အခန်း (၆၂၅)
Vol. 52 Ch. 625
ရှေးခတ်ကာလ၏ သေရည်ယဉ်ကျေးမှုဖြင့် တိုက်စားခံခဲ့ရသည်တွင် ချန်ကျဲ့သည် သေရည်ဖြူကို အထူးတလည် နှစ်ခြိုက်လာခဲ့သည်။
ခွက်အနည်းငယ်ခန့် သောက်ပြီးနောက်၌ ချန်ကျဲ့သည် ရှောင်ဟူအား ပြောသည်။
“ဟူဇစ် မင်း အခုည ကောင်းကောင်းအိပ်ထား။ မနက်ဖြန်ကျရင် မြောက်ပိုင်းတောင်ကို ခရီးတစ်ထောင့်သွားပေးရမယ်”
“မြောက်ပိုင်းတောင်ကိုလား”
ရှောင်ဟူမှ အံ့အားသင့်လျက် မေးသည်။
“မြောက်ပိုင်းတောင်က ချိတ်ပိတ်ထားတာလေ။ ကျွန်တော်က အဲဒီကိုသွားပြီး ဘာလုပ်ရမှာလဲ”
ချန်ကျဲ့မှ ပြောသည်။
“ချိတ်ပိတ်ထားတာမှန်ပေမဲ့ တင်းတင်းကြပ်ကြပ်ပိတ်ထားတာမှ မဟုတ်ဘဲ။ ပြီးတော့ မင်း အဲဒီကိုသွားရတာ လုပ်စရာရှိလို့ပဲ။ နန်ပါးထျန်းက အဲဒီမှာ တစ်ခုခုလုပ်နေလားဆိုတာ သွားစုံစမ်းကြည့်ခိုင်းမလို့။ ဪ ဒါနဲ့ မင်းနဲ့အတူ အဖွဲ့သားနှစ်ယောက်လောက် အတူခေါ်သွားဦး”
ရှောင်ဟူသည် ကြောင်အအဖြင့် မေးသည်။
“အစ်ကိုကျိုစစ် အဲဒါကို စုံစမ်းတာ ဘာလုပ်ဖို့လဲဗျ”
ချန်ကျဲ့မှ ပြောသည်။
“ငါသာ နန်ပါးထျန်းဆိုရင် ဒီအခြေအနေအထိ တွန်းပို့ခံထားရပြီး မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေ ရှာဖွေတွေ့ရှိမှုအပေါ်မှာ အရာအားလုံး လောင်းကြေးထပ်ထားရရင် ကျိန်းသေပေါက် လှည့်ကွက်သုံးပြီပဲ”
“လှည့်ကွက်သုံးမယ်တဲ့လား”
ရှောင်ဟူအပြင် အခြားသူများသည်လည်း ချန်ကျဲ့ကို အာရုံစိုက်ကြည့်နေကြသည်။ သူတို့အားလုံး၏ မျက်နှာထက်တွင်လည်း နားမလည်ကြောင်း ထင်ရှားပေါ်လွင်နေသည်။ ချန်ကျဲ့ ပြုံးလိုက်သည်။
“မြောက်ပိုင်းတောင်က ဘာကြောင့် ကျော်ကြားလဲ”
“သံသတ္တုတွင်း.. ဟုတ်တယ် သတ္တုတွင်းပဲ”
ရှောင်ဟူသည် အဖြေသိသွားရာ ထအော်လိုက်၏။ အခြားသူများလည်း ခေါင်းညိတ်သည်။
ထို့နောက် ချန်ကျဲ့မှ ရှောင်ဟူကို မေးသည်။
“အဲဒီစစ်လက်နက်ပစ္စည်းတွေကို ဘာနဲ့လုပ်တာလဲ”
“သံ”
“အစ်ကိုကျိုစစ်ပြောချင်တာက နန်ပါးထျန်းက စစ်လက်နက်ပစ္စည်းတွေကို လျှို့ဝှက်သွန်းလုပ်ပြီး သခင်ကြီးယဲ့လုကို မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေကို ရှာတွေ့ပြီဆိုပြီး လိမ်ညာတင်ပြမယ်လို့ ဆိုလိုတာလား”
ချန်ကျဲ့နောက် လိုက်ခဲ့သည့်အချိန်မှာ မနည်းတော့သည်ဖြစ်ရာ ရှောင်ဟူလည်း အတော်လေး ဉာဏ်ကောင်းလာပြီ ဖြစ်သည်။
ထိုစကားအဆုံး၌ ကျန်သုံးယောက်သည် လေအေးတစ်သုတ် ရှိုက်သွင်းမိလိုက်ရသည်။
“အဲဒါ.. မဖြစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား။ စစ်လက်နက်ပစ္စည်းတွေကို လျှို့ဝှက်သွန်းလုပ်နေတာ နန်ပါးထျန်း ရူးသွားပြီလား”
