အခန်း (၂၄၁၁-၂၄၁၂)
Vol. 173 Ch. 2411-2412
အပိုင်း(၂၄၁၁)
ဝေ့ရှောင်ထျန်းသည် ဝေ့ဝူယင်၏ အပြုအမူကြောင့် သူမ၏ ခန္ဓာကိုယ်အတွင်း လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် သူမသည် အထက်သို့ မော့ကြည့်လိုက်ရာ သူမ၏ အတွင်းစိတ်ကိုပါ ဖောက်ထွင်းမြင်နေရသကဲ့သို့ ကြည်လင်နေသော ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများကို တွေ့ရှိလိုက်ရသည်။ ဤခံစားချက်သည် ကျူးကျော်ဝင်ရောက်လာခြင်း မဟုတ်ဘဲ နွေးထွေးစွာ ကြိုဆိုနေသကဲ့သို့ ရှိသည်။ သူမ၏ ခန္ဓာကိုယ်သည် သူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ ရင်ဘတ်ထဲတွင် ခေါင်းဝှက်ထားပြီး အရည်ပျော်ကျသွားချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ဤအချိန်သည် အချိန်ကောင်းမဟုတ်သောကြောင့် သူမကိုယ်သူမ ထိန်းချုပ်ထားလိုက်သည်။
ဝေ့ဝူယင် တစ်ယောက် နှလုံးသားထဲမှ သက်ပြင်းချလိုက်သည်။
'ရှေးဟောင်း ချိတ်ပိတ် နယ်မြေကနေ ထွက်ခွာလာကတည်းက ငါ့ရဲ့ တိုးတက်မှုနှုန်းကို ငါကိုယ်တိုင်တောင် ကြိုတင်မခန့်မှန်းနိုင်ခဲ့ဘူး... ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ငါ့ရဲ့ ရည်မှန်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားတွေရဲ့ ရလဒ်လား... ဂလက်ဆီ အဆင့် စစ်ပွဲတစ်ခု...'
တည်ငြိမ်သော အာကာသ၏ ပုံမှန် သိပ်မကြာသေးသော်လည်း၊ ဝေ့ဝူယင် သည် ရှေးဟောင်း ချိတ်ပိတ် နယ်မြေများ မှ ထွက်ခွာလာကတည်းက ဆယ်စုနှစ်များစွာကို ဖြတ်သန်းခဲ့ရပြီး ဖြစ်သည်။ ၎င်းမှာ ကျင့်ကြံခြင်း နှင့် အဂ္ဂိရတ် ဆေးဖော်စပ်ခြင်း များအတွက် အချိန်အရှိန်မြှင့်တင်ထားသော ဇုံများကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ငရဲပြည်၏ ကပ်ဘေး ဆယ့်ရှစ်ခု၏ ဖိအားများ ရှိနေသော်လည်း သူသည် မကြာမီ ပြန်လည်ဝင်ရောက်ရမည် ဖြစ်သည်။
ဗလာနယ်မြေ အတွင်းရှိ သီးခြားခွဲထွက်နေသော သူ၏ နယ်မြေထဲတွင် ဆယ့်ငါးနှစ်တာ နေထိုင်ပြီးနောက်၊ ဝေ့ဝူယင် သည် သူ၏ အခြေခံအုတ်မြစ်ကို အမြင့်ဆုံးအထိ မြှင့်တင်ရန်အတွက် မရေမတွက်နိုင်သော အဂ္ဂိရတ် ထုတ်ကုန်များကို တိတ်တဆိတ် ချေဖျက်စုပ်ယူခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိသွားရုံသာမက၊ သူ၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် သည်လည်း အပြည့်အဝ ဖွံ့ဖြိုးတိုးတက်လာပြီး လျှို့ဝှက် ရည်ရွယ်ချက် များနှင့် ပေါင်းစပ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သူ၏ အစစ်အမှန်နဂါး သွေးမျိုးဆက် ပင်လျှင် ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ဒုတိယအဆင့်သို့ ဝင်ရောက်ရန် နီးစပ်နေပြီ ဖြစ်သည်။
ဘုရင်၊ အိုရီ၊ ခရာတို နှင့် ဧဒင် တို့သည် ဝေ့ဝူယင် မိုးကုပ်စက်ဝိုင်းများ၏ ဆေးဖော်စပ်မှုများကို စောင့်ကြည့်နေစဉ်အတွင်း၊ ဆေးဖော်စပ်ခြင်း များ ပြီးစီးမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်အတွင်း အသည်းအသန် ကျင့်ကြံမှုများကို ပြုလုပ်ခဲ့ကြသည်။ သူတို့သာလျှင် မက၊ ဒြပ်စင်နှင့် ဖီဆန်လေး တို့သည်လည်း ၎င်းတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်း တွင် ခုန်ပျံကျော်လွှားလောက်အောင် တိုးတက်မှုများ ရှိခဲ့ကြသည်။
ထိုသို့ဖြစ်လင့်ကစား သူသည် လာမည့် တိုက်ပွဲများအတွက် များလှစွာသော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရဦးမည် ဖြစ်သည်။ ဖြစ်နိုင်မည်ဆိုပါက သွေးထွက်သံယိုမှု အနည်းဆုံးဖြင့် ရည်မှန်းချက်များကို ပြည့်မြောက်အောင် လုပ်ဆောင်နိုင်ရန် သူ မျှော်လင့်မိသည်။ သို့သော် ဤဂလက်ဆီများ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ သခင်လေး ရှန့် ၏ စကားများကို နားထောင်ကြည့်မည်ဆိုပါက တိုက်ပွဲတစ်ခုသည် ရှောင်လွှဲ၍မရနိုင်ပေ။ အနည်းဆုံးတော့ ကောင်းချီးခံ ယီအင်ပါယာ သည် သူ၏ ပထမဆုံးသော အတားအဆီး ဖြစ်လာမည်မှာ သေချာလှသည်။
"မမ ရောက်လာပြီ..."
