အခန်း (၆၂၄)
Vol. 52 Ch. 624
သေချာပေါက်ပင် ဤသည်မှာ ချန်ကျဲ့၏အစီအစဉ်ဖြစ်သည်။ လျိုလောင်ကွေ့မှ မထွက်ခွာရသေးသည့် သင်္ဘောတစ်စင်းကို ဖမ်းဆီးရမိခဲ့ပါက ၎င်းမှာ စီးပွားရေးပြဿနာဖြစ်လိမ့်မည်။ နန်ပါးထျန်းမှ ဗြောင်ကျကျ ပေါ်ပေါ်ထင်ထင် ငွေရှာနေသည့်အကြောင်းကို ယဲ့လုဖုန်း သိရှိသွားလိမ့်မည်။
သို့သော် သင်္ဘောများအားလုံး ထွက်ခွာသွားပြီးခဲ့ပါက မည်သို့ဖြစ်မည်နည်း။ ထိုထွက်ခွာသွားပြီးသည့် သင်္ဘော၈စင်းအတွင်း မည်သည့်အရာများ ပါဝင်သွားသည်ကို မည်သူကများ အတိအကျ သိရှိနိုင်ပါမည်နည်း။
သေချာပေါက်ပင် ယဲ့လုဖုန်းသည် နန်ပါးထျန်းမှာ ရူးနေသည်လည်း မဟုတ်ပါဘဲ မိန်ဂိုဏ်းကို ပေါ်တင်ကူညီလိမ့်မည်ဟု ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့သော် သင်္ဘောများသည် ထွက်ခွာသွားခဲ့ပြီးဖြစ်ရာ သင်္ဘောပေါ်တွင် မည်သည့်အရာများ ပါသွားသည်ကို မည်သူက သိနိုင်တော့မည်နည်း။ နန်ပါးထျန်းသည် ယဲ့လုဖုန်း၏စိတ်ကို ကြိုတင်ခန့်မှန်းမိထားပြီး ယဲ့လုဖုန်းသည် သူနှင့် မိန်ဂိုဏ်း ပူးပေါင်းနေသည့်အချက်ကို ယုံကြည်လိမ့်မည်မဟုတ်ကြောင်း ခန့်မှန်းသိထားပြီးဖြစ်သည်။
ဟား ဟား….
ဤသည်မှာ စတင်လိုက်သည်နှင့် အဆုံးသတ်မရှိနိုင်တော့သည့် သံသယထောင်ချောက်ဖြစ်သည်။
ချန်ကျဲ့ ယခုလုပ်ရမည့်အရာမှာ သံသယတိုးပွားလာအောင် ပြုလုပ်ရန်ဖြစ်သည်။ ယဲ့လုဖုန်း၏စိတ်တွင် နန်ပါးထျန်းနှင့်ပတ်သက်ပြီး အတွေးများအောင် ပြုလုပ်ရမည် ဖြစ်သည်။ အရေးကြီးအချိန်အခါသို့ ရောက်ပါက အသက်နုတ်တိုက်ကွက်ဖြင့် မျန့်ရွှေမြို့အား ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်သည့်အချိန်အထိ လွှမ်းမိုးနိုင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးကို ဖြုတ်ချပစ်လိုက်ပေမည်။
ထို့ကြောင့်ပင် ချန်ကျဲ့သည် မနေ့က ဘာမှမပြောခဲ့ဘဲ ဒီနေ့မှ အရာအားလုံးကို ထုတ်ဖော်ပြောရခြင်းဖြစ်သည်။
နန်ပါးထျန်း၏ အပိုဝင်ငွေရှာသည့် သင်္ဘောထွက်ခွာခြင်းကို သံသယဝင်ဖွယ်လုပ်ရပ်အဖြစ် ပြောင်းလဲစေခဲ့ပြီး လျိုလောင်ကွေ့မှလည်း လှုပ်ရှားလိမ့်မည်ဖြစ်ရာ နန်ပါးထျန်းတွင် ခြေချစရာမြေ ကျန်ရစ်တော့မည် မဟုတ်ပေ။