သုံးဦးသားမှာ မယုံကြည်နိုင်ဖြစ်နေကြသည်။ ထိုစဉ် ချန်ကျဲ့သည် ရယ်မောလိုက်၏။
“ရူးသွားပြီလားဆိုတော့.. ငါတော့ မထင်ဘူး။ ဒီတိုင်း သူ့ကိုယ်သူကယ်တင်ဖို့ ဗျူဟာလေးတစ်ခုပါပဲ”
ထိုအခါ အားလုံး တိတ်ဆိတ်သွားကြသည်။
ချန်ကျဲ့မှ ပြောသည်။
“နန်ပါးထျန်းက မျှော်လင့်ချက်အားလုံးကို အဲဒီစစ်လက်နက်ပစ္စည်းတွေကို ရှာဖွေတဲ့အပေါ်မှာ ပုံအောလိုက်ပြီးမှတော့ ကျိန်းသေပေါက် ရှာပေးရတော့မှာပဲ။ မဟုတ်ရင် သူ ဆိုးဆိုးရွားရွား ကျရှုံးသွားရလိမ့်မယ်။ သူ့ကတ်ကို လုံခြုံစေဖို့အတွက်ဆိုရင် အဲဒီစစ်လက်နက်ပစ္စည်းတွေကို လေထဲကနေ ဖန်တီးပေးရမယ်ဆိုရင်တောင်မှ ထွက်လာအောင် လုပ်ပေးရမှာပဲ”
“ဒီလိုအခြေအနေမှာ နန်ပါးထျန်းဖြစ်ဖြစ်၊ ငါဖြစ်ဖြစ်၊ မင်းတို့ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် အဲဒီစစ်လက်နက်ပစ္စည်းတွေကို လျှို့ဝှက်သွန်းလုပ်ပြီး ရှာတွေ့တယ်လို့ တင်ပြလိုက်ဖို့ ကြံစည်မိကြမှာပဲ။ တကယ်တော့ အဲဒီအစီအစဉ်က အတော်လေး အဆင်ပြေပါတယ်။ အစီအစဉ်က ရူးသွပ်ပြီး စွန့်စားရာကျပေမဲ့ အောင်မြင်သွားရင် လောင်းကစားစားပွဲရှေ့မှာ ပြန်ထိုင်နိုင်သွားမယ် မဟုတ်လား။ ကျရှုံးရင်တော့ အတွင်းခံပဲကျန်တဲ့အထိ အားလုံးဆုံးရှုံးသွားရမှာပေါ့”
စစ်ရှီးမှ ပြောသည်။
“ဒါပေမဲ့ သူ အဲဒီလိုလုပ်နေတာကို လူမိသွားခဲ့ရင် ပေးရမယ့် တန်ကြေးက အရမ်းကြီးမားလွန်းတယ်လေ။ သူ့ သူ့အသက်ကို ဆုံးရှုံးလိုက်ရနိုင်တယ်လေ။ သခင်ကြီးယဲ့လုက သူ့ကို လုံးဝ သက်ညှာပေးမှာ မဟုတ်ဘူး”
ချန်ကျဲ့ ပြုံးလိုက်သည်။
“အားလုံးက ကံကောင်းမှုအပေါ် လောင်းကြေးထပ်နေကြတာပဲလေ။ အကယ်၍ လူမမိခဲ့ရင် အကျိုးအမြတ်က ကြီးမားပြီး အကျပ်အတည်းကိုလည်း အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်သွားမယ် မဟုတ်ဘူးလား”
ရှောင်ဟူသည် မျက်မှောင်ကြုတ်ထားလျက် ပြောလာ၏။
“အဲဒီနန်ပါးထျန်းက တကယ် ရူးနေတာပဲ”
ချန်ကျဲ့မှ ပြောသည်။
“ဒီအခြေအနေမျိုးမှာ ဘယ်သူက ရေခဲပြင်အလွှာပါးလေးပေါ် လမ်းလျှောက်နေရတာ မဟုတ်လို့လဲ။ တစ်ပါးသူရဲ့ ကြံစည်မှုကနေ လွတ်မြောက်တဲ့သူရယ်လို့ ဘယ်သူရှိလို့လဲ”
ထို့နောက် ချန်ကျဲ့မှ ဆက်ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့ နန်ပါးထျန်းက တကယ်အန္တရာယ်များနေပြီ။ ဘာလို့ဆို သူ့ကိုစောင့်ကြည့်ကြံစည်နေတဲ့သူက ငါမို့လို့လေ”
ရှောင်ဟူမှ ပြောသည်။
“ကျွန်တော် ဒီနေ့ညသွားလိုက်မယ်”
စစ်ရှီးမှ ပြောသည်။
