အခန်း (၁၁၃-၁၁၄)
Vol. 9 Ch. 113-114
အပိုင်း(၁၁၃)
လင်းတုန်းနှင့် ယီရင်တို့ နောက်သို့ လိုက်ရသည်မှာ အီသန် မျှော်လင့်ထားသည်ထက်ပင် ပို၍ အကျိုးရှိခဲ့သည်။ သူသည် ဖျော်ဖြေမှုအပြည့်အဝ ပေးနိုင်သော ပြဇာတ်ငယ်လေးတစ်ခုကိုပါ ကြည့်ရှုခွင့် ရလိုက်သေးသည်။ စောင့်ကြည့်သူ မရှိသော စတိုးဆိုင် စင်ပေါ်မှ ဆန်ဝိုင် အနည်းငယ်ကို သောက်သုံးရင်း သူ အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့သည်။ ပင့်ကူအဘွားအို ပေါ်လာချိန်တွင်တော့ ဇာတ်လမ်းက ပို၍ စိတ်ဝင်စားစရာ ကောင်းသွားခဲ့သည်။
သူမ လာနေသည်ကို တစ်မိုင်အကွာကတည်းက သူ အာရုံခံမိထားသဖြင့် အံ့သြမသွားခဲ့သော်လည်း သူက ဘယ်တော့မှ အံ့ဩလေ့ရှိသူ တစ်ယောက် မဟုတ်ချေ။ အခြားသူများ၏ တုံ့ပြန်မှုများကို ခံစားတတ်ရန် သူ သင်ယူထားခဲ့ပြီး ဖြစ်သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူ လူသစ်စုဆောင်းမည့် အစီအစဉ် အတွက် အလားအလာရှိသူ နှစ်ဦး၏ တုံ့ပြန်မှုများကို အထူးပင် သဘောကျမိသည်။
ယီရင်သည် သူမ၏ လက်ကို ဓားရိုးပေါ်တွင် တင်ထားပြီး မျက်လုံးများက အကြီးမားဆုံးသော ခြိမ်းခြောက်မှုများဖြစ်သည့် ခရယ်၊ ကျင်းလုံ နှင့် မည်သူကမျှ နာမည် မပြောခဲ့သော ဖစ်ရှာ အမျိုးသမီးငယ်တို့အပေါ်တွင် အာရုံစိုက်ထားခဲ့သည်။ ပင့်ကူများ ပေါ်လာချိန်တွင် သူမသည် လမ်းတစ်လျှောက်လုံးမှ ဓား မာဒြာ များကို မည်သူမျှ မသိနိုင်လောက်အောင် သိမ်မွေ့စွာ စုဆောင်းနေခဲ့သည်။ ယခုအခါ သူမသည် ဓားသူတော်စင် ၏ တပည့်ဖြစ်ကြောင်း လုံးဝ သေချာသွားပြီ ဖြစ်ရာ၊ တမလွန်တွင် ရှိနေသော သူတော်စင်အပေါ် ကျေးဇူးတင်စိတ် တစ်ချက် ဖြစ်ပေါ်သွားခဲ့သည်။
သင်သည် စိန်တစ်ပွင့်ကို ဖြတ်တောက်ပြီး အရောင်တင်ခဲ့သော်လည်း အခြားတစ်ယောက်၏ သရဖူကို အလှဆင်ပေးရန်အတွက်သာ ဖြစ်သွားသည်ကို သိရခြင်းက ခက်ခဲပေလိမ့်မည်။ သို့သော် ၎င်းသည် ဘဝ၏ ကွေ့ကောက်နေသော အပြောင်းအလဲများသာ ဖြစ်သည်။
လင်းတုန်း၏ တုန့်ပြန်မှုများသည်လည်း သဘောကျစရာ ကောင်းလှသည်။ သူသည် ဖြစ်စဉ်များကို ဖုံးကွယ်မထားနိုင်သော စိတ်ဝင်စားမှုများဖြင့် ကြည့်ရှုနေခဲ့သည်။ သူ့ မျက်ဝန်းများထဲမှ ငတ်မွတ်မှုများမှာ အလွန် ပြင်းထန်လွန်းရကား အီသန်သည် ထိုမီးတောက်တွင် သူ၏ လက်ဝါးများကို အနွေးဓာတ် ယူချင်စိတ်ပင် ပေါ်လာခဲ့သည်။ မာဒြာ စွမ်းအင် ချို့တဲ့မှုကြောင့် ထိုကောင်လေး ဆိုးရွားစွာ ဆက်ဆံခံခဲ့ရမည်မှာ တွေးကြည့်ရန် ခက်ခဲလှသည်တော့ မဟုတ်ပေ။ ထိုသို့သော မတရားဆက်ဆံမှုများသည် လူငယ်တစ်ယောက်အပေါ်တွင် ဆိုးရွားသော အကျိုးဆက်များစွာကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော်လည်း... လင်းတုန်းကတော့ လက်စားချေရန်ထက် မိမိကိုယ်ကို တိုးတက်စေရန် ပို၍ ဆာလောင်နေပုံရပြီး၊ ကြောက်ရွံ့တုန်လှုပ်ခြင်း သို့မဟုတ် ငိုယိုခြင်းများ မရှိခဲ့ပေ။ ဤသည်မှာ အီသန် အနေဖြင့် သေချာပေါက် လက်တွဲလုပ်ဆောင်နိုင်သည့် အချက်ပင် ဖြစ်သည်။
