← Chapters

အခန်း (၆၂၆)

Vol. 52 Ch. 626

အခန်း (၆၂၆)

Vol. 52 Ch. 626

ယဲ့လုဖုန်း၏ မူရင်းအမိန့်သည် နန်ပါးထျန်းကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ဆင့်ခေါ်ခဲ့ရန် ဖြစ်သည်။ လောလောဆယ် နန်ပါးထျန်းကို ထိပါး၍ မဖြစ်သေးချေ။

ထားလိုက်ပါတော့လေ။ ငါအရမ်း စိတ်ခံစားချက်ပြင်းထန်သွားမိတယ်။ ပြီးတော့ ပိုက်ဆံလည်း ပေးလာသေးတာပဲ။

ထိုသို့တွေးလျက် ချီမုကော နောက်ဆုတ်ပေးလိုက်သည်။ ထို့နောက် ဖိတ်ခေါ်သည့် လက်ဟန်အမူအရာဖြင့် ပြောသည်။

“ကျေးဇူးပြုပြီး ရှေ့က သွားပါ”

ထိုစဉ် နန်ပါးထျန်းမှ ပြောသည်။

“ဇီယွဲ့ ငါနဲ့အတူလိုက်ခဲ့”

ထိုအခါ ထန်ဇီယွဲ့မှ ချက်ချင်း ပြန်ပြောသည်။

“ဟုတ်ကဲ့”

သို့ဖြင့် လူအုပ်စုသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

ထိုအချိန်၌ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှာ စည်ကားသိုက်မြိုက်နေတော့သည်။ ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်လျိုနှင့် မြို့ထဲရှိ ကုန်သည်ကြီးနှစ်ဆယ်ကျော်ခန့်သည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ ခြံဝင်းငယ်တစ်ခုထဲတွင် အသီးသီးရပ်လျက် ယဲ့လုဖုန်းအား သူတို့အတွက် တရားမျှတမှုရယူပေးပါရန် မြည်တမ်းတောင်းဆိုနေကြသည်။

ယဲ့လုဖုန်းသည် ဆူညံသံများကြောင့် နားအူလာရသည်အထိပင်။

လူအုပ်၏အရှေ့ဆုံးတွင် လျိုလောင်ကွေ့နှင့် သူ၏ဘေးတွင် ပိုင်မော့ရှန်းတို့ ရပ်နေသည်။

သူတို့နှစ်ဦးသည် ဒီနေ့ပြဇာတ်၏ အဓိကဇာတ်ကောင်များ ဖြစ်သည်။ တစ်ဦးသည် ဆိပ်ကမ်းကို ပိတ်ဆို့ခြင်းဖြင့် နန်ပါးထျန်း၏သင်္ဘောများ မထွက်ခွာနိုင်အောင် ဟန့်တားခဲ့ပြီး ကျန်တစ်ဦးသည် ကုန်သည်ကြီးများနှင့် သွားရောက်ညှိနှိုင်းခဲ့သည်။ ညှိနှိုင်းမှု၏ရလဒ်မှာ အလွန်စိတ်ကျေနပ်ဖွယ်ကောင်းလှသည်။ ထိုကုန်သည်ကြီးများသည် သနားချင့်စဖွယ်ကောင်းလောက်အောင် အော်ဟစ်မြည်တမ်းနေကြကာ တစ်ဦးချင်းစီတိုင်းသည် နန်ပါးထျန်း၏လှည့်စားလိမ်လည်ခြင်းကို ခံခဲ့ရပါကြောင်း မြည်တမ်းညည်းညူနေကြပေသည်။

သင်္ဘောတင်ဆောင်ခကို ဆယ်ဆတိုးမြှင့်ကောက်ခံခဲ့သောကြောင့် သူတို့၏အမြတ်ငွေမှာ မကျန်လုနီးပါး ဖြစ်သွားခဲ့ရပေသည်။ သို့ဖြစ်ရာ သူတို့၏လုပ်ငန်းအတွက် အားစိုက်ထုတ်ခဲ့မှုများမှာ အလဟသဖြစ်သွားရသည် မဟုတ်ပါလော။ သို့ဖြင့် သူတို့သည် ပိုင်မော့ရှန်း၏လွှမ်းမိုးမှုအောက်၌ သူတို့၏ မကျေချမ်းမှုများကို ယဲ့လုဖုန်းရှေ့မှောက်တွင် လာရောက် ညည်းတွားမြည်တမ်းကြခြင်း ဖြစ်သည်။ သူတို့သည် မိမိတို့၏ဆုံးရှုံးမှုများကို ပြန်လည်ဖာထေးနိုင်သည့်အပြင် နန်ပါးထျန်း၏သင်္ဘောများတွင် ကုန်ပစ္စည်းများ အခမဲ့တင်ခွင့်ရရန်လည်း မျှော်လင့်ထားကြသည်။

