အခန်း (၆၂၁)
Vol. 52 Ch. 621
“အကြွေးဆပ်ဖို့လား”
စစ်ရှီးသည် ချန်ကျဲ့ကို နားမလည်နိုင်ဘဲ ကြည့်နေခဲ့သည်။ ချန်ကျဲ့မှ ရယ်မောလျက် ပြောသည်။
“ဟုတ်တယ်၊ အကြွေးပြန်ဆပ်ရမှာ။ အို ဒါနဲ့ ဒါက ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ရဲ့ နှစ်ချုပ်စာရင်းစာအုပ်.. ငွေဘယ်လောက်ကျန်သေးလဲ ကြည့်လိုက်ဦး”
စစ်ရှီးသည် စာအုပ်ကို ကောက်ယူကြည့်လိုက်သည်။ ထို့နောက် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ပြောသည်။
“ကုန်သည်အဖွဲ့ကြီးတစ်ဖွဲ့က ဘယ်လိုဖြစ်ပြီး ငွေတိုက်ထဲမှာ ငွေတုံး၂၅၀၀၀ပဲ ကျန်ရတော့တာလဲ”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“အတော်လေး များသားပဲ ဟုတ်တယ်မလား”
“အဲဒါက များတာလား။ ပုံမှန်အားဖြင့် ကုန်သည်အဖွဲ့ကို စီမံခန့်ခွဲဖို့အတွက် တစ်လကို ငွေတုံးသုံးထောင်ကနေ ငါးထောင်အတွင်း လိုအပ်တာလေ။ ဒီပမာဏနဲ့ဆို အကြွေးဆပ်ပြီးရင် ဌာနချုပ်အတွက် တစ်လစာပဲ လုံလောက်တော့မှာ။ အဲဒီနောက်ပိုင်းကျ ဘယ်လိုလည်ပတ်ကြမလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အဲဒါကြောင့်ပဲ အဲဒီအကြွေးနှစ်သောင်းကို ပြန်ဆပ်ဖို့ ဖိအားပေးရမှာ။ အဲဒါဆို ဌာနချုပ်မှာ ငွေငါးထောင်ပဲ ကျန်တော့မယ်။ အဲဒီအခါကျ ဌာနချုပ်က ဝင်ငွေတိုးအောင်လို့ နည်းလမ်းရှာရလိမ့်မယ်”
“ဝင်ငွေတိုးဖို့လား”
စစ်ရှီး မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်လိုလုပ်နိုင်မှာလဲ။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဝင်ငွေအရင်းအမြစ်တွေဖြစ်တဲ့ ဆားလုပ်ငန်းလိုမျိုး လုပ်ငန်းတွေက ပိတ်ထားရတာလေ။ သံသတ္တုလည်း ရောင်းလို့မရပြန်ဘူး။ ကုန်သွယ်ရေးလုပ်ငန်းကလည်း ရပ်ထားတယ်။ ငါးရောင်းတာကတော့ မပြောနေပါနဲ့တော့”
စစ်ရှီးသည် အလွန်တရာ စိတ်ရှုပ်ထွေးနေ၏။
နာမည်က ငါးဖမ်းကုန်သည်အဖွဲ့ဖြစ်နေပေမယ့် ငါးရောင်းတာက အရေးပါမှုအနည်းဆုံး လုပ်ငန်းတဲ့လား။
ငါးရောင်းလုပ်ငန်းသည် ငါးဖမ်းကုန်သည်အဖွဲ့၏ အရေးပါမှုအနည်းဆုံး လုပ်ငန်းဖြစ်သည်။ တံငါသည်များ ငါးဖမ်းရောင်းခြင်းမှာလည်း လက်တွေ့တွင် ကုန်သည်အဖွဲ့၏ ရိုးရာထုံးတမ်းကို ထိန်းသိမ်းသည့်နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။ အမှန်တကယ်သာ ငါးရောင်းခြင်းလုပ်ငန်းကို အမှီပြု၍ ဝင်ငွေရှာဖွေပါက အားလုံး ငတ်ပြတ်နေပေလိမ့်မည်။
