ပါပဲ...”

လှံကိုင်သမား ကျင်းလုံ ပြန်မပြောမီ ခရယ်က ရှေ့သို့ ထွက်လာခဲ့သည်။ သူ၏ မျက်နှာအမူအရာသည် တည်ကြည်နေပြန်ပြီး၊ လေးစားရသော ရန်သူတစ်ဦးနှင့် စေ့စပ်ညှိနှိုင်းနေသည့် မင်းသားတစ်ပါးနှင့် တူနေသည်။

“ခဏလေးပါ ဖစ်ရှာ ဂီရှာ... အမျိုးသမီးငယ်နဲ့ သူ့မိတ်ဆွေတွေက ကျွန်တော်တို့ကို အကြီးအကျယ် မလေးမစား လုပ်ခဲ့ပါတယ်... သူတို့ဆီမှာ ဒီနေ့ ရှေးဟောင်းအပျက်အစီးတွေထဲကနေ ရလာတဲ့ အကြေးခွံ တစ်ရာအပြင် ကျွန်တော်တို့ပိုင်တဲ့ သတ္တုတွင်း အဖွဲ့တစ်ခုလုံးလည်း ရှိနေပါတယ်... ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပြန်မရဘူးဆိုရင်၊ အဲဒါက သဲမြွေဟောက်တွေ အားလုံးကို ပါးရိုက်လိုက်တာနဲ့ အတူတူပါပဲ...”

ဖစ်ရှာ အမျိုးသမီးငယ်သည် ဒေါသတကြီးဖြင့် စကားပြန်ပြောရန် စတင်လိုက်သော်လည်း ဝိညာဉ်ပန်းပဲဆရာ အဘွားအိုက သူမကို ဖြတ်ပြောလိုက်သည်။

“ငါ မှားခဲ့တာလား... ဒါက ငါတို့ ဂိုဏ်းကြီးတွေကြားက တိုက်ပွဲတစ်ခုလား... ကလေးတွေရဲ့ ရန်ပွဲ မဟုတ်ဘူးလား... အကယ်လို့ အဲဒီလိုဆိုရင်တော့...”

အထက်မှနေ၍ ပင့်ကူအားလုံးသည် ပြိုင်တူ နှာမှုတ်လိုက်ကြပြီး သူတို့၏ ကြိုးများပေါ်တွင် ခြေထောက်များကို ပြင်းထန်စွာ လှုပ်ရှားလိုက်ကြသည်။

“...ဒီ အဘွားအိုက မင်းတို့ အားလုံးကို ခဏလောက် အဖော်ပြုပေးရမှာပေါ့...”

သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပုံပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ကျင်းလုံက ပြန်လည် တုံ့ပြန်ခဲ့သည်။

“ကျွန်တော်တို့က မိုက်မဲပြီး တန်ဖိုးမရှိတဲ့ သူတွေပါ လေးစားရတဲ့ ဖစ်ရှာ... သတင်းစကားကို ကျွန်တော်တို့ရဲ့ အရိုအသေပေးမှုတွေနဲ့အတူ ပေးပို့ပြီးပါပြီ... အပြင်လူတွေ မရောက်လာခင် မဟာမိတ်အဖွဲ့ကတော့ ကွဲပြားသွားမှာ မဟုတ်ပါဘူး...”

သူသည် အရိုအသေပေးကာ နောက်ဆုတ်သွားပြီး သဲမြွေဟောက် လူအုပ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ ခရယ်က သူတို့အားလုံးကို လက်ဝှေ့ယမ်းပြလိုက်ရာ၊ သူတို့သည်လည်း ထွက်သွားရန် အလွန် စိတ်အားထက်သန်နေပုံရသည်။

အဘွားအိုက ဟိန်းဟောက်လိုက်သည်။

“မင်းက စောစောစီးစီး အရမ်းအစွမ်းထက်လာတော့ ခေါင်းမာလာတာပေါ့...”

သူမက တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် သူမသည် ဖစ်ရှာ များဘက်သို့ ပြန်လှည့်လိုက်ပြီး ခေါင်းဆောင် အမျိုးသမီး၏ နားရွက်ကို ဆွဲရန် လေထဲသို့ ထပ်မံ ခုန်တက်လိုက်သည်။

“အိမ်ထောင်သည် ကောင်မလေး တစ်ယောက်ကို သူ့အမေဆီ ထပ်ပြီး ဆွဲခေါ်သွားစရာ မလိုသင့်ဘူး၊ ဒါပေမဲ့ မင်းအကြောင်း သူ့အမေ ဘာပြောမလဲဆိုတာ ကြည့်ရသေးတာပေါ့...”