ဝေ့ရှောင်ထျန်းသည် အာမေဍိတ်သံ ပြုလိုက်ရင်း နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။ ထို့နောက်... ရှေ့မှောက်ရှိ မြင်ကွင်းကို ကြည့်ရင်း သူမ၏ မျက်လုံးများသည် အံ့ဩတုန်လှုပ်စွာ ပြူးကျယ်သွားခဲ့သည်။
အတွေးများထဲတွင် နစ်မြောနေသော ဝေ့ဝူယင်သည် အသစ်ရောက်ရှိလာသူ ရှိရာသို့ လှည့်ကြည့်လိုက်သည်။
ဘုန်း...
သူ၏ နှလုံးသားထဲတွင် ပေါက်ကွဲသံကြီးတစ်ခု ထိန်းချုပ်မရနိုင်အောင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူမသည် အလွန်တရာ ထူးကဲလှသည်။ မည်သည့် စကားလုံး၊ မည်သည့် ဝါကျကမျှ သူမ၏ အလှတရား၊ ကျော့ရှင်းမှုနှင့် ဆွဲဆောင်မှုတို့ကို ဖော်ပြနိုင်စွမ်း မရှိပေ။
သူမသည် လမင်းကဲ့သို့ ဖြူဖွေးသောအရောင်နှင့် ပျားရည်ကဲ့သို့ ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်ရုံသည် ဝေ့ဝူယင်၏ ဝတ်စုံကဲ့သို့ ပေါ့ပါးလွတ်လပ်ပြီး အပြစ်အနာအဆာကင်းစွာ လိုက်ဖက်ညီနေသည်။ သူမ၏ မျက်နှာလေးသည် ကြယ်တာရာများကင်းမဲ့နေသော ညကောင်းကင်ယံတွင် တောက်ပစွာ လင်းလက်နေသော လပြည့်ဝန်းကဲ့သို့ စွဲမက်ဖွယ်ကောင်းလှသည်။ မည်သို့မျှ မေ့ပျောက်နိုင်စရာ အကြောင်းမရှိပေ။
သူမ၏ ဝတ်ရုံများကို ရိုးရိုးယဉ်ယဉ်လေး ဒီဇိုင်းဆွဲထားသော်လည်း ကောင်းကင်ဘုံက သူမအား ပေးသနားထားသော ကြီးမားလှသည့် လက်ဆောင်များကို ဖုံးကွယ်ထားနိုင်စွမ်း မရှိပေ။ ထိုဝတ်ရုံများပေါ်တွင် လှပသော ပုံပြင်တစ်ပုဒ်ကို ပုံဖော်ရေးဆွဲထားပြီး၊ သူမ ကိုယ်တိုင် သီကုံးချုပ်လုပ်ထားခြင်း ဖြစ်ဟန်တူသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာစွာ ကြည့်ရှုဝံ့ပါက၊ မိမိဆန္ဒမပါဘဲ ဖမ်းဆီးချုပ်နှောင်ခံရပြီး မျှော်လင့်ချက်များ ကင်းမဲ့နေသော အမျိုးသမီးငယ်တစ်ဦး၏ ကြီးကျယ်ခမ်းနားသော ပုံပြင်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ သို့သော် အဆုံးသတ်တွင် သူမသည် ကံကြမ္မာကို အရှုံးပေးရန် ပြင်ဆင်နေချိန်၌ ငွေရောင်နဂါးတစ်ကောင် ဆင်းသက်လာကာ ကြယ်တာရာများကို ဖြတ်သန်း၍ သူမကို ခေါ်ဆောင်သွားခဲ့သည်။
ထိုမိန်းကလေးကား အခြားလူ မဟုတ်။ ယွီစွန်းလီပင်...။
"ကျွန်မ အဆင်သင့်ဖြစ်ပါပြီ..."
မိန်းကလေး၏ စကားလုံးများသည် ကောင်းကင်ဘုံမှ တေးဂီတတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ဝေ့ဝူယင်သည် ထိန်းချုပ် မထားနိုင်ပဲ အသံထွက်၍ ရေရွတ်လိုက်မိသည်။
"ငါက လောကမှာ ကံအကောင်းဆုံး ယောက်ျားပဲ..."
သူ၏ နှုတ်ခမ်းများက ကျေနပ်မှုများစွာနှင့် အတူ ပြုံးယောင်သမ်း နေခဲ့သည်။ ထိုအရာက ယွီစွန်းလီ ၏ မျက်နှာကို နီရဲသွားစေပြီး အမျိုးသားများ၏ နှလုံးသားများကို သတ်ဖြတ်ပစ်နိုင်လောက်သည့် အဆင့်အထိ သူမ၏ ဆွဲဆောင်မှုကို မြင့်တက်သွားစေခဲ့သည်။ ဤမျှ လှပသော ပုံရိပ်မျိုး၊ သို့မဟုတ် အခြား အချစ်တစ်ခုကို ဘယ်တော့မှ ထပ်မရှာတွေ့နိုင်တော့မည့် ကျိန်စာတစ်ခုကို သင့်စေခဲ့သည်။
"လာ..."
ဝေ့ဝူယင်သည် မကြာမီမှာပင် မိမိကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သူ လက်ကို ဆန့်ထုတ်လိုက်ပြီး ယွီစွန်းလီ ထံသို့ ကမ်းပေးလိုက်သည်။
သူမသည် လျှောက်လာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကကဲ့သို့ပင် သူ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ ဆုပ်ကိုင်မှုမှာ ယခင်ကလို အသည်းအသန် ဖြစ်မနေတော့သော်လည်း သူမ၏ နှလုံးသားထဲတွင် စွဲထင်နေသော ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်ကမူ အတူတူပင် ဖြစ်သည်။
"ငါတို့ ဧည့်ခံရမယ့် ဧည့်သည်တွေ ရှိသေးတယ်..."
