အခန်း (၁၂၃-၁၂၄)
Vol. 9 Ch. 123-124
အပိုင်း (၁၂၃)
လင်းတုန်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူ ရောက်ရှိနေသော လှောင်ချိုင့်မှာ အကျဉ်းခန်း တစ်ခု ဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။ လှောင်ချိုင့်အတွင်းတွင် အခြား ငါးယောက်သာ ရှိသည်။ သို့သော် ဘယ်နှင့် ညာဘက်တွင် အခြား လှောင်ချိုင့်များလည်း ရှိနေသေးသည်။ စုစုပေါင်း အရေအတွက် မည်မျှရှိမည်ကို သူ မခန့်မှန်းနိုင်ချေ။ သို့သော် သူ ဤနေရာမှ လွတ်မြောက်သွားပါက ယင်းမှာ အသုံးဝင်သော အချက်အလက်တစ်ခု ဖြစ်လာနိုင်မည်ဟု သူ တွေးမိလေသည်။
အခြား အကျဉ်းသားများကတော့ တစ်ယောက်ကမျှ ထွက်ပြေးရန် မကြိုးစားခဲ့ကြပေ။ သူသည် ပတ်ဝန်းကျင်ကို ပိုမို သေချာစွာ မြင်ရရန် တုန်ယင်နေသော ခြေထောက်များဖြင့် မတ်တပ်ရပ်လိုက်ချိန်တွင် သူ၏ အခန်းဖော် တစ်ဦးက ခေါင်းမော့ကာ သူ့ကို ကြည့်လာသည်။ သူမသည် ညစ်ပတ်ပေရေနေပြီး စုတ်ပြဲနေသော စောင်တစ်ထည်ကို ခြုံထားသည်။ သူမက သူ့ကို မျက်လုံးတစ်ဖက်တည်းဖြင့် စိုက်ကြည့်နေလေသည်။ အခြား မျက်လုံးတစ်ဖက်မှာ တစ်ဝက်တစ်ပျက် ကျက်နေသော အနာရွတ်ဖြစ်နေပြီး ခြေသည်းရာများကဲ့သို့ အရာများဖြင့် စုတ်ပြတ်သတ်နေလေသည်။
လင်းတုန်းသည် အမျိုးသမီး၏ ကောင်းနေသော မျက်လုံးကို တည့်တည့်မကြည့်ဝံ့ချေ။ သူမ၏ ပျောက်ဆုံးနေသော မျက်လုံးတစ်ဖက်က သူ ကိုယ်တိုင်၏ အနာဂတ်ကို ပြသနေသည့်အလား အာရုံစိုက်ကာ ကြည့်နေမိလေသည်။
လှောင်ချိုင့်ထဲရှိ နောက်ထပ်တစ်ယောက်မှာ လက်တစ်ဖက် ပြတ်နေသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ အိပ်ပျော်နေရင်း လှည့်လိုက်သောအခါ ခြေချောင်းများ အတော်များများ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရလေသည်။
တတိယတစ်ယောက်မှာ လင်းတုန်း အရွယ်ခန့် ကောင်လေးတစ်ယောက် ဖြစ်သည်။ သူ၏ ဆံပင်တစ်ဝက်ခန့်မှာ မီးလောင်ကျွမ်းထားပြီး မှန်ကဲ့သို့ ကြည်လင်နေသော အကြည့်များဖြင့် အဝေးသို့ ငေးမောကြည့်နေလေသည်။
စတုတ္ထနှင့် ပဉ္စမ လူတို့မှာမူ တစ်ဦးနှင့်တစ်ဦး ဖက်တွယ်ထားကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် မည်သို့ ကွာခြားကြောင်း အသေးစိတ်ကို သူ မခွဲခြားနိုင်ချေ။ သို့သော် သူတို့၏ အနောက်ဘက်ရှိ သံတိုင်များနှင့် အောက်ဘက် ကြမ်းပြင်များတွင် သွေးများ ကပ်ငြိနေလေသည်။
ဒဏ်ရာများစွာက သူ့ကို ဝန်းရံနေသည်။ အသားထဲတွင် ထွင်းထုထားသော ဆင်းရဲဒုက္ခနှင့် နာကျင်မှု ပုံပြင်တစ်ပုဒ်ပင် ဟုပင် ဆိုကောင်း ဆိုနိုင်ပေလိမ့်မည်။ ဤလူများအားလုံးသည် ရွှေအဆင့် များ ဖြစ်မည်မှာ သေချာလှသည်။ မျက်လုံးတစ်ဖက်တည်းရှိသော အမျိုးသမီး၏ ခေါင်းပေါ်တွင် အားနည်းသော တိမ်တိုက်တစ်ခု လွင့်မျောနေပြီး ထောင့်တွင်ရှိသော စုံတွဲမှ တစ်ယောက်တွင်လည်း အမြီးတစ်ခု ရှိနေပုံရသည်။ ထိုသို့သော သူများပင် ဤမျှလောက် ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည်။ သူတို့ကို ဒဏ်ရာရစေခဲ့သော အကြောင်းရင်းက မည်သည့် အရာပင် ဖြစ်စေကာမူ... ကြေးအဆင့် တစ်ယောက်ကိုဆိုလျှင် အမှုန့်ဖြစ်သွားအောင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
