အခန်း (၆၂၂)
Vol. 52 Ch. 622
“ဒါက”
နန်ပါးထျန်းသည် မျက်လုံးပြူးကျယ်နေလျက် ပြောသည်။
“ငါတို့ ငွေစာရင်းထဲ ပိုက်ဆံဘယ်လောက်ကျန်လဲဆိုတာ သူတို့က ဘယ်လိုသိတာလဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“ချန်ကျိုစစ် လက်ချက်ထင်ပါတယ်။ ချန်ကျိုစစ်က ဒီကိစ္စကို အသုံးချပြီး ကျွန်တော်တို့ကို ဖိအားပေးချင်နေတာပါ”
“ချန်ကျိုစစ် ချန်ကျိုစစ်”
“ဘာလို့ အမြဲ သူပဲလဲ”
နန်ပါးထျန်း ဒေါသတကြီး အော်ဟစ်ရေရွတ်သည်။ ထန်ဇီယွဲ့သည်လည်း နာကျင်နေရသည့် မျက်နှာအမူအရာဖြင့် ပြောသည်။
“ကြည့်ရတာ ချန်ကျိုစစ်က ကျွန်တော်တို့နဲ့ အသေအကြေတိုက်ခိုက်ချင်တာ ထင်တယ်”
“ငါလည်း သူ့ကို သေတဲ့အထိ တိုက်ခိုက်ချင်တာ။ ငါ ငါ သူ့ကို သတ်ရမယ်”
နန်ပါးထျန်း၏မျက်လုံးများတွင် အမျက်ဒေါသများ ပြည့်နှက်နေသည်။ ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် ချန်ကျိုစစ်ကို သတ်ဖို့က နောက်ပိုင်းကိစ္စပါ။ အခုအရေးအကြီးဆုံးက စစ်လက်နက်ပစ္စည်းတွေကို ရှာဖို့ပါ။ နောက်တစ်ခုက ကျွန်တော်တို့ ဒီမုလန်လူမျိုးတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာပါ”
ခဏမျှစဉ်းစားပြီးနောက် နန်ပါးထျန်းမှ ပြောသည်။
“ငွေစာရင်းထဲမှာ ၂၅၀၀၀ပဲ ကျန်တော့တာလား”
ထန်ဇီယွဲ့မှ ပြောသည်။
“ဟုတ်ပါတယ်”
“ဒီလအတွက် ဆားလုပ်ငန်းက ဝင်ငွေနဲ့ တခြားဝင်ငွေတွေကရော”
ထန်ဇီယွဲ့မှ ပြောသည်။
“အဲဒီငွေတွေက ကုန်သည်အဖွဲ့ ပုံမှန်အတိုင်းလည်ပတ်ဖို့အတွက် မလုံလောက်ပါဘူး”
“အဲဒီတော့ ခေါင်းဆောင်၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ရက်နည်းနည်းလောက် အချိန်ပေးဖို့ သခင်ကြီးယဲ့လုကို သွားတောင်းဆိုရမလား။ အခု မုလန်လူမျိုးတွေကို ငွေတုံးနှစ်သောင်းပေးလိုက်ရင် ကုန်သည်အဖွဲ့ကို တစ်လလည်ပတ်ဖို့တောင် ခက်ခဲသွားလိမ့်မယ်။ နောက်လကျရင် ငွေလည်ပတ်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအခါကျ အဖွဲ့သားညီနောင်တွေ မကျေမနပ်ဖြစ်ကြလိမ့်မယ်”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“မရဘူး။ ငါတို့ သခင်ကြီးယဲ့လုကို တောင်းဆိုလို့ မရဘူး။ အခုနေ သခင်ကြီးယဲ့လုကို ထပ်တောင်းဆိုလိုက်ရင် ငါတို့က ပိုအားနည်းတဲ့ပုံပေါက်သွားလိမ့်မယ်။ ငွေတုံးလေးနှစ်သောင်းပဲမဟုတ်လား ပေးလိုက်”
