← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 9 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 9 Ch. 125-126

အပိုင်း(၁၂၅)

သဲမြွေပွေးတို့ထံမှ လွတ်မြောက်လာပြီး ငါးရက်အကြာတွင် လင်းတုန်းသည် ယီရင်ဆီသို့ သွားရောက်တွေ့ဆုံခဲ့လေသည်။

ယီရင်သည် သူမ၏ အချိန်အများစုကို ဖစ်ရှာများနှင့်အတူ ဝိညာဉ်အကြွင်းအကျန်များနှင့် သားရဲဆိုးများကို လိုက်လံရှာဖွေရာ၌ ကူညီပေးရင်း ကုန်ဆုံးခဲ့လေသည်။ ယင်းမှာ သူတို့ဂိုဏ်း၏ အဓိက စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပုံရပေသည်။ မဟာမိတ် ဂိုဏ်းငါးခုတွင် ဝိညာဉ်ပန်းပဲဆရာများ အများအပြားရှိပြီး သူတို့အများစုမှာ ချိတ်ဆက်မှုများနှင့် ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းများကို ဖစ်ရှာများထံမှ အဓိက ဝယ်ယူကြလေသည်။ ဆေးဖော်စပ်သူများကမူ ရှားပါးသော ဆေးဖက်ဝင် အပင်များ သို့မဟုတ် သားရဲဆိုးများကို ဆေးဝါးဖော်စပ်ရာ၌ ပါဝင်သော ပစ္စည်းများအဖြစ် ဝယ်ယူကြသည်။ ဖစ်ရှာများကမူ လူသူကင်းမဲ့သော တောရိုင်းမြေထဲသို့ ဝင်ရောက်ကာ ဖောက်သည်များ တောင်းဆိုသမျှကို ယူဆောင်လာနိုင်စွမ်းအား ဂုဏ်ယူကြလေသည်။

ယီရင်ကမူ ဂိုဏ်းတွင် ယခင်က ရှားပါးနေသော အရာတစ်ခုကို ပံ့ပိုးပေးနိုင်ခဲ့လေသည်။ ယင်းမှာ လွှမ်းမိုးနိုင်သော တိုက်ခိုက်ရေး စွမ်းအားပင် ဖြစ်ပေသည်။ ပထမညကတည်းက လင်းတုန်းသည် ဂီရှာ၏ ဝိညာဉ်ပန်းပဲ လုပ်ငန်းထဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေခဲ့သော်လည်း၊ သူနှင့် ယီရင်တို့သည် ရက်အနည်းငယ်ခြားတစ်ခါ တွေ့ဖြစ်ကြလေသည်။

သူမ၏ ပြောပြချက်အရ ဖစ်ရှာများသည် ခြေရာခံခြင်း၊ တောရိုင်းမြေထဲတွင် လမ်းညွှန်ခြင်းနှင့် နောက်ပိုင်းတွင် ပြန်လည်ရောင်းချရန် သဘာဝရတနာများကို ထုတ်ယူခြင်းတို့၌ ကျွမ်းကျင်ကြလေသည်။ သို့သော် သူတို့၏ မာဒြာသည် တိုက်ခိုက်ရေးအတွက် သိပ်မသင့်တော်သောကြောင့် အချို့သော ရတနာများကိုမူ လက်လွှတ်လိုက်ရလေ့ရှိပေသည်။

ထို့ကြောင့် သူတို့သည် ယီရင်အား စီးပွားရေးအရ ရွှေခေတ်ကို ပြန်လည်ယူဆောင်လာပေးမည့် ပျောက်ဆုံးနေသော ညီမငယ်တစ်ဦးအလား သဘောထားဆက်ဆံကြလေသည်။ ယခု လင်းတုန်း ဖစ်ရှာအဆောင်သို့ ယီရင်အား လာတွေ့သောအခါ သူမတွင် ကိုယ်ပိုင်အခန်းတစ်ခန်းပင် ရှိနေချေပြီ။ ယခင်ကမူ အခြားအမျိုးသမီး ဆယ့်နှစ်ယောက်နှင့်အတူ သစ်လုံးအိမ်ရှည်ကြီး တစ်လုံးထဲတွင် နေထိုင်ခဲ့ရလေသည်။ ယခုမူ သူမတွင် မီးဖိုနှင့် မီးခိုးခေါင်းတိုင် အပါအဝင် အမိုး၌ ရွှံ့စေးအုတ်ကြွပ်များ မိုးထားသော သေးငယ်သည့် ကိုယ်ပိုင် သစ်လုံးအိမ်လေး ရှိနေလေပြီ။

လင်းတုန်း တံခါးခေါက်လိုက်သောအခါ သူမသည် အိပ်ချင်မူးတူးဖြင့် တံခါးလာဖွင့်ပေးရင်း မျက်လုံးကို လက်တစ်ဖက်ဖြင့် ပွတ်နေလေသည်။ သူမ၏ ကျောဘက်မှ ငွေရောင်ဓားမှာ ဆန့်ထွက်လာပြီး တံခါးပေါက်တစ်ဝိုက်တွင် သူမ ဖန်တီးထားသော မမြင်နိုင်သည့် ထောင်ချောက်များကို ထိကာ ဖျက်ဆီးပစ်လိုက်လေသည်။

