← Chapters

အခန်း (၆၂၀)

Vol. 52 Ch. 620

အခန်း (၆၂၀)

Vol. 52 Ch. 620

နန်ပါးထျန်းမှ ပြောသည်။

“ခက်ခဲတယ် ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲပါစေ လုပ်ရမယ်။ မဟုတ်ရင် ဒီနေ့ကိစ္စကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ထန်ဇီယွဲ့မှ ပြောသည်။

“ဒါပေမဲ့ စစ်လက်နက်ပစ္စည်းတွေက မျန့်ရွှေစီရင်စုအပြင်ကို ရောက်နေလောက်ပြီ။ ကျွန်တော်တို့ ဘယ်မှာသွားရှာရမှာလဲ”

နန်ပါးထျန်းမှ ပြောသည်။

“နည်းလမ်းဆိုတာ ရှိစမြဲပဲ”

ထန်ဇီယွဲ့မှ ပြောသည်။

“ဒါဆို ကျွန်တော်တို့ပြန်သွားပြီး လူများများ ပိုလွှတ်ကြမလား”

နန်ပါးထျန်းမှ ပြောသည်။

“အင်း လူများများ ပိုလွှတ်လိုက်။ အရေးတကြီးအခြေအနေပုံစံ သိသာနေအောင်လုပ်။ ပြီးတော့ မျန့်ရွှေမြစ်ကို ပိတ်ဆို့ထားလိုက်။ ရေယာဉ်တစ်စင်းမှ မြစ်ထဲ ထွက်ခွင့်မပြုနဲ့”

ထန်ဇီယွဲ့မှ ပြောသည်။

“နားလည်ပါပြီ”

နန်ပါးထျန်းသည် ထိုသို့ညွှန်ကြားပြီးနောက် ဆက်ပြောသည်။

“ဇီယွဲ့ ငါနားမလည်နိုင်တာ တစ်ခုရှိတယ်။ အဲဒီစာကို ငါမရေးထားတာ သေချာရဲ့သားနဲ့ ဘာလို့ ငါ့လက်ရေးနဲ့ တစ်ထပ်တည်း တူနေရတာလဲ။ မှော်အတတ်တွေ ဘာတွေများ သုံးထားလို့လား”

ထန်ဇီယွဲ့သည် မျက်မှောင်ကြုတ်ထား၏။

“ကျွန်တော်လည်း အဲဒါကို နားမလည်နိုင်ဖြစ်နေတာပါ”

သူတို့နှစ်ဦးသည် ချန်ကျိုစစ်၏ ထိုနည်းလမ်းကို အလွန်အမင်း အံ့အားသင့်နေကြသည်။

ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ။

…

ချန်ကျဲ့သည် ရှောင်ဟူကို ၁၂ပွဲဆက်တိုက် အနိုင်ရနေခဲ့ရာ နောက်ဆုံးတွင်တော့ ရှောင်ဟူသည် ထရပ်လိုက်ပြီး ပြောလာတော့သည်။

“ကျိုစစ် ကျွန်တော် မကစားတော့ဘူး။ ဆက်ကစားနေလည်း ကျွန်တော် အစ်ကို့ကို မနိုင်,နိုင်ဘူး”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“မင်းက အလုပ်လုပ်ရင်ရော ကျားကစားရင်ရော အရမ်း အလျင်လိုတတ်တယ်။ စစ်ရှီးကိုကြည့်လိုက်စမ်း ဘယ်လောက်တည်ငြိမ်လိုက်သလဲ”

“သူလား”

ရှောင်ဟူသည် အထင်အမြင်သေးဟန်ဖြင့် ပြန်ပြောလာသည်။

“ဘာကို တည်ငြိမ်တယ်လဲဗျာ။ အခု သူ့ပုံစံကိုပဲ ကြည့်ပါဦး။ တည်ငြိမ်နေလို့လားလို့”

