← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 9 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 9 Ch. 117-118

အပိုင်း(၁၁၇)

လင်းတုန်း နားကြားမလွဲကြောင်း သေချာလေရာ ဂီရှာ လိမ်ပြောနေခြင်း ဖြစ်နေလေမလားဟု တွေးကာ စိုးရိမ်သွားမိ၏။ သူမ၏ မျက်နှာထက်၌ လှောင်ပြောင်မှု၊ စိတ်ပျက်မှု၊ စိတ်အနှောင့်အယှက်ဖြစ်မှု အစရှိသော လက္ခဏာများ ရှိနေမလား သူ အမြန်ရှာဖွေလိုက်သည်။

ထို့နောက် သူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။

"ကျွန်တော့်ကို သင်ပေးမှာလား..."

သူမက သူ့ နောက်စေ့ကို ရိုက်လိုက်သည်။

"မင်းရဲ့ အရိုးတွေ တုံးသွားတဲ့အထိ ငါ ခိုင်းစားပစ်မယ်၊ အဲဒါ မင်းအတွက် ငါလုပ်ပေးမယ့်အရာပဲ... ငါတို့အတွက် လုံလောက်တဲ့ တန်ဖိုးတစ်ခု မပြနိုင်မချင်း ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို မင်း သိရမှာ မဟုတ်ဘူး... အဲဒီတန်ဖိုးကို မင်း ဖြည်းဖြည်းချင်းနဲ့ နာခံမှုရှိရှိ ယူဆောင်လာပေးရမယ်... ရှင်းရဲ့လား..."

လင်းတုန်း ဒူးထောက်ချလိုက်ပြီး ခေါင်းကို မြေကြီးနှင့် ထိကပ်လိုက်သည်။ ရုတ်တရက် ကျဆင်းလာသော မျက်ရည်များကို ပုတ်ခတ်ဖယ်ရှားလိုက်သည်။

"တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်..."

"တော်စမ်း... ငါက မင်းရဲ့ ဆရာ မဟုတ်ဘူး..."

"တပည့် နားလည်ပါတယ်..."

"ငါ့ရဲ့ အစေခံတွေတောင် မလုပ်နိုင်တော့တဲ့ အဆင့်နိမ့် အလုပ်တွေကို မင်းကို လုပ်ခိုင်းမှာ... နားလည်လား... ဟမ်... မင်းက ငါ့ရဲ့ အစေခံတွေထက်တောင် နိမ့်ကျသေးတယ်..."

သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကျီတံခါးကြီးက ဂျိန်းခနဲ ပွင့်သွားလေသည်။

ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်၏ အလုပ်ရုံအတွင်း၌ သူ အလုပ်လုပ်ရတော့မည်ကို လင်းတုန်း နားလည်လိုက်သည်။ ကြမ်းပြင်လှည်းရုံမှလွဲ၍ ဘာမှမလုပ်ရလျှင်တောင်မှ ၎င်းသည် သူ့အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ သူ လက်ခံမည်ဖြစ်သည်။ မည်သည့်အရာကိုမဆို သူ လက်ခံသွားမည်ဖြစ်သည်။

"အထဲဝင်တော့..."

သူမက ပြောလိုက်သည်။

"မိုးမလင်းခင် မှော်ပစ္စည်း တွေအားလုံးကို ပြုပြင်ထိန်းသိမ်းမှု လုပ်ထား... အိပ်ရမယ်လို့လည်း မစဉ်းစားနဲ့... အလုပ်စောစော ပြီးမယ့်ပုံပေါက်နေရင် နောက်တစ်ခု ငါ ထပ်လုပ်ထားဦးမယ်..."

"ဟုတ်ကဲ့ပါ ဆရာ..."

လင်းတုန်းက ပြောလိုက်ပြီး အတွင်းသို့ ကပျာကယာ ဝင်သွားလေသည်။ နောက်ဆုံးတော့ သူသည် ဝိညာဉ်ပန်းပဲဆရာ တစ်ယောက် ဖြစ်လာတော့မည် ဖြစ်လေတော့သည်။

...

ဂိုဏ်းငါးခု မဟာမိတ်အဖွဲ့ကို ဝန်းရံထားသော မည်းမှောင်နေသည့် သစ်ပင်များကြားမှ အရုဏ်ဦး၏ ပထမဆုံး အလင်းရောင်များ ဖြာကျလာချိန်တွင် ယီရင် ပြန်ရောက်လာသည်။ သူမ၏ နောက်တွင် တောက်ပသော အပြာရောင် အလောင်းတစ်ခုကို ဆွဲယူလာခဲ့သည်။ ၎င်းသည် ကောင်းကင်အရောင်များဖြင့် ဆေးခြယ်ထားသော ကဏန်းတစ်ကောင်နှင့် တူနေသည်။ အပြင်ဘက် တံခါးပေါက်များကို ဖြတ်၍ ပင်မလမ်းမကြီးတစ်လျှောက် သူမ လေးလံစွာ လျှောက်လှမ်းလာချိန်တွင် ၎င်းထံမှ မိုးပြာရောင် အလင်းတန်းများ ယိုစိမ့်ထွက်ပေါ်နေလေသည်။