“ခေါင်းဆောင် အဲဒီပိုက်ဆံကို ပေးလိုက်ရင် ကုန်သည်အဖွဲ့ကို ဘယ်လိုလည်ပတ်မလဲ”
ထန်ဇီယွဲ့မှ စိုးရိမ်ပူပန်စွာဖြင့် ပြောရာ နန်ပါးထျန်းမှ အေးစက်စက်ပြုံးလိုက်ပြီး ပြန်ပြောသည်။
“ဟား ချန်ကျိုစစ်က သူ့ရဲ့လှည့်ကွက်သေးသေးလေးတွေနဲ့များ ငါ့ကိုသတ်ချင်သတဲ့လား။ ဝေးသေးတယ်။ ကိစ္စမရှိဘူး။ အဲဒီသူတောင်းစားမုလန်လူမျိုးတွေကို ပေးစရာရှိတာ ပေးလိုက်ပြီး အရင်ပြန်လွှတ်လိုက်”
“ဒါက ခေါင်းဆောင်၊ ဒါဆို ကုန်သည်အဖွဲ့ကို ဘယ်လိုလုပ်မလဲ”
နန်ပါးထျန်းမှ ပြောသည်။
“ကုန်သည်အဖွဲ့က ပုံမှန်အတိုင်း စားသောက်နေထိုင်လို့ရတယ်။ ဘယ်အရာမှ မနှောင့်နှေးစေရဘူး။ မင်းစိတ်ချထားစမ်းပါ။ ငွေနည်းနည်းလေးပဲဟာ ပြန်ရှာရလွယ်ပါတယ်”
ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် ဆားလုပ်ငန်းက ကျားဖြူခန်းမရဲ့သက်ရောက်မှုကြောင့် ဝင်ငွေနည်းပါးပါတယ်။ ရေကြောင်းကုန်သွယ်မှုကလည်း ပိတ်ထားတယ်။ သံသတ္တုလုပ်ငန်းလည်း ရပ်ထားရတယ်။ ကျွန်တော်တို့က ငါးရောင်းလုပ်ငန်းကို မှီခိုပြီး ငွေရှာရမှာလား”
နန်ပါးထျန်းမှ ပြောသည်။
“ငါးရောင်းလုပ်ငန်းတဲ့လား။ ငါ လုယက်မှာ”
…
“ခေါင်းဆောင်နန် ဒါက အတင်းအဓမ္မလုယက်နေတာပါ”
ညအချိန် နန်ပါးထျန်း၏အိမ်တော်၌ အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် နောက်ထပ်အသံများစွာလည်း ဆက်လက်ထွက်ပေါ်လာသည်။
“ဒီလိုပါ ခေါင်းဆောင်၊ ဒီတစ်ကြိမ်ကုန်ပစ္စည်းတစ်သုတ်မှာ ကျွန်တော်တို့ တကယ်ပဲ ငွေများများစားစား မရခဲ့ပါဘူး။ ခေါင်းဆောင် ဒီလိုလုပ်ရင် ကျွန်တော်တို့ ကုန်သွယ်လုပ်ငန်းကို ဆက်မလုပ်နိုင်တော့ပါဘူး”
“ခေါင်းဆောင်နန် ဒီလိုလုပ်လို့ မဖြစ်ပါဘူး။ နှုန်းထားက မှန်ကန်မနေပါဘူး။ နည်းနည်းလျှော့ပေးပါ”
ထိုအခိုက်အတန့်၌ နန်ပါးထျန်းသည် ခန်းမထဲတွင် ဟန်မပျက် လက်ဖက်ရည်ထိုင်သောက်နေသည်။
သို့သော် မျန့်ရွှေ၏ကုန်သည်ကြီးများသည်တော့ စိတ်အေးလက်အေး ထိုင်မနေနိုင်ပေ။ ထိုကုန်သည်များသည် ဆန်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ ဆီလုပ်ငန်း စသဖြင့် အမျိုးမျိုးသော ကုန်သွယ်ရေးလုပ်ငန်းများမှ ကုန်သည်ကြီးများ ဖြစ်သည်။
ကုန်ပစ္စည်းအမျိုးမျိုး ကွဲပြားခြားနား၏။
