အခန်း (၆၁၉)
Vol. 52 Ch. 619
ဒါက ဘာအတွက်လဲ။
ငွေကြေးဥစ္စာအတွက်လား။
ဒီလိုပြစ်မှုမျိုးကို ဒီလောက်အန္တရာယ်ကြားထဲ ကျူးလွန်တယ်ဆိုတာ ရူးနေမှပဲ လုပ်လိမ့်မှာ မဟုတ်ဘူးလား။ အဲဒါဆို ဘာအတွက်လဲ။
တိုင်းပြည်အတွက်လား။ မတုံးအ,စမ်းပါနဲ့။ ဘယ်သူက အဲဒါကို ဂရုစိုက်မှာတဲ့လဲ။
အဲဒါဆို ချန်ကျိုစစ်က တကယ်ပဲ ဘယ်လိုလုပ်လိုက်တာလဲ။
“ခန်းမအရှင်သခင်ထန် အခု အဖြေသိပြီလား”
ယဲ့လုဖုန်းမှ ထန်ဇီယွဲ့ကို မေးသည်။ ထိုအခါ ထန်ဇီယွဲ့သည် ပြန်လှည့်လာပြီး အရိုအသေပြုသည်။
“ကျွန်တော်သိပါပြီ”
“အဲဒီတော့ဘယ်လိုလဲ။ မင်းတို့ခေါင်းဆောင်နန်ရဲ့လက်ရေး ဟုတ်သလား”
ထန်ဇီယွဲ့သည် သူ့ကိုကြည့်နေသည့် နန်ပါးထျန်းကို လှည့်ကြည့်လိုက်သည်။ နန်ပါးထျန်းမှ ပြောသည်။
“ဘာလဲ၊ အခြေအနေဘယ်လိုလဲ”
ထန်ဇီယွဲ့သည် ဝမ်းနည်းနာကျင်စွာဖြင့် ပြောလိုက်သည်။
“ခေါင်းဆောင် လက်ရေးက ခေါင်းဆောင်ရဲ့လက်ရေးအမှန်ပါပဲ။ သေချာပါတယ်”
“ဘာ မဖြစ်နိုင်တာ။ လုံးဝ မဖြစ်နိုင်ဘူး။ ကျွန်တော် ကျွန်တော် အဲဒီလိုစာမျိုး လုံးဝ မရေးခဲ့ဖူးပါဘူး။ သခင်ကြီး ကျွန်တော် မရေးခဲ့ပါဘူး”
နန်ပါးထျန်းသည် စကားဖြင့် မဖော်ပြနိုင်လောက်အောင် အလွန်အမင်း မွန်းကြပ်နေခဲ့သည်။
ယဲ့လုဖုန်း၏မျက်နှာအမူအရာမှာ မည်းမှောင်သွား၏။
“နန်ပါးထျန်း သက်သေက ထင်ရှားနေပြီ။ မင်း အခုထိ ငြင်းနေတုန်းလား”
“သခင်ကြီးယဲ့လု ကျွန်တော် မလုပ်ခဲ့ပါဘူး”
နန်ပါးထျန်း ဒူးထောက်ချလိုက်သည်။
“သခင်ကြီးယဲ့လု ဒါလုပ်ကြံဖန်တီးထားတာပါ။ ချန်ကျိုစစ် ကျွန်တော့်ကို ချောက်ချတာပါ။ ကျွန်တော် တကယ် မလုပ်ခဲ့ပါဘူး”
“သခင်ကြီး ကျွန်တော့်နေရာက စဉ်းစားကြည့်ပါဦး။ ကျွန်တော့်အဆင့်အတန်းက မျန့်ရွှေမှာ နံပါတ်တစ်ဖြစ်နေပြီးသားပါ။ ကျွန်တော့်မှာ ငွေကြေးရှိတယ်၊ အဆင့်အတန်းရှိတယ်၊ အင်အားအာဏာရှိတယ်၊ ဘာလို့များ မိန်ဂိုဏ်းနဲ့ လျှို့ဝှက်ပူးပေါင်းနေမှာပါလဲ”
“မိန်ဂိုဏ်းက ကျွန်တော့်ကို ငွေကြေးဥစ္စာပိုပေးနိုင်လား၊ အင်အားအာဏာ ပိုကြီးမားစေနိုင်လား၊ ဒါမှမဟုတ် တခြားဘာပေးနိုင်သေးလို့လဲ။ ကျွန်တော့်မှာ အန္တရာယ်ကိုစွန့်စားပြီး မိန်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ အကြောင်းအရင်းမရှိပါဘူး”
“သခင်ကြီး ကျွန်တော် မတရားစွပ်စွဲခံရတာပါ”
နန်ပါးထျန်းသည် ကြမ်းပြင်တွင် ဒူးထောက်လျက် ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ဦး၏ မာနဂုဏ်အရှိန်အဝါများ ပျောက်ကွယ်သွားခဲ့လေပြီ။ သူ မတရားစွပ်စွဲခံရကြောင်းကိုသာ စိတ်အားထက်သန်စွာ ငြင်းဆန်ပြောဆိုနေ၏။ ထိုအခါ ယဲ့လုဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည်လည်း နန်ပါးထျန်းတွင် မိန်ဂိုဏ်းနှင့်ပူးပေါင်းရန် အကြောင်းအရင်းမရှိဟု ခံစားနေရပေသည်။