ထိုသို့သော တွန်းအားသည် ကောင်လေးကို ပြဿနာများထဲသို့ ရောက်သွားစေနိုင်ပြီး ရောက်လည်း ရောက်သွားမည် ဖြစ်သော်လည်း၊ ၎င်းသည် သူ့ကို ရွှေအဆင့် ကို ကျော်လွန်သွားစေရန်အတွက် မရှိမဖြစ် အရေးအပါဆုံး အရာလည်း ဖြစ်သည်။ သန္နိဋ္ဌာန်နှင့် ဆန္ဒ မရှိဘဲ မည်သည့် လမ်းစဉ် တွင်မှ ခရီးဝေးအောင် လျှောက်လှမ်းနိုင်သူ မရှိပေ။
သန့်စင်သော မာဒြာ၊ အမြုတေ နှစ်ခုနှင့် တောင့်တင်း ခိုင်မာသည့် ခန္ဓာကိုယ် တည်ဆောက်ပုံတို့ ပေါင်းစပ်လိုက်သောအခါ၊ ထိုကလေးထက် ပိုကောင်းသော လူသစ်တစ်ယောက်ကို သူပင်လျှင် ဖန်တီးနိုင်မည်လားဟု အီသန် တွေးတောနေမိသည်။ ကောင်လေးသည် ဆရာတစ်ဦး၏ စုတ်ချက်ကို စောင့်ဆိုင်းနေသော ပန်းချီကားချပ် အလွတ်တစ်ခုမျှသာ ဖြစ်သည်။
သူ့ကိုယ်သူ ဆရာကောင်း တစ်ယောက် ဟုတ်၊ မဟုတ် မသေချာသော်လည်း အီသန် ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်သွားမည် ဖြစ်သည်။
ဝိညာဉ်ပန်းပဲဆရာ ဂီရှာ၏ နောက်သို့ အလျင်အမြန် လိုက်သွားသော ကောင်လေးနောက်သို့ သူ မလိုက်ခဲ့ပေ။ သူမက သူ့ကို တပည့်အဖြစ် လက်ခံချင်မည် မဟုတ်သော်လည်း၊ သူမတွင် နူးညံ့သော နှလုံးသား ရှိပြီး လင်းတုန်းကလည်း သူ လိုချင်သည့်အရာကို ရသည်အထိ သူ၏ ကိုယ်ပိုင် အပြစ်ကင်းစင်သော နည်းလမ်းဖြင့် ညှစ်ထုတ်ယူပေလိမ့်မည်။ ထို့အတူ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ချလိုက်သော ယီရင်နောက်သို့လည်း သူ မလိုက်ခဲ့ပေ။ သို့သော်... ထိုလမ်းကြောင်း နှစ်ခုစလုံးက သူ့အတွက် သေချာပေါက် ဖျော်ဖြေမှု ပေးစွမ်းနိုင်မည် ဖြစ်သည်။
ထိုအစား သူသည် စိတ်ကူးဆန္ဒအတိုင်း သဲမြွေဟောက်များ၏ နောက်သို့ လိုက်သွားခဲ့သည်။ ခရယ် နှင့် ကျင်းလုံတို့သည် စကားပြောဆိုနေကြပြီး၊ သူတို့၏ လက်အောက်ငယ်သား မည်သူကမျှ ဝင်ရောက် နှောင့်ယှက်လိုခြင်း မရှိကြပေ။
အီသန် သည် သူတို့၏ နောက်မှ ခုန်ပေါက်လိုက်ပါလာပြီး၊ ခြေတစ်ဖက်ဖြင့် မြေကြီးကို ထောက်ကာ လေထဲတွင် လွင့်မျောနေသကဲ့သို့ ဖြစ်သွားစေရန် အုပ်ချုပ်သူ အစီအရင် တစ်ခုကို အသုံးပြု၍ သူ့ကိုယ်သူ ဝေးလွင့်သွားအောင် ပစ်လွှတ်လိုက်သည်။ သူ မြေကြီးပေါ်သို့ ကျဆင်းချိန်တွင် အခြား ခြေတစ်ဖက်ဖြင့် ရိုးရှင်းစွာ ထပ်မံ ကန်ထွက်လိုက်သည်။