ယခုတွင် သူတို့အားလုံးသည် ပြဿနာတစ်ခုကို ရင်ဆိုင်နေရသည်။ မျန့်ရွှေမြစ်ပိတ်ဆို့ထားခြင်းပြဿနာဖြစ်၏။ မျန့်ရွှေမြစ်ပိတ်ဆို့ထားသောကြောင့် သူတို့၏ကုန်ပစ္စည်းများကို သယ်ယူတင်ပို့ခြင်းများ မပြုလုပ်နိုင်တော့ပေ။
အချို့သော ကုန်ပစ္စည်းများသည် အခြားဒေသများမှ ကြိုတင်မှာယူထားသော ကုန်ပစ္စည်းများဖြစ်သောကြောင့် အချိန်မီ သင်္ဘောမထွက်နိုင်ပါက မိမိလက်ထဲတွင်သာ သောင်တင်နေပြီး စာချုပ်အရ လျော်ကြေးမြင့်မြင့် ပေးဆောင်ရပေမည်။
ထို့ကြောင့် ကုန်သည်များသည် အလွန်စိုးရိမ်ပူပန်နေကြကာ သူတို့အတွက် သင်္ဘောထွက်ပေးနိုင်မည့်သူကို ရှာဖွေနေကြသည်။
ရှာဖွေသည့်ရလဒ်မှာ မျန့်ရွှေ၏ ကုန်သည်အဖွဲ့ကြီးသုံးခုစလုံး မြစ်ထဲမဆင်းနိုင်ဘဲ ၎င်းအတွက် တာဝန်ရှိသူမှာ နန်ပါးထျန်းဖြစ်ကြောင်း သိလိုက်ရသည်။
သို့ဖြင့် ဤကုန်သည်များသည် နန်ပါးထျန်းကို လာရောက်တောင်းဆိုကြခြင်း ဖြစ်သည်။ လွန်ခဲ့သည့်တောင်းဆိုမှုများတွင် နန်ပါးထျန်းသည် ယခုအချိန်တွင် ကုန်ပစ္စည်းများကို သင်္ဘောဖြင့် တင်ပို့ခြင်းသည် သေလမ်းရှာနေခြင်းဟု ဆိုကာ ငြင်းခဲ့သည်။
အကယ်၍များ မိန်ဂိုဏ်းသားတစ်အုပ်ကို သွားခွင့်ပေးလိုက်မိရင် ဘယ်လိုလုပ်မတုန်း။
သို့သော် ဤတစ်ကြိမ်တွင် နန်ပါးထျန်းသည် ကုန်သည်ကြီးများအား ညှိနှိုင်းရန်အတွက် ဆင့်ခေါ်လာခဲ့ရာ ကုန်သည်ကြီးများသည် အံ့အားသင့်နေကြသည်။
သို့ဖြင့် လက်ရှိဤမြင်ကွင်း ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ကုန်သည်ကြီးတစ်စုသည် ဈေးနှုန်းမြင့်လွန်းသောကြောင့် နန်ပါးထျန်းကို တောင်းပန်နေကြသည်။
နန်ပါးထျန်းသည်တော့ စိတ်အေးလက်အေး လက်ဖက်ရည်ကို အရသာခံသောက်သုံးရင်း ပြောသည်။
“လူကြီးမင်းတို့ လူကြီးမင်းတို့၊ လူကြီးမင်းတို့ကို ကျုပ်နန်ပါးထျန်းက အကျပ်ကိုင်ပြီး တမင်မကူညီတာ မဟုတ်ပါဘူး။ ဒီကိစ္စက စွန့်စားမှုအရမ်းကြီးတာမို့လို့ပါ။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးနေတာဆိုတော့ ဒီလိုအချိန်မျိုးမှာ ဈေးကလည်း အလိုအလျောက် မြင့်သွားတာပဲပေါ့”
“သေချာပေါက်ပါပဲ ကျုပ် နန်ပါးထျန်းက ဘယ်သူ့ကိုမှ ဖိအားမပေးပါဘူး။ လူကြီးမင်းတို့ သင်္ဘောမထွက်ချင်ဘူးဆိုရင် ကျုပ်လည်း ဘာမှမပြောလိုပါဘူး”
“ဒါပေမဲ့ လူကြီးမင်းတို့ဘက်က သင်္ဘောထွက်ဖို့ ဆန္ဒရှိရင်တော့ ကျုပ်က လူကြီးမင်းတို့အကျိုးအမြတ်ရဲ့ ၅၀ရာခိုင်နှုန်းကို သင်္ဘောခအဖြစ် ယူပါမယ်။ အရမ်းမများပါဘူး ဟုတ်တယ်မလား”
