အခန်း (၆၂၃)
Vol. 52 Ch. 623
“ဘာ”
ဘုန်း
လျိုလောင်ကွေ့ ထရပ်ကာ စားပွဲကို ရိုက်ချလိုက်သည်။ သူ၏မျက်လုံးအစုံ၌ အမျက်ဒေါသများ တောက်လောင်နေခြင်းနှင့်အတူ သူ၏လက်ဖဝါးတွင်လည်း မီးတောက်မီးလျံများ ထွက်ပေါ်နေခဲ့သည်။ ဤသည်မှာ ချီစွမ်းအင်ကို မထိန်းချုပ်နိုင်သည့် လက္ခဏာဖြစ်သည်။
“သူ နန်ပါးထျန်းက လုပ်ရဲသလား”
လျိုလောင်ကွေ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“နန်ပါးထျန်းက အရမ်းအတင့်ရဲလွန်းတာပဲ”
“အာ ခေါင်းဆောင်လျို စိတ်အေးအေးထားပါ။ သေရည်သောက်ပါဦး။ ကျွန်တော်က ဒီတိုင်း သတင်းကို ပြန်ပြောပြရုံပါ။ ဘာလို့ ဒေါသထွက်ရတာလဲ”
“လာ သေရည်လေးသောက်လိုက်”
ချန်ကျဲ့သည် လျိုလောင်ကွေ့ကို ဆွဲ၍ ပြန်ထိုင်စေကာ သူ၏သေရည်ခွက်ကို ပင့်မြှောက်၍ လျိုလောင်ကွေ့ကို သောက်သုံးရန် ဖိတ်ခေါ်ခြင်းဖြင့် စိတ်အေးသက်သာစေရန် ကြိုးစားဖျန်ဖြေသည်။
လျိုလောင်ကွေ့လည်း ပြန်ထိုင်လိုက်ပြီး ချန်ကျဲ့ကိုကြည့်ကာ သေရည်ခွက်ကို ပင့်မြှောက်လိုက်သည်။
“မင်းပြောတဲ့သတင်းက အမှန်ပဲလား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော်က အစ်ကိုကြီးလျိုကို ဘာလို့လိမ်ရမှာလဲ။ ဒီသတင်းက လုံးဝ မှန်ကန်ပါတယ်။ အစ်ကိုကြီးလျို အခု ဆိပ်ကမ်းကို လူစေလွှတ်လိုက်တာဖြစ်ဖြစ် ဒါမှမဟုတ် မြို့ထဲက ကုန်သည်ကြီးတွေကို သွားမေးတာဖြစ်ဖြစ် လုပ်ကြည့်လိုက်ပါ။ အမှန်ဟုတ်၊မဟုတ် အဖြေရပါလိမ့်မယ်။ ဒီလိုကိစ္စမျိုးက စုံစမ်းရလွယ်ကူပါတယ်”
ထိုအခါ လျိုလောင်ကွေ့သည် စိတ်အေးလက်အေး ဆက်မသောက်နိုင်တော့ပေ။ ထို့နောက် ချန်ကျဲ့ကိုကြည့်ပြီး ပြောသည်။
“ဒီနန်ပါးထျန်းက အရမ်းရဲတင်းလွန်းတာပဲ။ သူကိုယ်တိုင် မျန့်ရွှေမြစ်ကို သင်္ဘောတစ်စီးမှ မထွက်ခွာနိုင်အောင် ပိတ်ဆို့ထားပြီးတော့ သူရဲ့ကုန်တင်သင်္ဘောကိုကျတော့ ကုန်သည်ကြီးတွေကို စျေးနှုန်းမြင့်မြင့်တောင်းပြီး ထွက်ခွာစေတယ်။ အဲဒီကောင်မှာ အရှက်မရှိဘူးလား”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ခေါင်းဆောင်နန် ဒီလိုလုပ်တာလည်း ကျဉ်းထဲကျပ်ထဲရောက်နေတာကြောင့်လို့ ထင်ပါတယ်။ ခြုံငုံကြည့်လိုက်ရင် မုလန်လူမျိုးတွေက သူ့အိမ်တံခါးကို ပိတ်ဆို့ပြီး ငွေတောင်းနေကြတာ မဟုတ်လား။ ဆားလုပ်ငန်းနဲ့ သံသတ္တုတွင်းကလည်း ဝင်ငွေမရှိဘူး။ ကုန်သည်အဖွဲ့မှာက အဖွဲ့သားတစ်ထောင်ကျော်ကို စီမံခန့်ခွဲဖို့ လိုအပ်တယ်။ ပိုက်ဆံမရှိရင် ခေါင်းဆောင်နန်အတွက် ခက်ခဲနေမှာပဲလေ”