သို့ဖြင့် ကုန်သည်တစ်အုပ်သည် ယဲ့လုဖုန်းရှေ့တွင် မနားတမ်း အော်ဟစ်မြည်တမ်းနေခဲ့ကြသည်။

ယဲ့လုဖုန်းမှာ ဆူညံသံများကြောင့် ခေါင်းပါ ကိုက်လာသဖြင့် ပြောလိုက်သည်။

“အားလုံးပဲ အော်ဟစ်နေတာ ရပ်လိုက်တော့။ မင်းတို့ပြောတာတွေ ငါအကုန်ကြားပြီးပြီ။ ချီမုကောကိုလည်း နန်ပါးထျန်းကို သွားခေါ်ဖို့ လွှတ်ထားပြီးပြီ။ နန်ပါးထျန်းရောက်လာရင် မင်းတို့ကို အဖြေတစ်ခုပေးလိမ့်မယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“သခင်ကြီးယဲ့လု ကျွန်တော်တို့က လွန်လွန်ကျူးကျူး အထိမခံနိုင်ဖြစ်နေတာ မဟုတ်ပါဘူး။ အခုက နန်ပါးထျန်းက စည်းကျော်သွားတာမလို့ပါ။ သူက မျန့်ရွှေမြစ်ကို ပိတ်ဆို့ထားပြီး ချောင်ကုန်သည်အဖွဲ့ရဲ့ကုန်သင်္ဘောတွေကို ထွက်ခွင့်မပေးပေမဲ့ သူကိုယ်တိုင်ရဲ့ကုန်တင်သင်္ဘောတွေကတော့ ထွက်သွားတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်ဟောင်းကြီးတွေကိုလည်း ခိုးသွားလိုက်သေးတယ်။ အဲဒီလိုလုပ်တာ ဖြစ်သင့်ရဲ့လား”

“ကျွန်တော်တို့က သခင်ကြီးယဲ့လုကို အနှောင့်အယှက်မဖြစ်ရစေဖို့ သခင်ကြီးရဲ့အမိန့်ကိုနာခံပြီး မြစ်ထဲကို ဘယ်သင်္ဘောမှ ရွက်မလွှင့်ခဲ့ပါဘူး။ ဒါပေမဲ့ နန်ပါးထျန်းကရော။ သူကတော့ သခင်ကြီးရဲ့အမိန့်ကို သူ့လက်ထဲက ကတ်လို အသုံးချပြီး ကုန်တင်ခ ၁၀ဆတောင်းပြီး ပိုက်ဆံရှာတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကုန်သည်အဖွဲ့က ညီနောင်တွေကတော့ စားသောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေပါပြီ”

လျိုလောင်ကွေ့၏စကားအဆုံး၌ ကုန်သည်ကြီးများသည် စကားဖြတ်ပြောနိုင်မည့် အခွင့်အရေးကို ရှာတွေ့သွားကြကာ ရုတ်တရက် ထပ်မံ၍ အော်ဟစ်ညည်းတွားလာကြပြန်သည်။

“သခင်ကြီးယဲ့လု”

ဝှစ်– ရုတ်တရက်ကြီး ကုန်သည်အုပ်စုသည် ဒူးထောက်ချလိုက်ကြသည်။ အပြင်တွင် ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့်အလျောက် အထက်စီးဆန်စွာ ပြုမူတတ်သူများသည် ယခုတွင်မူ ကြမ်းပြင်တွင် ဒူးထောက်ဦးတိုက်လျက် ပြောဆိုနေကြသည်။

“သခင်ကြီးယဲ့လု ကျွန်တော်တို့ မတရားခံနေရပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ဘက်က ရပ်တည်ပေးပါ။ အဲဒီလူယုတ်မာကောင်နန်ပါးထျန်းက သူအမိန့်မ‌ပေးရင် မြစ်က နောက်တစ်လအထိ ပိတ်နေဦးမယ်ဆိုပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်ခဲ့ပါတယ်။ သခင်ကြီးက မြစ်ကို ဖွင့်ပေးဖို့ အမိန့်ပေးရင်တောင် အသုံးမဝင်ဘူးလို့ ပြောပါတယ်”