လင်းတုန်း အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းကာ ကစဉ့်ကလျား ဖြစ်နေသော သူ၏ အတွေးများကို ငြိမ်သက်သွားစေရန် ကြိုးစားလိုက်သည်။ သို့သော် ယင်းမှာ တောမီးလောင်နေသည်ကို တံတွေးထွေးပြီး ငြိမ်းသတ်ရန် ကြိုးစားနေရသကဲ့သို့ ခံစားရလေသည်။ သူသည် ဒူးထောက်ထိုင်ချကာ တံခါးကို စစ်ဆေးကြည့်လိုက်သည်။ သော့ခလောက်နှင့် အစီအရင် များကို အတူတကွ လေ့လာကြည့်သော်လည်း သင်္ကေတ အတော်များများမှာ သူနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိချေ။ ဝိညာဉ်အကြွင်းအကျန် များကို ကာကွယ်ရန် သူအသုံးပြုခဲ့သော စက်ဝိုင်းနှင့် ဆင်တူသည့် အရာတစ်ခုကို သူ မှတ်မိလိုက်သည်။ သို့သော် ၎င်းက ဆယ်ဆခန့် ပိုမို ရှုပ်ထွေးနေလေသည်။
သည်လောက်ပင်။ လေ့လာစစ်ဆေးစရာ များများစားစား မရှိတော့ချေ။ အသုံးပြုစရာ အခြား ကိရိယာများ မရှိသလို ဆွဲယူစရာ ကြိုးစများလည်း မရှိပေ။ အခြား အကျဉ်းသားများ၏ ခန္ဓာကိုယ်များကို စုတ်ပြတ်သတ်သွားစေခဲ့သော အရာသည် သူ့ခန္ဓာကိုဘ်ပေါ်သို့ ကျရောက်မလာမီအချိန်အထိ အလဟဿ အချိန်ဖြုန်းနေရုံသာ ရှိတော့လေသည်။
သို့သော် အချိန်အနည်းငယ်ယူကာ တွေးတောကြည့်လိုက်သောအခါ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူ သိကောင်းသိနိုင်မည်ဟု ထင်မိလေသည်။ ဤသူများသည် သတ္တုတွင်းလုပ်သားများ ဖြစ်ရပေမည်။
သူ မော့ကြည့်လိုက်သောအခါ ထူးကဲသော ရှေးဟောင်း အပျက်အစီး၏ တုံးတိတိ ပုံသဏ္ဌာန်သည် လမင်းနှင့် ကြယ်များ၏ ထက်ဝက်ခန့်ကို ကွယ်ဝှက်ထားလေသည်။ သူတို့သည် ၎င်း၏ အခြေတွင် တိုက်ရိုက် စခန်းချထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် သဲမြွေပွေး တို့၏ နယ်မြေ လုံးဝမဟုတ်နိုင်ချေ ရှိသည်။ အဘယ်ကြောင့်ဆိုသော် မဟာမိတ် ဂိုဏ်းငါးခုလုံးက အပျက်အစီးများထံသို့ ဝင်ရောက်ခွင့်ကို မျှဝေရယူလိုကြမည် ဖြစ်သောကြောင့်ပင်။
လင်းတုန်း ယခင်က တွေ့ဆုံခဲ့ဖူးသော သဲမြွေပွေး များက သတ္တုတွင်းလုပ်သားများ အကြောင်းကို ပြောပြခဲ့ဖူးသည်။ ထို့ပြင် ဖစ်ရှာ ဂီရှာ ကလည်း လေထဲမှ အကြွေပြား များကို ဆွဲယူရန် အပျက်အစီးများအတွင်းသို့ ဝင်ရောက်ခြင်းသည် မည်မျှ အန္တရာယ်များကြောင်း သူ့ကို ပြောပြခဲ့ဖူးလေသည်။ အသက်ရှင်သန်နိုင်စွမ်း ရာခိုင်နှုန်းမှာ သုံးဆယ်အောက်သာ ရှိသည်ဟု သူမက ခန့်မှန်းခဲ့သည်။
ကျန်ရှိနေသူများ မည်သို့ဖြစ်သွားခဲ့သည်ကို မြင်ယောင်တွေးတောရင်း လင်းတုန်း သည် ပတ်ဝန်းကျင်ကို ထပ်မံ အကဲခတ်လိုက်လေသည်။
စခန်းပတ်လည်တွင် ရယ်မောသံများ ပဲ့တင်ထပ်နေပြီး အော်ဟစ်သံများနှင့်ပင် တူလုနီးပါး ဖြစ်နေသည်။ မဟုတ်သေး... ထိုအသံများသည် စူးစူးဝါးဝါး အော်ဟစ်သံများပင် ဖြစ်သည်။ အခြားသော အော်သံများနှင့် သတ္တုချင်း ရိုက်ခတ်သံများလည်း ရောနှောပါဝင်နေလေသည်။
လင်းတုန်း လှောင်ချိုင့်တန်းများနှင့် သိုလှောင်ရုံများကို မြင်ရစေရန် သံတိုင်များကြားသို့ ခေါင်းလျှိုဝင်နိုင်ရန် ကြိုးစားရင်း လည်ပင်းကို ဆန့်ထုတ်ကြည့်လိုက်သည်။ သို့သော် သံတိုင်များမှာ ထိုသို့လုပ်ရန်အတွက် အလွန် ကျပ်သိပ်စွာ တပ်ဆင်ထားလေသည်။
သူရောက်နေသော လှောင်ချိုင့်နှင့် တူညီသည့် အခြား လှောင်ချိုင့်တစ်ခုမှာမူ အတွင်းရှိလူများက ဘေးနံရံများကို ကိုယ်ဖြင့် ဝင်တိုက်နေကြသဖြင့် ရှေ့နောက် တုန်ခါနေလေသည်။ ၎င်းမှာ တကယ်ပင် မှောက်ကျသွားတော့မည့်အလား ထင်ရသည်။ သို့သော် နောက်ဆုံးအချိန်တွင် သဲမြွေပွေး နှစ်ယောက်က ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူတို့ထဲမှ တစ်ယောက်က တောက်ပသော အစိမ်းရောင် မီးတောက်နှစ်ခုကို လှောင်ချိုင့်ထဲသို့ ပစ်သွင်းလိုက်သည်။ အသေးစိတ်ကို မမြင်ရသော်လည်း ၎င်းမှာ နည်းစနစ် တစ်မျိုးမျိုးဖြစ်ကြောင်း ထင်ရှားလှသည်။
အခြားတစ်ယောက်ကမူ လှောင်ချိုင့်ကို လက်နှစ်ဖက်ဖြင့် ဖမ်းကိုင်ထားလိုက်လေသည်။ သူသည် အားယူ၍ လှောင်ချိုင့်တစ်ခုလုံးကို မြေကြီးပေါ်မှ မတင်လိုက်ပြီးနောက် အောက်သို့ ပြန်လည် ဆောင့်ချလိုက်လေသည်။