သူမ၏ အကောင်းဆုံး အခြေအနေတွင်ဆိုပါက ဤမျှပေါ့ပါးသော အရာတစ်ခုကို သယ်ဆောင်လျက် ပြေးလွှားနိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် ယခုမူ သူမ၏ အရိုးများထဲတွင် ခဲများ ထည့်ထားသကဲ့သို့ လေးလံနေသည်ဟု ခံစားရသည်။ ယခု သူမ ငြိမ်သက်စွာ တွေးတောကြည့်လိုက်သောအခါ အမှန်တကယ် အနားယူခြင်းမျိုး မရခဲ့သည်မှာ... လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်နိုင်သည်။

ယခု သူမသည် ရွှေအဆင့် သို့ ရောက်ရှိသွားပြီး ဓားတစ်လက် စိုက်ဝင်နေသည့် တောက်ပသော သတ္တုလက်တံတစ်ခုကို ရရှိထားသော်လည်း သူမ၏ ခန္ဓာကိုယ်တွင် ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။ ယင်းတို့ကို သူမ စတင် ခံစားနေရပြီ ဖြစ်သည်။

အဝင်လမ်းတစ်လျှောက်မှ စက်ဆုပ်ဖွယ် မျက်လုံး များစွာက သူမသည် သွေးသံရဲရဲ ခွေးသေကောင်များပါသည့် အိတ်တစ်လုံးကို ဆွဲလာသကဲ့သို့ ကြည့်နေကြခြင်းကလည်း သူမကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ဤနေရာက ကျင့်ကြံသူများ၏ စခန်းတစ်ခု မဟုတ်သည်လား။ ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ အလောင်းကို ဆွဲလာသည့် လူတစ်ယောက်ကို မြင်ရတာ ဤမျှလောက် ထူးဆန်းနေဖို့ မလိုပါချေ။

ဖစ်ရှာများစခန်းချထားသည့် အပိုင်းကို ပြန်ရှာတွေ့ရန်အတွက် သူမသည် လမ်းမှားများ အတော်များများ ဝင်မိခဲ့သည်။ လူအုပ်ကြီးကလည်း ကျောက်တုံးတစ်တုံးကို ပတ်၍ စီးဆင်းသွားသော မြစ်တစ်စင်းကဲ့သို့ သူမ၏ ဘေးပတ်လည်တွင် ဖြတ်သန်းသွားလာနေကြသည်။ သူတို့အားလုံး သေသွားလျှင် ကောင်းမည်ဟု သူမ စိတ်ပေါက်ပေါက်နှင့် ကျိန်ဆဲလိုက်သည်။

နောက်ဆုံးတွင် သူမ ရင်းနှီးသော လမ်းတစ်လမ်းသို့ ရောက်ရှိသွားသည်။ ယမန်နေ့ညက ပင့်ကူ မှော်ပစ္စည်း များဖြင့် အလှဆင်ထားခဲ့သော သစ်ပင်များအောက်သို့ အပြာရောင်များ ယိုစိမ့်နေသည့် ဝိညာဉ်အကြွင်းအကျန် ကို ဆွဲယူလာခဲ့သည်။ နေ့အလင်းရောင်အောက်တွင်တော့ အရောင်တစ်မျိုး ဆိုးထားသကဲ့သို့ ကွဲပြားခြားနားစွာ မြင်တွေ့နေရလေသည်။

ယီရင် အသက်ဆယ်နှစ်ခန့်ရှိ ဖစ်ရှာ ကလေးငယ်တစ်ယောက်ကို ဖမ်းဆွဲကာ ဖစ်ရှာ ဂီရှာ ဆီသို့ သွားရာလမ်းကို မေးမြန်းလိုက်သည်။ ကလေးက ထိတ်လန့်တကြား မော့ကြည့်သည်။ ထိုတုန့်ပြန်မှုက အနည်းငယ် ပြင်းထန်လွန်းနေသည်ဟု သူမ တွေးမိသည်။ မည်သို့ပင်ဖြစ်စေ ကလေးက သူမကို အကြမ်းဖျင်း လမ်းညွှန်ပေးခဲ့သည်။

ကလေး၏ လမ်းညွှန်မှုအတိုင်း လိုက်သွားရာ စခန်း၏ အလယ်ဗဟိုတွင် ထိုးထိုးထောင်ထောင် ဆောက်လုပ်ထားသော ကျီအကြီးကြီးတစ်ခုဆီသို့ ရောက်သွားခဲ့သည်။ သူမသည် လှည့်ပြန်ပြီး ထိုကလေးကို သူမ၏ ဓားပြားဖြင့် ရိုက်ပြချင်စိတ် ပေါက်သွားသည်။ ဝိညာဉ်ပန်းပဲဆရာ များသည် သူတို့၏ အလုပ်အတွက် နေရာကျယ်ကျယ်ဝန်းဝန်း လိုအပ်သည်မှာ မှန်သော်လည်း သူမ၏ လေ့လာတွေ့ရှိချက်အရ သူတို့သည် တတ်နိုင်သမျှ ခမ်းနားထည်ဝါသော နေရာများတွင်သာ အလုပ်လုပ်လိုကြသည်။ သူမ နောက်ဆုံးတွေ့ခဲ့ဖူးသော ဝိညာဉ်ပန်းပဲဆရာသည် တောက်ပနေသော တိုင်များဖြင့် လင်းလက်နေသည့် နန်းတော်တစ်ခုကို တည်ဆောက်ထားပြီး လူသားမဟုတ်သည့် ဦးခေါင်းခွံများဖြင့် ပြုလုပ်ထားသော ပလ္လင်ပေါ်တွင် ထိုင်နေခဲ့လေသည်။