ဤတစ်ကြိမ်တွင်မူ ထောင်ချောက်များ အားလုံး တံခါးအတွင်းဘက်၌ ရှိနေသည်ကို တွေ့ရ၍ သူ ဝမ်းသာသွားလေသည်။ လေထဲတွင် မည်သို့သော သေစေလောက်သည့် ထောင်ချောက်များ ပုန်းအောင်းနေမည်နည်းဟု စဉ်းစားရင်း တံခါးခေါက်ရန်ပင် သူ တော်တော်လေး တွန့်ဆုတ်နေခဲ့ရပေသည်။

"အိပ်ရေးပျက်သွားရင် တောင်းပန်ပါတယ်..."

သူက ပြောလိုက်သည်။

"နောက်မှ ပြန်လာခဲ့ရမလား..."

သူ မေးရင်းဖြင့်ပင် အတွင်းသို့ ဆက်ဝင်သွားလေသည်။ မည်သို့ပင်ဖြစ်စေ မေးလိုက်ခြင်းမှာ ယဉ်ကျေးမှုအရသာ ဖြစ်ပေသည်။

သူမသည် ခါးပတ်အဖြစ် ပတ်ထားသော အနီရောင်ကြိုးကို ပြင်ဆင်လိုက်ပြီး သမ်းဝေရင်း အကြောဆန့်လိုက်လေသည်။

"ကျင့်ကြံနေတာပါ..."

သူသည် နေဝင်ချိန်၌ လာခဲ့ခြင်းဖြစ်ရာ သူမ အိပ်ရန် ပြင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် သူတို့ စရောက်စဉ်ကထက်စာလျှင် ယခု သူမသည် ပို၍ အနားရထားပုံပေါ်လေသည်။

ဖစ်ရှာများသည် သူမ၏ ဟောင်းနွမ်းစုတ်ပြဲနေသော ကျင့်ကြံသူ ဝတ်ရုံဟောင်းနေရာ၌ အသစ်တစ်ထည်ဖြင့် အစားထိုးပေးထားလေသည်။ သပ်ရပ်သော အနက်ရောင် အထည်မှာ တောရိုင်းမြေထဲ၌ နေ့ရက်များ ကုန်ဆုံးခဲ့သော်လည်း အပျက်အစီးမရှိသကဲ့သို့ပင် ဖြစ်သည်။ သူမ၏ ဒဏ်ရာများသည် အနာရွတ်အသစ်များအဖြစ်သို့ပင် ကျက်သွားချေပြီ။ ယင်းမှာ လင်းတုန်းမှလွဲ၍ ကျန်လူတိုင်း ခံစားရသော သံမဏိ ခန္ဓာကိုယ်၏ အကျိုးကျေးဇူးများထဲမှ တစ်ခုပင် ဖြစ်လေသည်။ သို့သော် သူမ၏ ဆံပင်များမှာမူ ယခင်ကထက် ပိုရှည်လာပြီး မညီမညာ ဖြစ်နေလေသည်။

အတိုချုပ်ဆိုရလျှင် သူမသည် တိုက်ခိုက်ရေးအတွက် အသင့်ဖြစ်နေရန် နှစ်ပတ်ခန့် အနားယူပြီး မှန်မှန် စားသောက်ထားရသည့်ပုံပေါ်နေလေသည်။ လင်းတုန်း ကိုယ်တိုင်ကမူ...

သူမသည် သူ့အား အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီး သိသိသာသာ စိုးရိမ်လာလေသည်။

"နင် လမ်းကြမ်းပေါ်က ခွေးသေတစ်ကောင်လို ဖြစ်နေပါလား..."

ယင်းမှာ သူ ပင်ပန်းနေပုံပေါ်သည်ဟု ပြောခြင်းဖြစ်မည်ဟု လင်းတုန်း မှတ်ယူလိုက်ပြီး ၎င်းမှာလည်း အမှန်ပင်ဖြစ်သည်။ သူ၏ လက်ချောင်းများမှာ တဆတ်ဆတ် တုန်နေပြီး မျက်လုံးများကိုလည်း စက္ကန့်အနည်းငယ်ထက်ပို၍ တစ်ခုခုအပေါ်၌ အာရုံစိုက်၍ မရနိုင်ဘဲ ဖြစ်နေလေသည်။ သို့သော် စိတ်လှုပ်ရှားမှုကမူ သူ့ကို အားအင်ဖြစ်စေလေသည်။

လင်းတုန်းသည် သူ၏ ကျောပိုးအိတ်ကို ချွတ်လိုက်ရာ ဟန်ချက်ပျက်သွားပြီး ခြေတစ်လှမ်းခန့် ယိမ်းထိုးသွားလေသည်။ ထို့နောက် စာရွက်တစ်ရွက်ကို ဆွဲထုတ်ပြီး သူမ၏ စားပွဲတစ်လုံးတည်းပေါ်သို့ တင်လိုက်လေသည်။

သူမက သေချာကြည့်ရန် ကိုင်းညွတ်လိုက်လေသည်။

"သူတို့က နင့်ကို မှတ်စုတွေ အများကြီး ရေးခိုင်းထားတာလား..."