ဝေ့ဝူယင် က ပြုံးလျက် ပြောလိုက်သည်။
ယွီစွန်းလီက ခေါင်းညိတ်ပြလိုက်သည်။
ဝေ့ရှောင်ထျန်းသည် သူတို့နှစ်ဦး ပခုံးချင်းယှဉ်လျက် ရပ်နေစဉ် နောက်ဘက်တွင် ရပ်နေခဲ့သည်။ တံခါးကို ဖွင့်လိုက်သောအခါ ပင်မခန်းမဆောင်ထဲမှ တောက်ပသော အလင်းတန်းများ စီးဆင်းကျလာခဲ့သည်။
ထိုအထဲတွင် အစားအစာများ၊ သောက်စရာများ၊ လက်ဆောင်များနှင့် ဂလက်ဆီ ဆယ်ခုမှ ဧည့်သည်တော်များ ပြည့်နှက်နေသည်။ ၎င်းတို့ထဲတွင် ကောင်းကင်နှလုံးသား နယ်မြေ မှ ဒါကာရိုင်း ၊ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ မှ မီးခိုးရောင် နှင်းဆီ နှင့် ပြတ်သားသော ဆည်းဆာ ဂလက်ဆီ မှ သူတော်စင် အိုအေစစ်မြစ် တို့လည်း ပါဝင်ကြသည်။
နှစ်နှစ်တာ ချိန်းတွေ့မှု၏ ဒုတိယအပိုင်းသည် နောက်ဆုံးတွင် စတင်နေပြီ ဖြစ်သည်။
….
နေ့ရက်များမှာ တရွေ့ရွေ့ပင် စီဆင်း သွားခဲ့လေ၏။
တိတ်ဆိတ်ငြိမ်သက်၍ ဟာလာဟင်းလင်းဖြစ်နေသော အမှောင် ဟင်းလင်းပြင်ကြီးသည် ပန်းချီကားချပ်ကြီး တစ်ခုပမာ တည်ရှိနေ၏။ ထိုကားချပ်ပေါ်၌ အဝေးမှ လှမ်းမြင်နေရသော အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ အရောင်ခုနစ်မျိုး မြင်ကွင်းက အသက်ရှူမှားလောက်အောင် လှပစွာ ပေါ်လွင်နေပေသည်။
ဤကျယ်ဝန်းလှသော ဟင်းလင်းပြင်ကြီးထဲ၌ တစ်ကိုယ်တည်းသော လူရိပ်တစ်ခုသည် အေးချမ်းစွာ မျောပါနေ၏။ ထိုနေရာသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီနှင့် မိုင်ဘီလီယံပေါင်းများစွာ ကွာဝေးလေသည်။ ထိုဟင်းလင်းပြင်သည် ဝေ့ဝူယင် လိုလားတောင့်တနေခဲ့သော ကိစ္စရပ်တစ်ခုအတွက် စင်မြင့်တစ်ခု ဖြစ်လာခဲ့၏။ ဝေ့ဝူယင်သည် ဝေ့ရှောင်ထျန်း၏ ဘက်စုံသုံး ဝတ်စုံကို ခန့်ညားစွာ ဝတ်ဆင်ထားသည်။ သူသည် အဂ္ဂိရတ် ဖော်စပ်ခြင်း၊ တိုက်ပွဲဝင်ခြင်းနှင့် အမိန့်ပေးခြင်းများအတွက် အချိန်မရွေး အဆင်သင့် ဖြစ်နေ၏။ သူ၏ လည်ပင်း၌ ဆွဲထားသော သလင်းကျောက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထိုသလင်းကျောက်သည် ရှေးဟောင်း ချိတ်ပိတ်နယ်မြေများမှ ထွက်ခွာလာကတည်းက သူနှင့်အတူ အနီးကပ် ပါရှိလာခဲ့ခြင်း ဖြစ်ပေသည်။
သလင်းကျောက်ထံမှ ပြင်းထန်သော အပူရှိန်များက ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွား၏။ ထိုအပူရှိန်က အမှောင် ဟင်းလင်းပြင် အတွင်းရှိ အပျက်အစီး မန်နာများကို ဆူပွက်သွားစေသည်။ ထို့နောက် ထူးခြားသော အသက်စွမ်းအင်နှင့် မီးစွမ်းအင်များဖြင့် သဘာဝကျကျ ပေါင်းစပ်သွားလေသည်။ ထို့ကြောင့် ထိုနယ်မြေတစ်ခုလုံးသည် ထူးခြားလှသော ရွှေနီရောင် အသွင်သို့ ကူးပြောင်းသွားခဲ့သည်။
“ကိုးလ...”