မျက်လုံးတိုင်းက သူ့ထံသို့ လှည့်လာကြသည်။ ၎င်းမှာ သူ၏ တောက်ပသော ဆံပင်ရွှေရောင်၊ ထင်ရှားသော လှုပ်ရှားမှု နည်းစနစ်နှင့် ရင်သပ်ရှုမောဖွယ်ကောင်းသော ရုပ်ရည်တို့ကြောင့် မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူသည် လူအများ ထင်ထားသည်ထက် ပို၍ လျှို့ဝှက်စွာ သွားလာတတ်သော်လည်း ၎င်းသည် သူ၏ အနှစ်သက်ဆုံး ချဉ်းကပ်မှု ဘယ်သောအခါမှ မဟုတ်ခဲ့ပေ။ သူက အရှေ့တံခါးမှ ဝင်ရောက်ခြင်းကို ပိုနှစ်သက်သည်။ သူ့ နောက်တွင် ချီတက်ပွဲတစ်ခုနှင့် ရှေ့တွင် တံပိုးမှုတ်သူများ ရှိနေလျှင် ပို၍ပင် သဘောကျသေးသည်။
အဘိုးအိုတစ်ဦးသည် မေးရိုးပြုတ်ကျလုမတတ် ပါးစပ်ဟရင်း သူ့ကို စိုက်ကြည့်နေရာ၊ သူ၏ မီးညှိထားသော ဆေးတံသည် ပြုတ်ကျတော့မည့်ပုံ ပေါက်နေသည်။ အီသန်သည် ဖြတ်သွားရင်း သူ့ထံမှ ဆေးတံကို ဆွဲယူလိုက်ပြီး၊ သူ့ အင်္ကျီလက်ဖြင့် ဂရုတစိုက် သုတ်လိုက်သည်။ အစွမ်းထက်ဆုံး ရောဂါများကသာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရဲမည် ဖြစ်သော်လည်း ရောဂါကူးစက်ခံရနိုင်ခြေကို ဖန်တီးစရာ မလိုပေ။ ထို့နောက် သူကိုယ်တိုင် တစ်ရှိုက် ဖွာလိုက်သည်။
၎င်းသည် ဒေသထွက် အရွက်တစ်မျိုးဖြစ်ပြီး၊ အီသန် အတွက်တော့ ဆောင်းဦး အရိပ်များ၏ အရသာကဲ့သို့ ဖြစ်နေသည်။ ထိုအရာကို သူ အပြည့်အဝ ရှင်းပြ၍ မရနိုင်ပေ။ ဆောင်းဦးအရိပ်တွေက မည်ကဲ့သို့ အရသာမျိုးနည်း။ သူ သေချာ မသိသော်လည်း ထိုအတွေးသည် သူ၏ ခေါင်းထဲသို့ ပထမဆုံး ဝင်လာသောကြောင့် သူ ထိုအတိုင်းသာ သတ်မှတ်လိုက်သည်။
နောက်ဆုံးတစ်ကြိမ် ခုန်ပေါက်မှုက သူ့ကို သဲမြွေဟောက်များနှင့် နီးကပ်သွားစေခဲ့သဖြင့်၊ သူသည် ပုံမှန် ခြေလှမ်းအဖြစ်သို့ ပြောင်းလဲကာ ဆေးတံကို ဖွာရင်း သူတို့၏ ဘေးမှ လျှောက်သွားခဲ့သည်။
“ငါတို့နဲ့ အတူ အလုပ်လုပ်မှာ မဟုတ်ဘူး...”
ခရယ်က ပြောနေခဲ့သည်။ ထိုကောင်လေးသည် သူ ရောက်ရှိနေသော အသက်အရွယ် အတွက် သိသာထင်ရှားစွာ အားကောင်းသည်။ သို့သော်လည်း... နည်းစနစ်နှင့် စရိုက်လက္ခဏာများရှိ အားနည်းချက်များက ဘဝတွင် ကောင်းကင်ဘုံကို အံတုနိုင်သည့် ကံကောင်းမှုမျိုး မရှိပါက အစစ်အမှန် ရွှေအဆင့် ကို ဘယ်သောအခါမှ ကျော်လွန်နိုင်မည် မဟုတ်ကြောင်း ဖော်ပြနေသည်။
“သူတို့ လုပ်ချင်မှလည်း လုပ်မှာပေါ့...”
ကျင်းလုံက ပြောသည်။ ဤတစ်ယောက်ကမူ ပို၍ ကောင်းမွန်သော အခြေခံ ရှိသည်။ သူသည် တစ်နေ့တွင် အဆင့်နိမ့် အရှင်သခင် သို့မဟုတ် ထိုထက်ပို၍ ရောက်ရှိသွားနိုင်သည်။ အကယ်၍ သူသာ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ခဲ့လျှင် အီသန် ပင်လျှင် သူ့ကို ဦးညွတ်ရပေလိမ့်မည်။ ထိုအတွေးကြောင့် သူက ပြုံးလိုက်ပြီး ဆေးတံကို သွားများကြားတွင် ကိုက်ထားလိုက်သည်။
“တကယ်တမ်း ငါတို့ သူတို့ရဲ့ အကူအညီကို မလိုအပ်ဘူး...”