ထိုအချိန်၌ စစ်ရှီးသည် စိတ်ဒုက္ခရောက်နေသည့် မျက်နှာအမူအရာဖြင့် ထိုင်ခုံတွင် ထိုင်နေကာ ထိုစာကို နန်ပါးထျန်းကိုယ်တိုင် ရေးသားသည့်စာအဖြစ် မည်သို့ပြုလုပ်ခဲ့သနည်းဟု ခေါင်းတဗြင်းဗြင်းကုတ်ကာစဉ်းစားနေပေသည်။

စစ်ရှီး အတွေးထဲ နစ်မြောနေစဉ် ကျားဖြူခန်းမအဖွဲ့သားတစ်ဦး အမောတကောဖြင့် ပြေးဝင်လာ၏။ ထိုအဖွဲ့သားသည် စစ်ရှီးကို နှုတ်ဆက်ပြီးနောက် ချန်ကျဲ့ဆီသို့ လျှောက်လာသည်။

ချန်ကျဲ့မှ ပြောသည်။

“အကုန် ကိုယ့်လူတွေပဲ။ ပြောပါ”

အဖွဲ့သားမှ ပြောသည်။

“ခန်းမအရှင်သခင်၊ ခေါင်းဆောင်နန်ပါးထျန်းက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကနေ ခုနကပဲ ပြန်ထွက်လာပါပြီ။ ခေါင်းဆောင်နန်က ၁၅ရက်အတွင်းမှာ စစ်လက်နက်ပစ္စည်းတွေကို တွေ့အောင်ရှာပြီး မိန်ဂိုဏ်းသားသူပုန်တွေကို အမိဖမ်းပေးမယ်လို့ သခင်ကြီးယဲ့လုကို ကတိပေးခဲ့ပါတယ်။ ကတိမတည်နိုင်ခဲ့ရင် ပြစ်မှုပေါင်းများစွာနဲ့အတူ ကြီးလေးတဲ့အပြစ်ဒဏ်ကို ခံယူရမှာပါ”

ချန်ကျဲ့ ပြုံးလိုက်သည်။

ကောင်းတယ် အရမ်းကောင်းတယ်။ ငါလိုချင်တဲ့အတိုင်း ကွက်တိဖြစ်လာတာပဲ။

နန်ပါးထျန်းကို ဖြုတ်ချရန်အတွက် ပထမခြေလှမ်းသည် ရှောင်ဟူပြောသကဲ့သို့ ယဲ့လုဖုန်း၏ နန်ပါးထျန်းအပေါ်ထားသည့် ယုံကြည်မှုများကို ပျောက်ပျက်သွားစေရန်ဖြစ်သည်။ ယဲ့လုဖုန်းသာ နန်ပါးထျန်းကို သတ်ပစ်ချင်ပါက နန်ပါးထျန်းသည် မလွဲမသွေ သေရမည်ပင်။

ထို့ကြောင့် နန်ပါးထျန်းကို ဖြုတ်ချခြင်းအရေးကိစ္စသည် စိတ်လော၍ မဖြစ်ချေ။ ဖြည်းဖြည်းချင်း စိတ်ရှည်လက်ရှည် လုပ်ဆောင်ရပေမည်။

ချန်ကျဲ့၏ နန်ပါးထျန်းနှင့်ရင်ဆိုင်သည့် တိုက်ပွဲမှာ မုဆိုးမှ ကျားတစ်ကောင်ကို တိုက်ခိုက်ခြင်းကဲ့သို့ ဖြစ်သည်။ တစ်ကိုယ်လုံး ညိုမဲစွဲ ထိခိုက်အောင် မလုပ်ဘဲနဲ့ တိုက်ရိုက်သွားတိုက်ခိုက်၍ မဖြစ်ပေ။ သို့မဟုတ်ပါက ကျားကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ထောင်ချောက်ဆင်၍ ကျားကို ထိန်းကျောင်းရပေမည်။