ဝေ့ဝူယင် ရှေးဟောင်း ချိပ်ပိတ်နယ်မြေမှ ထွက်ခွာလာခဲ့သည့် အချိန်များကို ရေတွက်ခဲ့သည်။ သူသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ မိုးကုပ်စက်ဝိုင်း ခုနစ်ဦးအား အနိုင်ယူပြီးနောက် အဋ္ဌမမြောက်ဖြစ်သော အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်ကို သူကိုယ်တိုင် ကြီးကြပ်တည်ဆောက်ခဲ့သည်။ ထိုအချိန်များ အားလုံးကိုပါ သူက ထည့်သွင်း တွက်ချက်လိုက်ခြင်း ဖြစ်၏။ ထိုမျှော်စင်သည်ကား မူလအာရုဏ်ဦး နန်းတော် ပင်ဖြစ်သည်။ ၎င်းကို ဝေ့ဝူယင်၏ စွမ်းအင်များဖြင့် ဖန်တီးထားခြင်းမဟုတ်ဘဲ အစစ်အမှန် ကုန်ကြမ်းပစ္စည်းများဖြင့်သာ တည်ဆောက်ထားခြင်း ဖြစ်၏။ ထိုနန်းတော်သည် ဗလာနယ်မြေ၏ အထွတ်အထိပ်၌ ခန့်ညားစွာ တည်ရှိနေလေသည်။
အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်သည် အန္တရာယ်များလှသော တားမြစ်နယ်မြေဆီသို့ သွားရာ တံခါးပေါက်သစ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုနယ်မြေသို့ မည်သူမျှ သွားရောက်လိုခြင်း မရှိကြပေ။ ထိုနေရာ၌ လက်တွေ့အသုံးဝင်သော အရင်းအမြစ်များ မရှိဘဲ သီးသန့်ထုတ်ကုန်များအတွက်သာ အသုံးပြုရသည့် ထူးခြားသော အပျက်အစီး မန်နာများသာ ရှိလေသည်။ ထိုပစ္စည်းများထဲတွင် လျှို့ဝှက်ကောင်းကင် အဆင့် အဂ္ဂိရတ် သွေးမျိုးဆက် တစ်ခုမျှ မပါဝင်ပေ။ ချည်းနှီးပယ်ဖျက်ခြင်း ဟုခေါ်သော လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် သွေးမျိုးဆက် တစ်ခုသာလျှင် ရှိလေသည်။
***
အပိုင်း(၂၄၁၂)
အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်ကို တည်ဆောက်နေစဉ် ကာလအတွင်း၌ အဖြစ်အပျက်များစွာ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဝေ့ဝူယင်သည် သူ၏ဆန္ဒများကို အကောင်အထည်ဖော်ရန် အချိန်မရလောက်အောင် အလုပ်များနေခဲ့၏။ အထူးသဖြင့် စူးခိုင်မင်သည် တိုက်ဆိုင်စွာ ဉာဏ်အလင်းပွင့်သွားသည်ဆိုသော ဆင်ခြေဖြင့် ပုန်းအောင်းနေခဲ့သည်။ ရှေးဟောင်း မိုးကုပ်စက်ဝိုင်းကလည်း ချက်ချင်း ဖြေရှင်းရမည့် အခြားကိစ္စရပ်များ ရှိနေသည်ဟု ဆိုလေသည်။
အမှန်တကယ်တော့ ရှေးဟောင်း မိုးကုပ်စက်ဝိုင်း သည် တခြားတစ်နေရာသို့ ခရီးထွက်သွားခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် ကောင်းကောင်း သိထား၏။ သူမသည် ကိုယ်ပွားတစ်ခုကိုသာ ချန်ရစ်ခဲ့ပြီး သူနှင့် တာအို ဆွေးနွေးခြင်းကို ငြင်းဆန်ခဲ့သည်။ ဤအခြေအနေနှင့် ပတ်သက်၍ သူမ၏ အကြောင်းပြချက်ကို သူက အပြည့်အဝ နားလည်ပေးပြီး လေးစားမှုလည်း ရှိခဲ့ပေသည်။ စူးခိုင်မင်၏ မခိုင်လုံသော ဆင်ခြေကိုတော့ လျစ်လျူရှုလိုက်ပြီး မလွှဲမသွေ ဖြစ်လာမည့် ကိစ္စရပ်များကို လက်ခံနိုင်ရန် သူမအတွက် အချိန်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဝေ့ဝူယင်သည် ဤအချိန်များကို အသုံးချကာ ဂလက်ဆီ သုံးခုနှင့် သူ၏ အာရုဏ်ဦး ကြယ်ကွင်းပြင် ကို ချိတ်ဆက်ပေးမည့် ဟင်းလင်းပြင် ယဇ်ပလ္လင်တစ်ခုကို ဖန်တီးခဲ့၏။ ထို့နောက် ဖန်တီးခြင်း မျက်လုံးမှတစ်ဆင့် ထာဝရ အော်ရာ ကို ထည့်သွင်းကာ မူလအာရုဏ်ဦး နန်းတော် ကို တည်ဆောက်ခဲ့သည်။ သူ၏ ဇနီးများ၊ ကိုယ်လုပ်တော်များနှင့်အတူ နယ်မြေအနှံ့ လှည့်လည်သွားလာခဲ့သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းရှိ အခြေခံအုတ်မြစ်များနှင့် ဆက်ဆံရေးများ ခိုင်မာတည်ငြိမ်စေရန် ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူ ဆောင်ရွက်ခဲ့လေသည်။