ကျင်းလုံက ဆက်ပြောသည်။
“သူတို့ ငါတို့ရဲ့ လမ်းမှာ မရှုပ်ဖို့ပဲ လိုတယ်... ဖစ်ရှာ တွေက ငါတို့နဲ့ ဆန့်ကျင်ဘက် လုပ်မယ်ဆိုရင်တောင် အပေါ်ယံ အမြင်ကောင်းအောင်လို့ သူတို့က တိတ်တိတ်လေးပဲ နေကြလိမ့်မယ်... အဲဒါက ငါတို့ လိုအပ်တဲ့ နေရာလွတ်ပဲ...”
“ဒါဆို မြေပုံတွေ ပြီးသွားပြီပေါ့...”
“ဒီတစ်ပတ်အတွင်းမှာ ပြီးနိုင်တယ်... ဒါပေမဲ့ ငါတို့ သတ္တုတွင်းလုပ်သားတွေ ထပ်လိုလိမ့်မယ်...”
“မင်း ရမှာပါ...”
ခရယ်က ခေါင်းညိတ်ရင်း ပြောလိုက်လေသည်။
အီသန်သည် သူတို့၏ သတ္တုတူးဖော်ရေး လုပ်ငန်းစဉ် တစ်ခုလုံးကို စိတ်ဝင်စားဖွယ်ရာအဖြစ် သဘောထားသည်။ သူတို့သည် သက်စောင့် အော်ရာ များ ထူထပ်သော နေရာများတွင် ဉာဏ်ရည်ထက်မြက်သည့် ဤ အစီအရင် တပ်ဆင်ထားသော မှော်ပစ္စည်း များကို စုဆောင်းကြသည်။ ထို့နောက် စက်ပစ္စည်းများမှ အကြေးခွံ များ ထုတ်လုပ်ပေးမည့် အချိန်ကို စောင့်ဆိုင်းရင်း အစီအရင် ကို အသုံးပြုကြသည်။ သူ ကြီးပြင်းလာခဲ့သော နေရာတွင် လုပ်ငန်းစဉ်က ပို၍ အနုပညာဆန်သော်လည်း ထိရောက်မှု နည်းပါးပေမည်။ သူသည် ဤစက်ပစ္စည်းများထဲမှ တစ်ခုကို ပြန်ယူသွားပြီး ပုံတူကူးခိုင်းနိုင်ပေလိမ့်မည်။
၎င်းသည် လုပ်ဆောင်သူကို အန္တရာယ်ရှိစေနိုင်သော်လည်း၊ အထင်ကြီးစရာကောင်းပြီး အရင်းအမြစ်များကို ကောင်းစွာ အသုံးချတတ်သော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။
အော်ရာ စုဆောင်းမှုတိုင်းသည် ပုပ်သိုးနေသော အသားများထံသို့ ယင်ကောင်များကို ဆွဲဆောင်သကဲ့သို့ ဝိညာဉ်အကြွင်းအကျန် များနှင့် သားရဲဆိုး များကို ဆွဲဆောင်တတ်ပြီး၊ သတ္တုတူးဖော်ရေး မှော်ပစ္စည်း ကို အသုံးပြုနေသူတိုင်းသည် ခုခံကာကွယ်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် အစောင့်များ လိုအပ်ခြင်း ဖြစ်သည်။
ထို့ကြောင့် သဲမြွေဟောက်များသည် ဖမ်းဆီးထားသော အကျဉ်းသားများကို အသုံးပြုခြင်းသည် အချိန်တိုအတွင်း အကြေးခွံ များစွာကို စုဆောင်းရန် အထိရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ အသုံးပြုသူများသည် သေဆုံးသွားမည် ဖြစ်သော်လည်း၊ သူတို့ကို အစားထိုးခြင်းသည် သူတို့ကို ကာကွယ်ရန် အစွမ်းထက်သော ကျင့်ကြံသူ များကို စေလွှတ်ခြင်းထက် ပို၍ စျေးသက်သာသည်။ ၎င်းသည် ရေရှည် စစ်ဆင်ရေးတစ်ခုအဖြစ် တည်တံ့နိုင်မည် မဟုတ်သော်လည်း၊ ရေတိုတွင် ၎င်းသည် ရိုင်းစိုင်းကြမ်းတမ်းပြီး ထိရောက်မှုရှိသော နည်းဗျူဟာ တစ်ခု ဖြစ်သည်။ ၎င်းမှာ ကျင်းလုံ၏ အကြံအစည် ဖြစ်မည်လားဟု အီသန် တွေးတောနေမိသည်။
ကျင်းလုံသည် အီသန် ဘက်သို့ ပေါ့ပေါ့ပါးပါး စတင် ရွေ့လျားလာ၏။ ထိုလူငယ်လေး၏ ရည်ရွယ်ချက်များကို အီသန် ချက်ချင်း သိမြင်လိုက်သည်။ သို့သော်... သူက ဘာမှမသိသူတစ်ယောက်လို ဟန်ဆောင်ကာ သူ၏ ဆေးတံကို ဖွာနေခဲ့သည်။
သင့် အနေဖြင့် တစ်ခါတစ်ရံ သင်မြင်နေရသည့် အရာများကို မမြင်ရသလိုမျိုး ဟန်ဆောင် နေရလေ့ ရှိသည်။ ထိုအရာကို ယဉ်ကျေးမှုဟု ခေါင်းစဉ်တပ်နိုင်ပေသည်။
“ငါတို့ မျှော်လင့်နိုင်တဲ့ အကောင်းဆုံးက ယာယီ စစ်ပြေငြိမ်းရေးပါပဲ...”