သစ်ပင်များပေါ်တွင် အရိပ်သဏ္ဍာန်များသည် သစ်ကိုင်းများပေါ်မှ လျှောဆင်းလာကာ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားကြသည်။ ပင့်ကူပုံစံ ဝိညာဉ် စက်ရုပ်သည် သူမ၏ နောက်မှ ခြေရှစ်ချောင်းဖြင့် လိုက်ပါသွားခဲ့၏။ သူမက မကြည့်ဘဲ ၎င်း၏ အပေါ်သို့ နောက်ပြန် ခုန်တက်လိုက်ရာ ချက်ချင်းပင် အရပ် တစ်ပေကျော်ခန့် မြင့်တက်သွားခဲ့သည်။

လင်းတုန်းသည် ဆွဲခေါ်ခံရသကဲ့သို့ နောက်မှ လိုက်သွားခဲ့ပြီး မိုင်တစ်ထောင် တိမ်တိုက်ကိုလည်း သတိလက်လွတ် ဆွဲခေါ်သွားခဲ့သည်။ ယီရင်က သူ၏ အင်္ကျီလက်ကို ဆွဲဖမ်းလိုက်သည်။

“မင်း ဘယ်သွားမလို့လဲ...”

“တပည့် ဆိုတဲ့ စကားလုံးကတော့ နည်းနည်း ကြီးကျယ်လွန်းတယ်... သင်တန်းသား ဆိုတာလည်း အတူတူပဲ... သူ့ရဲ့ သံရည်ကျိုဖိုကို တံမြက်စည်းလှည်းပေးဖို့ လူတစ်ယောက်ယောက် လိုမလို သွားကြည့်မလို့ပါ...”

“သတိထားပါ...”

ယီရင်က လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။

“နင် အဲဒီမြားကို အရမ်းမြင့်မြင့် ပစ်လိုက်ရင်... ပြန်ကျလာပြီး နင့်ရဲ့ မျက်လုံးကို ထိသွားလိမ့်မယ်…”

လင်းတုန်းသည် သူမနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး၊ သူမ၏ ပခုံးများကို ခပ်ဖွဖွ ဆုပ်ကိုင်ကာ ညီမအရင်းကို ပြောသည့်အလား ပြောလိုက်သည်။

“ယီရင်... ငါ့ကို လမ်းပြပေးမယ့်သူ တစ်ယောက် လိုအပ်တယ်... တကယ် လိုအပ်တာ... သံမဏိအဆင့် အထိ ငါ မစောင့်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ သင့်တော်တဲ့ နည်းစနစ် မရှိဘဲနဲ့ အဲဒီအဆင့်ကို ဘယ်တော့ရောက်မလဲ ဆိုတာ ငါ မသိနိုင်ဘူး... နင် ဝင်မပါချင်ဘူးဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ ငါကတော့ လုပ်ရမယ်...”

ယီရင်၏ မျက်လုံးများထဲတွင် အမှောင်ထု တစ်ခု ဖြတ်သန်းသွားခဲ့သည်။ ဖခင် ဖြစ်သူ အရက်သောက်လွန်ပြီး အတိတ်က ဇာတ်လမ်းဟောင်းများကို ပြောဆိုနေချိန်တွင် ဖြစ်ပေါ်လေ့ရှိသော အကြည့်မျိုးနှင့် တူသည်။ လင်းတုန်းသည် နောက်ထပ် စကားများကို အမြန် ပြောလိုက်သည်။

“ငါ တောင်းဆိုတာက နင့် အတွက် အရမ်း ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူးဆိုရင်၊ နင့်ကို ငါနဲ့အတူ လိုက်ခဲ့စေချင်တယ်...”

သူမ၏ မျက်နှာပေါ်မှ တိမ်တိုက်များ ကင်းစင်သွားပြီး ဇဝေဇဝါ ဖြစ်မှုသာ ကျန်ရစ်ခဲ့သည်။

“ဖစ်ရှာ တွေဆီကိုလား...”

“ငါ ဖစ်ရှာ ဂီရှာ ကို သဘောတူအောင် ပြောနိုင်ရင်ပေါ့လေ... တကယ်လို့ မပြောနိုင်ဘူးဆိုရင်တောင် ဒီပတ်ဝန်းကျင် တစ်နေရာရာမှာ တခြား ဝိညာဉ်ပန်းပဲဆရာ တွေ ရှိမယ်ဆိုတာ ငါ သေချာတယ်... နင်က သူတို့ ဂိုဏ်းရဲ့ အစိတ်အပိုင်း ဖြစ်စရာ မလိုပါဘူး၊ အဲဒါကို ငါ လေးစားပါတယ်... ဒါပေမဲ့ နင် အနည်းဆုံးတော့... ခဏလောက် နေပေးလို့ ရမလား...”