ယွီစွန်းလီကလည်း သူတို့၏ နှစ်နှစ်ကြာ ချိန်းတွေ့မှု တတိယအဆင့် မတိုင်မီ အချိန်အနည်းငယ် ပေးရန် တောင်းဆိုထားခဲ့၏။ သူမသည် ကျင့်ကြံခြင်း အဆင့်တက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုတံခါးပိတ် ကျင့်ကြံခြင်းကိုလည်း ဝင်ရောက်မစွက်ဖက်ရန်လည်း သူ့ကို ကတိတောင်းထားခဲ့သည်။ ဝေ့ရှောင်ထျန်းလည်း ယွီစွန်းလီဘက်က ဖြစ်ကာ သူ့ကို အကူအညီမဲ့စွာ သဘောတူစေရန် ဖိအားပေးခဲ့လေသည်။
စုရီ နှင့်ပတ်သက်၍မူ အဂ္ဂိရတ် ပညာရှင်များ၏ တိုက်ပွဲအပြီးတွင် အာရပ်နစ် မျိုးနွယ်တို့က သူ၏ တည်နေရာကို ဖော်ထုတ်ခဲ့ကြသည်။ ထိုနေရာကား အရိုးပြာ နယ်မြေပင် ဖြစ်၏။ သူတို့က ဤသတင်းအချက်အလက်ကို အလွန်မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချခဲ့သည်ဟု ဆိုကြသည်။
သို့သော်လည်း... စုရီ၏ တည်နေရာကို သိရှိသွားချိန်တွင် သူ၏ အသက် သို့မဟုတ် လျှို့ဝှက်ချက်များကို လိုချင်နေသူ အများစုမှာ စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်သွားခဲ့ကြ၏။ သူတို့က စုရီ အားနည်းနေချိန်တွင် ဖမ်းဆီးနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် သူတို့၏ လျှို့ဝှက်အရှင် များ၊ အစစ်အမှန် သူတော်စင် များကို စေလွှတ်ခဲ့ကြသည်။
သို့သော် ထိုသို့ မဖြစ်လာခဲ့ပေ။
စုရီ၌ မမျှော်လင့်မထားသည့် အလွန်အစွမ်းထက်သော မဟာမိတ်တစ်ဦး ရှိနေခဲ့၏။ ထိုနေရာသို့ ဝင်သွားသူ အားလုံးမှာ မည်သည့်အခါမျှ ပြန်ထွက်မလာခဲ့ကြတော့ပေ။
နောက်ဆုံးတွင် အထွတ်အထိပ် သူတော်စင်တို့က စုရီ ထွက်မပြေးနိုင်စေရန် ထိုအရိုးပြာနယ်မြေကို လွတ်မြောက်၍မရသော ပိုက်ကွန်ဖြင့် လွှမ်းခြုံထားရန် ဆုံးဖြတ်ခဲ့ကြသည်။ ယခုအခါတွင် သူတို့က ထိုနယ်မြေကို လုံးဝ ပျက်စီးသွားလုနီးပါးအထိ ခြိမ်းခြောက် ဖျက်ဆီးရင်း စုရီ ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။ စုရီ အနေဖြင့် ပြန်လည် နာလန်ထူရန် သို့မဟုတ် ထွက်ပြေးရန် အစီအစဉ်ဆွဲဖို့ အချိန်သိပ်မကျန်တော့ပေ။
စုရီ၏ တည်နေရာ မည်သို့ ပေါက်ကြားသွားသည် ဆိုသည်နှင့် ပတ်သက်၍မူ ဝေ့ဝူယင်က သတင်းအချက်အလက်များကို မရောင်းချပါဘူးဟု မည်သည့်အခါကမျှ ကတိမပေးခဲ့ပေ။ အာရပ်နစ် မျိုးနွယ်တို့ကလည်း ထိုအချက်အလက်ကို ပြင်းပြင်းထန်ထန် လိုချင်နေခဲ့ကြ၏။ ထို့ကြောင့် သူက ဂိုလိုင်ယက်ငှက် အရှင်သခင်နှင့် သဘောတူညီမှု တစ်ခု ရယူခဲ့သည်။ သို့သော် ထိုသဘောတူညီမှုတွင် ကန့်သတ်ချက် တစ်ခု ပါဝင်သည်။ ၎င်းမှာ ယွီပေါင်ယွဲ့၏ ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်၍ မရဟူသော အချက်ပင် ဖြစ်၏။
အကယ်၍ ထိုအချက်ကို ချိုးဖောက်ပါက သူတို့ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်သည့် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို နှင့် သေရာပါရန်ငြိုး ဖွဲ့မိမည်ဖြစ်ကြောင်း အာရပ်နစ်တို့က အားလုံးကို အသိပေးထားပြီး ဖြစ်လေသည်။ ထို့အပြင် ကျူးလွန်သူ၏ ခေါင်းအတွက် အထွတ်အထိပ် သူတော်စင်များ နေရာအနှံ့ လှုပ်ရှားလာစေမည့် ဆုကြေးငွေ တစ်ခုလည်း သေချာပေါက် ရှိလာမည် ဖြစ်၏။ ၎င်းကား ကျိန်စာတစ်ခုပင် ဖြစ်သည်။