ထိုစဉ် ချီမုကောမှ ကြားဝင်ပြောသည်။
“ခင်ဗျားမှာ တိုင်းပြည်အတွက် လက်စားချေလိုစိတ်တွေ ရှိနေသလားဆိုတာ ဘယ်သူသိနိုင်မလဲ”
“တိုင်းပြည်အတွက် လက်စားချေလိုစိတ်တဲ့လား”
နန်ပါးထျန်းသည် နားမလည်နိုင်ဟန်ဖြင့်
“တပ်မှူးချီမုကော ကျွန်တော်က အဲဒါမျိုးကို ဂရုစိုက်လို့လား”
“ဒီနှစ်တွေအတွင်းမှာ ကျွန်တော် သခင်ကြီးအတွက် ဟန့်လူမျိုးဘယ်နှယောက်ကို သတ်ဖြတ်ပေးခဲ့သလဲ။ အဲဒါကို မပြောပါနဲ့ဦး၊ နှစ်ပေါင်းရာချီတိုင် မျိုးဆက်အဆက်ဆက် စာပေပညာရှင်မျိုးရိုးဖြစ်တဲ့ ဂုဏ်သရေကြီးမြင့်တဲ့ ချန်စုန့်မိသားစုနဲ့ ပုန်ကန်ဖို့ကြံစည်ခဲ့တဲ့ ဝမ့်မိသားစုကို နှိမ်နင်းဖို့ဦးဆောင်ပြီး တစ်မိသားစုလုံး အမြစ်ဖြတ်သတ်ဖြတ်ပေးခဲ့တာက ကျွန်တော်ပါ။ ဟန့်လူမျိုးတွေအပေါ် အဲဒီလောက်ကြီးမားတဲ့အပြစ်တွေ ကျူးလွန်ခဲ့တဲ့ ကျွန်တော်က သခင်ကြီးရဲ့ခွေးတစ်ကောင်သက်သက်ပါပဲ။ မိန်ဂိုဏ်းက ကျွန်တော့်ကို လက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”
ထိုအခါ ချီမုကောလည်း တိတ်ဆိတ်သွားခဲ့သည်။
နန်ပါးထျန်းက တကယ့်ကိုပဲ ဟန့်လူမျိုးတွေကို အများကြီး ဖိနှိပ်ညှဉ်းပန်းခဲ့တယ်။ စက်ဆုပ်ဖို့ကောင်းတဲ့လုပ်ရပ်တွေ လုပ်ခဲ့တာလည်း မနည်းလှဘူး။
ဒါပေမဲ့ ဒီလိုဆိုတိုင်းလည်း သူ့ကို လုံးဝ သံသယမထားတော့လို့ မဖြစ်ဘူး။
နန်ပါးထျန်းလည်း ထိုအချက်ကို နားလည်ရာ ယဲ့လုဖုန်းကို ဦးညွှတ်လျက် ပြောသည်။
“သခင်ကြီး ဒီအချိန်မှာ ကျွန်တော် ဘယ်လိုပြောပါစေ သခင်ကြီး ကျွန်တော့်ကို မယုံကြည်နိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒီလိုဆိုမှတော့ ကျွန်တော် ဘာမှထပ်မပြောတော့ပါဘူး။ ကျွန်တော့်ရဲ့လုပ်ရပ်တွေကို ကြည့်ပြီးတော့သာ သခင်ကြီး ဆုံးဖြတ်ပါ”
ယဲ့လုဖုန်းသည် နန်ပါးထျန်းအား အနည်းငယ် မျက်ေမှာင်ကြုတ်ကြည့်ရင်း မေးသည်။
“ဘာလုပ်ရပ်လဲ”
နန်ပါးထျန်းမှ ပြောသည်။
“သခင်ကြီး စစ်လက်နက်ပစ္စည်းတွေကို ရှာဖွေဖို့နဲ့ မိန်ဂိုဏ်းသားတွေကို ဖမ်းဆီးဖို့က ကျွန်တော့်တာဝန် မဟုတ်ပါလား”
“သခင်ကြီး ကျွန်တော် အခု ကတိသက်သေလုပ်ပါမယ်။ ရက်၂၀အတွင်း မဟုတ်ဘူး လဝက်အတွင်းမှာ စစ်လက်နက်ပစ္စည်းတွေကို တွေ့အောင်ရှာပြီး မိန်ဂိုဏ်းသားတွေကို ဖမ်းဆီးပေးပါ့မယ်။ အကယ်၍ လက်နက်တွေကို မရှာနိုင်ခဲ့ရင် ကျွန်တော် နန်ပါးထျန်း စကားတစ်ခွန်းမဆိုဘဲ အသက်ပေးဖို့ ဆန္ဒရှိပါတယ်”
ထိုစကားတွင် ယဲ့လုဖုန်း မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။