သို့သော်... လူသူကင်းမဲ့သော တောရိုင်းမြေ သည် မည်သည့်နေရာနှင့်မျှ မနီးစပ်သည့် ခေါင်ဖျားသော ဒေသတစ်ခု ဖြစ်သည်။ ဤနေရာနှင့် နှိုင်းယှဉ်လျှင် အထွတ်အမြတ် တောင်ကြား ပင်လျှင် ယဉ်ကျေးဖွံ့ဖြိုးသည့် နေရာတစ်ခုဟု ထင်ရသည်။ အားနည်းသော်လည်း ယဉ်ကျေးမှုရှိပေသည်။ ကျီတစ်ခုထဲတွင် အလုပ်လုပ်ခြင်းကပင် ဤနေရာတွင် ကြွားလုံးထုတ်စရာ ဖြစ်နေနိုင်လေသည်။

သူမသည် တံခါးကို ခေါက်နိုင်သော်လည်း ယင်းက စွမ်းအင်ကုန်စေမည် ဖြစ်သည်။ ထို့ကြောင့် တံခါးကို ဆွဲဖွင့်လိုက်ရုံသာ လုပ်လိုက်သည်။

တံခါးသည် ၎င်း၏ လမ်းကြောင်းအတိုင်း လျှောတိုက်ပွင့်သွားပြီး ကျီထဲသို့ နေရောင်ခြည်များ ဖြာကျသွားစေသည်။

ကြမ်းပြင်ပေါ်တွင် မြက်ခြောက်များ ဖုံးလွှမ်းနေသော်လည်း ဤနေရာသည် အလုပ်လုပ်နေဆဲဖြစ်သော ဝိညာဉ်ပန်းပဲဆရာ တစ်ဦး၏ အလုပ်ရုံဖြစ်ကြောင်း ထင်ရှားလှသည်။ မျက်နှာကျက်ရှိ ချိတ်များတွင် ပြတ်တောက်နေသော ခြေလက်အင်္ဂါ အစုံအလင်ကို ချိတ်ဆွဲထားပြီး အရောင်အသွေးစုံလင်သော မီးပွားလေးများ ကျဆင်းနေသည်။

ဂူထဲမှ လင်းနို့များကဲ့သို့ ခေါင်မိုးတန်းများတွင် ပင့်ကူများ တွဲလောင်းကျနေသည်။ တိရစ္ဆာန်များကို ထားရှိရမည့် ခြံကန့်များအတွင်းတွင်မူ ဝိညာဉ်အကြွင်းအကျန် များထက် အရောင်မှိန်ကာ တည်ဆောက်ပုံ ဆန်းကြယ်လှသော ကြီးမားသည့် မှော်ပစ္စည်း များကို ထားရှိလေသည်။ ထိုမျှကြီးမားသော မှော်ပစ္စည်း များကို မည်သည့်အရာလုပ်ဆောင်ရန် တည်ဆောက်ထားသနည်း ဟု သူမ မတွေးချင်တော့သဖြင့် ဆက်လက် ဂရုမစိုက်တော့ချေ။

အခန်း၏ အလယ်ဗဟိုတွင် တိရစ္ဆာန်အစာခွက်ကြီး တစ်ခုကဲ့သို့ ချထားသော အလုပ်ခုံရှည်ကြီးတစ်ခု၌ လင်းတုန်း ထိုင်နေသည်။ သူသည် ကျယ်ပြန့်သော ပခုံးများကို ကိုင်းညွတ်ကာ တစ်ဝက်တစ်ပျက် တပ်ဆင်ထားသော ပင့်ကူတစ်ကောင်ပေါ်သို့ အာရုံစိုက်နေသည်။ ဝိညာဉ်ကို အာရုံခံမကြည့်မိမီအထိ သူသည် အသက်ထက် ပို၍ ရင့်ကျက်ပုံပေါ်သည်။ ထို့နောက်တွင်မူ ကလေးများနှင့်သာ သက်ဆိုင်လေ့ရှိသော သနားစရာကောင်းသည့် ကြေးအဆင့် တစ်ခု၏ စွမ်းအားကို သူမ ခံစားသိရှိလိုက်ရသည်။ ယင်းက လူကြီးတစ်ယောက်၏ ပခုံးပေါ်တွင် ကလေးခေါင်းတစ်ခု တပ်ထားသည်ကို မြင်လိုက်ရသကဲ့သို့ သူမကို ပျို့အန်ချင်စိတ် ဖြစ်ပေါ်စေသည်။

စိတ်အနှောင့်အယှက်ဖြစ်မှုကို အပြည့်အဝ မဖယ်ရှားနိုင်သေးသော်လည်း လင်းတုန်းကို မြင်လိုက်ရသည့်အခါ ယီရင် စိတ်သက်သာရာ ရသွားခဲ့သည်။ သူက သူမမပါဘဲ ဤနေရာတွင် အဖွဲ့အစည်း တစ်ခုထဲသို့ ဝင်ရန် တင်းခံနေခဲ့သည်။ သူသည် အမှန်တကယ် ကျင့်ကြံမှု အစစ်အမှန် လိုအပ်နေပြီး သူမကလည်း ယင်းကို မပေးစွမ်းနိုင်ပေ။ သို့သော် ဤအခြေအနေက အဆင်မပြေမှုတစ်ခု ဖြစ်နေဆဲပင်။