အစီအရင် တပ်ဆင်ထားသော နှာခေါင်းစည်း နောက်ကွယ်မှ ကျင်းလုံက ပြောလိုက်သည်။
“ဒါက ငါတို့ချည်းသက်သက် အနိုင်ရနိုင်တဲ့ ကစားပွဲတစ်ခုပါ၊ ဒါပေမဲ့ ရန်သူ့ သူလျှိုတွေကို သူတို့ လုပ်ချင်တာ လုပ်ခွင့်ပေးထားရင်တော့ အနိုင်ရမှာ မဟုတ်ဘူး...”
သူ့လှံက စတင် လှုပ်ရှားလာသည်။ လှံချက်၏ နောက်ကွယ်တွင် အတော်အတန် အစွမ်းထက်သော နည်းစနစ် တစ်ခု ပါဝင်နေသည်။ အကယ်၍ အီသန်ကသာ ၎င်းကို ထိမှန်ခွင့် ပြုလိုက်မည်ဆိုလျှင် သူ၏ ရင်ဘတ်ကိုပင် ထုတ်ချင်းဖောက် သွားနိုင်ပြီး သူ၏ ကျောဘက်ရှိ ကြမ်းတမ်းသော သစ်သားနံရံတွင် တန်းလန်း ကပ်တွယ်သွားစေနိုင်ပေလိမ့်မည်။
သို့သော်... ကျင်းလုံ မာဒြာ လှည့်ပတ်မှု အရှိန်မြှင့်တင်လိုက်သည့် အချိန်တွင် မြန်ဆန်လာသော အသက်ရှူသံများထဲမှနေ၍ နည်းစနစ် တည်ဆောက်ပုံကို သူ ခံစားသိရှိလိုက်သည်။ ထိုကောင်လေး၏ လက်မောင်းရှိ ကြွက်သားများ တင်းမာလာချိန်၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကောင်းစွာ ချိန်ညှိထားသော တူရိယာတစ်ခုကဲ့သို့ ဟန်ချက်ညီညီ လှုပ်ရှားလာချိန်... အရာအားလုံးက အီသန် အတွက် ရှင်းလင်းနေသည်။ အီသန်သည် ထိုလှုပ်ရှားမှုကို မဖြစ်ပေါ်ခင်ကတည်းကပင်မြင်တွေ့ခဲ့ရပြီး၊ ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းကို ဖြတ်သန်းသွားသော မမြင်နိုင်သည့် စွမ်းအားကွန်ရက် ထောင်ပေါင်းများစွာထဲတွင် ၎င်းကို ခံစားသိရှိခဲ့ရသည်။
ကျင်းလုံသည် အလွန် စွမ်းအားကြီးမားကြောင်း အီသန် မငြင်းနိုင်ပေ။ သို့သော် လူများသည် သာမန် ခွန်အားကြမ်းကို အထင်ကြီးလွန်းတတ်ကြောင်း သူ တွေ့ရှိထားသည်။
ဝှစ်...
အီသန်သည် ပေါ့ပေါ့ပါးပါးပင် ဝပ်ချလိုက်ရာ လှံသည် အလင်းတန်းတစ်ခု ချန်ရစ်လျက် သူ၏ ခေါင်းပေါ်မှ ဖြတ်သွားခဲ့သည်။ ဆေးတံခွက်ထဲရှိ မီးခိုးငွေ့ထွက်နေသော အရွက်မှာ မီးငြိမ်းသွားသော်လည်း၊ သူ ငုံ့ရှောင်လိုက်ချိန်တွင် မီးခိုးတန်းလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူသည် လက်ညှိုးဖြင့် ဆေးရွက်များကို ဖိနှိပ်လိုက်ပြီး ဘယ်ဘက်သို့ ခြေတစ်ဝက်ခန့် ရွှေ့လိုက်သည်။ လှံသည် သူ၏ ညာဘက်သို့ ဖြတ်သွားခဲ့သည်။ ထို့နောက် ကျင်းလုံ မာဒြာ ပိုမိုပါဝင်သော နည်းစနစ်တစ်ခုကို အသုံးမပြုနိုင်မီ၊ အီသန်သည် သဲမြွေဟောက် လူအုပ်ထဲသို့ လျှောက်သွားလိုက်သည်။
သူတို့ထဲမှ တစ်ယောက်ထံတွင် မီး ရှိနေသည်။
“ခွင့်လွှတ်ပါ...”