စူးစူးဝါးဝါး အော်ဟစ်သံများမှာ နှစ်ဆမျှ ပိုမို ကျယ်လောင်လာသည်။ သို့သော် ယခုအခါ အခြား လှောင်ချိုင့်များပါ လိုက်လံတုန်ခါလာပြီး အနီးနားရှိ အမိုးအကာများအောက်မှ အစောင့်များ ပိုမို ထွက်ပေါ်လာကြလေသည်။
အကူအညီပေးရန် သဲမြွေပွေး အစောင့်များ သူ့အနားမှ ဖြတ်ပြေးသွားကြပြီး ရုတ်ရုတ်သဲသဲ အခြေအနေများက အနီးသို့ ကူးစက်လာသောအခါ လင်းတုန်း သည် နောက်သို့ ဆုတ်လိုက်လေသည်။ သဲမြွေပွေး တို့၏ နည်းစနစ်များက အကျဉ်းသားများ၏ အသွေးအသားများကို မည်သို့ ပြုလုပ်နေကြောင်း အလွန် အသေးစိတ် မြင်တွေ့နေရသောကြောင့်ပင်။
သူ၏ လှောင်ချိုင့်မှာမူ ပါဝင်ပတ်သက်နိုင်ချေ အနည်းဆုံးဖြစ်ပုံရသည်။ သူနှင့်အတူရှိသော အကျဉ်းသား တစ်ယောက်ကမျှ ခေါင်းပင် မော့မကြည့်ကြချေ။
လင်းတုန်းသည် သံတိုင်များကို ကျောမှီ၍ ထိုင်ချလိုက်ပြီး စဉ်းစားရန် ကြိုးစားလိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် ဘာပါသေးသနည်း။ သေချာပေါက် သူ၏ ကျောပိုးအိတ်တော့ မရှိတော့ချေ။ သူ၏ အိတ်ကပ်များကိုပင် အကုန် ရှင်းလင်းထားပြီး ဖြစ်သည်။ ချွင်းချက်အနေဖြင့်...
သူ၏ လက်မအရွယ်ခန့်ထက် အနည်းငယ် ပိုကြီးသော ချောမွေ့သည့် အလုံးလေး တစ်လုံးမှာ အိတ်ကပ်အောက်ခြေတွင် မေ့လျော့စွာ ကျန်ရစ်နေလေသည်။ သူသည် လက်နှိုက်ကာ ဆူရီရယ် ထံမှ ရရှိထားသော ဖန်ဂေါ်လီလုံးလေးကို ဆွဲထုတ်လိုက်သည်။ အလယ်ဗဟိုတွင် အပြာရောင် ဖယောင်းတိုင်မီးတောက်လေး တစ်ခုက တဖျပ်ဖျပ် တောက်ပနေသည်။ အပြင်ဘက်ကို မည်သို့ပင် လှည့်စေကာမူ မီးတောက်လေးမှာ အပေါ်သို့သာ တည့်မတ်စွာ ညွှန်ပြနေလေသည်။
ထိုဂေါ်လီလုံးသည် အစောင့်တစ်ယောက်၏ အာရုံကို လွှဲရန် ကျောက်စရစ်ခဲတစ်ခုကဲ့သို့ ပစ်ပေါက်ခြင်းမှလွဲ၍ အခြား အသုံးဝင်မှု မရှိချေ။ သို့သော် ၎င်းသည် စိတ်သက်သာရာရစေသော အရာတစ်ခု ဖြစ်သည်။ ကောင်းကင်ဘုံက သူ့ကို လက်မလွှတ်သေးကြောင်း ခိုင်မာသော သတိပေးချက်တစ်ခုပင် ဖြစ်လေသည်။
လင်းတုန်း ပိုမို သေချာစွာ တွေးတောစဉ်းစားရင်း ၎င်းကို လက်ချောင်းများကြားတွင် လှိမ့်ကစားနေလိုက်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အတော်အတန် ကောင်းမွန်နေဆဲဖြစ်သည်။ ထို့ပြင် ထိုည အစောပိုင်းက အသုံးပြုခဲ့သော သူ၏ အမြုတေ များထဲမှ စွမ်းအင်အများစုကိုလည်း ပြန်လည် ရရှိထားပြီး ဖြစ်သည်။ သို့သော် ထိုအရာ နှစ်ခုစလုံးသည် သဲမြွေပွေး များကို ရင်ဆိုင်ရာတွင် သူ့ကို ကူညီပေးနိုင်မည်တော့ မဟုတ်ချေ။
ဂေါ်လီလုံးမှလွဲ၍ သူ၏ ကိုယ်ပေါ်တွင် အဝတ်အစားများနှင့် သူ၏ ရင်ဘတ်ပေါ်၌ ရင်းနှီးနေသော သစ်သားအထိအတွေ့မှလွဲ၍ ဘာမျှမရှိတော့ချေ။ သူတို့က သူ့ကို သူ၏ ဝိညာဉ်မဲ့ တံဆိပ် ပြားလေးကိုတော့ ချန်ထားပေးခဲ့ကြသည်။ အတော်လေး သဘောထားကြီးကြပါပေသည်။
တံဆိပ်ပြားကို အရိပ်ပိုးကြိုး အပြာရောင် ဖဲကြိုးလေးတစ်ခုဖြင့် ချည်နှောင်ထားသည်။ ၎င်းမှာ တိုက်ရိုက် အလင်းရောင်အောက်တွင် နေ့လယ်ခင်းကဲ့သို့ တောက်ပနေပြီး အနည်းငယ်မျှသော အရိပ်ထဲတွင်ပင် လုံးဝ အမည်းရောင်အဖြစ် ပြောင်းလဲသွားတတ်လေသည်။
အရိပ်ပိုးကြိုး ၏ စိတ်ဝင်စားဖွယ်ကောင်းသော အလင်းပြန်မှု ဂုဏ်သတ္တိများကြောင့် အထွတ်အမြတ် တောင်ကြား သည် ပြင်ပကမ္ဘာနှင့် ဆက်လက် ကုန်သွယ်မှု ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ လင်းတုန်း သည် ထိုပိုးသား၏ ကြံ့ခိုင်မှုကို ပို၍ စဉ်းစားနေမိလေသည်။ ၎င်းဖြင့် တစ်စုံတစ်ယောက်ကို လည်ပင်းညှစ်သတ်၍ ရနိုင်မည်လား။