"ဒါက သတ္တုတူးဖော်ရေး အဖွဲ့တွေနဲ့အတူ ပုံမှန်တာဝန်ကျတဲ့ သဲမြွေပွေး အစောင့်တွေအားလုံးရဲ့ အဆိုင်းပြောင်းချိန်တွေပါ... ပြီးခဲ့တဲ့ အပတ်က အချိန်အများစု သူတို့ကို ငါ လိုက်စောင့်ကြည့်နေခဲ့တာ... နာမည်တချို့ကိုတော့ ငါ မှန်းရေးထားတာပါ၊ ဒါပေမယ့် ဒါအကုန်မဟုတ်သေးဘူး... သူတို့ရဲ့ အလေ့အကျင့်တွေ၊ အစားထိုးမယ့်သူတွေ၊ သူတို့ ဘာသောက်ရတာ ကြိုက်လဲ၊ ဘယ်အဖွဲ့တွေကို တာဝန်ယူရလဲ၊ အကြွေပြားတွေကို ဘယ်အချိန်အပ်လဲ၊ ငါ စဉ်းစားလို့ရသမျှ အားလုံးပါပဲ..."

သူမသည် စာရွက်ကို မကာ ဤမျှလောက် အချက်အလက်များစွာကို သူ မည်သို့ ရလာသနည်းဟု စဉ်းစားနေပုံပေါ်သဖြင့် သူက ကပျာကယာ ဆက်ပြောလိုက်လေသည်။

"ဒါက တစ်ရွက်တည်း မဟုတ်ဘူးနော်..."

"ဘာလုပ်ဖို့လဲ..." ဟ

သူမက ရိုးရိုးလေးပင် မေးလိုက်လေသည်။

"အကြွေပြားတွေကို သူတို့ ဘယ်မှာသိမ်းထားလဲဆိုတာ ငါ သိတယ်..."

သူက ပြောလိုက်လေသည်။ စိတ်အားထက်သန်မှုက ပင်ပန်းနွမ်းနယ်မှုကို လောင်ကျွမ်းစေလေသည်။

"တစ်နေ့ကို နှစ်ကြိမ် လာယူတယ်... တစ်နေ့စာ ရထားတာတွေကို တင်ပြီး သူတို့ရဲ့ ပင်မစခန်း ခံတပ်မှာရှိတဲ့ လုံခြုံတဲ့ နေရာတစ်ခုဆီကို ယူသွားကြတယ်... သူတို့ရဲ့ အစောင့်တွေက ပင်ပန်းနေကြပြီ၊ သတ္တုတွင်းလုပ်သားတွေကလည်း ဒေါသထွက်နေကြတယ်... ပြီးတော့ အာရီလီယပ်စ် မိသားစု မရောက်လာခင် အပျက်အစီးတွေထဲကနေ ရသမျှ အကုန်ထုတ်ယူဖို့ လူတိုင်းက အလုအယက် လုပ်နေကြတယ်..."

သူ၏ စကားလုံးများမှာ တစ်ခုနှင့်တစ်ခု ရောထွေးနေကြောင်းကို သူသိသော်လည်း ဆက်လက်၍ ပြောလိုက်လေသည်။

"သဲမြွေပွေးတွေ အားလုံး စုပေါင်းထားရင် သူတို့က အရမ်းအင်အားကြီးတယ်၊ ဒါပေမယ့် အဲဒီလို အခြေအနေက ဖြစ်ခဲပါတယ်..."

သူမ၏ အာရုံစိုက်မှုကို အပြည့်အဝ ရပြီဖြစ်မှသာ အဓိက အချက်ကို သူ ပြောလိုက်လေသည်။

"ငါတို့ သတ္တုတွင်းလုပ်သားတွေကို လွှတ်ပေးလို့ရတယ်... ငါ လုပ်ရမှာက ဖစ်ရှာ ဂီရှာရဲ့ ပင့်ကူ မှော်ပစ္စည်းတစ်ခုကို အသက်သွင်းပြီး စခန်းကို ယူသွားမယ်၊ ပြီးရင် အစီအရင်ကို ဖျက်ဆီးပစ်မယ်—"

"အဲဒါက တက်ရခက်တဲ့ တောင်ကမ်းပါးယံလိုပဲနော်..."

သူမက ဖြတ်ပြောလိုက်လေသည်။

"အဲဒီလောက် အချိန်ကြာကြာ အသက်ဝင်နေအောင် နင် လုပ်နိုင်မယ်လို့ ထင်နေတာလား... ပြီးတော့ အစီအရင်ကို ဘယ်လိုဖျက်ရမလဲဆိုတာကော နင် သိလို့လား..."