အိတ်ကပ်ထဲတွင် အစီအရင် ရေးဆွဲထားသော ဝါယာကြိုးစတစ်ခု ပါသည့် အမျိုးသမီးငယ်ကို သူက ပြောလိုက်သည်။ သူသည် ဆေးတံကို ကမ်းပေးလိုက်သည်။
“နည်းနည်းလောက် ကူညီပေးနိုင်မလား...”
***
အပိုင်း(၁၁၄)
ဟူး...
ကျင်းလုံသည် လပြည့်ဝန်းကိုပင် ယှဉ်ပြိုင်နိုင်လောက်အောင် တောက်ပနေပြီး သစ်ပင်တစ်ပင်၏ ပင်စည်ကို ခွဲထုတ်နိုင်လောက်သည့် အင်အားဖြင့် သူ၏ လှံကို စက်ဝိုင်းခြမ်းပုံစံ ရမ်းခါလိုက်ရာ သဲမြွေဟောက်များသည် လူစုကွဲသွားကြသည်။
အီသန်သည် ထိုနည်းစနစ်ကြောင့် ရှောင်ထွက်သွားရသော အမျိုးသမီးငယ်၏ လှုပ်ရှားမှုနောက်သို့ လိုက်သွားခဲ့သည်။ ထို့နောက် သူမ၏ သားမွေးအင်္ကျီအိတ်ကပ်ထဲသို့ သူ၏ လက်ကို နှိုက်ကာ သတ္တုဝါယာကြိုးကို ဆွဲထုတ်လိုက်သည်။
ရွှမ်း...
ကျင်းလုံ၏ အသေသတ်နိုင်သော မာဒြာ သည် သူ၏ ကျောပေါ်မှ ဖြတ်သန်းသွားခဲ့သည်။ သူသည် ဝိညာဉ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ဝါယာကြိုး၏ အဖျားတွင် မီးပွင့်လာခဲ့သည်။
အီသန် ထိုပစ္စည်းကို အသုံးပြု၍ ဆေးတံကို မီးညှိလိုက်ရင်း ခန္ဓာကိုယ်ကို မတ်လိုက်သည်။ ဆေးရွက် မီးစွဲသွားသောအခါ သက်ပြင်းချလိုက်သည်။ အီသန်သည် ကျင်းလုံရှိရာ ဘက်သို့ မီးခိုးကွင်းတစ်ခုကို မှုတ်ထုတ်လိုက်ပြီး၊ အစီအရင် ရေးဆွဲထားသော ဝါယာကြိုးကို ပိုင်ရှင်ဖြစ်သူထံ ပြန်ပစ်ပေးလိုက်သည်။
“ကျေးဇူးပဲ...”
ထို့နောက်... သူသည် ကျင်းလုံအား စစ်မှန်သော လေးစားမှုဖြင့် ပြောလိုက်သည်။
“မင်းရဲ့ လှံက ငါကြားဖူးထားတဲ့အတိုင်း အတိအကျပဲ... မင်းနဲ့ ပတ်သက်လာရင် ကျင်း ကလန် မျက်စိကန်းသွားတာ သေချာတယ်၊ ဒါက ငါ့ရဲ့ ရိုးသားတဲ့ ထင်မြင်ချက်ပဲ... ဝိညာဉ်အကြွင်းအကျန် ကြောင့် မင်းကို နှင်ထုတ်ခဲ့ကြတယ်... သူတို့ကို အခွင့်အရေး တစ်ခုလောက် ပေးလိုက်ပါ၊ မင်းကို သေချာပေါက် ပြန်ခေါ်ကြမှာပါ...”
အီသန်သည် ဖြစ်နိုင်သမျှ အချိန်တိုင်းတွင် အားပေးစကားပြောတတ်သော ယေဘုယျ မူဝါဒတစ်ခု ရှိသည်။ သို့သော် သူ ဆိုလိုသည့် သဘောတရားအတိုင်း အမြဲတမ်း အဓိပ္ပာယ်ကောက် မခံရကြောင်းကိုလည်း သူ တွေ့ရှိထားခဲ့သည်။
ဥပမာအားဖြင့် ခရယ်သည် သေဒဏ်ပေးရန် ပြင်ဆင်နေသည့်အလား မျက်နှာပျက်နေခဲ့သည်။ သူသည် တိုက်စားနိုင်သော အစိမ်းရောင် မာဒြာများ တွားသွားနေသည့် သံစူး တစ်စုံကို ကိုင်ဆောင်ထားပြီး အဆိပ်ဆူးများကဲ့သို့ ဝှေ့ယမ်းပြနေသည်။
သဲမြွေဟောက်များသည်လည်း ဖြန့်ကျက် နေရာယူလိုက်ကြပြီး၊ အီသန်အား သူတို့ သေချာပေါက် လေ့ကျင့်ထားသော ပုံစံခွက်တစ်ခုဖြင့် ပိတ်လှောင်လိုက်ကြသည်။ လေထု၏ ဖြူဖျော့ဖျော့ အပြာရောင် အော်ရာသည် အဆိပ်သင့် အစိမ်းရောင်အဖြစ်သို့ စတင် ပြောင်းလဲလာခဲ့သည်။ သူတို့သည် သေစေနိုင်သော မြူခိုးများဖြင့် သူ့ကို ထောင်ချောက်ဆင်ရန် အဆိပ် အော်ရာ တစ်မျိုးမျိုးကို ခေါ်ယူနေကြခြင်း ဖြစ်သည်။