ကြေးအဆင့် တစ်ယောက်၏ ခွန်အားဖြင့် သဲမြွေပွေးများ ကြားမှ အရေးပါ အရာရောက်သည့် လူတစ်ယောက်ကိုတော့ လုပ်နိုင်မည် မဟုတ်ချေ။ လမ်းလျှောက်တတ်စ ကလေးငယ် တစ်ယောက်ယောက် ဤအကျဉ်းစခန်းရှိ လှောင်ချိုင့်အနီး လက်တစ်ကမ်းအကွာမှ ဖြတ်သွားမည်ဟု တွေးဆကြည့်လျှင် ထိုကလေးကို သူ ဓားစာခံအဖြစ် ဖမ်းဆီးနိုင်ကောင်း ဖမ်းဆီးနိုင်ပေလိမ့်မည်။
သို့သော် ယင်းမှာ သူတွေးကြည့်နိုင်သမျှထဲတွင် သူရဲဘော အကြောင်ဆုံး လုပ်ရပ်ပင် ဖြစ်ပေလိမ့်မည်။ သို့သော် သူ ဆက်နေမည်ဆိုပါက အပျက်အစီးများ ကို ရင်ဆိုင်ရပေတော့မည်။
မည်သည့် နည်းဗျူဟာ တစ်ခုကိုမျှ အဆုံးအဖြတ် မချနိုင်မီ ကောင်းကင်သည် စတင် လင်းထိန်လာခဲ့သည်။ အဝေးမှနေ၍ ဧရာမ ကျောက်တုံးကြီးတစ်ခု အပျက်အစီးများ ၏ နံရံထဲသို့ ပြန်လည် နစ်ဝင်သွားသည်ကို သူ တွေ့လိုက်ရလေသည်။ တပ်မငယ်တစ်ခု ထွက်ပေါ်လာသည်။ ရှေ့ဆုံးမှ သဲမြွေပွေး များက လက်နက်များကို ကိုင်ဆောင်ထားကြသည်။
အလယ်တွင်ရှိသော လူအုပ်စုကမူ အောက်ခြေတွင် ပုံဆောင်ခဲခွက် များ စီခြယ်ထားသော သတ္တုစည်ပိုင်းများကို သယ်ဆောင်လာကြလေသည်။ သူတို့သည် လင်းတုန်း အနီးမှ ဖြတ်သွားကြရာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို သူ သေချာစွာ မြင်တွေ့နိုင်ခဲ့သည်။ ပြတ်တောက်နေသော ခြေလက်အင်္ဂါများ၊ လက်ချောင်းများနှင့် ပဲ့ထွက်နေသော အသားစများကို မြင်ရလေသည်။
ထိုလူအုပ်ကြီးသည် ဆေးသုတ်ထားသော လှည်းကြီးတစ်ခုနှင့် တူသည့် အဆောက်အအုံတစ်ခုဆီသို့ ဦးတည်သွားကြလေသည်။
ထိုအခါ လင်းတုန်းသည် အမှန်တကယ် စိတ်ဝင်စားဖွယ်ကောင်းသည့် ပထမဆုံးသော အချက်အလက်တစ်ခုကို ရရှိလိုက်လေသည်။ လှည်းကြီး၏ နောက်ဘက်ခြမ်း ပွင့်တက်သွားပြီး ပထမဆုံး အကျဉ်းသားသည် သူ၏ စည်ပိုင်းကို နောက်ဘက်သို့ သွန်ချလိုက်လေသည်။
အကြွေပြား များ ဆူညံစွာ ထွက်ကျလာသည်။ ၎င်းတို့သည် ထိုရည်ရွယ်ချက်အတွက် အထူးပြင်ဆင်ထားသော သေတ္တာတစ်ခုထဲသို့ ကျဆင်းသွားလေသည်။ ထို့နောက် ဒုတိယ သတ္တုတွင်းလုပ်သား တစ်ယောက် ရှေ့ထွက်လာပြီး သူမ၏ စည်ပိုင်းကို သွန်ချပြန်သည်။ လူနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် လောင်းထည့် သွန်ချလိုက်ပြီး နောက်တွင်တော့ သေတ္တာမှာ ပြည့်သွားကာ နောက်ဖက်သို့ ပြန်လည် တွန်းပို့ခံလိုက်ရသည်။ အလားတူ သေတ္တာပေါင်းများစွာနှင့် သွားရောက် ပူးပေါင်းရန် အတွက်ပင်။
လင်းတုန်း၏ မျက်လုံးများသည် သေတ္တာပုံကြီးပေါ်တွင် ကပ်ငြိနေပြီး သူ၏ လက်ချောင်းများကြားတွင် အပြာရောင်လင်းလက်နေသော ဂေါ်လီလုံးလေး လည်ပတ်နေလေသည်။ အကြွေပြား များကို အဆင့်တက်ရန်အတွက် အသုံးပြုနိုင်ကြောင်း၊ သို့သော်လည်း ထိုသို့လုပ်ခြင်းမှာ မိမိ၏ မာဒြာ ကို ရေရောလိုက်သကဲ့သို့ ဖြစ်ကြောင်း ဖစ်ရှာ ဂီရှာ က ပြောခဲ့ဖူးသည်။ ဆိုရလျှင် သူ၏ မာဒြာ မှာ အခြေခံအားဖြင့် ရေများသာ ဖြစ်နေလေသည်။
သံမဏိအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် အကြွေပြား မည်မျှ လိုအပ်မည်နည်း။ နှစ်ဆယ်လောက်လား။ ရာဂဏန်းလောက်လား။ သူ မည်မျှပင် လိုအပ်သည်ဖြစ်စေ ထိုအရာများသည် ထိုနေရာတွင် ရှိနေလေသည်။
လင်းတုန်း သံတိုင်များကို မှီကာ မျက်လုံးများကို သေတ္တာများပေါ်တွင် စူးစိုက်ထားလိုက်လေတော့သည်။
***
အပိုင်း(၁၂၄)
အကျဉ်းသားများ ပို့ဆောင်မှု ပြီးစီးသွားသောအခါ လှည်းပေါ်ရှိ တံခါးမှာ ဂျိုင်းခနဲ ပိတ်သွားလေသည်။ ဒေါသတကြီး မှုတ်လိုက်သော တံပိုးသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီး လှည်းကြီးမှာ အမှန်တကယ် ရှေ့သို့ ရွေ့လျားသွားကာ လှောင်ချိုင့်နှစ်ခုကြားမှ လျှောတိုက် ထွက်ခွာသွားလေသည်။