သူ့ကို မျက်မြင်တွေ့လိုက်ရသောအခါ ယခင်က သူမ၏ စိုးရိမ်ပူပန်မှုများသည် ရိုးအလွန်းရာ ကျနေသည်။ မိုက်မဲရာ ကျနေသည်။ ရင်းနှီးသောသူ တစ်ယောက်မျှမရှိသည့် သူစိမ်းများ ပင်လယ်ပြင်ကြီးထဲတွင် သူမကို တစ်ယောက်တည်း ထားခဲ့ပြီး သူ ထွက်ပြေးသွားမည် မဟုတ်သည်မှာ သေချာလှသည်။ ထိုသို့လုပ်ဆောင်ရန် သူ့အတွက် အကြောင်းပြချက်လည်း မရှိပေ။

ယီရင် သတိမထားမိလိုက်သော အထက်ထပ်တစ်ခုမှ ဖစ်ရှာ ဂီရှာ သည် ခုန်ချလာသည်။ သူမ၏ ဝတ်ရုံအောက်မှ ထွက်ပေါ်နေသော ပင့်ကူ-မှော်ပစ္စည်း ၏ ခြေတံများဖြင့် ဖမ်းထိန်းထားသည်။ သူမသည် လက်များကို နောက်ပစ်ထားပြီး အရေတွန့်နေသော မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်နေသည့် အမူအရာက အထင်းသား ပေါ်လွင်နေသည်။

"ဘာကိစ္စလဲ... ဟမ်... ငါတို့က အခု ဧည့်သည်လက်ခံတယ်လို့ မင်း ထင်နေတာလား..."

"တန်ကြေးတစ်ခု ပေးနိုင်ရင် သူစိမ်းတွေကို ရှင် လက်ခံတယ်လို့ ကောလာဟလတွေ ကြားတယ်..."

ယီရင်က ပြောလိုက်သည်။ သူမသည် ဝိညာဉ်အကြွင်းအကျန် ကို ချည်နှောင်ထားသော ကြိုးကို ဆွဲယူကာ အပြာရောင် ကဏန်းကြီးကို ရှေ့သို့ ဆွဲသွင်းလိုက်သည်။

"ဒါက တန်ဖိုးတစ်ခုခုတော့ ရှိမှာပါ..."

အလွန်အန္တရာယ်များလွန်းသည်ဟုဆိုကာ ဤဝိညာဉ်အကြွင်းအကျန် ကို ရှောင်ကွင်းသွားခဲ့သော ဖစ်ရှာ အဖွဲ့တစ်ဖွဲ့နောက်သို့ လိုက်ရင်း ၎င်းကို သူမ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပေနှစ်ရာအကွာမှနေ၍ သူမက ခြေလက်အင်္ဂါများကို ဖြတ်တောက်လိုက်သောအခါ သိပ်ပြီး အန္တရာယ်မများတော့ကြောင်း တွေ့ရှိရသည်။ ယခုမူ ၎င်း၏ ခြေလက်များကို အခွံပေါ်တွင် ပတ်ချည်ထားပြီး ဗိုက်ဖြင့်တိုက်ကာ သူမ ဆွဲလာခဲ့ခြင်း ဖြစ်သည်။

ဖစ်ရှာ ဂီရှာသည် သူမ၏ မေးစေ့ကို လက်ချောင်းနှစ်ချောင်းဖြင့် ပွတ်သပ်လိုက်သည်။

"မင်း ဘာလိုချင်တာလဲ..."

"ကျွန်မအတွက် ဖစ်ရှာ တွေဆီမှာ ခိုလှုံခွင့်ပေးပါ..."

ယီရင်က ပြောလိုက်သည်။ ထို့နောက် လင်းတုန်းကို လက်ညှိုးထိုးပြလိုက်သည်။

"သူ့အတွက် သင်တန်းပေးပါ... တကယ့် အစစ်အမှန် ကျင့်ကြံမှုကို ပြောတာ... အခုလို တံမြက်စည်းလှည်း အမှိုက်ကောက်တဲ့ အလုပ်မျိုး မဟုတ်ဘူး..."

လင်းတုန်းက ရှက်ကိုးရှက်ကန်းဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်သည်။

"ကျေးဇူးပါပဲ ယီရင်... ဒီအတွက် ငါ နင့်ကို ပြန်ဆပ်ပါ့မယ်... ဒါပေမယ့် သူက သဘောတူပြီးသား..."

ဖစ်ရှာကြီးသည် ယီရင်၏ ပခုံးပေါ်မှ အထုပ်ကို စိုက်ကြည့်ရင်း အမူအရာတစ်ခုဖြင့် လင်းတုန်း၏ စကားကို ဖြတ်လိုက်သည်။

"ငါ့အတွက် နောက်ထပ်တစ်ခုခု ပါသေးတယ် မဟုတ်လား..."

ယီရင်သည် အထုပ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ခြေထောက်တစ်ဖက်ဖြင့် ဖြန့်လိုက်သည်။ ၎င်းတို့မှာ လွန်ခဲ့သော နာရီအနည်းငယ်က သဲမြွေပွေးများ ဝတ်ဆင်ထားခဲ့သော သွေးများစွန်းထင်းနေသည့် သားမွေး သုံးခု ဖြစ်သည်။

"သေသွားပြီလား..."

ဂီရှာက ထက်မြက်သော မျက်လုံးများဖြင့် မေးလိုက်သည်။

"မသေသေးပါဘူး..."