ထိုလျှို့ဝှက်စာသည် ထောင်ချောက်၏ မောင်းခလုတ်မျှသာ ဖြစ်ပါ၏။ ထိုစာတစ်စောင်ဖြင့် နန်ပါးထျန်းကို အပြတ်ချေမှုန်းပစ်မည်ဟု တွေးမထားသကဲ့သို့ အပြစ်ချေမှုန်းပစ်နိုင်မည်ဟုလည်း မထင်ပါချေ။

သို့သော် ထိုစာဖြင့် နန်ပါးထျန်းကို အသက်သေမည့် အဆုံးသတ်ဆီသို့ ရောက်အောင် တွန်းပို့နိုင်လိမ့်မည်။

ထို့ပြင် ဤအကွက်ဆင်မှုသည် ထိရောက်မှုရှိပြီး အောင်မြင်ကြောင်း သိသာလှပါသည်…

ချန်ကျဲ့ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ စစ်ရှီးသည်တော့ အဖွဲ့သား၏ တင်ပြချက်အဆုံး၌ မတ်တပ်ထရပ်ကာ ပြောလာသည်။

“ခဏ၊ မင်း ခုနက ပြစ်မှုပေါင်းများစွာနဲ့ ကြီးလေးတဲ့အပြစ်ဒဏ်လို့ ပြောလိုက်တာ ဟုတ်သလား။ အဲဒါဆို အဲဒီစာက ခေါင်းဆောင်နန်ရေးထားတာလို့ သခင်ကြီးယဲ့လုက ယုံကြည်သွားတဲ့ အဓိပ္ပာယ်မဟုတ်လား။ နန်ပါးထျန်းကို မိန်ဂိုဏ်းနဲ့ပူးပေါင်းထားတဲ့သူလို့ တကယ်ကြီး သံသယဝင်သွားပြီပေါ့လေ”

“ဟုတ်ပါတယ်။ တရားရုံးတော်က အကြံပေးချန်က နောက်ဆုံးကောက်ချက်ချပေးခဲ့ပြီး အဲဒီစာပေါ်က လက်ရေးက ခေါင်းဆောင်နန်ရဲ့လက်ရေးအစစ်ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆို ခေါင်းဆောင်နန်က ဒူးထောက်အော်ဟစ်ပြီး တောင်းဆိုခယနေခဲ့တာ လုံးဝကို လူရယ်ချင်စရာမြင်ကွင်းပါပဲတဲ့”

အဖွဲ့သားလေးသည် တက်ကြွပျော်ရွှင်စွာဖြင့် အကြောင်းစုံကို တင်ပြနေခဲ့သည်။ ထိုအခါ ရှောင်ဟူမှ ရယ်မောလျက် ပြောသည်။

“ဟေး ညီနောင်လေး ဒီထက်ပိုပြီး အသေးစိတ်ကျကျလေး ပြောပြပါဦးကွ”

အဖွဲ့သားငယ်လေးမှ ရယ်မောလျက် ပြန်ပြောသည်။

“လူကြီးမင်းဟူ ဒီထက်ပိုပြီး အသေးစိတ်တင်ပြစရာ မရှိတော့ဘူးဗျ။ ကျွန်တော်တို့ သတင်းရခဲ့တာ အဲဒါအကုန်ပါပဲ”

ရှောင်ဟူမှ ပြောသည်။

“အဲဒီလို အံ့ချီးဖွယ်မြင်ကွင်းကို မျက်မြင်မတွေ့လိုက်ရတာ နှမြောစရာပဲကွာ”

ထိုစဉ် စစ်ရှီးသည် ချန်ကျဲ့ကိုကြည့်လျက် ပြောလာသည်။

“ခန်းမအရှင်သခင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ရှင်းပြပေးနိုင်မလား။ အဲဒီစာလုံးတွေကို နန်ပါးထျန်းကိုယ်တိုင်ရေးအောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ဖြစ်နေလို့ပါ”