သူတို့သည် လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။ အီသန် လေးစားမှုပြသည့်အနေဖြင့် ခေါင်းတစ်ဝက်ခန့် ညွတ်ကာ အရိုအသေပေးလိုက်သည်။
သို့သော် အဆိပ်မြူများသည် သူ၏ ဆေးတံ အရသာကို ပျက်စီးစေမည် ဖြစ်သောကြောင့်၊ သူ ငြင်းဆန်ရပေလိမ့်မည်။
အီသန်သည် ကျင်းလုံဘက်သို့ လှည့်လိုက်သည်။ သဲမြွေဟောက် ဂိုဏ်းဝင်များနှင့် ခြားနားစွာပင် သူ့တွင် ဝင်ရောက်လာမည့် အဆိပ်များမှ ကာကွယ်ရန် အထူး ကိုယ်ခန္ဓာ မရှိပေ။ အနီရောင် ပတ်တီးများဖြင့် ရစ်ပတ်ထားသော ထိုကောင်လေးသည် လှံကို လက်တစ်ဖက်ဖြင့် ရွယ်ထားလျက် ရပ်တန့်နေပြီး အီသန်ကို စောင့်ကြည့်နေခဲ့သည်။
“မင်းက ဘယ်သူလဲ...”
သူက မေးလိုက်သည်။
“ပုံမှန်အားဖြင့်တော့ မင်း ငါ့ကို လှံနဲ့ မထိုးခင် အဲဒီမေးခွန်းကို မေးရမှာလေ...”
အီသန်က မီးခိုးများကို ထပ်မံ မှုတ်ထုတ်ရင်း ပြောလိုက်သည်။
“မင်း ငါတို့နောက်ကို လိုက်နေတာပဲ...”
“မင်းက ငါနောက်ယောင်ခံလိုက်ဖူးတဲ့ လူအများစုထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေလို့ပါ...”
အီသန်က ထောက်ပြလိုက်သည်။
“မင်း ဘယ်လိုပဲ ထင်ထင် ဒီလုပ်ရပ်မှာ ရည်ရွယ်ချက် တစ်ခု ရှိပါတယ်...”
ကျင်းလုံသည် သူ၏လှံကို အသင့်ပြင်လိုက်သည်။
“ငါက သဲမြွေဟောက် ဂိုဏ်းရဲ့ တာဝန်ခံ ကျင်းလုံပဲ...”
ခရယ်က ရှေ့သို့ ထွက်လာခဲ့သည်။
“ငါက သဲမြွေဟောက် ဂိုဏ်းရဲ့ ဆက်ခံသူ၊ ခရယ်...”
ကျင်းလုံက လှံကို ကိုင်ထားရင်းကပင် သူ၏ ခေါင်းဆောင်ငယ်ကို ကြည့်လိုက်သည်။ ကျင့်ကြံသူ တစ်ယောက်အတွက် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်းသည် ဂုဏ်သိက္ခာရှိသော လုပ်ရပ် လုံးဝ မဟုတ်ပေ။
သို့သော်လည်း အီသန် အတွက်တော့ ထိုနည်းလမ်းကသာ စိတ်ဝင်စားစရာ ကောင်းစေမည် ဖြစ်သည်။ သူက ရက်ရောသော ဟန်အမူအရာဖြင့် လက်တစ်ဖက်ကို ဖြန့်လိုက်သည်။
“ငါ့ဆီကို နှစ်ယောက်လုံး တစ်ပြိုင်နက် လာလို့ရပါတယ်... ဒီညနေအတွက် ငါ့မှာ တခြား လုပ်စရာ ဘာမှ မရှိပါဘူး...”
ခရယ်သည် သံစူးများကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ သူသည် သူ၏ ခေါင်းမာမှုကြောင့် နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရန် ငြင်းဆန်နေသည်ကို အီသန် ရိပ်မိလိုက်သည်။ သူ သက်ပြင်းချလိုက်၏။
“ဒါဆိုလည်း ကောင်းပြီလေ... သတ္တိကြောင်တဲ့သူတွေနဲ့ ဒုက္ခသည်တွေ စုဝေးနေတဲ့ အဲဒီ သဲမြွေဟောက် တွေရဲ့ ဂုဏ်သိက္ခာကို ငါ တံတွေးနဲ့ ထွေးတယ်... မင်းတို့က သတ္တိမရှိကြဘူး၊ တိုက်ပွဲမှာ ရန်သူကို ရင်ဆိုင်ဖို့ သတ္တိ မရှိလို့သာ မင်းတို့က အဆိပ်ကိုပဲ သုံးကြတာ... ငါက စာခြောက်ရုပ်ရဲ့ လက်မောင်းမှာ မြွေတစ်ကောင်ကို ချုပ်ပေးလိုက်ရင်တောင် သဲမြွေဟောက် စစ်သည် တစ်ယောက်ထက် ပိုကောင်းသွားဦးမယ်... ပြီးတော့ မင်းတို့ရဲ့ အမေတွေက ခွေးတွေ၊ မင်းတို့ရဲ့ အဖေတွေက မျက်ကန်းတွေ... လာ၊ ငါ့ကို တိုက်စမ်း...”