ယီရင်က ဖြေလိုက်သည်။ လူအုပ်ကြီး၏ အလယ်တွင် ရန်လိုသော ဝိညာဉ်အကြွင်းအကျန် သုံးခုကို လွှတ်ပေးခြင်း၏ အန္တရာယ်ကို သူမ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။

"ဒါပေမယ့် သူတို့ သိပ်တော့ ပျော်နေမှာ မဟုတ်ဘူးလို့ ကျွန်မ ပြောနိုင်တယ်..."

ဂီရှာ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"မင်းအတွက် နေရာတစ်ခု ငါတို့ ရှာပေးနိုင်မယ် ထင်ပါတယ်…”

***

အပိုင်း(၁၁၈)

ယီရင် အတွက် ဂီရှာ ရှာပေးသော နေရာမှာ အဓိက ဂိုဏ်း၏ အလယ်တွင်ရှိပြီး ဂုဏ်သရေရှိ ဧည့်သည်တော်များအတွက် သီးသန့်ထားရှိသော အခန်းများ ဖြစ်သည်။ လင်းတုန်း အတွက် သူတို့ရှာပေးသော နေရာမှာမူ ကျီ၏ ခေါင်မိုးတန်းများအထက်တွင်ရှိပြီး အသံမြည်နေသော လှေကားတစ်စင်းဖြင့်သာ တက်ရောက်နိုင်သည့် မြက်ခြောက်ပုံ တစ်ပုံပေါ်တွင် ဖြစ်သည်။ အစွန်းမှ လိမ့်ကျသွားမည်ကို စိုးရိမ်ရသဖြင့် သူသည် ကျောကို ကြမ်းပြင်နှင့် ကပ်ကာ မလှုပ်မယှက် အိပ်ရလေသည်။ ဆိုလိုသည်က သူသည် ညဘက်တွင် သူ့ခေါင်းပေါ်၌ တွဲလောင်းကျနေသော ပင့်ကူ မှော်ပစ္စည်း များကို မော့ကြည့်ရင်း အချိန်ဖြုန်းနေရခြင်းပင် ဖြစ်သည်။

သို့သော် သူသည် အိပ်စက်ခြင်းနှင့်ပတ်သက်၍ ဂရုမစိုက်ပေ။ အထူးသဖြင့် သင်ယူစရာတွေ အများကြီးရှိနေတဲ့ အချိန်မျိုးတွင်ပင်။

ပထမဆုံးနေ့တွင် ယီရင် ယူဆောင်လာသော အပြာရောင် ကဏန်း ဝိညာဉ်အကြွင်းအကျန် ပေါ်သို့ ဂီရှာ က သူမ၏ အကူမှော်ပစ္စည်း ကို ပြေးလွှားစေခဲ့သည်။ ထိုမှော်ပစ္စည်း ၏ ခြေရှစ်ချောင်းသည် မှုန်ဝါးနေသော အမြန်နှုန်းများဖြင့် လှုပ်ရှားကာ ဝိညာဉ် ကို ဖြိုခွဲပြီး အသုံးဝင်သော အစိတ်အပိုင်းများအဖြစ်သို့ ခွဲခြားလိုက်သည်။

ဂီရှာက လင်းတုန်း၏ ခန္ဓာကိုယ် အပေါ်ပိုင်းထက်ပင် ကြီးမားသော လက်မကြီးတစ်ခုကို သူ့ကို အရင်ပေးလိုက်သည်။ ထို့နောက် အူများနှင့်တူသော ပြွန်ခွေပုံတစ်ပုံကို ပေးလိုက်ပြီး နောက်ဆုံးတွင် အပြာရောင် နှုတ်သီးတစ်ချောင်းကိုပါ ပေးလိုက်သည်။

ထိုရှုပ်ပွနေသော အရာအားလုံးသည် ပုံမှန်နှင့် ခြားနားလှသည်။ ပုပ်ဟောင်နေသော အူနံ့ထက် လျှပ်စီးမုန်တိုင်းများနှင့် ဆားငန်ရေအနံ့ ပိုထွက်နေပြီး သဘာဝအတိုင်းဖြစ်နေသည့် အရာများထက် ဆီသုတ်ထားသော ဖန်ခွက်တစ်ခုကဲ့သို့ ပို၍ ခံစားရသည်။

မိခင်ဖြစ်သူအတွက် မကြာခဏ ပြုလုပ်ပေးခဲ့ဖူးသော တာဝန်တစ်ခုဖြစ်သည့် အစိတ်အပိုင်းများကို ပုံးများထဲသို့ ခွဲခြားထည့်သွင်းပြီးနောက် ၎င်းတို့ကို မဆွေးမြည့်စေရန် အစီအရင် များဖြင့် ပိတ်လှောင်ကာ သိုလှောင်ရုံသို့ ပို့ဆောင် လိုက်သည်။ ဆိုလိုသည်က သူသည် ကျီ၏ နောက်ဘက်ရှိ ဗီရိုကြီးထဲသို့ ထိုသေတ္တာများကို တွန်းသွင်းလိုက်ခြင်းဖြစ်သည်။ ထိုသေတ္တာများပေါ်တွင် ဖစ်ရှာ ဂီရှာ ဖတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသော သင်္ကေတတစ်ခုဖြင့်သာ အမည်တပ်ထားလေသည်။