“မနက်ဖြန်မှ သွား။ ငါ မင်းနဲ့အတူလိုက်ဖို့ သံသတ္တုတွင်းဘက်က လမ်းကြောင်းတွေကို ရင်းနှီးကျွမ်းဝင်တဲ့ အဖွဲ့သားဟောင်းနှစ်ယောက် ရှာပေးမယ်”
ထိုစဉ် ချန်ကျဲ့မှ ပြောသည်။
“အင်း မင်းတို့တာဝန်ထမ်းဆောင်တာကို ငါယုံကြည်တယ်။ မနက်ဖြန်မှ သွားတော့။ ဒါပေမဲ့ ရှောင်ဟူ ဒီတစ်ခုတော့ သတိထား။ မင်း ဒီတာဝန်ကို ဖြည်းဖြည်းဆေးဆေးလုပ်လို့ရတယ်။ ခြုံကိုရိုက်ပြီး မြွေခြောက်သလို မဖြစ်သွားစေနဲ့”
“အစ်ကိုကျိုစစ် စိတ်ချပါ။ ကျွန်တော် ဘယ်လိုလုပ်သင့်တယ်ဆိုတာ နားလည်ပါတယ်”
ရှောင်ဟူမှ ချန်ကျဲ့ကို ခေါင်းညိတ်ပြောဆိုသည်။
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ။ ဒါဆို ငါတို့ အေးဆေးလေး ပွဲစောင့်ကြည့်ကြတာပေါ့။ ဒီနေ့က ငါတို့ရဲ့ တောင်ကိုဖြိုလှဲခြင်းအစီအစဉ်ကြီးရဲ့ အကြီးကျယ်အခမ်းနားဆုံး ပြကွက်ပဲ”
ချန်ကျဲ့၏ ထိုစကားတွင် သုံးဦးသည်လည်း ရယ်မောလိုက်ကြသည်။
…
“ဘာ၊ ခေါင်းဆောင်လျိုက ငါတို့ဆိပ်ကမ်းကို ပိတ်ဆို့ထားတယ်တဲ့လား”
ထိုသတင်းကြောင့် ထန်ဇီယွဲ့၏နှလုံးအိမ်မှာ ခပ်ပြင်းပြင်းတစ်ချက် ခုန်လှုပ်သွားလျက် နန်ပါးထျန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ခေါင်းဆောင် မကောင်းတော့ဘူး။ ခေါင်းဆောင်လျိုက ကျွန်တော်တို့ဆိပ်ကမ်းကို ပိတ်ဆို့ထားတယ်။ သူ သက်သေစုဆောင်းပြီး ကျွန်တော်တို့ကို သခင်ကြီးယဲ့လုဆီ သွားတိုင်ကြားရင် ဘယ်လိုလုပ်ကြမလဲ”
နန်ပါးထျန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
“ဒီလောက်မြန်မြန်ရောက်လာတာလား။ ငါက သူတို့ မနက်ဖြန်အထိတော့ စောင့်ဦးမယ်ထင်နေတာ”
“ဟင်”
ထန်ဇီယွဲ့သည် နန်ပါးထျန်းကို နားမလည်နိုင်ဟန် ကြည့်နေခဲ့သည်။ နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို ပြန်လှည့်ကြည့်၍ ပြောသည်။
“ဇီယွဲ့ မင်း ဒီလောက်ကြီးမားတဲ့ကိစ္စကြီးကို ဘယ်သူမှ သတိမထားမိအောင် လုပ်နိုင်မယ်လို့ မျှော်လင့်နေတာတော့ မဟုတ်ပါဘူးနော်”
ထန်ဇီယွဲ့မှ ပြောသည်။
“ဒါဆို ခေါင်းဆောင် ဘယ်လိုလုပ်မယ် စီစဉ်ထားပါသလဲ”
“ငါပြောခဲ့တယ်မဟုတ်ဘူးလား။ ငါပိုက်ဆံရှာမယ်လို့။ အဲဒါကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကိုတော့ ငါအကုန်စီစဉ်ထားပြီးပြီ”
နန်ပါးထျန်းမှ ဆက်ပြောသည်။
“ကောင်းပြီ ဇီယွဲ့၊ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ငါနဲ့အတူ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ခဏလိုက်ခဲ့ဦး”