သဲမြွေဟောက်များထဲမှ ရင့်ကျက်မှုမရှိသူ အချို့မှာ အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့ကြသည်။ အထူးသဖြင့် ခရယ်မှာ ဒေါသထောင်းခနဲ ထွက်လာခဲ့သည်။ မျက်နှာချင်းဆိုင် စိန်ခေါ်ခြင်းမျိုးကို သူ ကျင့်သားရမည် မဟုတ်ပေ။ အများစုမှာမူ ဇဝေဇဝါ ဖြစ်နေကြသည်၊ သို့မဟုတ် ထောင်ချောက်တစ်ခုခုကို ရှာဖွေနေကြသည်။ ကျင်းလုံသည် အီသန်၏ အဖော်များကို ရှာဖွေနေသည့်အလား လမ်းတစ်လျှောက် မျက်လုံးဝေ့ကြည့်လိုက်သည်။
“ငါ တစ်ယောက်တည်းပါ...”
အီသန်က ပြောလိုက်သည်။
“ကြောက်လန့်ပြီး သေးမထွက်ကျသွားပါစေနဲ့ဦး...”
ထိုစကားက ကျင်းလုံကို သတိထားသည့် အနေအထားဖြင့်ဖြစ်စေ သူ၏လှံကို ပြန်လည် ရွယ်လာစေရန် လုံလောက်ခဲ့သည်။
“မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်ဆိုရင် ငါ့ကို လာအနှောင့်အယှက်ပေးစရာ မလိုပါဘူး...”
အီသန်သည် မီးခိုးများ မှုတ်ထုတ်လိုက်သည်။ ရန်သူ ရှစ်ယောက် ရှိသည်။ အမျိုးသမီး သုံးယောက်၊ အမျိုးသား ငါးယောက်။ ၎င်းတို့အနက် ခရယ် နှင့် ကျင်းလုံ တို့သာ အဆင့်မြင့် ရွှေအဆင့် ဖြစ်ပြီး၊ ကျန်သူများမှာ အဆင့်နိမ့် ရွှေအဆင့် များ ဖြစ်ကြသည်။ သို့သော် သူတို့ကို အပြည့်အဝ လျစ်လျူရှုထားနိုင်သည်ဟု မဆိုလိုပေ။
သဲမြွေဟောက် တစ်ကောင်၏ အဆိပ်သည် မီးခဲတစ်ခဲက ပါးလွှာသော စက္ကူတစ်ရွက်ကို လောင်ကျွမ်းစေသကဲ့သို့ အသားစိမ်းကို လောင်ကျွမ်းစေနိုင်သည်။ ယခုအခါ သူ့ကို အဆိပ်သင့် အော်ရာ များက ဝန်းရံထားသည်။ သူ ဝိညာဉ် ဖြင့် ဧရိယာတစ်ခုလုံးကို အမြန် စူးစမ်းကြည့်လိုက်ရာ မကောင်းဆိုးဝါး အစိမ်းရောင် သမုဒ္ဒရာကြီး တစ်ခုကို မြင်တွေ့ရသည်။ သဲမြွေဟောက်များ၏ ရွှေအဆင့် အမှတ်အသား အားလုံးက သူ့ကို နှာမှုတ်နေကြပြီး၊ အစိမ်းရောင် မာဒြာ များသည် မာဒြာ သွေးကြော ခုနစ်စုံအတွင်း လျင်မြန်စွာ လည်ပတ်နေကြသည်။
အီသန်သည် သူတို့ကို ကစားနေသော်လည်း၊ အဆင့်မြင့် ရွှေအဆင့် သည် အမှန်တကယ်ပင် အထင်ကြီးလောက်သော အဆင့်တစ်ခု ဖြစ်သည်။ ဆောင်းဦး အရိပ်များ၏ မီးခိုးအရသာကို ခံစားနေရင်းပင် ဤအချက်ကို သူ သူ့ကိုယ်သူ သတိပေးလိုက်သည်။
သို့သော်လည်း... သူ၏ ကိုယ်ပိုင် သတိပေးချက်ကပင် သူ့ကို ပို၍ နိုးကြားလာစေရန် မတတ်နိုင်ခဲ့ပေ။ အဘယ်ကြောင့် နိုးကြားနေရမည်နည်း။ သူက မွေးကတည်းက ပေါ့ပေါ့ဆဆ နေတတ်သူ တစ်ယောက်သာ ဖြစ်သည်။ ထိုအရာက ပျော်စရာ ကောင်းသည်။