ကဏန်း၏ အစိတ်အပိုင်းအများစုမှာ ဂီရှာ က 'အသက်မဲ့ရုပ်ဝတ္ထု' ဟုခေါ်သည့် အရာများအဖြစ် အသုံးပြုရန် နေရာသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ၎င်းတို့သည် မှော်ပစ္စည်း တစ်ခု၏ အရေးမပါဆုံး အစိတ်အပိုင်းများ ဖြစ်လာလိမ့်မည်။ ပင့်ကူတစ်ကောင်၏ အခွံ သို့မဟုတ် ဓားတစ်လက်၏ လက်ကိုင်ရိုး ဖြစ်လာနိုင်ပြီး ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများအတွက်သာ လိုအပ်ခြင်း ဖြစ်သည်။

သူမ သိုလှောင်ရုံထဲသို့ မပို့ဘဲ အလုပ်ခုံပေါ်တွင် ချန်ထားခဲ့သော အစိတ်အပိုင်းများကမူ ပို၍ စိတ်ဝင်စားစရာ ကောင်းလှသည်။

လင်းတုန်း၏ မိခင်သည် ဤအပိုင်းတွင် သူ့ကို ကူညီခွင့် မပေးခဲ့ဖူးချေ။ ထို့ကြောင့် သူသည် အက်ကွဲနေသော တံခါးများကြားမှနှင့် ထောင့်ချိုးများမှနေ၍ သူ ခိုးကြည့်ခဲ့ရသည်။ ဤသည်မှာ ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်ဖြစ်ခြင်း၏ သိမ်မွေ့မှုနှင့် ကျွမ်းကျင်မှု လိုအပ်သော အပိုင်းဖြစ်သည်။ သို့သော် ဖစ်ရှာ ဂီရှာ ကမူ အသားတစ်တုံးကို ခုတ်ထစ်နေသော သားသတ်သမားတစ်ယောက်ကဲ့သို့ ထိုအဖိုးတန်ပစ္စည်းများကို ခုတ်ထစ်နေလေသည်။

သူမသည် လက်သီးဆုပ်အရွယ်ခန့်ရှိ အပြာရောင် ကျောက်ခဲမာဒြာ အစုအဝေးတစ်ခုဖြင့် စတင်ခဲ့သော်လည်း သူမ၏ ရွှေသံမဏိ ချိတ်ဓားဖြင့် အကြိမ်အနည်းငယ် ခုတ်ထစ်လိုက်ပြီးနောက်တွင်မူ... တစ်စုံတစ်ခုသာ ကျန်ရစ်ခဲ့သည်။

သက်ရှိသတ္တဝါတစ်ကောင်တွင် အနီးစပ်ဆုံး နှိုင်းယှဉ်စရာဖြစ်သော 'နှလုံး' ဟု ခေါ်ဆိုရမလား လင်းတုန်း မသိချေ။ သို့သော်... ၎င်းသည် ဖခင်ဖြစ်သူ သမင်တစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ကျန်ရစ်သော ထိုကြွက်သားတုံးနှင့် မတူပေ။

၎င်းသည် တင်းကျပ်စွာ ရစ်ခွေနေသော ပြွန်များဖြစ်ပြီး အလွန်များပြားသော လမ်းကြောင်းအမျိုးမျိုးသို့ ခေါက်ချိုးကာ ကွင်းဆက်များစွာ ပြုလုပ်ထားသောကြောင့် ပြွန်တစ်ခုတည်းဟုပင် လင်းတုန်း ထင်မှတ်ရလောက်အောင် ရှုပ်ထွေးနေသော အစုအဝေးကြီးတစ်ခု ဖြစ်နေလေသည်။

ဂီရှာက ၎င်းကို လက်တစ်ဖက်ဖြင့် မြှောက်ကိုင်လိုက်သည်။

"ဒီအရာကို ချိတ်ဆက်မှု လို့ ငါတို့ခေါ်တယ် မြင်လား... ပန်းပဲဆရာတစ်ယောက်က သံကို ပုံဖော်သလို ငါတို့က ဒါတွေနဲ့ အလုပ်လုပ်တာ..."

"ကျန်တဲ့ ပစ္စည်းတွေရော... မှော်ပစ္စည်း တွေအတွက် အသုံးပြုသေးလား..."

ဗီရိုတံခါးဘက်သို့ လက်ညှိုးထိုးပြရင်း သူက မေးလိုက်သည်။ ထူးဆန်းသော ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ အသက်မဲ့ရုပ်ဝတ္ထုပင်လျှင် သူ၏မိခင်အတွက် လပေါင်းများစွာ အသုံးပြုနိုင်သော ပစ္စည်းများ ဖြစ်နေပေလိမ့်မည်။

သူမက နှာမှုတ်လိုက်သည်။

"ငါတို့က အဲဒါတွေကို ပုံစံအမျိုးမျိုးနဲ့ ခေါက်ပြီး အရိုးစုတွေ တည်ဆောက်တဲ့နေရာမှာ သုံးတယ်၊ ဒါပေမယ့် မှော်ပစ္စည်း တိုင်းရဲ့ အသက်ဝိညာဉ်ကတော့ ချိတ်ဆက်မှု ပဲ... ငါတို့သာ ချိတ်ဆက်မှု တွေနဲ့ချည်း လုံးဝ အလုပ်လုပ်နိုင်မယ်ဆိုရင် လုပ်မှာပဲ... ကျန်တဲ့ ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းတွေက စျေးကြီးတယ်လို့ မင်းထင်နေတာလား... မဟုတ်ဘူး... ဒါကမှ တောင်ပေါ်က ကျောက်မျက်ရတနာ အစစ်ပဲ..."