ထန်ဇီယွဲ့သည်လည် ဤသို့ရုတ်တရက်ကြေညာမှုကြောင့် အံ့ဩသွားရသည်။ လဝက်အတွင်း လက်နက်များကို ရှာဖွေရန်မှာ အချိန်ကြပ်တည်းလွန်း၏။ သို့သော်လည်း ချန်ကျိုစစ်သည် သူတို့ကို ချောင်ပိတ်ထားပြီဖြစ်ရာ သူတို့တွင် တခြားရွေးချယ်စရာလည်း မရှိနိုင်လောက်တော့ပါချေ။
ထိုသို့တွေးမိသည်တွင် ထန်ဇီယွဲ့လည်း ယဲ့လုဖုန်းကို အရိုအသေပြုကာ ပြောလိုက်သည်။
“သခင်ကြီး အကယ်၍ လဝက်အတွင်း လက်နက်တွေကို မရှာနိုင်ခဲ့ရင် ကျွန်တော် ထန်ဇီယွဲ့လည်း ခေါင်းဆောင်နဲ့အတူ အပြစ်ခံယူဖို့ ဆန္ဒရှိပါတယ်”
ယဲ့လုဖုန်းသည် ထန်ဇီယွဲ့နှင့် နန်ပါးထျန်းကို မျက်လုံးမှေးကျုံ့ကြည့်လိုက်သည်။ ထို့နောက် ပြောသည်။
“ကောင်းပြီ။ နန်ပါးထျန်း ထန်ဇီယွဲ့ ငါ မင်းတို့ကို အခွင့်အရေးပေးလိုက်မယ်။ လဝက်အတွင်းမှာ စစ်လက်နက်ပစ္စည်းတွေနဲ့ မိန်ဂိုဏ်းသားတွေရဲ့ ဦးခေါင်းကို ငါမြင်ချင်တယ်။ ဒီတာဝန်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ရင် ဒီစာတွေကို အဓိပ္ပာယ်မရှိဘူးလို့ သတ်မှတ်ပေးမယ်။ ကျရှုံးခဲ့ရင်တော့ မင်းရဲ့အပြစ်တွေအားလုံးအတွက် အကုန်စုပေါင်းပြီး အပြစ်ပေးခံရမယ့်အပြင် အပြစ်ဒဏ်က ပိုပြင်းထန်လိမ့်မယ်။ အဲဒီအခါကျမှ ငါ မင်းတို့ကို အခွင့်အရေးမပေးခဲ့ဘူးလို့ မပြောနဲ့ဦး”
“သခင်ကြီးကို ကျေးဇူးတင်ပါတယ်”
ထန်ဇီယွဲ့နှင့် နန်ပါးထျန်းတို့မှ ယဲ့လုဖုန်းကို ကျေးဇူးတင်စကားဆိုခဲ့ရာ ယဲ့လုဖုန်းမှ ခေါင်းညိတ်သည်။
“ကောင်းပြီ။ ဒါဆို ဒီကိစ္စကို ခဏရပ်ဆိုင်းထားတာပေါ့။ မင်းတို့သွားလို့ရပြီ”
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ဟုတ်ကဲ့ပါ သခင်ကြီး။ ဒါဆို ကျွန်တော်တို့ သွားလိုက်ပါတော့မယ်”
နန်ပါးထျန်း ထွက်သွားသောအခါ ချီမုကောမှ မေးသည်။
“သခင်ကြီး သူတို့ကို ဒီလိုပဲ လွယ်လွယ်လွှတ်ပေးလိုက်တော့မှာလား”
ယဲ့လုဖုန်းမှ ပြောသည်။
“ဒီကိစ္စက အတော်လေး ထူးဆန်းနေတာ အမှန်ပဲ။ ဘာလို့ဆို နန်ပါးထျန်းမှာ တကယ်ပဲ မိန်ဂိုဏ်းနဲ့ ပူးပေါင်းစရာ အကြောင်းအရင်း ရှိမနေဘူးလေ။ သူလိုချင်သမျှကို ငါ သူ့ကို ပေးထားခဲ့တာပဲ မဟုတ်လား”
“ပြီးတော့ နန်ပါးထျန်းလိုလူမျိုးအတွက် မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး အကျိုးအမြတ်ရှာဖွေတာမျိုးက အရမ်းစွန့်စားလွန်းရာကျပြီး အောင်မြင်ဖို့ရာခိုင်နှုန်း နည်းတယ်”
ချီမုကောသည် ခဏမျှတွေးတောနေခဲ့ပြီးနောက် မေးသည်။
“အဲဒီတော့ သခင်ကြီးက ဒီကိစ္စမှာ လှည့်စားမှုတစ်ခုခုရှိနေမယ်လို့ သံသယဝင်နေတာပါလား”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“မှန်ပေမဲ့ မှားလည်း မှားတယ်”
ချီမုကော : “?”