ချန်ကျဲ့မှ ရယ်မောလျက် ပြောသည်။

“အတော်လေး ရိုးရှင်းပါတယ် စစ်ရှီးရဲ့။ ပန်းချီထိန်းသိမ်းခင်းကျင်းပညာရှင်ဆိုတာကို မင်းသိသလား”

စစ်ရှီးမှ ပြောသည်။

“ကျွန်တော်သိတယ်။ ပန်းချီကားတွေကို ဘောင်သွင်းပေးပြီး တစ်ခါတလေ ပန်းချီတွေကို ပြင်ဆင်ထိန်းသိမ်းပေးတဲ့ ပညာရှင်တွေကို ပြောတာမလား”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“အဲဒီပန်းချီထိန်းသိမ်းခင်းကျင်းပညာရှင်တွေက အတော်လေး အရည်အချင်းရှိတယ်ကွ။ ကံကောင်းလို့ ငါ့လက်အောက်မှာ မျိုးဆက်၈ဆက်တိုင် ပန်းချီထိန်းသိမ်းခင်းကျင်းပညာရှင်အဖြစ် လုပ်ကိုင်ခဲ့တဲ့မိသားစုက ပညာရှင်တစ်ယောက်ရှိနေတာလေ။ သူရဲ့အရည်အချင်းက ပြိုင်ဘက်ကင်းပဲ။ အထူးသဖြင့် အတုလုပ်ရာမှာပေါ့။ ကံဆိုးစွာနဲ့ မုလန်လူမျိုးတွေက ပန်းချီတွေနဲ့ လက်ရေးလှပညာကို နားမလည်ကြဘူး။ အဲဒီတော့ အလိုလိုပဲ ဟန့်လူမျိုးတွေကလည်း အဲဒီပညာတွေကို စိတ်ဝင်စားမှုနည်းပါးလာကြတယ်။ အဲဒါကြောင့် သူ့ရဲ့အရည်အချင်းကို အသုံးချဖို့နေရာမရှိဖြစ်နေတာနဲ့ နောက်ဆုံးတော့ ကျားဖြူခန်းမဆီ ရောက်လာတာပဲ”

“သူတို့မှာ အလွှာပန်းချီဆိုတဲ့ လက်မှုပညာတစ်ခုရှိတယ်။ အဲဒီပညာက ပန်းချီတစ်ခုကနေ သုံးခုအဖြစ် ရောင်းချနိုင်အောင် လုပ်နိုင်တယ်။ တစ်ခုချင်းစီတိုင်းကလည်း မူလအတိုင်း ကွက်တိတူကြတယ်”

စစ်ရှီး မျက်လုံးပြူးသွား၏။

အဲဒါက တကယ်ဖြစ်နိုင်တယ်လား။

ချန်ကျဲ့ ဆက်ပြောသည်။

“နန်ပါးထျန်းရဲ့ ပုံမှန်လက်ရေးက ရှာရမခက်ပါဘူး။ သူ့လက်ရေးထဲက ထူးခြားတဲ့အမူအကျင့်ပုံစံတွေကို ရှာပြီးတော့ တစ်ခုချင်းစီ ရွေးထုတ်ပြီး အလွှာပန်းချီပညာနဲ့ အလွှာခွာလိုက်ရုံပဲ။ ပြီးရင် စာရွက်အသစ်တစ်ရွက်ပေါ်မှာ ပုံနှိပ်လိုက်တာပေါ့။ အဲဒီနောက် အဲဒီပန်းချီထိန်းသိမ်းခင်းကျင်းပညာရှင်ရဲ့ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ အရည်အချင်းနဲ့ပေါင်းလိုက်တော့ နန်ပါးထျန်းကိုယ်တိုင် ရေးထားသလိုဖြစ်သွားပြီး ဘယ်သူမှ ခွဲခြားမသိမြင်နိုင်တော့ဘူးလေ”