လင်းတုန်းသည် သူ့ လက်များ မတုန်စေရန် လက်ချောင်းများကို ယှက်ထားလိုက်ရလေသည်။ သူ အိပ်ရေးပျက်သည်မှာ အရမ်းများသွားပြီထင်ပေသည်။

"ဘယ်လိုလုပ်ရမယ်၊ ဘယ်နေရာမှာ လုပ်ရမယ်ဆိုတာ သိရင် လွယ်ပါတယ်... အဲဒါကို ငါသိတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ငါ့ကို ကိုယ်တိုင်ကိုယ်ကျ ပြသခဲ့လို့ပဲ... သော့တစ်ချောင်းကို ဖျက်သလိုမျိုးပါပဲ..."

"သော့တစ်ချောင်းကို ဖျက်ဖို့ဆိုတာ များသောအားဖြင့် မလွယ်ပါဘူး..."

သူမက ပြောလေသည်။

"အထူးပြုလုပ်ထားတဲ့ ကိရိယာတွေ ရှိရင်တော့ လွယ်ပါတယ်... အဲဒါ ငါတို့ဆီမှာ ရှိတယ်... ငါတို့ဆီမှာ မှော်ပစ္စည်းတစ်ခု ရှိလိမ့်မယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အကျဉ်းသားတွေကို လုံလောက်အောင် လွှတ်ပေးလိုက်ရင် လှည်းကြီးကို ယူလို့ရပြီ... အဲဒီလှည်းရှိနေမယ့် နေထွက်ချိန် ဒါမှမဟုတ် နေဝင်ချိန်မှာ တိုက်ခိုက်ရမှာပေါ့... ငါ့အိတ်ထဲကို အပြည့်ထည့်မယ်ဆိုရင် အကြွေပြား တစ်ထောင်လောက် ယူသွားနိုင်မယ်လို့ မျှော်လင့်တယ်၊ နင်လည်း အဲဒီလို ယူနိုင်မယ်ဆိုတာ ငါ သေချာတယ်..."

"ပြီးရင် ငါတို့က နေရောင်အောက်က မြူခိုးတွေလို ပျောက်ကွယ်သွားမယ်ပေါ့... ဟုတ်လား..."

သူမသည် စာရွက်ကို ကြည့်နေဆဲဖြစ်ရာ အနည်းဆုံးတော့ သူ့ကို လုံးဝ လျစ်လျူရှုမထားကြောင်း ဆိုရပေမည်။ သို့သော် သူက ဤထက်ပို၍ စိတ်အားထက်သန်သော တုံ့ပြန်မှုကို မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။

"တိမ်တိုက်ပေါ်ကနေ ပျံသန်းသွားမှာပေါ့..."

လင်းတုန်းက သူ့ အနောက်ရှိ မိုင်တစ်ထောင် တိမ်တိုက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။ ဟာလာဟင်းလင်း...။ ထိုအခါမှသာ တိမ်တိုက်ကို သူ တကယ်တမ်း မယူလာခဲ့မိကြောင်း သတိရသွားလေသည်။ ဖစ်ရှာ ဂီရှာ၏ အလုပ်ရုံတွင် ထားခဲ့မိခြင်းပင်။

ယနေ့ သူ၏ အလုပ်အချို့ကို ချန်ထားခဲ့ပြီး ခဏခန့် အိပ်လိုက်ရလျှင် ကောင်းမည်ဟု တွေးလိုက်မိလေသည်။

"မိုင်တစ်ထောင် တိမ်တိုက်က နဂါးကြေးခွံတွေနဲ့ လုပ်ထားတာ မဟုတ်ဘူးနော်... ဖစ်ရှာတွေမှာ သုံးခုရှိတယ်၊ ပြီးတော့ ဝိညာဉ်အကြွင်းအကျန်တွေပေါ်ကနေ ပျံသန်းသွားလာနေတဲ့ လူအနည်းဆုံး နှစ်ယောက်ကို ငါ မြင်ဖူးတယ်... သဲမြွေပွေးတွေထဲက တစ်ယောက်ယောက်က ငါတို့ကို အမီလိုက်နိုင်လိမ့်မယ်..."

ထို ကန့်ကွက်ချက်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်ပေသည်။

"အဲဒါကို ငါ စဉ်းစားထားပြီးပြီ..."

သူသည် အိတ်ထဲမှ နောက်ထပ် စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်လေသည်။ ၎င်းမှာ အကြမ်းဖျင်း ဆွဲထားသော မြေပုံတစ်ခုဖြစ်ပြီး ၎င်းကိုလည်း စားပွဲပေါ်သို့ ဘိုင်းခနဲ တင်လိုက်လေသည်။

"ရေချိုးရုံကို မှတ်မိလား... အဲဒါက ဂီရှာရဲ့ ကျီနဲ့ အပျက်အစီးတွေရဲ့ အလယ်လောက်မှာ ရှိတယ်... ငါတို့က ရေချိုးရုံဆီကို ခဏလေး ပျံသွားရုံပဲ၊ အဲဒီမှာ ပုန်းနေပြီး အခြေအနေ ကောင်းသွားပြီဆိုမှ အလုပ်ရုံကို ပြန်သွားမယ်..."