ဥစ္စာဓနများသည် ထိုနေရာတွင် မြဲမြံစွာ ရှိမနေခဲ့ချေ။ ၎င်းမှာ စိတ်ပျက်စရာပင် ဖြစ်သည်။ သို့သော် သူတို့၏ ရတနာများကို မကျေမနပ်ဖြစ်နေသော အကျဉ်းသားအုပ်စုကြားတွင် ချန်မထားခဲ့ခြင်းမှာ ကောင်းမွန်သော မူဝါဒတစ်ခုပင် ဖြစ်လေသည်။
သဲမြွေပွေး အမျိုးသမီးတစ်ဦး လျှောက်လာသည်ကို တွေ့၍ လင်းတုန်း သည် သံတိုင်များနှင့် ဝေးရာသို့ နောက်ဆုတ်လိုက်သည်။ သူမက လှောင်ချိုင့်ကို ဓားဖြင့် ရိုက်ချလိုက်ချိန်တွင် သူ အချိန်မီ ရှောင်ရှားနိုင်ခဲ့လေသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော ခေါင်းလောင်းတစ်ခုကဲ့သို့ မြည်ဟည်းသွားပြီး သူ၏ နားများကို နာကျင်စေသည်။ သို့သော် သူမ၏ အသံလောက်တော့ မဆိုးရွားချေ။ သူမသည် သူမ၏ ရွှေအဆင့် ဝိညာဉ် နှင့် သံမဏိ ခန္ဓာကိုယ် ၏ အပြည့်အဝ စွမ်းအားဖြင့် စကားလုံးများကို အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ ထိုအသံကြောင့် သူသည် နားများကို လက်ဖြင့် ပိတ်ထားလိုက်ရပြီး သူ၏ အခန်းဖော်များမှာလည်း ကပျာကယာ မတ်တပ်ရပ်လိုက်ကြလေသည်။
"ထကြ၊ ထကြ... အစာစားချိန်ရောက်ပြီ၊ ပြီးရင် နေ့ဆိုင်းပဲ...."
သို့ဆိုလျှင် နေ့ဆိုင်းလည်း ရှိနေသေးသည်။ ဆိုလိုသည်က သတ္တုတူးဖော်ရေး နေ့ဆိုင်းနှင့် ညဆိုင်း အဆိုင်းနှစ်ခု သူတို့ရှာဖွေရရှိထားသည်များကို လွှဲပြောင်းပေးရန်အတွက် နေထွက်ချိန်နှင့် နေဝင်ချိန်တို့တွင် လှည်းကြီး ပေါ်လာမည် ဖြစ်လေသည်။
သူမသည် စူးရှစွာ မြည်ဟည်းနေသော တံခါးကို ဆွဲဖွင့်လိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။ လင်းတုန်း သည် ဟနေသော တံခါးပေါက်ကို မသေချာမရေရာစွာ ကြည့်လိုက်သည်။ သူမသည် အမှန်တကယ်ပင် လူခြောက်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရန် ကြိုးစားနေခြင်းလား။ သူက များများစားစား မကူညီနိုင်သော်လည်း ကျန်သူများမှာ ရွှေအဆင့် များ ဖြစ်ကြသည်။ ဒဏ်ရာရနေလျှင်ပင် ဝံပုလွေတစ်အုပ်ကဲ့သို့ သူမအပေါ် ပြေးဝင်တိုက်ခိုက်သင့်လေသည်။
ထိုအချိန်မှသာ သံတိုင်များကဲ့သို့ပင် အစီအရင်များ ပြုလုပ်ထားသော သံလည်ပတ်များကို သူ သတိထားမိလိုက်လေသည်။
သူ့ကိုလည်း သတ္တုလည်ပတ် တပ်ဆင်ထားလောက်ပြီဟု တွေးကာ လင်းတုန်း လည်ပင်းကို စမ်းကြည့်လိုက်သည်။ သို့သော် သူ၏ လက်ချောင်းများက အရေပြားကိုသာ ထိတွေ့မိလေသည်။ နောက်မှ သူ့ကို လာတပ်ပေးမည်လားဟု တွေးမိသော်လည်း ဖြစ်နိုင်ခြေ နည်းပါးကြောင်း သူ ယူဆလိုက်လေသည်။ သူ့ကို လည်ပတ်တပ်ရန် တန်ဖိုးရှိမည် မဟုတ်ပေ။
သဲမြွေပွေး၏ ခြိမ်းခြောက်တွန်းအားပေးမှုကြောင့် အကျဉ်းသား ငါးယောက်အနက် လေးယောက်မှာ ရှေ့သို့ တရွတ်တိုက် လျှောက်သွားကြသည်။ သို့သော် မျက်လုံးတစ်ဖက် ပျောက်ဆုံးနေသော အမျိုးသမီးမှာမူ သံတိုင်များကို မှီကာ ကွေးကွေးလေး ဖြစ်နေလေသည်။ သူမသည် ငိုကြွေးနေသကဲ့သို့ တုန်ယင်နေသော်လည်း အသံတစ်စက်မျှ မထွက်ချေ။
သဲမြွေပွေး အမျိုးသမီးသည် လက်တစ်ဖက်မှ ဓားကို ကိုင်ဆောင်ထားလျက် အခြား အကျဉ်းသားများကို ဖြတ်ကျော်ကာ လှောင်ချိုင့်အတွင်းသို့ ဝင်ရောက်လာချိန်တွင် ငြီးငွေ့နေပုံရလေသည်။
ကြုံ့ကြုံ့လေး ထိုင်နေသော အမျိုးသမီးထံ သူမ မရောက်မီ လင်းတုန်း သည် ကိုယ်ကိုကိုင်းကာ ထိုအကျဉ်းသူ၏ ပခုံးကို လှမ်းကိုင်လိုက်သည်။
"ထပါ... ဘာတွေ ဖြစ်နေလဲတော့ ကျွန်တော် မသိဘူး၊ ဒါပေမယ့် ခင်ဗျား ထလိုက်တာ ပိုကောင်းမယ်ဆိုတာ ကျွန်တော် သိတယ်... လာပါ...."