ချင်းယင်သည် ဆိပ်ကမ်းတွင်ရပ်လျက် အဖွဲ့သားများကို ကုန်ပစ္စည်းများ ရွှေ့ပြောင်းတင်ရန် ညွှန်ကြားနေသည်။ မနက်က သင်္ဘောသုံးစင်းထွက်ခွာသွားပြီးဖြစ်ပြီး ယခု နေ့လယ်ခင်းတွင် ထွက်ခွာရန်အတွက် သင်္ဘောသုံးစင်းကို ကုန်တင်ပြီးစီးသွားပြီဖြစ်သည်။ သူတို့စားသောက်ပြီးစီးသည်နှင့် သင်္ဘောထွက်ခွာနိုင်လေပြီ။ သင်္ဘောတစ်စင်းလျှင် ငွေတုံးနှစ်ထောင်ရရှိ၏။ သို့ဖြစ်ရာ တစ်နေ့တည်းနှင့် ငွေတုံးတစ်သောင်းနှစ်ထောင်ရရှိလိုက်ခြင်းပင်။ ဤငွေရှာနှုန်းသည် အံ့ချီးဖွယ်ရာပင်။
သင်္ဘောအလုံအလောက်မရှိတာ နှမြောစရာပဲ။ ဒါပေမဲ့ ခေါင်းဆောင်က အဆက်အသွယ်တွေသုံးပြီး ဟွမ်ကျိုးပြည်နယ်ကနေ သင်္ဘောတောင်းဆိုထားပြီပြီ။ ဒီလိုသာ နေ့တိုင်း တစ်နေ့ကို ငွေတုံးတစ်သောင်းနှစ်ထောင် ရှာနိုင်လို့ကတော့ကွာ…
ချင်းယင်သည် ငါးဖမ်းကုန်သည်အဖွဲ့၏ အနာဂတ်နေ့ရက်ကောင်းများကို စိတ်ကူးယဉ်ကာ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်နေခဲ့သည်။
တစ်လအတွက် ကုန်ကျစရိတ်ကို တစ်နေ့တည်းနဲ့ ရှာနိုင်တာ– ဒါက တကယ့်ကို ချက်ချင်းလက်ငင်း ညတွင်းချင်း ကြီးပွားချမ်းသာလာတယ်ဆိုတာမျိုးပဲ မဟုတ်လား။
ချင်းယင်သည် လင်းယုန်ခန်းမအတွက် ဝေစုမည်မျှရနိုင်မည်ကို တွေးတောရင်း ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။
“ဟေး ဟေး ဦးစီးမှူးလီရဲ့ကုန်တွေကို ဂရုတစိုက်နဲ့ မြန်မြန်လေး နေရာချကြစမ်း…”
ချင်းယင်သည် အဖွဲ့သားငယ်လေးများကို တာဝန်များ ခွဲဝေညွှန်ကြားပေးနေသည်။ ထိုသို့ညွှန်ကြားနေစဉ် အဖွဲ့သားတစ်ဦး ရုတ်တရက် အပြေးရောက်လာ၏။
“ခန်းမအရှင်သခင်ချင်း ပြဿနာတက်ပြီ။ ခေါင်းဆောင်လျို ခေါင်းဆောင်လျို ရောက်လာပါတယ်”
“အာ”
ချင်းယင်၏ ထိတ်လန့်သွားသည့် အာမေဍိတ်သံအဆုံး၌ ငါးဖမ်းကုန်သည်အဖွဲ့သားအချို့သည်လည်း လျိုလောင်ကွေ့နှင့် ချောင်ကုန်သည်အဖွဲ့သားများ၏ ရေထဲကန်ချခြင်းကို ခံလိုက်ရသည်။
လျိုလောင်ကွေ့သည် ချင်းယင်အနီးသို့ လျှောက်လာ၏။ ချင်းယင်မှ မေးသည်။
“ခေါင်းဆောင်လျို ခေါင်းဆောင်လျို ဒါက ဘာသဘောလဲဗျ”
“ဘာသဘောလဲတဲ့လား”
လျိုလောင်ကွေ့သည် စူးရဲစွာ ပြန်စိုက်ကြည့်လျက် ပြောသည်။
“ငါကသာ ငါးဖမ်းကုန်သည်အဖွဲ့က ဘာသဘောလဲလို့ မေးရမှာပါ။ မြစ်ကို ပိတ်ထားဖို့ အားလုံးသဘောတူထားတာ မဟုတ်ဘူးလား။ ဘာလို့ မင်းတို့ရဲ့သင်္ဘောတွေက ကုန်တွေတင်ပြီး မြစ်ထဲ ထွက်ခွာသွားရတာလဲ”
“ကျွန်တော်… ကျွန်တော်တို့က ဒီတိုင်း တခြားဆိပ်ကမ်းဆီ ရွှေ့ပြောင်းရုံပါ။ အဲဒါက ခွင့်မပြုထားလို့လား”