ငါးရောင်းလုပ်ငန်းသည် မြို့နယ်အဆင့် အင်းများကို ထောက်ပံ့ရန်အတွက်သာ လုံလောက်သည်။ ကုန်သည်အဖွဲ့တစ်ခုလည်ပတ်စေရန်အတွက်မူ ပို၍ အမြတ်များသည့်နည်းလမ်းများ လိုအပ်ပေသည်။
သို့ဖြစ်ရာ ငါးဖမ်းကုန်သည်အဖွဲ့ ဌာနချုပ်အတွက် ဝင်ငွေတိုးမြှင့်ရန်မှာ ခိုးနှိုက်လုယက်ခြင်းနှင့် လမ်းထွက်ဓားပြတိုက်ခြင်းမှအပ အခြားနည်းလမ်း မရှိနိုင်ပေ။
ထိုလုပ်ရပ်သာ ပေါက်ကြားပျံ့နှံ့သွားပါက လူအပေါင်း လှောင်ရယ်ဖွယ်ရာ ဖြစ်လိမ့်မည်။ ငါးဖမ်းကုန်သည်အဖွဲ့သည် သာမန်ပြည်သူများကို အုပ်စိုးနိုင်စွမ်းရှိသော်ငြား ဓားပြတိုက်လုယက်ခြင်းကိုဖြင့် မလုပ်နိုင်ပါချေ။ လုယက်ခြင်းဟူသည် ဓားပြများလုပ်လေ့ရှိသည့် လုပ်ရပ်ဖြစ်ပြီး ကုန်သည်အဖွဲ့တစ်ဖွဲ့သည် ဓားပြများထက် ပိုမိုနိမ့်ကျသည့်လုပ်ရပ်ကို မလုပ်သင့်ပါချေ။
သို့ဖြစ်ရာ ဝင်ငွေအရင်းအမြစ်အသစ် ရှာဖွေရန်မှာ အလွန်တရာ ခက်ခဲ၏။
စစ်ရှီးသည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ ချန်ကျဲ့မှ ပြုံးလျက် ပြောသည်။
“ခေါင်းဆောင်နန်က ဖြေရှင်းနည်းတစ်ခုရှာလိမ့်မယ်”
ထို့နောက် ချန်ကျဲ့ဆက်ပြောသည်။
“မနက်ဖြန်ကျရင် မုလန်လူမျိုးတွေ ခေါင်းဆောင်နန်ဆီ ပိုက်ဆံသွားတောင်းအောင် လုပ်လိုက်။ အဲဒီသုံးစားမရတဲ့လူတစ်စုက ပိုက်ဆံရမှာကိုတောင် စိတ်အားထက်သန်မှု မရှိဘူး။ သူတို့ တခြားဘာအသုံးကျဦးမလဲ။ သနားဖို့ကောင်းတဲ့ကောင်တွေ”
ထိုအခါ စစ်ရှီးမှ ပြောသည်။
“နားလည်ပါပြီ”
…
နောက်တစ်နေ့ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌
အားအာထိုက်ဦးဆောင်သည့် လူတစ်ရာခန့်ပါဝင်သော မုလန်လူမျိုးတစ်စုသည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ကို ဝိုင်းထားလိုက်ကြသည်။
နန်ပါးထျန်းသည် တစ်ညလုံး မအိပ်ရသေးပေ။ မနေ့က ချန်ကျိုစစ်၏ အကွက်ဆင်မှုကြောင့် သူသည် ထောင့်စွန်းသို့ တွန်းပို့ခံလိုက်ရကာ ရွေးချယ်စရာမရှိသည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည် မဟုတ်ပါလား။ သို့ဖြင့် နန်ပါးထျန်းသည် မျက်လုံးများ နီမြန်းဖောင်းကားနေလျက် မျက်ကွင်းညိုမဲနေသည်မှာ မြင်ရသူအဖို့ သနားချင့်စဖွယ်ပင်။
နန်ပါးထျန်းသည် ပင်ပန်းလွန်းသဖြင့် အိပ်ရာထက် လှဲလျောင်းတော့မည်တွင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် အပြေးရောက်လာကြသော်ငြား မနေ့က သတင်းပို့ရန် အခန်းထဲဝင်သွားသည့် အဖွဲ့သားလေးသည် နန်ပါးထျန်း၏ အသေရိုက်သတ်ခံလိုက်ရသောကြောင့် အခန်းထဲ မဝင်ရဲကြပေ။