သူသည် သူမကို ပိုမို ပြင်းထန်စွာ လှုပ်ရမ်းလိုက်သော်လည်း သူမက တုံ့ပြန်ခြင်း မရှိချေ။ သဲမြွေပွေး က သူ့ကို တွန်းဖယ်လိုက်ပြီး သူမ၏ ဓားကို မြှောက်လိုက်လေသည်။
လင်းတုန်း စိတ်ကူးထားသကဲ့သို့ သူမသည် ထိုသတ္တုတွင်းလုပ်သား၏ ခေါင်းကို တစ်ချက်တည်းဖြင့် ဖြတ်မပစ်ခဲ့ချေ။ ယင်းအစား သူမ၏ ဓားအပြားဖြင့် တုန်ယင်နေသော အမျိုးသမီး၏ ခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ရိုက်ချက်တစ်ခုစီတိုင်းသည် သစ်ပင်ကို သစ်ခုတ်သမား ပုဆိန်ဖြင့် ခုတ်လိုက်သကဲ့သို့ မြည်ဟည်းသွားလေသည်။
လင်းတုန်းသည် မျက်နှာရှုံ့မဲ့သွားပြီး နောက်သို့ နောက်တစ်လှမ်း ဆုတ်လိုက်လေသည်။ သံမဏိ ခန္ဓာကိုယ် တစ်ခုကို ထိုးဖောက်ရန် ဤမျှလောက် လုပ်ဆောင်ရမည်မှာ သေချာသည်။ သို့သော် ထိုသို့သော ရိုက်ချက်မျိုး တစ်ချက်တည်းဖြင့်ပင် သူ၏ ခေါင်းကို ပွင့်ထွက်သွားစေနိုင်လေသည်။
စူးရှ အဆိပ်ပြင်းပြီး ရင်းနှီးနေသည့် အသံတစ်ခု သူ့နောက်မှ ထွက်ပေါ်လာသည်။
"သူ့မှာ ပျောက်နေတဲ့ အစိတ်အပိုင်းတွေ မရှိဘူးလား... ဟမ်... အဲဒါ မင်းအတွက် ကောင်းတယ်....”
လင်းတုန်းသည် လှည့်ကြည့်လိုက်ရာ ဖစ်ရှာ ဂီရှာ ကို တွေ့လိုက်ရသည်။ သူမသည် ကျောဘက်တွင် ရွှေသံမဏိ ချိတ်ကို လွယ်ထားပြီး စက်မှုပင့်ကူခြေတံများပေါ်တွင် ရပ်နေလေသည်။ သူမ၏ပုံစံမှာ အမြဲတမ်းလိုလိုပင် ထိုသို့ ဖြစ်သည်။ ခေါင်းပေါ်တွင် ဆံထုံးကို တင်းကျပ်စွာ ထုံးထားပြီး မနှစ်မြို့သော အမူအရာရှိသည်။ သို့သော် သူ့ကို တုန်လှုပ်သွားစေသော တစ်စုံတစ်ခု သူမထံတွင် ရှိနေလေသည်။
သဲမြွေပွေး အစောင့်သည် အကျဉ်းသားကို ရိုက်နှက်နေခြင်းမှ ရပ်တန့်လိုက်သည်။ ထို့နောက် ဓားကို ပခုံးပေါ်တွင် တင်ကာ ဂီရှာဘက်သို့ လှည့်လိုက်သည်။
"ငါတို့ဂိုဏ်းကို ဘာမှတ်နေလို့ ဝင်လာပြီး အမိန့်ပေးနေရတာလဲ... လူတိုင်းက နင့်အတွက် အလုပ်လုပ်ပေးနေတယ်လို့ ထင်နေတာလား..."
ညင်သာပြီး မျက်မြင်မရသော စွမ်းအားတစ်ခုက လင်းတုန်းကို ပွင့်နေသော တံခါးပေါက်မှ ဆွဲထုတ်လိုက်သည်။ ထို့ကြောင့် သူသည် ရှေ့သို့ ယိမ်းထိုးသွားပြီး ဂီရှာ၏ဘေးတွင် ရပ်မိလျက်သား ဖြစ်သွားလေသည်။
"မင်းတို့က ကြေးအဆင့် သတ္တုတွင်းလုပ်သားတွေကို အဲဒီလောက်တောင် လိုအပ်နေတာလား..."
ဖစ်ရှာက ခပ်ခြောက်ခြောက် မေးလိုက်သည်။
"မင်းတို့ရဲ့ ခေါင်းဆောင်ငယ်ကို သူ့ရဲ့ သတင်းစကားကို ရရှိကြောင်း ပြောလိုက်ပါ၊ ဒါပေမယ့် ငါ့ရဲ့ ပစ္စည်းကို ငါပြန်ယူသွားပြီလို့... အဲဒါကို မှတ်ထားနိုင်မလား ဟမ်..."