လင်းတုန်းသည် အခြားသော ကန့်ကွက်ချက်များအတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ တစ်ချက်အနေဖြင့်၊ သူတို့သာ သဲမြွေပွေးများကဲ့သို့ မဝတ်ဆင်ထားပါက စခန်းအတွင်း ဝင်ဝင်ချင်း၌ပင် အဖမ်းခံရမည် ဖြစ်သည်။ သို့သော် ထိုသို့ ဝတ်ဆင်ထားပါကလည်း လွတ်မြောက်သွားသော အကျဉ်းသားများက သူတို့ကို တိုက်ခိုက်ကြပေလိမ့်မည်။ သူတို့ကို နောက်မှ မလိုက်ပါက ရေချိုးရုံတွင် ပုန်းနေရန် မလိုသလို၊ အကယ်၍ လိုက်လာခဲ့ပါကလည်း ရေချိုးရုံမှာ ဘာမျှ အကူအညီဖြစ်မည် မဟုတ်ပေ။

ဤအချက်များအတွက် သူ အလွန် ကြိုးစား၍ စဉ်းစားထားသော ပြန်လည်ချေပချက်များနှင့် အစီအစဉ်၏ သိမ်မွေ့သော အပိုင်းများ ရှိနေပေသည်။ ယီရင်က စာရွက်ကို သူ့ထံ ပြန်ပေးလိုက်၏။ ထို့နောက်... သူမ၏ ပခုံးပေါ်ရှိ ဓားထက် ပို၍ ထက်မြက်သော အပြုံးမျိုးဖြင့် ပြုံးပြလိုက်လေတော့သည်။

"သူတို့ကို မီးရှို့ပစ်လိုက်ကြစို့..."

***

အပိုင်း(၁၂၆)

လင်းတုန်း ယီရင်ထံမှ အစီအစဉ်ကို ပြန်ယူလိုက်ရင်း သူ အနည်းငယ် အံ့သြသွားလေသည်။

"နင် လုပ်မှာလား..."

သူမသည် လက်တစ်ဖက်ကို ဓားရိုးပေါ်တွင် တင်လိုက်လေသည်။

"ငါတို့က အခု ဖစ်ရှာတွေအတွက် အလုပ်လုပ်နေတာ၊ ပြီးတော့ သူတို့က သဲမြွေပွေးတွေနဲ့ လှောင်ချိုင့်တစ်ခုတည်းက ကျားနှစ်ကောင်လိုပဲ မတည့်ကြဘူး... ပြီးတော့ သူတို့က နင့်ကို ပြန်ပေးဆွဲသွားသေးတယ်..."

ဓားရိုးပေါ်ရှိ သူမ၏ လက်သည် ပိုမို တင်းကျပ်သွားလေသည်။

"ရန်သူက ကိုယ့်လူတစ်ယောက်ကို ခေါ်သွားတာကို ဘာမှ မတုံ့ပြန်ဘဲ နေလိုက်မယ်ဆိုရင် သူတို့ကို နောက်တစ်ခါ ထပ်လုပ်ဖို့ လက်မှတ်ထိုးပြီး ခွင့်ပြုလိုက်တာနဲ့ အတူတူပဲ... ကောင်းကင် ဂုဏ်သရေ ကျောင်းတော်ကို မေ့မရသလို သဲမြွေပွေးတွေကိုလည်း ငါ မေ့မပစ်ပါဘူး..."

သူမ၏ အမူအရာမှာ ပို၍ မှောင်မိုက်သွားလေသည်။

"သူတို့ရဲ့ စုတ်ပြတ်နေတဲ့ အိမ်ကြီးတစ်အိမ်လုံးကို ရှင်းလင်းပြီး မီးရှို့ပစ်ဖို့ ငါ ပြန်မလာဘူးလို့ သူတို့ ထင်နေကြတယ်၊ ဒါဆိုရင်တော့ သူတို့ အံ့သြသွားရလိမ့်မယ်..."

ယီရင် သူ၏ အစီအစဉ်ကို သဘောတူလိုက်ချေပြီ။ ရှီ မိသားစုကိုယ်တိုင်ပင် လင်းတုန်း အတွက် မည်သည့်အခါမျှ တိုက်ပွဲမဝင်ပေးခဲ့ဖူးချေ။ သို့သော် မိန်းမပျို၏ လက်စားချေလိုသည့် ကျိန်ဆိုမှုကြောင့် သူ၏ နွေးထွေးသော ခံစားချက်အချို့မှာ အေးစက်သွားခဲ့လေသည်။

လင်းတုန်း အဘယ်ကြောင့် ထိုသို့ ခံစားရသည်ကို မသေချာပေ။ လက်စားချေခြင်းဆိုသည်မှာ ကျင့်ကြံခြင်း လောက၏ အစိတ်အပိုင်းတစ်ခု အမြဲဖြစ်ခဲ့ပြီး ဂုဏ်သိက္ခာရှိသော တိုက်ပွဲများကဲ့သို့ပင် ပုံပြင်များထဲ၌ အကျယ်တဝင့် ချီးကျူးခံရလေ့ရှိလေသည်။