“အဲ့တော့ သူ့အတွက်တော့ ခက်ခဲပြီး ငါ့အတွက်ကျ လွယ်ကူနေလို့လား။ ငါ့ရဲ့ချောင်ကုန်သည်အဖွဲ့ကလည်း အဖွဲ့သားထောင်ချီကို ကြည့်ရှုရမှာပါပဲ။ ငါတို့မှာလည်း စားသောက်စရိတ်ရှိတယ်၊ လက်ထပ်ပွဲတွေရှိတယ်၊ စျာပနအခမ်းအနားတွေ လုပ်ရတာရှိတယ်။ အကုန်လုံးက ပိုက်ဆံလိုအပ်တာချည်းပဲ။ သူတစ်ယောက်ပဲ ပိုက်ဆံလိုတာမို့လို့လား။ ငါတို့အတွက်လည်း အရမ်းခက်ခဲနေတာပဲ”
“ဒီရေလမ်းကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းက အစက ငါတို့ချောင်ကုန်သည်အဖွဲ့ရဲ့ အဓိကလုပ်ငန်းအရင်းအမြစ်တစ်ခုပဲ။ အခုကျ အခြေအနေပြောင်းလဲပြီး သူက မျန့်ရွှေမြစ်ရဲ့ အဓိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်ဖြစ်သွားပြီ။ သူ ဒီတစ်ခေါက် ငါ့ရဲ့ဖောက်သည်တွေ အများကြီးကို ခိုးယူသွားခဲ့တယ်။ မဖြစ်ဘူး၊ ဒီကိစ္စကို ဒီတိုင်းကျော်သွားလို့ မဖြစ်ဘူး။ ငါ သူနဲ့ စာရင်းရှင်းရမယ်”
ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုကြီးလျို စိတ်အေးအေးထားပါ။ အစ်ကိုက သူနဲ့ ဘယ်စာရင်းကို ဘယ်လိုသွားရှင်းမှာလဲ။ သူက ဒီတိုင်း မသမာတဲ့နည်းလမ်းနဲ့ ဝင်ငွေရှာရုံပဲ။ မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေကို လျှို့ဝှက်တင်ပို့နေတာမှ မဟုတ်တာ။ အစ်ကိုကြီး သူ့ကို သွားတိုင်ကြားရင်တောင် သခင်ကြီးယဲ့လုက ဘာမှလုပ်မှာမဟုတ်ဘူး”
“အာ ဟုတ်သား။ အဲဒီမြေခွေးအိုကြီးလိုကောင်က တစ်ချိန်လုံး ရေကြောင်းကုန်သွယ်မှုနေရာတွေမှာ ချောင်းမြောင်းနေတာ။ မဟုတ်မှ အဲဒီကောင်က မိန်ဂိုဏ်းကို စစ်လက်နက်တွေ ပို့ဆောင်နိုင်အောင် ကူညီပေးနေတာများလား။ သူ သူ့မှာ ပြဿနာရှိနေတယ်”
လျိုလောင်ကွေ့သည် ထိုသို့ပြောရင်း လက်ချောင်းများကို စားပွဲထက် တစ်ဒေါက်ဒေါက်ခေါက်နေသည်။
ချန်ကျဲ့သည် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောသည်။
“ဒါက မဟုတ်တာ မဖြစ်နိုင်လောက်ပါဘူး”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကျိုစစ် မင်းက အရမ်းရိုးအတာပဲ။ နန်ပါးထျန်းက မင်းကို ထောင်ချောက်ဆင်ရတာကို နှစ်ခြိုက်နေတာ မဆန်းတော့ပါဘူး။ ငါတော့ သူ မိန်ဂိုဏ်းကို ကူညီပေးနေတာပဲထင်တယ်”