ခေါင်းဆောင်နန်မှ ရယ်မောလျက် ဆက်ပြောသည်။
“ခြုံငုံကြည့်လိုက်ရင် ဒါက လျော်ကြေးပေးရတာထက် ပိုကောင်းပါတယ်”
ကုန်သည်ကြီးများသည် နန်ပါးထျန်းမှာ အခြေအနေအပေါ် အမြတ်ထုတ်နေခြင်းဖြစ်ကြောင်း သိသည်။ ၅၀ရာခိုင်နှုန်းသည် အလွန်များလွန်း၏။ ပုံမှန်အားဖြင့် သင်္ဘောအတွက် ပေးရသည့် သယ်ယူပို့ဆောင်စရိတ်သည် အကျိုးအမြတ်၏ ၅ရာခိုင်နှုန်းဖြစ်သည်။ ယခုတွင် နန်ပါးထျန်းသည် ပုံမှန်ထက် ၁၀ဆ ပိုတောင်းနေခြင်းဖြစ်သည်။
ဒီလောက်ပမာဏအများကြီးတောင်းနေတာက လုယက်ဓားပြတိုက်နေတာပဲ မဟုတ်လား။
သို့သော် နန်ပါးထျန်းပြောသည်မှာ မှန်သည်။ ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်ပါက လျော်ကြေးမပေးရတော့ပေ။ ၅၀ရာခိုင်နှုန်း ပေးချေရခြင်းသည် တကယ်တော့ လက်ခံနိုင်ပါသေးသည်။
သို့သော် နန်ပါးထျန်းထံမှ ဤသို့အမြတ်ထုတ်ခံရခြင်းသည် သူတို့၏စိတ်ထဲ ခါးသီးကျန်ရစ်ခဲ့စေသည်။
သို့သော် နန်ပါးထျန်းမှ ဆက်ပြောသည့်စကားများသည် သူတို့၏ အမျက်ဒေါသကို လျင်မြန်စွာ ပျက်ပြယ်သွားစေခဲ့သည်။ နန်ပါးထျန်းမှ ပြောသည်။
“အင်း ကျုပ် ခင်ဗျားတို့ကို ဒီတစ်ခုတော့ သတိပေးရမယ်။ မျန့်ရွှေမြစ်က နောက်ထပ် လဝက်လောက်တော့ အပိတ်ခံထားရဦးမှာ။ သင်္ဘောလှေတစ်စီးမှ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူး။ ကျုပ်လည်း ဒီတစ်ကြိမ်ပဲ သင်္ဘောထွက်ပေးမှာ။ ဒီတစ်ကြိမ်ပြီး နောက်၁၀ရက်အထိ ကျုပ်သင်္ဘောတွေလည်း တစ်စီးမှ ထွက်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ခင်ဗျားတို့လည်း စောင့်နေရုံပဲ တတ်နိုင်လိမ့်မယ်”
“ဒါက…”
ကုန်သည်ကြီးများမှာ စိတ်ပျက်သွားတော့သည်။ သူတို့ ချောင်ပိတ်ခံနေရလေပြီ။
ထို့နောက် နောက်ဆုံးတွင်တော့ စိတ်လျှော့လိုက်ပြီး ပြောလိုက်ရသည်။
“ကောင်းပြီ ကျုပ်တို့လက်ခံတယ်။ ၅၀ရာခိုင်နှုန်းပေးမယ်”
ထိုအခါ နန်ပါးထျန်းသည် ချက်ချင်း ပြုံးလိုက်ပြီး ပြောသည်။
“အာ ဒီလိုမှပေါ့”
…
ထိုစဉ် ချန်ကျဲ့လည်း ထိုသတင်းကို လက်ခံရရှိခဲ့သည်။
“အို ဆိုတော့ နန်ပါးထျန်းက တကယ်ကြီး အဲဒီလိုလုပ်လိုက်တယ်ပေါ့။ ကောင်းတယ် ကောင်းတယ်။ ငါးကတော့ ငါးစာဟပ်ပြီ။ ရှောင်ဟူ ခဏနေရင် ခေါင်းဆောင်လျိုနဲ့ တွေ့ရအောင် စီစဉ်ပေးပါဦး။ ငါ ဒီနေ့ ခေါင်းဆောင်လျိုနဲ့ ညစာစားမယ် ဟားဟား…”