ဤအချက်က စုရီကိုလည်း အထောက်အကူ ဖြစ်စေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ တည်နေရာကို လူများ သိလာမည် ဖြစ်၏။ အမှန်တကယ်တော့ ဝေ့ဝူယင် သာမည ဥပဒေသ နှင့် အဓိက ဥပဒေသများကို ချိတ်ပိတ်လိုက်ပြီးနောက် ညဉ့်ဦးယံ နိမိတ်ဖတ်သူများက သူ့ကို ရှာတွေ့သွားခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင်... ဝေ့ဝူယင်၏ အဆိုပါ ကြေညာချက်က အထွတ်အထိပ် သူတော်စင်များ အနေဖြင့် အရိုးပြာနယ်မြေကို ဖောက်ခွဲပစ်မည့် တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခြင်းကိုလည်း တားဆီးနိုင်ခဲ့၏။ သူတို့သည် စုရီ ပုန်းအောင်းနေ၍ မရနိုင်တော့သည့် အနေအထားအထိသာ ထိုနယ်မြေကို ဖျက်ဆီးနိုင်မည် ဖြစ်သည်။
အဆိုးဆုံး အနေအထားတွင် ထိုနယ်မြေ ပြိုကျမှု၏ အဖျက်စွမ်းအားကြောင့် ယွီပေါင်ယွဲ့၏ ရုပ်ခန္ဓာနှင့် ကျင့်ကြံခြင်း ဝိညာဉ်သာ ပျက်စီးသွားမည် ဖြစ်၏။ သူမ၏ ဝိညာဉ်သည် အနည်းနှင့်အများ အန္တရာယ်ကင်းစွာ ကျန်ရစ်နေမည်ဖြစ်ပြီး ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ကာ ပြန်လည် အသက်သွင်းနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤအချက်က စုရီ ကို သေစေမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့အနေဖြင့် သူ့ကို ဖမ်းဆီးရန် အခွင့်အရေး ပိုများလာမည် ဖြစ်၏။
ဝေ့ဝူယင်သည် အစွမ်းကုန် သန့်စင်ခြင်း ဆေးအိုးနှင့် ပတ်သက်၍ ယွီပေါင်ယွဲ့အပေါ် အကြွေးတင်နေခဲ့ဖူးသည်။ သူ ထိုအကြွေးကို ပြန်ဆပ်ပြီးဖြစ်သော်လည်း စုရီ အတွက် သူမ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ခံစားချက်များက သူ့ကို အနည်းငယ် စိတ်လှုပ်ရှားစေခဲ့၏။
ထို့အပြင် ထိုဆေးအိုးက သူ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ပါး ဖြစ်လာရန် အနည်းငယ် အထောက်အကူ ပြုခဲ့ပေသည်။ ယခုကဲ့သို့ အနည်းငယ်မျှသော အကာအကွယ်ပေးခြင်းသည် သူ လုပ်ပေးနိုင်သော အကောင်းဆုံး အရာပင် ဖြစ်ပေသည်။
ထို့အပြင် ဒုတိယမြောက် ပိုင်ရှု ကလည်း ယွီပေါင်ယွဲ့ သေဆုံးသွားမည်ကို မလိုလားခဲ့ချေ။ ထိုအချက်က အမှန်တကယ် အဓိက အကြောင်းရင်းပင် ဖြစ်သည်။
ယွီပေါင်ယွဲ့ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာပြီးနောက် ပိုင်ရှုလေးထံတွင် ထိုမိန်းကလေး အပေါ် သံယောဇဉ်များ ရှိပေသည်။ ထို့ကြောင့် အထွတ်အထိပ် သူတော်စင် အဆင့် ပဋိပက္ခတစ်ခုကြောင့် သူမ ပျောက်ကွယ်သွားစေရန် အလိုမရှိခဲ့ပေ။ ထိုကတိကို သူ မပေးမချင်း သူမက ပြုံးမပြဘဲ ချစ်စဖွယ် နှုတ်ခမ်းဆူနေခဲ့၏။
ထိုအရာက ယွီပေါင်ယွဲ့၏ လုံခြုံမှုအတွက် အာမခံချက်တစ်ခု မဟုတ်ကြောင်း သူက အသိပေးခဲ့သည်။ သို့သော် ထိုမျှနှင့်ပင် ဒုတိယ ပိုင်ရှုလေးသည် လုံးဝ ဝမ်းသာရွှင်မြူးသွားခဲ့၏။ ကမ္မ ကြိုးတစ်ချောင်း ပြတ်တောက်သွားခြင်း၊ ပြေလည်သွားခြင်း သို့မဟုတ် ဖြေရှင်းပြီးသွားသကဲ့သို့ သူမက လုံးဝ ဂရုမစိုက်တော့ပေ။
ဂလက်ဆီ၏ အထက်တန်းလွှာများကြားတွင် ထိုသတင်း ပြန့်နှံ့သွားပြီးနောက် သူမသည် ထူးဆန်းစွာဖြင့် တစ်စင်တီမီတာခန့် အရပ်ရှည်လာခဲ့၏။ သူသည် ကမ္မ ရေစက်များ၏ အကျိုးနှင့် အကြောင်း သဘာဝကို နားလည်ထားသော်လည်း ဤအရာက သူ့ကို အနည်းငယ် ရှုပ်ထွေးသွားစေသည်။
သူ ပခုံးတွန့်ရုံသာ တတ်နိုင်ခဲ့၏။ သို့သော် ထိုကဲ့သို့ ထူးဆန်းသော ကြီးထွားမှုကို မြင်တွေ့ပြီးနောက် ကောင်းကင်စစ်ဝိညာဉ်က ပိုင်ရှုအား အမည်ပေးမှုအတွက် သူ့ကို အော်ဟစ်ခဲ့သည့် အချိန်ကို သတိရသွားစေသည်။ ကမ္မ ကြိုးများ၊ ကံကြမ္မာနှင့် ကပ်ဘေးများသည် တာအို ဝိညာဉ်များနှင့် နီးကပ်စွာ ဆက်စပ်နေပုံရပေသည်။
‘ငါ ဒီမှာ ရှိနေတယ်... ငါ စောင့်နေတယ်... မင်း အဆင်သင့်ဖြစ်တဲ့ အချိန်ကျမှ ထွက်လာခဲ့ပါ...'