ထိုသို့ပြောပြီးနောက် လျိုလောင်ကွေ့ မတ်တပ်ထရပ်လိုက်သည်။ ချန်ကျဲ့မှ မေးသည်။
“အစ်ကိုကြီးလျို ဘယ်သွားမလို့လဲ။ ကျွန်တော်တို့ ညစာတောင် မစားရသေးဘူးလေ”
“နောက်တစ်ခါမှ ငါ မင်းကို ဧည့်ခံပါ့မယ်။ အခုတော့ ငါ ဆိပ်ကမ်းကို အမြန်သွားဖို့လိုတယ်”
ထိုသို့ပြောလျက် လျိုလောင်ကွေ့သည် အလျင်စလိုထွက်သွားခဲ့သည်။ လျိုလောင်ကွေ့ထွက်သွားသည်ကို ကြည့်ရင်း ချန်ကျဲ့ စိတ်မကောင်းဟန် ခေါင်းခါလိုက်သည်။
“အင်း ညစာကောင်းတစ်နပ်ကို ဖြုန်းတီးလိုက်တာပဲ။ ရှောင်ဟူ၊ စစ်ရှီး၊ အားကျူး၊ ကုံဇစ် လာကြ၊ ညစာစားရအောင်။ ငါတို့ အတူသောက်ကြမယ်”
ထိုအခါ ရှောင်ဟူ၊ စစ်ရှီးနှင့် သက်တော်စောင့်၁၂ဦးထဲမှ အသက်ရှင်ကျန်ရစ်သူနှစ်ဦးဖြစ်သည့် အားကျူးနှင့် ကုံဇစ်တို့ ရောက်လာကြသည်။
ချန်ကျဲ့ နောက်ဘက်ရှိ ချွေ့ကျူကို ပြောလိုက်သည်။
“ပန်းကန်လုံးနဲ့ တူတွေ ထပ်ယူလာခဲ့”
“ဟုတ်ကဲ့”
ချွေ့ကျူသည် ချက်ချင်းထွက်သွားသည်။ ချန်ကျဲ့သည် သေရည်ခွက်ကို ကိုင်လျက် အမျိုးသားလေးဦးနှင့်အတူ သေရည်သောက်နေလိုက်သည်။
ရှောင်ဟူမှ ပြောသည်။
“အစ်ကိုကျိုစစ် လျိုလောင်ကွေ့သွားလိုက်ပြီဆိုတော့ နန်ပါးထျန်းရဲ့ စီးပွားရေးကတော့ လုပ်ကိုင်ရ ခက်ခဲတော့မှာပဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အာ နန်ပါးထျန်းလည်း ဒီလောက်ခက်ခက်ခဲခဲနဲ့ အကြံဉာဏ်ထုတ် စီးပွားရှာလိုက်တာ နောက်ဆုံးကျ တိုင်ကြားခံရဖို့တဲ့လား။ သနားစရာပဲ။ လာ စားကြ။ ဒီဟင်းပွဲတွေက လုံးဝ မနှိုက်ရသေးဘူး”
လျိုလောင်ကွေ့သည် အစားအသောက်များကို နည်းနည်းလေးမှ မထိရသေးပါချေ။ သူမထွက်သွားခင်က သေရည်နှစ်ငုံနှင့် မြေပဲစေ့ တစ်စေ့၊နှစ်စေ့ကိုသာ စားသွားခဲ့သည်။
သို့ဖြင့် စားပွဲထက်တွင် ဝက်လက်ဆစ်၊ ကြက်ကင်၊ ငါးကြင်းဟင်း၊ မြစ်ပုစွန်ဟင်း၊ ဂဏန်းဟင်း၊ ပုစွန်လုံးဟင်းစသည့် စားကောင်းသောက်ဖွယ်များအားလုံး မူလအတိုင်း ကျန်ရစ်ခဲ့ပေသည်။
သို့ဖြင့် လျိုလောင်ကွေ့ကို ညစာတည်ခင်းဧည့်ခံခြင်းသည် သေရည်တစ်ခွက်နှင့် မြေပဲနှစ်စေ့ခန့်သာ ကုန်ကျခဲ့သည်။
လျိုလောင်ကွေ့သည် ကျားဖြူခန်းမမှ အလျင်စလို ထွက်လာပြီးနောက် သူ၏ဗျူဟာရှင်ပိုင်မော့ရှန်းကို ရှာကာ ပြောသည်။
“နန်ပါးထျန်းက လူယုတ်မာပဲ။ ကျိုစစ် ငါ့ကို သတင်းပေးခဲ့တာကြောင့်သာ မဟုတ်ခဲ့ရင်….”