သူတို့၏ခေါင်းဆောင်သည် အိပ်မက်ထဲတွင်ပင် လူသတ်နေသည်ဟူသည့် ကောလာဟလများပင် ပျံ့နှံ့လာခဲ့ပေသည်။
သို့သော် အခြေအနေသည် အလွန်အရေးကြီးနေလေရာ သတင်းမပို့ဘဲ ထားလိုက်၍လည်း မဖြစ်ချေ။ ခဏမျှစဉ်းစားပြီးနောက် အဖွဲ့သားများသည် မကြာသေးမီကမှ အိပ်ရာဝင်သွားသည့် ထန်ဇီယွဲ့ဆီသို့ သွားလိုက်ကြသည်။
ထန်ဇီယွဲ့သည်လည်း ချန်ကျဲ့နှင့် ဉာဏ်ပညာချင်းယှဉ်နေရသဖြင့် တစ်ညလုံး မအိပ်ရသေးပေ။ သူသည် ချန်ကျဲ့ နောက်ထပ်ဘာလုပ်လိမ့်မည်နည်းဟု တစ်ညလုံး စဉ်းစားနေခဲ့သော်ငြား စဉ်းစားမရခဲ့ပေ။
သို့ဖြင့် သူလှဲအိပ်ခါစတွင် အဖွဲ့သားတချို့ရောက်လာပြီး တံခါးကို ထုရိုက်လာခဲ့သည်။
ထန်ဇီယွဲ့မှာ ချက်ချင်းပြန်နိုးသွားရပြီး အပြင်ဝတ်ကို အမြန်လွှားဝတ်လိုက်ပြီး တံခါးသွားဖွင့်ကာ မေးလိုက်သည်။
“ဘာကိစ္စလဲ”
အဖွဲ့သားမှ ပြောသည်။
“ခန်းမအရှင်သခင်ထန် ပြဿနာတက်နေပါပြီ။ မုလန်လူမျိုးတစ်စုက ကျွန်တော်တို့ဂိတ်တံခါးဝမှာ ပိတ်ဆို့ပြီး ငွေပေးဖို့ တောင်းနေကြပါတယ်။ ငွေမပေးမချင်း မပြန်ဘူးတဲ့”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“အဲဒီကိစ္စ ခေါင်းဆောင်သိပြီးပြီလား”
အဖွဲ့သားမှ ပြန်ဖြေသည်။
“ကျွန်တော် ခေါင်းဆောင်ကို မတင်ပြရဲလို့ပါ”
ထန်ဇီယွဲ့မှ ပြောသည်။
“ကောင်းပြီ၊ ငါ အရင်ဆုံး တစ်ချက်ကြည့်ကြည့်ရအောင် ငါ့ကို ဂိတ်တံခါးဆီ ခေါ်သွားပေးပါ”
ဂိတ်ဝသို့ရောက်သောအခါ အားအာထိုက်ကို မြင်လိုက်ရသည်။ မုလန်လူမျိုးများသည် အခိုင်အမာ ပြောဆိုနေကြ၏။
အခုချက်ချင်း ငွေတုံးနှစ်သောင်းထုတ်ပေးစမ်း ဟူ၏။
ထန်ဇီယွဲ့မှ ပြောသည်။
“လူကြီးမင်းတို့ အရမ်းမလောကြပါနဲ့။ ကျွန်တော်တို့ကို ရက်နည်းနည်းလောက် အချိန်ထပ်ပေးပါဦး”
အားအာထိုက်မှ ပြန်ပြောသည်။
“ဟန့်လူမျိုးကောင် မင်းက ငါတို့ကို လှည့်စားချင်နေသေးတာလား။ မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ငွေတိုက်ထဲမှာ ငွေတုံးနှစ်သောင်းပဲ ကျန်တော့တာဆို။ ငါတို့နောက်ကျမှ လာခဲ့ရင် ငါတို့ ဘာငွေမှ မရလိုက်မှာ စိုးရတယ်။ ငါတို့ရမယ့်ပိုက်ဆံကို ဒီနေ့ပဲ လိုချင်တယ်။ မပေးရင် ငါတို့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆီ သွားပြီး တိုင်ကြားမယ်”
“ဘာ”
ထန်ဇီယွဲ့ မျက်မှောင်ကြုတ်သွားပြီး အဖွဲ့သားတစ်ဦးကို ညွှန်ကြားလိုက်သည်။