ဝေ့ဝူယင်သည် ဝါဂွမ်းကဲ့သို့ နူးညံ့သိမ်မွေ့မှုနှင့် ရှေးဟောင်း သလင်းကျောက်ဆီသို့ သူ၏ အတွေးများကို ပေးပို့လိုက်၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့ အတူတကွ ထွက်ပြေးခဲ့ကြသည်။ သူမသည် မာန အပြစ်သား ထုံးတမ်းအတွက် အဓိက အချက်အချာ ဖြစ်ခဲ့၏။ သူမသည် စမ်းသပ်မှုမှန်း မသိဘဲ ထွက်ပြေးရန် ရှိသမျှ အင်အားကုန် ခန်းခြောက်သွားခဲ့ရသည်။ အသက်ကို နုတ်ယူနိုင်သော စွမ်းအားများ၏ ချောင်ပိတ်ဖမ်းခြင်းကို ခံခဲ့ရ၏။ ထိုစွမ်းအားများသည် သူမထက် ပိုမြန်သော်လည်း သူ တစ်ယောက်တည်း ထွက်ပြေးမည်ဆိုပါက လွတ်မြောက်နိုင်ပေသည်။ သို့သော် သူသည် သူမကို စွန့်ပစ်ရန် ငြင်းဆန်ခဲ့သည်။
သူမကလည်း နှစ်ပေါင်းများစွာကြာအောင် သူ့ကို စောင့်ဆိုင်းနေခဲ့သည်။ သူ ပြန်လာမည်ကို ယုံကြည်ခဲ့သည်။ သူ့ စကားများအပေါ် မယုံသင်္ကာဖြစ်မှု အလျဉ်းမရှိဘဲ စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက်များကိုသာ သယ်ဆောင်လျက် မိုးကုပ်စက်ဝိုင်း ဆီသို့ သစ္စာရှိစွာ ငေးကြည့်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမသည် သူ၏ဘေးတွင် ရပ်တည်ကာ တိုက်ပွဲဝင်ခဲ့သည်။ သူတို့ နှစ်ယောက်အတူတူ ကွပ်မျက်မည့် စင်မြင့်ထက်မှ ချင်ချူးမူ ကို ကယ်တင်ခဲ့ကြ၏။ ထန်ဂူ သတ္တဝါကြီးကြောင့် သူတို့၏ ကြယ်တာရာနယ်မြေ ပျက်စီးသွားသည်ကိုလည်း အတူတကွ ရပ်လျက် စောင့်ကြည့်ခဲ့ကြသည်။ ယွီစွန်းလီ ကို ကယ်တင်ရန် အစစ်အမှန် မွေးဖွားခြင်းနှင့်လည်း ရင်ဆိုင်ခဲ့ကြ၏။ သူတို့သည် ရှေးဟောင်း ချိတ်ပိတ်နယ်မြေကို အတူတကွ သိမ်းပိုက်ကာ အာရုဏ်ဦး အင်ပါယာကို တည်ထောင်ခဲ့ကြသည်။ ဝေ့ဝူယင် အမွေခံအပြစ်သား တစ်ယောက် မဖြစ်လာခင်ကတည်းက သူတို့ နှစ်ယောက်သည် အတူတကွ ရှိနေခဲ့ကြခြင်း ဖြစ်၏။ သူမသည် ကောင်းကင် တာအိုများက သူ့ထံ စေလွှတ်လိုက်သော အရုပ်တစ်ရုပ် မဟုတ်ခဲ့ပေ။ ရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်များ၏ သဘာဝကျသော တိုးတက်မှုများဖြင့်သာ သန့်စင်စွာ ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်သည်။
ထိုနေ့မှ စ၍ ထာဝရတိုင်အောင် သူမသည် ကောင်းကင်ယံရှိ သူ၏ လက်တွဲဖော် ဖြစ်နေမည် ဖြစ်၏။
ဂရီး...
ပတ်ဝန်းကျင်ရှိ ရွှေနီရောင် အသွင်သည် ပိုမို ပြင်းထန်လာ၏။ နေမင်းများ၏ တောက်ပမှုကို ယှဉ်ပြိုင်နိုင်သော ရောင်ခြည်တစ်ခုသည် ရှေးဟောင်း သလင်းကျောက် ထံမှ ပေါက်ကွဲထွက်ပေါ်လာသည်။
ကြယ်ရောင်စုံသော ကောင်းကင်ကြီးကိုပင် လွှမ်းမိုးသွားနိုင်လောက်အောင် တောက်ပသော ပျော်ရွှင်မှုများ ပါဝင်နေသော အပြုံးတစ်ခု ဝေ့ဝူယင် ၏ မျက်နှာထက်တွင် ပေါ်လာ၏။ သူသည် ရှေးဟောင်း သလင်းကျောက်ကို နှုတ်ခမ်းနားသို့ ယူဆောင်လိုက်ပြီး အာဏာရှင် ရောင်ခြည် တစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။
ဘုန်း...
တစ်ခဏအတွင်းမှာပင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် စူပါနိုဗာ ပေါက်ကွဲမှုတစ်ခုနှင့် တန်းတူပင် ဖြစ်၏။ ရှေးဟောင်း သလင်းကျောက် ထံမှ ဧရာမ မီးတောက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုမီးတောက်သည် မီတာအနည်းငယ်မှ စတင်ခဲ့သော်လည်း လျင်မြန်စွာ ကျယ်ပြန့်သွားပြီး တစ်ခဏအတွင်းမှာပင် မီတာ သောင်းချီ အထိ ရောက်ရှိသွားခဲ့လေသည်။
ထို့နောက် မီတာ သုံးသောင်းသုံးထောင် အထိ ရောက်ရှိသွားသောအခါ အမှောင် ဟင်းလင်းပြင် ကြီးသည် ကောင်းကင် တေးသံစဉ်များဖြင့် တုန်ခါသွားခဲ့လေသည်။ ကောင်းကင် ဥပဒေသ နယ်ပယ်အချို့မှ အလင်းရောင်များသည် ဟင်းလင်းပြင် အတွင်းမှ စိမ့်ထွက်လာကြသည်။ ထိုအလင်းများသည် မီးတောက်နှင့်အတူ ကြမ်းတမ်းသော အဟုန်ဖြင့် ပေါင်းစပ်သွားကြ၏။ ထိုမြင်ကွင်းကို အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ မှနေ၍ နေကြယ်အသစ် တစ်စင်း မွေးဖွားလာသကဲ့သို့ လှမ်းမြင်နိုင်ပေသည်။
ကောင်းချီးပေးခံရသော တည်ရှိမှု တစ်ခု ဖွဲ့စည်းခံနေရခြင်း
မဟုတ်သေး...