ပိုင်မော့ရှန်းသည် ဒေါသထွက်နေသည့် လျိုလောင်ကွေ့ကို အကဲခတ်ကြည့်ရင်း အချိန်ခဏမျှ စဉ်းစားနေခဲ့၏။
ခေါင်းဆောင်ကတော့ ချန်ကျိုစစ်ရဲ့ နယ်ရုပ်အဖြစ် အသုံးချတာ ခံလိုက်ရပြီပဲ။
သို့သော်ငြား ဤကိစ္စသည် အရေးကြီး၏။ နန်ပါးထျန်း၏လုပ်ရပ်သည် ချောင်ကုန်သည်အဖွဲ့၏ အခြေခံအုတ်မြစ်ကို အမှန်တကယ် လှုပ်ခတ်စေပေသည်။ ချောင်ကုန်သည်အဖွဲ့၏ အခြေခံအုတ်မြစ်သည် ငါးဖမ်းကုန်သည်အဖွဲ့ကဲ့သို့ တံငါသည်လုပ်ငန်းနှင့် ငါးရောင်းလုပ်ငန်းများ မဟုတ်ချေ။
ချောင်ကုန်သည်အဖွဲ့၏ အခြေခံအုတ်မြစ်သည် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည်။ ၎င်းလုပ်ငန်းသည် ကုန်သည်အဖွဲ့ဝင်ငွေ၏ ၂.၅ရာခိုင်နှုန်းခန့်ကို ရရှိစေသောကြောင့် သံသတ္တုတွင်းလုပ်ငန်းမှ ဝင်ငွေနှင့် အကြမ်းဖျင်း ညီမျှသည်။
သို့ဖြစ်ရာ ချောင်ကုန်သည်အဖွဲ့၏ ကျောရိုးဟု သတ်မှတ်နိုင်ပေသည်။ ယခုတွင် နန်ပါးထျန်းမှ ထိုသို့လုပ်ရပ်ဖြင့် ချောင်ကုန်သည်အဖွဲ့၏ ဖောက်သည်များကို ခိုးယူသွားခဲ့ခြင်းမှာ သူခိုးလုပ်ရပ်နှင့် မခြားပေ။
သူတို့ဘက်မှ ဘာမှမတုံ့ပြန်ပါက ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် အနာဂတ်တွင် နန်ပါးထျန်းလက်ထဲ ကျရောက်သွားလိမ့်မည်။
အဲဒီအခါကျ ချောင်ကုန်သည်အဖွဲ့က အခြေအနေကို ဘယ်လိုထိန်းသိမ်းပါတော့မလဲ။ ချောင်ကုန်သည်အဖွဲ့သားတွေက လေစားပြီး ဗိုက်ဖြည့်ရမှာလား။
ပြီးတော့ ချန်ကျိုစစ်က ခေါင်းဆောင်ကို နယ်ရုပ်အဖြစ် ပေါ်တင်အသုံးချရဲတယ်။ သူ့ရည်ရွယ်ချက်ကို လူမိသွားမှာကို လုံးဝ မစိုးရိမ်နေဘူးပဲ။
ကဲပါ၊ ဘာကြောက်စရာရှိသလဲ။ သူ့ရဲ့ရည်ရွယ်ချက်ကို သိနေမှတော့ ငါလည်း အစီအစဉ်ဆွဲဖို့ ကူညီပေးရတော့မှာပဲ။ ပြီးတော့ နန်ပါးထျန်း အင်အားကြီးမားလာတာကိုလည်း ဒီတိုင်းထိုင်ကြည့်နေလို့မှ မဖြစ်ဘဲ။ ချန်ကျိုစစ်က တကယ် သေချာတွက်ချက်ထားတာပဲ။
ပိုင်မော့ရှန်းသည် သူ၏အနက်ရောင်ယပ်တောင်ကို ခေါက်ပိတ်လိုက်ပြီး အခြားလက်ဖဝါးတစ်ဖက်ကို အကြိမ်ရေအနည်းငယ် ဖွဖွရိုက်နေပြီးနောက် ပြောလာသည်။
“ခေါင်းဆောင်က အရင်ဆုံး နန်ပါးထျန်းရဲ့ဆိပ်ကမ်းကို လူတွေခေါ်သွားပြီး ပိတ်ဆို့ထားလိုက်ပါ။ ကျွန်တော် မြို့ထဲက ကုန်သည်ကြီးတွေကို သွားရှာလိုက်မယ်။ ဒီလောက်ငွေပမာဏအများကြီး အမြတ်ထုတ်ခံရတာကို ကုန်သည်ကြီးတွေကလည်း ကြိတ်မှိတ်ခံနေလိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နှစ်ဖက်စလုံးက သက်သေတွေစုစည်းပြီးတာနဲ့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို တိုက်ရိုက်သွားပြီး နန်ပါးထျန်းကို တိုင်ကြားမယ်”
“ကောင်းပြီ၊ ငါ အခုချက်ချင်း သွားလိုက်မယ်”
…
လျိုလောင်ကွေ့သည် အဖွဲ့သားများကို စုစည်း၍ ဆိပ်ကမ်းသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။
ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့ဆိပ်ကမ်း၌ ချင်းယင်သည် ငါးဖမ်းကုန်သည်အဖွဲ့သားများအား သင်္ဘောပေါ်သို့ ကုန်တင်ရန် ညွှန်ကြားနေသည်။ ဤသည်မှာ တတိယအသုတ်ကုန်ပစ္စည်းဖြစ်သည်။ ပထမနှစ်သုတ်ကို သင်္ဘောရှစ်စင်းဖြင့် တင်ကာ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ အချို့သင်္ဘောများ ထွက်ခွာသွားခဲ့သည်မှာ တစ်ရက်ကြာမြင့်ခဲ့လေပြီ။