သို့သော် လက်စားချေခြင်းအကြောင်း ပြောသောအခါ ယီရင်၏ အမူအရာတစ်ခုလုံးမှာ ပြောင်းလဲသွားလေသည်။ လေထုထဲ၌ မှောင်မိုက်၊ လေးလံပြီး မှားယွင်းနေသော တစ်စုံတစ်ခုကို ခံစားရလေသည်။

ယင်းမှာ လင်းတုန်း၏ ကိုယ်ပိုင် အားနည်းချက်သာ ဖြစ်ပေသည်။ သူ၏ ဖခင်သာဆိုလျှင် သူ့ကို ထိုသို့ပင် ပြောလိမ့်မည်ဖြစ်ပြီး၊ သူကလည်း ယင်းမှာ မှန်ကန်ကြောင်း သိထားလေသည်။ ယီရင်သည် ပို၍ ဉာဏ်ပညာရှိသည်၊ ပို၍ သန်မာသည်၊ ပို၍ သိနားလည်ပြီး ပို၍ အတွေ့အကြုံရှိလေသည်။ သူကတော့ ကမ္ဘာကြီးကို ကလေးတစ်ယောက်အလား မြင်နေခြင်းသာ ဖြစ်သည်။

လင်းတုန်း သူ၏ သူရဲဘောကြောင်မှုအတွက် ရုတ်တရက် ရှက်ရွံ့သွားကာ သူမကို အရိုအသေပေးလိုက်လေသည်။

"နင် တစ်ယောက်တည်း ပြန်သွားရမှာ မဟုတ်ပါဘူး... ငါ ရှိတယ်"

သူမက သူ့အား အလွန် ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သောအခါ လွန်ခဲ့သော တစ်ခဏက သံသယများ အားလုံးကို သူ မေ့လျော့သွားလေတော့သည်။

ထိုအခိုက်တွင် တီတီတာတာ အသံလေးတစ်ခု ထွက်ပေါ်လာလေသည်။ အသံမှာ သေးငယ်ပြီး အစာတောင်းနေသော ငှက်ပေါက်စလေးကဲ့သို့ စူးရှကာ အသည်းအသန် ဖြစ်နေလေသည်။

သူတို့နှစ်ယောက်လုံး လန့်သွား၏။ ယီရင်သည် သူမ၏ ဓားကို လျှပ်တစ်ပြက် ဆွဲထုတ်လိုက်လေသည်။ နောက်ထပ် အော်သံတစ်ခု ကြားရသောအခါ လင်းတုန်းသည် စားပွဲအောက်ကို ကြည့်လိုက်လေသည်။ တတိယအကြိမ် ကြားရမှသာ အသံမှာ မည်သည့်နေရာမှ လာသည်ကို သူ သဘောပေါက်သွားလေသည်။ သူ၏ အိတ်ထဲမှပင် ဖြစ်သည်။

သူ မှတ်စုများကို ဘေးဖယ်လိုက်ပြီး အိတ်၏ အဓိက အိတ်ကပ်ထဲသို့ သူ နှိုက်လိုက်လေသည်။ အတွင်းသို့ ဝင်သွားပြီး ပိတ်မိနေသည့် အရာတစ်ခုခု ဖြစ်နိုင်ပေသည်။ ငှက်လေးတစ်ကောင် သို့မဟုတ် ကြွက်တစ်ကောင်ကောင်လည်း ဖြစ်နိုင်လေသည်။ ဖန်ဘူးတစ်ခုကို သူ မဆွဲထုတ်မိခင် ရှားပါးသော သားရဲဆိုး သားပေါက်လေး တစ်ကောင်ကို တွေ့ရတော့မည်လားဟူသော ယာယီ စိတ်ကူးယဉ်မှုလေးတစ်ခုပင် ရှိခဲ့သေးသည်။

ဖန်ဘူး...

ထိုဖန်ဘူးသည် ဖိနပ်နှစ်ရံခန့် ထည့်၍ရလောက်အောင် ကြီးမားပြီး လုံးဝကို ကြည်လင်နေလေသည်။ အတွင်း၌မူ မြက်များ ဖုံးလွှမ်းနေသော တောင်ကုန်းငယ်လေးများနှင့် သေးငယ်သည့် သစ်ပင်တစ်ပင်ပင် ပါဝင်သော သေးငယ်သည့် ရှုခင်းလေးတစ်ခု ရှိနေသည်။ ဖန်ဘူး၏ ဘေးပတ်လည်၌ မြစ်တစ်စင်း စီးဆင်းနေသောကြောင့် ကုန်းမြေသည် စိမ်းလန်းသော ကျွန်းလေးတစ်ကျွန်း ဖြစ်နေလေသည်။ ဖန်ဘူးကို မည်သို့ပင် လှည့်ကာ လှုပ်စေကာမူ ရေများက သိပ်မလှုပ်ခတ်ချေ။ သစ်ရွက်များကလည်း သိပ်မလှုပ်ရှားပေ။ ဖန်ဘူး၏ ဖန်သားက သူ့အား သေးငယ်ပြီး သီးခြားဖြစ်နေသော ကမ္ဘာလေးတစ်ခုထဲသို့ ကြည့်ခွင့်ပေးထားသကဲ့သို့ပင် ဖြစ်သည်။