ချင်းယင်သည် ခေါင်းမာစွာဖြင့် ပြန်လည်ချေပသည်။ ထိုအခါ လျိုလောင်ကွေ့သည် စိတ်မရှည်စွာဖြင့် ပြန်ပြောသည်။
“သောက်ပေါက်ကရစကားတွေကို တော်လိုက်စမ်း။ သင်္ဘောတစ်စင်းတောင် ထွက်မသွားစေနဲ့။ အဲဒီသင်္ဘောတွေထဲမှာ ဘာတွေတင်ထားလဲဆိုတာ ငါစစ်ဆေးမယ်”
“ဘယ်သူလုပ်ရဲလဲ။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ကုန်တွေကို ထိန်းသိမ်းရဲလောက်အောင် ခင်ဗျားက အရမ်းအတင့်ရဲလွန်းနေတာပဲ”
ချင်းယင်သည် ထိုသို့ပြောလျက် ချောင်ကုန်သည်အဖွဲ့သားများရှေ့မှ ပိတ်ရပ်လိုက်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ထိုအခါ လျိုလောင်ကွေ့မှ အော်ဟစ်ကြိမ်းမောင်းသည်။
“ဖယ်ပေးစမ်း၊ ဖယ်မပေးရင် သေရမယ်။ စိတ်ကြိုက်ရွေးလိုက် ငါးဖမ်းကုန်သည်အဖွဲ့ခွေးကောင်တွေ”
“ခင်ဗျား”
ချင်းယင်သည် လျိုလောင်ကွေ့ကို စူးရဲစွာ ပြန်စိုက်ကြည့်လိုက်သည်။ ချင်းယင်မှာ ခြိမ်းခြောက်မှုကို ခံစားနေရသည်က တစ်ဝက်၊ ပြန်လည်ခုခံလိုသည်က တစ်ဝက် ဖြစ်နေခဲ့သည်။
“ဒီကိစ္စအတွက် ကျုပ်တို့ခေါင်းဆောင်က ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး”
“ဟား ငါကရော မင်းတို့ကို အလွတ်ပေးမယ်ထင်လို့လား”
လျိုလောင်ကွေ့ လှောင်ရယ်လိုက်သည်။
“သူတို့ကိုဖမ်းလိုက်ကြစမ်း။ ခုခံတဲ့ကောင်ရှိရင် ဘာကောင်ဖြစ်ဖြစ် အကုန်သတ်ပစ်လိုက်”
လျိုလောင်ကွေ့၏ ဩဇာကြီးမားသည့် အမိန့်အောက်၌ ချောင်ကုန်သည်အဖွဲ့သားများသည် ရှေ့သို့ ချီတက်ကြသည်။ ချင်းယင် လမ်းပိတ်ရပ်နေဆဲဖြစ်သဖြင့် ချောင်ကုန်သည်အဖွဲ့သားတစ်ဦး၏ အော်ငေါက်ခံလိုက်ရသည်။
“ဖယ်စမ်း”
ချင်းယင်မှ ဒေါသပေါက်ကွဲ၍ ပြန်တိုက်ခိုက်တော့မည်တွင် လျိုလောင်ကွေ့၏ စူးရဲစွာသော အကြည့်တို့ကို ခံစားလိုက်ရသည်။
“လက်တစ်ဖက်ပဲ မြှောက်ကြည့်လိုက်။ မင်းလှုပ်တာနဲ့ ငါ အဲဒါကို စစ်ကြေညာလိုက်တာပဲလို့ မှတ်ယူလိုက်မယ်”
ချင်းယင် မလှုပ်ရဲတော့ပေ။
သို့ဖြင့် ခါးသီးစွာဖြင့် လျိုလောင်ကွေ့ကို စိုက်ကြည့်ကာ နောက်ရှိ ငါးဖမ်းကုန်သည်အဖွဲ့သားများကို အမိန့်ပေးလိုက်ရုံသာ တတ်နိုင်လေသည်။
“ခေါင်းဆောင်ကို သွားအကြောင်းကြားလိုက်”
“ဟုတ်ကဲ့”
လျိုလောင်ကွေ့သည် သတင်းပို့ခြင်းကို ကြားဝင်မနှောင့်ယှက်ပေ။ နန်ပါးထျန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို သူမကြောက်ပါချေ။ အချို့ကိစ္စများကို ရှင်းလင်းရန်အတွက် အခွင့်အရေးကောင်းတစ်ခုရရှိသည်ဟုသာ မှတ်ယူပေသည်။
….
ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့၌
နန်ပါးထျန်းသည် ငွေလက်မှတ်တစ်ထပ်ကို စစ်ဆေးနေသည်။
တစ်၊ နှစ်၊ သုံး…
ငွေလက်မှတ်တစ်ရွက်လျှင် ငွေတုံးတစ်ထောင်တန်ကြေးရှိရာ ငွေလက်မှတ်၂၀ဖြစ်သောကြောင့် စုစုပေါင်း နှစ်သောင်းဖြစ်သည်။
ဤပမာဏသည် ငါးဖမ်းကုန်သည်အဖွဲ့အတွက် တစ်လစာ လုံလောက်သည်။ ထို့နောက် နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို လှည့်ကြည့်သည်။ ထန်ဇီယွဲ့သည် စိုးရိမ်ပူပန်စွာဖြင့် နန်ပါးထျန်းကို ကြည့်နေပေသည်။
“ခန်းမအရှင်သခင်ထန် ငါတို့မှာ အခုပိုက်ဆံရှိပြီလေ။ မင်းက ဘာလို့ စိတ်မချမ်းမသာဖြစ်နေရသေးတာလဲ”
ထိုအခါ ထန်ဇီယွဲ့သည် နန်ပါးထျန်းကို ပြောသည်။
“ခေါင်းဆောင် သခင်ကြီးယဲ့လုက မြစ်ထဲကို သင်္ဘောတစ်စင်းမှ ထွက်ခွင့်မပြုဖို့ အမိန့်ချထားတာပါ။ အဲဒါကို ဘယ်လိုလုပ်မှာပါလဲ”
နန်ပါးထျန်းမှ ရယ်မောလျက် ပြန်ပြောသည်။
“သူ အဲဒီလိုအမိန့်ပေးထားတော့ရော ဘာဖြစ်သလဲ။ သူက သင်္ဘောမထွက်ဖို့ အမိန့်ပေးထားတာနဲ့ပဲ မလွဲမသွေ လိုက်နာရမယ်လို့ မဆိုလိုဘူးလေ”
“ခေါင်းဆောင် သခင်ကြီးယဲ့လုကို ဘယ်လိုရှင်းပြမှာလဲ”
နန်ပါးထျန်း ထပ်မံရယ်မောလိုက်သည်။
“ဘယ်လိုရှင်းပြမလဲဆိုတော့ ရိုးရှင်းပါတယ်။ ငါ ဒီလိုလုပ်တာက မိန်ဂိုဏ်းသားတွေကို ဖမ်းဖို့အတွက် လုပ်တာပါပေါ့။ မိန်ဂိုဏ်းသားတွေ လက်နက်ပစ္စည်းတွေနဲ့အတူ မြစ်ထဲ ပေါ်လာအောင် လုပ်တာပါလို့ ပြောလိုက်မယ်လေ”
ထန်ဇီယွဲ့မှ မေးသည်။
“သခင်ကြီးယဲ့လုက ယုံပါ့မလား”
“သူယုံလိမ့်မယ်။ ငါတို့ လက်နက်တွေကို ရှာတွေ့ခဲ့ရင် သူယုံလိမ့်မယ်။ ရှာမတွေ့ခဲ့ရင်တော့ ယုံမှာ မဟုတ်ဘူး။ ဒီအခြေအနေရဲ့ အဓိကသော့ချက် မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေပဲ”
“ကျွန်တော်တို့ ရှာနိုင်ပါ့မလား”
ထန်ဇီယွဲ့မှ ထပ်မေးသည်။
“သေချာပေါက် ရှာနိုင်တယ်”
နန်ပါးထျန်းသည် အခိုင်အမာပြော၏။
“အဲဒီလောက်သေချာတာလား”
ထန်ဇီယွဲ့သည် နန်ပါးထျန်းကိုကြည့်လျက် ဖိပြောသည်။
“ခေါင်းဆောင် ကျွန်တော့်ကို တစ်ခုခုဖုံးကွယ်ထားတာလား”
နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို လှည့်ကြည့်လာကာ ခဏမျှ တွေဝေသွားပြီးနောက် ပြန်ပြောသည်။
“မရှိပါဘူး။ ခန်းမအရှင်သခင်ထန် ငါမင်းကို ဘာမှ ဖုံးကွယ်မထားပါဘူး”
…
ထိုစဉ် ကျားဖြူခန်းမအိမ်တော်၌
ချန်ကျဲ့နှင့် ရှောင်ဟူတို့အုပ်စုသည် စားသောက်နေသည်မှာ အချိန်တစ်ခုကြာမြင့်ခဲ့လေပြီ။ ဟင်းပွဲများသည်လည်း ကုန်လုနီးလေပြိ။ ချန်ကျဲ့သည် အရက်ခံနိုင်ရည်မြင့်မားသောကြောင့် အသိစိတ်ရှင်းလင်းသေး၏။
သေရည်သည် ပြင်းသောကြောင့် ပူပြင်းသည်။ ရှောင်ဟူနှင့် အခြားသူများသည် ထိုသေရည်ကို သိပ်သဘောမကျပေ။ သူတို့သည် သေရည်ဝါ၏ နူးညံ့သည့်အရသာကိုသာ ပိုနှစ်ခြိုက်ကြသည်။