“မျန့်ရွှေမှာ သူ့ရဲ့သင်္ဘောတွေကပဲ မြစ်ထဲရွက်လွှင့်ခွင့်ရှိတယ်လို့လည်း ပြောခဲ့ပါသေးတယ်။ သူ့သင်္ဘောတွေမှာ ကုန်မတင်ရင် ကျွန်တော်တို့ကုန်ပစ္စည်းတွေ ပုပ်သိုးသွားရပြီး ကျွန်တော်တို့ ပျက်စီးကိန်းစိုက်ရမှာပါ”

“အဲဒါကြောင့် ကျွန်တော်တို့လည်း ရွေးချယ်စရာမရှိဘဲ သူ ကုန်တင်ခ ၁၀‌ဆတောင်းတာကို လက်ခံပြီး ကုန်တင်ခဲ့ရပါတယ်။ သူက ကျွန်တော်တို့ကို သေတွင်းထဲ တွန်းပို့နေတာပါပဲ”

အမြဲလိုလို သူတို့၏လက်ထဲမှ ကတ်ကို မှန်မှန်ကန်ကန်အသုံးချတတ်ပြီး သူတို့အတွက် အကျိုးအမြတ်မရှိလျှင် စောစောပင် မထတတ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် ယခုတွင် လျိုလောင်ကွေ့ နောက်ခံအဖြစ်ရှိနေသောကြောင့် ဒူးထောက်မြည်တမ်းနေကြပေသည်။ ယဲ့လုဖုန်းသည်လည်း သူတို့ကို အနည်းငယ်တော့ မျက်နှာသာပေးရပေမည်။

ယဲ့လုဖုန်းသည် နဖူးကို နှိပ်နယ်လိုက်ရင်း ပြောသည်။

“အင်း နန်ပါးထျန်းက တကယ်လွန်သွားပြီပဲ”

ထိုအခါ ကုန်သည်တစ်ဦးမှ ပြောသည်။

“သခင်ကြီး…”

ယဲ့လုဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ပြောသည်။

“အခုတော့ မင်းတို့ပါးစပ်ကို ပိတ်ထားလိုက်ဦး”

ကုန်သည်သည် ချက်ချင်း ငြိမ်ကျသွားသည်။ ယဲ့လုဖုန်းသည် ကုန်သည်များနှင့် ဘယ်တုန်းကမှ ရောရောနှေနှော စကားမပြောဆိုခဲ့ဖူးပေ။ ထိုလူများသည် ပိုက်ဆံဖြင့် မျှားလိုက်ရုံဖြင့် သွားရည်တများများကျတတ်သည့် လူကုံထံမျှသာ ဖြစ်ပေသည်။

ယဲ့လုဖုန်း၏အမြင်၌ ထိုသို့လူမျိုးများသည် စားပွဲပေါ်တင်ထိုက်သည့် ဟင်းပွဲအဆင့်ပင် မရှိချေ။ အဘယ်သို့များ ထိုလူများအပေါ် လေးစားမှုပြသနေပါမည်နည်း။

ကုန်သည်များသည် သိုင်းလောကသားများနှင့် ကွဲပြားသည်။ သိုင်းလောကသားများသည် ငွေကြေးမပြည့်စုံနိုင်သော်ငြား သိုင်းပညာတတ်မြောက်ကြသည်။ လျိုလောင်ကွေ့နှင့် နန်ပါးထျန်းကဲ့သို့လူမျိုးဖြစ်ပါက ယဲ့လုဖုန်းသည် သတိတကြီးထား၍ ဆက်ဆံပေးပေလိမ့်မည်။

အကယ်၍များ မိန်ဂိုဏ်းနှင့်ပူးပေါင်းသည်ဟု သံသယရှိသူသည် ကုန်သည်တစ်ဦးဖြစ်နေခဲ့ပါက ယဲ့လုဖုန်းသည် အချိန်ကုန်ခံ၍ မေးခွန်းထုတ်နေမည် မဟုတ်ပေ။ ထိုကုန်သည်ကို ဖမ်းဆီး၍ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခြင်းဖြင့် ပြဿနာကို ချက်ချင်း ဖြေရှင်းလိုက်မည်ဖြစ်သည်။