ယဲ့လုဖုန်းမှ ပြောသည်။
“ဒီကိစ္စက အရမ်းထူးဆန်းတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်လိုက်တော့ လျှို့ဝှက်စာက အမှန်ဖြစ်နေရင်တောင် ဘာမှ စိုးရိမ်စရာမရှိဘူး။ အများဆုံးမှ နန်ပါးထျန်းက သူ့ရဲ့သံသတ္တုတွင်းက သံသတ္တုတွေကို မိန်ဂိုဏ်းနဲ့ အပေးအယူလုပ်တာလို့ပဲ ငါယုံကြည်တယ်။ ဒီတိုင်း ကုန်သွယ်ရောင်းဝယ်မှုသက်သက်ပဲ ဖြစ်လိမ့်မယ်”
“မကြာခင် စိစစ်ရေးတမန်တော် ရောက်လာတော့မှာကြောင့် အခုအချိန်မှာ စွမ်းဆောင်ရည်ရှိတဲ့သူတွေ လိုအပ်နေတယ်။ ပြီးတော့ အဲဒီစစ်လက်နက်ပစ္စည်းတွေကို ရအောင် ရှာရမယ်။ မဟုတ်ရင် ငါတို့အတွက် ရှင်းပြဖို့ ခက်ခဲသွားပြီ။ အဲဒါကြောင့် နန်ပါးထျန်းကို သုံးလိုက်တာက အကောင်းဆုံးပဲ။ နန်ပါးထျန်းက လွတ်မြောက်မှုလိုအပ်နေတဲ့သူဆိုတော့ သေချာပေါက် ကြိုးစားလုပ်လိမ့်မယ်”
“တစ်ခါတလေကျ အစွန်းအထင်းရှိနေတဲ့သူက ကိုင်တွယ်ရ ပိုလွယ်ကူတယ်။ သူ မိန်ဂိုဏ်းနဲ့ တကယ်ပူးပေါင်းခဲ့တာ မဟုတ်သ၍ သူ့ကို သုံးလို့ရသေးတယ်”
ချီမုကောမှ ပြောသည်။
“ဒါပေမဲ့ သူက မိန်ဂိုဏ်းကို ကူညီဖို့ ဆုံးဖြတ်ထားခဲ့ရင်ရော”
ယဲ့လုဖုန်း၏မျက်လုံးအစုံတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထင်ဟပ်လာ၏။
“သတ်ပစ်မယ်”
ချီမုကောမှ ပြောသည်။
“နားလည်ပါပြီ သခင်ကြီး”
…
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော် အပြင်ဘက်၌
နန်ပါးထျန်းသည် ချွေးအေးများ ရွှဲနစ်နေသည်။ နောက်မှလိုက်လာသည့် ထန်ဇီယွဲ့သည်လည်း တုန်ယင်နေ၏။
ဒီနေ့ သေခြင်းတရားနှင့်အရမ်းနီးကပ်ခဲ့သည်။ အရာအားလုံး ရှင်းလင်းသွားခဲ့ပါက သူတို့ ဒုက္ခရောက်နေလောက်ပေပြီ။
ထိုသို့အတွေးဖြင့် ထန်ဇီယွဲ့ နန်ပါးထျန်းကို ကြည့်လိုက်သည်။
“ခေါင်းဆောင် လက်နက်တွေကို လဝက်အတွင်း ရှာဖို့ဆိုတာ အရမ်း မခက်ခဲလွန်းဘူးလား”