သူမက သူ့ထံသို့ ပစ်ပေးလိုက်ရာ သူက လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။ မိုးရွာသောနေ့တစ်နေ့ကဲ့သို့ အနံ့မျိုး ရနေသည်။

"အပေါ်က ပြွန်ပေါ်ကို လက်တင်ထားလိုက်..."

သူမက ပြောလိုက်သည်။

"ကျန်တဲ့ တစ်ဖက်ကို... မဟုတ်ဘူး၊ ငါ့ဘက်ကို လှည့်မထားနဲ့... ငါ မင်းကို အပြင်ကို ကန်ထုတ်ရမလား... ကြမ်းပြင်ဘက်ကို လှည့်... ကဲ၊ မာဒြာ နည်းနည်းလောက် အဲဒီထဲကို ပို့လွှတ်လိုက်... နည်းနည်းလေးပဲနော် ကြားလား..."

လင်းတုန်းသည် အများကြီး မထည့်မိစေရန် ဂရုပြုလျက် လုပ်ဆောင်လိုက်သည်။ ချိတ်ဆက်မှု က တီတီမြည်သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

"အဲဒီထက် နည်းနည်းပိုထည့်..."

သူမက ပြောသည်။

သူသည် စည်းချက်ကျကျ အသက်ပြင်းပြင်းရှူကာ သူ၏ မာဒြာ ကို လှည့်ပတ်ပြီး ချိတ်ဆက်မှု အတွင်းသို့ စွမ်းအားများ ပိုမို တွန်းပို့ပေးလိုက်သည်။ ၎င်းက ပိုမိုကျယ်လောင်စွာ အော်မြည်လာသည်။

သူသည် တတ်နိုင်သမျှ မာဒြာ အားလုံးကို လိမ်ကောက်နေသော ထိုအင်္ဂါရပ်ထဲသို့ အတင်းအဓမ္မ တွန်းပို့လိုက်ရာ နောက်ဆုံးတွင် ၎င်းထံမှ ရေများ ပန်းထွက်လာလေသည်။

"တော်သေးတာပေါ့..."

သူမက ပြန်ဆွဲယူရင်း ပြောလိုက်သည်။ သူမသည် လက်ထဲရှိ ချိတ်ဆက်မှု ကို လှုပ်ရမ်းပြကာ သူ၏ အာရုံကို ဖမ်းစားလိုက်သည်။

"ဒါက ရေကန်စင်ကြယ် ဝိညာဉ်အကြွင်းအကျန် နော် ကြားလား... အဓိက အသွင်သဏ္ဌာန်က ရေ... ဒီ ကျင့်ကြံသူ သက်ရှိထင်ရှားရှိစဉ်က လေထဲက အော်ရာ ကို သုံးပြီး ရေကို ဖန်တီးခဲ့တာ မြင်လား... ဒါက သူ ကျွမ်းကျင်ခဲ့တဲ့ နည်းစနစ်တစ်ခုဖြစ်ပြီး သူ့ ဝိညာဉ် ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်... သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန် က ဒီ ချိတ်ဆက်မှု ကို သုံးပြီး အလားတူပဲ လုပ်ဆောင်တာ..."

သူ မေးချင်နေသည့် မေးခွန်းများ၏ ပြင်းအားအောက်တွင် လင်းတုန်း၏ မေးရိုးများပင် ပြုတ်ထွက်လုမတတ် ဖြစ်သွားသည်။

"သူ့ရဲ့ နည်းစနစ်က ဝိညာဉ်အကြွင်းအကျန် ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ် ဟုတ်လား... ဘယ်လိုလုပ်ပြီးလဲ... ဘာကြောင့်လဲ..."

"ပုံစံခွက်တွေကြောင့်ပေါ့..."

ဂီရှာက ခပ်တိုတိုပြောရင်း ချိတ်ဆက်မှု ကို အံဆွဲတစ်ခုထဲသို့ ထည့်သိမ်းလိုက်သည်။

"အစီအရင် တွေကို မင်း မြင်ဖူးတယ် မဟုတ်လား... အဲဒါတွေက မာဒြာ ကို လမ်းညွှန်ပေးတဲ့ ပုံသဏ္ဌာန်တွေ မဟုတ်ဘူးဆိုရင် ဘာတွေလဲ... နည်းစနစ်ဆိုတာ မာဒြာ ကို သီးခြား ပုံစံခွက်တစ်ခုအနေနဲ့ ယက်လုပ်တာ မဟုတ်ဘူးဆိုရင် ဘာလဲ..."

သူမက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"မင်းက မှန်ကန်တဲ့ မာဒြာ ကို၊ မှန်ကန်တဲ့ နည်းလမ်းနဲ့၊ မှန်ကန်တဲ့ စည်းချက်အတိုင်း လှုပ်ရှားမယ်ဆိုရင် မင်းရမှာက..."

ပလာယာတစ်လက်သည် သူမအသုံးပြုခဲ့သော နည်းစနစ်တစ်ခုခုကြောင့် ဆွဲယူခံရကာ သူမ၏ ဖြန့်ထားသော လက်ထဲသို့ ရိုက်ခတ်ဝင်ရောက်လာသည်။

"တခြားနည်းနဲ့ မင်း လှုပ်ရှားမယ်ဆိုရင် မင်းရမှာက..."