သူပြောသမျှ စကားတိုင်းကို ပတ်ဝန်းကျင်ရှိ လူတိုင်း ကြားနေရသည်ဟု သူ ခံစားရ၏။ သူတို့၏ အကြည့်များက အရပ်မျက်နှာပေါင်းစုံမှ သူ့ထံသို့ စူးစိုက်ဝင်ရောက်လာသည်ဟု သူ စိတ်ကူးမိသည်။ သို့သော်လည်း သူသည် တောင်းပန်သည့်အနေဖြင့် နက်ရှိုင်းစွာ ဦးညွတ်လိုက်သည်။

“ခွင့်လွှတ်ပါ... ငါ့မှာ ဒါကို နင့်ဆီကနေ တောင်းဆိုပိုင်ခွင့် မရှိပေမယ့်၊ တောင်းဆိုပါရစေ...”

အချိန်စက္ကန့်တိုင်း ကုန်ဆုံးသွားသည်နှင့်အမျှ သူ၏ လည်ပင်းမှ ချွေးပေါက်များ တစ်ပေါက်ပြီး တစ်ပေါက် ကျဆင်းလာသည်။ သို့သော်လည်း... သူသည် ထိုအနေအထားအတိုင်းသာ ရပ်နေခဲ့သည်။ မျက်မြင်သက်သေများက စတင် တီးတိုးပြောဆိုလာကြသော်လည်း သူက အာရုံမစိုက်ခဲ့ပေ။

ယီရင်ကို သူနှင့်အတူ ချည်နှောင်ထားခြင်းက အလွန် တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ်ဖြစ်သော်လည်း၊ သူမသာ ရှိမည်ဆိုလျှင် သူ၏ အခွင့်အရေးများက အဆမတန် ပိုမို ကောင်းမွန်လာမည် ဖြစ်သည်။ ထို့အပြင်... ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ဝန်ခံရလျှင်၊ ဤမျှ များပြားလှသော ရွှေအဆင့် သိုင်းပညာရှင် များကြားတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့မည့် အသိက အလွန် ထိတ်လန့်စရာ ကောင်းပေသည်။ သူတို့က သူ့ကို မတော်တဆ သတ်ဖြတ်သွားနိုင်ပြီး သူ့ကို ဘာဖြစ်သွားမှန်း မည်သူကမျှ သိနိုင်မည် မဟုတ်ပေ။

သူမက သူ၏ ပခုံးကို တွန်းလိုက်သည်။

“မတ်မတ်ရပ်... ငါ့ကို အဲဒီလို မတောင်းပန်နဲ့၊ အဲဒါက လူတွေရဲ့ အာရုံစိုက်မှုကို ခံရတယ်...”

သူ မတ်တတ်ရပ်လိုက်သောအခါ သူမက နေရာရွှေ့လိုက်ပြီး သူ့ မျက်နှာကို မကြည့်တော့ချေ။

“ဖစ်ရှာ အဘွားကြီး နောက်ကို အရင်လိုက်သွား...”

သူမက နောက်ဆုံးတွင် ပြောလိုက်သည်။

“ခြေလှမ်း တစ်လှမ်းပြီးမှ တစ်လှမ်းပေါ့... ဘယ်သွားမလဲဆိုတာ မသိဘဲနဲ့တော့ ငါ နင်နဲ့အတူ လိုက်မယ်လို့ ပြောလို့ မရဘူးလေ၊ ဟုတ်တယ်မလား...”

ထိုအရာက လင်းတုန်း ကြားချင်သည့် တစ်ခုတည်းသော စကားပင်။ သူသည် ကျောပိုးအိတ်ကို လွယ်ကာ ဖစ်ရှာ ဂီရှာ ရှိရာ လမ်းဘက်သို့ ပြေးသွားခဲ့သည်။ ယီရင်က သူ၏ နောက်သို့ ပြေးမလိုက်လာသော်လည်း၊ ထိုအကြောင်းကို သူ သိပ်ပြီး မတွေးတောမိပေ။ သူမက သံမဏိ ကိုယ်ခန္ဓာ ရှိသူဖြစ်ရာ သူမ လိုချင်သည့် အချိန်တိုင်း သူ့ကို အမီလိုက်နိုင်ပေသည် မဟုတ်ပါလား။

All Chapters