“အဲဒီတော့ အဲဒီစာလုံးတွေကို နန်ပါးထျန်းကိုယ်တိုင် ရေးထားတာပဲပေါ့။ သူဘယ်လိုလွတ်မြောက်နိုင်မှာလဲ”

ထိုအခါ စစ်ရှီးမှ ပြောသည်။

“ခန်းမအရှင်သခင်က ဉာဏ်ပညာထက်မြက်လွန်းပါတယ်။ ဒါပေမဲ့ အဲဒီစာလုံးတွေကိုလည်း မပျက်စီးစေဘဲနဲ့ စာရွက်ကို အပိုင်းအစတွေဖြစ်အောင် ဘယ်လိုမီးရှို့ခဲ့တာလဲဗျ”

ချန်ကျဲ့ ရယ်မောလျက် ပြောသည်။

“ဆက်တိုက်ကြိုးစားရှို့နေလိုက်ရင် နောက်ဆုံးကျ အလုပ်ဖြစ်သွားလိမ့်မယ်။ အဲဒီစာရွက်အပိုင်းအစသုံးခုရဖို့အတွက် ငါ စာရွက်တစ်ရာလောက် မီးရှို့လိုက်ရတယ်လေ”

“တော်တယ်ဗျာ အရမ်းထက်မြက်တာပဲ။ ခန်းမအရှင်သခင်ရဲ့နည်းလမ်းတွေက တကယ့်ကို ခက်ခဲနက်နဲပြီး လေးစားဖွယ်ပါပဲ”

စစ်ရှီးမှ ချီးမွမ်းပြောဆိုရာ ဘေးရှိ ရှောင်ဟူသည် ရယ်မောလျက် ပြောလာသည်။

“ကဲပါ စစ်ရှီး၊ လက်စသတ်တော့ မင်းက ဖော်လံဖားကောင်ဖြစ်နေတာပဲ”

စစ်ရှီးမှ ပြန်ချေပသည်။

“ငါတကယ် အထင်ကြီးမိသွားလို့ပါ။ မင်းကမှ တကယ့်ကပ်မြှောင်ကောင်”

စစ်ရှီး၏စကားကြောင့် အားလုံး ရယ်မောလိုက်ကြသည်။ နန်ပါးထျန်း ကံဆိုးသည်ကို မြင်တွေ့ရခြင်းမှာ အလွန်ကောင်းလှပေသည်။

ချန်ကျဲ့မှ ပြောသည်။

“တော်ပြီ၊ အဲဒီအကြောင်း မပြောတော့ဘူး။ ပထမခြေလှမ်းတော့ အောင်မြင်သွားပြီ။ အခု ဒုတိယခြေလှမ်းကို လှမ်းရတော့မယ့်အချိန်ပဲ။ ငါတို့ရဲ့ခေါင်းဆောင်ကြီးနန်ပါးထျန်းကို ဖိအားပေးဖို့အချိန်ကျပြီ”

ထိုစကားတွင် အားလုံးသည် ချန်ကျဲ့အား အံ့အားသင့်စွာ ကြည့်လာကြသည်။

“ခန်းမအရှင်သခင် ဘာအဓိပ္ပာယ်ပါလဲ”

ချန်ကျဲ့မှ ပြောသည်။

“မုလန်လူမျိုးတွေကြားထဲ ထည့်ထားတဲ့ သူလျှိုတွေ မွှေရတော့မယ့်အချိန်ရောက်ပြီလို့ ပြောတာ။ ခေါင်းဆောင်နန်က မုလန်လူမျိုးတွေကို ငွေတုံးနှစ်သောင်း အကြွေးတင်ထားတယ်လေ။ အခု အကြွေးဆပ်ဖို့အချိန်ကျပြီ”

All Chapters