ဤသည်မှာ မုလန်လူမျိုးများ၏ ရိုးရှင်းသည့် အခြေခံတွေးခေါ်တွက်ချက်မှုစနစ်ဖြစ်သည်။

မုလန်လူမျိုးများအတွက်တော့ ဟန့်လူမျိုးများသည် ခွေးများ၊ဝက်များနှင့် မခြားပေ။ ဟန့်လူမျိုးများထဲ၌ ချမ်းသာကြွယ်ဝသည့် ကုန်သည်များသည် အဝဖြိုးဆုံးသော ဝက်များဖြစ်ကြသည်။ အချိန်အများစုတွင် ထိုဝက်များကို စိတ်ကြိုက် ဝဖြိုးခွင့်ပြုထားပြီး နှစ်သစ်အချိန်အခါတွင်မူ သတ်ဖြတ်ကာ ညစာစားပွဲထက် တည်ခင်းစားသောက်ကြလိမ့်မည်။

သို့သော် နန်ပါးထျန်းကဲ့သို့ ဟန့်လူမျိုးများသည်တော့ ကိုက်တတ်သည့် ကြမ်းကြုတ်သည့်ခွေးအမျိုးအစားဖြစ်သည်။ သို့ဖြစ်သောကြောင့် ထိုသို့အမျိုးအစားကို ကိုင်တွယ်ရာတွင် ပြန်ကိုက်မခံရစေရန် သတိထားကိုင်တွယ်ရပေမည်။

ဤသည်မှာ ယဲ့လုဖုန်း၏ ဟန့်လူမျိုးများအား ချဉ်းကပ်ပုံနည်းစနစ်ဖြစ်သည်။

လျိုလောင်ကွေ့မှ ရှေ့ထွက်ပြောဆိုသည်။

“သခင်ကြီးယဲ့လု၊ သခင်ကြီးရဲ့အတွေးကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့က နန်ပါးထျန်းကို အညှာအတာမဲ့ တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်က သူတကယ် စည်းကျော်သွားခဲ့လို့ပါ။ ဒီလိုမျိုး မြစ်ထဲကို ကုန်တင်သင်္ဘောတွေ ခိုးထွက်ခွင့်ပေးလိုက်တာက– အဲဒီသင်္ဘောတွေပေါ်မှာ ဘာတွေတင်သွားလဲဆိုတာ ဘယ်သူသိနိုင်မှာတဲ့လဲ။ စစ်လက်နက်ပစ္စည်းတွေကို တင်ပို့လိုက်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား”

“ဟင်”

ထိုစကားတွင် ယဲ့လုဖုန်း မျက်မှောင်ကြုတ်သွား၏။

စစ်လက်နက်ပစ္စည်းတွေကို တင်ပို့လိုက်တာ ဖြစ်နိုင်တယ်တဲ့လား။

ယဲ့လုဖုန်းသည် မျက်မှောင်ကြုတ်နေခဲ့သည်။ မသေချာသေးသော်ငြား ခေါင်းဆောင်လျိုပြောသည်မှာ မှန်ကန်ပြီး ဖြစ်နိုင်ချေရှိသည်။ သူ နန်ပါးထျန်းကို အရူးလုပ်ခွင့်ပြု၍ မဖြစ်ပေ။

သို့ဖြင့် ယဲ့လုဖုန်း မေးလိုက်သည်။

“ခေါင်းဆောင်လျို မင်းမှာ သက်သေရှိသလား”

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

“ခိုင်မာတဲ့သက်သေမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် နန်ပါးထျန်းရဲ့ လူယုံချင်းယင်ကို ဖမ်းထားပါတယ်။ သခင်ကြီး သူ့ကို စစ်မေးနိုင်ပါတယ်”

ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“အို မင်းက ချင်းယင်ကို ဖမ်းထားတယ်ပေါ့”

“ဟုတ်ပါတယ်။ ခန်းမအရှင်သခင်ချင်းကို ခေါ်လာခဲ့စမ်း”

ထိုအခါ ချင်းယင်သည် ညိုမဲဖူးရောင်နေသည့် မျက်နှာဖြင့် သံကြိုးများချည်နှောင်ခံထားရလျက် လူအုပ်အလယ်သို့ တွန်းပို့ခံလိုက်ရသည်။

ယဲ့လုဖုန်းကို မြင်သောအခါ ချင်းယင် ချက်ချင်း ဒူးထောက်ချလိုက်သည်။

“သခင်ကြီးယဲ့လု”

ယဲ့လုဖုန်းမှ ချင်းယင်ကိုကြည့်လိုက်ပြီး မေးသည်။

“ပြောစမ်း၊ ငါးဖမ်းကုန်သည်အဖွဲ့က ဘာလုပ်ချင်နေတာလဲ။ မင်းတို့က မြစ်ထဲကို သင်္ဘောထွက်ခိုင်းရဲတယ်ပေါ့လေ”

All Chapters