သူမက လက်ကို ဝှေ့ယမ်းလိုက်သည်။

"...ဘာမှမရဘူး... ဟမ်... မင်း မြင်ပြီလား..."

"ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် နောက်ထပ် မေးခွန်းတစ်ခုလောက် ခွင့်ပြုပါဦး... ချိတ်ဆက်မှု ဆိုတာ ဝိညာဉ် ထဲက အစီအရင် တစ်ခုလိုမျိုးလား..."

"ဒီလောက် ရိုးရှင်းတယ်လို့ မင်းထင်နေတာလား... မဟုတ်ဘူး... အစီအရင် ဆိုတာက ပုံဆွဲတာ၊ ချိတ်ဆက်မှု ဆိုတာက ရုပ်တုတစ်ခုပဲ... ချိတ်ဆက်မှု တွေက ပုလဲတွေဖြစ်ပြီး ဝိညာဉ်အကြွင်းအကျန် တွေက သူတို့ကို ဝန်းရံထားတဲ့ ကမာကောင်တွေပဲ... မင်း မြင်ပြီလား..."

အတိုင်းအတာတစ်ခုအထိတော့ သူ နားလည်သွားသည်။ ချိတ်ဆက်မှု များတွင် အလေးချိန်၊ အနက်ရှိုင်းတို့ ရှိသည်။ အစီအရင် စက်ဝိုင်းတစ်ခုသည် ထွင်းထုထားသော အက္ခရာများပါသည့် စက်ဝိုင်းတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ၎င်းတို့သည် တူညီသောအရာများကို လုပ်ဆောင်ပုံရသောကြောင့် ချိတ်ဆက်မှု တွင် မည်သည့်အားသာချက်များ ရှိနေသည်ကိုတော့ သူ အပြည့်အဝ သေချာမသိသေးပေ။

ချိတ်ဆက်မှု ပါဝင်သော အံဆွဲကို သူ လက်ညှိုးထိုးပြလိုက်သည်။

"ဘယ်ဘက်ကနေ မာဒြာ ကို ဝင်ခွင့်ပေးပြီး ဘယ်ဘက်ကနေ ရေကို ပန်းထွက်စေတယ်ဆိုတာ အကြီးအကဲ ဘယ်လိုသိတာလဲ..."

"အတွေ့အကြုံပေါ့..."

သူမက နောက်ထပ် ဖုံးကွယ်ထားသော ချိတ်ဆက်မှု တစ်ခုဟု သူခန့်မှန်းရသည့် အရာတစ်ခု၏ အခွံကို ခွာရင်း ဖြေလိုက်သည်။

"ဒါက တခြားအရာတွေအစား ရေကို ဖန်တီးပေးမယ်ဆိုတာကို အကြီးအကဲ ဘယ်လိုသိတာလဲ..."

"အကူမှော်ပစ္စည်းက ငါ့ကို ပြောပြတာ..."

သူမက အနီးရှိ စားပွဲပေါ်တွင် နားနေသော သူမ၏ ကြီးမားလှသည့် ပင့်ကူ မှော်ပစ္စည်း ၏ ချောမွေ့သော အခွံတစ်လျှောက်ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။

"သူက ငါ့အတွက် မာဒြာ ရဲ့ အသွင်သဏ္ဌာန်တွေကို အရသာခံပေးတယ်လေ မြင်လား... ဘယ် မာဒြာ က ရေနဲ့ သက်ဆိုင်တယ်၊ ဘယ်ဟာက ရေခဲနဲ့ သက်ဆိုင်တယ်၊ ဘယ်ဟာက ရိုးရိုး အပြာရောင်ပဲ ဖြစ်တယ်ဆိုတာ သူက ငါ့ကို ပြောပြတယ်..."

"အခု ချိတ်ဆက်မှု ကို ရပြီဆိုတော့ အဲဒါကို မှော်ပစ္စည်း တစ်ခုထဲမှာ သုံးလို့ရပြီပေါ့... အလိုအလျောက် ရေထုတ်ပေးမယ့် ဟာမျိုးပေါ့... အဲဒီအတွက်ပဲ သုံးလို့ရတာလား၊ ဒါမှမဟုတ် တခြားတစ်ခုခု လုပ်လို့ရသေးလား..."

သူမက သူ့ကို ပလာယာဖြင့် ထိုးပြလိုက်သည်။

"အဲဒါက ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်နဲ့ ထိုက်တန်တဲ့ မေးခွန်းပဲ..."

လင်းတုန်းသည် အပြုံးကို ယဉ်ကျေးမှုအရ ထိန်းချုပ်ရန် ကြိုးစားသော်လည်း မရခဲ့ပေ။ သူမက သူ့ကို စူးစူးရဲရဲ ကြည့်လိုက်သည်။

"မပြုံးနဲ့... အပြုံးက အဲဒီမျက်လုံးတွေနဲ့ မလိုက်ဖက်ဘူး... မင်းက ငါ့ကို မနက်စာအဖြစ် စားချင်နေတဲ့ပုံ ပေါက်နေတယ်..."

သူမ၏ နဖူးကို လက်ခုံဖြင့် သူမကိုယ်တိုင် ရိုက်လိုက်သည်။

"ကျွတ်... ကျွတ်...... ငါ ဘာတွေ လုပ်နေတာလဲ... မင်းက ငါ့တပည့် မဟုတ်ဘူး... လှည်း... ကြမ်းပြင်တွေကို လှည်းစမ်း..."

All Chapters