ထို့ပြင် ထိုကမ္ဘာလေး၌ နေထိုင်သူတစ်ဦး ရှိလေသည်။

ဆယ်လ်ဗန် မြစ်မျိုးစေ့ သည် လက်ချောင်းတစ်ချောင်း အရွယ်အစားရှိသော လူပုံသဏ္ဌာန် ဝိညာဉ်အကြွင်းအကျန် တစ္ဆေတစ်ခုနှင့် တူပေသည်။ ၎င်းကို စီးဆင်းနေသော အပြာရောင် လှိုင်းတံပိုးများဖြင့် လုံးလုံးလျားလျား ဖွဲ့စည်းထားလေသည်။

သို့သော်... ၎င်းကို ရေဖြင့် လုပ်ထားပုံတော့ မရချေ။ လင်းတုန်းအား ဝိညာဉ်မဲ့ အဖြစ် သတ်မှတ်ခဲ့သော စမ်းသပ်မှု၌ကဲ့သို့ ရေကို အတုယူထားသည့် မာဒြာ များဖြင့် ဖွဲ့စည်းထားပုံရလေသည်။

ကောင်းကင် ဂုဏ်သရေ ကျောင်းတော်မှ ယူလာပြီးကတည်းက သီတင်းပတ်များ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မြစ်မျိုးစေ့ အကြောင်းကို သူ လုံးဝ မေ့လုနီးပါး ဖြစ်နေခဲ့လေပြီ။ အစပိုင်း၌ ၎င်းက တန်ဖိုးရှိမည်ထင်၍ သူ ယူလာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ ခိုးယူလာခဲ့သော ပိုမိုအသုံးဝင်သည့် ရတနာများက သူ၏ အာရုံစိုက်မှု အများစုကို ရယူထားခဲ့သည်။ ထို့ကြောင့် ထိုအချိန်မှစ၍ ၎င်းအကြောင်းကို သူ သိပ်မစဉ်းစားဖြစ်ခဲ့ချေ။

လင်းတုန်း အိတ်ကို မွှေနှောက်ရှာဖွေရင်း တစ်ခါတစ်ရံ ၎င်းကို သူ လှမ်းကြည့်မိတတ်သည်။ သို့သော် ဆယ်လ်ဗန် များသည် များသောအားဖြင့် တက်ကြွပြီး စွမ်းအင်ပြည့်ဝနေတတ်သောကြောင့် သူက လက်လှမ်းပြကာ ၎င်းကို ဖုံးကွယ်ထားလေ့ရှိလေသည်။ ၎င်းမှာ စျေးကြီးပြီး မည်သို့လုပ်ရမည်ကို မသိသောကြောင့် သူ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ ဆယ်လ်ဗန် လေးသည် သေတော့မည့်အလား ရှုခင်းပေါ်၌ ခွေခွေလေး လဲကျနေလေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အရောင်လွင့်ပြီး ဖြူရော်နေသည်။ ထို့နောက် နောက်ဆုံးအနေဖြင့် နူးညံ့သော အော်သံလေးတစ်ခု ထုတ်လွှတ်ရန် ခေါင်းကို မော့လာလေသည်။

ယီရင်သည် လေချွန်လိုက်လေသည်။

"အင်း... ဒါကတော့ ကြည်လင်နေတဲ့ ကောင်းကင်ယံကနေ မုန်တိုင်းကျလာတာပဲ... နင် အဲဒါကို သတ်နေတာပဲ..."

"ငါ ဖစ်ရှာ ဂီရှာ ဆီကို ယူသွားသင့်တယ်..."

လင်းတုန်းသည် ဖန်ဘူးအစွန်း၌ လက်ချောင်းကို တင်ထားရင်း ပြောလိုက်လေသည်။ ဆယ်လ်ဗန် မြစ်မျိုးစေ့ လေးသည် တုံ့ပြန်သည့်အနေဖြင့် အရုပ်လက်လေးကဲ့သို့ ထူးခြားမှုမရှိသော လက်တစ်ဖက်ကို မြှောက်ပြလေသည်။

"ဂီရှာက ဒါကို ဘာလုပ်ရမလဲဆိုတာ သိလိမ့်မယ်..."

ယီရင်သည် သူ့အား စွေကြည့်လိုက်လေသည်။

"နင်က ဖစ်ရှာ တွေနဲ့ သွေးချင်းနှီးနှောချင်တယ်ဆိုရင်တော့ ငါက နင့်ကို တားမယ့်သူ မဟုတ်ပါဘူး... ဒါပေမယ့် ရတနာတစ်ခုကို တစ်ယောက်ယောက်ဆီ ပေးလိုက်ပြီး သူတို့က သူတို့ရဲ့ စိတ်သဘောထားကောင်းလို့ ပြန်ပေးလိမ့်မယ်လို့တော့ မထင်နဲ့နော်..."

"အဲဒါ ဘာဖြစ်နေလဲဆိုတာ နင် သိရင် ငါ့ကို ပြောပြပါလား..."