“ငါ့ကို စာရင်းစာအုပ်ယူလာပေးစမ်း”
အဖွဲ့သားသည် စာရင်းဌာနမှ စာရင်းစာအုပ်များကို အမြန်စုဆောင်းယူလာပေးသည်။ စာရင်းစာအုပ်များကို စစ်ဆေးကြည့်ရှုပြီးနောက် ထန်ဇီယွဲ့ မျက်မှောင်ကြုတ်လိုက်၏။
တကယ်ကြီး ငွေတုံး၂၅၀၀၀ပဲ ကျန်တော့တာပဲ။ ဘာလို့ ဒီလောက်နည်းနေရတာလဲ။
သေချာစဉ်းစားပြီးနောက် ထန်ဇီယွဲ့နားလည်သွားခဲ့သည်။ လတ်တလောတွင် သံသတ္တုတွင်းများ ပိတ်ထားရပြီး ရေကြောင်းကုန်သွယ်မှုကိုလည်း ရပ်ထားရသည်။ ဆားလုပ်ငန်းသည်လည်း ကျားဖြူခန်းမကြောင့် ပျက်စီးလုနီးပါးပင်။ ဤမျှပမာဏ ရှိနေရန်အတွက်ပင် လွယ်ကူသည် မဟုတ်ချေ။
ဒီနေ့ မုလန်လူမျိုးများ ဤသို့ပြဿနာလာရှာခြင်းသည် နောက်ကွယ်မှ မွှေနှောက်ပေးသူတစ်ယောက်ယောက် သေချာပေါက် ရှိလိမ့်မည်။
“ချန်ကျိုစစ်ပဲ သေချာတယ်။ ချန်ကျိုစစ်ပဲ ဖြစ်လိမ့်မယ်။ အဲဒီကောင်လေးရဲ့အကွက်တွေက အသက်နုတ်ကွက်တွေချည်းပဲ။ တစ်လှိုင်းပြီးတစ်လှိုင်း ဆက်တိုက် ထနေစေတာ။ လူကို အသက်ရှူဖို့အခွင့်အရေး လုံးဝ မပေးဘူး”
ထန်ဇီယွဲ့သည် မျက်ခုံးများတွန့်ချိုးလျက် အဖွဲ့သားလေးကို လှည့်ပြောလိုက်သည်။
“ဂုဏ်သရေရှိဧည့်သည်တွေကို ကောင်းကောင်းဧည့်ခံဖို့အတွက် လက်ဖက်ရည်ပြင်ဆင်ပြီး ယူလာခဲ့”
ထို့နောက် ထန်ဇီယွဲ့သည် နန်ပါးထျန်းဆီ အမြန်သွားလိုက်သည်။
နန်ပါးထျန်းသည် လဲလျောင်းခါစတွင် ထန်ဇီယွဲ့၏ တံခါးခေါက်သံကြောင့် နိုးသွားခဲ့သည်။ သူသည် မျက်လုံးသွေးကြောများ နီမြန်းလျက် ဒေါသပေါက်ကွဲရန် ပြင်လိုက်သော်ငြား ထန်ဇီယွဲ့ကိုမြင်သောအခါ ဒေါသကို ပြန်ထိန်းလိုက်သည်။
ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် မုလန်လူမျိုးတွေ ပိုက်ဆံလာတောင်းနေပါတယ်”
“ဘာ”
ထန်ဇီယွဲ့မှ နောက်တစ်ကြိမ် ပြန်ပြောလိုက်သည်။
“မုလန်လူမျိုးတွေ ပိုက်ဆံလာတောင်းနေပါတယ်”
“သူတို့ပိုက်ဆံလာတောင်းနေပြီလား။ သူတို့ကို နောက်ရက်နည်းနည်းနေမှ ပေးမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား”
“သူတို့က အခုလိုချင်နေပါတယ်။ မပေးမချင်း မပြန်ဘူးတဲ့။ ကျွန်တော်တို့ငွေတိုက်စာရင်းထဲမှာ ငွေဘယ်လောက်ကျန်လဲဆိုတာကိုပါ သိနေပါတယ်။ ကျွန်တော်တို့မှာ ငွေတုံး၂၅၀၀၀ပဲ ကျန်တော့တာပါ။ သူတို့ကို ငွေတုံးနှစ်သောင်းပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့မှာ ငါးထောင်ပဲ ကျန်ပါတော့မယ်”