သဲမြွေပွေး၏ ဓားသွားအစွန်းတစ်လျှောက်တွင် သစ်ရွက်တစ်ရွက်ရှိ သွေးကြောများကဲ့သို့ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာသည်။ သူမက ဂီရှာကို စူးရဲစွာ ကြည့်ပြီး အသံမြှင့်လိုက်သည်။
"ဖစ်ရှာ..."
နောက်ထပ် သူမ ဘာပြောမည်ကို မသိရမီ ဂီရှာသည် လျှပ်တစ်ပြက် မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်သည်။ သူမသည် သဲမြွေပွေး အမျိုးသမီး၏ ဘေးတွင် ရုတ်တရက် ရောက်ရှိသွားသည်။ သူမသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး အခြားလက်တစ်ဖက်က ရွှေသံမဏိ ချိတ်ကို ဆန့်ထုတ်ကိုင်ဆောင်ထားလေသည်။ လခြမ်းပုံ ဓားသွား၏ ချွန်ထက်သော အတွင်းဘက်ခြမ်းသည် ငယ်ရွယ်သော အမျိုးသမီး၏ လည်ပင်းတွင် ဖိကပ်လျက်သား ဖြစ်နေလေသည်။
"မိုက်မဲတဲ့ ကောင်မလေး... ငါ မင်းလောက် အားနည်းခဲ့တုန်းက ငါ့ထက် တော်တဲ့သူတွေကို မလေးမစား လုပ်ခဲ့ဖူးသလား... မလုပ်ခဲ့ဘူး၊ ငါ့အလုပ်ကိုပဲ ငါ ဂရုစိုက်ခဲ့တယ်... ပြီးတော့ မင်း ဖမ်းစရာ သတ္တုတွင်းလုပ်သား တစ်ယောက် ရှိနေသေးတယ်လေ..."
သူမက လှောင်ချိုင့်တန်းများဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။ ထိုနေရာတွင် မျက်လုံးတစ်ဖက်တည်းရှိသော အမျိုးသမီးသည် နောက်ကို ကြောက်ရွံ့စွာ လှည့်ကြည့်ရင်း ကုန်းကွကုန်းကွဖြင့် ထွက်ပြေးနေလေသည်။
ဂီရှာက ချိတ်ကို ဖယ်ရှားလိုက်သောအခါ သဲမြွေပွေး အစောင့်သည် ထွက်ပြေးနေသော အကျဉ်းသူနှင့် သူမ၏ ရန်သူကြားတွင် အကြည့်ကို လွန်ဆွဲနေခဲ့သည်။ ထို့နောက် ခပ်တိုးတိုးဖြင့် တစ်စုံတစ်ခုကို ရေရွတ်လိုက်ပြီး သတ္တုတွင်းလုပ်သားနောက်သို့ အပြေးလိုက်သွားလေသည်။ ယင်းမှာ ရွှေအဆင့် တစ်ယောက်အတွက် သာမန် ပြေးလွှားခြင်းသာ ဖြစ်နိုင်သော်လည်း သူမ၏ လှုပ်ရှားမှုများသည် လင်းတုန်း၏ မျက်စိထဲတွင် မှုန်ဝါးနေလေသည်။
အစောင့်က သတ္တုတွင်းလုပ်သား၏ ဆံပင်ကို ဆွဲကိုင်ကာ နောက်သို့ စတင် ဒရွတ်တိုက် ဆွဲခေါ်လာချိန်တွင် လင်းတုန်း ဂီရှာဘက်သို့ ပြန်လှည့်လိုက်သည်။
"သူတို့ကို ကျွန်တော်တို့နဲ့အတူ ခေါ်သွားလို့ ရမလား..."
သူက တိုးတိုးလေး မေးလိုက်သည်။ သူတို့၏ အကြားအာရုံကို ထည့်သွင်းစဉ်းစားပါက မည်သို့ပင်ဖြစ်စေ သူတို့ ကြားသွားနိုင်လောက်သော်လည်း သူ မေးလိုက်ရလေသည်။
ဂီရှာက ရယ်စရာကောင်းလောက်အောင် အံ့သြသွားသည့် အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။
"ဒီလောကကြီးမှာ ဒါထက် ဆိုးရွားတဲ့ အရာတွေ အများကြီး ရှိသေးတယ် ဝေ့ရှီလင်းတုန်း... သူတို့က တိုက်ပွဲမှာ ဖမ်းမိထားတဲ့ ရန်သူတွေလေ..."
"သူတို့က ကျွန်တော့်ကို တိုက်ပွဲမှာ ဖမ်းမိခဲ့တာ မဟုတ်ဘူးလေ... ကျွန်တော် အိပ်ပျော်နေတုန်း ခေါ်လာတာ..."
သူက ပြောလိုက်သည်။ သူမ၏ မျက်နှာမှာ မှုန်ကုပ်သွားလေသည်။
"ဒါကြောင့် မင်းကို ငါ ပြန်လာခေါ်တာပေါ့..."
သူမက ပြောလိုက်သည်။
"ဒီတစ်ခါတော့ ဟုတ်ပြီ... ဒါပေမယ့် မင်းက ငါ့မြေး မဟုတ်ဘူးနော် ကြားလား... ဟမ်... မနက်တိုင်း မင်းကို ငါ လာမကယ်နိုင်ဘူး... မင်းကိုယ်မင်း မကာကွယ်နိုင်ရင် ငါလည်း မင်းကို မကာကွယ်ပေးနိုင်ဘူး... နောက်တစ်ခါ အဲဒါကို မှတ်ထား..."
သူမက လက်ဟန်ပြလိုက်ရာ သူ၏ အနီရောင် မိုင်တစ်ထောင် တိမ်တိုက် သည် သူမ၏ အနောက်ဘက်မှ လွင့်မျောကာ ထွက်ပေါ်လာသည်။ သူ ယင်းကို သတိမထားမိခဲ့ချေ။ ၎င်းကို မြင်လိုက်ရချိန်တွင် ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းမိုးလာသော စိတ်သက်သာရာရမှု ခံစားချက်အတွက် သူ အသင့်မဖြစ်သေးပေ။
"ငါ့နောက်လိုက်ခဲ့..."