"အဲဒါက ဆာလောင်နေတဲ့ပုံပဲ..."

သူမက ပြောလိုက်သော်လည်း အကြောင်းပြချက်ကိုမူ သူ မသိနိုင်ချေ။

"နင် သူ့ကို ဘာတွေ ကျွေးနေတာလဲ..."

"ဖန်ဘူးကို ဘယ်လိုဖွင့်ရမလဲဆိုတာတောင် ငါ သေချာမသိသေးဘူး..."

သူက ပြောလိုက်လေသည်။

"ဒါပေမယ့် အထဲကိုတော့ ငါ ကြည့်လို့ရတယ်..."

၎င်းမှာ သူ နောက်မှ ဖန်ဘူးကို ခွဲဖွင့်ကြည့်ရန် ကြိုးစားနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့သော် ဆယ်လ်ဗန် လေး ထွက်ပြေးမသွားရန်တော့ မျှော်လင့်ရပေမည်။

"အဲဒါက တံဆိပ်နဲ့ ပါလာတာ မလား..."

ပါလာခဲ့သော်လည်း လင်းတုန်း ယူမလာခဲ့ချေ။ သူသည် ထိုအတိုင်းပြောပြပြီး ဆက်ပြောလိုက်လေသည်။

"အဲဒီမှာ အများကြီး မရေးထားပါဘူး... ဆယ်လ်ဗန် မြစ်မျိုးစေ့၊ သူတို့က အဲဒါမှာ ရေ အသွင်သဏ္ဌာန် တစ်ခုခုရှိမယ်လို့ ထင်ကြတယ်၊ ပြီးတော့ အဲဒါကို သန့်စင်တဲ့ မာဒြာ ရှိတဲ့ တစ်ယောက်ယောက်ဆီ ပေးဖို့ စီစဉ်ထားတာတဲ့..."

ထို့ကြောင့်လည်း သူ အစကတည်းက သတိထားမိခဲ့ခြင်း ဖြစ်လေသည်။

သူမသည် အဖြေကို တင်ပြနေသကဲ့သို့ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်လေသည်။

"ဒါဆိုလည်း ရှင်းနေတာပဲလေ... သူ့ကို မာဒြာ ကျွေးလိုက်..."

"အဲဒါ အလုပ်ဖြစ်မယ်လို့ နင် သေချာလား..."

စမ်းကြည့်သင့်ကြောင်းကို သူ သိပေသည်။ သို့သော် သူ၏ ဝိညာဉ် ထဲမှ စွမ်းအားအများအပြားကို ညှစ်ထုတ်ထားပြီးဖြစ်ကာ၊ အကြွေပြား များကိုပင် သူ မဖန်တီးရသေးချေ။

"ငါ့ဓားက ထက်တယ်၊ ပြီးတော့ မနက်ဖြန် နေထွက်လာမယ်ဆိုတာလောက်တော့ ငါ သေချာတယ်..."

သူမက ပြောလေသည်။

"ကျန်တာ အားလုံးကတော့ အန်စာတုံး လှိမ့်ရသလိုပဲ..."

သူမသည် လက်နှစ်ဖက်ကို ပိုက်ကာ ဆယ်လ်ဗန် လေးကို ကြည့်ရန် ကိုင်းညွတ်ထားလေသည်။ ထို့ကြောင့် ပြပွဲတစ်ခုကို မျှော်လင့်နေသည်မှာ သေချာလှသည်။

သက်ပြင်းတစ်ချက်ချရင်း လင်းတုန်း ဖန်ဘူးဘေး၌ လက်နှစ်ဖက်ကို တင်ကာ အာရုံစိုက်လိုက်လေသည်။

ဖစ်ရှာ ဂီရှာ ၏ လက်အောက်တွင် နှစ်ပတ်နီးပါး နေပြီးနောက်၌၊ သူ၏ ဝိညာဉ် သည် သူ၏ ကိုယ်ပိုင် မဟုတ်တော့သကဲ့သို့ ခံစားလာရလေသည်။ မာဒြာ များက အလွန်လွယ်ကူစွာ တုံ့ပြန်လာသည်။ အလွန်လျင်မြန်စွာ လှုပ်ရှားလာပြီး သူ၏ ဆန္ဒကို အလွန်ကောင်းမွန်စွာ တုံ့ပြန်လာလေသည်။ အကြွေပြား များကို ဖန်တီးရခြင်းက ပင်ပန်းဆဲဖြစ်သော်လည်း၊ ယခုအခါတွင်မူ အချိန်တိုအတွင်း၌ မာဒြာ ကို သိပ်သည်းလာစေရန် သူ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။

သူ လုပ်ငန်းစဉ်ကို စတင်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ကြည်လင်သော အပြာရောင် အရည်တစ်စက်မှာ ဖန်ဘူးထဲ၌ ပေါ်လာလေသည်။ ၎င်းက ဆယ်လ်ဗန် မြစ်မျိုးစေ့ လေးပေါ်သို့ တည့်မတ်စွာ ကျဆင်းသွားလေတော့သည်။

All Chapters