ခဏကြာပြီးနောက်၌ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှလူများ အမှန်တကယ်ပင် ရောက်လာခဲ့သည်။ ချီမုကောသည် လက်ထဲတွင် တစ်ဖက်သွားဓားရှည်ကို ကိုင်ဆောင်ထားလျက် ငါးဖမ်းကုန်သည်အဖွဲ့ဆီ ရောက်လာခဲ့သည်။ နန်ပါးထျန်းကို မြင်သောအခါ ချီမုကောမှ ပြောသည်။
“ခေါင်းဆောင်နန်ရဲ့စီးပွားရေးလုပ်ငန်းက အဆင်ပြေနေရောပဲနော်။ သခင်ကြီးယဲ့လုက ခင်ဗျားကို ဆင့်ခေါ်လိုက်ပါတယ်”
နန်ပါးထျန်းသည် ဘာမှမတုံ့ပြန်ဘဲ ပြုံးနေခဲ့သည်။ ထို့နောက် အိတ်ကပ်ထဲသို့လက်နှိုက်ကာ ငွေတုံးငါးထောင်တန်ကြေးရှိသည့် ငွေလက်မှတ်တစ်ရွက်ကို ထုတ်ယူ၍ ချီမုကော၏လက်ထဲသို့ ထိုးထည့်ပေးသည်။
“တပ်မှူး ခင်ဗျား ခဏနေရင် သခင်ကြီးယဲ့လုရှေ့မှာ ကျုပ်ဘက်ကနေ စကားကောင်းလေးနည်းနည်းလောက် ပြောပေးနိုင်မလား”
ချီမုကော မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“နန်ပါးထျန်း ဒါက ဘာလဲ”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“တပ်မှူးချီမုကော ဒါက သခင်ကြီးယဲ့လုအတွက်ပါ။ ကျေးဇူးပြုပြီး ညှာတာပါဦး”
“နန်ပါးထျန်း မင်းက အပြစ်ကြီးကျူးလွန်ထားပြီးတော့ ပိုက်ဆံနဲ့ ဖုံးလို့ရမယ် ထင်နေတာလား။ ခေါင်းဆောင်လျိုက လူဒါဇင်ချီခေါ်လာပြီး သခင်ကြီးဆီမှာ မင်းကို တိုင်ကြားထားပြီးပြီ”
နန်ပါးထျန်း ရယ်လိုက်သည်။
“သူတိုင်ကြားချင်တာ တိုင်ကြားပါစေလေ။ ဂရုစိုက်ဖို့မလိုပါဘူး”
ချီမုကော မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက အတော်အကြောက်အလန့်မရှိတာပဲ”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“ကျုပ်က ဘာအပြစ်မှ လုပ်မထားဘဲ ဖြောင့်မတ်မှန်ကန်ပါတယ်။ အဲဒါကြောင့် ကျုပ်ရဲ့အသိစိတ်က ရှင်းလင်းတယ်။ ဘာကိုမှ ကြောက်ရွံ့မနေဘူး။ တပ်မှူးချီမုကော ကျေးဇူးပြုပြီး လမ်းပြပါ။ ကျုပ် သခင်ကြီးယဲ့လုကို ရှင်းပြပါမယ်”
ဤတစ်ကြိမ်တွင်တော့ နန်ပါးထျန်းသည် သေချာနေပေသည်။ စစ်လက်နက်ပစ္စည်းများကို ရှာဖွေနေစဉ်အတွင်း မည်သည့်ဆင်ခြေမဆို ဖန်တီးနိုင်ပေသည်။
ထို့ပြင် စစ်လက်နက်ပစ္စည်းတစ်ခုကို ကိုယ်တိုင်သွန်းလုပ်ရန် စီစဉ်ထားပြီးဖြစ်ရာ စစ်လက်နက်ပစ္စည်းများကို ကျိန်းသေပေါက် ရှာတွေ့မည်ပင်။ သို့ဖြစ်ရာ ပြဿနာအသေးအမွှားလေးများ ရှိခဲ့လျှင်သော်မှ ဆင်ခြေအနည်းငယ် ပေးလိုက်ရုံဖြင့် ကျော်လွှားနိုင်လိမ့်မည်။ ထို့ကြောင့် အလိုအလျောက်ပင် သူ့စိတ်ထဲ အကြောက်တရား မရှိပါချေ။
ချီမုကောသည်လည်း နန်ပါးထျန်း၏ ရဲတင်းနေမှုကြောင့် အံ့ဩသွားခဲ့သည်။
ဒီလူက ခြင်္သေ့နဲ့ ကျားသစ်ရဲ့ ရဲတင်းမှုမျိုး ရှိနေပါရော့လား။ ဒီလောက်ရဲရဲတင်းတင်း ပြောဆိုရဲနေတာ ငါ့ကို လုံးဝ အလေးမထားနေဘူးပဲ။