သူမက ပြောလိုက်ရာ သူလည်း လိုက်သွားလေသည်။
လင်းတုန်းသည် ကျန်ရစ် နေခဲ့ရသည့် အခြားသူများကို နောက်လှည့်မကြည့်မိစေရန် ကြိုးစားနေရသဖြင့် လည်ပင်းများပင် တင်းမာနေလေသည်။
ပြန်ရာလမ်းခရီးတစ်လျှောက်လုံး နီးပါးတွင် ဂီရှာသည် သဲမြွေပွေးများ၏ သူရဲဘောကြောင်မှုကို ကျိန်ဆဲနေခဲ့သည်။ သို့သော် လင်းတုန်းမှာမူ အတွေးလွန်နေခဲ့လေသည်။ သူ့ကို ဘယ်လိုရှာတွေ့ခဲ့သလဲဟု သူမကို သူ မေးလိုက်သောအခါ သူမက သူ့ကို အရူးတစ်ယောက်လို သဘောထားသည့် လေသံဖြင့် ရိုးရှင်းစွာ ဖြေခဲ့သည်။
"ငါ ရှာတာပေါ့..."
သူတို့ နှစ်ယောက် ဖစ်ရှာ နယ်မြေ သို့ ပြန်ရောက်သောအခါ လင်းတုန်း၏ စိတ်များမှာ ပိုမိုကောင်းမွန်သော မေးခွန်းများ မေးနိုင်လောက်အောင် ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။
"ခွင့်လွှတ်ပါ ဖစ်ရှာ ဂီရှာ... ဒါပေမယ့် ကျွန်တော့်မှာ လမ်းစဉ် တစ်ခုသာရှိရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ကာကွယ်နိုင်ပါလိမ့်မယ်..."
ဂီရှာ၏ အောက်ရှိ အကူမှော်ပစ္စည်း ၏ ပင့်ကူခြေတံများသည် ချောမွေ့ပြီး လိမ့်ဆင်းနေသည့် လမ်းလျှောက်ဟန်တွင် အနည်းငယ်မျှ ယိမ်းယိုင်မသွားချေ။ သူမက သူ့ကို တစ်ချက်ပင် လှည့်မကြည့်ပေ။
"မင်းက အဲဒါနဲ့ ထိုက်တန်ပြီလို့ ထင်နေတာလား... ဟမ်... မင်းက ဂိုဏ်းအတွက် အများကြီး ပေးဆပ်ခဲ့ပြီးလို့ ငါတို့က မင်းကို တစ်ခုခု ပြန်ပေးရမယ်လို့ ထင်နေတာလား..."
"အကြီးအကဲနဲ့ ဖစ်ရှာ ဂိုဏ်းအပေါ် ကျွန်တော့်မှာ ကျေးဇူးတင်စိတ်ကလွဲပြီး တခြား ဘာမှမရှိပါဘူး..."
သူက အာမခံလိုက်သည်။ သို့သော် ယခုအချိန်အထိ ဖစ်ရှာများနှင့် သူ၏ ဆက်သွယ်မှုမှာ ဝိညာဉ်ပန်းပဲဆရာ ၏ အလုပ်ရုံရှိ ဖောက်သည်များကို တစ်စွန်းတစ်စ မြင်တွေ့ရခြင်းသာ ဖြစ်သည်။
"အကြီးအကဲရဲ့ ကြင်နာမှုအတွက် ဒီတစ်သက်မှာ ကျွန်တော် အကြွေးပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး... ကျွန်တော်က ပိုပြီး ပေးဆပ်ချင်လို့ စိတ်လောနေရုံပါ..."
သူမ၏ ကျေနပ်နေသော အပြုံးကို ကြည့်ခြင်းအားဖြင့် မြှောက်ပင့်ပြောဆိုခြင်းက မှန်ကန်သော ရွေးချယ်မှုပင် ဖြစ်သည်။
"ဘာလို့ ဒီလောက် စိတ်လောနေရတာလဲ... အခုအချိန်အထိ လမ်းစဉ် တစ်ခုကို မလျှောက်လှမ်းခဲ့ရဘူးဆိုရင် သံမဏိအဆင့် ရောက်တဲ့အထိ စောင့်ရတာလည်း သိပ်နောက်မကျသေးပါဘူး... တစ်နေ့ကို အကြွေပြား နှစ်ပြား ဖန်တီးဖို့ကိုပဲ အာရုံစိုက်ပါ... မင်း အဲဒီလို လုပ်နိုင်လာတဲ့အခါ တစ်ပြားကို မင်း ယူထားခွင့် ရှိမယ်..."
သူ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သော အကြွေပြားကို သူမ တွေ့သွားသလား၊ မတွေ့ဘူးလားဆိုတာ သူ သေချာမသိချေ။ သို့သော် သူသည် နေ့စဉ် နေ့တိုင်း အကြွေပြား နှစ်ပြား ဖန်တီးနိုင်ရန်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။
"ကျွန်တော်သာ လုပ်နိုင်ခဲ့ရင် သံမဏိအဆင့် ကို ရောက်ဖို့ အချိန်ဘယ်လောက် ကြာနိုင်မလဲ..."
မေးခွန်းကို စဉ်းစားခန်းဖွင့်ရင်း သူမ ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"မင်း ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် တစ်နှစ်ဆိုတာ အရမ်း မတိုတောင်းပါဘူး... သိပ်မဆိုးဘူး မဟုတ်လား... ငါ့အရွယ်ရောက်လာတဲ့အခါ တစ်နှစ်ဆိုတာ ဘာမှမဟုတ်ဘူးလို့ မင်းကို ငါပြောနိုင်တယ်..."
"သေချာတာပေါ့..."
လင်းတုန်းက လိမ်ပြောလိုက်သည်။ သေတ္တာများ အပြည့်ပါလာသော လှည်းကြီးဆီသို့ သူ၏ အတွေးများ ရောက်ရှိသွားလေသည်။
"လုံးဝ မတိုတောင်းပါဘူး…”