ပြန်လည် မွေးဖွားလာခြင်းပင် ဖြစ်၏။
ထို့ပြင် ကောင်းကင်ဘုံကလည်း သူတို့၏ စွမ်းအား အပြည့်အဝဖြင့် ကူညီပေးနေကြလေသည်။
အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများ အပြည့်အဝ နိုးကြားလာသည်နှင့်အမျှ ဝေ့ဝူယင်၏ မျက်လုံးများမှ ပြင်းထန်သော အရောင်ခုနစ်မျိုး အလင်းများ တောက်ပလာ၏။ သူ၏ မျက်ဖြူလွှာ အတွင်းရှိ ကွင်းခုနစ်ကွင်းသည် လျှပ်စီးအလျင်ဖြင့် လည်ပတ်နေကြသည်။ ထို့နောက် သူက စာလိပ် တစ်ခုကို ထုတ်ယူလိုက်လေသည်။
ကောင်းကင် ဥပဒေသများ၏ အကူအညီဖြင့် ဖွဲ့စည်းလာသော တည်ရှိမှုကို ထိုစာလိပ်မှတစ်ဆင့် သူ ခံစားနိုင်ပေသည်။ သူသည် တောက်လောင်နေသော မီးတောက်နှင့် မိုင်ထောင်ဂဏန်း အနည်းငယ်သာ ကွာဝေးတော့၏။
"မင်း ငါ့ကို ယုံကြည်လား ပိုင်လင်..."
ဝေ့ဝူယင် လေးနက်စွာ မေးလိုက်၏။ သူ၏ အသံသည် နက်ရှိုင်းပြီး အစွမ်းထက်လှသည်။ ဝိညာဉ်ကို ထိုးဖောက်နိုင်လောက်အောင် စူးရှပြီး စိတ်ကူးမယဉ်နိုင်လောက်အောင် ပြင်းထန်နေပေသည်။
'အမြဲတမ်းပါပဲ...'
အမှောင် ဟင်းလင်းပြင် တစ်ခုလုံးတွင် ရှင်းလင်းပြတ်သားသော အော်သံတစ်ခု ပဲ့တင်ထပ်သွား၏။ ထိုအသံကို ဝေ့ဝူယင် က အပြည့်အဝ နားလည်လေသည်။ ဝိညာဉ်အတွင်းမှ လာသော ရယ်မောသံနှင့်အတူ သူသည် ရှေ့သို့ လှမ်းသွားလိုက်၏။ ထို့နောက် ပြန်လည်ဖွဲ့စည်းနေသော ပိုင်လင် နှင့် သူ့ အကြား အကွာအဝေးကို ကျဉ်းမြောင်းသွားစေလိုက်သည်။
ဝေ့ဝူယင်သည် စာလိပ်ကို လှမ်းကြည့်လိုက်ပြီး စိတ်လှုပ်ရှားလာခဲ့၏။ ပိုင်လင်၏ တတိယမြောက် နိဗာန အသွင်ပြောင်းခြင်း မစတင်မီကတည်းက သူသည် နည်းလမ်းတစ်ခုကို တီထွင်နေခဲ့ခြင်း ဖြစ်သည်။ သူ စုဆောင်းရရှိထားသော အသိပညာများ အားလုံးဖြင့် ၎င်းကို ဖန်တီးခဲ့၏။ ထို့အပြင် သူ၏ ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ ထိုနည်းလမ်းကို ပိုမို သန့်စင်ကောင်းမွန်အောင် ပြုလုပ်ခဲ့လေသည်။
ထိုစဉ်က ပိုင်လင် မထွက်ခွာမီလေးတွင် ၎င်းကို အမည် တစ်ခု ပေးခဲ့သည်။ ၎င်းမှာ ဟင်းလင်းပြင် သွေးခန္ဓာဝိညာဉ် ပြန်လည် မွေးဖွားခြင်း ယင်ယန် ကျင့်စဉ် ပင်ဖြစ်သည်။ ဝေ့ဝူယင်သည် ၎င်းကို ခြောက်ကြိမ်တိုင်တိုင် ပြန်လည် ပြင်ဆင်ခဲ့သည်။
သူ ၎င်းကို ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ဖန်တီးထားခြင်း ဖြစ်၏။ သွေး၊ ဝိညာဉ် နှင့် စိတ်ဝိညာဉ်များ၌ ချိတ်ဆက်နေသော ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်၏ ဂုဏ်သတ္တိများကို လွှဲပြောင်းပေးရန်ပင် ဖြစ်သည်။ ပိုင်လင် အနေဖြင့် သူ ပိုင်ဆိုင်ထားသည့် စွမ်းရည်များကိုလည်း ရရှိစေရန် သူက ဆန္ဒရှိခဲ့၏။ သူတို့ နှစ်ဦးစလုံး မည်သည့် အားငယ်စိတ်မျှ မရှိဘဲ ကောင်းကင်ယံ၌ အတူတကွ သွားလာနိုင်ရန် တစ်သားတည်း ဖြစ်တည်မှု တစ်ခုကို ဖန်တီးလိုခြင်း ဖြစ်သည်။
နိဗာန အသွင်ပြောင်းလဲခြင်း အတွင်းသို့ မဝင်မီ အချိန်က ပိုင်လင် မည်မျှ စိတ်ပျက်အားငယ်နေခဲ့သည်ကို ဝေ့ဝူယင် ကောင်းစွာ ခံစားသိရှိနိုင်ခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ သူမ မည်မျှ အင်အားမဲ့လာသည်ကို ခံစားနေရသောကြောင့် ဝေ့ဝူယင်သည် ထိုပြဿနာကို အမြစ်ပြတ် ဖြေရှင်းချင်ခဲ့သည်။
ယခုအခါတွင်မူ သူသည် ပို၍ များပြားသောအရာများကို ရရှိခဲ့ပြီ ဖြစ်၏။ ပို၍လည်း နားလည်သဘောပေါက်ခဲ့ပြီ ဖြစ်သည်။